🦊Chapter-10
Arc 2 - လူမှားလက်ထပ်မိခြင်း
2.1 – ကံဆိုးမိုးမှောင်ကျတာ...တကယ့်ကို ကံဆိုးမိုးမှောင်ကျတာပဲ...
ဝမ်ရှို့ယွမ်အိမ်ပြန်ရောက်ချိန်၌ ညီမဖြစ်သူက မူပျက်နေပြီး မိဘများ၏ ယာဉ်တိုက်မှုသည်လည်း သံသယဖြစ်ဖွယ်ကောင်းကြောင်း တွေ့ရှိသွား၏။ သူက မိဘများ၏ ကုမ္မဏီအား ဆက်ခံလိုသော်လည်း ရှယ်ယာအများစုမှာ ယောက်ဖဖြစ်သူထံသို့ လွှဲပြောင်းပြီးသား ဖြစ်နေခဲ့သည်။
သူ့လက်ထဲရှိ ရှယ်ယာများက သူ့ဘဝကို ယူဆောင်သွားမည့် ချိန်ကိုက်ဗုံးတစ်ခုကဲ့သို့ပင်။
မိဘများ၏ မတော်တဆမှုပြီးနောက် ဝမ်ရှို့ယွမ်၏ ညီမ ဝမ်ရှို့ထင်သည် ရေချိုးခန်းထဲတွင် မိမိကိုယ်ကို အဆုံးစီရင်သွားသည်။ ဝမ်ရှို့ယွမ်က သံသယဖြစ်စွာဖြင့် စုံထောက်တစ်ဦးကို ငှားရမ်းကာ စုံစမ်းစေခဲ့သည်။ ထိုအခါ ယောက်ဖဖြစ်သူ၌ အချစ်စစ်လေးရှိနေကြောင်း တွေ့ရှိသွားခဲ့၏။ ယောက်ဖဖြစ်သူနှင့်သူ၏ငယ်ချစ်ဦးတို့က တူညီသောနယ်မြို့မှ လာရောက်ခဲ့ကြခြင်းဖြစ်သည်။
ညီမဖြစ်သူ၏ ဒုတိယကလေးသည် မိန်းကလေးဖြစ်သော်လည်း ယောက်ဖဖြစ်သူနှင့် အချစ်စစ်လေး၏ သားနှင့် ကလေးချင်းလဲခံလိုက်ရသည်။ ထိုကိစ္စအား သိရှိသွားချိန်၌ဝမ်ရှို့ယွမ်အလွန်စိတ်ဆိုးသွား၏။ သူက မိဘများ၏ သေဆုံးမှုနှင့် ပတ်သတ်၍လည်း သဲလွန်စများ တွေ့ရှိသွားကာ မိသားစုအား ဖျက်ဆီးခဲ့သူမှာ ယောက်ဖဖြစ်သူဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ထိုသူက ဝမ်မိသားစု၏ စီးပွားရေးလုပ်ငန်းများကို အပိုင်သိမ်းရန် ကြံစည်ခဲ့ခြင်းဖြစ်၏။
ဝမ်ရှို့ယွမ်၏ မိဘများက ကားမတော်တဆမှုဖြင့် တိမ်းပါးသွားကာ ညီမဖြစ်သူကမူ သေကြောင်းကြံစည်သွားခဲ့သည်။ သူ့တူလေးသည်လည်း စိတ်ကျရောဂါအား ခံစားနေရ၏။ သူက တူမဖြစ်သူအား ပြန်လည်ခေါ်ဆောင်ရန် ကြိုးစားသော်လည်း ယောက်ဖ၏ အကွက်ဆင်ခံလိုက်ရသည်။ မိန်းကလေးတစ်ဦးကို ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အစွပ်စွဲခံလိုက်ရပြီး သူ၏ လက်များကိုလည်း ကားမတော်တဆမှုဖြင့် သွင်သွင်ကျိုးစေခဲ့၏။ နောက်ဆုံးတွင် ယောက်ဖ၏အငယ်အနှောင်းက သူ့တူမအား ရေလှောင်တမံထဲသို့ တွန်းချလိုက်သဖြင့်ဝမ်ရှို့ယွမ်လိုက်လံကယ်ဆယ်ရင်း အသက်ဆုံးရှုံးခဲ့ရရှာသည်။
ဇာတ်ကြောင်းကိုဖတ်ရင်းဝမ်ရှို့ယွမ်သွားများပင် ကိုက်ခဲလာသည်။ သူက ဇာတ်ညွှန်းရေးဆရာသည် ဝမ်ရှို့ယွမ်အား မည်မျှမုန်းတီးနေ၍ ထိုသို့ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိချင်လာမိ၏။
စာအုပ်ထဲရှိ အဓိကဇာတ်ဆောင် အမျိုးသားနှင့်အမျိုးသမီးသည် တောင်ပေါ်ဒေသမှ ကြိုးစားရုန်းကန်ခဲ့ကြသော ငယ်သူငယ်ချင်းနှစ်ဦးဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နက်ရှိုင်းစွာ သံယောဇဉ် ရစ်တွယ်ခဲ့ကြသည်။
သို့သော် ဝမ်ရှို့ထင်၏ တည်ရှိမှုက အားလုံးကို ဖျက်ဆီးသွားခဲ့၏။
သူမက ဩဇာရှိသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အထက်တန်းကျကာ အပြုအမူကောင်းမွန်၏။
အမျိုးသားဇာတ်ဆောင်သည် သူ့အနာဂတ်အတွက် အမျိုးသမီးဇာတ်ဆောင်ကို စိတ်ရှည်လက်ရှည် နားချခဲ့သည်။ ဤသို့ဖြင့် အမျိုးသမီးဇာတ်ဆောင်က အဆိုပါ သရုပ်ဆောင်မှုကို လက်ခံပေးလိုက်ရတော့သည်။ ထို့အပြင် အမျိုးသားဇာတ်ဆောင်က ဝမ်ရှို့ထင် အပေါ် မည်သည့်အခါကမှ မချစ်ခဲ့ချေ။ သူက သူမမိသားစုစီးပွားရေးအတွက်သာ သူမအပေါ် ချစ်ဟန်ဆောင်ခဲ့ခြင်းဖြစ်၏။
ထို့အပြင် ဝမ်ရှို့ထင် ၏ မောင်ဖြစ်သူသည်လည်း ပြင်ပလောကကြီးနှင့် အဆက်ပြတ်နေသူဖြစ်ရာ လှည့်စားရလွယ်ကူသော မိသားစု ဖြစ်သွားခဲ့၏။
နှစ်ကြာရှည် အစီအစဉ်များ၊ ကားမတော်တဆမှုများနှင့် ဇနီးဖြစ်သူ သေကြောင်းကြံစည်သည်အထိ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ အားလုံးသည် အမျိုးသားဇာတ်ဆောင်၏ အကြံဉာဏ်များသာဖြစ်ကြသည်။ တစ်ချိန်ထဲမှာပင် အမျိုးသမီးဇာတ်ဆောင်သည်လည်း သူမ၏ လုပ်ငန်းအား အောင်မြင်အောင် ကြိုးပမ်းနေခဲ့၏။ သူမနှင့် အမျိုးသားဇာတ်ဆောင်၏ သားအရင်းသည် အမျိုးသားဇာတ်ဆောင်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေသည်ဖြစ်ရာ သူမက ဝမ်မိသားစု၏ မျိုးဆက်အစစ်ဖြစ်သော မိန်းကလေးအား စောင့်ရှောက်ရန် အပင်ပန်းခံမနေတော့ပဲ ကလေးထိန်းနှင့်သာ ထားထားလိုက်၏။ ထိုကလေး သေခြင်းရှင်ခြင်းကို သူမ ဂရုမစိုက်ချေ။
အဆုံးသတ်တွင် အမျိုးသားက ဝမ်ကုမ္မဏီကို ရရှိသွားပြီး သူလိုချင်သည့်အတိုင်း ပြောင်းလဲလိုက်သည်။ ထို့နောက် နိုင်ငံတွင် လူသိများကျော်ကြားလှသည့် ဖက်ရှင်ဒီဇိုင်နာနှင့် လက်ထပ်လိုက်၏။ အဆိုပါလက်ထပ်ပွဲအား အားလုံးက ကောင်းချီးပေးခဲ့ကြသည်။
သူမက ကလေးနှစ်ဦးကို ကောင်းမွန်စွာ ဆက်ဆံသည့်အလျောက် အသိုင်းအဝိုင်းတစ်ခုလုံးက ဝိုင်းဝန်းထောပနာပြုခဲ့ကြ၏။
မူလက ကောင်းမွန်စွာ နေထိုင်ခဲ့ကြသော ဝမ်မိသားစုသည် ထိုလူနှစ်ဦး၏ ရေဆိုးများသွန်းလောင်းမှုကြောင့် လူများ၏ မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားခဲ့ရသည်။
ဝမ်ရှို့ယွမ်၏ ကံကြမ္မာအလှည့်အပြောင်းမှလွဲ၍ ဇာတ်ကြောင်းတစ်ခုလုံးသည် စုတ်ချာလှပြီး အရေးအသား ညံ့ဖျင်းလှ၏။ ရွှယ်လင်၏ မျက်လုံးထဲတွင် ဤဝတ္ထုသည် ပိုးမွှားများဖြင့် ပြည့်နှက်နေသည်။
“သူလိုချင်တာဘာလဲ … ကလဲ့စားလား … ” ရွှယ်လင်က စနစ်ကိုမေးလိုက်သည်။
“သူက ဒီပြိုင်ပွဲကို အနိုင်ယူပြီး စန္နယားပညာရှင် ဖြစ်ချင်တယ် … ကမ္ဘာ့အကောင်းဆုံး အနုပညာကျောင်းမှာ တက်ရောက်ဖို့ပေါ့ … သူ့ညီမနဲ့ ကလေးနှစ်ယောက်ကိုကယ်တင်ပြီး အဲဒီ့ လူယုတ်မာစုံတွဲရဲ့ အဆုံးသတ်ကို လိုချင်တယ် … .”
စနစ်က ရွှယ်လင်အား နှစ်ပတ်ပတ်လိုက်သည်။
“ပိုင်ရှင် စန္နယားတီးတတ်လား … ”
ရွှယ်လင် ပြုံးလိုက်သည်။
“မလုပ်နိုင်စရာဘာရှိလို့လဲ … ”
“ကောင်းပြီ … ပြိုင်ပွဲက မကြာခင်စတော့မှာဆိုတော့ ဖုန်းလည်းလာတော့မှာ … ပိုင်ရှင် ပြင်ဆင်ထားတာကောင်းမယ်.. .”
“ဒါပေါ့ … ” ရွှယ်လင်ပြုံးလိုက်သည်။
“အရင်ဆုံး ငါ့အစ်မနဲ့ တူလေးကို ဒီအရှုပ်အထွေးထဲက ဖယ်ပေးရမယ် ...”
မြေခွေးလေး အမြှီးယမ်းလိုက်သည်။ သူ၏ ပိုင်ရှင်မှာ အလွန်ထက်မြက်လှ၏။ သူက ဘာမှမတွေးနိုင်သေးသော်လည်း ပိုင်ရှင်ကမူ အစီအစဉ်အများအပြား ချမှတ်ပြီးပြီဖြစ်သည်။
“အာ … ဟုတ်သားပဲ ...”
စနစ်က ရွှယ်လင်၏ ပုခုံးပေါ်ခုန်တက်လိုက်သည်။ “တစ်ခုပြောဖို့မေ့နေတာ … ဒီခန္ဓာကိုယ် သေဆုံးသွားမှ ပိုင်ရှင် ဒီကမ္ဘာကနေ ထွက်သွားလို့ရမှာနော် … ဒါပေမယ့် ပိုင်ရှင်က သူတို့ခန္ဓာကိုယ်ကို ယူသုံးနေတာဆိုတော့ ပိုင်ရှင် သူတို့ကို သာမန်အတိုင်း အရင်သေဆုံးခွင့်ပေးဖို့လိုတယ် …”
ရွှယ်လင် ခေါင်းညှိတ်လိုက်ပြီး လျင်မြန်စွာ ကတိပေးလိုက်၏။ သူသည်လည်း ယခင်ခန္ဓာကိုယ်၏ ကျန်းမာရေး အခြေအနေနှင့် စောစီးစွာ သေဆုံးမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူ၏ မူလခန္ဓာကိုယ်သည် ပြန်ကောင်းနိုင်စွမ်းမရှိသေးရာ ကမ္ဘာတစ်ခုချင်းစီ၌ အချိန်အနည်းငယ် ပိုနေခြင်းမှာလည်း သူ့အတွက် ပြဿနာမရှိပေ။
အခြားလူများကမူ ရှည်ကြာသော အချိန်မြစ်အတွင်း သူတို့ကိုယ်သူတို့ ပျောက်ဆုံးသွားမည်ကို စိုးရိမ်ကြပေလိမ့်မည်။ သို့သော် ရွှယ်လင်က သက်တမ်းရင့် မြေခွေးတစ်ကောင်ဖြစ်ရာ သာမန်လူတစ်ဦး၏ သက်တမ်းသည် သူ့အတွက် အလွန်တိုတောင်းလှ၏။ ထို့အတူ သံယောဇဉ်တွယ်မိမည်ကိုလည်း စိုးရိမ်ရန် မလိုအပ်ချေ။
စနစ်က ခန့်မှန်းခဲ့သည့်အတိုင်းပင် ဖုန်းမြည်လာ၏။ ရွှယ်လင် ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဖုန်းကို ဖြေကြားလိုက်သည်။
“မမ … ”
“ရှို့ယွမ် … ”
ဝမ်ရှို့ထင် ၏ အသံသည် ရှိုက်သံများဖြင့် ဆို့နင့်နေ၏။ “ဖေဖေနဲ့မေမေ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားကြပြီ … ”
ထိုကဲ့သို့ စကားဖြင့် အစချီလိုက်သည်ကို ကြည့်ရင်း မူလကိုယ်သည် သူ့အစ်မဖြစ်သူအား စိုးရိမ်စိတ်ကြောင့် ပြိုင်ပွဲတွင် အမှားလုပ်ခဲ့မိသည်မှာ မထူးဆန်းဟု ရွှယ်လင် တွေးလိုက်၏။
“မမ ...”
ရွှယ်လင်၏ အသံနိမ့်နိမ့်က ဆွဲငင်မှုတစ်ချို့ ပျော်ဝင်နေပြီး လူများကို စိတ်သက်သာရာရစေ၏။ ဖုန်းမှတဆင့်ကြားရခြင်းဖြစ်ပြီး နိုင်ငံများစွာ ကွာဝေးနေစေကာမူ ဝမ်ရှို့ထင် ၏ ထိတ်လန့်မှုများက မှော်ဆန်ဆန် လွင့်ပါးသွားခဲ့သည်။
“စိုးရိမ်စရာမလိုပါဘူး … မငိုပါနဲ့ ...”
ဝမ်ရှို့ထင် က ထိတ်လန့်မှုမှ ပြန်လည် သက်သာစပြုလာ၏။ သူမက အရေးပေါ်ခန်း၏ အပြင်ဘက်တွင် ထိုင်နေခြင်းဖြစ်ပြီး နံဘေးတွင် မူကြိုမှသွားကြိုလာသည့် အကြီးဆုံးသားရှိနေသည်။ သူမခင်ပွန်းဖြစ်သူက စီးပွားရေးကိစ္စနှင့် အဝေးသို့ရောက်နေသည်ဖြစ်ရာ ဘာမှမတွေးနိုင်ပဲ မောင်ဖြစ်သူကို ဖုန်းဆက်လိုက်ခြင်းပင်။
“မမ … ဘယ်မှာလဲ … ယောက်ဖအနားမှာရှိလား … အခုဘယ်သူနဲ့လဲ …”
ရွှယ်လင်က မှန်ရှေ့တွင်ရပ်လျှက် အဝတ်များကို ပြန့်ပြူးစေကာ ပြိုင်ပွဲအတွက်ပြင်ဆင်လိုက်သည်။ တစ်ချိန်ထဲမှာပင် အစ်မဖြစ်သူကိုလည်း နှစ်သိမ့်ပေးနေ၏။
“မမ …” ဝမ်ရှို့ထင် တစ်ချက်ရှိုက်လိုက်သည်။
“မမ ဝမ်မော့နဲ့အတူ ဆေးရုံမှာရှိနေတာ … မေမေနဲ့ဖေဖေက ကွယ်လွန်သွားကြပြီ .. ယုံယီက အလုပ်ကိစ္စနဲ့ တခြားမြို့ကိုရောက်နေတယ် … မမဘာလုပ်ရမှန်းမသိတော့ဘူး … ဝူး …”
ဝမ်မော့သည် ဝမ်ရှို့ထင် နှင့် ရှုယုံယီ၏ သားကြိီးဖြစ်သည်။ ဖခင်ဖြစ်သူ၏ အေးစက်စက် ဆက်ဆံမှုကြောင့် ဝမ်မော့သည်လည်း စကားနည်းတိတ်ဆိတ်သော ကလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့၏။ သူက နေ့တစ်ဝက်လုံး စကားတစ်ခွန်းမပြောပဲ ဖြတ်သန်းလေ့ရှိသည်။ သူ၏ မိခင်သည် ကြူကြူပါအောင်ငိုနေသော်လည်း သူက စကားတစ်ခွန်းမဆိုခဲ့ချေ။ သူ၏ နာမည်ကဲ့သို့ တိတ်ဆိတ်စွာဖြင့် ဘေးတွင်ရပ်နေသည်။
(ဝမ်မော့နာမည်က 闻墨 ပါ။ တိတ်ဆိတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ )
“မမ … ကျွန်တော် ပြောတာနားထောင် ...”
ရွှယ်လင်မျက်လုံးပင့်လိုက်သည်။
“အိမ်ကိုပြန်ပါ … မမ ကိုယ်ပိုင်အကောင့်တစ်ခုဖွင့်လိုက် … ပိုက်ဆံအဖြစ်ပြောင်းနိုင်တဲ့ အရာအားလုံးကို ရောင်းပြီး အကောင့်ထဲထည့်ပါ … ပြီးရင် မမနဲ့ မော့မော့ရဲ့ စာရွက်စာတမ်းအားလုံးကို ယူပြီး Z မြို့က ဟိုတယ်တစ်ခုမှာသွားနေပါ … ကျွန်တော် ပြန်လာတဲ့အထိ အဲ့မှာပဲနေပါ ...”
“ဟမ် … ”
ဝမ်ရှို့ထင် နားမလည်ဖြစ်သွားသည်။ သူမက ငိုထားသဖြင့် မောပန်းနေသော်လည်း အရူးတစ်ယောက် မဟုတ်ပေ။ သူမ၏မောင်ဖြစ်သူ ပြောသည့်ကိစ္စမှာ မိဘများသေဆုံးမှုနှင့် ဘာမှမသက်ဆိုင်ချေ။
“အမေ၊ အဖေနဲ့ ယုံယီတို့ကရော … ”
ရွှယ်လင်ပြုံးလိုက်သည်။ “မမ … ကျွန်တော့် ပြိုင်ပွဲကစတော့မှာ … ဒါပြီးရင် ကျွန်တော်တို့ မိဘတွေရဲ့ ကိစ္စကို ဖြေရှင်းဖို့ ကျွန်တော် အမြန်ဆုံးလာခဲ့မယ် … ယောက်ဖကိုလည်း ကျွန်တော်ပဲ ဆက်သွယ်လိုက်ပါ့မယ် … ”
“ဒါပေမယ့် ဘာလို့ … ”
“မမ … အဖေတို့ရဲ့ ကားတိုက်မှုက မတော်တဆမဟုတ်ဘူး ...”
ရွှယ်လင်က အမှန်အတိုင်း အေးအေးဆေးဆေး ရှင်းပြလိုက်သည်။
“မမနဲ့မော့မော့အတွက် X မြို့မှာ လုံခြုံမှုမရှိဘူး … ကျွန်တော်ပြောတာ နားထောင်ပါ … ”
ဤနှစ်များအတွင်း ဝမ်ရှို့ထင်သည် ပထမဆုံးအနေဖြင့် သူမ မောင်လေးထံမှ ထိုသို့ပြောကြားသည်ကို ကြုံတွေ့ရခြင်းဖြစ်သည်။ သူမမောင်လေးက ကိုယ်ပိုင်ကမ္ဘာထဲတွင် နစ်မြုပ်မနေတော့ချေ။
ဝမ်ရှို့ထင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုကို တပြိုင်နက်ခံစားလိုက်ရသည်။ သူမသည်လည်း မိဘများ၏ သေဆုံးမှုကို သံသယဝင်နေခဲ့ခြင်းဖြစ်ရာ မောင်ဖြစ်သူ၏ စကားများကြောင့် သံသယများအားလုံး အတည်ပြုပြီးသွားပြီဖြစ်သည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့လျှက် ခေါင်းညှိတ်လိုက်၏။
“ဒါဆို … ချင်းချင်းနဲ့ယုံယီကို မင်းနဲ့လွှဲထားခဲ့မယ် ...”
“စိတ်ချပါ မမ … မော့မော့နဲ့မမရဲ့လုံခြုံရေးကိုပဲ ဂရုစိုက်ပါ … ကျွန်တော် လာခေါ်တာစောင့်နေနော် … ကျွန်တော်တို့ အဲဒီ့အခါကျ ဆွေးနွေးကြတာပေါ့ … ”
“ကောင်းပြီ ...”
ရှုယုံယီသည် ဝမ်မိသားစုတွင်းသို့ လက်ထပ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မူလသဘောတူညီချက်အရ သူနှင့် ဝမ်ရှို့ထင်၏ ပထမဆုံးကလေးသည် ဝမ်မျိုးရိုးအား အမည်ဆက်ခံစေခဲ့သည်။ ထိုကလေးသည် ဝမ်မော့ဖြစ်၏။ ဒုတိယသားဖြစ်သူ ရှုချင်းကမူ ဝမ်ရှို့ထင်၏ ချစ်ခင်မှုအား မရရှိခဲ့ချေ။ သို့သော် ရှုယုံယီကမူ ထိုကလေးအား အလွန်ဂရုစိုက်ပြီး သူ့အနားတွင်သာ တစ်နေ့လုံး ခေါ်ထားလေ့ရှိ၏။
ဝမ်ရှို့ထင်က ထိုကလေးအပေါ် သံသယရှိခဲ့သည်။ သူမ နာနာကျင်ကျင် မီးဖွားပြီးချိန်၌ သူမ မွေးဖွားခဲ့သည်မှာ သမီးလေးဖြစ်ကြောင်း သူနာပြုပြောသည့်အသံကို ကြားလိုက်ရသည်။ သို့သော် သူမ နိုးလာချိန်၌ သူမ ခင်ပွန်းဖြစ်သူ ချီထားသည့်ကလေးမှာ ယောက်ျားလေးသာ ဖြစ်နေခဲ့သည်။ အစက သူမ ထင်မှတ်မှားခြင်းဟု ထင်ခဲ့သော်လည်း ရှုချင်းအပေါ် ချစ်ခင်စိတ်ရှိမလာခဲ့ချေ။
ဖုန်းချပြီးနောက် ရွှယ်လင် တံခါးသွားဖွင့်လိုက်သည်။ သူ့အလှည့်ရောက်ပြီဖြစ်ကြောင်း လာရောက်အကြောင်းကြားသည့် ဝန်ထမ်းသည် ကြောင်အသွား၏။
“မစ္စတာဝမ် … ခင်ဗျားအလှည့်ရောက်ပါပြီ ...”
ရွှယ်လင်က အပြုံးနှင့်တုံ့ပြန်လိုက်သည်။
“ကျေးဇူးပါ … ကျွန်တော့်ကိုလမ်းပြပေးပါ …”
ဝန်ထမ်း မျက်စိကျိန်းသွား၏။ သူ့ရှေ့ရှိ လူငယ်လေးသည် ရည်မွန်ပြီး လှပလွန်းနေသလို ခံစားလိုက်ရသည်.
ဘာလို့ စန္နယားပြိုင်ပွဲဝင်တွေက အနုပညာရှင်တွေထက် ကြည့်ကောင်းနေရတာလဲ … တစ်ခြားလူက သူတို့ကို တည့်တည့်တောင် မကြည့်ရဲတဲ့အထိလေ …
ဩဇာရှိပြီး ချမ်းသာသည့် မိသားစုမှ ကြီးပြင်းလာခြင်းဖြစ်ရာ ရှို့ယွမ်တွင် ကောင်းမွန်သည့် သွင်ပြင်ရှိသည်။ သူက ရုပ်ရည်ချောမောသော်လည်း အေးစက်စက် ပြုမူလေ့ရှိသဖြင့် ဆွဲဆောင်မှုကျဆင်းသွားခြင်း ဖြစ်၏။ ယခုမူ ရွှယ်လင်က အစားဝင်လာပြီဖြစ်ရာ မူလကိုယ်၏ မျက်နှာသွင်ပြင်များနှင့် ရွှယ်လင်၏ လှပသော မျက်ဝန်းတစ်စုံတို့ ပေါင်းစပ်လိုက်ချိန်၌ အလွန်တောက်ပသော အသွင်အပြင်ကို ဖြစ်ပေါ်လာစေ၏။ သူ့မျက်လုံးထောင့်ရှိ မှဲ့ကလေးသည်လည်း ပြုံးလိုက်တိုင်း ပိုမို၍ ဆွဲဆောင်မှုရှိနေစေသည်။
စနစ်က ရွှယ်လင်၏ ပုခုံးပေါ်မှ သတိပေးလိုက်သည်။
“အရမ်းမြန်မြန် မပြောင်းလဲပစ်နဲ့ဦး … လူတွေသတိပြုမိသွားရင် ကမ္ဘာကြီးက ပိုင်ရှင့်ကို ချက်ချင်းဖယ်ထုတ်ပစ်လိမ့်မယ် ...”
ရွှယ်လင်က နားလည်သည့် အသံပြုလိုက်ပြီး လွတ်လပ်ပေါ့ပါးသည့် လေထုအား ပြန်လည်ရုတ်သိမ်းကာ အပြုံးကို ချက်ချင်းပြင်ဆင်လိုက်သည်။ ဝန်ထမ်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်၏။
ဝန်ထမ်းက လူငယ်လေး အပြုံးကို ရုတ်သိမ်းလိုက်ခြင်းအား အမှန်တကယ် ကျေးဇူးတင်နေမိသည်။ သူက လူငယ်လေး၏ အနား၌ ရပ်ရန်ပင် မထိုက်တန်သလို ခံစားလိုက်ရ၏။
ဂီတပြိုင်ပွဲသည် နိုင်ငံတကာ ပြိုင်ပွဲဖြစ်ပြီး အနောက်နိုင်ငံရှိ ထင်ရှားသော ခန်းမတွင် ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာအနှံ့မှ ပြိုင်ပွဲဝင်များ လာရောက်ယှဉ်ပြိုင်ကြ၏။ ရွှယ်လင်သည် သူ့ဝတ်စုံကို ပြင်ဆင်ရင်း အခမ်းအနားမှူး၏ မစ္စတာဝမ်ဟူသော အသံကို နားစွင့်လိုက်သည်။
သူစန္နယားတီးရန်ပြင်နေစဉ် တစ်လျှောက်လုံး မူလခန္ဓာကိုယ်၏ ခံစားချက်များ စီးဝင်လာသည်ကို ခံစားလိုက်ရ၏။ ရွှယ်လင်က နည်းလမ်းအချို့သုံးရုံဖြင့် အားလုံးကို မျက်ရည်ကျအောင် စွမ်းဆောင်နိုင်သည်။ သူ၏ ပြိုင်ပွဲဝင်တီးလုံးသည် ခံစားချက်များပြည့်နှက်နေပြီး လှပသော ကမ္ဘာကြီးအား ရိုးရှင်းစွာ အသိအမှတ်ပြုမည့် တီးလုံးဖြစ်သည်။
ရွှယ်လင်က စန္နယားတီးဟန်ကို မပြောင်းလဲခဲ့ချေ။ နည်းပညာအချို့ကိုသာ ထည့်သွင်းခဲ့ခြင်းဖြစ်၏။
ကမ္ဘာပေါ်၌ ကြာရှည်စွာ နေထိုင်ခဲ့ရခြင်းဖြစ်ရာ အရာအားလုံးကို သင်ကြားဖြစ်ခဲ့သည်။ ရွှယ်လင်၌ ဝါသနာမျိုးစုံရှိ၏။ စန္နယားတီးခြင်းကို လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းက သူသင်ယူခဲ့ခြင်းဖြစ်သည်။
သူက ကမ္ဘာအနှံ့အပြားရှိ ဆရာများထံသွားရောက်၍ စန္နယားပညာ သင်ယူခဲ့၏။ ထို့နောက် တံခါးပိတ်လေ့ကျင့်လေ့ရှိသည်။ သူနောက်တစ်ကြိမ် ထွက်ပေါ်လာချိန်၌ နောက်ထပ် ဝါသနာတစ်မျိုးကို ဆက်လက်သင်ယူ၏။
စန္နယားတီးဟန်သည် သူဖြည်းဖြည်းချင်း ပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ သို့သော် မူလကိုယ်၏ ခံစားချက်များ ဖော်ပြပုံကိုလည်း သူသဘောကျပေသည်။
ထက်မြက်သော ပါရမီရှင်လေးသည် စင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။ ဆံပင်အားလုံးကို သေသပ်စွာ ဖြီးသင်ထားသည့် အလျောက် နူးညံ့လှပသော မျက်နှာအား အတိုင်းသားတွေ့မြင်နေရ၏။ သူ၏ ဖြောင့်မတ်သော ပုံရိပ်သည် ဝတ်စုံအောက်တွင် ချပ်ရပ်စွာရှိနေသည်။ အရှေ့တိုင်းသားတစ်ဦး ဖြစ်သည့်အလျောက် သူက အရပ်မရှည်သော်လည်း ခြေထောက်များကမူ သွယ်လျနေ၏။
သူက နှုတ်ဆက်သည့် အနေဖြင့် ဦးညွှတ်လိုက်သည်။ မျက်နှာပြန်မော့လိုက်ချိန်တွင် သူ၏ လှပသောမျက်ဝန်းများကို အားလုံးတွေ့လိုက်ရ၏။
ထိုမျက်လုံးများသည် ကမ္ဘာကြီးအား ချစ်ခင်စွာဖြင့် တောက်ပနေသည်။
သူက စန္နယားခုံတွင် ထိုင်ချလိုက်ရင်း ခလုတ်များကို ထိတွေ့လိုက်၏။
တီးလုံးသံ ထွက်ပေါ်လာသည်။ အားလုံး၏ အကြည့်များက သူ့ထံသို့ ရွေ့လျားသွား၏။
သူ၏ တီးလုံးသံသည် စတင်ကတည်းက အားလုံး၏နှလုံးသားများကို သိမ်းပိုက်လိုက်ပေပြီ