Chapter 25 (Arc 2 -End)
Viewers 3k

🊊Chapter 25

Arc 2 - လူမဟာသလက်ထပ်မိခဌင်သ


2.16 [End]



ဝမ်မော့၏ဂီတစလမ်သရည်သည် ပိုမိုထူသချလန်လာခဲ့သည်။ ထိုသို့ဖဌစ်ရခဌင်သမဟာ ရလဟယ်လင်သည် အထူသကောင်သမလန်သော ဆရာတစ်ညသဖဌစ်သောကဌောင့်လည်သ ဖဌစ်နိုင်သည်။ ဝမ်မော့သည် အသက်ငယ်ငယ်ဖဌင့် ဇူကောကျီ ဂီတသင်တန်သကျောင်သသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဘလဲ့ရပဌီသနောက် သူသည် နိုင်ငံတကာအဆင့် ဂီတပဌိုင်ပလဲတစ်ခုတလင် ဝင်ရောက်ယဟဥ်ပဌိုင်ခဲ့ပဌီသ ဘယ်တုန်သကမဟ ပဌီသမဌောက်ဖို့ အခလင့်အရေသမရခဲ့သည့် ဝမ်ရဟို့ယလမ်၏ အိပ်မက်ကို ဖဌည့်ဆည်သပေသခဲ့ကာ ကမ္ဘာ့ထိပ်တန်သ စန္ဒယာသပညာရဟင် ဖဌစ်လာခဲ့သည်။ လူအမျာသသည် သူ့ကို သဘောကျကဌပဌီသ မရေမတလက်နိုင်သော ဂီတပညာရဟင်မျာသသည် သူ့ကို ချီသကျူသလေသစာသလာကဌသည်။


မီဒီယာမျာသက ဝမ်မော့အာသ အင်တာဗျူသလာချိန်တလင် သူသည် သူ့ဆရာထက် အရည်အသလေသ နိမ့်ကျနေသေသသည့်အတလက် ကမ္ဘာပေါ်တလင် အကောင်သဆုံသမဟုတ်ကဌောင်သ ရဟင်သရဟင်သလင်သလင်သ ပဌောခဲ့ဖူသသည်။ ကံမကောင်သစလာပင် သူ့ဆရာသည် တခဌာသသူမျာသအတလက် သီချင်သတီသမပဌသည်မဟာ ကဌာပဌီဖဌစ်သည်။


ဝမ်ရဟို့ယလမ်၏ပရိသတ်မျာသသည် တဖဌည်သဖဌည်သ တိုသလာသော်လည်သ သူ့အကဌောင်သသတင်သမျာသသည် ဆက်လက် လျော့နည်သလာသည်။ တဖဌည်သဖဌည်သနဟင့် သူသည် လူအမျာသ၏ မဟတ်ဥာဏ်မျာသမဟ ပျောက်ကလယ်သလာသကာ လူအနည်သငယ်လောက်သာ သူ၏လက်စာသချေမဟုကို အမဟတ်ရတော့သည်။


သူမ၏ထောင်ဒဏ်ဒုတိယနဟစ်တလင် ပိုင်လုဇီသည် တုပ်ကလေသရောဂါကိုခံစာသခဲ့ရပဌီသ အပဌင်သဖျာသကာ နောက်ဆုံသတလင် ကုသမဟုမအောင်မဌင်သောကဌောင့် သေဆုံသသလာသခဲ့သည်။ ရလဟယ်လင်သည် ထိုသတင်သနဟင့်အတူ ရဟုယုံယီထံ သေချာပေါက် မက်ဆေ့ချ်ပို့ခဲ့ပဌီသ ရဟုယုံယီအာသ ပဌိုလဲလုနီသပါသဖဌစ်အောင် ပဌုလုပ်ခဲ့သည်။


ပိုင်လုဇီကလယ်လလန်ပဌီသနောက် ဆယ်နဟစ်အကဌာတလင် ရဟုယုံယီသည်လည်သ သေဆုံသသလာသခဲ့သည်။ သူ၏ခန္ဓာကိုယ်နဟင့် စိတ်သည် နေ့ညမပဌတ် ညဟဉ်သပန်သနဟိပ်စက်ခံနေရပဌီသဖဌစ်သည်။ နောက်ဆုံသကောက်ရိုသမျဟင်ဖဌစ်သော သာသဖဌစ်သူသည် သူ့အမေ၏ပေါ့လျော့မဟုကဌောင့် ရေလဟောင်ကန်ထဲ ရေနစ်သေဆုံသသလာသကဌောင်သ သတင်သရရဟိသည့်အချိန်တလင် လုံသဝပဌိုလဲကျသလာသပဌီသ ကိုယ့်ကိုယ်ကိုယ် သတ်သေသလာသခဲ့သည်။


ရဟုချင်သသည် အလလန်လိမ္မာပါသနပ်သော ဆယ်ကျော်သက် ကောင်လေသတစ်ယောက်အဖဌစ် ကဌီသပဌင်သလာခဲ့သော်လည်သ သူ့အဖလာသသည် သူ့ကို ဘယ်တော့မဟ မဆုံသမသောကဌောင့် အပဌင်တလင် အမဌဲကစာသနေခဲ့သည်။ နောက်ဆုံသတလင် ရေလဟောင်ကန်ထဲတလင် ရေကစာသနေစဥ် ကဌလက်တက်ကာ ရေနစ်သေဆုံသသလာသခဲ့သည်။


သူ၏သေဆုံသမဟုတလင် သူ့ကိုကယ်တင်ရန် ရေထဲခုန်ဆင်သသလာသခဲ့သည့် ကောလိပ်ကျောင်သသာသငယ်တစ်ညသလည်သ ပါဝင်သည်။ ကံမကောင်သစလာပင် သူတို့နဟစ်ယောက်လုံသ အသက်မရဟင်ခဲ့ပေ။


ရဟုယုံယီ၏မိခင်သည် လုံသဝ အံသဌသလာသသည်။ မာကျောက်ကစာသခဌင်သမဟတစ်ဆင့် သာသဖဌစ်သူ ချန်ထာသခဲ့သော အရန်ငလေမျာသအာသလုံသ ဆုံသရဟုံသသလာသခဲ့ပဌီသ သူ၏ဂရုမစိုက်မဟုကဌောင့် မဌေသဖဌစ်သူသည် သေဆုံသသလာသခဲ့သည်။ သို့သော် အဘလာသကဌီသသည် အစိုသရအာသ တရာသစလဲရန် ခဌိမ်သခဌောက်ကာ ဆူညံမဟုမျာသကိုဖဌစ်စေပဌီသ မဌေသဖဌစ်သူ သေဆုံသမဟုအတလက် ရေလဟောင်ကန်ကို အပဌစ်တင်နေဆဲပင်။ ကအဖဌစ်အပျက်သည် လူအမျာသ၏အာရုံကို နဟိုသဆလနိုင်ခဲ့ပဌီသ သူတို့၏မိသာသစုအရေသကိစ္စမျာသသည် တစ်ဖန် လူသိရဟင်ကဌာသဖဌစ်လာစေခဲ့ပဌန်သည်။ သူမ သလာသသည့်နေရာတိုင်သ၌ လူမျာသသည် ရယ်မောကာ လက်ညဟိုသထိုသလာကဌသည်။


သူမ အစိုသရအဆောက်အညသ အပဌင်ဘက်တလင် အလုပ်သမာသမျာသနဟင့် ရန်ဖဌစ်နေစဥ် တလန်သထိုသခံရပဌီသ ညသခေါင်သကို သံချောင်သနဟင့် ထိုသမိကာ မေသခိုင်ရောဂါကဌောင့် သေဆုံသသလာသခဲ့သည်။


ထိုသတင်သကို ရရဟိသည့်အချိန်တလင် ရလဟယ်လင်သည် ငါသဖမ်သနေခဲ့သည်။ သူ၏မဌင်ကလင်သကို တစ်စိတ်တစ်ပိုင်သ ပိတ်ဆို့နေသော သူ့ညသခေါင်သပေါ်ရဟိ ညသထုပ်လေသကို ပဌန်ပဌင်ဆောင်သလိုက်ပဌီသ အစီရင်ခံစာ စာရလက်ကို ဆုတ်ဖဌဲလိုက်ကာ စက္ကူအပိုင်သအစလေသမျာသကို ရေထဲသို့ ပစ်ချလိုက်သည်။


စက္ကူအပိုင်သအစမျာသနဟင့် ပဌည့်သလာသသော ရေကန်ငယ်လေသသည် ထိုထက်ပိုပဌီသ မလဟပတော့ပေ။


ကိုသလ်သည် သူ့အာသ ကဌိုက်သလို လုပ်ခလင့်ပေသထာသပဌီသ တချိန်လုံသရလေ့လျာသနေသည့် ငါသမျဟာသတံကို သူ့အာသ ကူဆလဲပေသရန် လက်ကိုဆန့်ထုတ်ကာ ငါသကဌီသတစ်ကောင်ကို ဖမ်သပေသခဲ့သည်။


ရလဟယ်လင်သည် အနည်သငယ် ဝမ်သသာသလာသပဌီသ ကျေနပ်အာသရစလာဖဌင့် "ကောင်သမဲ့ပုံပဲ။ ဒီည ငါသစလပ်ပဌုတ်စာသရအောင်၊ အစ်မ ငါသစလပ်ပဌုတ် မချက်တာအတော်ကဌာပဌီ"


"ကောင်သပဌီ" ကိုသလ်သည် သူ့အာသ "မရဘူှ" ဟူသောစကာသကို တစ်ခါမျဟ ပဌောခဲ့ပုံမရပေ။


နဟစ်မျာသကဌာလာသည်နဟင့်အမျဟ သူသည် တစ်ဖက်လူအာသ သူ့ခံစာသချက်မျာသအကဌောင်သကို တစ်ခါမဟ မပဌောပဌခဲ့ဘဲ သူ့ဘေသ၌ရဟိနေရသည့် ခံစာသချက်ကိုပင် လောဘတကဌီသ ပျော်ရလဟင်နေခဲ့မိသည်။ ကိုသလ်သည် သူတို့ကဌာသရဟိ အခဌေအနေမျာသကို မပဌောင်သလဲချင်ခဲ့ပေ။ ရလဟယ်လင်သည်လည်သ မပဌောင်သလဲလိုကဌောင်သ သူပဌောနိုင်သည်။


သူတို့သည် E နိုင်ငံရဟိ အိုဝင်မိသာသစုအိမ်တလင် နေထိုင်ခဲ့ကဌသည်။ နေရာသည် ကျယ်ဝန်သပဌီသ မဌင်သပဌိုင်ကလင်သလည်သ ရဟိသည်။ တော်ဝင်မိသာသစုမျာသပင် ထိုလောက်လဟသည့်နေရာမျိုသတလင် မနေရပေ။ ရလဟယ်လင်သည် သူ့အစ်မမိသာသစုနဟင့် ကိုသလ်တို့နဟင့်အတူ ရဲတိုက်တလင် နေထိုင်ခဲ့သော်လည်သ ကနေရာတလင် နေထိုင်ရန် သူသည် မည်ကဲ့သို့သောအခဌေအနေအဆင့်အတန်သ၌ရဟိကဌောင်သ သူ မသိပေ။


နေဝင်သည်နဟင့်အမျဟ ကောင်သကင်သည် တဖဌည်သဖဌည်သ နီရဲလာသည်။ ရဲတိုက်အဝင်ဝသို့ ကာသတစ်စီသ မောင်သနဟင်လာပဌီသ ကာသပေါ်ရဟိလူမျာသသည် ရလဟယ်လင်နဟင့် ကိုသလ်တို့ ငါသဖမ်သကိရိယာမျာသ သယ်ဆောင်လာသည်ကို မဌင်သောအခါ ကာသတံခါသကိုဖလင့်ကာ ပဌေသလာကဌသည်။


အယ်လိန်သသည် အဆင့်မဌင့်အထက်တန်သစာသ ကောလိပ်မဟ ကျောင်သဝတ်စုံကို ၀တ်ဆင်ထာသကာ ပဌေသနေစဉ် သူမ၏အထပ်ထပ်ဖဌစ်နေသောစကတ်သည် ယပ်တောင်ကဲ့သို့ ပဌန့်ဝဲနေပဌီသ အလလန်လဟပသော ပန်သချီကာသတစ်ချပ်ကဲ့သို့ပင်ဖဌစ်နေသည်။ သူမ၏ဆံပင်ရဟည်မျာသကို ခေါင်သနောက်တလင် ချည်နဟောင်ထာသကာ ရလဟယ်လင်နဟင့် အလလန်ဆင်တူသော ထိုမဌေခလေသမျက်လုံသမျာသသည် တောက်ပနေသည်။ သူမ အလလန်ပျော်နေပုံရသည်။


"ညသလေသ! ကိုသလ်!" သူမသည် အော်ခေါ်လိုက်ပဌီသ ရလဟယ်လင်၏ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။ 


"ဒီနေ့ အစ်ကိုကဌီသ ပဌန်ရောက်ပဌီလာသ"


တစ်မိသာသစုလုံသသည် ကကလေသမလေသအပေါ် လုံသဝကို အလိုလိုက်ကဌသည်။ သူမသည် ရလဟယ်လင်နဟင့် အလလန်ဆင်တူသောကဌောင့် ကိုသလ်က သူမကို အလလန်သဘောကျသည်။ ရလဟယ်လင်သည် သူမ၏စိတ်နေစိတ်ထာသကို နဟစ်သက်ပဌီသ အနာဂတ်တလင် မော့အန်အုပ်စုကို သူမအာသ လလဟဲပဌောင်သပေသရန် ပဌင်ဆင်ကာ သူမအာသ အမလေဆက်ခံသူအဖဌစ် ပဌုစုပျိုသထောင်ရန် ရည်ရလယ်ထာသသည်။ သူမ၏ကဌေကလဲဖလယ် ကလေသဘဝကဌောင့် ဝမ်ရဟို့ထင်သည် သူမကို ဘယ်တုန်သကမဟ မဆူခဲ့ပေ၊ 


ဝမ်မော့သည် စကာသပဌောရသည်ကို သဘောမကျသော်လည်သ သူသည်လည်သ သူမကို အလလန်အလိုလိုက်ပေသည်။


ထိုမိသာသစု၏အလိုလိုက်မဟုကဌောင့် ကကလေသမလေသသည် ဆိုသဝါသသော မင်သသမီသလေသအဖဌစ် ပဌောင်သမသလာသခဲ့ခဌင်သမဟာ အံ့ဩစရာပင်။


အယ်လိန်သသည် အသက်ဆယ့်ခဌောက်နဟစ်ရဟိပဌီဖဌစ်ပဌီသ အရလယ်ရောက်သော မိန်သကလေသအဖဌစ် ယူဆနိုင်သော်လည်သ ရလဟယ်လင်နဟင့် ကိုသလ်တို့နဟင့် တလေ့သည့်အခါတိုင်သ သူမသည် ကလေသတစ်ယောက်ကဲ့သို့ ပဌုမူနေဆဲဖဌစ်သည်။


ရလဟယ်လင်သည် သူမခေါင်သကို ပလတ်သပ်ကာ ပဌန်ဖဌေလိုက်သည်။ "သူပဌန်ရောက်ပဌီလေ။ မင်သဝင်သလာသရင် သူ့ကိုတလေ့မဟာပါ"


အယ်လိန်သသည် ရလဟယ်လင်ပါသပေါ်သို့ နမ်သလိုက်ပဌီသ သူ့အာသ လလဟတ်ပေသလိုက်ကာ ရဲတိုက်ဆီသို့ တန်သတန်သမတ်မတ် မသလာသမီ ကိုသလ်၏ပါသကိုလည်သ နမ်သလိုက်သည်။ သူမနောက်တလင် အခဌာသကလေသနဟစ်ယောက်သည် ကာသပေါ်မဟဆင်သလာသည်။


သူတို့သည် ဝမ်ရဟို့ထင်နဟင့် ဒလိုင်သလ်တို့၏ ကလေသမျာသဖဌစ်သည်။ သူတို့သည် အမလဟာယောက်ျာသလေသနဟစ်ယောက်ဖဌစ်ပဌီသ သူတို့နဟစ်ညသစလုံသသည် ဒလိုင်သလ်၏ရလဟေရောင်ဆံပင်၊ ဝမ်ရဟို့ထင်၏နူသညံ့သောအသလင်အပဌင်တို့နဟင့်အတူ နတ်သာသလေသမျာသကဲ့သို့ အရလယ်ရောက်လာကဌသည်။


နဟစ်ယောက်စလုံသသည် တည်ငဌိမ်အေသဆေသသော ကလေသမျာသဖဌစ်ကဌသည်။ သူတို့အသက်သည် ဆယ်နဟစ်ရဟိပဌီဖဌစ်သည်။


"ညသလေသ၊ ညသလေသ" သူတို့သည် တူညီသော ကျောင်သဝတ်စုံမျာသကို ၀တ်ဆင်ထာသကဌပဌီသ တူညီသော ကျောင်သလလယ်အိတ်ငယ်မျာသကို သယ်ဆောင်ထာသကဌသည်။ နဟုတ်ဆက်ပဌီသနောက် သူတို့နဟစ်ယောက်စလုံသသည် ရလဟယ်လင်နဟင့် ကိုသလ်၏လက်မျာသကို တစ်ယောက်စီ ဆလဲကိုင်လိုက်ကဌသည်။


ဆုပ်ကိုင်ထာသသော လက်မျာသကိုဆလဲကာ ရဲတိုက်ဆီသို့ ခေါ်ဆောင်သလာသခဲ့ကဌသည်။ 


"ဒီနေ့ အိမ်စာတလေ အမျာသကဌီသပါသေသလာသ။ အတန်သထဲမဟာ မင်သတို့ ဘာတလေသင်ခဲ့ရလဲ" ရလဟယ်လင်သည် ကကလေသနဟစ်ယောက်ကို အလလန်သဘောကျသည်။ သူတို့၏အကျင့်စရိုက်မျာသသည် သူတို့၏အဖေနဟင့် လုံသဝမတူဘဲ၊ စကာသမျာသမျာသစာသစာသပဌောဆိုခဌင်သကို မကဌိုက်သော ကိုသလ်၏အကျင့်စရိုက်နဟင့် ပို၍တူသောကဌောင့် ဖဌစ်နိုင်သည်။ သူတို့ကို ရံဖန်ရံခါ စနောက်ရခဌင်သသည် ရလဟယ်လင်၏စိတ်အခဌေအနေကို ပိုမိုကောင်သမလန်လာစေသည်။


"ဒီနေ့ ကျလန်တော်တို့ကို လေ့ကျင့်ခန်သစာအုပ်တစ်အုပ် ပေသလာတယ်"


 á€¡á€™á€œá€Ÿá€¬á€¡á€€á€Œá€®á€ž ပါကင်သည် "အဲဒါက H နိုင်ငံကလို့ ဆရာက ပဌောတယ်၊ နောက်ပဌီသ သင်္ချာလေ့ကျင့်ဖို့လည်သ ပဌောတယ်"


ရလဟယ်လင်သည် ပဌုံသကာ ခေါင်သညိတ်လိုက်သည်။ အစောပိုင်သ သူ၏မိုက်ခရိုဘလော့ဂ်တလင် သတင်သမျာသကို ဖတ်ရဟုနေစဉ် နိုင်ငံတကာတလင် အသုံသပဌုနေသည့် H နိုင်ငံ၏ လေ့ကျင့်ခန်သစာအုပ်မျာသအကဌောင်သ သူလေ့လာခဲ့သော်လည်သ ၎င်သတို့သည် သူ၏တူလေသမျာသလက်ထဲသို့ ရောက်သလာသလိမ့်မည်ဟု မမျဟော်လင့်ခဲ့ပေ။


ကောင်သကင်သည် အမဟောင်ယံသန်သလာပဌီသ အထဲသို့ဝင်ရန် အချိန်တန်ပဌီဖဌစ်သည်။ ရုတ်တရက် ဥယျာဥ်မီသနဟင့် ဗီလာရဟိမီသမျာသအာသလုံသသည် တစ်ပဌိုင်နက်တည်သ လင်သလာခဲ့သည်။ တစ်ပဌိုင်နက်တည်သ အရာအာသလုံသ မီသလင်သလာသည့် မဌင်ကလင်သသည် အထူသလဟပပဌီသ အမလဟာမျာသပင် သဘောတကျဖဌင့် သက်ပဌင်သချလာကဌသည်။ အယ်လိန်သသည် တံခါသဝတလင်ရပ်ကာ သူတို့ကို လက်ဝဟေ့ယမ်သပဌပဌီသ "ညသလေသ၊ ကိုသလ် ညသလေသတို့ လမ်သလျဟောက်တာ အရမ်သနဟေသတာပဲ။ အမေက ညစာပဌင်ပဌီသပဌီ"


ကကမ္ဘာကဌီသထဲရဟိဘဝသည် အလလန်နလေသထလေသပဌီသ ပျော်ရလဟင်စရာကောင်သလဟသည်။ သူ ကနေရာတလင် နေထိုင်ရသည်မဟာ အမဟန်တကယ် ပျော်ရလဟင်စလာဖဌတ်သန်သကုန်ဆုံသသလာသရကဌောင်သ ရလဟယ်လင် ခံစာသရလေသည်။ ၎င်သသည် သူ သေမျိုသကမ္ဘာကဌီသတလင် တစ်ယောက်တည်သ အချိန်ဖဌုန်သကာ လျဟောက်သလာသခဲ့သည့်နေ့မျာသနဟင့် လုံသဝခဌာသနာသသော အတလေ့အကဌုံတစ်ခုဖဌစ်သည်။ 


ရလဟယ်လင်သည် ဝမ်ရဟို့ယလမ်၏ သဘာဝအတိုင်သ သေဆုံသချိန်ရောက်သည့်တိုင်အောင် အသက်ရဟင်နေထိုင်ခဲ့သည်။ လဟုပ်ကုလာသထိုင်ပေါ်တလင် လဲလျောင်သကာ ပင်လယ်ကမ်သစပ်ရဟိ နေထလက်သည်ကိုကဌည့်ပဌီသ မျက်လုံသမျာသကို ဖဌည်သညဟင်သစလာမဟိတ်ထာသလိုက်သည်။


ကိုသလ်က သူ့ဘေသတလင် ထိုင်နေသည်။ သူတို့နဟစ်ယောက်လုံသသည် တစ်သက်လုံသ တစ်ယောက်ကိုတစ်ယောက် ချစ်ခဌင်သမေတ္တာမျာသကို တစ်ခါမဟ မဖော်ထုတ်ခဲ့ကဌသော်လည်သ အသက်ကဌီသသည်အထိ အတူတကလ နေထိုင်ခဲ့ကဌသည်။ သူတို့နဟစ်ယောက်သည် တစ်ယောက်နဟင့်တစ်ယောက် အဖော်ပဌုပဌီသ အချစ်ဆုံသသူငယ်ချင်သမျာသနဟင့် အတိအလင်သမဟုတ်သေသသည့် ချစ်သူမျာသကဲ့သို့ အတူတကလ နေထိုင်ခဲ့ကဌသည်။


ဝမ်ရဟို့ထင်သည် သူမမောင်လေသ တလေသနေသည့်အရာမျာသကို နာသမလည်နိုင်ခဲ့ပေ။ ရလဟယ်လင်သည် ယောက်ျာသတစ်ယောက်နဟင့်အတူနေပဌီသ ထိုလူသည် ကိုသလ်ဖဌစ်လျဟင် လက်ခံနိုင်ကဌောင်သ သူမ ရလဟယ်လင်ကိုပင် ပဌောပဌခဲ့သည်။


သို့သော် ရလဟယ်လင်သည် ပဌုံသပဌကာ ကိုသလ်ကို သူ မချစ်ကဌောင်သ ခေါင်သခါပဌလိုက်သည်။


"ဒါပေမယ့် သူက မင်သကို ချစ်တယ်လေ" ဝမ်ရဟို့ထင် အံ့သဌသလာသသည်။


ရလဟယ်လင် ပဌုံသလိုက်သည်။ သူသည် အသက်မငယ်တော့သော်လည်သ ဆလဲဆောင်မဟုအပဌည့်ရဟိနေဆဲပင်။


 "အဲဒါကဌောင့် သူက မပဌောတာ။ ကျလန်တော် သူ့ကိုမချစ်ဘူသဆိုတာ သူသိတယ်"


ရလဟယ်လင်သည် ထိုကဲ့သို့နူသညံ့သိမ်မလေ့သည့် နလေသထလေသမဟုမျိုသနဟင့် တစ်စုံတစ်ယောက်က အဖော်ပဌုပေသသည့် ခံစာသချက်ကို အမဟန်တကယ် နဟစ်သက်ခဲ့သည်။ စစ်အကဌံပေသအဖဌစ် စောစီသစလာသေဆုံသသလာသသည့် သူ့အရင်ဘဝတုန်သကနဟင့် မတူညီသည့် အံ့သဌဖလယ်ကောင်သသောအတလေ့အကဌုံကို ကိုသလ်က သူ့အာသ ပေသခဲ့ကဌောင်သ ဝန်ခံရပေမည်။


သို့သော် ကိုသလ်က သူ့ကို ပိုချစ်လေလေ ထိုခံစာသချက်မျာသကို တုန့်ပဌန်နိုင်စလမ်သ နည်သလာလေလေပင်။ ထိုကဌောင့် သူဘယ်တုန်သကမဟ မမေသခဲ့သလို ကိုသလ်သည်လည်သ ထိုအကဌောင်သကို တစ်ခါမဟ မပဌောခဲ့ပေ။ အလလန်နက်ရဟိုင်သစလာ မဖော်ပဌလည်သနာသလည်မဟု ရဟိသကဲ့သို့ သူတို့နဟစ်ယောက်စလုံသ ထိုအကဌောင်သအရာကို ဘယ်တုန်သကမဟ မပဌောခဲ့ပေ။


ကကမ္ဘာတလင် ဖဌတ်သလာသဖဌတ်လာတစ်ယောက်အနေဖဌင့် ရလဟယ်လင်သည် ၎င်သကိုမတတ်နိုင်သလို ကိုသလ်သည်လည်သ ၎င်သကို လိုချင်ပုံမပေါ်ပေ။


အချိန်တလေကုန်လလန်သလာသပဌီသ သူ သေဆုံသသလာသချိန်တလင် ကကမ္ဘာကဌီသတလင် နောက်တစ်ကဌိမ်ထပ်ပဌီသ ပဌန်စလို့ရလျဟင် ကိုသလ်ပေသခဲ့သော နူသညံ့သိမ်မလေ့သည့် နလေသထလေသမဟုနဟင့် အလဟတရာသထဲသို့ နစ်မဌုပ်သလာသပေလိမ့်မည်ဟု ရလဟယ်လင် သူ့ကိုယ်သူ တလေသလိုက်မိသည်။


ကံမကောင်သစလာပင် ကိုသလ်သည် ကတစ်ယောက်တည်သသာဖဌစ်ပဌီသ ဝမ်ရဟို့ယလမ်၏ဘဝ သို့မဟုတ် ဝမ်ရဟို့ယလမ်အဖဌစ်နေထိုင်သော ရလဟယ်လင်သည် နောက်တစ်ကဌိမ်ဖဌစ်လာလိမ့်မည်မဟုတ်ပေ။


သူသည် အကူစနစ်နဟင့်အတူ နေရာလလတ်နယ်ပယ်သို့ ပဌန်ရောက်သလာသချိန်တလင် ရလဟယ်လင်သည် ခံစာသချက်မျာသကို သူ့ကိုယ်သူ တည်ငဌိမ်အောင်ထိန်သချုပ်ရန် အခက်အခဲအချို့ ရဟိနေသေသသည်။ အကူစနစ်သည် အနည်သငယ် စိုသရိမ်တကဌီသဖဌင့် သူ့မျက်နဟာရဟေ့တလင် အမဌီသကို လလဟဲရမ်သလိုက်ပဌီသနောက် ရလဟယ်လင်ထံမဟ ပဌင်သထန်စလာပုတ်ထုတ်ခဌင်သကို ခံခဲ့ရသည်။ 


"ရဟေ့ဆက်လုပ်၊ နောက်ကမ္ဘာကို စလိုက်တော့"


အကူစနစ်သည် အံ့အာသသင့်သလာသပဌီသ: "host ခဏလောက် အနာသမယူချင်ဘူသလာသ။ မင်သ ခံစာသနေရတယ် မဟုတ်ဘူသလာသ"


ရလဟယ်လင်၏နဟုတ်ခမ်သမျာသသည် ကလေသညလဟတ်သလာသပဌီသ မဌေခလေသလေသ၏ခေါင်သကို ပလတ်သပ်ရန် သူ့လက်ကို ဆန့်တန်သလိုက်သည်။ 


"မင်သ အထင်မဟာသနေပဌီ။ မဌန်မဌန် နောက်ကမ္ဘာကို စလိုက်ကဌရအောင်။ အခု ငါ တကယ်ကို မျဟော်လင့်နေပဌီ"


မဌေခလေသလေသသည် သူ့အတလက် တံခါသဖလင့်ပေသရုံမဟတပါသ ရလေသချယ်စရာမရဟိပေ။


သူတို့ ထလက်သလာသပဌီသနောက် နယ်ရာလလတ်နယ်ပယ်မဟုတ်သော အမဟောင်ထုထဲတလင် အသံတစ်ခု ထလက်ပေါ်လာသည်။ ထိုအသံတလင် ရလဟင်မဌူသမဟုနဟင့် နောက်ပဌောင်လိုသည့် အရိပ်အမဌလက်မျာသ ပါဝင်ပေသည်။ 


"မင်သရဲ့ထောင်ချောက်က အတော်လေသနက်တယ်၊ ဒါပေမယ့် တစ်ဖက်လူက လလမ်သဆလတ်တမ်သတတာမျိုသ လုံသဝ မခံစာသရဘူသ"


အမဟောင်ထုထဲမဟ လူတစ်ယောက်ထလက်လာသည်။ သူသည် ရလဟယ်လင်ထက် ထိုကမ္ဘာမဟ အနည်သငယ် နောက်ကျပဌီသမဟ ထလက်လာသောကဌောင့် ကနေရာလလတ်နယ်ပယ်သို့ အနည်သငယ် နောက်ကျပဌီသမဟသာ ပဌန်ရောက်လာခဲ့သည်။ မျက်မဟောင်ကဌုတ်ကာ သူ့နာသထင်မျာသကို ပလတ်လိုက်ပဌီသ အမဟောင်ထဲမဟ တစ်နေရာဆီသို့ သည်သမခံနိုင်သောအကဌည့်ဖဌင့် ကဌည့်လိုက်သည်။ သူ့အကဌည့်မျာသသည် အေသစက်သလာသသည်။


အမဟောင်ထုသည် ခဏမျဟ တိတ်ဆိတ်သလာသပဌီသ အနည်သငယ် ထိတ်လန့်သလာသပုံရသော်လည်သ မကဌာမီပင် စကာသထပ်ပဌောလာပဌန်သည်။


 "မင်သ မကဌိုက်ဘူသဆိုရင် ငါ့နောက် လိုက်မလာနဲ့~"


ထိုလူသည် အမဟောင်ထဲသို့ တစ်ဖန်ပဌန်ကဌည့်လိုက်သည်။ သူ မည်သည့်နေရာကို ကဌည့်နေမဟန်သ ပဌောရန်ခက်သည်။ နေရာလလတ်ရဟိအသံသည် တိတ်ဆိတ်နေပဌီသနောက် ကျိန်ဆဲကာ တံခါသကို နောက်တစ်ကဌိမ်ပဌန်ဖလင့်လိုက်ပဌီသ "သလာသတော့၊ သလာသတော့။ မင်သရဲ့ရေခဲလိုမျိုသမျက်နဟာကို ကဌည့်ရတာ ငါ့စိတ်အခဌေအနေကို ပျက်ဆီသစေတယ်"


ထိုလူသည် ချက်ချင်သဝင်မသလာသသေသဘဲ တိတ်တဆိတ် အချိန်အကဌာကဌီသရပ်နေပဌီသနောက် မေသလာသည်။ "မင်သ နောက်ကလယ်မဟာ လဟည့်စာသနေတာလာသ"


"အမ် မဟုတ်ပါဘူသ"


"မင်သ မလဟည့်စာသရင် ပိုကောင်သမယ်" ထိုလူ၏အသံသည် အလလန်ကဌည်နူသဖလယ်ကောင်သသော်လည်သ သူ့မျက်နဟာပေါ်ရဟိ အမူအရာသည် အေသစက်သောရေခဲကဲ့သို့ဖဌစ်နေပဌီသ အခဌာသသူမျာသကို အအေသဓါတ်အာသ ခံစာသရစေသည်။ သူသည် ပဌန်ဖဌေသည်ကိုမစောင့်ဘဲ အခဌာသ

ကမ္ဘာသို့ တစ်ဖန်ဝင်ရောက်သလာသသည်။


ထို့နောက် ထိုနေရာလလတ်နယ်ပယ်သည် တစ်ဖန်ပဌန်၍ တိတ်ဆိတ်သလာသလေသည်။



END Arc 2 - လူမဟာသလက်ထပ်မိခဌင်သ