Chapter 2
Viewers 3k

🦊Chapter 2

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

 (Arc - 1.2)




သူ၏ရုပ်ပိုင်းဆိုင်ရာအားအင်ပြန်ဖြည့်နေစဉ်တွင် ရွှယ်လင်သည် လက်ရှိ ဇာတ်လမ်း၏ ဖြစ်စဉ်များကိုအကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့၏။ နောက်ခံအကြောင်းအရာမှာ အလွန်ရိုးရှင်းပြီး ရှေးဟောင်းပြဇာတ်တစ်ခုလိုပင် ဖြစ်သည်။ ထိုလူက သူ့အား အနိမ့်ဆုံးကမ္ဘာအဆင့်မှစတင်ရန်လိုအပ်သည် ဟုပြောသည်မှာလည်း မဆန်းပေ။ ထိုသို့သော ကံကြမ္မာဖြစ်စဉ်ကိုဖျက်စီးရန်မှာ ထိုမျှလွယ်ကူနေမည် မဟုတ်ချေ။


သူ၏ ခန္ဓာကိုယ်တိုးတက်လာသော်လည်း သူ့တွင် ခွန်အားအလုံအလောက်မရှိပေ။ သူသည် ဆေးမသောက်၍မဖြစ်သောကြောင့် ထိုဆေးများဆက်သောက်နေရသေး၏။ ထိုအရာသည် သူ့အား သာမန်လူတစ်ယောက်ကဲ့သို့ နေ၍ ရစေသော်လည်း နာမကျန်းဖြစ်နေဆဲပင်။ အိပ်ရာထဲတွင်တစ်နေ့လုံးသွေးချောင်းဆိုး၍ လှဲနေခြင်းနှင့်အခြားမည်သည့်အရာမျှမလုပ်နိုင်ခြင်းကဲ့သို့မျိုးတော့ မဟုတ်။


ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် စာပေပညာရှင်မိသားစုတွင် မွေးဖွားခဲ့သော်လည်း အလွန်အားနည်းနေပြီး ငယ်စဉ်တည်းက ကျန်းမာရေးမကောင်းပေ။ အသက် ၁၆ နှစ်အထိ အသက်ရှင်နေထိုင်လာသည်မှာပင် အံ့ဖွယ်ဖွယ်ရာဖြစ်သည်။ သူသည် မူလက စာပေပညာရှင်မိသားစုမှ သခင်လေးတစ်ဦး ဖြစ်ခဲ့၏။ သို့သော် သူ၏မိဘများသည် မှားယွင်းစွာစွပ်စွဲခံရပြီး သေဆုံးခဲ့ရခြင်းကြောင့် မိသားစု၏ ငွေရေးကြေးရေးအခြေအနေများလည်း ကျဆင်းသွားသည်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း မိသားစု၏နာမည်ပျက်ကို ရှင်းနိုင်ရန်မျှော်လင့်လျက် ဧကရာဇ်စာမေးပွဲတွင် ပါ၀င်ဖြေဆိုရန် ကိုယ်တိုင် မြို့တော်ထိ သွားခဲ့၏။


ကံမကောင်းစွာဖြင့် ဆေးဝါးဖြင့်သာ အသက်ဆက်ရှင်နေရသူဖြစ်ပြီး မြို့တော်သို့သွားသောလမ်းခရီးမှာ အလွန်ဝေးကာ လမ်းများမှာလည်း ဖြတ်သန်းသွားရန်မလွယ်ကူပေ။ ပြင်းထန်စွာနေမကောင်းသောကြောင့် ရပ်လိုက်သွားလိုက်ဖြင့် တစ်လျှောက်လုံးသွားခဲ့ရာ ခရီးသည် အချိန်နှစ်ဆ ပိုကြာခဲ့သည်။ သူ့အခြေအနေသည်လည်း တိုးတက်လာမှုမရှိသောကြောင့် ဧကရာဇ်စာမေးပွဲ၏ အချိန်ပိုမိုနီးကပ်လာသည်နှင့်အမျှ ဘာမျှမလုပ်နိုင်ပဲ ထိုင်ကြည့်နေရသကဲ့သို့ပင်။ နောက်ဆုံးတွင် သခင်လေးသည် သက်ပြင်းချလျက် သူ၏ စာသင်ဖက်ထံ မိသားစု တံဆိပ်ကိုလွှဲပေးပြီး ယခင်ကသူ့မိသားစုမှ ကယ်တင်ခဲ့ဖူးသော လက်ရှိ စစ်သူကြီးကိုရှာဖွေရန်အတွက် မြို့တော်သို့သွားရန်သာ တောင်းဆိုခဲ့၏။ အတိတ်ကကျေးဇူးအားထောက်ရှူ၍ ထိုလူသည် သူ့အားကူညီနိုင်လောက်မည်ဟုသာ မျှော်လင့်နိုင်ခဲ့သည်။


ဝမ်းနည်းစရာကောင်းစွာပင် သူ လူမှားယုံမိခဲ့၏။


ထိုစာသင်ဖက်သည် အချိန်ခရီးသွားသူ ဖြစ်နေခဲ့သည်။ ထိုလူသည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး ကလေးဘဝကတည်းကပင် ရင့်ကျက်မှု မရှိခဲ့သလို မည်သည့်အခါကမျှလည်း ရင့်ကျက်လာခြင်းမရှိခဲ့ပေ။ သူသည် သူ့ကိုယ်သူ ကမ္ဘာ၏ အဓိကဇာတ်ကောင် ဖြစ်သင့်သည်ဟုအမြဲတွေးခဲ့ပြီး သခင်လေးသည်လည်း ထိုအချိန်က သူ့အတွက် အကူအညီရရန် ရှိနေခဲ့သောရွှေလက်ချောင်းဟု သတ်မှတ်ခဲ့၏။ သူ၏ဘ၀ကို စတင်မည်ဖြစ်ပြီး ထိုသခင်လေးသည်လည်း ရှင်သန်နိုင်မည်ဟု မထင်ခဲ့ချေ။ ထိုလူသည် မိသားစုတံဆိပ်ကိုယူ၍ သခင်လေးအယောင်ဆောင်ကာ စစ်သူကြီးကိုရှာခဲ့သည်။


ထိုအချိန်မှစ၍ ချောမွေ့သော ခရီးလမ်းဖြစ်ခဲ့၏။ အချိန်ခရီးသွားခြင်းမှ ရထားသော မှတ်ဉာဏ်များနှင့် သခင်လေးအနားတွင်နေ၍ သခင်လေး၏ ဆောင်းပါးများစွာကို ဖတ်ရှူထားလိုက်ရခြင်းတို့ကို ထိုလူက တိတ်တဆိတ် ကျေးဇူးတင်မိသွားသည်။ သူသည် ဧကရာဇ်စာမေးပွဲတွင်ကောင်းစွာရေးဖြေနိုင်ခဲ့ပြီး တစ်မုဟုတ်ချင်း ထိပ်တန်းကျောင်းသား ဖြစ်လာခဲ့၏။


စစ်သူကြီးက သူ့အားကျေးဇူးရှင်၏သားအဖြစ်ရှုမြင်သည့်အပြင် ထိပ်တန်း‌ကျောင်းသား ဖြစ်လာသောကြောင့်လည်း အလွန်သဘောကျအထင်ကြီးခဲ့သည်။ စာသင်ဖက်၏ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ရည်ရွယ်ချက်မရှိသော အစီအစဉ်များနှင့်အကြံအစည်များကြောင့် ထိုလူနှစ်ဦး အတူတကွရှိလာကြ၏။ ထိုအချိန်မှစ၍ သူတို့လမ်းကြောင်းတွင် ရှိသော ဆူးညောင့်ခလုတ်များကို အတူတကွ ဖယ်ရှားကြသည်။ နောက်ပိုင်းတွင် ထိုသူနှစ်ဦး မြို့တော်တွင် ခြေကုပ်မိလာပြီး ယောက်ျားနှစ်ဦး ဖြစ်သော်ငြား ဂုဏ်သတင်းကျော်စောခဲ့၏။


သခင်လေးသည် ခရီးတစ်လျှောက်လုံနေမကောင်းဖြစ်နေပြီး ဆေးဝါးများကို ရေလိုသောက်သုံးနေခဲ့ရသည်။ သူသည်လမ်းတစ်လျှောက်လုံး နေမကောင်းသောကြောင့် ငွေများကိုမြန်မြန်ဆန်ဆန် အသုံးပြုခဲ့ရ၏။ သူ့အစေခံလေးသည်လည်း သူ့သခင်လေးအတွက် ဆေးဝါးများခိုးယူမိသောကြောင့် သေသည် အထိအရိုက်ခံခဲ့ရသည်။ သခင်လေး၏နာမကျန်းမှုသည် မည်သည့်အခါကမျှ သက်သာမှုမရှိသော်ငြား ကိုယ်တိုင်စစ်သူကြီးရုံးသို့ သွားေရာက် မေးမြန်းခဲ့၏။ ထိုအချိန်မှသာ သူ၏ စာသင်ဖက်နှင့် စစ်သူကြီး အကြောင်းအား ကြားသိလိုက်ရတော့သည်။


သူမယုံနိုင်ခဲ့ပေ။ သူတို့သည် အတူတကွကြီးပြင်းလာကြပြီး သခင်လေးသည် သူ၏စာသင်ဖက်ကို ညီအစ်ကိုတစ်ဦး အဖြစ်မှတ်ယူခဲ့သောကြောင့် ထိုသတင်းကိုမယုံချင်ခဲ့ပေ။ ထို့ကြောင့် သူသည် သူတို့အား မကြာခဏတွေ့နိုင်သည့် နေရာများအကြောင်းကိုမေးမြန်းခဲ့သည်။ ပိုက်ဆံလဲလှယ်ရန်အတွက် သူ၏မိသားစုဘိုးဘွားပိုင်ကျောက်စိမ်းကို ထုတ်ယူပြီး သူ၏စာသင်ဖက်ထံ စာတစ်စောင်ပေးပို့ရန် လူငှားရမ်းရာတွင် သုံးစွဲလိုက်၏။ သူတို့အချင်းချင်း မျက်နှာချင်းဆိုင် စကားပြောနိုင်လိမ့်မည်ဟုမျှော်လင့်ခဲ့ပေသည်။


စာသင်ဖက်သည် ထိတ်လန့်သွားကာ အလွန်စိုးရိမ်ပူပန်သွား၏။ သို့သော် သခင်‌လေးသည် ပုံစံအမှန်အား မထုတ်ဖော်နိုင်ခဲ့ပေ။ နှစ်င်္ဦးသားအကြား လျှို့ဝှက်တွေ့ဆုံမှုသာ စီစဉ်နိုင်ခဲ့ပြီး မိဘများအတွက် တရားမျှတမှုတောင်းဆိုရန် စာသင်ဖက်က သူ့ကိုယ်ရေးအချက်အလက်ကို အသုံးပြုရန်သာ မျှော်လင့်ခဲ့သည်။ စာသင်ဖက် အစစ်က သဘောတူခဲ့သော်လည်း သဘောတူညီမှုအရ သခင်လေးသည် သခင်လေးမဟုတ်တော့ပဲ စာသင်ဖက်အဖြစ် ဟန်ဆောင်နေရပေမည်။


မိဘများ၏နစ်နာမှုများအတွက် သခင်လေးသည်လည်း သဘောတူခဲ့သည်။


စာသင်ဖက်သည် သခင်လေးဖက်မှ အလွယ်တကူ သဘောတူလိုက်သော်လည်း စိတ်မလုံခြုံခဲ့ပေ။ သခင်လေးသည် စစ်သူကြီးရှေ့တွင် သူ့အားဖော်ထုတ်မည်ကိုစိုးရိမ်သောကြောင့် သခင်လေးအား စစ်သူကြီး၏အိမ်တော်သို့ သွားစေရန် စီစဉ်ခဲ့၏။ သို့သော် စစ်သူကြီးအိမ်တော်မှ လူများကိုမူ သခင်လေးနှင့်တူသော တစ်စုံတစ်ဦး ရောက်လာလျှင် သူ့အား သေသည်အထိရိုက်နှက်ပြီး သင်္ချိုင်းတွင် မြှုပ်ပစ်လိုက်ရန် ပြောထားခဲ့သည်။


သခင်လေးသည် ဘာမှနားမလည်ဘဲ သေဆုံးခဲ့ရပြီးသူ၏မိဘများ အတွက် နစ်နာမှုများကိုလည်း မဖြေရှင်းနိုင်ခဲ့ပေ။ သူ၏ကျောက်စိမ်းတံဆိပ်ကို အသုံးပြုလျက် စာသင်ဖက်သည်ကား သခင်လေးအစစ် ဖြစ်လာခဲ့သည်။


ထိုလူသည် စစ်သူကြီးထံသွားပြီး သူ့စာသင်ဖက်၏ အဖြစ်ဆိုးနှင့် ပတ်သက်၍ ငိုကြွေးပြခဲ့၏။ သေဆုံးသွားသူမှာ သူ့အား လမ်းတွင်လည်း နာကျင်စေရုံမျှမကပဲ မြို့တော်တွင်လည်း သူ့အား တွေ့ခဲ့ပြီးဘိုးဘွားပိုင်ကျောက်စိမ်းတံဆိပ်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်းပြောခဲ့သည်။ ထိုအကြောင်းကြောင့် စစ်သူကြီး၏လက်အောက်ငယ်သားများအား ထိုလူယုတ်မာကိုရိုက်နှက်ရန် တောင်းဆိုခဲ့ကြောင်း သို့သော်လည်း ထိုသူအားတန်း၍ ရိုက်သတ်လိမ့်မည်ဟု မထင်ကြောင်းနှင့် သူအမှန်တကယ်အပြစ်ရှိသည်ဟု ခံစားရကြောင်းပြောခဲ့၏။


သူသည်ပြီးပြည့်စုံသော စိတ်ထားဖြူစင်သူလေး(ကြာပန်းဖြူ) ကဲ့သို့ပြုမူနေခဲ့သည်။ သနားစဖွယ်ပြုမူနေသောကြောင့် စစ်သူကြီးသည် သူ့အားနှစ်သိမ့်ပေးခဲ့၏။ သခင်လေးအတု အကြောင်းနှင့်ပတ်သက်၍ စိတ်ပျက်သွားကာ ပြဿနာကိုပင် ထဲထဲဝင်ဝင်ဆက်မမေးတော့ပေ။


ဤသည်မှာ ထိုဇာတ်လမ်း၏မူလဇာတ်ကွက် ဖြစ်ခဲ့သည်။ ရွှယ်လင် သည် အရာအားလုံးကို စိတ်မပါစွာ ကြည့်လိုက်ပြီး ဇာတ်လမ်းအစစ်ကို ဖတ်ရှုလိုက်၏။ စာရေးသူ၏ အဖြူအမည်းဗားရှင်း ကိုချီးကျူးလိုက်ကာ စုတ်သပ်မိလိုက်သေးသည်။


မူရင်းဝတ္ထု၏ဇာတ်လမ်းသည် စာသင်ဖက် မြို့တော်သို့ ရောက်လာသည့် အချိန်မှစ၍ စတင်ခဲ့ပြီး စာသင်ဖက်၏ အမြင်မှဖော်ပြသည့် ဇာတ်ကြောင်းဖြစ်၏။ သူသည် စစ်သူကြီး၏အာရုံကို ဆွဲဆောင်နိုင်ရန်အတွက် စစ်သူကြီး၏အိမ်တော်ကို ရှာ‌ေတွ့သည်အထိ မြို့ထဲသို့ဝင်ကတည်းကပင် သခင်လေး၏ မိသားစုတံဆိပ်နှင့် ကိုယ်ရေးအချက်အလက်ကိုအသုံးပြုခဲ့သည်။ ထို့နောက်ဧကရာဇ်စာမေးပွဲအတွက် အတွေးအခေါ်များထွက်လာ‌စေရန် သူ၏အချိန်ခရီးသွားဦးနှောက်ကို အသုံးချခဲ့၏။ လိမ္မာပါးနပ်၍ စိတ်ဝင်စားဖွယ်ကောင်းသည့်ရှို့တစ်ယောက်ပုံစံဖြင့် အံ့ဩဖွယ်ရာ သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်း၏ ပြန်လည်သုံးသပ်ချက်အပိုင်းတွင် ထို ရှို့ လေးသည် အလွန်ချစ်စရာကောင်းသည်ဟူသော မှတ်ချက်များနှင့် ပြည့်နေပြီး အရေးအသားမှာ ပြေပြစ်၍ အလွန်ထူးခြားသည်ဟု ဆို၏။ ကုန်း ဖြစ်သူ တပ်မှူးသည် အလွန် ခပ်တန်းတန်းနေတတ်၍ အထက်စီးဆန်သော ပြီးပြည့်စုံသည့် ကုန်း တစ်ယောက်ဖြစ်သည်။


(Chinese BLအခေါ်အဝေါ်အရ ရှို့ (Shou)သည် Uke ကိုဆိုလိုကာ ကုန်း(Gong)သည် Seme ကိုဆိုလိုသည်။)


မူရင်းပိုင်ရှင်သည် အမြှောက်စာဟု သတ်မှတ်ခံရရုံမျှ ဖြစ်တည်မှုဖြစ်၏။ ထို၀တ္ထုအရ သူသည် သခင်လေးအစစ်ဟု ဖော်ပြသော်လည်း စိတ်ထားဖြူစင်သူလေး၏အမြင်မှကြည့်လျှင် စာသင်ဖက်သည် ကလေးဘဝကတည်းကပင် ထိုပျော့ညံ့သော သခင်လေးထက် ပို၍ သာလွန်တော်တတ်ခဲ့သည်။ ထို့အပြင် သူ့အားမနာလိုခဲ့သော အိမ်တော်သခင်မသည် သူ၏ဆောင်းပါးကိုယူကာ သခင်လေးအားပေးလိုက်သည့်အပြင် သခင်လေးအစား စာမေးပွဲဖြေရန် အတင်းအကျပ်ခိုင်းစေခဲ့သည်။ ဤသည်မှာ အမှန်တကယ် အရှက်ရစရာပင်။


ထိုသို့ငြီးငွေ့၍ ရွံစရာကောင်းသော အရေးအသားများသည် စာဖတ်သူများအပေါ် အလွန်လွှမ်းမိုးစေပြီး မူလပိုင်ရှင် အပေါ် မနှစ်သက်မှု အမျိုးမျိုးကိုဖြစ်စေ၏။ သူသည် သခင်လေးအစစ်ဖြစ်ကြောင်း သက်သေများကို ပြန်လည်ရယူရန်မကြိုးစားခဲ့သော်လည်း အခြားသူများက သူသည် အရှက်ကင်းမဲ့သည်ဟု ဆက်ပြောနေကြမည်သာဖြစ်သည်။


ရွှယ်လင်သည် မပျော်ရွှင်မှု အမျိုးမျိုးကို ခံစားနေခဲ့ရပြီး သူ့ဘေးရှိမြေခွေးငယ်ဆီသို့ လှမ်းကြည့်လိုက်ကာ 


“ ငါ့ကို ဘာလို့ ဒီခန္ဓာကိုယ်ထဲ ပြောင်းထည့်ပေးလိုက်တာလဲ"


“ အချည်းနှီးသေဆုံးသွားတဲ့ ဒါမှမဟုတ် မှားပြီးသေခဲ့ရတဲ့ စတေးခံရတဲ့ သူတွေက ပိုပြီး နာကြည်းတတ်ကြတာကြောင့် သူတို့က အရှင့် အတွက်ပိုသင့်‌တော်တယ်လို့ အရပ်ဆယ်မျက်နှာကမ္ဘာက ခံစားမိလို့ပါ။ ပြီးတော့ အရှင်က ပြင်ပလူဖြစ်တာကြောင့် ဒီကမ္ဘာမှာ တည်ရှိနေဖို့အကြောင်းပြချက်လိုတယ်။ အဲ့ဒါကြောင့် အရှင် က ဒီနောက်ခံဇာတ်လမ်းကို ဖျက်ဆီးတဲ့အခါ သူ့အတွက်ကို လက်စားချေပေးဖို့ သတိရပါ။ အဲ့ဒါက သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အသုံးပြုရတဲ့အတွက် လျော်ကြေးလို့လည်း သတ်မှတ်လို့ရတယ်” 


မြေခွေးငယ်လေးသည် သမ်းလိုက်ရင်း သူအမြီးအား ရွှယ်လင်၏လက်ပေါ် ကန့်လန့်တင်လျက် လှုပ်ယမ်းနေသည်။


“ အဲ့ဒီလူငယ်လေးက လူမိုက်ပဲ။ သေ‌အောင် ကြံစည်ခံရတာတောင် တခြားသူတွေကိုမမုန်းဘူး။ သူ့မိဘတွေ နစ်နာမှုအတွက် တောင်းဆိုဖို့ကြိုးစားနေတာက အရမ်းပြင်းထန်လွန်းတော့ အရပ်ဆယ်မျက်နှာကမ္ဘာက သူ့ကိုရွေးချယ်ခဲ့တာပေါ့ ”


“ ဘာအကြောင်းပြောနေတာလဲ"


ရွှယ်လင်က သူ့မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။ ထိုသို့ ခပ်မှေးမှေး မြေခွေးမျက်လုံးတစ်စုံသည် အသက်ရှူမှားလောက်အောင် ရင်သပ်ရှုမောဖွယ်ကောင်း၏။


 “ အကူစနစ်လေး ၊ မင်းကဘာကြောင့်ဒီလိုပုံစံမျိုးနဲ့ ပေါ်လာရတာလဲ.."


ရွှယ်လင်၏ မျက်လုံးအတွင်း မှမကျေနပ်မှုကိုခံစားမိ‌သော မြေခွေးငယ်သည် ကျောချမ်းသွား၏။ မြေခွေးအ‌သေးလေး၏ အမွေးများအားလုံး ဖြာထွက်လာကာ ရုတ်ခြည်းပင် အမွှေးပွများဖြစ်သွားသည်။ 


"အဲ့ဒါက အရှင့်ရဲ့ အလိုဆန္ဒနဲ့ကိုက်နေတယ်လေ။ အဲ့ဒါကြောင့်….."


အဆိုပါ အကူစနစ်လေးသည် အရပ်ဆယ်မျက်နှာကမ္ဘာမှ သူ့အား နောက်ခံဇာတ်လမ်းများနှင့် အချို့သော လိုအပ်သည့်အကူအညီများအတွက် ရွှယ်လင်၏ ဘေးတွင် ထားထားသော သတ္တဝါလေးဖြစ်သည်။ သူတိို့သည် အချင်းချင်း အာကာသနှင့်အချိန်ကို ဖြတ်ကျော်စဉ်ကာလကသာ တရားဝင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ထိုအချိန်တွင် အကူစနစ်လေးတွင် ခန္ဓာကိုယ်မရှိခဲ့ပေ။ ရွှယ်လင်၏စိတ်ဝိညာဉ်တစ်ခုလုံးသည်လည်း ပိတ်လှောင်ခံရပြီး အခြားသူများအား ဂရုစိုက်ရန် အချိန်လုံးဝမရှိပေ။


ထို့ကြောင့် သူ့မျက်စိကိုဖွင့်လိုက်သောအချိန်တွင် အကူစနစ်လေးကို ပထမဆုံးအကြိမ် မြင်ရသောအခါသူ၏ သဘောမကျမှုကို ဖုံးကွယ်မထားပေ။


ရွှယ်လင်သည် အကူစနစ်လေးကို ချီမ လိုက်ပြီးအထင်အမြင်သေးစွာဖြင့် ပြောဆိုလိုက်သည်။


“ အဲ့ဒါက မြေခွေးတွေအားလုံးရဲ့ သဘာဝကို တကယ် စွန့်ပစ်လိုက်သလိုပဲ"



အကူစနစ်လေးသည် ခံပြင်းသွားသည်။ 


"ဒါက ပုံသဏ္ဍာန်လေးပဲလေ။ တကယ့်မြေခွေးအစစ်မှမဟုတ်တာ။ အရှင် ကျနော့်မျက်နှာကို ဆုတ်ဖြဲချင်တဲ့ပုံစံကြီးနဲ့ ကြည့်မနေပါနဲ့။ အရမ်းကြောက်စရာကောင်းတယ်လို့…."