🦊Chapter 3
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
(Arc - 1.3)
"ဒါဆိုရင် ခန့်မှန်းခြေအရ လက်ရှိ ဘယ်အချိန်စက်ဝန်းထဲ ရောက်နေတာလဲ ”
အကူစနစ်လေး၏ အသွင်အပြင်ကို သိပ်သဘောမကျသော်လည်း ရွှယ်လင်၏ ဦးစားပေးမှုမှာ သူ၏အမြီးများဖြစ်နေဆဲ ဖြစ်သောကြောင့် သူ၏မစ်ရှင်များကို အဆင်ပြေပြေပြီးမြောက်ရန်လိုအပ်သည်။
“ အာ ... ”
အကူစနစ်လေးသည် အိပ်ရာခြေရင်းတွင် သူ၏ခေါင်းအား လက်များဖြင့် ထွေးပတ်ထားရင်း သူ့အားမော်ကြည့်ကာ မဝံ့မရဲပြောလာ၏။
“ သတင်းဆိုးက အရှင့်ရဲ့ ကျောက်စိမ်းအဆောင်တံဆိပ်ကို အဓိကဇာတ်ကောင်ဆီကို လွှဲပေးလိုက်ပြီးပြီ။ သတင်းကောင်းကတော့ သူထွက်သွားတာမကြာသေးဘူး။ အရှင့်အနေနဲ့ အခုပဲ မြန်မြန်လုပ်မယ်ဆိုရင် ဧကရာဇ်စာမေးပွဲမစခင် မြို့တော်ထိသွားပြီးသူ့ကို ဖော်ထုတ်လို့ရတယ်"
ရွှယ်လင် သည်သူ၏လက်ဖဝါးကိုဖြန့်လိုက်ကာ ဖြူဆုတ်နေသော သူ၏ လက်ချောင်းငါးချောင်းကိုငေးကြည့်လိုက်သည်။ တချိန်လုံး စာရေးသားနေခဲ့ခြင်းကြောင့် လက်ချောင်းများအသားမာတက်နေခြင်းဖြစ်နိုင်၏။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် စာလေ့လာခြင်းနှင့်ဧကရာဇ်စာမေးပွဲအတွက် စိတ်ရောကိုယ်ပါနှစ်မြှုပ် ထားပုံရသည်။
" သတင်းကောင်းဖြစ်ဖြစ် သတင်းဆိုးဖြစ်ဖြစ် အရေးမကြီးဘူး။ အချိန်ကာလတိုင်းမှာ လုပ်နိုင်တဲ့အရာတစ်ခုခုတော့ရှိတာပဲ။ ဒီဇာတ်လမ်းတွေမှာ လစ်ဟာနေတဲ့ ဇာတ်ကွက်တွေ အများကြီးပဲ။ ငါတို့တွေ အားနည်းချက် တစ်ခုလောက်ဖြစ်ဖြစ် ရှာလို့ရမယ့်နေရာတွေလည်းအများကြီးပဲ…"
ထိုအကူစနစ်လေးသည် သူနားရွက်များကို လက်ဖ၀ါးဖြင့် သပ်လိုက်ရင်း ရွှယ်လင် ကိုကြည့်လိုက်၏။ မသိိမသာ စူနေသော နှုတ်ခမ်းများကို မြင်လိုက်ရသောကြောင့် အကြောင်းရင်းမရှိ အနည်းငယ်ထိတ်လန့်သွားရ၏။
သူတို့ တွေ့ပင်မတွေ့ဖူးသေးသော အဓိကဇာတ်လိုက်များအတွက် ဖယောင်းတိုင်များပင် ကြိုထွန်းပေးချင်စိတ် ပေါက်သွား၏။
“ဘာလုပ်ဖို့ စီစဉ်နေတာလဲ ... ”
အကူစနစ်လေးထံမှ ထူးဆန်းသောမေးခွန်းများ ပိုပိုထွက်လာသည်။
" အရှင်…အံ့ဩ နေတာလား။ ဒါက *** ဝတ္ထုနော်။ အဓိကဇာတ်ကောင်နှစ်ယောက်က ယောက်ျားတွေချည်း"
“ အများကြီးမြင်ဖူးတယ်။ ဘာမှမထူးဆန်းဘူး "
ရွှယ်လင်က လုံးဝ ထိုအကြောင်းမပြောချင်ပေ။ သူ မြေခွေးလေးအား သူ့ခေါင်းအုံးဘေးတွင် နေရာချထားပြီးလှဲလိုက်သည်။
“ ဒီခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေတိုးတက်လာခဲ့ပေမယ့် တော်တော်အဆင်မပြေတဲ့ အခြေအနေမှာရှိနေတုန်းပဲ။ ဘယ်လိုအနားယူခွင့်ပဲရရ အပြည့်အဝ အသုံးချရမယ် ”
“ အာ… ”
အကူစနစ်လေးသည် ခက်ခက်ခဲခဲ နက်နက်နဲနဲတွေးရင်း အဖြေရှာနေသည်။
“ အရှင်… အဓိကဇာတ်ကောင်တွေနဲ့ ဘယ်လိုရင်ဆိုင်မယ်ဆိုတာကို ဘာလို့မစဉ်းစားတာလဲ။ သူသာ စစ်သူကြီးရဲ့ အကာအကွယ်အောက်ရောက်သွားရင် အရှင့်ရဲ့ ခုလိုအားနည်းနေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ သူ့ကို ရိုက်နိုင်မှာမဟုတ်ဘူးလေ"
“ ဒါကရန်ပွဲမဟုတ်ဘူး။ မင်းရဲ့ဦးနှောက်ကိုသုံးစမ်း ”
ရွှယ်လင်ထံတွင် ခန္ဓာကိုယ်မရှိခဲ့သည်မှာ ကြာလှချေပြီ ။ ယခုတွင်မူ အိပ်ပျော်နေလျှင်ပင် နေရအဆင်ပြေပြီး သက်တောင့်သက်သာဖြစ်၏။
“အခု သူက သခင်လေးရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လိုသလို မွှေပြီး အောင်မြင်ကြီးပွားနေတာလေ။ လူတချို့ကို တိုက်ခိုက်ဖို့ဆို ငါတို့က သူတို့ကို အဆင့်တန်းခပ်မြင့်မြင့်ဘ၀လေးကို အရင်ခံစားခွင့်ပြုပေးထားရမယ်"
“ အိုး ... ဒီတော့အရှင်က ကိုယ်တိုင်ကျွင်းတူးမိအောင် လုပ်ထားတာလား"
“ အဲ့အတိုင်းပဲ မှတ်လိုက်ကြတာပေါ့…”
ရွှယ်လင်သည် ပျင်းကြောဆန့်ရင်းပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် အဓိကဇာတ်လိုက်ရဲ့နာမည်က အစစ်မဟုတ်ဘူး။ သူ့စွမ်းရည်ကလည်း အဲ့လောက်တော်မနေဘူး။ တယောက်ယောက်က စောင့်ကြည့်နေသရွေ့သူတို့ဘာတွေဖြစ်နေတယ်ဆိုတာသိရမှာပဲ။ ငါရဲ့ ဦးနှောက်စွမ်းရည်ကို မဖြုန်းတီးပစ်ချင်ဘူး ”
“ ... ”
အကူစနစ်လေး ပြောစရာစကားမဲ့သွား၏။
ဒါကမဟုတ်သေးဘူးလေ…။ အရှင်ရဲ့သဘောထားက အရမ်း ပေါ့ပေါ့တန်တန်ဖြစ်မနေဘူးလား…။ ကျနော်တို့ ဘယ်သူတွေနဲ့ ရင်ဆိုင်နေရတာလဲ သိရဲ့လားလို့…..။
ရွှယ်လင်က လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများအား မှေးလိုက်ရင်းပြုံးပြကာ
“ ဘာပဲဖြစ်ဖြစ် ငါ့ခန္ဓာကိုယ်ကိုထပ်ပြီး အားဖြည့်ဖို့အချိန်ယူရလိမ့်မယ်။ အခုငါ့မှာ အလကားရထားတဲ့ ခန္ဓာကိုယ်ကြီးရှိနေတာပဲ။ ဒါကို အရင် စမ်းကြည့်ရမှာပေါ့ ”
အကူစနစ်လေး“ ... ”
ထိုသို့သောအရှင် သည် သူ၏တာဝန်များကို အမှန်တကယ်ပြီးမြောက်နိုင်မည်လား…။
****
နောက်တစ်နေ့မနက်တွင် အစေခံလေးသည် သူ့သခင်လေးအား ဆေးကြောသန့်စင်ပေးရန် တံခါးကိုဖွင့်လိုက်သောအခါ အပြင်သွားရန်အဆင်သင့်ဖြစ်နေသည်အား တွေ့လိုက်ရသည်။ တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားကာ ဖြစ်ပျက်နေသည်များကို လိုက်မမှီသကဲ့သို့ပင်။ ငယ်ရွယ်စဉ်က သခင်လေးသည်။ ကျန်းမာရေးကြောင့် အမြဲနောက်ကျမှသာ အိပ်ယာထတတ်၏။ နေ့ဘက်တွင်ပို၍ အိပ်သောကြောင့်ညအချိန်တွင် အိပ်မပျော်တော့ပဲ အရုဏ်တက်မှသာ အိပ်လေ့ရှိသည်။
အစေခံလေးသည် နေ့တိုင်း အကောင်းဆုံးခစားဖို့ရန် မိမိကိုယ်ကို သတိပေးလေ့ရှိ၏။ သို့သော် ယနေ့မူကား တခဏမျှ အဆင်မပြေ ဖြစ်သွားသည်။
ခေါင်းကိုငုံ့လိုက်ပြီး “သခင်လေး…"
သခင်လေးသည် ယနေ့တွင်ထူးထူးခြားခြား စိတ်ကောင်းဝင်နေပုံရသည်။ အချိန်ကြာမြင့်စွာ၀တ်ဆင်ခြင်းမရှိသော အပြာရောင်အဝတ်အစားများဖြင့် အလွန်ထူးခြား၍ ကြော့ရှင်းနေ၏။ အကြည့်တစ်ချက်ဖြင့်ပင် အစေခံလေး ရှက်သွေးဖြန်းသွားရသည်။
“ သခင်လေး ဘာလို့ မနက်အစောကြီး ထခဲ့တာလဲ။ ပြီးတော့ ကိုယ်လက်သန့်စင်တာ ကူညီပေးဖို့ကိုတောင်မစောင့်ဘူး”
ရွှယ်လင် မတ်တပ်ထရပ်ပြီးနောက် သခင်လေး၏ ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ မမျှော်လင့်စွာပင် အခြေအနေ ကောင်းမွန်နေသည်ကို တွေ့လိုက်ရ၏။
မည်သို့ပင်ဖြစ်စေ သခင်လေးသည် စာပေပညာရှင် မိသားစုမှဖြစ်သည်။ လူအများရှေ့တွင် လှပခန့်ညား၍ စိတ်ပျော့ကာ နူးညံ့သိမ်မွေ့သောအသွင်အပြင်မျိုးနှင့် ခံစားချက်မျိုး ရစေသည်။ မတ်တပ်ရပ်နေရုံမျှဖြင့် စိတ်ထား ဖြူစင်၍ သဘောကောင်းကာ စစ်မှန်သော ကြင်နာတတ်သည့်လူ ပုံစံမျိုးဟု ထင်ရ၏။
ကံမကောင်းစွာပင် သူ၏မျက်လုံးများမှ စူးရဲသော အကြည့်များက ထူးထူးခြားခြားဖြစ်နေသည်။ သူ၏မြေခွေးမျက်လုံးများသည် ဖီးနစ်ငှက်၏မျက်လုံးများထက် အနည်းငယ်ပိုမှေးနေသော်လည်း ထူးဆန်းသည်မှာ မျက်လုံးများက ထိုမျှ မသေးပေ။ သူ၏မျက်လုံးထောင့်တွင် မှဲ့သေးသေးလေးတစ်ခုရှိကာ ကော့တက်နေသည့် မျက်တောင်များနှင့် ပနံသင့်လျက်ရှိပြီး သူ၏မျက်ခွံခပ်ပါးပါးက ထပ်မံပံ့ပို့ပေးထားသောကြောင့် အမှန်တကယ်ပင် စွဲမက်စရာကောင်းနေ၏။
ရွှယ်လင် သည်မှုန်ဝါးနေသော ကြေးဝါမှန်ကိုထိလိုက်ပြီး ပုံရိပ်ယောင်ကိုကြည့်ကာ အကူစနစ်လေးကိုမေးလိုက်သည်။
“ ဘာကြောင့် ဒီမျက်လုံးနဲ့ မှဲ့ လဲ ”
အကူစနစ်လေးက စကားသံကြောင့် ရွှယ်လင်၏ မျက်နှာကို မော့ကြည့်လိုက်သည်။ မနေ့က အရှင် အိပ်ရာထချိန်က မြင်လိုက်သော်လည်း အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု ခံစားရဆဲပင်။
“ အဲ့ဒါက အရှင့်ကို ကမ္ဘာပေါ်က ကိုယ့်ရဲ့ မူလပုံသဏ္ဍာန် မဆုံးရှုံးစေဖို့အတွက် အရပ်ဆယ်မျက်နှာကမ္ဘာရဲ့ ဆုံးဖြတ်ချက်ပါ။ နောက်ပြီးတော့ အရှင်က တခြားတစ်ယောက်အနေနဲ့ နေထိုင်နေရတာလေ။ အဲ့ဒါကြောင့် အရှင့်ရဲ့ မျက်လုံးတွေနဲ့ မှဲ့ က…"
“ ဒီကမ္ဘာပေါ်က ဒီခန္ဓာကိုယ်ကိုမြင်ဖူးတဲ့သူတွေက ငါ့မျက်လုံးတွေ ပြောင်းလဲသွားတာကို မရိပ်မိကြဘူးလား။ ”
“ သူတို့ရိပ်မိမှာမဟုတ်ဘူး… ”
အကူစနစ်သည် ထိုအချက်နှင့်ပတ်သက်၍ ယုံကြည်မှုရှိခဲ့သည်။ သူတို့သည် အဆင့်နိမ့်ကမ္ဘာ၏ အဓိကဇာတ်ဆောင်ဖြစ်သည့် ကံတရား၏သားတော်နှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း အရပ်ဆယ်မျက်နှာကမ္ဘာနှင့် ဆက်နွယ်မှုများက ဖျက်စီးခြင်းမခံရသေးပေ။ ထို့ကြောင့် ထိုကမ္ဘာကလူများ သတိမထားမိအောင် လုပ်ဆောင်နိုင်စွမ်းရှိ၏။
“ ဒါပေမယ့် အရှင်က အရမ်းကြီး ဇာတ်ကောင်နေရာကနေကွဲမထွက်သွားအောင် ဂရုစိုက်ပေါ့... ”
သူတို့နှစ်ယောက်သည် ကိုယ်ရေးအစေခံလေး တံခါးဖွင့်ဝင်လာချိန်အထိ စကားပြောနေကြဆဲပင်ဖြစ်သည်။
ရွှယ်လင် သူ၏မျက်၀န်းများကို အမှုမဲ့အမှတ်မဲ့ ထိကြည့်မိ၏။ ထို့နောက် ကိုယ်ရေးအစေခံလေးကိုကြည့်လိုက်ကာ
“ ရှောင်ချင်းရေ သပ်သပ်ရပ်ရပ်လုပ်။ မြို့တော်ကိုသွားကြမယ်… ”
“ အာ… ”
မနက်စာကိုင်ထားသော ကိုယ်ရေးအစေခံလေး၏လက်သည် အနည်းငယ် တုန်ယင်သွားသည်။ လက်ထဲမှအရာများကို ဘေးသို့ချလိုက်ပြီး စိုးရိမ်စွာဖြင့် ရွှယ်လင်ဆီသို့ လျှောက်သွား၏။
“ သခင်လေး သခင်လေးရဲ့ခန္ဓာကိုယ်က အခုမှ နည်းနည်း သက်သာလာတာ။ အနားယူဖို့လိုတယ်လေ အားရှု က မြို့တော်ကိုတောင် သွားနေပြီ။ သူက သခင်လေးကို ပြန်လာခေါ်ဖို့ စစ်သူကြီးကို ရအောင်ခေါ်ခဲ့မှာ သေချာပါတယ် "
ရွှယ်လင်သည် သူ၏ အင်္ကျီလက်ကို ခါချလိုက်ရင်း သက်ပြင်းချလိုက်သည်။
“ ရှောင်ချင်း ငါကသခင်လေးမဟုတ်တော့ဘူး"
ကိုယ်ရေးအစေခံလေးသည် သူ၏လုပ်ရပ်များအတွက် သူ့ကိုယ်သူသာ အပြစ်တင်နေခဲ့၏။
" သခင်ကြီးနဲ့ သခင်မကြီးမရှိတော့ပေမယ့်လည်း ရှောင်ချင်းအတွက်တော့ သခင်လေးက သခင်လေးပါပဲ" ဟူသော အတွေးစကားလုံးများက အတွေးထဲ ပလုံစီနေသည်။
ရွှယ်လင်က ရှောင်ချင်းသည် နောက်ဆုံးတွင်အဘယ်ကြောင့်သေဆုံးရသည်ကို သိလိုက်ရ၏။ ထိုရိုးအသောကောင်လေးသည် ပျော်ပျော်ရွှင်ရွှင် သက်သောင့်သက်သာဖြင့်သာနေသင့်သည်။
ရွှယ်လင်သည် ရှောက်ချင်း၏ ခေါင်းကိုပုတ်လိုက်၏။
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်အပေါ် မင်းရဲ့သစ္စာရှိမှုကြောင့် ငါမင်းကို ခေါ်သွားမယ်…။
“ ငါကဘာမှလုပ်စရာမရှိပဲ စာပဲဖတ်နေရတဲ့ သခင်လေးမဟုတ်တော့ဘူး ”
ရွှယ်လင်၏ မျက်နှာသည် လေးနက်နေခဲ့သည်။ သူ၏ အကြည့်အား မျက်လွှာချလိုက်သောအခါ ပျော့ညံ့၍ နူးညံ့လှသည့် ထိုပုံစံလေးကို မြင်လိုက်ရသူများသည် ကမ္ဘာနှင့်ချီ၍ အသက်ကိုရင်းကာ ပျော်ရွှင်အောင် ထားပေးလိုစိတ် တဖွားဖွားပေါ်ပေါက်လာပေလိမ့်မည်။
“ ငါအရမ်းနေမကောင်းဖြစ်ခဲ့တာမလို့ ငါလုပ်ချင်တာမှန်သမျှကို ငါ့ဘာသာလုပ်တာက ပိုကောင်းမယ်ဆိုတာကို ငါနားလည်သွားတယ်။ စစ်သူကြီးကို ဒီမှာစောင့်နေရမယ်လား။ စစ်သူက်ြီးသာ မလာခဲ့ရင် ငါက ဧကရာဇ် စာမေးပွဲကိုပါ လွတ်တော့မယ်မဟုတ်ဘူးလား ”
ကိုယ်ရေးအစေခံလေးက သူ၏စကားများကြောင့် အံ့ဩထိတ်လန့်သွားခဲ့ပြီး မည်သို့ ငြင်းဆန်ရမည်ကိုပင် မသိတော့ပေ။
သခင်လေး ပြောပုံမှာ ကျိုးကြောင်းဆီလျော်ပြီး အမှားကို ရှာမတွေ့ချေ။
“ ရှောင်ချင်း ၊ အခုကစပြီး ငါ့ကို ကုန်းဇီလို့ပဲ ခေါ်တော့ ”
ရွှယ်လင် တံခါးကိုဖွင့်လိုက်သောအခါ အပြင်ဘက်မှ နေရောင်သည်ဝင်လာခဲ့သည်။ ထိုင်းမှိုင်းနေသော အခန်းသည်ကား ဘဝအသစ်တစ်ခုပြန်လည်ရရှိလာသည့်ပမာ တူလှပေစွ ။
“ ငါကအမိုးအကာအောက်မှာပဲနေခဲ့ရတဲ့ သခင်လေးမဟုတ်တော့ဘူး။ သွမ့် မိသားစုရဲ့ အရာအားလုံးကို နောက်ပိုင်းမှာ ငါကိုယ်တ်ိုင် ကိုင်တွယ်မယ်"
မူရင်းခန္ဓာကိုယ်ပိုင်ရှင် သွမ့်ချွမ် သည် အမြဲတစေ ဣန္ဒြေရှိ၍ လေးစားမှုလည်းရှိသည်။ သို့သော် ရွှယ်လင်သည် ဣန္ဒြေရှိသူတစ်ဦး မဟုတ်ပေ။ ထိုအကြောင်းမူကား ကြွားဝါတတ်သောပုံစံမျိုးနှင့်မွေးဖွားခဲ့သည့်အလျောက် အာရုံစိုက်ခံနိုင်ရသည့် အပြုအမူများကို ရှောင်ကြဉ်ရပေမည်။ ထိုသည်က မှားသည်ဟု ရွှယ်လင် မခံစားရပေ။
ရှောင်ချင်းသည် သူ၏ သခင်လေး ပြောသောစကားလုံးများဖြင့် အတွေးထဲရိုက်သွင်းခံရသော်လည်း ခေါင်းညိတ်လိုက်ကာ…
“ ဟုတ်ကဲ့ ကုန်းဇီ။ ကျွန်တော် အထုပ်ပြင်လိုက်ပါ့မယ် “
ရွှယ်လင်သည် ရှောင်ချင်းအား လေးနက်စွာကြည့်လိုက်သည်။ ရွှယ်လင်၏ ပြောင်းလဲသွားသောပုံစံအား အချိန်ကြာကြာ အတူတကွပေါင်းသင်းဆက်ဆံခဲ့ကြသည့် မည်သူမဆို တစ်ချက်ကြည့်လိုက်ခြင်းအားဖြင့် သိမြင်နိုင်၏။ မည်သို့ပင်ဆိုစေကာမူ သူသည် ကန့်လန့်ကာနောက်ကွယ်မှ စတေးခံရသူသာဖြစ်သည်။ အကယ်၍ သူ၏ပုံမှန်မဟုတ်မှုကို သတိထားမိသွားပါက ပိုမိုကြီးမားသောအပြောင်းအလဲများ၏ အကျိုးဆက်များကို အမှန်တကယ် ခံစားရပေမည်။
ရှောင်ချင်းအား ကျန်ရှိသောငွေတုံးများကိုထုတ်ယူရန် ပြောဆိုပြီးနောက် ရွှယ်လင်သည် ငွေတောင်းခံလွှာကိုစစ်ဆေးခဲ့၏။ သူနာမကျန်းဖြစ်ပြီးနောက် အိမ်တွင် ကျိုချက်သောဆေးဝါးများကိုသာ သောက်သုံးခဲ့သည်။ ဆရာဝန်နှင့်ထပ်မံပြသရန် လိုအပ်သည့်အဆင့်အထိ ဖျားနာခြင်းမရှိသေးပေ။ ထို့ကြောင့် မြို့တော်သို့သွားသောခရီးစဉ်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ငွေမရှိပဲသွားခဲ့သောအခြေအနေနှင့် ကွာခြားပေ၏။
ကျန်းမာရေးအခြေအနေမကောင်းသေးသောကြောင့် မြင်းစီးရန်က မသင့်တော်ပေ။ ထို့ကြောင့် ရွှယ်လင်သည် မြင်းစီးရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး အကူစနစ်လေးအား ကြာမည့်အချိန်တွက်ချက်ခိုင်းခဲ့သည်။ အကယ်၍ ရထားလုံး ကောင်းကောင်းဝယ်၍ နေ့ရောညပါခရီးထွက်မည် ဆိုပါက စာမေးပွဲအချိန်မီရောက်နိုင်သေး၏။
စာမေးပွဲအခန်းထဲသို့ ရောက်သည်နှင့် မူလပိုင်ရှင်၏ ပညာရေးအသိအမြင်နှင့်အတူ ကောင်းစွာလုပ်နိုင်လိမ့်မည်ဟုယုံကြည်သည်။ ထို့ကြောင့် အထိရောက်ဆုံးဖြစ်နိုင်မည့်အရာအတွက်သာ ငွေကုန်ကြေးကျခံလိုက်သည်က ပိုကောင်းမည်ဟုတွေးလိုက်၏။
ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီးနောက် ရှောင်ချင်းအား ရထားလုံးကောင်းကောင်း ဝယ်စေပြီး ရိုးရှင်းကာစျေးပေါသည့် အစာခြောက်အချို့ကိုလည်း တပါတည်း ယူဆောင်လာခဲ့သည်။ ထိုသို့နှင့် ရွှယ်လင်သည် မြို့တော်သို့သွားရန် ခရီးကို စတင်ခဲ့လေ၏။
သူငယ်စဉ်က ရှေးခေတ်တွင်နေထိုင်ခဲ့ဖူးသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် လူသားပုံသဏ္ဌာန်ကိုပြောင်းလဲနိုင်သည့် ရှားပါးပါရမီရှင်ဖြစ်ရာ ပျင်းရိလာလျှင် လမ်းမပေါ်ထွက်၍ မကြာခဏစူးစမ်းလေ့ရှိ၏။ ထို့ကြောင့်လည်း ရှေးဟောင်းပတ်ဝန်းကျင်နှင့် ပတ်သက်၍ အချို့သောအရာများကိုသိရှိပြီးသားဖြစ်ကာ အသားကျရန်လည်းမခက်ပေ။
သို့သော် ကိုယ်ရေးအစေခံလေးသည် ခရီးတစ်လျှောက်လုံး စိုးရိမ်ပူပန်နေသည်။ ထိုကဲ့သို့ နေ့မနား ညမနား ခရီးစဉ်ကြောင့် သူ့သခင်၏ ခန္ဓာကိုယ်အတွက်ဒဏ်ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေ၏။
မြို့တော်သို့ ရောက်သည့်အချိန်တွင် ရွှယ်လင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကာ ပြန်လည်အနားယူရန် လိုအပ်ခဲ့သည်။
ဧကရာဇ်စာမေးပွဲ နီးကပ်လာခြင်းကြောင့် မြို့တော်အတွင်းနှင့် အပြင်ဘက်တွင် လူအများအပြားခရီးသွားလာနေကြ၏။ ရွှယ်လင်နှင့် ရှောင်ချင်း တို့သည် တည်းခိုခန်းတစ်ခုအား အမှတ်မထင်တွေ့လိုက်ရသည်။ သူတို့သည် ဧကရာဇ်စာမေးပွဲမတိုင်မီ မည်သူ့ဆီကမှ သတိထားမှုမျိုးမလိုချင်သေးပေ။
ရှောင်ချင်းက သူ၏ သခင်သည် အဘယ့်ကြောင့် စစ်သူကြီးအိမ်တော်သို့ မသွားရသည့် အကြောင်းရင်းကိုသိချင်နေ၏။ သို့သော် ရွှယ်လင် စားသောက်သည်ကိုစောင့်ရင်း ဧည့်သည်နားနေခန်းတွင် ထိုင်နေကြစဉ် အတင်းအဖျင်းစကားအချို့ကိုကြားခဲ့ရသည်။
စစ်သူကြီးအိမ်တော်တွင် မကြာသေးမီက ခန့်ညားလှပသောလူငယ်တစ်ဦးအား သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြောင်းပြောနေကြ၏။ ထိုလူငယ်မှာ အံ့သြဖွယ်ကောင်းသော ဝထ္ထုရှည်ကိုရေးသားခဲ့ပြီး မြင့်မြတ်သောစာချီဆု ကိုရရှိခဲ့သည်။
အရက်ဆိုင်နှင့် သာမန်တည်းခိုခန်းများသည် သတင်းရရန် အလွန်အဆင်ပြေသောနေရာများဖြစ်၏။ ရှောင်ချင်း မျက်နှာပျက်နေချိန်တွင် ရွှယ်လင်မှာမူ သူသိလိုသော အချက်အလက်အားလုံးကို ထိုင်စုဆောင်းနေခဲ့သည်။
အစေခံလေးက သူတို့၏အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ရွှယ်လင့်ထံသို့ လှည့်ကာပြော၏။
“ ကုန်းဇီ ဆိုပြီး ဘာလို့ သူတို့ ပြောနေကြတာလဲ။ သူတို့ပြောနေတာ အားရှု အကြောင်းမဟုတ်ဘူးလား။ ကုန်းဇီ. ဒီကဗျာကို အခုဖတ်ကြည့်ပါဦး။ အရင်နှစ်က ကုန်းဇီရေးခဲ့တာကြီးမဟုတ်ဘူးလား။ ကုန်းဇီက ရေးပြီးသားကို စိတ်မကျေနပ်ဘူးလေ။ ဒါကြောင့် အားရှု ကိုမီးရှို့ဖို့ပြောခဲ့တယ်လေ။ အခုဘယ်လိုလို့ အားရှုရဲ့ ကဗျာဖြစ်သွားရတာလဲ"
ရွှယ်လင်သည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ရှောင်ချင်းအား ပြောလိုက်၏။
“ ရှောင်ချင်း၊ တွေ့လား။ ငါတို့မြို့တော်ကို မလာဘဲ စစ်သူကြီးကိုခေါ်လာဖို့သာ စောင့်နေတယ်ဆိုရင် ငါတို့ဘာမှတောင် သိလိုက်မှာမဟုတ်ဘူး ”
ရှောင်ချင်းသည် သူ့သခင်၏စကားကြောင့် ရှက်ရွံ့သွားပြီး နီရဲနေသောမျက်နှာဖြင့် ပြောလိုက်သည်။
“ သွမ့်ရွှိရန်က သူ့ကိုယ်သူ ဘာထင်နေတာလဲ “
သွမ့်ရွှိရန် သည် ဇာတ်လိုက်နှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်ပြီး အတိအကျပြောရလျှင် ရှို့ တစ်ယောက်ဖြစ်သည်။ နာမည်မှာ အနည်းငယ် သာမန်ဆန်သည်ဟုထင်ရသော်လည်း သူ၏တက်ကြွသောအသွင်အပြင်နှင့် ဇာတ်လမ်းထဲမှ ချစ်စရာကောင်းသောပုံစံကို ဆက်စပ်၍ စာဖတ်သူများသည် သူ့နာမည်အား သဘောကျနေကြဆဲဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့် ရွှယ်လင်က လုံးဝ သဘောမကျပေ။
"အာ သူကဘာမှမဟုတ်ဘူး။ ဒေါသထွက်မနေပါနဲ့ ရှောင်ချင်းရဲ့ ”
မကြာသေးမီကပင် သူ့သခင် ၏ပုံစံသည် များစွာပြောင်းလဲသွားပြီး ယခင်ကဲ့သို့ အေးစက်စက်နှင့် ခပ်ခွာခွာနေခြင်းမရှိတော့ပဲ ၀မ်းနည်းပူဆွေးမှုနှင့် ပြည့်နှက်နေသည့် အမူအရာမျိုးသာ ဖြစ်နေသည်။ သူ့ကိုလည်း မကြာခဏပြုံးပြလာသောကြောင့် ရွှယ်လင်နှင့် စကားပြောရန် ပို၍ ရဲတင်းလာ၏။
“ ကုန်းဇီ..စစ်သူကြီးဆီကိုသွားပြီး အဲ့ မအေဘေးသွမ့်ရွှိရန်အကြောင်းကို သွားဖော်ထုတ်ကြမယ် “
ရွှယ်လင်က အစေခံလေးခေါင်းကို ပုတ်ကာ
"အခုကတော့ ဒီအတိုင်းပဲထားလိုက်ပါ"
ရှောင်ချင်းသည် သူ၏ဒေါသကိုမတားဆီးနိုင်ပေ။ သူသည် ရွှယ်လင်ကို မျက်ရည်ဝေ့နေသော မျက်လုံးများဖြင့် ကြည့်ကာ
“ ကုန်းဇီ ... ”
ရွှယ်လင် သည် အစေခံလေး၏မျက်နှာလေးကို ဖျစ်ညစ်၍ ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
“ ငါ့ကိုဘယ်လိုဖော်ထုတ်စေချင်တာလဲ။ ငါတို့က အတူတူကြီးပြင်းလာပြီး သူ့ကိုအစ်ကိုတစ်ယောက်လို သဘောထားခဲ့တယ်။ သူ့အကြောင်းသွားပြီး ဖော်ထုတ်လိုက်ရင် ထိခိုက်မယ့်လူက သူတစ်ယောက်တည်းမဟုတ်ဘူး…"
ရှောင်ချင်းသည် ရွှယ်လင်ပြောသည့် အဓိပ္ပာယ်ကိုနားလည်သွားသောအခါ သူ၏စိတ်များသည် ချက်ချင်းပင် ရှင်းရှင်းလင်းလင်းဖြစ်သွားခဲ့သည်။
“ ဒါဖြင့် ကုန်းဇီ စာမေးပွဲတော့ သွားဖြေရမယ်။စာမေးပွဲကာလအတွင်းတော့ သူ ကုန်းဇီ ဆီကနေ မကူးနိုင်ဘူးလို့တော့ ယုံတယ်”
ရွှယ်လင်က ဟက်ဟက်ပက်ပက် ထရယ်သည်။ ရှောင်ချင်းက သူ့သခင်သည် နူးညံ့သိမ်မွေ့သ
ည်ဟု ပြောမည်ကြံနေစဉ် ထိုလူ၏အပြုံးကိုကြည့်ပြီး တွန့်ဆုတ်သွား၏။ ထုတ်ပြောမိတော့မည့်စကားများကိုပါ အလိုက်တသိ မျိုချလိုက်သည်။
သခင်လေးအား နူးညံ့သိမ်မွေ့သောသူဟု သတ်မှတ်ရပါက တကယ့်ကို ထူးဆန်းနေမည်သာဖြစ်သည်။