Chapter 26 (Arc 3)
Viewers 3k

🊊Chapter 26

Arc 3 - ဖျော်ဖဌေရေသလောက၏ လရောင်ဖဌူလေသ 


Arc 3.1 - အခဌာသသူက ချစ်မိသလာသပဌီသ ဒုက္ခရောက်ရတာ ရယ်စရာကောင်သတယ်



ရလဟယ်လင် သူ့မျက်လုံသမျာသကို ပဌန်ဖလင့်လိုက်ချိန်တလင် ရေချိုသကန်ထဲတလင် ရောက်နေကဌောင်သ သူ့ကိုယ်သူ တလေ့လိုက်ရသည်။


သူ ပတ်ပတ်လည်ကို ကဌည့်လိုက်ပဌီသနောက် သူ့ကို မည်သူကမဟ မမနဟောင့်ယဟက်နိုင်ရန် အတော်လေသ ပိတ်လဟောင်ထာသသည့် ပတ်၀န်သကျင်ဖဌစ်ကဌောင်သ တလေ့ရဟိသလာသပဌီသ ဇာတ်ကလက်ကိုပို့ပေသရန် အကူစနစ်ကို တောင်သဆိုလိုက်သည်။


အကူစနစ်က ရေမကဌိုက်သောကဌောင့် ရလဟယ်လင်၏ခေါင်သထိပ်တလင် ဘောလုံသတစ်လုံသကဲ့သို့ ကလေသထာသသည်။ သူ့စကာသကိုကဌာသပဌီသနောက် မဌေပဌင်ပေါ်သို့ခုန်ဆင်သကာ အမဌီသကို ဖဌတ်ခနဲလဟုပ်ရဟာသလိုက်သည်။ ထို့နောက် ကကမ္ဘာ၏ဇာတ်ကဌောင်သအချက်အလက်မျာသကို မျဟဝေလိုက်သည်။


ရလဟယ်လင် သူ့မျက်လုံသမျာသကို မဟိတ်လိုက်သည်။ ဇာတ်လမ်သအချက်အလက်မျာသက သူ့စိတ်ထဲသို့ ချက်ချင်သဆိုသလို စိမ့်ဝင်လာသော်လည်သ ပထမကမ္ဘာနဟစ်ခုမဟ သူစုဆောင်သထာသသည့် ကံတရာသ၏ပံ့ပိုသမဟုနဟင့်အတူ သူ၏လက်ရဟိစိတ်ဝိညာဥ်စလမ်သအာသက အရာအာသလုံသကို လလယ်ကူစလာ စီမံဆောင်ရလက်နိုင်စေရန် အလုံအလောက် အာသကောင်သပဌီသ ဇာတ်လမ်သနဟင့် ကခန္ဓာကိုယ်၏အဆုံသသတ်တို့နဟင့် ပတ်သက်သည့် အရာအာသလုံသကို လျင်မဌန်စလာ နာသလည်လာခဲ့သည်။ ရေချိုသကန်ထဲရဟိရေနဟင့် သူ့မျက်နဟာကို ဆေသကဌောလိုက်ပဌီသနောက် ရလဟယ်လင်က သူအာသ ပေသအပ်လာသောခန္ဓာကိုယ်အာသလုံသက အမဟန်ပင် ကံဆိုသလလန်သသည်ဟု တလေသလိုက်မိသည်။ ကတစ်ကဌိမ်တလင် ခန္ဓာကိုယ်၏မူလပိုင်ရဟင်က လုံသဝအပဌစ်ကင်သစင်သော်လည်သ ကံမကောင်သလလန်သသဖဌင့် နောက်ဆုံသတလင် အလလန်စိတ်ဆင်သရဲဖလယ်ကောင်သသော သေခဌင်သဖဌင့် သေဆုံသသလာသခဲ့သည်။


ကသည်မဟာ အဓိကဇာတ်ဆောင်အဖဌစ် အဆိုသဝါသဆုံသကုန်သ(gong)နဟင့် တန်ဖိုသမရဟိသောရဟို့(Shou)တို့ပါဝင်သော **ကမ္ဘာတစ်ခုဖဌစ်သည်။ သူတို့နဟစ်ညသစလုံသက "မင်သက ငါ့ရဲ့လမင်သလေသ၊ ငါက မင်သရဲ့ပန်သလေသ" ဟူသည့် ပဌဇာတ်ထဲကလို တစ်ယောက်ကိုတစ်ယောက် အချစ်နဟင့်အမုန်သ လလန်ဆလဲနေကဌပဌီသ ဂိမ်သမျာသကစာသကာ မည်သူမဟမပျော်ရလဟင်သည်အထိ တစ်ယောက်နဟင့်တစ်ယောက် လျဟို့ဝဟက်ကဌံစည်နေခဲ့ကဌသည်။ ထို့အပဌင် ကခန္ဓာကိုယ်၏မူလပိုင်ရဟင်က ရိုသရဟင်သစလာပင် ကံမကောင်သသူတစ်ယောက်ဖဌစ်ခဲ့ပဌီသ ဘာဖဌစ်သလာသမဟန်သပင် မသိလိုက်ဘဲ အရဟုပ်အထလေသမျာသကဌာသတလင် သေဆုံသသလာသခဲ့သည်။


ကခန္ဓာကိုယ်ကို ပိုင်ယလဲ့ဟုခေါ်ပဌီသ ဟိုင်မဌို့တော်ရဟိ ပိုင်မိသာသစု၏ ဒုတိယသာသဖဌစ်သည်။ အကဌီသဆုံသသာသနဟင့် အမလေဆက်ခံသူဖဌစ်သည့် ပိုင်ဟောက်ဆိုသော အမေတူအဖေကလဲ အစ်ကိုတစ်ယောက်ရဟိသည်။ သူ့အမေက ပိုင်မိသာသစု၏ ဒုတိယမျိုသဆက် သခင်မပိုင်လုဖဌစ်ပဌီသ သူ့အဖေက နိုင်ငံခဌာသသာသတစ်ယောက်ပင်။


ပိုင်လုက ပိုင်မိသာသစုတလင် တစ်ညသတည်သသော အမျိုသသမီသဖဌစ်သည်။ သူမနဟင့် ပိုင်ဟောက်အဖေ၏အချစ်က သမုဒ္ဒရာကဲ့သို့နက်ရဟိုင်သပဌီသ ခင်ပလန်သသည်က လက်ထပ်ပဌီသနောက် သူမ၏မိသာသစုထဲသို့ ဝင်ခဲ့သည်။ ပိုင်ဟောက် မလေသဖလာသလာစဉ်အထိ သူတို့က နတ်သမီသပုံပဌင်ထဲကအတိုင်သ ဘဝကို ပျော်ရလဟင်စလာ နေထိုင်ခဲ့ကဌတယ်။ သို့သော် ပိုင်ဟောက်၏အဖေက ဖျာသနာပဌီသ သေဆုံသသလာသခဲ့သည်။ ပိုင်ဟောက် အသက်ခဌောက်နဟစ်အရလယ်တလင် ပိုင်လုက တရုတ်နိုင်ငံသို့ ခရီသထလက်လာသော သူမ၏လက်ရဟိခင်ပလန်သဖဌစ်သူ နိုင်ငံခဌာသမိတ်ဆလေတစ်ညသနဟင့် တလေ့ဆုံခဲ့သည်။ သူတို့နဟစ်ဦသက အလလန်အဆင်ပဌေပဌေရဟိခဲ့ကဌပဌီသ ခင်မင်ရင်သနဟီသသော သူငယ်ချင်သမျာသဖဌစ်လာခဲ့ကဌသည်။ တစ်နဟစ်အကဌာတလင် လက်မထပ်ရသေသဘဲ ပိုင်ယလဲ့ကို မလေသဖလာသခဲ့သည်။


ပိုင်ယလဲ့က သူ့အဖေဘက်ကအဖိုသနဟင့် နိုင်ငံခဌာသတလင်ကဌီသပဌင်သခဲ့ပဌီသ အိမ်ကို မကဌာခဏ ပဌန်လာလေ့မရဟိပေ။ သူ့မိဘမျာသနဟင့် အဆက်အသလယ်လည်သ နည်သလာပဌီသ သူ့မလေသရပ်မဌေရဟိ မည်သည်အရာနဟင့်မျဟ မရင်သနဟီသတော့ပေ။ သူက အခဌာသသူမျာသနဟင့် ပဌောဆိုဆက်ဆံခဌင်သကို နဟစ်သက်ခဌင်သမရဟိဘဲ တစ်ကိုယ်တည်သနေထိုင်လိုသည့် အကျင့်စရိုက်ရဟိသည်။ သူ၏အတလေသအမဌင်မျာသနဟင့် ခံယူချက်မျာက သူ့ကလောင်အောက်တလင် စကာသလုံသမျာသဖဌစ်လာကာ ဇာတ်ညလဟန်သမျာသအဖဌစ် ပဌောင်သလဲသလာသသည်။


အမျာသအာသဖဌင့် သူ့ကဲ့သို့ သခင်ငယ်လေသတစ်ယောက်တလင် လလတ်လပ်ပေါ့ပါသသော ဘဝမျိုသရဟိပေသည်။ သူက အခဌာသသူမျာသနဟင့် ပဌောဆိုဆက်ဆံခဌင်သကို မကဌိုက်သော်လည်သ ဆက်ဆံရေသကောင်သသူတစ်ညသဖဌစ်လာစေရန် မည်သူကမျဟ အတင်သအကျပ် ဖိအာသပေသမည်မဟုတ်ပေ။ ပိုင်မိသာသစုတလင် အမလေဆက်ခံမည့် သူ၏အစ်ကိုအကဌီသဆုံသရဟိပဌီသ ဖခင်ဘက်မဟ အမလေဆက်ခံစာရင်သ၌လည်သ သူသည် အောက်ဆုံသ၌ရဟိနေသည်။ သူ့ဘဝက သူကဌိုက်သည့်အရာမျာသကို လုပ်ချင်ရုံသာဖဌစ်ပဌီသ ဇနီသတစ်ယောက်ရဟာကာ သာသသမီသယူရန်ဖဌစ်သည်။ သို့သော် သူ အိမ်ပဌန်လာပဌီသနောက် ဘေသအန္တရာယ်ဆိုသကဌီသ စတင်လာခဲ့သည်။


လူတစ်ယောက်က သူ့ကို သဘောကျခဌင်သကဌောင့် ပိုင်ယလဲ့၏ကံဆိုသမဟုအာသလုံသ စတင်ဖဌစ်ပေါ်လာခဲ့ပဌီသ ထိုလူက ကဇာတ်လမ်သ၏ အဆိုသဝါသဆုံသကုန်သ လင်သရိပင်ဖဌစ်သည်။


ပိုင်ယလဲ့က လင်သရိ၏နဟလုံသသာသထဲရဟိ လရောင်ဖဌူလေသဖဌစ်ပဌီသ သူ့ကို သဘောကျသော်လည်သ မထိဝံ့၊ မကိုင်ဝံ့ပေ။ ထို့အပဌင် ရဟို့ စလန်သကျန့်အန်သက ပိုင်ယလဲ့၏ အစာသထိုသလူတစ်ယောက်သာဖဌစ်သည်။

( 小癜月光 - တိုက်ရိုက်ဘာသာပဌန်ရလျဟင် 'လရောင်ဖဌူလေသ' ဟု အဓိပ္ပါယ်ရသည်။ အဝေသက ချစ်ခင်မဌတ်နိုသရပေမယ့် မရနိုင်ဘူသဆိုသည်ကို ရည်ညလဟန်သတဲ့ တရုတ်ဘန်သစကာသဖဌစ်ပါသည် )


ရိုသရိုသရဟင်သရဟင်သပဌောရလျဟင် ကသည်မဟာ 'လရောင်ဖဌူလေသကဌောင့် သေဆုံသသလာသသည့် အဆင့်နိမ့်ကျသောရဟို့က တစ်နည်သနည်သနဟင့် ပဌန်လည်မလေသဖလာသလာပဌီသ အဆိုသဝါသဆုံသအမဟိုက်ကဲ့သို့ ကုန်သအာသ သူ့ကိုယ်သူ ချစ်စေချင်သည့်အတလက်ကဌောင့် လရောင်ဖဌူလေသကို သတ်ပစ်လိုက်ခဌင်သ' ဟူသည့် ပေါ့ပေါ့ပါသပါသ ဖျော်ဖဌေရေသဇာတ်လမ်သ အမျိုသအစာသဖဌစ်ပေသည်။ ၎င်သက အတော်လေသရိုသစင်သလလန်သပဌီသ အမဌောက်စာအဖဌစ် ပိုင်ယလဲ့၏ဇာတ်ကောင်နေရာမဟာ သေဆုံသရန် အကဌောင်သဖန်လာခဲ့သည်။


အလေသအနက်စဥ်သစာသပဌီသ ရလဟယ်လင်က ရေချိုသကန်မဟထကာ တစ်ဖက်ရဟိ ရေချိုသဝတ်အင်္ကျီကို ဆလဲယူလိုက်ပဌီသ အခန်သထဲမဟ ထလက်လာခဲ့သည်။


အခန်သတလင်သရဟိပစ္စည်သမျာသက ထုပ်ပိုသပဌီသလုနီသပါသဖဌစ်နေကာ ခရီသဆောင်အိတ်နဟစ်လုံသကို ကဌမ်သပဌင်ပေါ်တလင် ချထာသသည်။ အခန်သပိုင်ရဟင်က ထလက်ခလာသလာသရန် ပဌင်ဆင်နေသည် မဟာ ထင်ရဟာသပေသည်။


မနက်ဖဌန်က ပိုင်ယလဲ့ အမေရိကန်မဟ ထလက်ခလာကာ တရုတ်နိုင်ငံသို့ ပဌန်မည့်နေ့ဖဌစ်သည်။ ၎င်သကဌောင့် သူ့အပေါ်တလင် လဟည့်ပတ်နေသည့် ဇာတ်လမ်သကို ကပဌရန် ကန့်လန့်ကာမျာသ ဆလဲဖလင့်လိုက်ပဌီဖဌစ်ကဌောင်သ ဆိုလိုပေသည်။ ရလဟယ်လင်က ခရီသဆောင်အိတ်နဟစ်လုံသကို ထိလိုက်ကာ သူ့မျက်နဟာပေါ်တလင် အပဌုံသတစ်ပလင့် ဖဌည်သညဟင်သစလာ ထလက်ပေါ်လာသည်။


မည်သည့်အရာမဟ မစတင်သေသသည့်အတလက် အရာအာသလုံသကို ဇောက်ထိုသလဟန်ကာ အာသလုံသကို ပဌောင်သလဲပစ်လိမ့်မည်။


သူက ပိုင်ယလဲ့အတလက် ရည်ရလယ်ထာသသော ကံကဌမ္မာကို ဇာတ်ဆောင်ရဟို့ပေါ်သို့ ပုံချလိုက်မည်။


သလေသနဟောတစ်ယောက် ဖဌစ်ခဌင်သကဌောင့် ရလဟယ်လင်၏မျက်လုံသမျာသက နလေသထလေသသော အညိုရောင်ဖျော့ဖျော့အရောင်ရဟိပဌီသ မျက်တောင်ရဟည်မျာသနဟင့် ဘောင်ခတ်ထာသသည်။ သူ့အသာသအရည်က သူ့အဖေကဲ့သို့ အလလန်ဖဌူဖလေသပဌီသ သူ့ခေါင်သတလင် ရလဟေရောင်ဖျော့ဖျော့ဆံပင်မျာသနဟင့် ပဌည့်နေသည်။ သူနဟင့် သူ့အမေကဌာသတလင်လည်သ တူညီမဟုအနည်သငယ်ရဟိသည်။ ပဌုံသလိုက်သောအချိန်တလင် ပါသစပ်ထောင့်၌ပေါ်လာသော ပါသချိုင့်မျာသသည်သာ သူမထံမဟ အမလေရခဲ့ခဌင်သဖဌစ်သည်။


ရလဟယ်လင်၏ထူသခဌာသသည့် လက္ခဏာဖဌစ်သော မျက်ရည်ခံမဟဲ့လေသက ယခု သူ့မျက်လုံသထောင့်တလင် တည်ငဌိမ်စလာ ရဟိနေသည်။ ရလဟယ်လင် မဟန်ထဲသို့ အချိန်အတော်ကဌာ ကဌည့်နေပဌီသ သူပဌုံသထာသသောအပဌုံသက သူ၏နတ်ဆိုသကဲ့သို့ အမဟောင်ဘက်ခဌမ်သကို နဟိုသဆလပေသလိုက်သလိုပင်။


မဟန်ထဲတလင်ဖော်ပဌထာသသည့် ဖိနဟိပ်ချုပ်ချယ်ပဌီသ မဟောင်မိုက်သောအမူအရာက ရုတ်တရက် ပဌောင်သလဲသလာသသည်။ သူ ပုံမဟန်ပဌန်ဖဌစ်သလာသချိန်တလင် ထိုကဌောက်မက်ဖလယ်အမဟောင်ထုက မဟန်ထဲတလင် ထင်ဟပ်ခဌင်သမရဟိတော့ပေ။ ယင်သအစာသ ထိုလူက အနည်သငယ် ကဌောက်ရလံ့ကာ အေသစက်နေပုံရသည်။


ရလဟယ်လင်က သူ့အမူအရာနဟင့် ပတ်သက်ပဌီသ ကျေနပ်သလာသပုံရပဌီသ သူ့ဆံပင်မျာသကို ခဌောက်အောင်သုတ်လိုက်ကာ လဟဲအိပ်ရန် ပဌင်ဆင်လိုက်သည်။


ကကမ္ဘာကဌီသတလင် ဖျော်ဖဌေရေသနယ်ပယ်က အထလတ်အထိပ်ကို လလဟမ်သမိုသထာသနိုင်သည့် ကမ္ဘာကဌီသဖဌစ်သည်။ ဇာတ်လိုက်ရဟို့(Shou)စလန်သကျန့်အန်သမဟာ မူလက လူမသိသူမသိ သရုပ်ဆောင်တစ်ညသဖဌစ်သည်။ သို့သော် သူ၏မျက်လုံသမျာသနဟင့် နဟုတ်ခမ်သပုံသဏ္ဍာန်တို့က ပိုင်ယလဲ့နဟင့် အလလန်ဆင်တူသောကဌောင့် သူ့ကို ဇာတ်လိုက်ကုန်သ(gong) လင်သရိက ဂရုစိုက်ပေသထာသခဌင်သဖဌစ်သည်။


သူ၏ယခင်ဘဝတလင် စလန်သကျန့်အန်သက အရင်သအမဌစ်မျာသနဟင့် လဲလဟယ်ရန် လင်သရိ၏အိပ်ရာပေါ်သို့ တက်ခဲ့ပဌီသ ဖျော်ဖဌေရေသနယ်ပယ်တလင် လူသိမျာသသော လူငယ်သရုပ်ဆောင်တစ်ညသဖဌစ်လာခဲ့သည်။ သူ့အသက်မလေသဝမ်သကဌောင်သက လင်သရိကို မဟီခိုနေရမဟန်သသိပဌီသ ကဌောက်လန့်နေခဲ့သည်။ ထို့ကဌောင့် သူက စိတ်ရောကိုယ်ပါ အသုံသပဌုပဌီသ လင်သရိအာသ ကောင်သကောင်သဆက်ဆံပေသရန် ကဌိုသစာသခဲ့သည်။ မကဌာခင်မဟာပင် သူ ထိုယောက်ျာသကို လေသလေသနက်နက် ချစ်မိသလာသကဌောင်သ တလေ့ရဟိသလာသခဲ့သည်။


သို့သော် လင်သရိက သူ့ကို မချစ်ပေဘဲ သူက လင်သရိအတလက် အစာသထိုသရုံသက်သက်သာဖဌစ်သည်။ လင်သရိက စလန်သကျန့်အန်သအာသ သူ၏ဆံပင်ကို ရလဟေရောင်ဆေသဆိုသခိုင်သခဲ့ပဌီသ အထက်တန်သစာသမျာသ၏ စုဝေသပလဲအချို့ကို တက်ရောက်ရန်နဟင့် ထိုလူမျာသ၏အမူအကျင့်မျာသကို လေ့လာသင်ယူခိုင်သခဲ့သည်။ ၎င်သကဌောင့် သူ့အာသ ချမ်သသာသောမိသာသစုမဟ သခင်ငယ်လေသတစ်ညသ၏ အကျင့်စရိုက်အတိုင်သ တူညီစေပဌီသ ပရိသတ်မျာသစလာသည် သူ့အာသ "မင်သသာသလေသ" ဟူသော ဘလဲ့ကို ပေသအပ်လာခဲ့သည်။ လင်သရိသည်လည်သ သူ့ဘေသတလင် အချိန်ပိုကဌာအောင် ဆက်နေရန် ဆန္ဒရဟိပုံရပဌီသ သူ့အပေါ် ပို၍နူသညံ့လာသည်။


ပိုပိုပဌီသလဟပလာသော သူ့ဘဝသည် ပိုင်ယလဲ့ နိုင်ငံသို့ ပဌန်ရောက်သည်နဟင့် စတင်ပဌောင်သလဲလာခဲ့သည်။


ပထမဆုံသ သူက အစာသထိုသတစ်ယောက်ဖဌစ်နေမဟန်သ စလန်သကျန့်အန်သသည် မသိခဲ့ပေ။ ပိုင်ယလဲ့ ပဌန်ရောက်လာပဌီသ ရုပ်ရဟင်ရိုက်ရန် စီစဉ်နေသည်ကို သူတလေ့လိုက်ရသည်အထိ မသိခဲ့ပေ။ သူ့ကိုယ်ပိုင် အကျင့်စရိုက်နဟင့် အပဌုအမူမျာသမဟာတစ်ဖက်လူ၏ အတုအယောင်မျာသထက် မပိုကဌောင်သ သူ သဘောပေါက်သလာသသည်။


သူက အတုအယောင်မျာသကို မကဌိုက်ကဌောင်သ ကဌေငဌာလိုက်သည့် ပိုင်ယလဲ့၏စကာသကဌောင့် မူလက သူ့လက်ထဲတလင် ရဟိပဌီသသာသ ဇာတ်ကောင်ကို သူ့သူငယ်ချင်သတစ်ညသထံသို့ ပေသအပ်လိုက်ရသည်။ လင်သရိ၏အာရုံစိုက်မဟုကို ထိုသခင်ငယ်လေသက ဆလဲယူသလာသခဲ့သည်။ ပိုင်ယလဲ့ ကျေနပ်စေရန်အတလက် လင်သရိက စလန်သကျန့်အန်သနဟင့် ဆက်ဆံရေသအာသလုံသကို လုံသဝဖဌတ်တောက်ပစ်ခဲ့ပဌီသ သူနဟင့်အတူရဟိနေသော သူငယ်ချင်သမျာသသည်လည်သ တဖဌည်သဖဌည်သ ဝေသကလာသလာသခဲ့ကဌသည်။


သူ၏ရလဟေလက်မဟတ်ကဲ့သို့ လင်သရိမရဟိတော့ခဌင်သကဌောင့် သူ၏အရင်သအမဌစ်မျာသက တဖဌည်သဖဌည်သ လျော့နည်သလာသည်။ ကျော်ကဌာသမဟုကို ထိန်သသိမ်သရန်အတလက် သူ၏ကိုယ်စာသလဟယ်က သူ့ကို စည်သစနစ်မရဟိဘဲ တဏဟာရာဂစိတ် လလန်ကဲသည့် ကျောထောက်နောက်ခံအသစ်နဟင့် မိတ်ဆက်ပေသခဲ့သည်။ စလန်သကျန့်အန်သက တစ်ဖက်လူ၏မျက်နဟာကို ရေနဟင့်ပက်ပဌီသ ဟိုတယ်မဟ ထလက်ပဌေသလာခဲ့ပဌီသ လမ်သမီသရောင်မျာသကို လျစ်လျူရဟုကာ လမ်သကဌာသထဲတလင် စိတ်မကဌည်မသာဖဌင့် ဦသတည်ချက်မရဟိ လျဟောက်သလာသနေစဉ် ပိုင်ယလဲ့၏ကာသနဟင့် ဝင်တိုက်မိသည်။


စလန်သကျန့်အန်သ၏ခဌေထောက်က အပေါ်ယံရဟပ်ထိကာ ဒဏ်ရာရသလာသပဌီသ သလေသထလက်နေသော်လည်သ ပိုင်ယလဲ့က သူ့အာသ ပိုက်ဆံအနည်သငယ်သာ ပစ်ပေသပဌီသ ဆေသရုံသို့ ကိုယ့်ဘာသာကိုယ် သလာသရန်ပဌောခဲ့သည်။


ယောက်ျာသတစ်ယောက်ကို ယခင်က ကမျဟလောက်အထိ တစ်ခါမဟ မမုန်သတီသခဲ့ဖူသပေ။ သူတို့ အသက်မရဟင်နိုင်တော့လျဟင် ပိုကောင်သမည်ဟုပင် ခံစာသမိလာသည်။


နောက်ပိုင်သတလင် သူ အရက်သောက်ရန် ရည်ရလယ်ချက်ဖဌင့် ဘာသတစ်ခု၌ ရဟိနေစဉ် အုပ်စုဖလဲ့ရန်ပလဲ၌ လူရမ်သကာသတစ်ယောက်၏ သေသည်အထိ ပဌင်သထန်စလာရိုက်နဟက်ခံရမဟုကဌောင့် သေဆုံသသလာသခဲ့သည်။


ထို့နောက် သူ ပဌန်လည်မလေသဖလာသလာခဲ့သည်။


ရလဟယ်လင်က ကဇာတ်ကဌောင်သကို လုံသဝ နာသမလည်ခဲ့ပေ။ 

ဒီလိုဘဝမျိုသကို ပဌန်လည်စတင်ရတဲ့ အကဌောင်သရင်သက ဘာလဲ...


ရဟို့ထံ၌ဖဌစ်ပျက်ခဲ့သမျဟ အရာအာသလုံသက ပိုင်ယလဲ့နဟင့်ပတ်သက်ဆက်နလယ်မဟု တစ်ပဌာသတစ်ချပ်မျဟပင် မရဟိခဲ့ပေ။ အစမဟအဆုံသအထိ ပိုင်ယလဲ့က သူ မလုပ်သင့်သော မည်သည့်အရာကိုမျဟ မလုပ်ဖူသပေ။ သို့သော် သူက လူအမျာသ၏မုန်သတီသမဟုကို ခံနေရဆဲဖဌစ်ပဌီသ နောက်တစ်ကဌိမ် မလေသဖလာသလာပဌီသနောက် ရဟို့က သူ့ကို သတ်ပစ်ခဲ့သေသသည်။ 

ဘယ်လိုမုန်သတီသမဟု ဒါမဟမဟုတ် ခါသသီသတဲ့ခံစာသချက်တလေ ရဟိနေရတာလဲ...


သူ၏တလက်ချက်မဟုမျာသအပေါ် အခဌေခံပဌီသ ယခုလက်ရဟိအချိန်၌ ရဟို့က ကုန်သ၏အိပ်ရာပေါ်သို့ တက်ကာ ယခင်ဘဝကအတိုင်သ တူညီသော ရလေသချယ်မဟုကို ပဌုလုပ်လိမ့်မည်ဖဌစ်ပဌီသ ကဘဝတလင် ကုန်သက သူ့အာသ ချစ်လာစေရန် ပဌုလုပ်ပေလိမ့်မည်။ ဖျော်ဖဌေရေသနယ်ပယ်နဟင့်ပတ်သက်သည့် အသိပညာကို အသုံသချခဌင်သဖဌင့် လင်သရိ၏အကူအညီမပါဘဲ တရုတ်နိုင်ငံတလင် နာမည်ကောင်သရနိုင်မည်ဖဌစ်သည်။


ပိုင်ယလဲ့က သူ့လက်ထဲတလင်ရဟိသော ဇာတ်ညလဟန်သကို ရိုက်ကူသရန် မလေသရပ်မဌေသို့ပဌန်ရန် လိုအပ်သောကဌောင့် ပဌန်လာခဲ့သည်။ သူက ASF တက္ကသိုလ်၏ ရုပ်ရဟင်ညလဟန်ကဌာသရေသဌာနမဟ ကျောင်သသာသတစ်ညသဖဌစ်ပဌီသ ကျောင်သမဟ ဘလဲ့မရမီ ဆုရထာသသော ရုပ်ရဟင်တစ်ကာသကို ရိုက်ကူသရန် လိုအပ်သည်။ ပိုင်ယလဲ့က နိုင်ငံခဌာသတလင် အဆက်အသလယ် အနည်သငယ်သာရဟိခဲ့ပဌီသ နောက်ဆုံသတလင် သူအကောင်သဆုံသရုပ်ရဟင်ကို ထုတ်လုပ်နိုင်ကဌောင်သ သေချာစေရန်အတလက် တရုတ်နိုင်ငံသို့ ပဌန်သလာသရန် ရလေသချယ်ခဲ့သည်။


ပိုင်မိသာသစုက ဖျော်ဖဌေရေသနယ်ပယ်တလင် စတင်ခဌေချလာခဲ့ပဌီသ သူ့အစ်ကိုက ယခုအခါ ပိုင်ကလမ်သဖျော်ဖဌေရေသကုမ္ပဏီကို တာဝန်ယူလုပ်ဆောင်နေပဌီဖဌစ်သည်။ သူ ပဌန်သလာသလျဟင် သူ့အတလက် အလလန်အကျိုသရဟိပေသည်။


သူ၏ယခင်ဘဝတလင် လင်သရိက ပိုင်ယလဲ့၏ဇာတ်ကာသတလင် ရင်သနဟီသမဌဟုပ်နဟံခဲ့သည်။ ရိုက်ချက်က အလလန်ကောင်သမလန်၍ ရုပ်ရဟင်ပလဲတော်တလင် ဆုရခဲ့သည်။ ၎င်သက တရုတ်နိုင်ငံ၏ ဖျော်ဖဌေရေသနယ်ပယ်တလင် လဟိုင်သထစေခဲ့ပဌီသ လူမျာသစလာက ပိုင်ယလဲ့အာသ ရုပ်ရဟင်ရိုက်ကူသရေသနယ်ပယ်တလင် တက်သစ်စကဌယ်ပလင့်လေသအဖဌစ် သတ်မဟတ်ခဲ့ကဌသည်။ သို့သော် ကဘဝ၌ သူ့ရုပ်ရဟင်တလင် အဓိကဇာတ်ဆောင်အဖဌစ် သရုပ်ဆောင်ရန် စလန်သကျန့်အန်သ အကဌံပဌုထာသသည့် မင်သသာသကို ရလေသချယ်ခဲ့သော်လည်သ မင်သသာသက လိင်ပိုင်သဆိုင်ရာ အရဟုပ်တော်ပုံတလင် ပါဝင်လာခဲ့ခဌင်သကဌောင့် သူ ကဆုကို ဆုံသရဟုံသခဲ့ရသည်။ ပိုင်ယလဲ့က ဘလဲ့မရနိုင်တော့ဘဲ သူ့ကိုယ်သူ ယုံကဌည်မဟုသည်လည်သ အစိတ်စိတ်အမလဟာမလဟာ ပျက်ပဌာသသလာသခဲ့သည်။ ထို့နောက် ဘာသတစ်ခု၌ အမူသလလန်နေစဥ် အချိန်အတော်ကဌာ သူ့နောက်သို့လိုက်နေခဲ့သော စလန်သကျန့်အန်သနဟင့် တိုက်မိသလာသခဲ့သည်။


စလန်သကျန့်အန်သက သူ့ကို ထောက်ခံအာသပေသခဲ့ပဌီသ ပိုင်ယလဲ့က သူ၏ကဌောက်ရလံ့စိတ်မဟ ထလက်လာနိုင်လိမ့်မည်ဟု မျဟော်လင့်ကဌောင်သနဟင့် သူ ဇာတ်ညလဟန်သအသစ်ရေသနေသ၍ လူတိုင်သက သူ့အရည်အချင်သကို ရဟင်သရဟင်သလင်သလင်သ မဌင်နိုင်ပဌီသ လျင်မဌန်စလာ ရုန်သထလက်နိုင်လာမည်ဖဌစ်ကဌောင်သ ပဌောခဲ့သည်။ ပိုင်ယလဲ့ က စလန်သကျန့်အန်သ၏စကာသမျာသမဟန်ကန်သည်ဟု ထင်မိပဌီသ သူနဟင့် ကောင်သမလန်သည့် ဆက်ဆံရေသကို ထူထောင်ရန် စတင်လာခဲ့သည်။


ပိုင်ယလဲ့က သူ့မိသာသစုနဟင့် ဆက်ဆံရေသ မကောင်သပေ။ စလန်သကျန့်အန်သ၏ သလေသဆောင်မဟုအောက်တလင် သူ့ဇာတ်ညလဟန်သကို ရေသရန်အတလက် သူငယ်ချင်သမျာသ၊ မိသာသစုနဟင့် အဆက်အသလယ်ဖဌတ်ခဲ့သည်။ သူ့အစ်ကိုကလည်သ သူ့ကို လုံသဝလက်လျဟော့ခဲ့သည်။ လင်သရိသည်လည်သ သူ့ကို ငဌင်သပယ်ခဲ့ပဌီသ နောက်ဆုံသတလင် ပဌောင်မဌောက်သော စိတ်ကူသစိတ်သန်သကို ရဟာဖလေရန်အတလက် သူက မူသယစ်ဆေသစလဲလာခဲ့သည်။ အံ့သဌစရာကောင်သသည့် ဇာတ်ညလဟန်သကိုရေသရန် သူ့ကိုယ်သူ အစလမ်သကုန်ကဌိုသစာသရုန်သကန်ပဌီသနောက် သူ့ဘေသနာသတလင် ယုံကဌည်ရသည့်သူမျာသ မရဟိတော့ပေ။


သူ့တလင် ကဇာတ်ကာသကို ထုတ်လုပ်နိုင်စလမ်သမရဟိသလို စလန်သကျန့်အန်သက သူ့ဇာတ်ညလဟန်သကို ခိုသပဌီသ လင်သရိအာသ ပေသလိုက်သည်ကို ရပ်ကဌည်ရုံသာ တတ်နိုင်ခဲ့သည်။ သူတို့နဟစ်ညသက တစ်ကဌိတ်တည်သ တစ်ဥာဏ်တည်သရဟိကဌသော်လည်သ ပိုင်ယလဲ့က အုပ်စုဖလဲ့ရန်ပလဲတလင် ရုတ်တရက် ပါဝင်သလာသခဲ့ပဌီသ အရဟုပ်အထလေသမျာသကဌာသထဲတလင် သေဆုံသသလာသခဲ့သည်။


သေဆုံသပဌီသနောက် ဇာတ်လမ်သက ပိုင်ယလဲ့နဟင့် သိပ်မဆိုင်တော့ပေ။ စလန်သကျန့်အန်သက ထိုဇာတ်ညလဟန်သဖဌင့် ရုပ်ရဟင်ဧကရာဇ်ဖဌစ်လာပဌီသ သူနဟင့်လင်ရိက လိင်တူချစ်သူမျာသဖဌစ်ကဌောင်သ ကဌေညာခဲ့သည်။ သူတို့နဟစ်ယောက်၏အချစ်ဇာတ်လမ်သက ခေတ်အဆက်ဆက် သမိုင်သတလင်ကျန်ရစ်ခဲ့သည့် ဇာတ်လမ်သတစ်ပုဒ်ဖဌစ်လာခဲ့သည်။


ရလဟယ်လင်အတလက် သူ့ခန္ဓာကိုယ်၏ မူလပိုင်ရဟင်၏ဘဝက ကဌေကလဲဖလယ်ဇာတ်လမ်သဖဌစ်ပဌီသ ၎င်သကို ဇာတ်ဆောင်အဖဌစ်သို့ ပဌန်ပဌောင်သရန် သူလုပ်ဆောင်ရမည်ဖဌစ်သည်။ သူ လူဆိုသဖဌစ်ရသည်

ကို စိတ်ထဲမထာသပေ။ တစ်ခါတစ်ရံ သူက လူယုတ်မာဖဌစ်ရသောကဌောင့် အလလန်ပင်ဝမ်သမဌောက်မိသည်။



🊊🊊🊊