အပိုင်း၈၁
Viewers 4k

Chapter 81


"သခင်ဝမ်ကို ကျွန်တော် ကူညီနိုင်တာ တခြားရှိသေးလား"  ရုံရှားသည် အရာရှိ၏မျက်နှာထက်က ရှက်ရွံ့မှုကို သတိမထားမိပုံရသည်။ "ဘာမှ မရှိဘူး ဆိုရင် ကျွန်တော် သွားပါဦးမယ်" 


 "မြို့စားမင်းရုံ၊ ဂရုစိုက်ပါ"  


အရာရှိက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ကံကောင်းထောက်မစွာ၊ သူ၏အထက်လူကြီးသည် စကားကို အထအနကောက်ပြီး ရန်စတတ်သူမဟုတ်ပေ။ မဟုတ်ပါက၊သူ၏ စကားကြောင့် ဝန်ကြီးဒေါသဖြစ်သွားနိုင်၏။လူကြီးတစ်ယောက်အနေနှင့် သူ့အထက်လူကြီး၏ စေ့စပ်ထားသူကို ဤသို့ပြောခဲ့မှန်းသာ အပြင်လောကမှလူများသိလျှင် ပြဿနာတက်နိုင်၏။ 


တစ်ကယ်တော့ သူ့ကိုလည်း အပြစ်တင်လို့ မရချေ။ပန်းဟွာကျွင်းကျူးသည် လှပလွန်းတာကြောင့်ပင်။ကြက်အုပ်ထဲကို ငန်းတစ်ကောင် ပြုတ်ကျသလိုပင် ထင်းကနဲမြင်သာရှိသော အလှတရားကိုပိုင်ဆိုင်ထား၏။  


 ထို့အပြင် ပန်းဟွာသည် အပြင်ထွက်သည့်အခါတိုင်း၊ကိုယ်ရေးကိုယ်တာ အစောင့်များလည်း အမြဲတမ်း လိုက်ပါသည်။ မြင်းဖြူစီးခြင်းသည်လည်း သူမ၏ သင်္ကေတတစ်ခုဖြစ်သည်။


ပန်းဟွာကျွင်းကျူး အနီးတစ်ဝိုက်ရှိ ကိုယ်ရံတော်များကို မြို့စားဟောင်း ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့သည်ဟု ဆိုသည်။သူမသည် ငယ်ငယ်က စာပေကဗျာမသင်ခဲ့ရဘဲ မြင်းစီးခြင်း၊သေနတ်ပစ်ခြင်း၊ ကိုယ်ခံပညာများကိုသာ သင်ကြားခဲ့ရ၏။ သို့ရာတွင် မြင်းစီးခြင်းနှင့် သေနတ်ပစ်ခြင်းမှာသာ ကျွမ်းကျင်သည်ဟု ယုံကြည်သော်လည်း ကိုယ်ခံပညာအရမူ ...


 သခင်ဝမ် ခေါင်းကို အသာအယာ ခါလိုက်သည်။ သူမ၏ နူးညံ့သိမ်မွေ့သော ရုပ်ရည်လေးကြောင့် လုံးဝ ကြောက်မက်ဖွယ်ကောင်းပုံမပေါ်ပေ။ ဖြစ်နိုင်သည်မှာ၊ သူမသည် အပေါ်ယံ သိုင်းပညာအချို့ကိုသာ သိပြီး၊သူမကို ဝန်းရံထားသည့် အစောင့်များကလည်း လူအထင်ကြီးအောင် ပြုနေခြင်းကြောင့်သာ ဟိတ်ဟန်ကြီးနေခြင်းပင်ဖြစ်ရမည်။ 


သို့သော် သူမသည် ရုပ်ရည် လှပလွန်းတာကြောင့် မည်သို့ပင်ဆ်ိုစေ၊သူမ ဘပဲလုပ်လုပ် အားပေးမည့်သူ ပေါများသည်။


ပန်းဟွာ နှင့် အာခယ်ချီ တို့သည် ခပ်လှမ်းလှမ်းမှာသာ လမ်းလျှောက်နေကြသည်။တစ်ယောက်နှင့် တစ်ယောက်လည်း ရင်းနှီးပုံမပေါ်ပေ။ တစ်ယောက်က တယဲ့၏ ကျွင်းကျူးတစ်ယောက် ဖြစ်ပြီး ကျန်တစ်ယောက်မှာ နိုင်ငံခြားမင်းသားဖြစ်သည်။စည်းကမ်းများကို စေချာပေါက် လိုက်နာရမည်ဖြစ်သည်။


တိုင်းတစ်ပါးက မင်းသားသည် တယဲ့၏ယဉ်ကျေးမှုကို အမှန်တကယ်စိတ်ဝင်စားပြီး ရံဖန်ရံခါတွင် တယဲ့ပြည်သူတို့၏ ဓလေ့ထုံးတမ်းများနှင့် အလေ့အထများအကြောင်း မေးမြန်းလေ့ရှိသည်။ သူ့မေးခွန်းထဲမှာလည်း ကဗျာများ၊ သီချင်းများ အကြောင်းမဟုတ်၍ ပန်းဟွာ ပြုံးပြီး ဖြေပေးသည်။


 "မင်းသားက ကျွန်မတို့ အင်ပါယာနဲ့  ပတ်သက်ပြီး နားလည်မှုလွဲမှားနေတာ ရှိတယ်၊ တယဲ့မှာရှိတဲ့ လူတိုင်းက ကဗျာတွေ၊ သီချင်းတွေကို နှစ်သက်ကြပြီး ဘဝဒဿနအကြောင်း ပြောကြတယ်၊တယဲ့လူမျိုးတွေထဲမှာ ကဗျာကို နှစ်သက်တဲ့သူတွေ၊  စိုက်ပျိုးရေးကို ဝါသနာပါပြီး လူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ဝါသနာပါပြီး ကဗျာကို စိတ်မဝင်စားတဲ့သူကို မေးရင် ရှင့်မေးခွန်းတွေကို ဖြေနိုင်မှာ မဟုတ်ပါဘူး"


အာခယ်ချီသည် ပန်းဟွာ စကား၏ အဓိပ္ပါယ်ကို ချက်ချင်းနားမလည်၍ ခေါင်းကုတ်ပြီး "တယဲ့မှာ စာပေဟာ အရေးအကြီးဆုံးမဟုတ်လား၊ သိုင်းပညာက ဒုတိယမဟုတ်လား"


"မဟုတ်ပါဘူး၊ ဧကရာဇ်ဟာ အရပ်ဘက်ရော စစ်ဘက်ဆိုင်ရာ ဗျူဟာကို တန်ဖိုးထားတဲ့ ဧကရာဇ်တစ်ပါးပါ၊စာပေယဉ်ကျေးမှုကို တန်ဖိုးထားရုံသာမကဘူး၊စစ်သူကြီးတွေရဲ့ စစ်မက်ရေးရာကိုလည်း တန်ဖိုးထားသူပါ၊ မင်းသားက သိပ်မကြာသေးခင်ကပဲ တယဲ့ကို ရောက်လာခဲ့တာ ဆိုတော့ ဒီအကြောင်းကို စေ့စေ့စပ်စပ် နားလည်မှု မရှိတာ သဘာဝကျပါတယ်၊ကျွန်မရဲ့ဘိုးဘေးတွေဆို စစ်သူကြီးတွေ ဆိုပေမယ့် ဧကရာဇ်က ကျွန်မတို့မိသားစုကို ကောင်းကောင်း ဆက်ဆံပါတယ်"


တကယ်တမ်းတွင် အာခယ်ချီ၏ စကားများက အတော်မှန်သည်။ တယဲ့မင်းဆက်သည် စာပေကို ပို၍ အာရုံစိုက်လာခဲ့သည်။အရပ်ဘက်အရာရှိများနှင့် စစ်သူကြီးများသည် ရာထူးတူညီလျှင်ပင် စစ်သူကြီးများက အရပ်ဘက်အရာရှိများထက် အဆင့်အတန်းနိမ့်ကျနေသေးသည်။စာပေတတ်မြောက်သူများသည် စစ်ဘက်ရေးရာအတတ်ပညာများကို သင်ယူထားသော်လည်း အများစုမှာ စာပေ အရေးအရာများကိုသာ ဖြတ်သန်းကြရသည်။ လူကြီးလူကောင်းဆိုသည်မှာ ဘောပင်ရော ဓားရော အကိုင်ကျွမ်းကျင်ရမည့်ဆိုသော လိုအပ်ချက်အား ချိုးဖောက်ပြီးပြီဖြစ်သည်။


စစ်သူကြီးများသည် တိုင်းပြည်နယ်နိမိတ်ကို စောင့်ကြပ်ကာ အအေးဒဏ်ကို ခံရင်း တိုင်းပြည်ကို အသက်ပေးကာကွယ်ခဲ့ကြသည်။အရပ်ဘက် အရာရှိများ၏အမြင်မှာ ယင်းက တာဝန်တစ်ခုအား လုပ်နေခြင်းပင်။စစ်သူကြီးများ တာဝန်မကျေလျှင်လည်း တရားရုံးမှာ ဝေဖန်မှုများ ပြည့်နှက်နေလိမ့်မည်။


 ဘောပင်သည် မမြင်နိုင်သော လူသတ်ဓားဖြစ်ကြောင်း တစ်ချိန်က သူမ၏ အဖိုးဖြစ်သူမှ ပြောခဲ့ဖူးသည်။ မိမိကိုယ်တိုင်က သွေးနှင့်ချွေးကိုရင်းပြီး တိုင်းပြည်အား ကာကွယ်လျှင်တောင် တရားရုံးက အရပ်ဘက်အရာရှိများအားလုံးသည် အဆုံးစွန်ထိ တိုင်းပြည်ကို သစ္စာဖောက် အပြစ်သားတစ်ယောက်လို ပစ်ပယ်ထားနိုင်စွမ်းရှိ၏။


ယခုအခါ နယ်စပ်ရှိ စစ်သူကြီးအများအပြားသည် မလိုလားအပ်သော ဒုက္ခများ မကျရောက်စေရန်အတွက် ပြည်သူများအား လက်ဆောင်များ ပေးပို့ရန် နှစ်စဉ်နှစ်တိုင်း မြို့တော်သို့ စေလွှတ်ကာ အရပ်ဘက် အရာရှိအချို့က  ဧကရာဇ်ရှေ့မှောက်၌ ကောင်းသော စကားကို ဆိုစေခဲ့သည်။သို့မဟုတ်လျှင် စစ်သည်များသည်  လစာ ရရှိနိုင်မှာ မဟုတ်ဘဲ ငတ်မွတ်ခြင်းနှင့် အအေးဒဏ်ကို ခံစားကြရလိမ့်မည်။


ထို့အတွက် စစ်သူကြီးများသည် သူတို့လေ့ကျင့်ပေးခဲ့သည် စစ်သည်များအတွက် စိတ်မကောင်းဖြစ်ရ၏။စစ်သည်များအား ပိုမိုကောင်းမွန်သော ဘဝရစေလိုပါက၊ မြို့တော်ရှိ အရပ်ဘက်အရာရှိများ နှစ်သက်စေရန် လက်ဆောင်များ ပေးပို့ရုံသာ ရှိသည်။


သိက္ခာ၊ သမာဓိဆိုတာ ဘာလဲ။ စစ်ဘက်ရေးရာ အရာရှိများ၏ အဆင့်အတန်းမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလာနေသည်မှာ ကြာခဲ့ပြီ။ဤသည်က တကယ့် အဖြစ်မှန် ဆိုသော်ငြား၊ပန်းဟွာကတော့ နိုင်ငံခြားသားတစ်ယောက်ရှေ့မှာ ဤအချက်တို့ကို ဘယ်တော့မှ ဝန်မခံပေ။ထို့ကြောင့် သူမသည် စကားလမ်းကြောငါးပြောင်းကာ အိုက်ပို၏လက်နက်များအကြောင်း စပြောခဲ့သည်။


 "ကျွင်းကျူးပြောခဲ့တဲ့ ဓားဟာ တကယ်ပဲ ကျွန်တော်တို့ အိုက်ပိုက လူတွေ အသုံးများတဲ့ ဓားအမျိုးအစားပါ၊ ဒါပေမယ့် ဒီဓားက လုပ်ရတာ ခက်ခဲလွန်းတဲ့အတွက် တယဲ့တိုင်းပြည်က ဓားလုပ်နည်းကို အတုယူပြီး ပိုထက်အောင် အတုလုပ်ထားတာပါ...အခု အံဒီဓားကို သာမန်လူတွေပဲ သုံးနေကြတာပါ၊ကျွန်တော်တို့ တိုင်းပြည်က မှူးမတ်တွေကတော့ ဒီဓားမျိုးကို သုံးရတာ ကြိုက်ပါတယ်"


အာခယ်ချီသည် ဓားမကိုသာ ဆောင်ထားသော်လည်း ၊သူ့နောက်လိုက်လာသည့် အစောင့်နှစ်ယောက်မှာ ဓားများ ရှိနေကြသည်။ သို့သော် သူ ပြောသလိုပင် အစောင့်နှစ်ယောက်၏ ဓားရှည်များသည် အိုက်ပိုယဉ်ကျေးမှုကို ကိုယ်စားပြုသည့် ရုပ်ပုံများကို ရေးထွင်းထားသော်ငြား တယဲ့၏ ဓားများနှင့် အလွန်ဆင်တူသည်။


ပန်းဟွာက ပြုံးပြီး "ရှင်တို့ တိုင်းပြည်က ဓားတွေက အရမ်းထူးခြားတယ်နော်"


အာခယ်ချီက သွားများဖွေးနေအောင် ရိုးသားစွာ ပြုံးပြလိုက်၏။


ပန်းဟွာ တစ်ဖက်ကို ရောင်ရမ်း၍ ငေးလိုက်ရာ ရုံရှားကို မြင်လိုက်ရသည်။ သူဘာလို့ဒီမှာရှိတာလဲ။


 "ကျွင်းကျူး" 


ရုံရှားက ပန်းဟွာရှေ့သို့ လျှောက်လာပြီး အာခယ်ချီကို ဦးညွှတ်လိုက်သည်။


 "မြို့စားမင်းရုံ"  


အာခယ်ချီကလည်း နှုတ်ခွန်းဆက်စကား ပြန်ပြောသည်။ မြို့စားမင်းရုသည် ဧကရာဇ် အနှစ်သက်ဆုံး ဝန်ကြီးတစ်ဦးဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် ရုံရှားသည် သွားထိ၍မရသော လူစာရင်းတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။


ရုံရှားသည် အာခယ်ချီကို ယဉ်ကျေးစွာ ပြုံးပြသည်။ ထို့နောက် ပန်းဟွာနှင့် ဘေးချင်းကပ်ပြီး လမ်းလျှောက်ကာ


 "မင်း ဘယ်သွားမလို့လဲ၊ ကိုယ် မင်းကိုလိုက်ပို့ပေးမယ်"


 "ရှင် ခုတလော အလုပ်များနေတာလား"  


ပန်းဟွာ ရုံရှားကို မတွေ့ရသည်မှာ ရက်အနည်းငယ်ကြာသွားသည်။ ရံဖန်ရံခါ သူမအား ပစ္စည်းများ ပေးပို့တတ်သော်လည်း၊ အလုပ်များနေသဖြင့် သူ့အရိပ်ကိုပင် မမြင်ရပေ။


 "နည်းနည်းပါ၊ ဝန်ကြီးဌာနကို ရောက်လာခါစဆ်ိုတော့ ကိုယ် လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်လေ"  


သူ အလုပ်လုပ်သော ဝန်ကြီးဌာနသည် မြေခွေးအိုများနှင့် ပြည့်နေသည်။ သူတစ်ယောက်တည်း အသက်ငယ်ငယ်လေးနှင့် ဝန်ကြီးဖြစ်လာတာပင်။ထို့ကြောင့် သူ့ကို မကျေမနပ်ဖြစ်ပြီး သူ့အမိန့်အား ဖီဆန်ချင်သူ ဘယ်လောက်များမှန်း မသိနိုင်ပေ။ သို့သော် ပန်းဟွာအား ဤအရာများကို မပြောချင်သဖြင့် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။


"ကိစ္စတွေ အားလုံး ပြေလည်သွားရင် မင်းနဲ့တွေ့ဖို့ အချိန်ပိုရှိလာမယ်"


"ရှင့်ကို မနာလိုတဲ့ သူရှိလား"


ရုံရှား အံ့အားသင့်သွားပြီး ဟက်ကနဲရယ်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။


 "ကျွန်မသိပါတယ်၊တချို့လူကြီးတွေက သာမာန်အရည်အချင်းပဲ ရှိကြပေမယ့် လုပ်သက်ကြာတော့ မာနကြီးပြီး မောက်မာလာကြတယ်၊ရှင့်လို အသက်ငယ်ငယ်လေးနဲ့ ထက်မြက်တဲ့လူငယ်တစ်ယောက်က သူတို့ခေါင်းပေါ်တက်လာတာကိုမြင်ရတာ ထူးဆန်း နေပါလိမ့်မယ်၊ အဲ့ဒီလိုလူမျိုးနဲ့ ဆက်ဆံတဲ့အခါ သူတို့ကို ရှင် အရမ်းကြီး အောက်ကျို့ဆက်ဆံနေစရာ မလိုဘူး၊ရှင်က အရမ်းဖားယားပြလိုက်ရင် သူတို့က အခွင့်ကောင်းယူလိမ့်မယ်၊ ရှင့်အတွက်ကတော့ အခွင့်ကောင်းကို ရအောင်ရှာ၊ သူတို့အမှားတွေကို ထောက်ပြပြီး သင်ခန်းစာသင်ပေးလိုက်ပါ"


သူမ၏အဖိုးက စစ်တပ်ထဲမှ မောက်မာရိုင်းစိုင်းသည့် မနာလိုသူများရှိသည်ဟု အရင်က ပြောဖူးသည်။သို့သော်လည်း သူတို့ကိုဂရုစိုက်စရာမလို၊ ကိုယ့်အစွမ်းအစကို သရုပ်ပြပြီး သူတို့အား သင်ခန်းစာပေးရမည်ဖြစ်၏။ထိုအခါ သူတို့ကလည်း မိမိအပေါ် လေးစားသမှုနှင့်ဆက်ဆံလာမည်ဖြစ်သည်။ထိုသူများသည် အရှက်ကင်းမဲ့သူများဟု အဖိုးက ပြောဖူးသည်။ သူတို့ကို သင်ခန်းစာအနည်းငယ် ပေးခြင်းကသာ ထိုက်တန်ပေ၏။ အဓိကအချက်မှာ မိမိဘက်က သူတို့ကို သင်ခန်းစာတစ်ခု ပေးနိုင်ဖို့ အစွမ်းအစရှိခြင်းပင်ဖြစ်သည်။ဤအချက်ကို သူမ ရုံရှားအား ဘယ်သောအခါမှ သံသယမ၀င်ခဲ့ပေ။


အဖိုးဖြစ်သူ၏ စကားက နည်းနည်းကြမ်းသော်လည်း မှားစရာမရှိပေ။တကယ်တမ်းမှာ ရုံရှားသည် ထိုကဲ့သို့မောက်မာသော လူနှစ်ယောက်ကို သင်ခန်းစာပေးရန် ဤနည်းလမ်းကို အသုံးပြုခဲ့ပြီးဖြစ်သည်။ သို့သော် ယခု  ပန်းဟွာသည် သူ့ကို အတော်လေး ကူညီစိုးရိမ်ပူပန်ပေးနေသောကြောင့် သူ့စိတ်ထဲမှာ ချမ်းမြေ့ရသည်။သူက စိတ်ဆင်းရဲသောအမူအရာဖြင့်ပင် ပန်းဟွာအား နောက်ထပ်အကြောင်းအရာအချို့ကို ဟန်ဆောင်ငြီးငြူပြခဲ့သည်။သူ့မှာ နှုတ်ခမ်းမွှေးရှိသောကြောင့် ယောက်ျားမပီသဟုဆိုကာ အလုပ်ကောင်းကောင်းမလုပ်ဘူးဟု ထိုသူက ပြောခဲ့ကြောင်း စသည်ဖြင့်.....


"အံမာ အဲ့ဒီလူကျတော့ရော.... နှုတ်ခမ်းမွှေးက ရှည်နေပေမယ့် လက်တွေ့ကျတဲ့အရာတွေ အများကြီးကို မမြင်ဘူးမလား၊မုတ်ဆိတ်က ရှည်နေပေမယ့် သူ့ဦးနှောက်ကျတော့ သေးသေးလေး၊အဲ့ဒီလိုလူမျိုးကို ဂရုမစိုက်ပါနဲ့၊ နောက်တစ်ခါ သူ့သားနဲ့တွေ့ရင်၊ကျွန်မ ရှင့်အစား သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်"


တစ်ဖန် ရုံရှားက သူ့အမိန့်ကို မလိုက်နာသူတစ်ယောက်ရှိကြောင်း ငြီးငြူပြပြန်၏။


 "အဲ့ဒီလိုလူမျိုးကို သင်ခန်းစာပေးရမယ်၊ဟွန်း အများကြီးကို ပေးရမယ်၊ သူ့သားက ကျွန်မတို့နဲ့ အပြင်ထွက်လည်ချင်တာ၊ကြည့်ထား...သူ့အဖေက မကောင်းတော့ ကျွန်မ သူ့သားကို သင်ခန်းစာပေးလိုက်မယ်"


ပန်းဟွာ ဒေါသထွက်နေပုံပိုကြည့်ပြီး သူ့မျက်နှာပေါ်က အပြုံးမှာ ပိုပိုပြီး သိသာလာသည်။


 "ကျေးဇူးတင်ပါတယ် ဟွာဟွာ"


ပန်းဟွာ သူ့ကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။ 


 "ရှင်ကလည်း ပန်းမိသားစုရဲ့ လူတွေထဲက တစ်ယောက်ပါပဲ၊ ကျွန်မတို့မိသားစုထဲက လူတစ်ယောက်ကို ဘယ်သူက အလွဲသုံးစားလုပ်နိုင်မှာလဲ"


ရုံရှား သူမကို ကြောင်စီစီဖြင့် ကြည့်နေသည်။ မကြာမီ သူ့ပါးစပ်ထောင့်က ကော့ညွတ်လာသည်ကို သူမ သတိမထားမိချေ။


 တစ်ဖက်တွင် ပန်းမိသားစုဝင်တစ်ဦးဖြစ်သော ပန်းဟွိုက်သည် ဆိုင်တစ်ဆိုင်တွင် ပစ္စည်းသွားဝယ်နေသည်။  အထူးသဖြင့် မိန်းကလေးများ ကြိုက်တာမှန်သမျှ ဝယ်သည်။ သူ့မျက်လုံးအား ဖမ်းစားနိုင်သမျှကို ဝယ်သည်။


 "ကောကုန်း... ဒါတွေအားလုံး ကျွင်းကျူးအတွက် ဝယ်နေတာလား"  


ဆိုင်ရှင်သည် ပန်းဟွိုက်နှင့် ရင်းနှီးသောကြောင့် သူ့ကို ကျီစားဝံ့သည်။  တခြားရာထူးကြီးဆိုလျှင်တော့ ယခုလိုမေးရဲမှာတောင်မဟုတ်ပေ။သို့သော်နယ်စားမင်းကတော့ သူ့ဟာသကြောင့် စိတ်ဆိုးမှာမဟုတ်ချေ။


ပန်းဟွာကျွင်းကျူးက မြို့စားမင်းရုံနှင့် စေ့စပ်ထားကြောင်းကို မသိသူဟူ၍ မြို့တော်တွင် မည်သူမျှမရှိပေ။မြို့စားမင်းရုံက အလွန်ချောမောသည်ဟု ဆိုကြသည်။သူ့ကို မြင့်မားသော ဘွဲ့များ ပေးရုံမက ဧကရာဇ်ကလည်း ချီးမြှောက်ထားသဖြင့် သားမက်ကောင်းတစ်ယောက်ဖြစ်သည်။


ပန်းဟွိုက် သက်ပြင်းချရင်း ခေါင်းမှာဆောင်းရသော ခမောက်များကို ကောက်ကိုင်လိုက်ပြီး "ဘယ်လောက်ပဲဝယ်ဝယ် မိန်းကလေးတစ်ယောက်အတွက် မလုံလောက်မှာကို စိုးရိမ်မိတယ်" 


 "ဒါက ကောကုန်း ကျွင်းကျူးကို ချစ်လို့ပဲမလား၊ ဒါကြောင့် ဘယ်လောက်ပဲ ဝယ်ပေးပေး၊ လုံလောက်မှာ မဟုတ်ဘူးလို့ ခံစားရတာလေ၊ကျွန်တော်တို့လို မိသားစုအတွက်တော့ ကျွန်တော်တို့သမီးကို ခန်းဝင်ပစ္စည်းအဖြစ် ငွေလက်ဝတ်ရတနာတစ်ဆင်စာ ပေးတာကကို အတော်ရက်ရောနေပြီလို့ ဆိုရပါမယ်"


 သူ့အမြင်အရ၊ ပန်းဟွာကျွင်းကျူးသည် မြင့်မြတ်သောရာထူးနှင့် အပိုင်စားမြေယာတစ်ခုရှိသည်။သူမ၏ အိမ်ထောင်ရေးကလည်း ကောင်းသည်။ ထို့ကြောင့် ကောကုန်း ပျော်ရွှင်သင့်သည်။သူဘာလို့ဒီလောက်ဝမ်းနည်းနေတာလဲ။


အပြင်လူများက သူ့ခံစားချက်ကို နားမလည်နိုင်မှန်း ပန်းဟွိုက် သိသည်။


"ဒီပစ္စည်းကို သုံးပါ၊ ဒါပေမယ့် ပုံစံက ထူးခြားနေရမယ်၊သူများ အရင်က သုံးဖူးတယ်ဆိုရင် မသုံးပါနဲ့"


 “ကောင်းပါပြီ” 


ဆိုင်ရှင်က ဝမ်းသာအားရ ‌ရေးမှတ်ထားလိုက်သည်။ထို့နောက် သူ့နောက်မှာရပ်နေသော ကောင်းလေးတစ်ယောက်အား ...


"ချမ်းသာတဲ့ မိသားစုတွေက မတူဘူး။ သမီးတွေကို သားတွေထက် ပိုချစ်ကြတာ" 


ပန်းဟွိုက်သည် မြင်းကို ဖြည်းညှင်းစွာစီးလာရင်း သူ့သမီးကို အဝေးမှနေ၍ တွေ့လိုက်ရသည်။သူ ချက်ချင်းပင် မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး သူမဆီသို့ သွားလိုက်၏။ 


မြင်းသည် ခြေလှမ်းနှစ်လှမ်းသာ လှမ်းရသေးသည်၊ ရုတ်တရက် ရုန်းရင်းဆန်ခတ်ဖြစ်သွား၏။ ပန်းဟွိုက် ဖြတ်သွားခါနီးတွင် ကြီးမားသော မြေအိုးကြီးတစ်ခု အပေါ်မှ ပြုတ်ကျလာသည်။ သူသာ လှည့်မကြည့်ဘဲ ဖြတ်သွားလျှင် ပန်းအိုးက သူ့ခေါင်းပေါ်ကျလာပေလိမ့်မည်။


ပန်းဟွိုက်၏ သက်တော်စောင့်များ မှင်တက်မိကုန်ကြ၏။ထို့နောက် ဓားရှည်များ ဆွဲထုတ်ပြီး အဆောက်အဦးကို ဝိုင်းထားကြလေတော့သည်။



xxxxx