Chapter 6
Viewers 3k

🦊Chapter 6

Arc 1 - လူမှားယွင်းယုံကြည်မိခြင်း

1.6



ပွဲကို အနောက်မှနေ၍ သဘာဝကျကျကြည့်နေသော ဧကရာဇ်က ရွှယ်လင် ရောက်လာသောအခါ ရှေ့သို့ထွက်လာသည်။


"အရှင်ဧကရာဇ်မင်းမြတ် ကြွချီလာပြီ…" 


ထိုသို့ဆိုသည်နှင့် လူတိုင်းက အရိုအသေပေးရန် ဒူးထောက်လိုက်ကြသည်။


ရွှယ်လင်လည်း အခြေအနေကိုလိုက်၍ ဒူးထောက်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ တူညီနေဆဲဖြစ်ပြီး အလွန်နူးညံ့သိမ်မွေ့၍ ရိုသေလေးစားမှုရှိပုံရသော်လည်း စိတ်ထဲတွင်မူ ဧကရာဇ်ကို သေခြင်းတရားထိကျိန်ဆဲနေလိုက်သည်။


“ ထကြပါ…ကိုယ်ေတာ့်ရဲ့ လေးစားရတဲ့ဝန်ကြီးများ…” 


ဧကရာဇ်က ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်။သူက လူလတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး ခန့်ညားထည်ဝါသော မျက်နှာမျိုးရှိသည်။ အသက်ကြီးလာသောကြောင့် သူ့မျက်လုံးများနှင့်မျက်ခုံးများပေါ်တွင်အရေးအကြောင်းများ ကျန်ရှိနေသော်လည်း ထိုအရာများကနိုင်ငံကိုယ်စားပြုသူ၏ဂုဏ်သိက္ခာကို မထိခိုက်စေပေ။


ရွှယ်လင်က သူ့နောက်တွင်လှည့်ပတ်နေသောရွှေရောင်နဂါးကြီးကိုတွေ့မြင်နေရသည်။ ဧကရာဇ်၏ ကံကြမ္မာသည် ဤကမ္ဘာမှအဓိကဇာတ်ကောင်ရှို့ဖြစ်သူ ကံတရား၏သားတော်ထက်မနိမ့်ကျပေ။


သို့သော် ထိုကိစ္စက ရွှယ်လင်၏မစ်ရှင်နှင့် ဘာမျှမဆိုင်ပေ။ ရွှယ်လင် အခြားသူများ၏ကံကို ကြည့်ကာ ဝင်ပါချင်နေ၍ မနေရပေ။


နတ်ဆိုးများတွင်လည်း သူတို့ဂုဏ်သိက္ခာနှင့် ဣန္ဒြေရှိသည်။ ထိုအချက်က ရွှယ်လင် အခိုင်အမာလိုက်နာသောအချက်ဖြစ်သည်။


“ ဒီနေ့ နန်းတွင်းစာမေးပွဲမှာ ငါကိုယ်တော်က ငါတို့ရဲ့လေးစားရတဲ့၀န်ကြီးတွေ နန်းတော်ထဲထိ ဝင်ရောက်လာနိုင်ဖို့အတွက် အလုပ်ခန့်ပေးရတယ်ဆိုတာ ဘာလိုမျိုးလဲသိရဖို့ လှည့်ကွက်လေး နည်းနည်းသုံးထားတယ်… ငါလည်း မတတ်သာပေမယ့် ဒီလို ဆောင်းပါးမျိုးတွေ ရေးနိုင်တဲ့လူငယ်တွေကိုတော့ တကယ် လေးစားပါတယ် …” 


ဧကရာဇ်က အပြုံးများနှင့်ပြည့်နေသည်။ အကယ်၍ ရွှယ်လင်သာ သူ့အနေနှင့် ထိုးနှက်မှုတစ်ခု ကြုံရလိမ့်မည်ကို မသိခဲ့လျှင် ဧကရာဇ်၏စစ်မှန်သော သဘောထားကို မျက်နှာဖုံးမှတဆင့် ကြည့်ရှုနိုင်ခွင့်လည်း ရလိမ့်မည်မဟုတ်ပေ။


ဧကရာဇ်တစ်ဦး ဖြစ်ရခြင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်စွမ်းလည်း လိုအပ်သည်။

အောက်မှလူငယ်များ အားလုံးက ရယ်မောလိုက်ကြသည်။ နောက်ဆုံးတွင်မူ သူတို့အားလုံး မိမိကိုယ်ကိုကျေနပ်ရောင့်ရဲမှုရှိသော အသက်အရွယ်တွင်ရောက်နေကြပြီး ဧကရာဇ်ကိုယ်တိုင် သဘာပတိအဖြစ် ဦးဆောင်ကျင်းပသော နောက်ဆုံးစာမေးပွဲသို့ တက်ရောက်ခွင့်ရရုံသာမကကျော်ကြားမှုနှင့်အောင်မြင်မှုအချို့ပင် ရရှိထားပြီးဖြစ်သည်။ ဧကရာဇ်က သူတို့အား အလွန်ချီးကျူးလိုက်ရာ လူအများအပြားက လေထဲမျောလွင့်နေသလိုခံစားနေကြရသည်။


သွမ့်ရွှိရန်က ဘာကြောင့်မှန်း မသိပဲ သူ စိတ်မသိုးမသန့်ဖြစ်လာ၏။


“ ငါတို့ရဲ့ လေးစားရတဲ့ ၀န်ကြီးတွေ တင်ပြထားကြတဲ့ ဆောင်းပါတွေကို ဂရုတစိုက်ဖတ်ရှုပြီးပြီ… တိုင်းပြည်အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့အတွေးအခေါ်တချို့ကလည်း ငါ့ကို အများကြီး အကျိုးပြုခဲ့တယ်… အားလုံးကို အသေးစိတ်ဖတ်ပြဖို့အတွက် ဆောင်းပါးနှစ်ပုဒ်ကို ငါ ဒီမှာပြင်ဆင်ထားတယ် …”


ယေဘုယျအားဖြင့် ဧကရာဇ်စာမေးပွဲကို ကျိန်းသေထိုသို့ စီစဉ်ခဲ့ခြင်းမဟုတ်သော်လည်း အရာအားလုံးက ဧကရာဇ် အလိုတော်အတိုင်းပင်ဖြစ်သည်။ သူ့သစ္စာခံများမှာ ပင်ကိုယ်အရ သံသယမများရဲသောကြောင့် နန်းတွင်းအလုပ်သမားများ ပထမဆောင်းပါးကိုတင်ပြသောအခါရွှယ်လင်က သွမ့်ရွှိရန် ဆောင်းပါးဖြစ်ကြောင်း တန်းသိသွားပြီး သူ့လက်နှင့်တုန်ယင်စွာ ယူဖွင့်ကြည့်လိုက်သည်။


သူ့နှုတ်ခမ်းထောင့်များ အနည်းငယ်ပင့်တက်သွားပြီး သူ့အား ဆောင်းပါးကမ်းပေးသည့် မိန်းမငယ်လေး မျက်နှာလည်းနီရဲသွားကာ သူမနောက်ပြန်ဆုတ်ခွာချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးပင် ယိမ်းယိုင်သွားသည်။

ဆောင်းပါးများဖတ်ရခြင်းက အချိန်ယူရသည်။ ခန်းမအတွင်း အပ်ကျသံကိုပင် ရှင်းရှင်းလင်းလင်းကြားနိုင်သည်အထိ လုံးဝအသံတိတ်နေသည်။


ရွှယ်လင်က ဆောင်းပါးကို အခြားလူများရှေ့တွင်ဖတ်နေသည်။ သူပို၍ဖတ်လေလေ သူ့မျက်နှာက ပို၍ ဖျော့တော့လာလေ ဖြစ်သည်။အကူစနစ်လေးက သူ့ပခုံးပေါ်တွင်ရှိနေသည်။ စက္ကူပါးတစ်ရွက်ကဲ့သို့ ယိုင်နဲ့နဲ့ မတ်တပ်ရပ်နေသော သူ့အားမြင်နေရသည်။ သူ သန်မာစွာရပ်တည်လိုသော်လည်း သူ့နှလုံးသားမှာ အလွန်ပင်ပန်းလွန်းနေသည်။ အလွန် ကြေကွဲနေသည်။ သူ့ အရှင်၏ သရုပ်ဆောင်စွမ်းရည်များအလွန်ကောင်းမွန်လွန်းသည်ဟု ရုတ်တရက်ခံစားရသောကြောင့် အမှတ်ပြည့်ပင်ပေးရမည်။ တခါတရံ ရွှယ်လင်က သွမ့်ရွှိရန်အား စိတ်မကောင်းဖွယ် နာကြည်းစေသော အကြည့်များနှင့်ပင်ကြည့်လိုက်သေးသည်။


ဧကရာဇ် မျက်လုံးများသည် ၀န်ကြီးများအုပ်စုကိုအမြဲတမ်းစောင့်ကြည့်နေပြီး သူအနည်းငယ်ပြုံးသွားခဲ့သည်။ ၀န်ကြီးအချို့ စိတ်လှုပ်ရှားစွာကြည့်နေကြပြီး တစ်ခုခုပြောလိုပုံရသောအခါ သူတို့ပါးစပ်ကိုမဖွင့်နိုင်ခင်နန်းတော်လုပ်သားများကို အခြားဆောင်းပါးတစ်ပုဒ် တင်ပြဖို့ပြောလိုက်သည်။


ထို့နောက် လူတိုင်းထိတ်လန့်သွားခဲ့ရသည်။

နားမလည်နိုင်လောက်အောင် ယုံကြည်ရန်ခက်ခဲသော်လည်း လူအများက ဆောင်းပါးတစ်ခုလုံးကို ဖတ်နေကြဆဲဖြစ်သည်။ သူတို့ အမူအရာများလည်း ထူးဆန်းနေသည်။


ရွှယ်လင်က သူ့ကိုယ်ပိုင်ဆောင်းပါးကိုမဖတ်ခဲ့ပေ။သူ သက်ပြင်းချလိုက်ကာ ကောင်းကင်ကိုကြည့်လိုက်သည်။ ထို့နောက် သူ သွမ့်ရွှိရန်၏အကြည့်များကိုမတော်တဆသတိပြုမိသွားသောအခါ ပြန်ကြည့်ပေးလိုက်သည်။


သူ့မျက်လုံးများတွင် ကူကယ်ရာမဲ့နေခြင်း၊ မကျေနပ်၍ ဒေါသထွက်နေခြင်း၊ စိတ်ပျက်မိခြင်း၊ နောင်တရခြင်း၊ သနားစဖွယ်ဖြစ်နေခြင်း စသဖြင့် ခံစားချက်မျိုးစုံ ရောထွေးနေသည်။ သွမ့်ရွှိရန်တွင် သူ့အတွက် အတောမသတ်နိုင်သော မုန်းတီးမှုများရှိသော်လည်း ယခုအချိန်တွင်ထိုကဲ့သို့သောမျက်လုံးတစ်စုံနှင့်ရင်ဆိုင်ရသောအခါ သူ ထိုနေရာတွင် ခဏတာမျှ ကြက်သေသေစွာ ရပ်မိနေဆဲဖြစ်သည်။


ဧကရာဇ်က လက်ပိုက်ကြည့်နေစဉ် ထိုလူနှစ်ယောက်၏ အကြည့်များက အချင်းချင်းတိုက်ခိုက်နေခဲ့ကြသည်။ ထိုမြင်ကွင်းမှာ ဧကရာဇ်ထံမှအထူးဖိတ်ကြားခံခဲ့ရသော တပ်မှူးကြီး၏မျက်လုံးထဲသို့ရောက်သွားသည်။


ဧကရာဇ်က ထိုဆောင်းပါးနှစ်ခု မိတ္တူကို ချုံဟွေ့ထံ သို့ပေးပို့ခဲ့သည်။ သာမန်လူတစ်ဦးပင် ထိုဆောင်းပါးနှစ်ခုကိုအတူတကွမြင်လိုက်သည်နှင့် ထိုဆောင်းပါးများ၏မူရင်းရေးသားသူမည်သူမည်ဝါဖြစ်ကြောင်း ရိုးရှင်းစွာသိနိုင်သည့် ကိစ္စမျိုးဖြစ်သည်။ ထို့ကြောင့် သွမ့်ရွှိရန်နှင့် ရွှယ်လင်အကြား တစ်လှည့်စီကြည့်နေသော ချုံဟွေ့၏ အကြည့်သည် အနည်းငယ် ထူးဆန်းနေသည်။ သူ့လက်ရှိစိတ်နေစိတ်ထားအားမည်သို့ဖော်ပြရမည်ကို မသိတော့ပေ။


ပညာရှင်တစ်ဦးက ထိုစာတမ်းကိုမြေပေါ်သို့ပစ်ချကာ ဧကရာဇ်ရှေ့တွင်တိုက်ရိုက်ဒူးထောက်လိုက်သည်။


“ အရှင်မင်းကြီး…. ဒါက ဂုဏ်သရေညှိုးနွှမ်းစေတာပါ…ဒီကိစ္စကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးပေးရန်တောင်းဆိုပါတယ်"…


ထိုသူမှာ ကျော်ကြားသောပညာရှင်ဖြစ်သည်။ သူက ဆောင်းပါးကောင်းများနှင့် စာပေစာရပ်များ၏ ဂုဏ်သိက္ခာအပေါ် များစွာအလေးထားသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်မျိုးအား သူ လက်မခံနိုင်ပေ။ သူ့မျက်နှာအမူအရာမှာ သိသာနေကာ အလွန်ဒေါသထွက်နေသည်။

ဧကရာဇ်က နဂါးပလ္လင်ကိုမှီနေသည်။ သူ့ပါးပြင်သည်မို့တက်လာပြီး ပြုံးရွှင်စွာနှင့်ပြောဆိုလိုက်သည်။


“ ဒီနေ့ ငါတို့ရဲ့လေးစားရတဲ့ ၀န်ကြီတွေအားလုံး ဒီနေရာမှာရှိနေကြတယ်… ဒီကိစ္စကိုအပြည့်အ၀ စုံစမ်းစစ်ဆေးပြီး ကမ္ဘာကြီးအတွက်တရားမျှတမှုပြန်ပေးဖို့ ငါသဘာဝကျကျစီစဉ်ထားတယ် …”


အခြားကျောင်းသားနှစ်ဦးကလည်း သူတို့မျက်နှာများတွင်မပျော်ရွှင်သော အမူအရာများရှိနေသည်။ဧကရာဇ် စကားများကိုကြားပြီးသည့်နောက်တွင်မူ သူတို့စိတ်သက်သာရာရသွားသည်။


ပထမဦးဆုံးဆောင်းပါးကိုဖတ်စဉ်က သူတို့ ရှုံးနိမ့်မှုအတွက် အမှားအယွင်းမရှိဟုသာ ခံစားကြရသည်။သို့သော် ဒုတိယဆောင်းပါးကို တွေ့သောအခါ သူတို့နှင့်ထိုဆောင်းပါးရေးသားသူအကြား ကွာဟမှုကိုအပြည့်အဝနားလည်သွားကြသည်။ ထိုကဲ့သို့ အံ့ဩဖွယ်ကောင်းသည့်ဆောင်းပါးက အရှက်မဲ့စွာ ကူးယူခံလိုက်ရသည်။ ခိုင်မာသောကိုယ်ကျင့်တရား လက္ခဏာများရှိသည့် ပညာရှင်တစ်ဦး အနေဖြင့် ထိုသို့သောအရာများကို လက်ခံပေးနိုင်မည်မဟုတ်ပေ။


ဆောင်းပါးနှစ်ခုကို နှိုင်းယှဉ်ကြသောအခါ မည်သည့်ဆောင်းပါးကပိုမိုကောင်းမွန်သည် သို့မဟုတ် ပိုမိုဆိုးရွားသည်ဟူသောအချက်မှာစဉ်းစားရန်လိုအပ်သည့်ပြဿနာပင်မဟုတ်ပေ။ သူတို့၏ နာကျည်းမှုအမျက်ဒေါသနှင့် ပတ်သက်၍ ဘာမျှမမှားပေ။

သွမ့်ရွှိရန်မှာ ဖျော့တော့နေသည်။သူက ဒူးထောက်ကာ ဧကရာဇ်ထံသို့ ကျယ်လောင်သောအသံနက်ကြီးဖြင့်အော်ပြောလိုက်သည်။


“ အရှင်မင်းကြီးရဲ့ နားလည်မှုကိုစောင့်မျှော်နေပါတယ်…”


ဧကရာဇ်က သရော်ပြုံးပြုံးလိုက်သည်။


 ” လေးစားရတဲ့ ၀န်ကြီးရဲ့ ဘယ်မတရားမှုပဲဖြစ်ဖြစ် တိုက်ရိုက်ပြောပြမယ်ဆိုရင် မင်းကိုငါကိုယ်တော် ပြန်ဖြေပေးမယ်…"


ရွှယ်လင်က ရာဇပလ္လင်ပေါ်ရှိ ဧကရာဇ်မှာ အလွန်လိမ္မာပါးနပ်လှသည်ဟု ခံစားလိုက်ရသည်။ ထိုအသံအနေအထားအရ ဧကရာဇ်က လူများကို လှည့်စားနေကြောင်းသိသာနေသည်။


သွမ့်ရွှိရန်က ထိုအရာများနှင့် ပတ်သက်၍ အလွန်အမင်းစိတ်ပူနိုင်ပေ။ သူ့လက်ရှိအနေအထားက အလွန်ဘဝင်မကျစရာဖြစ်နေသည်။ သူလက်ရှောင်နေရမည်။ သူအနိုင်ရဖို့ အခွင့်အရေးမရလျှင်ပင် သူသေမည့်အချိန်အား ထိုင်စောင့်မနေချင်ပေ။ သူ့အား ဧကရာဇ်က ဆွဲချပြီးသေအောင်ရိုက်နှက်သည်ကို ခံမည့်အစား မတ်တပ်ရပ်၍ သူ့ဘဝအတွက် တိုက်ပွဲဝင်ရန် ဦးစွာပြောဆိုပစ်လိုက်မည်။


ဤသည်မှာ အဓိကဇာတ်ကောင်နှင့်ပတ်သက်၍ဖြေရှင်းရန် ရွှယ်လင်စဉ်းစားမိသည့် အမြန်ဆုံးနည်းလမ်းဖြစ်သည်။


ယနေ့ဧကရာဇ်ရှေ့တွင် လိမ်လည်လှည့်ဖြားမိခဲ့ခြင်းအတွက် သွမ့်ရွှိရန်က သူ အပြစ်ရှိကြောင်းသိသာနေသ၍ အနာဂတ်တွင် မည်သည့်လှည့်ကွက်များပင် ကစားပါစေ သူ့အနေနှင့် အရာရာကို နောက်တဖန်ပြန်စရန် အခွင့်အလမ်းမရှိတော့ပေ။ နောက်ဆုံးတွင် ထိုကဲ့သို့သောရာဇ၀တ်မှုများအတွက် ပြစ်ဒဏ်မှာ ခေါင်းဖြတ်စီရင်ခြင်းဖြစ်ပြီး သူက စစ်သူကြီးနှင့်ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ဤအချိန်တွင်ပြစ်ဒဏ်ချမှတ်ခံရပါက သူ့အတွက်လမ်းဆုံးသာဖြစ်သည်။


“ ကြီးမြတ်လှသော အရှင်မင်းမြတ် ခင်ဗျား…. ဒုတိယဆောင်းပါးကိုဒီနေ့မှ ပထမဆုံးအကြိမ်တွေ့မြင်ခဲ့ရပေမယ့် ဒုတိယဆောင်းပါးက ပထမဆောင်းပါးကို ကူးချထားတဲ့ညံ့ဖျင်းတဲ့ဟာဖြစ်ပါတယ်…အဆင့်ဆင့်ပြန်ပြီး ကူးချထားတာကိုတွေ့ရမှာပါ……အဲ့ဒီဆောင်းပါးက လုံးဝကိုမှားယွင်းနေပါတယ်… ” 


သွမ့်ရွှိရန် စာမေးပွဲဖြေဆိုပြီးခဲ့သော်လည်း သူက သာမန်အရပ်သားသာဖြစ်သည်။


“ အိုး…ဒုတိယဆောင်းပါးရေးသားသူက မင်းရဲ့ဆောင်းပါးကိုကူးယူတယ်လို့ ဆိုလိုတာလား…"


“ ငါတို့ရဲ့ အမြင်တွေနဲ့ စာသားတွေက ဘာလို့ အဲ့လောက်ဆင်နေရတာလဲ ငါလည်းမသိဘူး…ဒုတိယဆောင်းပါးက ပထမဆောင်းပါးထက်ပိုပြီး လေးနက်တယ်… အဲ့ဒါက ကူးယူထားတာရှိမရှိ မသေချာပေမယ့် ပထမဆောင်းပါးက နိဂုံးသေချာမချုပ်ခဲ့ဘူးလေ…"


“ ကောင်းကင်ရဲ့သားတော် လက်အောက်က ဧကရာဇ်ရဲ့ ရှေ့မှာရော ဒီပရိသတ်ခန်းမကြီးထဲမှာရော မင်းလက်ရေးမူတွေ မရှိဘဲဒီလိုလိမ်နေတာ….မရှက်ဖူးလား သွမ့်ရွှိရန်…"


ရွှယ်လင် နောက်ဆုံးတွင်စကားပြောလာသည်။

သွမ့်ရွှိရန်၏အမူအယာများ မပြောင်းလဲပဲကျန်ရစ်နေသည်။ သူ လုံးဝ မလှုပ်ရှားပေ။


“ ငါက တံခွန်စိုက်ဆုရတဲ့ ပညာရှင်က ဘာလဲဆိုတာမသိဘူး…."


“ မင်းက ငါတို့တစ်ယောက်နဲ့တစ်ယောက်မသိဘူးလို့ ဟန်ဆောင်ချင်နေတဲ့ပုံပဲ….” 


ရွှယ်လင်က လှောင်ရယ်ကာပြောလိုက်သည်။


“ ရယ်စရာကြီးပဲနော်…ငါက ငါ့မိသားစုကမင်းကိုဆယ်စုနှစ်ပေါင်းများစွာထောက်ပံ့ပေးခဲ့ပြီး ငါကလည်း မင်းကိုညီအစ်ကိုတစ်ယောက်လိုသဘောထားဆက် ဆံခဲ့တာ…မင်းက ငါ့ကို မိသားစုအဖြစ်ဆက်ပြီး မဆက်ဆံရင်တောင် အနည်းဆုံးတော့ ခံစားချက်အချို့ရှိသင့်တယ်….မင်းကိုအဲ့လောက်ထိ အရမ်းအစွန်းရောက်လိမ့်မယ်လို့ ငါမထင်မိခဲ့ဘူး…"


သွမ့်ရွှိရန် သူ့အံသွားများကိုကြိတ်ရင်း သူ့ဘာသာပြန်စဉ်းစားနေသည်။ 


“အစွန်းရောက်နေတာက မင်းမဟုတ်ဘူးလား…ဒီနေရာမှာငါ့ကိုအပြစ်တင်ဖို့ မျက်နှာချင်းဆိုင်ရှိနေတာလေ…"


“ ငါအရင်က တံခွန်စိုက်ဆုရပညာရှင်တွေနဲ့ မဆုံဖူးဘူး… မင်းဘာကိုဆိုလိုတာလဲ ငါနားမလည်ဘူး… ” 


တစ်ယောက်ယောက်က သူ့အားကိုက်သတ်လိုက်လျှင်ပင် သူ ဝန်ခံလိမ့်မည်မဟုတ်ပေ။ သို့မှမဟုတ်လျှင် အရာအားလုံး ပြီးဆုံးသွားလိမ့်မည်။

ထိုအချိန်တွင် နန်းတော်ရှိလူတိုင်းမှာ မူလဆောင်းပါးနှစ်ခုရေးသားသူများ မည်သူမည်ဝါဖြစ်ကြောင်းကို နားလည်သွားကြသည်။ သွမ့်ရွှိရန်က သူ့နစ်နာမှုများကိုဖြေရှင်းပေးရန်တောင်းဆိုသော်လည်း အခြားပညာရှင်များက သူနှင့်အတူရပ်တည်လိုမည် မဟုတ်တော့ပေ။ 


 တစ်ယောက်ပြီးနောက် အခြားသောပညာရှင်များကလည်း ဝေးဝေးရှောင်ဖယ်သွားကြကာ မကြာမီ သွမ့်ရွှိရန်ဘက်ခြမ်းတွင် ဗလာဖြစ်သွားသည်။


သူ့မျက်နှာလည်း နောက်ဆုံးတွင် ဖြူလျော့လာသည်။ယနေ့ ထိုမျှနှင့် ပြဿနာပြီးသွားသော်လည်း သူ့ဘ ၀သည်ပျက်စီးသွားပြီဖြစ်သည်။


“ ငါ့ကိုတစ်ခါမှမမြင်ဖူးဘူးလား…” 


ရွှယ်လင်က အေးတိအေးစက်ရယ်မောပြီးမေးသည်။


“ ဒါနဲ့ မင်းက ဘယ်လိုတောင် ငါတို့မိသားစုရဲ့ ကျောက်စိမ်းအဆောင်တံဆိပ်ယူ…စစ်သူကြီးဆီကိုပါသွားပြီး မင်းကို ခေါ်ထားပေးဖို့ ပြောခဲ့တာလဲ…"


“ ဒါကငါ့မိသားစုရဲ့ကျောက်စိမ်းတံဆိပ်တော်ပါ..အပိုတွေမပြောပါနဲ့ ချန်ပီယံ ပညာရှင်…"


“ သွမ့်မိသားစုမှာ သားဆိုလို့ ငါတစ်ယောက်ပဲရှိတာလေ …” 


သူက သွမ့်ရွှိရန် ခြေထောက်နားသို့ ကျောက်စိမ်းဆွဲပြားကို မျက်နှာသေနှင့် ပစ်ချလိုက်သည်။


 “ ငါကလွဲပြီး သူ့ကိုယ်သူ သွမ့် မိသားစုရဲ့အမွေဆက်ခံသူလို့ ပြောရဲတယ်ပေါ့…မင်းလည်းအဓိပ္ပာယ်မရှိလိုက်တာနော်…အာဏာနဲ့ဂုဏ်သိက္ခာအတွက် ငါ့ရဲ့နာမည်ကိုပါ ယူမသွားတာကိုပဲ ကျေးဇူးတင်ပေးရအုံးမလား…ငါ့မှာ ဘာ ကိုယ်ရေးအချက်လက် သက်သေခံမှမရှိပဲနေရတော့မလို့လေ…”


သွမ့်ရွှိရန် ဖျော့တော့နေသည်။ ကိစ္စများမှာ လိုရင်းသို့ရောက်နေပြီဖြစ်သော်လည်း သူကအံများကြိတ်ခဲကာ အလျှော့မပေးပဲ ငြင်းဆန်နေသေးသည်။ 


“ မင်းပြောနေတာကိုငါမသိဘူး. .ငါ့တံဆိပ်အမှတ်အသားကို ငါ့မိသားစုကပေးလိုက်တာ… ချန်ပီယံပညာရှင်ကပါ အဲဒါကိုလိုချင်နေလို့လား…”


“ တကယ်တော့ ဒီလိုမျိုးအရာတွေကိုကြည့်ဖို့က အရမ်းရိုးရှင်းလွန်းတယ် …” 


ရွှယ်လင် သူ့အနားသို့ ငုံ့၍ ထိုင်ချလိုက်ကာ သူ့နားထဲသို့ ခပ်တိုးတိုးလေးပြောလိုက်သည်။ မြို့တော်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့သောသူ့လက်ရာများကိုရွတ်ပြလိုက်သည်။ထို့နောက် သွမ့်ရွှိရန်၏ ဖြူလျော့နေသော မျက်နှာအား လှမ်းကိုင်လိုက်သည်။


“ စကားကို လုံးဝမနာခံတတ်ဘူးပဲ….အဲဒီကဗျာတွေအားလုံးက အရမ်းညံ့တဲ့လက်ရာတွေမို့လို့ မင်းကို မီးရှို့လိုက်ဆိုပြီး ငါပြောခဲ့တယ်…ဒါပေမဲ့ မင်းကယူသွားပြီး လူတွေရယ်အောင်တောင် လုပ်လိုက်သေးတယ်…"


ရွှယ်လင် သူ့အားထိလိုက်သောအခါ သွမ့်ရွှိရန် တကိုယ်လုံး ကြက်သီးမွေးညင်းများထသွားသည်။ သူ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ရွှယ်လင်အား မာရ်နတ်ကို ကြည့်နေရသကဲ့သို့ ကြည့်နေသည်။


" မင်းက သွမ့်ချန်မဟုတ်ဘူး…မင်းက သွမ့်ချန်မဟုတ်ဘူး….သွမ့်ချန်က ဒီလိုလုံးဝမဖြစ်နိုင်ဘူး…"


ရွှယ်လင်က မျက်စိမှေး၍ကြည့်နေသည်။ သူ့အနားရှိ မြေခွေးငယ်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့တပြန် နောက်တပြန် လျှောက်နေသည်။


“ အရှင်…အရှင် ဇာတ်ကောင်နေရာကနေ အရမ်း သွေဖယ်လို့မရဘူးနော်…အကယ်၍ အဓိကဇာတ်ကောင်က အရှင်ဘယ်သူလည်းဆိုတာ သိသွားရင် အရှင်ဒီကမ္ဘာကနေ အလိုအလျောက်နှင်ထုတ်ခံရလိမ့်မယ်…ဒါကအဆင့်နိမ့်တဲ့ကမ္ဘာကြီးဆိုပေမယ့် သူ့ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်…အရှင်သာ တန်းပြီး နှင်ထုတ်ခံရရင် အားလုံးသွားပြီ…"


“ ဒါပေါ့ ငါက သွမ့်ချန်ပဲလေ…" 


ရွှယ်လင် ကမ္ဘာကြီး၏ ငြင်းဆန်မှုကြောင့် ယိုစိမ့်လာသော သွေးတစ်ငုံစာအား အတင်းပြန်မြိုချလိုက်သည်။သူ့နှုတ်ခမ်းများမှာ သွေးအနည်းငယ်နှင့်ပြည့်နှက်နေသည်။


 “ မင်းမရှိဘဲနဲ့ ဒီနေ့ သွမ့်ချန်ကဘယ်လို ဖြစ်လာမှာလဲ…” 


သူ သေမလိုဖြစ်နေသည့်အတွက် သူ့ရင်ဘတ်ပေါ်သို့ လက်တင်ဖိထားလိုက်သောကြောင့် သူ့ ရယ်မောနေပုံက အနည်းငယ်ဟန်ပျက်သွားသည်။


“ ငါ့ရဲနေမကောင်းဖြစ်နေတာတွေကိုကုသနေတဲ့ချိန်..

.မင်းက လူတွေခေါ်ပြီး ပြန်လာမှာကို စောင့်နေခဲ့မိချိန်တုန်းက ငါတကယ် လူမှားပြီး ယုံမိတယ်ဆိုတာကို တောင် လက်မခံနိုင်ခဲ့ဘူး… ငါမြို့တော်ကိုရောက်လာပြီးအဲဒီကဗျာတွေကိုကြားတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်နေမှာပါ….နားလည်မှုလွဲတာမျိုးတချို့ရှိရမယ်ဆိုပြီး ငါ့ကိုယ့်ငါ နှစ်သိမ့်ခဲ့တာ..ဒီနေ့မင်းကိုအခွင့်အရေးပေးချင်တယ် …” 


သူ ဒယီးဒယိုင်နှင့် တုန်လှုပ်သွားပြီး လဲကျတော့မည်ဖြစ်သော်လည်း သူ့ကိုယ်ခန္ဓာကို ကြီးမားသောလက်တစ်စုံဖြင့် ထိန်းကိုင်ထားသည်။


“ မင်းခန္ဓာကိုယ်ကိုဂရုစိုက်ပါ…" 


ချုံဟွေ့က သူ့ကို အားပေးလိုက်သည်။


“ သွမ့်မိသားစုရဲ့နစ်နာမှုတွေကို မဖြေရှင်းနိုင်သေးဘူး…မင်းဒီနေရာမှာ လဲကျလို့မဖြစ်ဘူး…"


ရွှယ်လင်က မြဲမြံစွာရပ်နေပြီး ချုံဟွေ့ကိုပြုံးပြရန်ခေါင်းကိုပင့်လိုက်ပြီးနောက် သွမ့်ရွှိရန်ကိုလည်းကြည့်လိုက်သည်။


“ အခုအခြေအနေတွေက လိုရင်းကိုရောက်နေပြီမို့ နှစ်ပေါင်းများစွာ သိကျွမ်းလာတဲ့ ငါတို့ရဲ့ ရင်းနီိးမှုတွေ ငါတို့ရဲ့ သဘောထားတွေကအားလုံးပြီးသွားပြီ…"


ရုတ်တရက်ပေါ်လာသောစစ်သူကြီးကိုတွေ့ရသောအခါ သွမ့်ရွှိရန် အလွန်ဆိုးရွားစွာ ခံစားလိုက်ရသည်။ စစ်သူကြီးမှာ သူ့နောက်ဆုံး ဝှက်ဖဲကဒ်ဖြစ်သည်။ ယခုတွင်မူ သူ့နောက်ကြောင်းများအားလုံး ဖြတ်တောက်ခံလိုက်ရသည်။


အစကတည်းကပင် ထိုပြဇာတ်ကိုကြည့်နေသောဧကရာဇ်က နောက်ဆုံးတွင်ထိုသို့ မိန့်လာသည်။


“ နောက်ထပ်ပြောစရာမရှိကြဘူးလား..အခြားဘာမှမရှိဘူးဆိုရင် မင်းရဲ့နစ်နာမှုတွေကိုငါကူညီမယ်…”


“ ... ” 


သွမ့်ရွှိရန် ကောင်းကင်၏သားတော်မျက်နှာကို အသက်မပါသောမျက်လုံးများနှင့်ကြည့်လိုက်သည်။ သူက သူ့ ဦးခေါင်းကိုပင် မော်မကြည့်နိုင်သည့် ဖိနှိပ်မှူမျိုးခံစားလိုက်ရသည်။ သူ ဦးညွှတ်လိုက်ကာ နောက်ဆုံးတွင် သူ့ကံကြမ္မာကိုလက်ခံလိုက်သည်။


သူ့ခေါင်းကိုငုံ့ချလိုက်သည့်အချိန်တွင် သူ့ဘေးတွင်

ရှိနေသော အမြဲတမ်းကောင်းနေခဲ့သည့် ကံတရားက ရုတ်တရက် ဂယက်ထလာကာရုတ်ရုတ်သဲသဲ ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ကောင်းကင်သို့ ချက်ချင်းတိုက်ရိုက်ပျံတက်သွားကာ လုံးဝပျောက်ကွယ်သွားတော့သည်။