Chapter 7
Viewers 3k

🦊Chapter 7

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း


1.7 စစ်သူကြီး စစ်ပွဲမသွားသရွေ့ မသေနိုင်ဘူး။ 



ရွယ်လင် သူ့ရင်ဘတ်ကိုလက်ဖြင့်အုပ်ထားပြီး အဓိကဇာတ်ကောင်တွင် သူ့အရာအားလုံးကုန်ဆုံးသွားပြီးဖြစ်ကာ မည်သည့်ကံတရားမျှ မကျန်တော့ကြောင်းသိလိုက်ရသည်။


သူ သရော်ပြုံးပြုံးလိုက်ပြီး ချုံဟွေ့ထံသို့ စိတ်အေးသွားသည့်သဘောဖြင့် လက်ဟန်ပြလိုက်သည်။ထို့နောက် ဧကရာဇ်ရှေ့တွင်ဒူးထောက်ကာ အရိုသေပေးလိုက်သည်။


“အရှင်ဘုရင်မင်းမြတ်ခင်ဗျား …ဒီဆောင်းပါးကိုထောက်ခံပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပါ… ” 


ဧကရာဇ်က ထိုင်ရာမှထ၍ စင်ပေါ်မှ တစ်ဆင့်ပြီးတစ်ဆင့် ဆင်းလာခဲ့ပြီး ရွှယ်လင် မတ်တပ်ထနိုင်စေရန် ကူလိုက်သည်။


“ ကိုယ်တော်တို့ရဲ့ အရာရှိတစ်ဦးမှာ တိုင်းပြည်ကိုအုပ်ချုပ်ဖို့ ဒီလို အရည်အချင်းတွေရှိတယ်… သူ့လိုလူမျိုးက ဘာမှမဟုတ်တဲ့ လူတွေမြှုပ်တာကို မခံရသင့်ပါဘူး…"


ရွှယ်လင်က ပေါ်ထွက်လာတော့မည့်အပြုံးကိုထိန်းလိုက်ပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်သည်။သူ အားလျော့သွားပြီး ချုံဟွေ့ရင်ခွင်ထဲသို့တည့်တည့်ကျသွားသည်။ သူ့ပါးစပ်မှ သွေးစိမ်းရှင်ရှင်များ ယိုထွက်လာမှုကြောင့် သူ့တစ်ကိုယ်လုံးမှာ လေပြေညင်းကြောင့်လွင့်မျောနေသည့် ပါးလွှာသော စက္ကူအပိုင်းအစတစ်ခုလိုပင် အားနည်းနေသည်။


ချုံဟွေ့ သူ့လက်မောင်းထဲမှ လူအား အဓိပ္ပာယ်မဖော်ပြနိုင်စွာကြည့်လိုက်ပြီး မင်းသမီးလေးကို ကောက်ချီသလို တိုက်ရိုက်ကောက်ချီယူကာဧကရာဇ်ကို လှမ်း လျှောက်တင်လိုက်သည်။


 “ အရှင်မင်းမြတ်ခင်ဗျား…အရှင်မင်းမြတ်ရဲ့ ပထမဆုချန်ပီယံမိသားစုက ကျွန်တော်မျိုးရဲ့ လူငယ်ဘဝမှာ အလွန်ကြင်နာပေးခဲ့ပါတယ်… အဲ့မတိုင်မီကလည်း ကျနော်မျိုးအမြင်မှားခဲ့တာကြောင့် လူမှားပြီးဂရုစိုက်ခဲ့မိပါတယ်… အခုချန်ပီယံပညာရှင်က ကျန်းမာရေးမကောင်းတာကြောင့်ကျနော်မျိုးက သူ့မိဘတွေအတွက် ကြင်နာခြင်းဆုလာဘ်ဖြစ်တဲ့ သူ့အိမ်နဲ့အနားယူတဲ့ နေရာဆီကို ပြန်လည်ပို့ဆောင်ပေးလိုက်တာက သင့်လျော်မယ်လို့ ထင်မိပါတယ်…"


ဧကရာဇ်က သူ့နှုတ်ခမ်းမွှေးကိုသပ်လိုက်ပြီး ချုံဟွေ့ ကိုနက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။


 “ ခွင့်ပြုတယ်…ဒါပေမယ့် မင်း သူ့ကိုကြည့်ရှုစောင့်ရှောက်တာကိုကူဖို့ တော်ဝန်သမားတော်တချို့ပါမင်းရဲ့ အိမ်ကို ပို့လိုက်မယ်… ချန်ပီယံပညာရှင်က ကိုယ်တော့်ရဲ့အနာဂတ် ၀န်ကြီးချုပ်ပဲ….အမှားတစ်ခုခုဖြစ်ခဲ့ရင် အဲ့အတွက် မင်းကို တာဝန်ယူခိုင်းမယ်…”


“ကျွန်တော်မျိုး အမိန့်ကိုနာခံကြောင်းပါ …”


ပရိသတ်ခန်းမထဲတွင် ရုံးတင်စစ်ဆေးသော အဖြစ်အပျက်က ဇာတ်ခုံမြင့်နှင့်တူနေသည်။ ဆူညံသံများပြီးနောက် အားလုံးပြီးဆုံးသွားပြီးလူစုကွဲသွားကြသည်။


ရွှယ်လင်ကို ချုံဟွေ့ကပြန်ခေါ်သွားပြီး ကျန်သောသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ထို့နောက် ဧကရာဇ်ထံမှရယ်မောသံများ ကြားရလိုက်ပြီး သူတို့အား ရာထူးခန့်အပ်ကာ စာရွက်စာတမ်းများကိုလည်း လက်ခံပေးသည်။


ရွှယ်လင်က ချန်ပီယံအဖြစ် ဆုချီးမြှင့်ခြင်းခံရသော်လည်း ရာထူးခန့်အပ်ခြင်းမခံရသေးပေ။ ရွှယ်လင့်ဘဝတွင် အချိန်များစွာမကျန်တော့ကြောင်း ဧကရာဇ်က တွေ့မြင်နေရသည်။ ထို့ကြောင့် သူ့အား ကျွန်ပြုရန်ရည်ရွယ်ချက်မရှိပေ။


ထိုကဲ့သို့သောပါရမီရှင်အား အတင်းအကျပ်ဖိအားမပေးခြင်းက ပို၍ကောင်းပေသည်။


****

ရွှယ်လင် နောက်တစ်ကြိမ်နိုးလာချိန်၌ ရှောင်ချင်း၏ ပြတ်တောင်း ပြတ်တောင်း ငိုရှိုက်သံအား ကြားလိုက်ရသည်။ သူက ရင်ဘတ်အား ပြင်းထန်စွာ ထိခိုက်မိသကဲ့သို့ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်၏။ ထို့နောက် ရယ်ကာ ပြောသည်။ 


“ယောက်ျားတစ်ယောက်ဖြစ်ပြီး ငိုနေလိုက်တာ … ”


ရှောင်ချင်းက သူနိုးလာမှန်း သိချိန်၌ မျက်ရည်တိတ်သွား၏။ သူက ရွှယ်လင်အား လာ၍ထူပေးလိုက်သည်။ သို့သော် သူ့အသံက ဆို့နင့်နေဆဲပင်။ 


“ကုန်းဇီ … နိုးလာပြီလား ...”


ရွှယ်လင်က ချောင်းအနည်းငယ်ဆိုးပြီးနောက် ပတ်ဝန်းကျင်ကိုကြည့်ကာ မေးလိုက်သည်။ “ဒါဘယ်နေရာလဲ … ငါသတိမေ့နေတာကြာပြီလား … ”


“ကုန်းဇီ သတိမေ့နေတာ သုံးရက်နဲ့သုံးညရှိသွားပါပြီ … နည်းနည်းကြာတဲ့အထိ နိုးမလာသေးဘူးဆိုရင် ရှောင်ချင်းက ကုန်းဇီနောက်ကို လိုက်လာတော့မှာပါ … ” 


သူ့မျက်လုံးများမှ မျက်ရည်စီးကြောင်းအချို့ ကျဆင်းနေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် သုံးရက်လုံးခံစားခဲ့ရသည့် ကြောက်ရွံ့မှုများသည် မကျေနပ်ချက်အဖြစ် ကူးပြောင်းသွား၏။ ကုန်းဇီ နောက်ဆုံးတစ်ခေါက် ဖျားနာခဲ့သည်မှလွဲ၍ သူတစ်ခါမှ ဤသို့ မထိတ်လန့်ခဲ့ရဖူးချေ။ 


ရွှယ်လင်က စနောက်လိုက်သည်။ “မသိရင် မင်းရဲ့ကုန်းဇီက နည်းနည်းကြာတာနဲ့ သေသွားတော့မလိုပဲ ...”


ရှောင်ချင်းက ဘာမှမပြောပဲ မျက်လုံးများသာ ပိုမိုနီရဲလာ၏။ နန်းတော်မှ တော်ဝင်သမားတော်သည် ကုန်းဇီ၏ အသက်ရှည်မည်မဟုတ်ဟု ဆိုခဲ့သည်။ သူက သူ၏ကုန်းဇီ ဤတစ်ကြိမ်၌ နိုးလာတော့မည် မဟုတ်ဟူ၍ပင် တွေးမိခဲ့၏။ ကုန်းဇီ၏နောက်သို့ လိုက်ပါရန်ပင် ဆုံးဖြတ်ခဲ့ပြီးပြီဖြစ်သည်။ 


“ဒီနေရာက စစ်သူကြီးရဲ့အိမ်တော်ပါ … ကုန်းဇီနိုးလာပြီဆိုတာ စစ်သူကြီးကို အကြောင်းကြားလိုက်ပါဦးမယ် ...”


ရွှယ်လင် အံ့ဩသွားသည်။ သူက စစ်သူကြီး၏ လက်မောင်းများကြား မေ့မျောသွားခြင်း ဖြစ်သော်လည်း တစ်ဖက်လူ သူ့ကို ခေါ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူက လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။


 “ဒါက စစ်သူကြီးရဲ့အိမ်တော်ပဲလေ … သူ့ကိုတကူးတက အကြောင်းကြားစရာ မလိုပါဘူး .. ”


ရှောင်ချင်းက နားမလည် ဖြစ်သွားသည်။ ထိုအချိန်မှာပင် အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် စစ်သူကြီးသည် တောင့်တင်းသော အမူအရာဖြင့် အခန်းတွင်းသို့ ဝင်ရောက်လာ၏။ 


ရှောင်ချင်းက မျက်ရည်များကို အလျင်အမြန်သုတ်ပစ်လိုက်သည်။ “ကုန်းဇီ နိုးလာပြီဆိုတော့ ကျွန်တော် မီးဖိုချောင်ကိုသွားပြီး စားစရာ ပြင်ဆင်လိုက်ပါဦးမယ် … ”


ရွှယ်လင်က ခေါင်းညှိတ်လိုက်သည်။ ထို့နောက် စစ်သူကြီးအား ဂရုတစိုက် အကဲခတ်လိုက်၏။ 

သခင်ကြီးမှာ အလွန်ခံ့ညားသော်လည်း ရန်သူက အလွန်သန်မာနေချိန်တွင် သူ အလွန်အားနည်းနေသည့်အလျောက် ရွှယ်လင် ခံစားချက် မကောင်းလှချေ။ ရွှယ်လင်က တစ်ဖက်လူ၏ လွှမ်းမိုးခံရခြင်းကို မနှစ်မြို့သဖြင့် ရှိသမျှအားအင်ကုန် ထုတ်သုံးရန် ကြံစည်လိုက်၏။ သို့သော် သူက အလွန်အားနည်းနေသည့် အလျောက် ၎င်းမှာ အသုံးမဝင်ပေ။ 


သူတို့၏ ပထမဆုံးတွေ့ဆုံမှုကြောင့်ထင့်၊ စနစ်လေး၏ စိတ်ထဲတွင် အရိပ်မည်းကြီးထင်ဟပ်သွားကာ စစ်သူကြီးအား တွေ့လိုက်သည်နှင့် ပျောက်ကွယ်သွားတော့သည်။


 ရွှယ်လင်နှင့် တစ်ဖက်လူတို့က တစ်ဦးနှင့်တစ်ဦး အတန်ကြာ စိုက်ကြည့်နေမိကြသည်။ ရွှယ်လင်က ရိုးရှင်းပြီး အပြစ်ကင်းသော အပြုံးကို ပြုံးလျှက် ဆို၏။ “ဒီရက်ပိုင်းအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် … ” 


ချုံဟွေ့ တည်ငြိမ်စွာမေးလိုက်၏။ “မင်းဘာလို့ အရင်ကမလာခဲ့တာလဲ … ”


ရွှယ်လင် ကြောင်အသွားကာ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ ထို့နောက် နတ်ဘုရားပြောလိုသည့် ကိစ္စကို သူနားလည်သွား၏။ “အားလုံးက ပြီးပြီးသားကိစ္စတွေပဲ … ပထမဆုံးတွေ့ဆုံမှုက အရေးအကြီးဆုံး မဟုတ်လား … ကျွန်တော် တစ်ခြားလူရဲ့ယုံကြည်မှုကို ရနိုင်မယ်လို့ အတပ်မပြောနိုင်ဘူးလေ …” 


စစ်သူကြီး၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားသည်။ “ကိုယ် အမှတ်မှားသွားခဲ့တာပါ … ”


ရွှယ်လင်က ပြုံးကာ အမှတ်မထားဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ 


“ကျွန်တော် လူကဲခတ် မှားသွားတာပါ … ကျွန်တော် စစ်သူကြီးကို ပြဿနာဖြစ်အောင် မရည်ရွယ်ခဲ့ပါဘူး …”


 သူက မည်သည့်ပြဿနာမှ မရှိတော့ပုံဖြင့် ထလိုက်သည်။


 “စစ်သူကြီးကို ထပ်မနှောင့်ယှက်တော့ပါဘူး … ကျွန်တော် ထွက်သွားတော့မှာပါ … ”


“အရှင်က မင်းကို ဒီမှာနေဖို့ အမိန့်ချထားတယ် ...” ချုံဟွေ့က သူ့ကိုတားလိုက်သည်။ “မင်းကျန်းမာရေးကို အရင်ဂရုစိုက်သင့်တယ် ...”


ရွှယ်လင်အကြည့်က အနည်းငယ်ပြောင်းလဲသွားသည်။ ကမ္ဘာကြီး၏ ဆန့်ကျင်မှုအား ရင်ဆိုင်ရပြီးနောက် စနစ်က သူလတ်တလော သွားလာလှုပ်ရှားနိုင်ရန်အတွက် လက်ရှိခန္ဓာကိုယ်၏ သက်တမ်းအချို့ကို တိုက်ရိုက်နှုတ်ယူပစ်လိုက်ရသည်။ သူသေဆုံးမည့် အချိန်မှာ ရှေ့တိုးလာပြီဖြစ်၏။ 

ရွှယ်လင် အနည်းငယ် မအီမသာဖြစ်လာသည်။


 “တကယ်တော့ ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်က ငယ်စဉ်ကတည်းက နေမကောင်းဖြစ်ခဲ့တာပါ…ခဏလောက် ကျန်းမာရင်ကို တော်တော်လေး စိတ်သက်သာရာရနေပါပြီ … ကြည့်ရတာ ကောင်းကင်ဘုံက မှားယွင်းစွပ်စွဲခံရပြီး သေဆုံးတာမျိုး မဖြစ်စေချင်တဲ့ပုံပါပဲ … ”


ချုံဟွေ့က သေစကားပြောခြင်းကို မနှစ်မြို့ဟန်ဖြင့် တားမြစ်လိုက်၏။ 


“တော်ဝင်သမားတော်က မင်းခန္ဓာကိုယ်မှာ ရောဂါဟောင်းရှိနေတယ်လို့ ပြောသွားတယ် … နန်းတော်က ဖြစ်ရပ်အပြီးမှာ မင်းရဲ့ဝိဉာဉ်နဲ့နှလုံးကို ကြီးကြီးမားမား ထိခိုက်သွားခဲ့ပုံပဲ … မင်းကိုယ်မင်း ကောင်းကောင်း ဂရုစိုက်သင့်တယ် … ဧကရာဇ်က မင်းကို တရားဝင်ရာထူးမခန့်အပ်သေးဘူး … မင်းကိုယ့်နေရာမှာနေပြီး ကျန်းမာရေးပြန်ကောင်းဖို့ကိုပဲ ဂရုစိုက်ပါ …” 


ရွှယ်လင် မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်က ထိုကိစ္စမျှနှင့် သူ့အား ရာထူးမအပ်နှင်းပဲ ဆိုင်းငံ့ထားမည်မဟုတ်ပေ။ ဖုန်းကွယ်ထားသည့်အရာ တစ်ခုခုရှိပေလိမ့်မည်။ 


“ဧကရာဇ်က မင်းဆေးကုနေစဉ် အတောအတွင်း ဆောင်းပါးတစ်ချို့ရေးစေချင်တဲ့ပုံပဲ … သူက မင်းရဲ့ဆောင်းပါးကို ကောင်းမွန်ကြောင်း အသိအမှတ်ပြုခဲ့တယ် … မင်းရဲ့ကျန်းမာရေးကြောင့် အလုပ်အလွန်အကျွံလုပ်ခွင့် မရှိသေးဘူး … ဒါ့ကြောင့် ရုံးတော်ကိုလည်း တက်စရာမလိုဘူး …” 


တစ်ဖက်လူ မျက်မှောင်ကြုတ်သွားပုံကြောင့် ချုံဟွေ့က စိတ်တွင်းမှ သက်ပြင်းချလိုက်ရင်း ရှင်းပြလိုက်သည်။ 


ရွှယ်လင် နားလည်ဟန်ဖြင့် ခေါင်းညှိတ်လိုက်၏။ “ဧကရာဇ်က ကျွန်တော် စုတ်တံကိုင်နိုင်နေတုန်း များများရေးပေးဖို့ မျှော်လင့်နေပုံပဲ … ”


“ဧကရာဇ်ရဲ့အတွေးက အဲဒီ့လိုမဟုတ်ပါဘူး ...” ချုံဟွေ့မျက်နှာတည်သွား၏။ 


ရွှယ်လင် ရယ်လျှက် စနောက်လိုက်သည်။ “ဒီလိုဆိုတော့လည်း ဧကရာဇ်ကို ကျေးဇူးတင်ရမှာပေါ့ … ဒါနဲ့ တော်ဝင်သမားတော်က ကျွန်တော် ဘယ်အချိန်ထိ အသက်ရှင်နိုင်မယ်လို့ ပြောခဲ့လဲ …” 


ချုံဟွေ့အကြည့်က ပို၍မှောင်မဲလာ၏။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စပင် ရှိမနေပေ။ သူ့အတွက် အသက်ရှင်မရှင်က အရေးမပါဘူးလား … သူဘယ်အချိန်ထိ အသက်ရှင်မလဲဆိုတာကိုတောင် လုံးဝဂရုမစိုက်ဘူးလား … 


“ကောင်းကောင်းအနားယူမယ်ဆိုရင် နောက်ထပ် နှစ်နှစ်သုံးနှစ်လောက်အထိ အသက်ရှင်နိုင်လိမ့်မယ် … ”


ရွှယ်လင်က အိုး ဟုအသံပြုရင်း မျက်ခုံးပင့်လိုက်သည်။ “ကျွန်တော် ဒီနေမကောင်းဖြစ်နေတဲ့ ခန္ဓာကိုယ်နဲ့ အမှုထမ်းပေးမယ်ဆိုရင် ဧကရာဇ်က ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ကျွန်တော့်ရဲ့ အပြစ်ကင်းတဲ့မိဘတွေအတွက် တရားမျှတမှုရှာပေးလောက်လား …” 


“ကိုယ့်လူတွေကို လွှတ်ထားပြီးပြီ … မကြာခင် သတင်းကြားရမှာပါ ...”


 ရွှယ်လင်၏ ပွင့်လင်းသော အမူအရာနှင့် စကားဆိုပုံကိုကြည့်ရင်း ၎င်းမှာ သူ၏ မသေခင် ပြီးမြောက်လိုသော ဆန္ဒဖြစ်ကြောင်း ချုံးဟွေ့ နားလည်လိုက်သည်။ 


 “မင်းအရင် အနားယူလိုက်ပါဦး … ” 


စစ်သူကြီးက လှည့်ထွက်သွား၏။ မည်သည့်အသံမှ မကြားရတော့သည်အထိ ရွှယ်လင်စောင့်ဆိုင်းနေပြီးနောက် စနစ်အား အမှောင်ထဲမှ ဆွဲထုတ်လိုက်သည်။ “ဘာဖြစ်နေတာလဲ … ရှို့ရဲ့ကံကြမ္မာက ပြီးသွားပြီမလား … ဘာလို့ ကုန်းက ဒီအတိုင်းဖြစ်နေတာလဲ … ”


စနစ်က ရွှယ်လင်၏ စောင်ပေါ်သို့ တစ်လှမ်းချင်းလှမ်းလာပြီး သက်တောင့်သက်သာ ဖြစ်မည့် အနေအထားကို ရှာဖွေလိုက်သည်။ ထို့နောက် မနှေးမမြန်ပြောလိုက်၏။


 “လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲတာမှာ နည်းနှစ်မျိုးကွဲသွားတယ် … ပိုင်ရှင်က သွမ့်ရှို့ရန် စာခိုးချတာကို ဧကရာဇ်ရဲ့ရှေ့မှာ ဖော်ထုတ်လိုက်ပြီး လုံးဝအဖက်ဆည်မရအောင် လုပ်လိုက်တယ်လေ … ချုံးဟွေ့က အားလုံးတွေ့သွားတော့ သူတို့ကြားကအချစ်က ပျက်စီးသွားခဲ့ပြီ … အလုပ်ရောအချစ်ရေးပါ ကောင်းချီးပေးခံရတဲ့ ရှို့ရဲ့ကံကြမ္မာက သွေဖယ်သွားပြီမို့လို့ သူ့ရဲ့ကံကောင်းမှုက သူ့ကို စွန့်ဖယ်သွားခဲ့တာပဲ … ကုန်းနဲ့ရှို့ကြားက အချစ်က ပျက်စီးသွားပေမယ့် ပိုင်ရှင် သူ့ရဲ့ အနာဂတ်နဲ့ အလုပ်အကိုင်ကို မပြောင်းလဲရသေးဘူးလေ … ဒါ့ကြောင့် လောလောဆယ် ဒီကမ္ဘာက ထွက်သွားနိုင်မှာမဟုတ်ဘူး …” 


ရွှယ်လင် မပျော်မရွှင်နှင့် စုတ်သပ်လိုက်သည်။ “ပြဿနာပဲ ...”


“ဒါက ပထမကမ္ဘာပဲရှိသေးတယ် …. ပိုင်ရှင် ဒီစည်းမျဉ်းတွေနဲ့ အသားတကျဖြစ်လာမှာပါ ...” 

“သူ့ရဲ့ကံကောင်းမှုကို ဖယ်ရှားပစ်တာက ကုန်းကို သေစေနိုင်လား …”


“မဖြစ်နိုင်တာ … ရှို့က အဓိကဇာတ်ဆောင်လေ … သူက အပြစ်ပေးခံရပေမယ့် မျက်နှာများပြီး ကောက်ကျစ်တဲ့လူသာ ဖြစ်မနေရင် ကံကောင်းမှုမရှိတော့ရင်တောင် ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ရနေဦးမှာပဲ … ပြီးတော့ အရပ်ဆယ်မျက်နှာကမ္ဘာရဲ့ စည်းမျဉ်းတွေက ပြောင်းချင်တိုင်းပြောင်းလို့ မရဘူး … ကုန်းရဲ့ကံကောင်းမှုကေတာ့ သူသေသွားတဲ့အချိန်ကျမှ သူ့ကိုစွန့်ခွာသွားလိမ့်မယ် …” 


“အာ … အဲဒီ့လိုကိုး ...” 


စည်းမျဉ်းများကို သတ်မှတ်ရာ၌ လိုအပ်ချက်များစွာ ရှိနေကြောင်း ရွှယ်လင် တွေးလိုက်မိ၏။ အရပ်ဆယ်မျက်နှာ ကမ္ဘာ၏ အဓိပ္ပာယ်မှာ အလွန်လေးနက်ပုံရသည်။ “ဘုရားသခင်၏ အနှစ်သက်ဆုံး” ဟူသော ဂုဏ်ပုဒ်အား မထိန်းသိမ်းနိုင်သူများ ရှိနေသလို အဆိုပါ ခေါင်းစဉ် ပိုင်ဆိုင်ထားသူများ၏ သက်ရောက်မှုကြောင့် ကံကြမ္မာပြောင်းလဲရသူများလည်း ရှိနေ၏။ သူက အဓိကဇာတ်ဆောင်များကြောင့် သွေဖယ်သွားသည့် ဇာတ်ကြောင်းကို ပြန်လည်ပြုပြင်ရမည် ဖြစ်သည်။

အားလုံးက လူငယ်သူရဲကောင်းအနေနဲ့ ချီးမွမ်းနေကြတဲ့ ကမ္ဘာကြီးကို ပြောင်းလဲမယ့် ဖီးနစ်တွေ ဘယ်ကထွက်လာကြတာလဲ … အဓိကဇာတ်ဆောင်၏ အောင်မြင်မှုသည် အပြစ်ရှိသော အရံဇာတ်ဆောင်များနှင့် အပြစ်ကင်းသော အရံဇာတ်ဆောင်များစွာ၏ အလောင်းများကို ချနင်းထားခြင်းဖြစ်သည်။ သူက အပြစ်ကင်းသည့် အရံဇာတ်ဆောင်များအား အဓိကဇာတ်ဆောင်၏ မျက်နှာကို ဖြတ်ရိုက်ရာ၌ ကူညီပေးရမှာပင်။ 


“မှန်တယ် … ” စနစ်က ဆက်ပြောသည်။


 “ဒီကမ္ဘာက တတိယအဆင့်ကမ္ဘာပဲ … ဒါ့ကြောင့် ပိုင်ရှင်လုပ်ရမယ့် ကိစ္စ များများစားစား မရှိပဲ လွယ်ကူနေလိမ့်မယ် … ဒါပေမယ့် နောက်ကမ္ဘာတွေမှာတော့ အခုလို ဖြစ်တော့မှာမဟုတ်ဘူး ...”


“ငါ ဘာလုပ်ခဲ့လို့လဲ …”


“ဇာတ်ကြောင်း တိုးတက်မှုက အရမ်းမြန်ပြီးတော့ ဇာတ်ဆောင်ရဲ့ အကျင့်စရိုက်ကို သွေဖယ်နေတယ် … အရံဇာတ်ဆောင်ရဲ့ မူလသက်တမ်းအတိုင်း နေဖို့တောင် မဖြစ်နိုင်တော့ဘူး … ကြည့်လေ … ပိုင်ရှင့်ရဲ့လုပ်ရပ်ကြောင့် အရံဇာတ်ဆောင် သက်တမ်းတိုသွားရတာ …” 


စနစ်က သူ့အမှားကို ထောက်ပြလိုက်သည်။ 


“ဒါပေမယ့် နားလည်ပေးလို့ရပါတယ် … ပိုင်ရှင့်အတွက် အခုက ပထမဆုံးတာဝန်ပဲလေ … နောက်တစ်ခါ ပိုပြီးဂရုစိုက်တာပေါ့ … ”


ရွှယ်လင် မျက်လုံးလိမ့်လိုက်၏။ “တကယ်ကြီး သဘာဝအတိုင်း သေသွားဖို့လိုလို့လား …” 

“ဒါပေါ့ … စိတ်ချလက်ချ အနားယူပါ … ဒီကမ္ဘာမှာ ဘယ်လောက်ကြာကြာနေနေ ပိုင်ရှင်ရဲ့ မူလကမ္ဘာမှာ နှစ်ရက်သုံးရက်ပဲရှိမှာ ...”


ရွှယ်လင်၏ နှုတ်ခမ်းထောင့်များ တောင့်တင်းသွားသည်။ ဤနှုန်းနှင့်ဆိုပါက သူ၏ အမြှီးကိုးချောင်းလုံး စုစည်းရန် အချိန်မည်မျှ ကြာမည်နည်း … 


သူအရမ်း စိတ်ဓာတ်ကျနေပါပြီနော် … 


“ထားပါတော့ … အရင်ဆုံးစစ်သူကြီးကို အရင်ပြောင်းလဲသင့်တယ် … ” နောက်မှဖြစ်လာမည့် ကိစ္စများအား သူ တွေးပူမနေတော့ချေ။ လက်ရှိတွင် သူဖြေရှင်းရမည့် ကိစ္စရှိနေ၏။ . “သူ့အနာဂတ်ကို ဘယ်လိုပြောင်းလဲရပါ့မလဲ … ” 


“အာ … သူ့အနေနဲ့ ဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်ပြိီး ကလေးတွေနဲ့အတူ ကောင်းချီးပေးခံရတဲ့ ဘဝမှာမနေရသရွေ့ အဆင်ပြေပါတယ် … ”


ရွှယ်လင် တိတ်ဆိတ်သွားရသည်။ “မင်းရဲ့သခင်က တကယ့်ကို ရက်စက်တာပဲ ...”


စနစ်က ရွေးချယ်စရာမရှိပဲ ထုတ်ပြောရတော့သည်။ “ကမ္ဘာတိုင်းမှာ မတူညီတဲ့ လိုအပ်ချက်တွေရှိတာကြောင့် တခြားနည်းလမ်းမရှိဘူး … ပျော်ရွှင်မှုနဲ့ ကောင်းချီးက လိုအပ်ချက် ကြီးကြီးမားမား မဟုတ်ပါဘူး .. ပိုင်ရှင် ဒါကို လုပ်နိုင်တာနဲ့ ကမ္ဘာကနေ ချောချောမွေ့မွေ့ ထွက်သွားလို့ရပြီ…” 


ရွှယ်လင် ရယ်မောလိုက်သည်။ သူ၏ သက်တမ်းမှာ တိုတောင်းလှသဖြင့် တစ်ဖက်လူ လက်ထပ်ကလေးယူသည့် ကိစ္စအား စောင့်ကြည့်နိုင်မည်မဟုတ်ချေ။ သူတို့ကြားရှိ ဆက်ဆံရေးမှာလည်း ဘာမှမပြောပလောက်။ 


ရွှယ်လင် တွေးနေစဉ် ရှောင်ချင်းက အစားအစာများနှင့် ဝင်လာ၏။ ထို့ကြောင့် သူက ပြဿနာကို ဘေးချိတ်လိုက်ပြီး အရင်စားရန်သာ ဆုံးဖြတ်လိုက်သည်။ 

နောက်ပိုင်းရက်များတွင် အရာအားလုံး သာမန်သာဖြစ်၏။ 


ရွှယ်လင်က စစ်သူကြီးအိမ်တော်တွင်သာ နေထိုင်ရင်း ကျန်းမာရေးပြန်ကောင်းလာရန်သာ အာရုံစိုက်ထားသည်။ သူက ခြံထဲကိုသာ နေပူဆာထွက်လှုံလေ့ရှိ၏။ စစ်သူကြီးသည် သူ့ထံသို့ နေ့တိုင်းလိုလို လာရောက်လည်ပတ်လေ့ရှိသည်။ သူတို့နှစ်ဦး ရောက်တတ်ရာရာ ပြောဆိုကြလေ့ရှိ၏။ ဤဇာတ်ဆောင်မှာ စာရေးသူ၏ အနှစ်သက်ဆုံးဇာတ်ဆောင်ဖြစ်ပြီး အရာရာတိုင်းကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ကြောင်း ရွှယ်လင် ရှာဖွေတွေ့ရှိခဲ့သည်။ မူလကိုယ်သာဆိုပါက တစ်ဖက်လူအား ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းများဖြင့် နေ့စဉ်ငေးကြည့်နေမိသည်။


မကြာခင်မှာပင် သွမ့်မိသားစုအကြောင်း စုံစမ်းထားသည့် ရလဒ်ထွက်ပေါ်လာသည်။ ၎င်းမှာ မုန်တိုင်းမလာခင် လေပြည်လာခြင်းဖြစ်ကြောင်း ရွှယ်လင် နားလည်ထား၏။ ထိုသို့မဟုတ်ပါက ဇာတ်ကြောင်းအား ပြောင်းလဲစေမှာမဟုတ်ပေ။ ဗိုလ်မှူးက သဲလွန်စအချို့ ရှာတွေ့ခဲ့သည်။ ထို့အပြင် ဤအရေးအခင်း၌ ပတ်သတ်နေသည့် အရာရှိမှာ မဝေးတော့သည့် အချိန်၌ ထီးနန်းလုရန် ကြံရွယ်ထားသူ ဖြစ်နေ၏။ 


ရွှယ်လင်က ထိုကိစ္စ၌ ပတ်သတ်ခြင်းမပြုပဲ တိတ်ဆိတ်အေးချမ်းသော အမျိုးသားငယ်တစ်ဦးအဖြစ် ဟန်ဆောင်လျှက်ရှိသည်။ သူက မူလကိုယ်နှင့် သူ၏ အကြံဉာဏ်များကို အသုံးချကာ ဧကရာဇ်အတွက် ဆောင်းပါးများ နေ့စဉ်ရေးသားပေး၏။ ရွှယ်လင်၏ ဆောင်းပါးများကို ဧကရာဇ်မြင်တွေ့ချိန်တိုင်း ပါရမီရှင်ဟု ရေရွတ်လေ့ရှိပြီး သူ၏ တိုတောင်းလှသော သက်တမ်းအတွက် နှမြောတသစုတ်သပ်လေ့ရှိသည်။ 


ဆုတော်များနှင့် တန်ဖိုးကြီးဆေးဝါးများသည် စစ်သူကြီးအိမ်တော်သို့ မကြာခဏ ရောက်ရှိလာတတ်သည်။ ရွှယ်လင်သည် ခြံဝန်းထဲတွင်သာ အချိန်ဖြုန်းနေပြီး အပြင်ဘက်ရှိ အရေးကိစ္စများကို ဂရုမစိုက်ချေ။ 


မြို့တော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်စေသည့် ကောလဟာလတစ်ခု ပျံ့နှံ့နေခြင်းဖြစ်သည်။


 တစ်ခုသော နံနက်ခင်းတွင် ချုံဟွေ့က ပုံမှန်အတိုင်း ရွှယ်လင်နှင့်အတူ နံနက်စာစားနေပြီး မည်သည့်အရာကိုမှ ထုတ်ဖော်ပြောခြင်း မရှိပေ။ ဝဲလက်ရုံးအရာရှိများ ပုန်ကန်ထကြွသည်ဟူသော ကောလဟာလတစ်ခုသည် ထိုနေ့နေ့လည်ခင်းတွင် ပျံ့နှံ့လာ၏။ 


အိမ်တော်၏ အစောင့်များက အိမ်တော်တစ်ခုလုံး စောင့်ကျပ်နေပြီး ရွှယ်လင်၏ ခြံဝန်းတွင်လည်း တင်းတင်းကြပ်ကြပ် စောင့်ကျပ်လျှက်ရှိသည်။

ရွှယ်လင် သတင်းကြားသည့်အခါ နေ့လည်ခင်း တရေးတမောမအိပ်ခင် တစ်ဖက်လူအား ဗျူဟာတစ်ခုနှစ်ခု အကြံပေးလိုက်၏။ သူက ဤပုန်ကန်မှုအား စိုးရိမ်ခြင်းအလျဉ်းမရှိပေ။ ပေကျင်းမြို့ပေါ်ရှိ လူအိုကြီးများထက်ပင် တည်ငြိမ်နေခဲ့သည်။ 


ထိုအမျိုးသား၏ အတွေးကို အစောင့်များက မည်သို့မှ နားမလည်နိုင်ကြ။ သို့သော် ထိုလူ အိမ်တော်ထဲတွင် နာခံစွာနေနေသရွေ့ အားလုံးအဆင်ပြေသွားမည်ဟု သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်ကြသည်။ 


ထိုလူတစ်စုံတစ်ခု ဖြစ်ပါက စစ်သူကြီးအလွန် စိတ်ဆိုးပေလိမ့်မည်။