Chapter 1 (Arc-1)
Viewers 2k

🦊Chapter 1 

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

(Arc - 1.1)




ရွှယ်လင်၏ ဦးခေါင်းသည်ဆိုးဆိုးရွားရွားကိုက်ခဲနေခဲ့ပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးသည်လည်း နာကျင်နေသည်။ ကားတစ်စီးနှင့် ဖြတ်တိုက်ခံထားရသကဲ့သို့ပင် အလွန်ဆိုးရွားစွာခံစားနေရ၏။


သူ အိပ်ရာထဲတွင် နာကျင်စွာနှင့် ညည်းတွားနေရကာ လှုပ်ရှားရန် ခွန်အားပင်မရှိပေ။ သို့သော်လည်း အားတင်းလျက် မျက်လုံးများကိုဖွင့်လိုက်သည်။


အရာအားလုံးသည် အဖြူအမည်းသာဖြစ်နေပြီး မှုန်ရီဝိုးတဝါးနှင့် အမြင်အာရုံမရှင်းလင်းချေ။ သူ့ခန္ဓာကိုယ်၏အခြေအနေသည် မည်၏မျှပင်ဆိုးရွားကြောင်း သိသာနေ၏။


သူ၏မြင်ကွင်းထဲတွင် အနက်ရောင်ပုတီးတစ်ကုံးပေါ်လာပြီး ရင်းနှီးသလိုရှိသော ဖြူဆွတ်နေသည့် လက်ဖဝါးနှင့်မြေခွေးတစ်ကောင်က သူ့ပါးများကို ပုတ်ကာ နှုတ်ဆက်လာသည်။


“ မင်္ဂလာပါ အရှင် ” 


အသံသည် နူးညံ့သိမ်မွေ့နေကာ မြေခွေးဟုပင်မထင်ရပေ။


ရွှယ်လင်သည်သူ၏ မျက်လုံးများကို ပင့်ကြည့်ရန် ဆန္ဒရှိသော်ငြား အမှန်တကယ်ပင် ခွန်အားရှိမနေ ။ကံကောင်းထောက်မစွာဖြင့် သူ၏စိတ်ဝိညာဉ် သန်မာနေ၍သာ ထိုမြေခွေးငယ်လေးနှင့် ကောင်းကောင်းမွန်မွန်စကားပြောဆိုနိုင်နေခြင်းဖြစ်သည်။


" ငါ့ခန္ဓာကိုယ်ကို ပြန်ကောင်းအောင်လုပ်ပေး"


“အရှင့်ရဲ့ အာကာသနဲ့ အချိန်စက်ဝန်းတွေကို ဖြတ်သန်းလာခဲ့ရတဲ့ ဒဏ်တွေက ခုထိ အရှင်းမပျောက်သေးဘူး။ အဲ့ဒဏ်ရာတွေပျောက်သွားတာနဲ့ အရှင့်ရဲ့ ခန္ဓာကိုယ်က ချက်ချင်းပြန်ကောင်းလာပါလိမ့်မယ်"


မြေခွေးငယ်လေးသည် ရွှယ်လင်၏ ဦးခေါင်းရှိရာ အိပ်ယာ၏ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး


 “အရှင့် မျက်လုံးတွေကိုမှိတ်ထားပြီး အားပြန်ဖြည့်နေလိုက်ပါ"


ရွှယ်လင် သဘောတူလိုက်မိသည်။ 


ယခင်က ထိုလူသည် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန် ပြောနေခဲ့သည်မှာလည်း မဆန်းကြောင်း ပြန်တွေးနေမိ၏။ အာကာသနှင့်အချိန်စက်ဝန်းများကိုဖြတ်ကူးခြင်းသည် အလွန်ပြင်းထန်သောကြောင့် ယခုသူ့လက်ရှိ စိတ်စွမ်းအင် မတည်မငြိမ်ဖြစ်နေပြီး အလွန်ကျဆင်းနေခဲ့သည်။ ထို့အပြင်သူ၏ခန္ဓာကိုယ်မှာလည်း လုံးဝအဆင်ပြေသောအခြေအနေတွင်ရှိမနေခဲ့ချေ။ မျက်လုံးများကိုပိတ်လိုက်ပြီးမကြာမီပင် အတွေးများနှင့် အိပ်ပျော်သွား၏။


သူ၏အိပ်မက်များသည်လည်း ကောင်းသော အခြေအနေတွင် ရှိမနေချေ။ ထိုလူ၏ စကားလုံးများအား စာဖြင့်ချရေးထားသကဲ့သို့ စိတ်ထဲစွဲနေသည်။ထို့အပြင် သူသည် ထိုလူ မည်သူဖြစ်ကြောင်းကို အတိအကျမမှတ်မိနိုင်တော့ပေ။ ထိုလူ၏ပုံပန်းသဏ္ဍန်သည် တဖြည်းဖြည်းမှုန်ဝါးလာသော်လည်း ထိုလူပြောခဲ့သောစကားများသည်ကား သူ၏စိတ်ထဲတွင် ကမ္ဗည်းထိုးထားသကဲ့သို့ စွဲမြဲနေ၏။


“ အသင့်ရဲ့ စိတ်ဝိဉာဉ်က မတည်မငြိမ်ဖြစ်နေတော့ ဒီကမ္ဘာကြီးရဲ့ကံကြမ္မာ နဲ့လိုက်လျောညီထွေဖြစ်ဖို့ အတော်ခက်ခဲလိမ့်မယ်။ အဲ့တော့ အသင်ကျင့်သားရသွားအောင်လို့ အနိမ့်ဆုံးအဆင့် ကမ္ဘာကို ကျနော်အရင်ဆုံးပို့ပေးမယ်။ အသင့်အနေနဲ့ ကံတရားတွေ လိုက်စုရမယ်။ အရပ်ဆယ်မျက်နှာ ကမ္ဘာအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကလွဲလို့ ကျန်တဲ့ အရာအားလုံးကို အသင့်ရဲ့စွမ်းအားတွေ ပြန်ရဖို့အတွက် အသုံးချလို့ရတယ်"


“ ငါ့ရဲ့ အမြီးတွေကရော ”


“ အသင့် ရဲ့တာ၀န်တွေကို ပြီးမြောက်အောင်လုပ်နေသမျှကာလပတ်လုံး အရပ်ဆယ်မျက်နှာကမ္ဘာ ကနေ စုဆောင်းထားတဲ့ ကံတွေက အသင့်အတွက် အထောက်အပံ့ဖြစ်စေဖို့ လုံလောက်မှာပါ။ ပြီးတော့ အဲ့ဒါကလည်း အသင့်ရဲ့အမြီးတွေ ပြန်ရဖို့အတွက် အကူအညီဖြစ်မှာပါ ”


“ မင်း ငါ့ကို လှည့်စားနေတာလား။ အရေးမပါတာတွေဆို ငါဘာမှ မလုပ်ပေးချင်ဘူး"


“ ကျွန်တော်တို့ကြားမှာ စာချုပ်သက်သေရှိနေတာပဲ။ ကျွန်တော်က အသင့်ကို ဘာလို့လှည့်စားရမှာလဲ ”



ရွှယ်လင် သည်နှစ်ပေါင်းထောင်ချီကြာ သက်တမ်းရှိသော နှင်းမြေခွေးဖြစ်ခဲ့ပြီး ကောင်းကင်မြေခွေးဖြစ်လာရန် နောက်ထပ်ခြေတစ်လှမ်းသာလိုအပ်ခဲ့သည်။


ယခုမူကား ထိုအဖြစ်အပျက်သည် ထိုအတိုင်း မှေးမှိန်နေသောမှတ်ဉာဏ်လေးတစ်ခုအဖြစ်သာ ကျန်ရစ်၏။


ကံမကောင်းစွာပင် ကံကြမ္မာ အနိမ့်အမြင့် အတက်အကျရှိခဲ့သည်။ နှစ် ထောင်ပေါင်းများစွာကြိုးစားခဲ့ရမှုများသည်လည်း မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခံလိုက်ရပြီး သူ၏အမြီးကိုးချောင်းမှာလည်း ပရမ်းပတာဖြစ်နေသော အချိန်စက်ဝန်းနှင့်အာကာသအတွင်း တစ်နေရာစီလွင့်စင် ပျောက်ကွယ်သွားခဲ့၏။


သူ၏ကိုယ်ပိုင်အမြီးများကို ပြန်လည်ရရှိရန် အတွက် ရွှယ်လင်သည် နယ်မြေအကြီးအကဲကိုရှာဖွေရန် အလွန်ကြာရှည်သော အချိန်ကာလတစ်ခုကို သုံးခဲ့ရပြီး နောက်ဆုံးတွင်ထိုလူကိုတွေ့ရှိခဲ့သည်။ ထိုကိစ္စများဖြစ်ပျက်ခဲ့သည့်နောက်ပိုင်း မှတ်ဉာဏ်များကမူ သူ၏အသိစိတ် အတွေးများထဲမှ ပျောက်ကွယ်သွားခဲ့၏။ သူမှတ်မိနိုင်သည့်တစ်ခုတည်းသောအရာမှာ ထိုလူ၏စကားလုံးများသာဖြစ်သည်။


ရွှယ်လင်သည် သူ၏ရည်မှန်းချက်များအောင်မြင်ရန်အတွက် သူ၏လက်ရှိ ကိုယ်ပိုင်ခွန်အားစွမ်းရည် ကိုသာ မှီခိုရန်မဖြစ်နိုင်ပေ။ လုပ်ရမည့်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက်၍ ကံတရားများ လိုက်စုဆောင်းနိုင်မှသာ သူ၏ စိတ်ဝိဉာဉ်စွမ်းရည်ပြန်ပြည့်လာမည်ဖြစ်ပြီး သူ၏ အမြီးများကိုလည်း ပြန်လည်ရယူနိုင်မည်ဖြစ်သည်။


ရွှယ်လင်သည် သူ့အနေနှင့် ထိုအချက်များကို အဘယ့်ကြောင့် ရှင်းရှင်းလင်းလင်းမှတ်မိနေရသည်ကို သေချာမသိသော်လည်း ဤသတ်မှတ်ချက်များသည် သူလိုက်နာရန်အတွက် ထိုလူက ပေးခဲ့ခြင်းဖြစ်နိုင်သည်။


သူသည် စည်းမျဉ်းများလိုက်နာရန်မွေးဖွားလာသည့် လူမျိုး မဟုတ်ပေ။


သူ အချိန်ဘယ်လောက်ကြာကြာအိပ်ပျော်ခဲ့မိသည်ကို မသိပေ။ သို့သော် နောက်တစ်ဖန် ပြန်နိုးလာချိန်တွင် သူ့ရှေ့တွင်ရှိသည့် အရာအားလုံးကို အနည်းငယ်သာ ရှင်းရှင်းလင်းလင်း မြင်ရ၏။ အပြင်ဘက်မှ ဝင်လာသော အလင်းရောင်အရ ညအချိန်ဟုသာ ယူဆနိုင်သည်။


နောက်ဆုံးတွင် ရွှယ်လင် သူ၏ခန္ဓာကိုယ်ကို ပိုထိန်းချုပ် လာနိုင်ခဲ့သည်။ မြေခွေးငယ် ဆီသို့သွား၍ လှမ်းဆွဲကာ


 “ အကူစနစ်လေး ။ ငါ့ခန္ဓာအခြေအနေကို တိုးတက်အောင်လုပ်ပေး။ အချက်အလက်အားလုံးလည်း ငါ့ကိုပြောင်းထည့်ပေး”


မြေခွေးငယ်လေးသည်အိပ်ပျော်နေခဲ့သော်လည်း ရွှယ်လင်ကြောင့် ရုတ်တရက်နိုးလာ၏။ အသေးလေးမှာ အိပ်ချင်မူးတူးဖြစ်နေသော်လည်း သူ၏ခေါင်းသေးသေးက ရွှယ်လင်၏ နဖူးနှင့် ထိတွေ့ဖို့ရာ အချိန်တစ်ခဏမျှသာ ကြာခဲ့သည်။ 


(ဦးခေါင်းချင်းထိထား၍ မြင်ကွင်းများ မျှဝေခြင်းမျိုးကိုဆိုလိုသည်။)


အိမ်ထဲတွင် အလင်းခပ်မှိန်မှိန် ဖြတ်ကနဲလက်သွားပြီး ရွှယ်လင်၏ စိတ်သည်ကား တဖြည်းဖြည်းရှင်းလင်းသွား၏။


သူ၏စိတ်ထဲတွင် ပြင်ဖို့လိုအပ်နေသည့် နောက်ခံဇာတ်လမ်းတစ်ခုက ကြီးကြီးမားမားနေရာယူထားသည်။ အသေးလေးသည်လည်း ဂွမ်း‌စောင်ထဲသို့ နောက်တဖန်ဝင်၍ နွေးထွေးစွာကွေးနေခဲ့၏။


“ ကျွီ ” 


သစ်သားတံခါး တွန်းဖွင့်ခံလိုက်ရပြီးနောက် ဆေးယူလာသည့် အ‌စေခံလေးကလည်း တိတ်တဆိတ်ဝင်လာ၏။


 သူ ယူလာသောအရာများကို ဘေးဘက်စားပွဲတစ်ခုပေါ်တွင် ဂရုတစိုက်နေရာချထားခဲ့ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ရွှယ်လင် ၏နားထဲသို့ခပ်တိုးတိုးလေးပြောလိုက်သည်။ 


"သခင်လေး၊ သခင်လေး ။ ညစာစားဖို့အချိန်ရောက်ပါပြီ။ အစာစားပြီးရင် သခင်လေး ဆေးသောက်ရပါမယ်"


ရွှယ်လင် သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သော်လည်း အလင်းစူးများကြောင့် မျက်စိကျိန်းသွား၏။ သူ့အား ကြည့်နေသော အစေခံလေးမှာမူ ကြောင်စီစီနှင့် ကြက်သေသေသွားသည်။


သူတို့၏ သခင်လေးမှာ အမြဲတမ်းကြည့်ကောင်းနေသော်လည်း ပုံမှန်အားဖြင့် လူမမာကဲ့သို့သောအသားအရေမျိုးရှိကာ မျက်လုံးများမှလည်း နာမကျန်းဖြစ်နေသည့်ခံစားချက်မျိုး ထုတ်လွှတ်နေရ၏။ သူ၏ခန္ဓာကိုယ်မှာလည်း လုံးဝ စွမ်းအားမရှိဟုပင်ထင်ရ‌သည်။ သူ့မျက်လုံးများကိုလည်း တစ်ဝက်ဖွင့်ကာ မှေးမှေးလေးကြည့်တတ်၏။ ယနေ့တွင်မူ…….။


တစ်ခုခု ကွဲလွဲနေသည်ဟု ထင်ရသည်။


အစေခံလေး၏ နှလုံးခုန်နှုန်းမှာမူ နားလည်ရခက်စွာပင် အနည်းငယ်ပို၍မြန်နေသည်။


ရွှယ်လင် သူ၏မျက်လွှာများကို လျင်မြန်စွာ ချလိုက်ပြီး ထိုင်ရန်အတွက် အားနည်းသည့်လက်များကိုသာ အသုံးပြုလိုက်သည်။ သူ၏လှုပ်ရှားမှုများသည်လည်း နှေးကွေးပြီးအားနည်းနေ၏။ သူ၏အသံမှာလည်း တိုးညှင်းနေကာ လွန်စွာနေမကောင်းဖြစ်နေပုံမှာ ပေါ်လွင်နေသည်။


“ ရတယ်။ ယာဂုကိုသာယူလာပေး”


အစေခံလေးသည် သခင်လေးမှာ သူ့အားကိုယ်ကိုးလျက် ကိုယ်တိုင်ထိုင်သည်ကို မြင်သည့်အခါ အလွန်ခံစားသွားရပြီး မျက်လုံးများနီရဲလာကာ အငိုသန်ကလေးလေးကဲ့သို့ပင် မျက်ရည်များစီးကျလာ၏။


 “ သခင်လေး ထိုင်နိုင်နေပြီလား ။ ကောင်းတယ်၊အရမ်းကောင်းတယ်။ သခင်လေးကို မိုးကောင်းကင် က ကာကွယ်ပေးမှာပါလို့ ကျနော်ပြောခဲ့သားပဲ။ သခင်လေးက တကယ့်လူကောင်းပဲဟာ။ အားလုံးအဆင်ပြေသွားမှာ။ “


ရွှယ်လင်သည် မျက်လွှာချထားလျက်ရှိပြီး စကားပြန်မဆိုခဲ့ပေ။ သူ ယာဂုကို သောက်လိုက်ပြီး အစေခံလေး၏ အကူအညီဖြင့် ဆေးကိုဖြည်းညင်းစွာသောက်ပြီးနောက် ထိုလူငယ်လေးအား ထွက်သွားရန် လက်ဟန်ပြလိုက်သည်။


ကိုယ်ရေးအစေခံလေးကမူ တွန့်ဆုတ်လျက်ရှိပြီး

 “ သခင်လေး၊ ကျွန်တော် သခင်လေးအတွက်စောင့်နေပေးဖို့ကို တကယ်မလိုတာလား"


ရွှယ်လင်သည် သူ့ခေါင်းကိုညိတ်လိုက်ကာ


 “ ရေနွေးနည်းနည်းသွားတည်။ ငါရေချိုးချင်တယ် ”


ကောင်လေးသည်လည်း သူ့ခေါင်းကိုမြန်မြန်ခါပြလိုက်ကာ


 “ သခင်လေးက ရက်တွေအကြာကြီးနေမကောင်းဖြစ်ပြီးခုမှ ပြန်ကောင်းလာတာလေ။ ဘယ်လိုရေချိုးလို့ရမှာလဲ ”


ရွှယ်လင်သည် ထိုကောင်လေးခေါင်းကို လှမ်းပုတ်လိုက်ပြီး


“ မင်းရဲ့သခင်လေးက သူ့ခန္ဓာကိုယ်အကြောင်း သူသိတာမို့၊ သွား ။ ရေနွေးသွားတည်…. ”


တံခါးပိတ်သွားသည်နှင့် ရွှယ်လင် သူ၏ခန္ဓာကိုယ်ကို သဘောမကျစွာဖြင့် ပုတ်လိုက်ပြန်သည်။


 “ ဒီ ကမ္ဘာပေါ်မှာ ဒီလောက် အားနည်းတဲ့ ခန္ဓာကိုယ်ကိုရှာမယ်ဆိုရင်တောင် တကယ့်ကို လွယ်လွယ် မတွေ့ဘူး ”


 အစေခံလေး ထွက်သွားသောအခါ လျှာကိုထုတ်လိုက်မိပြီး မျက်နှာပျက်သွားသည်။ သူသောက်ခဲ့သော ဆေး၏ အရသာကို ပြန်၍ပင် မတွေးချင်တော့ပေ။ နှစ်ထောင်ပေါင်းများစွာ နေထိုင်အသက်ရှင်ခဲ့သော်ငြား ထိုလောက်ခါးသည့် မည်သည့်အရာကိုမျှ တစ်ခါမျှပင်မသောက်ဖူးခဲ့ပေ..။


သူ၏လက်ကျန်ဘ၀ကို ထိုဆေးနှင့် နှစ်ပါးသွားနေရမည့်အကြောင်းကို တွေးမိသောကြောင့် ရွှယ်လင် မျက်မှောင်ကြုတ်ကာ သူ့ဘေးနားရှိ နှင်းမြေခွေးအမွှေးအား ဆောင့်ဆွဲလိုက်လေသည်။


မြေခွေးငယ်လေးသည် အိပ်ရာပေါ်မှ လွင့်သွားကာ ရွှယ်လင်အား အထိတ်တလန့်နှင့် လှမ်းကြည့်၏။


မြေခွေးငယ်လေးမှ ရွှယ်လင်ထံသို့ ကူးပြောင်းပေးထားသောအချက်အလက်များအရ သူ၏ မစ်ရှင်များပြီးမြောက်ရန် လိုအပ်သောကမ္ဘာများသည် ဆိုင်ရာပိုင်ရာများရှိသည့် စိတ်ကူးယဉ် သို့မဟုတ် ပုံရိပ်ယောင်ကမ္ဘာ များဖြစ်သည်။ ဆိုလိုသည်မှာ အရပ်ဆယ်မျက်နှာကမ္ဘာ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ကမ္ဘာများဖြစ်ပြီး ၎င်းတို့၏ အလုံးစုံထိန်းချုပ်မှုအောက်ရှိနေခြင်းမျိုးလည်း မဟုတ်ပေ။ ထိုအဖြစ်အပျက်၏ အဓိက ဇာတ်လိုက်များသည် ထိုကမ္ဘာများ၏ ကံကောင်းသော သားတော်များဖြစ်ကြ၏။ ရွှယ်လင်၏တာဝန်မှာမူ ထိုလူများ၏ကံများကို လိုက်စုဆောင်းရန်သာဖြစ်သည်။


သူတို့၏ကိုယ်ပိုင်ကံ စွမ်းအားများကြောင့် သူတို့နေထိုင်ရာ ကမ္ဘာများသည် ၎င်းတို့၏ အနီးအနားမှ ကံကောင်းခြင်းများကို အလိုအလျောက် စုပ်ယူနိုင်သော်လည်း ကမ္ဘာ၏ လုပ်ဆောင်ချက်များအပေါ် လွှမ်းမိုးမှု သက်ရောက်မှုမကြီးပေ။ သို့သော်ငြား အဓိကဇာတ်ကောင်တစ်ဦးတစ်ခုခု ဖြစ်ခဲ့လျှင်မူ ကမ္ဘာတစ်ခုလုံးသည်ချက်ချင်းပြိုလဲသွားမည် ဖြစ်ပြီး အရပ်ဆယ်မျက်နှာ ကမ္ဘာကြီး ကိုပါ ပြင်းပြင်းထန်ထန် အားနည်းစေလိမ့်မည်ဖြစ်သည်။ သနားဖွယ်ကောင်းသော စတေးခံမြေစာပင် အမြောက်စာလေးများမှာလည်း နစ်နာသူများစွာထဲမှ တချို့ပင် ဖြစ်၏။


ထို့ကြောင့် အရပ်ဆယ်မျက်နှာ ကမ္ဘာအတွက် ရွှယ်လင်သည် ထိုဇာတ်လိုက်များ၏ ကံကြမ္မာများကိုဖျက်စီးပြီးနောက် စုဆောင်းရန် တာဝန်ရှိသည်။


ထိုကံကြမ္မာသည် အရပ်ဆယ်မျက်နှာကမ္ဘာမှ စ၍ ဖြန့်ကျက်ထားခြင်းဖြစ်သည်။ ထိုကံကြမ္မာအားပြန်လည်ရယူခြင်းသည် ကမ္ဘာတစ်ခုပြိုလဲတိုင်း ထိခိုက်ခံနေရသော အရပ်ဆယ်မျက်နှာကမ္ဘာအား ပြန်၍ ကောင်းမွန်လာစေ၏။ ထိုသို့ ပြန်လည် ကောင်းမွန်လာမှသာလျှင် ရွှယ်လင်၏ အမြီးများအား ပြန်ရယူနိုင်မည်ဖြစ်သည်။


ထိုဖြစ်စဉ်သည် အစာကွင်းဆက်တစ်ခုနှင့်တူကာ အရပ်ဆယ်မျက်နှာကမ္ဘာသည် အစားအစာကွင်းဆက်၏ထိပ်ဆုံးတွင်ရှိနေပြီး ဇာတ်လိုက်များသည်ကား အောက်ခြေတွင်ရှိ၏။တစ်နည်းအားဖြင့် ရွှယ်လင် ၏အလုပ်သည်အဓိက ဇာတ်ကောင်များ ၏ ကံတရားများကို သိမ်းယူရန်ဖြစ်သည်။


ကံကြမ္မာ၏ သားသမီးများထံမှ ကံတရားကို လုရန်မှာ အလွန်ခက်ခဲလှသည်။ ကံကောင်းထောက်မစွာပင် ရွှယ်လင် သည် အရပ်ဆယ်မျက်နှာကမ္ဘာဘက်ခြမ်းမှ ဖြစ်၏။ အရပ်ဆယ်မျက်နှာ ကမ္ဘာသည် အားနည်းနေသော်လည်း အရာအားလုံး ထိန်းချုပ်နိုင်သည့် အဓိက ကမ္ဘာဖြစ်ဆဲနေဆဲပင် ဖြစ်ပြီး လက်အောက်ခံကမ္ဘာများနှင့်နှိုင်းယှဉ်လျှင် ပို၍ စွမ်းအားကြီးနေဆဲဖြစ်၏။


 ထို့ကြောင့် လုပ်ပိုင်ခွင့်အချို့ ဖျက်စီးခံလိုက်ရသော်လည်း အဆိုးထဲမှ အကောင်းရှိနေသေး၏။ မူလ အကြံအစည်များဖျက်ဆီးခံရပြီးနောက် အဓိကဇာတ်လိုက်

များ၏ ကံကြမ္မာများကို သိမ်းဆည်းနိုင်သမျှကာလပတ်လုံး အရပ်ဆယ်မျက်နှာကမ္ဘာသည် ထိုကံများကို အလိုအလျောက် ဆွဲယူနိုင်လိမ့်မည်ဖြစ်သည်။