Chapter 80
"ကျွင်းကျူး၊ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်"
"သခင်လျှို ပွင့်ပွင့်လင်းလင်းပြောပါ၊ကျွန်မသိသမျှ ပြောပြမယ်"
"ကျွင်းကျူးက စစ်သူကြီးပန်း အနားမှာ နှစ်အတော်ကြာနေပြီး ပညာရပ်တွေအားလုံးကို သင်ယူခဲ့တယ်လို့ ကျွန်တော် ကြားဖူးပါတယ်၊ ဒီဒဏ်ရာကို ဖြစ်စေတဲ့ ဓားက ဓားတိုလား၊ ဓားရှည်လားဆိုတာ သိပါသလား"
သခင်လျှိုသည် ပန်းဟွာကို လူသတ်သမားအဖြစ် ဘယ်တုန်းကမှ မတွေးခဲ့ပေ။ ပန်းမိသားစုနှင့် ကျောက်မိသားစု တို့သည် ရင်းနှီးမှုတစ်စုံတစ်ရာ ရှိထားမည်ဟု သူ ခန့်မှန်းမိသလို၊ ကျောက်မိသားစုကို သတ်လျှင်လည်း ပန်းမိသားစုအတွက် မကောင်းနိုင်မှန်း သူသိသည်။ ဒုတိယမင်းသားရဲ့မင်္ဂလာဆောင်ကို နည်းနည်း ကံဆိုးတဲ့ပုံစံမျိုး ဖြစ်သွားအောင် ကျောက်ကျားကို အပျော်သဘောသတ်ခဲ့တာများလား...ဒါပေမယ့် မင်္ဂလာဆောင်ကို ကံဆိုးစေဖို့ဆိုရင်တောင် ဒီလောက်ထိ လုပ်စရာမလိုပါဘူး...
သူ စာရွက်နှစ်ရွက်ကို ထုတ်ယူလိုက်သည်။ စာရွက်တစ်ခုတွင် တရားရုံးချုပ်မှ ရေးဆွဲထားသော လက်နက်အမျိုးအစားများစွာရှိသည်။အခြားစာရွက်တစ်ရွက်တွင် ဒဏ်ရာ၏တည်နေရာ၊ပုံသဏ္ဍာန်နှင့်အတူ အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် နောက်ကျောပုံ ပါရှိသည်။
ပန်းဟွာသည် စာရွက်ကိုယူကာ လက်နက်များကို သေသေချာချာကြည့်လိုက်သည်။ ထို့နောက် ဒဏ်ရာကိုကြည့်ကာ ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။
"ဒဏ်ရာအစစ်ကို မမြင်ဖူးတဲ့အတွက် ကျွန်မ သေချာမသိရပါဘူး၊သခင်လျှိုက ကျွန်မကို ရယ်မှာတော့ စိုးပါတယ်၊ ကျွန်မက အဖိုးဆီကနေ အများကြီး သင်ယူခဲ့ရပေမယ့်၊ ကျွန်မက လက်တွေ့ အတွေ့အကြုံမရှိသေးတဲ့ သူတစ်ယောက်ပါပဲ၊ သခင်လျှို ကျေးဇူးပြုပြီး မရယ်ပါနဲ့"
သခင်လျှိုသည် ထိုစကားကိုကြားသောအခါ ပန်းဟွာအပေါ် ပို၍အထင်ကြီးလာသည်။ ဘယ်လိုလူကများ ပန်းဟွာကျွင်းကျူး ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာလဲ၊ သူမက မိန်းကလေးကောင်းတစ်ယောက်မဟုတ်လား…
"ကျွင်းကျူး၊ ကျေးဇူးပြုပြီး ပြောပါ၊ဒီအရာရှိ အားလုံး နားထောင်ပါ့မယ်"
သခင်လျှိုက ပန်းဟွာကို မျှော်တလင့်တကြီး ကြည့်နေသည်။မကြာမီ သူမက ဘယ်လိုသွေးစက်များတွေ့ရသလဲ၊ ဒဏ်ရာ၏ အရောင်နှင့် ပုံစံကိုပါ မေးမြန်သည်။ အဆုံးတွင် သူမ ခေါင်းခါလိုက်သည်။
"သခင်လျှို၊ ဒီလက်နက်တွေထဲမှာ ဘယ်ဟာကမှ တကယ့်အစစ်မဟုတ်ပါဘူး"
သခင်လျှိုသည် ချက်ချင်းပင် စိတ်အားထက်သန်လာသည်။
"ဘယ်လိုထင်ပါသလဲ ကျွင်းကျူး"
ပန်းဟွာက အစေခံကို ဘောပင်နှင့် စာရွက် ယူလာခိုင်းပြီး လက်နက်ပုံတစ်ပုံကို ဆွဲလိုက်သည်။
"တိုင်းတစ်ပါးက မျိုးနွယ်စုတွေ သုံးတဲ့ လက်နက်တွေနဲ့ နည်းနည်း ဆင်တူတယ်လို့ ထင်ပါတယ်"
သခင်လျှိုသည် စာရွက်ကိုယူကာ ကောက်ကွေးနေသည့်ပုံကို ကြည့်လိုက်သည်။ ဓားတိုလား၊ဓားရှည်လား၊ကြာပွတ်လား မသဲကွဲပေ။
“ဒီလက်နက်နာမည်က ဘာပါလဲ”
"နာမည် ဟုတ်လား" ပန်းဟွာက သခင်လျှိုကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ "ဒါက အိုက်ပိုလူမျိုးတွေ အသုံးများတဲ့ ဓားအမျိုးအစားပါ၊ နာမည်တော့ မရှိပါဘူး၊အိုက်ပို မင်းသားက တယဲ့မှာ နေနေသေးတာ မဟုတ်လား၊ သူ့ကို မေးကြည့်ရင် သူ သိနိုင်မယ်ထင်ပါတာ်"
သခင်လျှို ရုတ်တရက် နားလည်သွားကာ မတ်တပ်ထရပ်ပြီး သူမကို ဦးညွှတ်လိုက်သည်။
"ကျွန်တော့်မေးခွန်းကို ဖြေပေးလို့ ကျေးဇူးတင်ပါတယ် ကျွင်းကျူးကျွန်တော် အခုချက်ချင်း သွားပါတော့မယ်"
"ဒါက ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ၊ မတိကျပ်ဘူး၊ မှားရင် ကျွန်မကို အပြစ်မတင်ပါနဲ့"
ကူညီပေးလိုသော်လည်း ကင်းကင်းရှင်းရှင်းသာ နေလိုသော ပန်းဟွာ၏ မျက်နှာထားကို သတိထားနေမိတာကြောင့် သခင်လျှိုက.. " စိတ်မပူပါနဲ့ ကျွင်းကျူး..."
"ကောင်းပါပြီ"
ပန်းဟွာသည် အဖွားဖြစ်သူသင်ပေးခဲ့သော စည်းကမ်းများထဲမှ တစ်ခုကို အမြဲအမှတ်ရနေခဲ့သည်။ ထိုအချက်က အကြောင်းပြချက်မရှိဘဲ မျက်စိစုံမှိတ် တာဝန်မယူရဘူး ဆိုတာပင်။သခင်လျှိုသည် အလွန်လိမ္မာပါးနပ်နေသဖြင့် သူမ သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ရှင့်နာမည်ဘယ်လိုခေါ်လဲ"
"ကျွင်းကျူး ကျွန်တော့်မျိုးရိုးနာမည်က လျှိုပါ၊ နာမည်က ပန်းရှန်ပါ"
"မှတ်ထားပါ့မယ်၊ကဲ ရှင်လည်းအလုပ်ပြန်လုပ်ပါ"
သူသည် အသက်သုံးဆယ်အရွယ်သာရှိသေးသော်လည်း တရားရုံးချုပ်၏ ဒုဝန်ကြီးဖြစ်နေပြီဖြစ်သည်။ သူ့အပြောအဆိုနှင့် အပြုအမူများကလည်း ထူးခြားသည်။ နောင်တွင် မင်းဆက်ပြောင်းသွားလျှင်တောင် သူ့ဘဝက သိပ်ဆိုးမည်မဟုတ်ပေ။
လျှိုပန်းရှန်သည် ပန်းဟွာကျွင်းကျူး က သူ့ကို အဘယ်ကြောင့် ကျေနပ်နှစ်ခြိုက်သော အမူအရာဖြင့် ကြည့်ရသည်ကို နားမလည်ပေ။ သို့သော်လည်း သူမသည် မြို့စားမင်းရုံ၏ စေ့စပ်ထားသူ၊ အနာဂတ်ဇနီးဖြစ်နေသဖြင့် သူမအား အရိုအသေပေးမိမှသာ ထွက်သွား၏။
လျှိုပန်းရှန် ထွက်သွားပြီးနောက်၊ ပန်းမိသားစုလေးယောက်၏ မျက်နှာပေါ်ရှိ လေးနက်သော အမူအရာများက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ပန်းဟမ်ကစ၍
"ကျောက်မိသားစု ထဲက လူတစ်ယောက်က ဒုတိယမင်းသားရဲ့မင်္ဂလာပွဲအကြိုရက်မှာ ပြည်ပက လက်နက်တစ်ခုနဲ့ အသတ်ခံခဲ့ရတာဆိုတော့ တယဲ့နဲ့ ဆက်စပ်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲဖို့ တမင်ကြိုးစားနေကြတာလား"
"သောက်စား၊ မိန်းမကိစ္စလိုက်စားတာ၊ လောင်းကစားလုပ်တယ်ဆိုတာ မကောင်းဘူးလို့ နင်တို့ကို ငါပြောခဲ့တယ်နော်" ယင်းရှစ်သည် သူမ၏ခင်ပွန်းနှင့်သားကို တစ်ချက်ကြည့်လိုက်သည်။ "အဲ့ဒါတွေက ဘာကောင်းလဲ ကြည့်စမ်း၊ သူ သေသွားတာကိုကြည့်၊ ကျက်သရေမရှိဘဲ သေသွားရတာ...နောင်မှာ လူတွေက သူ့အကြောင်းပြောရင် သူ့ကို ပြည့်တန်ဆာအိမ်ထဲမှာ သေသွားတယ်လို့ အတင်း ပြောလိမ့်မယ်၊ သေတဲ့အထိ ရှက်စရာကောင်းတယ်နော်"
"သူသေနေပြီလေ၊ အရှက်ကွဲမှာကို ဘယ်သူက ဂရုစိုက်မှာလဲ" ပန်းဟမ်က တိုးတိုးလေးပြောသည်။ "ဒါ့အပြင် ကျောက်ကျားက နာမည်ကျော်ကြားတဲ့လူလည်း မဟုတ်ပါဘူး၊ မြို့တော်က လူဘယ်နှစ်ယောက်လောက်က လူသေတာကို သိကြမှာလဲ"
"ဒါဆို မင်း အယူအဆတွေက မှန်တယ်လို့ထင်နေတာပေါ့လေ"
ယင်းရှစ် မျက်ခုံးပင့်ကာ လှပသော ဖီးနစ်မျက်လုံးတစ်စုံနှင့် ပန်းဟမ်ကို စိုက်ကြည့်လိုက်သည်။ထိုအခါ ပန်းဟမ် အမေဖြစ်သူ၏အကြည့်ကို တုန်လှုပ်သွားရလေသည်။
"မဟုတ်ဘူး၊ ဒီလိုလူအတွက် အသက်ရှင်နေရတာ အဓိပ္ပါယ်မရှိဘူးလို့ ကျွန်တော်က ပြောတာပါ၊အကြောင်းပြချက်မရှိဘဲ သေသွားတာလေ၊ဒါကြောင့် ကျွန်တော်တို့လည်း သတိရှိသင့်တယ်လို့"
ပန်းဟွာ သက်ပြင်းချလိုက်သည်။
“လူတွေဟာ ကောင်းသောသေခြင်းနဲ့မသေရင် တမလွန်မှာလည်း ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး၊ မောင်လေး နင် အရမ်းငယ်သေးတာပဲ"
" နင့်မောင်လေးကို မဆူပါနဲ့၊ နင်ကလည်း ဦးနှောက်ကို ပိုသုံးသင့်တယ်" ယင်းရှစ်က ပန်းဟွာကို စိုက်ကြည့်နေရင်း "နင်က မိန်းကလေးပဲ၊ အပြင်က လာတဲ့ဧည့်သည်ကို မယုံရင် အစောင့်တွေနဲ့ လွှတ်ထားသင့်တယ်၊ စောစောက သခင်လျှိုကိုကြိုဖို့ နင့်ရဲ့ ကိုယ်ရေးကိုယ်တာ အစောင့်ကို လွှတ်လိုက်တော့ တခြားသူတွေက မြင်ပြီး အတင်းအဖျင်းပြောကြလိမ့်မယ်"
"ဘာပဲဖြစ်ဖြစ် အပြင်ကလူတွေက သမီးအကြောင်း အတင်းအဖျင်းပြောကြတာ ကြိုက်တယ်လေ၊ သူတို့လည်း သမီးအကြောင်း အတင်းပြောချင်ရင် ပြောပါစေပေါ့"
"နင်တို့မောင်နှမနှစ်ယောက်ကတော့ အခုထိ မိသားစုကို ဒုက္ခပေးချင်ကြတုန်း၊ လျှောက်မပြောစမ်းနဲ့၊ နောက်တစ်ခါ နင်တို့ မဟုတ်တာတစ်ခုခုလုပ်ရင် နှစ်ယောက်လုံး ဘိုးဘွားတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင် ရှေ့မှာ ဒူးထောက်ရလိမ့်မယ်"
ပန်းဟမ်နှင့် ပန်းဟွာတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပြီး ပန်းဟွိုက်ကို လျှို့ဝှက်စွာ ကြည့်လိုက်ကြသည်။ မိသားစုထဲမှာ အိမ်ထောင်ဦးစီးဖြစ်သူ၊ ကလေးနှစ်ယောက်ဖခင် ပန်းဟွိုက်ကလည်း အသာအယာ ခေါင်းညိတ်ပြသည်။သူ့ပုံစံက အရိုက်ခံရလျှင်တောင် ဘာမှဝင်ပြောမှာမဟုတ်။သားသမီးများအတွက်ပင် ဇနီးဖြစ်သူနှင့် ရန်စကားမပြောဖို့ စိတ်ပိုင်းဖြတ်ထားပုံရ၏။ မိသားစုထဲမှ ယခုလိုအသေးအမွှားကိစ္စလေးအတွက် သူ့အနေဖြင့် ယင်းရှစ်အား မနှောင့်ယှက်တာ ပိုကောင်းပေသည်။
ပန်းဟွာနှင့် ပန်းဟမ်တို့သည် ဖခင်ဖြစ်သူ၏ ကြောက်ရွံ့နေရသော ပုံစံကြောင့် ဆွံ့အရုံသာတတ်နိုင်တော့သည်။
နန်းတော်အပြင်ဘက်ရှိ ကောလဟလများသည် နောက်ဆုံးတွင် နန်းတော်သို့ ရောက်ရှိလာသည်။ အစေခံများထံမှ ဖြစ်ကြောင်းကုန်စင်ကို ရှဲ့ဝမ်ယွီ ကြားပြီးနောက် စားပွဲထက်ရှိ ငွေရောင်ဆံညှပ်ကို လက်ဖြင့်ဆုပ်၍ကွေးလိုက်သည်။ အထူးသဖြင့် ရှစ်ဖေးရှန့် ထံ ကဗျာစာအုပ်ပေးရင်း မြင်းပေါ်က ပြုတ်ကျ၍ ဒုတိယအစ်ကို၏မျက်လုံးများ ပျက်စီးသွားသည့်ကိစ္စကို ကြားလိုက်ရသောအခါ၊သူမ ပို၍ပင် အမျက်ဒေါသထွက်နေရလေသည်။
ထို့ကြောင့် သူမ၏ ဒုတိယအစ်ကိုက ရှစ်ဖေးရှန့် နှင့် ပတ်သက်နေခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။ သူမသည် ဒုတိယအစ်ကိုဖြစ်သူကို ရူးသွပ်စွာစိတ်ပူပြီး ပန်းဟွာကိုလည်း ဦးနှောက်မဲ့စွာ မုန်းတီးမိခဲ့၏။
သစ္စာဖောက်သည်ဟုလည်း ခံစားရ၏။ အစ်ကိုအရင်းဖြစ်သူကို သူမ၏ အချစ်ဆုံးသူငယ်ချင်းက သစ္စာဖောက်နေပြန်သည်။ဒီလို ထိုးနှက်မှုမျိုးက သည်းမခံနိုင်လောက်အောင်ပါပဲ။
မှန်ထဲတွင် ဖြူဖျော့နေသော သူမ၏ မျက်နှာကို ကြည့်လိုက်ရင်း ရှဲ့ဝမ်ယွီ ကွေးထားသော ငွေရောင်ဆံညှပ်ကို မှန်တင်ခုံပေါ် ပစ်ချလိုက်သည်။ ထို့နောက် တုန်ရီနေသောလက်များဖြင့် နှုတ်ခမ်းနီဘူးကိုဖွင့်ကာ နှုတ်ခမ်းနီအချို့ကို နှုတ်ခမ်းပေါ်တင်လိုက်သည်။
ဒီကမ္ဘာကြီးက လူတိုင်း သူမကို ရိုးသားစွာ မဆက်ဆံကြပေ။ယခုဆို သူမကိုယ်သူမသာ အားကိုးရမည်ဖြစ်သည်။
တောက်ပသော အနီရောင်နှုတ်ခမ်းနီ၊ နီနှင့် မှင်ကဲ့သို့မည်းနက်သော မျက်ခုံးမွှေးများသည် သူမ၏ နှလုံးသားထဲမှ ခံစားချက်များကို အလွှာလိုက် ဖုံးကွယ်ထားသည်။ယခုဆို သူမသည် ရှဲ့ဝမ်ယွီ တဖြစ်လည်း ဒုတိယမင်းသား၏ဇနီးလည်း ဖြစ်ပေ၏။
ပန်းများကြွေကျပြီး နွေဦးပေါက်သွားသည့်အခါ မြို့တော်၏ ရာသီဥတုက ရုတ်တရက် နွေးထွေးလာသည်။ နံနက်ခင်းတွင် အဝတ်ထူထူများဝတ်ရသော်လည်း နေ့ခင်းဘက်မှာ သည်းမခံနိုင်လောက်အောင် ပူလောင်လှသည်။ ထို့ကြောင့် ယခုနှစ်တွင် လူကုံထံအသိုင်းအဝိုင်းတစ်ခုလုံး အအေးမမိဖို့ အထူးသတိထားကြသည်။
အအေးမိခြင်းမှ ကာကွယ်ရန် ပန်းမိသားစုသည် နေ့တိုင်း ဆေးကျိုချက်၍သောက်ကြရသည်။ပန်းဟွာနှင့် ပန်းဟမ်ကိုလည်း ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ယင်းရှစ်က စောင့်ကြည့်ပြီး နေ့တိုင်း ဆေးတစ်ခွက်သောက်ခိုင်းသည်။မသောက်လျှင် အပြင်ပေးမထွက်ပေ။
ဆေးပန်းကန် တစ်လုံးကို ခက်ခက်ခဲခဲ သောက်ပြီးနောက် ပန်းဟွာ အန်လုမတတ် ဖြစ်သွားသည်။ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဆေးသော်လည်း ဆေးနံ့က စွဲကျန်နေသေးသည်။
ဝမ်းနည်းပူဆွေးသော ကာလသည် အနည်းငယ်သာ ကျန်ရှိသော်လည်း တော်ဝင်မင်းသမီး ကွယ်လွန်ချိန်မှစ၍ သူမသည် အနီရောင် သို့မဟုတ် ခရမ်းရောင်အ၀တ်အစားများအား မ၀တ်ဆင်ခဲ့ပေ။ယနေ့လည်း အပြင်ထွက်လာချိန်၌ စိမ်းပြာရောင် ဖျော့ဖျော့ဝတ်စုံကိုသာ ၀တ်ထားပြီး ဆံထုံးကိုပင် အဆင်တန်ဆာဆန်းဆန်းဖြင့် မထုံးဖွဲ့ထားပေ။သို့သော်လည်း သူမ၏အလှတရားက အနည်းငယ်မျှ မှေးမှိန်သွားခြင်းမရှိပေ။တောက်ပပြီး ရိုးရှင်းသည်။ပေါ့ပေါးပြီး နူးညံ့သော အလှတရားတစ်ခုတင်ကျန်နေ၏။
စားသောက်ဆိုင်မှ ထွက်လာသော မင်းသား အာခယ်ချီသည် အဝေးမှ ပန်းဟွာကို လှမ်းမြင်လိုက်ရသည်။ သူသည် ပန်းဟွာကို အကြိမ်အနည်းငယ်သာ မြင်ဖူးသော်လည်း သူမအား အလွန်အမင်း စွဲလမ်းသွားခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူမကသာ တယဲ့ပြည်သူများသည် အိုက်ပိုလူမျိုးများနှင့် မတူသော အလှတရားများ ရှိကြောင်း သူ့ကို အသိပေးသည့် အမျိုးသမီး ဖြစ်တာကြောင့်ပင်။
တယဲ့မှာ သူ တစ်နှစ်ခွဲနီးပါး နေထိုင်လာပြီးသည့်တိုင် သူမကသာ နယ်စားမင်းရှစ်၏သမီးထက် ပိုလှသည်ဟု သူခံစားမိနေတုန်းပင်။ သို့သော် လှောင်ပြောင်ခံရမှာ ကြောက်သောကြောင့် ဤအတွေးကို သူ့ တစ်ယောက်တည်းသာ ဖုံးကွယ်ထားခဲ့သည်။ သို့သော်ငြား၊ယနေ့ ပန်းဟွာကို တွေ့လိုက်ရသော် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိကာ ချက်ချင်း ပန်းဟွာရှေ့ကို ပြေးသွား၏။
"ကျွင်းကျူး၊ကျွန်တော်က အာခယ်ချီပါ...ကျွန်တော့်ကို မှတ်မိသေးလား"
ဆံပင်ကောက်ကောက်နှင့် လူတစ်ယောက်က စကားလာပြောနေတာကြောင့် ပန်းဟွာ သူ့ကိုကြည့်လိုက်သည်။
"ရှင်က အိုက်ပိုရဲ့ မင်းသားလား"
"ကျွင်းကျူးက မှတ်ဉာဏ်ကောင်းတာပဲ၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီနော်၊ ဒါပေမယ့် ကျွန်တော့်ကို မှတ်မိသေးတာလား"
အာခယ်ချီ ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။ သူ့ဆံပင်ကောက်ကောက်များကလည်း လှုပ်ခါယမ်းသွားလျက်...
"ကျွင်းကျူးလည်း ဘောလုံးပွဲကြည့်ဖို့ ထွက်လာခဲ့တာလား"
"ဘောလုံးပွဲ.."
ပန်းဟွာ ခဏတာ အံ့အားသင့်သွားသည်။ မြို့တော်ရှိ သခင်လေး၊သခင်မလေးအချို့သည် ပိုလိုကစားကြခြင်း၊ဘောလုံးပွဲများ ကြည့်ကြသည်ကို သူမ မှတ်မိသွား၏။
"မဟုတ်ပါဘူး၊ ကျွန်မက လျှောက်ကြည့်ဖို့ ထွက်လာတာပါ၊မင်းသားကရော အဲ့ဒီလိုကစားနည်းမျိုး ကြည့်ချင်တာပါလား"
အာခယ်ချီက ရှက်ကိုးရှက်ကန်းနှင့် "ဟုတ်တယ်၊ ကျွန်တော် အဲ့ဒီလိုနေရာမျိုးကို မတွေ့ဖူးပါဘူး"
အိုက်ပိုသည် အလွန်ချမ်းသာသော နိုင်ငံငယ်လေးဖြစ်သည်။တယဲ့ဧကရာဇ်၏ယုံကြည်မှုကိုရရှိရန်နှင့် တယဲ့၏အဆင့်မြင့်သော အတတ်ပညာကို သင်ယူရန်အတွက်သူသည် မြို့တော်တွင်နေထိုင်ရန်နည်းလမ်းများကိုစဉ်းစားရမည်ဖြစ်သည်။ထို့ကြောင့် တယဲ့ဧကရာဇ် မကြိုက်မှာစိုး၍ သူ့ဘေးမှာ လူအများကြီး ခေါ်မထားချေ။ယခု သူနှင့်အတူ လိုက်ပါလာသည့် လူအားလုံးက အယောက်20ပင် မရှိပေ။
တယဲ့တွင် ရာထူးကြီးမြင့်သော မှူးမတ်များသည် အိမ်ရှိ အစေခံများနှင့် အစောင့်အမျိုးမျိုးကို ဖယ်လျှင်တောင် အမှုထမ်း ဒါဇင်များစွာ ရှိသည်ဟု လူအများက ပြောကြသည်။သူ ထိုအကြောင်းကိုသိသိချင်း ငြူစူမိလေ၏။ အိုက်ပိုမှာ သူ့အဖေတောင် ထိုသို့ဇိမ်ကျကျ ဘဝမျိုးမရှိခဲ့ပေ။
ဥပမာအားဖြင့်၊ ယခု သူ မြင်နေရသော ပန်းဟွာကျွင်းကျူး၏နောက်တွင် လူ ၁၀ဝ ကျော်ရှိသည်။ သူတို့အားလုံး သူမ၏ နောက်လိုက်များဖြစ်နိုင်သည်။
ဤနေရာတွင် အချိန်အတော်ကြာနေထိုင်ပြီးနောက် တယဲ့တွင် ယဉ်ကျေးမှုများစွာရှိသည်ကို သူတွေ့ရှိခဲ့သည်။ဤတိုင်းပြည်မှာ ၁၀ နှစ်လောက်နေခဲ့လျှင်တောင် အရာအားလုံးကို သင်ယူနိုင်မှာ မဟုတ်ပေ။
ထို့အပြင် မှူးမတ်များ အပျင်းပြေကြည့်ရှုကြသော နည်းလမ်း အမျိုးမျိုးကိုလည်း နားမလည်ပေ။
"ကောင်းပြီ ဒါဆို ကျွန်မ ရှင့်ကို ခေါ်သွားလိုက်မယ်"
ပန်းဟွာသည် အာခယ်ချီ၏ သနားစရာကောင်းသော ပုံစံကို မြင်ပြီး ရှားရှားပါးပါး သနားသလိုဖြစ်သွား၏။
အာခယ်ချီ၏ မျက်နှာက ချက်ချင်းပင် တောက်ပလာကာ သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုသည်။ "ကျေးဇူးတင်ပါတယ် ကျွင်းကျူး"
သူ့နောက်က အစောင့်နှစ်ယောက်လည်း သူမကို ဦးညွှတ်သည်။ သို့သော် သူတို့ ဦးညွှတ်ပုံက နည်းနည်းတော့ ထူးဆန်းသည်။တယဲ့၏ ကျင့်ဝတ်ကို မကျင့်သုံးပေ။
"ဝန်ကြီး၊တရားလွှတ်တော်ချုပ်က အမှုပိတ်လိုက်ပါပြီ”
အမှုထမ်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကျောက်ကျားက လူတစ်ယောက်နဲ့အငြင်းပွားခဲ့ပါတယ်၊ လူသတ်သမားက အာဃာတထားပြီး သူ့ကို လုပ်ကြံဖို့ မြို့တော်မှာ အိမ်ထောင်စုစာရင်းမရှိတဲ့ နိုင်ငံခြားသားနှစ်ယောက်ကို ငှားလိုက်ပါတယ်"
ဤကိစ္စမှာ ဟာကွက်များစွာ ရှိသော်လည်း ဧကရာဇ်က အမှုကိုပိတ်ရန် အမိန့်ပေးသောကြောင့် တရားရုံးချုပ်သည် အမှုကိုပိတ်ရန် အကြောင်းပြချက်တစ်ခုကိုသာ ရှာဖွေခဲ့သည်။ အိမ်ထောင်စုစာရင်းတောင်မရှိသော နိုင်ငံခြားသားနှစ်ဦးသည် ကင်းလှည့်တပ်၏ တာဝန်ချိန် အပြောင်းအရွှေ့အချိန်ဇယားကို မသိကြောင်း လူတိုင်းသိကြသည်။ကင်းလှည့်တပ်ကို ဘယ်လိုမှ ရှောင်ဖို့ မဖြစ်နိုင်ပေ။ သို့သော် ဧကရာဇ်သည် နောက်ကွယ်မှလူကို ကာကွယ်လိုသဖြင့် အရာရှိများအနေနှင့် မသိဟန်ဆောင်ရုံသာ ရှိတော့သည်။
ထိုအရာရှိက တစ်ခုခုပြောဖို့ ပြင်နေသော်လည်း ခြေလှမ်းကို ရုတ်တရက် ခေတ္တရပ်လိုက်ပြီး "ရှေ့က ပန်းဟွာကျွင်းကျူးလား"
ထိုသို့ပြောပြီးနောက် ပန်းဟွာသည် ဝန်ကြီး ရုံရှား၏ စေ့စပ်ထားသူဖြစ်ကြောင်း သတိရလိုက်ပြီး ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။
xxxxxx