Chapter 11
Viewers 3k

🦊Chapter 11

Arc 2 - လူမှားလက်ထပ်မိခြင်း

2.2 – ဒီစစ်ပွဲက ကြာမယ့်ပုံပဲ … 



 စန္ဒယားသံက ဟောခန်းတစ်ခုလုံး ပျံ့လွင့်သွားပြီး အားလုံး၏ မျက်လုံးများသည်လည်း စင်ပေါ်သို့ ဆွဲငင်ခံလိုက်ရသည်။ 


ဒိုင်လူကြီးများပင် ပါရမီရှင်အား နှောင့်ယှက်မိမည်စိုးသဖြင့် အသက်အောင့်ထားကြ၏။ 


လူငယ်လေးက ဝိဉာဉ်၏ အစိတ်အပိုင်းတစ်ခုကို တီးခတ်နေသကဲ့သည့်အတိုင်း ရှိနေကာ သူ၏ လက်အစုံသည်လည်း သံစဉ်နှင့်အတူ လိုက်ပါရွေ့လျားနေ၏။ သံစဉ်က လူအားလုံး၏ နှလုံးသားကို နိမ့်တုံမြင့်တုံ ဖြစ်စေလျှက်ရှိသည်။ 


အမျိုးသားတစ်ဦး၏ ရွှေရောင်မျက်ဝန်းများက လူငယ်လေးအပေါ်တွင် မြဲမြံစွာ ကျရောက်နေ၏။ သူ၏ အရှိန်အဝါပင် တီးလုံးသံကြောင့် အနည်းငယ်ပျော့ပျောင်းသွားသည်။ အိမ်တော်ထိန်းက သူ၏ သခင်အား အံ့ဩဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် စင်ပေါ်ရှိ လူငယ်လေးကို ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချလိုက်၏။ 


ရွှယ်လင်၏ သီချင်းပြီးဆုံးပြီးနောက် ဦးညွှတ်လိုက်သည်အထိ အားလုံး ငေးငိုင်နေကြဆဲ ဖြစ်သည်။ သို့သော် သူက လက်ခုပ်သံမကြားရခြင်းအား စိတ်ထဲမထားပဲ စင်ပေါ်မှ လှည့်ဆင်းလာခဲ့သည်။ တရုတ်ပြည်သို့ပြန်ရန် လေယာဉ်လက်မှတ် ဖြတ်ပြီးပြီဖြစ်ရာ ချက်ချင်း လေဆိပ်သို့ သွားရန် လိုအပ်၏။ 

ထိုအချိန်မှာပင် လက်ခုပ်သံများက ဟောခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ 


သို့သော် ရွှယ်လင်က အဆိုပါ လက်ခုပ်သံများအား အာရုံမစိုက်အားချေ။ သူ၏အစ်မနှင့် တူဖြစ်သူအတွက် လုံခြုံမည့်နေရာအား စီစဉ်ပြီးပြီဖြစ်သော်လည်း သူတို့အဆင်ပြေနေကြောင်း ကိုယ်တိုင်သွား၍ အတည်ပြုရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဝန်ထမ်းက သူ့အခန်းတံခါးကို လာခေါက်ချိန်တွင် အခန်းလွတ်တစ်ခုသာ ကျန်ရှိတော့၏၊ 


ဝန်ထမ်း၏ အမူအရာက တုန်လှုပ်သွားသည်။ သူ့နောက်သို့ လိုက်ပါလာသည့် အိမ်တော်ထိန်း၏ အမူအရာမှာလည်း ထူးဆန်းနေ၏။ 


🦊


VIP ခန်းထဲတွင် ကိုယ်တိုင်းနှင့်ချုပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သူ့လက်ချောင်းရှိ လက်စွပ်ကို လှည့်ရင်း မတ်တပ်ရပ်လိုက်သည်။ 


ပြိုင်ပွဲဝင်များက ဆက်လက်ယှဉ်ပြိုင်နေကြဆဲ ဖြစ်ပြီး ပရိသတ်များလည်း ရှိနေဆဲဖြစ်၏။ သို့သော် အမျိုးသားက စိတ်မရှည်စွာဖြင့် တံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုအချိန်မှာပင် အိမ်တော်ထိန်းက ထူးဆန်းသော အမူအရာဖြင့် တံခါးဝ၌ ပေါ်ပေါက်လာ၏။ 


သူက တလေးတစား ဦးညွှတ်ကာ ဆိုလိုက်သည်။ “စိတ်မရှိပါနဲ့ …sir … အဲဒီ့လူငယ်လေးက ဒီမှာမရှိတော့ပါဘူး …” 


အမျိုးသားက သူ့အား တစ်ချက်ပင်မကြည့်ပဲ ရှေ့ဆက်သွား၏။ အိမ်တော်ထိန်းက သူ၏ စကားသံကို ကြားလိုက်ရသည်။ 


“သွားစုံစမ်းခဲ့ ...” 


“နားလည်ပါပြီ … ”


ထိုအချိန်တွင် ရွှယ်လင်က လေယာဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက အလျင်လိုနေသဖြင့် ပထမတန်းကိုသာ ရွေးချယ်လိုက်၏။ သူထိုင်ခုံတွင် နေရာတကျဖြစ်သည်နှင့် သက်ပြင်းချလိုက်ရင်း စနစ်အား လက်ထဲတွင်ပိုက်ထားလိုက်သည်။ 


“ငါအခုထိ နားမလည်သေးတာတွေရှိနေတုန်းပဲ ...”


စနစ်က ပိုင်ရှင်၏ ခြေထောက်များပေါ်သို့ ဆင်းလိုက်သည်။ ၎င်းမှာ မြေခွေးတစ်ကောင် ဖြစ်သော်လည်း လေ့ကျင့်ထားသည့် အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ပြုမူနေ၏။ 


“ပိုင်ရှင်မေးချင်တာမေးပါ … ကျွန်တော်သိသမျှ အကုန် မချွင်းမချန်ပြောပြပါ့မယ် … ”


“ငါ ဒီကမ္ဘာကို အဓိကဇာတ်ဆောင်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့ ရောက်လာတာမဟုတ်လား … ” 


“ဟုတ်ပါတယ် … ကံကြမ္မာပြောင်းသွားတာနဲ့ ကမ္ဘာကြီးရဲ့ဆန္ဒက သူတို့ရဲ့ ကံကောင်းမှုကို ပြန်ပြီးနှုတ်ယူနိုင်မှာပါ ...”


 စနစ်က အတည်ပြုပေးလိုက်သည်။


ရွှယ်လင်ထပ်မေးလိုက်၏။ 

“ငါ ဒီခန္ဓာကိုယ်ကို ရတာက မူလကိုယ်အတွက် လက်စားချေပေးဖို့ မဟုတ်လား … ဒီတော့ ဒီခန္ဓာကိုယ်ကိုမဝင်ခင် တခြားသဘောတူညီချက်တွေ ဘာတွေ ရှိသေးလား ... ပြောရရင် သူတို့မသေခင် သူတို့ရဲ့ဘဝဇာတ်ကြောင်းကို ပြနိုင်တယ်ဆိုတာက ဖြစ်နိုင်လို့လား …”


စနစ်က သူ့ပိုင်ရှင်သည် အလွန်စိတ်ကူးယဉ်လွန်းသည်ဟု တွေးလိုက်မိသည်။ ခဏတွေးပြီးနောက် ပိုင်ရှင်အား ရှင်းပြရန် ဆုံးဖြတ်လိုက်၏။


 “လက်ရှိခန္ဓာကိုယ်ကို ဥပမာထားကြည့်ရအောင် … ပိုင်ရှင်တွေ့လိုက်ရတာက သူ့ရဲ့ကံကြမ္မာဆိုးနဲ့ ဘဝတစ်ခုလုံးပဲလေ ... ပြီးတော့ ဒီကမ္ဘာရဲ့ဆန္ဒက မူလကိုယ်နဲ့ အတည်ပြုပြီးတဲ့အခါမှ ပိုင်ရှင့်ကို ကမ္ဘာဆီပို့ဆောင်လိုက်တာ … ဒါ့ကြောင့် ပိုင်ရှင်က သူ့ရဲ့ဘဝတစ်ခုလုံးနဲ့ မကျေနပ်မှုတွေကို ခံစားနိုင်တာပါ … ”


“ဒါဆိုငါက ဒီလူတွေအတွက် မပြီးနိုင်မစီးနိုင် လက်စားချေပေးရမှာလား … ” 


“မဟုတ်ပါဘူး … ခန္ဓာကိုယ်ကို ရွေးတဲ့နေရာမှာ တခြားအချက်တွေလည်း ရှိသေးတယ်လေ … နောက်ပိုင်း ပိုင်ရှင်ကြုံရတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေက ဒီလူတွေလိုမျိုး ကံမဆိုးတာလည်း ဖြစ်နိုင်တာပဲ … ”


ရွှယ်လင် ပြောစရာစကားမရှိဖြစ်သွားသည်။ ဒီတော့ ရှေ့လျှောက် ဒီ့ထက် ကံဆိုးတာမျိုးလည်း ကြုံရနိုင်တယ်ပေါ့လေ … 


“ဒါဖြင့် ငါသူတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပြီး အဓိကဇာတ်ဆောင်တွေရဲ့ ကံကောင်းမှုကို ဖယ်ရှားလိုက်ရင် ဒီကမ္ဘာက ထွက်သွားလို့ ရ ရမှာမဟုတ်လား … ဘာလို့ သူတို့သေဆုံးတဲ့အထိ ဆက်နေပေးရမှာလဲ … ငါက ဒီတာဝန်ကို မငြင်းခဲ့ဘူးဆိုပေမယ့် တကယ်တမ်း ကမ္ဘာရဲ့ဆန္ဒဂရုစိုက်တာက ကံကောင်းမှုတစ်ခုထဲပဲလေ … ”


“ပြောရရင် ဝိဉာဉ်တွေကို ခွဲထုတ်ဖို့က မလွယ်ဘူးလေ … ပိုင်ရှင် ပြောင်းလဲမှု ကြီးကြီးမားမား ဆောင်ရွက်ပြီးတဲ့အခါ ဝိဉာဉ်က ပိုပြီး ခွဲထုတ်ရခက်သွားပြီ … ဒီတော့ ပိုင်ရှင်ထွက်သွားတာနဲ့ ဒီခန္ဓာကိုယ်ကလည်း သေဆုံးသွားလိမ့်မယ် … ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ သေဆုံးနည်းတွေကိုလည်း ပိုင်ရှင်ကြုံချင်မယ်လို့ မထင်ပါဘူး ...” 


ရွှယ်လင်၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားသွား၏။ သူ့အနာဂတ်အတွက် ကောင်းကောင်း အလုပ်ကြိုးစားပြီး၊ ဇာတ်ဆောင်များ၏ အရေးကိစ္စကိုလည်း ဖြေရှင်းပြီးနောက် ရုတ်တရက်သေဆုံးသွားခြင်းသည် … 


ဘယ်လိုပဲကြည့်ကြည့် ဒါက တကယ့်ကို အချည်းနှီးဖြစ်သွားတာပဲ မဟုတ်လား … 


ထို့ကြောင့် ရွှယ်လင်က လိုအပ်သည်ကိုသာ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ 


သူက ဤဇာတ်ကောင်အား ကောင်းမွန်စွာ တာဝန်ယူ၍ မူလကိုယ်၏ ဆန္ဒများကို ဖြည့်ဆည်းပေးရမည်။ ရွှယ်လင်အတွက် ၎င်းမှာ အတွေ့အကြုံသစ်တစ်ခုပင်ဖြစ်၏။ အဆုံးသတ်တွင် သူက အကြာကြီးနေထိုင်ခဲ့ခြင်း ဖြစ်သော်လည်း အခြားလူတစ်ဦးကဲ့သို့ မနေထိုင်ခဲ့ဖူးချေ။ ၎င်းက သူ့အတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှုမြင်နိုင်၏။ 


စနစ်က သူ့အား စည်းမျဉ်းများကို ချိုးဖျက်ပါက ကမ္ဘာကြီးမှ ဖယ်ထုတ်ခံရနိုင်သည်ဟု ပြောခဲ့သည်ကိုပင် သူစိတ်မရှိတော့။ 


နာရီအနည်းငယ်ကြာ ပျံသန်းရမည်ဖြစ်ရာ ရွှယ်လင် အိပ်စက်လိုက်သည်။ ယခင်ဘဝတွင် သေသည်အထိ အလုပ်လုပ်ခဲ့ရသော ဖိအားများက ယခုထက်ထိ မပျောက်ပျက်သေးချေ။ သူက လက်ရှိအချိန်အား ကောင်းကောင်းခံစားရန် ဆုံးဖြတ်လိုက်၏။ 


လေယာဉ်ပေါ်မှ ဆင်းသည်နှင့် အလုပ်စရတော့မည် ဖြစ်သည်။ 


ရွှယ်လင်၏ ယောက်ဖသည် မတော်တဆမှုအား ကြိုးကိုင်သူ ဖြစ်ကြောင်း ထည့်မတွက်လျှင်ပင် လက်ရှိခေတ်၌ သတင်းပျံ့နှံ့နှုန်းသည် အလွန်လျင်မြန်၏။ ဇနီးဖြစ်သူ၏ ဖုန်းခေါ်ဆိုမှုများကို မဖြေဆိုခြင်းက သူ့အကြံ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ သူက တရုတ်နိုင်ငံသို့ လေယာဉ်နှင့် အမြန်ပြန်လာခဲ့ပြီး ရွှယ်လင်နှင့် တစ်ချိန်ထဲလိုလို ရောက်ရှိလာမှာဖြစ်၏။ 


သူ၏ အကြံအစည်အားလုံး စတင်ပြိုလဲနေပြီ ဖြစ်ကြောင်း ရှုယုံယီ မသိရှိသေးချေ။ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အကြံအစည်အား ချောမွေ့စွာ လုပ်ဆောင်ရန် တွေးလိုက်ရုံဖြင့် သူ့နှုတ်ခမ်းများက စိတ်ကျေနပ်စွာ ကွေးညွှတ်လာ၏။ 


သူတို့က လေယာဉ်အသီးသီးပေါ်၌ ရှိနေကြစဉ် ဝမ်ရှို့ထင်သည် ပစ္စည်းများကို စတင်သိမ်းဆည်းနေသည်။ သူမက နှစ်ဦးပိုင်ပြုလုပ်ထားသည့် အရာတော်တော်များများကို ငွေသားအဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် မှတ်ပုံတင်များနှင့် သူမ၏ လွတ်လပ်ခွင့်နှင့် သက်ဆိုင်သော အရာအားလုံးကို ယူဆောင်ကာ သားကြီးကိုခေါ်၍ အိမ်မှ ထွက်လာခဲ့သည်။ သူက သုံးနှစ်သာ ရှိသေးသော်လည်း သူမ ပြုလုပ်နေသည့် အရာများနှင့် ပတ်သတ်၍ မည်သည့်မေးခွန်းမှ မေးမြန်းခြင်းမပြုချေ။ 


ပုခက်အတွင်းရှိ သားငယ်က အစာကျွေးမည်ကို စောင့်ဆိုင်းနေ၏။ သို့သော် ဝမ်ရှို့ထင်က သူ့အား လျစ်လျူရှုလိုက်သည်။၊ 


မောင်ဖြစ်သူ၏ စကားများကို ကြားပြီးနောက် သူမက သူမ၏ယူဆချက်ကို ဝိုးတဝါးဆုပ်ကိုင်မိနေလေပြီ။ သူမသည် သားငယ်အား တစ်နှစ်ကြာပျိုးထောင်ခဲ့သော်လည်း ချစ်ခင်စိတ် စိုးစဉ်းမျှပင် ရှိမလာခဲ့။ မောင်ဖြစ်သူက သားငယ်အား ခေါ်သွားရန် မပြောသည့်အလျောက် သူမသည်လည်း သူ့အား ထားခဲ့လိုက်တော့မည်။ 


ဝမ်မော့သည် မိခင်နောက်သို့ နာခံစွာ လိုက်ပါလာသည်။ လေယာဉ်ပေါ်သို့ တက်ရောက်ခါနီးမှသာ သူက စိတ်တည်ငြိမ်သွားပုံပေါ်သော မိခင်ကို ကြည့်ရင်း မေးလိုက်၏။


 “သားတို့ ခရီးသွားမလို့လား … ”


ကိစ္စများက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းဖြစ်ရာ ဝမ်မော့က သူ့အား အလွန်ချစ်ခင်ပေးသည့် အဘိုးအဘွားများ ကွယ်လွန်သွားသည်ကိုပင် သဘောမပေါက်သေးချေ။ သူက သူ့မိခင် အလျင်စလိုပြုမူနေခြင်းကိုသာ ဝေခွဲမရဖြစ်နေခြင်း ဖြစ်သည်။ 


ဝမ်ရှို့ထင် သူမ၏ သုံးနှစ်အရွယ်သားလေးအား ပွေ့ဖက်လိုက်သည်။ သူက ရွယ်တူကလေးများထက် ပို၍တိတ်ဆိတ်၏။ အတိတ်က သူမ နှလုံးသားသည် ကလေးအတွက် နာကျင်ခဲ့ရသော်လည်း အလုပ်ရှိနေသည့်အလျောက် သူ့အား ကောင်းစွာ ဂရုမစိုက်နိုင်ခဲ့ချေ။ သူမက ကလေးအား စောင့်ရှောက်ပေးရန် ကလေးထိန်းတစ်ဦးကိုသာ ခေါ်ထားပေးခဲ့၏။ သို့သော် သူက ပို၍သာ တိတ်ဆိတ်လာလေ့ရှိသည်။ သူမက သူ့အား ဆရာဝန်နှင့်ပြသရန်ပင် စဉ်းစားနေခဲ့သည်။ သူမတွင် ယခု အချိန်ရှိပြီဖြစ်ရာ သူ့အား ပို၍ ဂရုစိုက်နိုင်ပြီဖြစ်၏။ 


ဝမ်ရှို့ထင်က သားငယ်၏ မျက်နှာလေးကိုပင့်ကာ ပါးပြင်အား နမ်းလိုက်သည်။


 “မေမေက သားကို ကစားဖို့ခေါ်သွားပေးမလို့လေ … ဦးလေးပြန်လာတာ အတူတူစောင့်ရအောင်နော် … ”


ကလေး၏ မျက်နှာထက်တွင် အမူအရာပြောင်းလဲခြင်း မရှိချေ။ သူက ခေါင်းမော့လိုက်သည်။ 


“အဖေကရော … ”


ဝမ်ရှို့ထင်၏ အမူအရာက တောင့်တင်းသွားသည်။ သူမက ဝမ်မော့သည် ဖခင်အား လွမ်းဆွတ်နေခြင်းဖြစ်သည်ဟု ယူဆလိုက်၏။


 “ဖေဖေက အခုတလော သားနဲ့လာတွေ့နိုင်ဦးမှာ မဟုတ်ဘူး … ”


မျှော်လင့်မထားစွာပင် ဝမ်မော့၏ မျက်လုံးများက လင်းလက်သွားကာ သူ့နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ချို့ပေါ်ပေါက်လာ၏။ 


“အိုခေ … ဖေဖေ လာစရာမလိုပါဘူး … ” 


ဝမ်ရှို့ထင်၏ လက်များတောင့်တင်းသွားကာ သံသယများ ပို၍ ကြီးထွားလာခဲ့သည်။ ရှုယုံယီက ကလေးကို ဘယ်လိုပျိုးထောင်နေခဲ့တာလဲ …


ဝမ်ရှို့ထင်သည် တရုတ်နိုင်ငံတွင် အနည်းငယ် နာမည်ကြီးစပြုနေသည့် ပန်းချီဆရာမတစ်ဦး ဖြစ်၏။ သူမက ပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သူမနာမည်နှင့် ပန်းချီပြပွဲတစ်ခု ပိုင်ဆိုင်ထားသည်။ သူမ၏ သားကြီးအား မွေးဖွားပြီးသည့်နောက် အနားယူချိန်ခဏသာ ယူခဲ့ပြီး အလုပ်ကို ဆက်သွားခဲ့၏။ နောက်ပိုင်းတွင် သူမ၏ သားငယ်အား ထပ်မံမွေးဖွားခဲ့သည်။ သို့သော် သူမက အိမ်တွင် နေလေ့မရှိပဲ ခရီးသွားနေရသည်ကသာ များ၏။ သူမ၏သားကြီးနှင့် အတူတူရှိချိန်မှာ အလွန်နည်းပါးလှသည်။ သူမက သားဖြစ်သူကို ပွေ့ဖက်ရင်း အပြစ်ရှိစိတ်ဝင်လာခဲ့၏။ 


သူမက နူးညံ့ပြီး ကြင်နာတတ်သော လူတစ်ဦးဖြစ်၏။ သို့သော် ခင်ပွန်းဖြစ်သူ၏ သူမကိုယ်တိုင်နှင့် သားဖြစ်သူအပေါ် ဆက်ဆံမှုသည် အနည်းငယ်ထူးဆန်းကြောင်း သူမ ခံစားမိ၏။ အငယ်ဆုံးသားကို မွေးဖွားပြီးချိန်၌ သူမ ပို၍ သတိကြီးကြီးထားဖြစ်ခဲ့သည်။ ထို့ကြောင့် အိမ်တွင်နေ၍ အိပ်ရေးပျက်သည့်ညများကို ရှောင်ရှားရန် သူမက အလုပ်ကိုသာ ဖိလုပ်နေခဲ့ခြင်းဖြစ်ရာ သားဖြစ်သူအား ဂရုမစိုက်မိခဲ့ခြင်းပင်။ 


ယခုမူ ဝမ်ရှို့ထင် ထိုလုပ်ရပ်အား နောင်တရနေလေပြီ။ သူမက ဝမ်မော့အား တင်းတင်းပွေ့ဖက်လိုက်၏။


 “ဟုတ်တယ် … သားက အနာဂတ်မှာ မေမေနဲ့ပဲ နေရမှာ ....”


သူမသည် ဩဇာရှိသော မိသားစုမှ ဆင်းသက်လာခဲ့သူတစ်ဉီးဖြစ်သည်။ ကားမတော်တဆမှုမှာ သာမန်မဟုတ်ကြောင်း သိရသည့်နောက် ဝမ်ရှို့ထင် ကိစ္စတစ်ခုလုံးကို ပုံဖော်နိုင်ခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ခင်ပွန်းသည်၏ သူမနှင့်ပတ်သတ်ပြီး အရေးတယူမရှိမှုနှင့် သူမ၏ ကိုယ်ပိုင်သံသယများကို ထည့်သွင်းစဉ်းစားကြည့်ပါက မောင်ဖြစ်သူ အဘယ့်ကြောင့် ဝမ်မော့နှင့်သူမအား ထွက်သွားခိုင်းရခြင်းဖြစ်ကြောင်း သူမရိပ်စားမိလာလေပြီ။ 


သူမ ဆက်နေနေပါက ရှုယုံယီသည် သူမကိုအသုံးချ၍ သူမ မောင်လေးအား ခြိမ်းခြောက်ခြင်ပင် ပြုလုပ်လာနိုင်သည်။ ထို့အပြင် သူမနှင့် သားကြီး၏ လုံခြုံရေးမှာလည်း အာမမခံနိုင်ချေ။ 


မိဘများသေဆုံးသွားသည့်အတိုင်း သူမတို့နှစ်ဦးသည်လည်း အကွက်ဆင်ခံရနိုင်၏။ 


ရွှယ်လင်က ဝမ်ရှို့ထင်အား သေချာမသိရှိရာ သူမ၏ အတွေးများကိုလည်း မခန့်မှန်းမိချေ။ သူက သူမသည် ရှုယုံယီကြောင့် သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်ကြောင်းကိုသာ သိရှိထား၏။ သူမ၏ သေဆုံးမှုက ဝမ်မော့၏ စိတ်ထဲတွင် အရိပ်ဆိုးကြီးအဖြစ် လိုက်ပါနေပြီး သူ၏ စိတ်ဓာတ်ကျမှုသည် မည်သည့်အခါမှ ပြန်ကောင်းမလာခဲ့တော့ချေ။  


ဝမ်ရှို့ထင် သူပြောသည့်အတိုင်း လုပ်မလုပ်ကိုလည်း သူ သေချာမသိ။ သို့သော် သူမ ထိုအစီအတိုင်း လိုက်နာပါက သူ့အတွက် လှုပ်ရှားရပိုမိုလွယ်ကူသွားလိမ့်မည်။ အဆုံးသတ်တွင် အခြားလူများက ဝမ်ရှို့ယွမ်နှင့် မရင်းနှီးရာ မူလကိုယ်အတိုင်း ဟန်ဆောင်ရန် မလိုအပ်ချေ။ သူက ကိစ္စတိုင်းကို သူ့စိတ်ကြိုက် လုပ်ဆောင်နိုင်၏။ သူမ သူပြောသည့်အတိုင်း မလုပ်လျှင်လည်း ရွှယ်လင် သူမတို့သားအမိအတွက် အခြားအစီအစဉ်တစ်ခု စီစဉ်ထားပြီးသား ဖြစ်၏။ 


X မြို့သို့ လေယာဉ်က ဆိုက်ရောက်လာခဲ့သည်။ ရွှယ်လင်နှင့် ရှုယုံယီသည်လည်း လေဆိပ်သို့ တစ်ချိန်ထဲ ရောက်ရှိခဲ့၏။ 


သူတို့နှစ်ဦး၏ ခရီးအကွာအဝေးမှာ မတူညီသော်လည်း ရှုယုံယီက အချိန်ကိုက် စီမံထားခဲ့ခြင်းဖြစ်သည်။ သို့မှသာ ယောက်ဖဖြစ်သူနှင့် မတော်တဆတွေ့ဆုံသကဲ့သို့ ပြုလုပ်နိုင်မည်ဖြစ်၏။ သို့သော် သူက ပြာယာခတ်နေသည့် ယောက်ဖအား မတွေ့ခဲ့ရချေ။ 


X မြို့ရှိ လေဆိပ်မှာ ကြီးမားသော်လည်း သူတို့က ဆေးရုံ၌ ကြုံတွေ့နိုင်သေးသည်ဟု ရှုယုံယီ ထင်ခဲ့သည်။ သို့သော် သူက ရွှယ်လင်အား မှားယွင်းတွက်ချက်ခဲ့၏။ 


သူက ကြိုတင်အခန်းယူထားသည့် ဟိုတယ်သို့သာ တိုက်ရိုက်သွားရောက်ခဲ့ပြီး ဆေးရုံသို့ အစကတည်းက သွားရန်

မရည်ရွယ်ခဲ့ချေ။ အဆုံးသတ်၌ မိဘများ၏ အလောင်းများကို တစ်စုံတစ်ဦးက သဲလွန်စများ ဖျောက်ဖျက်ပြီးလောက်ပြီ ဖြစ်၏။ သူက အလျင်လိုရန် လုံးဝမလိုအပ်ချေ။