🦊Chapter 31
Arc 3 - ဖျော်ဖြေရေးလောက၏ လရောင်ဖြူလေး
3.6
ရွှယ်လင်က ရေပတ်တိုက်ခံနေရသောကြောင့် သူ့ဦးခေါင်းကို တုန်လှုပ်ချောက်ချားစွာခါလိုက်သည်။ သူ နိုးမနိုး မသေချာသော်လည်း သူက ဒေါသတကြီးနှင့် စူးစိုက်ကြည့်နေသည်။
“ ခိုးလ်…မင်းဘာလုပ်နေလဲ …”
ပိုင်ဟောက်၏လက်က ငြိမ်သက်နေပြီး သူ့မျက်နှာပေါ်တွင် မူလက ရှိနေခဲ့သော နူးညံ့သောအမူအရာက လျင်မြန်စွာမှောင်မိုက်သွားသည်။
ရွှယ်လင်က တစ်ခုခုမှားယွင်းသွားသည်ကို နားလည်ပုံရပြီး ပိုင်ဟောက်ကို မျက်လုံးစွေကြည့်သည်။ သူ့မျက်နှာက တဖြည်းဖြည်းပြောင်းလဲသွားကာ နောက်ဆုံးတွင် သူသေချာနိုးလာပြီး သူ့ကိုယ်ကိုဆွဲတင်၍ သူ့နဖူးကိုပင် ဖိထားကာ ပိုင်ဟောက်ကိုပင် နှုတ်ဆက်နေသည်။
“ အစ်ကိုကြီး… ”
ပိုင်ဟောက်က အစ်ကိုကြီးဟု ခေါ်ခံရသည်မှာ ပျော်စရာမကောင်းဟု ခံစားရသည်။
ရွှယ်လင်က သူ့ခေါင်းကိုလှည့်ကြည့်လိုက်သည်။ သူ မည်သည့်နေရာရောက်နေသည်ကို သိသောအခါ အံ့သဩသွားသည်။
“ အစ်ကိုကြီးက ကျွန်တော့်ကို လာခေါ်ပေးတာလား…”
ပိုင်ဟောက်က ခေါင်းညိတ်လိုက်ပြီး သူ့ကို မျက်နှာသုတ်ပုဝါ ကမ်းပေးလိုက်သည်။
“ မင်းမျက်နှာကို ပဝါနဲ့သုတ်ပြီးရင် ရေချိုးတော့… အမူးပြေဆေးလုပ်ပေးဖို့ အိမ်ထိန်းကို ငါပြောထားတယ်… နောက်တစ်ခါကျအများကြီး မသောက်နဲ့… ”
ရွှယ်လင်က နာခံမှုကင်းမဲ့စွာ ခေါင်းညိတ်ပြီး အိပ်ရာပေါ်မှဆင်းကာ သူ့မျက်နှာကိုသုတ်လိုက်သည်။ ပိုင်ဟောက်က ထိုနေရာတွင်ရပ်နေသည်ကို မြင်သောအခါ သူက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
“ အစ်ကိုကြီး ပြန်သွားအိပ်သင့်ပြီမလား …”
သူ့ကိုကျေးဇူးတင်ရန် အစီအစဉ်ပင် မရှိဟုမြင်တွေ့ရေသာအခါ ပိုင်ဟောက်က ပို၍ ဒေါသထွက်ရသော်လည်း အကြောင်းအမျိုးမျိုးကြောင့်သူ့ညီငယ်က ရှေ့နောက်မကြည့်ဘဲ ပြောခဲ့သော အရာနှင့် ပတ်သက်၍ သူတွေးမိသွားသည်။
“ ကိုးလ်ဆိုတာ ရွယ်လေးရဲ့ နိုင်ငံခြားကမိတ်ဆွေလား…”
ရွှယ်လင်၏မျက်နှာက ခဏမျှ သဘာဝမကျဖြစ်သွားသော်လည်း မကြာမီ သူက မျက်နှာ အနေအထားပြန်ပြင်လိုက်သည်။ သူက သူ့ခေါင်းကိုခါလိုက်ပြီးဖြေသည်။
“ မဟုတ်ပါဘူး... ”
ပိုင်ဟောက်က သူ့အမူအယာ မကောင်းကြောင်းတွေ့မြင်ရပြီး သူ မဖြေလိုကြောင်း ရှင်းနေသည်ကို သိလိုက်သည်။ သူထွက်သွားရန် တစ်ဖက်သို့လှည့်လိုက်သည်နှင့် သူ့နှလုံးသားနစ်မြုပ်သွားသည်။
“ငါ ပြန်အိပ်တော့မယ်…မင်း အိပ်ရာမဝင်ခင်အမူးပြေဆေးသောက်ဖို့ သတိရဦး…မဟုတ်ရင် မနက်ဖန်ကျ နေရတာ အဆင်ပြေဖြစ်နေလိမ့်မယ်…"
ရွှယ်လင်က သဘောတူလိုက်သည်။ ပိုင်ဟောက်က သူ့အတွက်တံခါးကိုပိတ်လိုက်သည်နှင့် သူ့မျက်နှာ ရှုံ့တွသွားပြီး မျက်နှာသုတ်ပုဝါကို အိပ်ရာပေါ်သို့ ပစ်ချလိုက်သည်။
အကူစနစ်လေးက မျက်နှာသုတ်ပဝါနှင့် ထိမှန်ခါနီးဖြစ်သွားကာ သူ့သားမွေးများ ဖွာတက်သွားသည်။
“ အရှင်… ဘာလုပ်တာလဲ… ”
ရွှယ်လင်က ဒေါသထွက်နေသည်။ သို့သော် သူ့ကိုယ်သူ ဒေါသထွက်နေသည်လား တခြားအရာဖြစ်နေလား မသိပေ။ သူက အကူစနစ်လေးကို လုံးဝလျစ်လျူရှုပြီး တစ်ဖက်သို့လှည့်ကာ ရေချိုးခန်းသို့ဝင်သွားခဲ့သည်။
အကူစနစ်လေးက မျက်တောင်ခတ်နေသည်။ သူ့အရှင်က မည်သို့ရူးကြောင်ကြောင်နိုင်နေသည်ကို သူ အမှန်တကယ်နားမလည်ပေ။ ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီးနောက် သူ့အား မပစ်ပေါက်ရန်သာ ဆုတောင်း နေရမည်။ သူက သူ့အရှင်၏ အရှေ့တိုက်ရိုက်မြင်ကွင်းတွင် မရှိလောက်သောနေရာတစ်ခုကို တွေ့ရှိခဲ့ပြီး ဘောလုံးကဲ့သို့ ကွေးလိပ်သွားသည်။
ရေချိုးခန်းအတွင်းရှိ ရေမှာ စီးကျနေသည်။
ပိုင်ဟောက် အစောပိုင်းက ဝင်ရောက်လာချိန်တွင် ရေချိုးကန်ကို ရေဖြည့်ထားသော်လည်း ရွှယ်လင်က မဝင်ခဲ့ပေ။ ထိုအစား သူက ပထမဦးစွာ ရေပန်းကိုဖွင့်ပြီး စိတ်တည်ငြိမ်ရန် ရေအေးနှင့် ခေါင်းကိုပက်ဖြန်းလိုက်သည်။ သူ့နှုတ်ခမ်းကို ဖိကိုက်ထားပြီး မျက်မှောင်ကြုတ်သွားသည်။ သူ့ခေါင်းကိုလှည့်ကာ ခန္ဓာကိုယ်အပြည့်ပေါ်သော မှန်တွင်ကြည့်လိုက်သည်။ ၎င်းက အခြားမျက်နှာတစ်ခုဖြစ်သည်။
ရွှယ်လင်က ပျော်မနေပေ။
လူတစ်ဦးက သင်နှင့်အတူ အချိန်ကြာမြင့်စွာနေလာပါကသင့်အား တတ်နိုင်သမျှဂရုစိုက်လိမ့်မည်။ သူတို့က သင့်အား ကမ္ဘာတစ်ခုလုံးကမ်းလှမ်းလိုသည့်အလားပင် ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ တစ်ရက်ပြီးတစ်ရက် မကျေနပ်ချက်အနည်းငယ်မျှ ခံစားနေရသည်ကိုပင် မမြင်လိုပေ။
အဲ့ဒါတောင် လုံးဝ ရင်မခုန်တဲ့သူ ရှိသေးလား…
ကိုးလ်က သူအမှန်တကယ်စဉ်းစားနေသည့် အရာကို မည်သည့်အခါကမျှ ပြောပြခြင်းမရှိသေးသော်လည်း ရွှယ်လင်က သူ့အတွေးနှင့်သူ ပိတ်မိနေဆဲပင်။ သူ့ဆုံးဖြတ်ချက်ကိုဆက်လက်ထိန်းသိမ်းထားပြီး ခေါင်းမာစွာချုပ်တည်းထားသည်။ ရလဒ်အနေနှင့် သူတို့နှစ်ဦးစလုံး ဘယ်သောအခါမျှ ဘာမှမပြောဘဲ သူတို့နောင်တတရားများကို ဆက်လက်ကိုင်စွဲထားကာ ကမ္ဘာကြီးမှထွက်သွားခဲ့ကြသည်။
ရွှယ်လင်က အနားမယူတော့ဘဲ တတိယကမ္ဘာကို စတင်ရန် အကူစနစ်လေးကို တိုက်တွန်းလိုက်သည်။ အကြောင်းရင်းမှာ သူက ကိုးလ်နှင့်သက်ဆိုင်သောအရာများကို မစဉ်းစားလိုသောကြောင့်ဖြစ်သည်။ သူကိုယ်တိုင် ထုံပေပေဖြစ်သွားစေရန်အတွက် စဉ်းစားရန်လိုအပ်သည့် အရာတစ်ခုကို သူရှာဖွေလိုရန်လိုသည်။ သို့မှသာ ထိုကဲ့သို့ ရှုပ်ထွေးသောအရာများကို စဉ်းစားချိန် မရှိနိုင်တော့ပေ။
သူက ထိုကမ္ဘာမှလူ မဟုတ်သောကြောင့် ထိုနေရာတွင်ကြုံတွေ့ခဲ့ရသော လူများနှင့် အရာများအတွက် လွမ်းဆွတ်မှုမရှိသင့်ဟု အမြဲခံစားရသည်။ သို့သော် သူက နောက်ဆုံးတွင် အဓိပ္ပာယ်အနည်းငယ်မရှိသည်ကိုပါ ထပ်မံခံစားရပြန်သည်။
သူ့ရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆုံးကျ ဘယ်သူ့နှလုံးသားက တစ်စစီကွဲကြေသွားလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ….
ရွှယ်လင်က ရေချိုးကန်ထဲသို့ ဝင်စိမ်လိုက်ရာ သူကမ္ဘာကြီးမှထွက်ခွာခဲ့စဉ်က ကိုးလ်၏မျက်နှာ ပေါ်လာသည်။
သူ ယခုအသက်ကြီးနေပြီဖြစ်သော်လည်း အသက်အရွယ်က သူ့ကြည့်ကောင်းမှုကို လျော့ကျမသွားစေပေ။ အသက်ကြီးနေသော လူကြီးဖြစ်နေသော်လည်း ငယ်ရွယ်သောအမျိုးသမီးများကို ရင်ခုန်မြန်စေလောက်သည်ထိ ချောမောခန့်ညားဆဲပင်ဖြစ်သည်။
သူက ရွှယ်လင့်ဘေးတွင်ထိုင်ကာ သူ့လက်ကို တိတ်တဆိတ်ကိုင်လိုက်သည်။ ရွှယ်လင်က သူထွက်သွားတော့မည်ဟု ပြောသောအခါ ကိုးလ်ကခေါင်းညိတ်ပြပြီး သူ့ကိုစောင့်နေရန်ပြောသည်။ ထို့နောက် သူက ဘာမှထပ်မပြောပေ။ ရွှယ်လင်က သူကိုယ်တိုင် အမှန်တကယ်ခံစားခဲ့ရသည့်အရာနှင့် ပတ်သက်၍ သူ့ကို မေးမြန်းလိုသော်လည်း နောက်ဆုံးတွင် သူ့ပါးစပ်ကိုပိတ်ထားလိုက်သည်။
သူတို့ ဘဝတစ်လျှောက်လုံး သူတို့ခံစားချက်များကို ရှင်းလင်းခြင်းမရှိဘဲ အချိန်ဖြုန်းခဲ့ပြီးဖြစ်သည်။ ယခုမှ ပြောင်းလဲရန်အကြောင်းပြချက်လည်း မရှိပေ။ ရွှယ်လင်က သူ့မျက်လုံးများကိုပိတ်ပြီး နောက်ဆုံးတွင် ကမ္ဘာကြီးမှထွက်ခွာသွားသည်။ ထို့ကြောင့် သူထွက်သွားပြီးနောက် ထိုလူက ကိုယ်ကိုကိုင်း၍ သူ့နှုတ်ခမ်းများအားနမ်းလိုက်ကာ မည်သို့ခံစားရသည်ကို သိိရန်ကြိုးစားသော်လည်း သူကမူ မသိလိုက်ပေ။
သူ အတော်အတန် အာရုံပျံ့လွင့်နေပုံရသော်လည်း သူ့ရွှေရောင်မျက်လုံးများတွင် ထိုလူကြီးနှင့် ပတ်သက်၍ မည်သည့်အရိပ်အမြွက်မရှိခဲ့ပေ။ သူ့စိတ်ဝိညာဉ်က ထိုသေလုမျောပါးဖြစ်သောလူကြီးနှင့်မတူပေ။
ထို့နောက် သူက ရွှယ်လင့်လက်ကို ကိုင်လိုက်သည်။ မျက်လုံးများကိုပိတ်ပြီး ကမ္ဘာမှထွက်သွားကာ သူ့နောက်သို့လိုက်ခဲ့သည်။
ရွှယ်လင်က ရေချိုးကန်မှ ပြန်ထွက်လာပြီး ဘေးတစ်ဖက်တွင်ချိတ်ထားသော ရေချိုးခန်းဝတ်ရုံကို ဆွဲလိုက်သည်။ သူ့ကိုယ်သူ မည်မျှစိုစွတ်နေသည်ကို လျစ်လျူရှုကာ ရေချိုးခန်းထဲမှ ထပြေးလာပြီး ပုန်းအောင်းနေသော အကူစနစ်လေးကို တန်းခေါ်လိုက်သည်။
မြေခွေးပေါက်လေးမျက်နှာမှာ စိတ်ရှုပ်ထွေးနေပြီး ကြောက်လန့်၍ တစ်ပိုင်းသေတော့မလိုပင်။
“ အရှင်... အခုက ဘာကိစ္စလဲ …”
ရွှယ်လင်၏မျက်နှာက တည်ကြည်လေးနက်နေသည်။
“ ငါသဘောကျရတဲ့ လူတစ်ယောက်ရှိရင် သူတို့ကို ငါနဲ့အတူ ကမ္ဘာကနေ ခေါ်သွားလို့ရလား…”
မြေခွေးငယ်လေးက ခဏတုန်လှုပ်သွားပြီး သူ၏မှောင်မိုက်သော မျက်လုံးအကြည့်များအောက်တွင် စိတ်ရှုပ်ထွေးနေပုံရသည်။ သူ့အသုံးအနှုန်းမှာ အနည်းငယ်ထူးဆန်းသော်လည်း သူက အလျင်အမြန် သတိပြန်ဝင်လာသည်။
“ အရှင်က ဘာကိုဆိုလိုတာလဲ… ”
“ တကယ်လို့ ငါက လူတစ်ယောက်ကို သဘောကျရင် သူ့ကို ငါနဲ့အတူ ကမ္ဘာတွေကိုဖြတ်ပြီးခေါ်သွားလို့ရလား…"
အကူစနစ်လေး၏အသွင်အပြင်က အလွန်ထူးဆန်းသွားသည်။ သူက မျက်နှာများရဲနေသော သူ့အရှင်ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
“ ဖြစ်နိုင်ခြေက အဲ့လောက်မရှိဘူး….ဒါပေမယ့် ကျွန်တော် အရှင့်အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးနိုင်တယ်… ”
ရွှယ်လင်က စိတ်သက်သာရာရသွားပြီး အရေးကြီးသောဆုံးဖြတ်ချက်တစ်ခု ချမည့်ပုံရသည်။ သူက ပြန်လှည့်ကာသူ့ရေချိုးသို့ ပြန်ဝင်သွားသည်။
အကူစနစ်လေးက ထိုနေရာတွင်သာ ဆက်လက်ရှိနေပြီး လုံးဝ စိတ်ရှုပ်ထွေးနေသည်။
အခုက ဘာဖြစ်သွားတာလဲ…အဲ့ဒီမှာ ခဏလေးရှိနေတာကို…သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့သွားတဲ့ပုံစံနဲ့…
ပိုင်ဟောက် သူ့အခန်းသို့ ပြန်လာသောအခါ သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်သည်။ ကံကောင်းထောက်မစွာပင် သူ့လက်ထောက်က ညဇီးကွက်ကဲ့သို့ ယခုအချိန်ထိ နိုးနေဆဲဖြစ်ပြီး ဖုန်းကို မည်သည့်တွေဝေမှုမျှ မရှိဘဲဖြေဆိုနိုင်သည်။
” ပိုင်ယွဲ့ ပြည်ပကိုထွက်သွားပြီးနောက်ပိုင်း တွေ့ကြုံခဲ့တာတွေကိုစုံစမ်းပေး သူ့ပတ်၀န်းကျင်က လူတိုင်းနဲ့ ...သူတို့ရဲ့ဆက်ဆံရေးတွေ ဘယ်လိုရှိတယ်…သူရဲ့ နေ့ရက်တွေ ဘယ်လိုကုန်ဆုံးလဲ…သူ့ဝါသနာတွေ…အဲ့လိုပေါ့…အကုန်လုံး… ”
သူဌေးက လူများအကြောင်း စုံစမ်းစစ်ဆေးခိုင်းရန်ကူညီရန် လက်ထောက်ကို ဖုန်းခေါ်သည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ သို့သော် သူဌေးက လူတစ်ဦး၏သတင်းအချက်အလက်များကို အတွင်းကျကျအသေးစိတ်နှင့် များစွာသော တွန်းအားပေးမှုများဖြင့် လိုချင်နေသည်မှာ ပထမဆုံးအကြိမ်ပင်။ သူက ‘သစ်ပင်အို ’ အကြောင်းစဉ်းစားရင်း အံ့ဩနေရသည်မှာ နောက်ဆုံးတွင် သူ့ သူဌေးက ‘ ပွင့်ဖူးခြင်း ’ ကိုစတင်ခဲ့ပြီး ချစ်ခြင်းမေတ္တာကို စိတ်ဝင်စားလာကြောင်းပြသနေသည်။ သို့သော် သူစိတ်ငြိမ်သွားသောအခါ သူတစ်ခုခုသဘောပေါက်သွားသည်။
ဟမ် ပိုင်ယွဲ့က ပိုင်မိသားစုရဲ့ ဒုတိယသခင်လေး မဟုတ်ဘူးလား…
သူဌေးက သူ့ညီအကြောင်းကို ဘာလို့စုံစမ်းချင်နေရတာလဲ…
ပိုင်ဟောက်က ဖုန်းချလိုက်ပြီးနောက် သူ့နှလုံးသားထဲမှ ဒေါသမှာ ငယ်ထိပ်ရောက်ပြီး သေမလိုဖြစ်နေသည်။ သူကိုယ်တိုင်လည်း မည်သည့်အကြောင်းကြောင့် စိတ်တိုနေရသည်ကို နားမလည်ပေ။ သူ့ညီအနားတွင် သူ၏ပုံမှန်အေးဆေးတည်ငြိမ်ခြင်းပုံနှင့် ခပ်တန်းတန်းနေတတ်ပုံကို အဘယ့်ကြောင့် မထိန်းသိမ်းထားနိုင်သည်ကိုလည်း မသိတော့ပေ။
သူက ပိုင်ယွဲ့ကို မူလတည်းက စိတ်ဝင်စားခဲ့ပြီး သူနှင့်တွေ့သောအခါ သူ့ကိုကောင်းစွာ ပြောဆိုဆက်ဆံချင်ခဲ့သည့်သဖွယ် ဖြစ်နေသည်။ အကြောင်းရင်းမရှိ အကြောင်းပြချက်မရှိဘဲ စစ်မှန်သော နှလုံးခုန်နှုန်းများက စိတ်ဝိဉာဉ်မှတစ်ဆင့် အဆက်မပြတ်ဖြစ်ပေါ်နေသည်။ သူက ပိုင်ယွဲ့အား သာယာအဆင်ပြေသောဘဝနှင့် ရှိစေချင်သည်။ သူ့အား ပျော်ရွှင်ကျေနပ်စေချင်ပြီး မည်သည့်အမုန်းတရား ခံစားချက်မှ မရှိစေချင်ပေ။
ပိုင်ဟောက် မျက်မှောင်ကြုတ်လိုက်သည်။ အရာအားလုံးမှားယွင်းနေပုံရသည်ဟု ခံစားနေရသော်လည်း မည်သည်က မှားနေသည်ကို သူ့ဦးနှောက်က မဖော်ထုတ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူက ရေချိုးရန်နှင့် အိပ်ရန်သာ ရွေးချယ်နိုင်သည်။
ရွှယ်လင်က နောက်တစ်နေ့တွင် အနည်းငယ် နောက်ကျမှ နိုးလာသည်။ သူ နံနက်စာသုံးဆောင်ရန် အောက်ထပ်သို့ဆင်းသွားသောအခါ ပိုင်ဟောက်က အလုပ်သွားသည်မှာ ကြာနေပြီဖြစ်ပြီး အဘိုးအိုကလည်း သူ့နံနက်လေ့ကျင့်ခန်းလုပ်ရာမှ ပြန်လာခြင်းမရှိသေးကြောင်း သိလိုက်ရသည်။
ယမန်နေ့က ကုန်တိုက်မှ သူ၀ယ်ခဲ့သည့်အရာများ ထိုနေ့တွင်ပင်ရောက်ရှိလာပြီးဖြစ်သော်လည်း သူ အိမ်တွင်ရှိမနေသဖြင့် အိမ်ထိန်းက ထိုပစ္စည်းများကို အထုပ်ဖြည်ကြည့်ရန် မဝံ့ရဲခဲ့ပေ။
ရွှယ်လင်က အ၀တ်တစ်စုံ ကောက်ဝတ်လိုက်ကာ သူ့အခန်း အပေါ်ထပ်သို့မတက်သွားမီ အိမ်ထိန်းအား အနားယူရန်ပြောလိုက်သည်။
အရက်နာကျပုံမပေါ်ပဲ ကောင်းမွန်သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားသော ညီငယ်သခင်လေး ပေါ်လာသည်နှင့် ဗီလာအတွင်းမှ လူတိုင်း၏မျက်လုံးများကို ဖမ်းစားခဲ့သည်။ သခင်ကြီးပြန်လာသောအခါ သူက ပိုင်ယွဲ့ကို ချီးကျူးထောပနာပြုပြန်သည်။ ပိုင်ယွဲ့က ရုပ်ရည်ချောမောသဖြင့် သူ့မြေးဖြစ်သည်မှာ အမှန်ပင်ဟုပင် ပြောနေသေးသည်။
ရွှယ်လင်က မျက်လုံးများမှေးတက်သည်ထိ ကျေနပ်စွာရယ်မေ နေပြီး သူ့ရယ်သံမှာ အလွန်ချစ်စရာကောင်းသည်။ ဗီလာရှိ အိမ်အကူများအားလုံးက သူ့ကို နူးညံ့သိမ်မွေ့စွာ ငေးကြည့်နေကြကာ အရသာရှိသော သရေစာမုန့်များစွာကို သူ့ရှေ့တွန်းပို့ကြသည်။
နေ့လည်စာစားပြီးနောက် ရွှယ်လင်က သူ့ကိုယ်ပိုင်စာချုပ်ကို လက်မှတ်ထိုးရန်အတွက် အကျိုးဆောင်တစ်ဦးကိုရှာဖွေရန် အဆင်သင့်ဖြစ်နေသည်။ သူက သူ့ရုပ်ရှင်ဆက်ဖန်တီးနိုင်ရန်အတွက် ငွေရှာရန် စာချုပ်တစ်ခု ဦးစွာချုပ်ရန် လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။ အိမ်ထိန်းကို အကျိုးအကြောင်း ပြောပြပြီး အဘိုးအိုကြီးနှင့် ခဏစကားပြောကာ နောက်ဆုံးတွင် ဗီလာမှထွက်လာလိုက်သည်။ သူ စိတ်သက်ရာရ၍ သက်ပြင်းချကာ အသက်ရှူနိုင်သွားသည်။
အကူစနစ်လေးက သူ့ပခုံးပေါ်သို့ စိတ်လှုပ်ရှားစွာ တွယ်တက်လာသည်။
“ အရှင်က အကျိုးဆောင်ကို ဘယ်လိုရှာဖို့ စီစဉ်ထားလဲ...”
သူက အနာဂတ်ကိုမျှော်ကိုးသော တိုးတက်မှုစနစ်တစ်ခု ဖြစ်သော်လည်း ဖျော်ဖြေရေးနယ်ပယ်ကို အလွန်စိတ်၀င်စားပြီး စိတ်အားထက်သန်ပုံရသည်။ ရွှယ်လင်က ကားဂိုဒေါင်မှ ကားတစ်စီးကိုရွေးချယ်ပြီး ယာဉ်မောင်းထိုင်ခုံတွင်ထိုင်ကာ အကူစနစ်လေးအား လှမ်းကြည့်ပြီးစကားပြောလိုက်သည်။
“ တကယ်လို့ ငါ ဘယ်နေရာက စရမယ်ဆိုတာကို သိမှတော့ မင်းကို ဘာကိစ္စ ငါ့နားထားရဦးမှာလဲ...”
အကူစနစ်လေးက အနည်းငယ် ကသိကအောက်ဖြစ်သွားပြီး ရွှယ်လင်အား မေးခွန်းပြန်မမေးမိီ အသံတိတ်ကာ ရှာဖွေနေလိုက်သည်။
"အရှင်က ဘယ်လိုအကျိုးဆောင်မျိုး လိုချင်တာလဲ…"
“အင်အားကြီးပေမယ့် ငါ့ကို အရမ်းစီမံခန့်ခွဲပြီး မတင်းကျပ်မယ့် ပုံစံမျိုးပေါ့…”
ရွှယ်လင်က ကားစထွက်တော့သည်။
အဆိုပါ အကူစနစ်လေးက ထူးထူးဆန်းဆန်း လုံးဝ အသံတိတ်နေသည်။
အရှင်က ရန်ပွဲဖြစ်ချင်နေတာလားလို့ မေးလိုက်ချင်တာ…
သူက ပိုပြီး ကျိုးကြောင်းမသင့်လျော်တာ အရှက်မရှိတာတွေ ဖြစ်နေမှာလား…
ရွှယ်လင်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူအမှန်တကယ် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အရှက်ကင်းမဲ့ခြင်းဖြစ်ကြောင်း စကားထဲထည့်ပြောရင်း သက်သေပြလိုက်သည်။
“ တကယ်လို့ သူ့လက်ထဲမှာ အရင်းအနှီးတွေပါ ရှိရင်တော့အကောင်းဆုံးပဲပေါ့… ပြီးရင် ငါ့ ဦးတည်ချက်တွေအတွက် သူတို့ကို လမ်းညွှန်ပေးဖို့ ဆန္ဒရှိတယ်… ”
အကူစနစ်လေးက ငေါ့တော့တော့နှင့် ထရယ်လိုက်သည်။ ယုတ္တိမရှိသော သူ့အရှင်ကို လုံးဝ ဥပေက္ခာပြုလိုက်ချင် နေသည်။
“အရှင်နဲ့ အရှင့်အစ်ကိုရဲ့ အလောင်းအစားကြောင့် ပိုင်ကွမ်းဖျော်ဖြေရေးကုမ္ပဏီနဲ့ လက်မှတ်ထိုးရမယ်…အဲ့ဒါကြောင့် ပိုင်ကွမ်းကအကျိုးဆောင်တွေကိုပဲ ရှာခဲ့တယ်… ”
အကူစနစ်လေးက စနောက်ရန်နှင့် ဘာမှ လုပ်စရာမရှိသော သူ့အရှင်ဖြစ်သူထံမှ သရော်စကားလုံးများနှင့် စိတ်အနှောင့်အယှက်မဖြစ်ချင်၍ အချက်အလက် ပြန်လည်ရယူခြင်းကိုစတင်လိုက်သည်။
"ပိုင်ကွမ်းမှာ အကြီးတန်းအကျိုးဆောင် ကိုးယောက်ရှိတယ်.. စူပါစတားတွေတာဝန်ယူထားပြီး အရှင့်ကို အရေးပေးဖို့ အချိန်မရှိတဲ့ သုံးယောက်ရယ်…အမျိုးသမီးအနုပညာရှင်တွေကိုပဲ စီမံခန့်ခွဲဖို့ လိုလားတဲ့ နှစ်ယောက်ရယ်… အရင်းအနှီးတွေအတွက် အရိပ်ကောင်းတဲ့စီးပွားရေးလုပ်ငန်းအပေါ်ပဲ မှီခိုနေတဲ့သူရယ်ကလွဲရင် အရှင်ရွေးဖို့ သုံးယောက်ကျန်သေးတယ်…"
ရွှယ်လင်က သူ့စကားလုံးများကို ပျင်းရိစွာဖြင့် အသိအမှတ်ပြုသည်။
“ နိုင်ငံခြားကို ခေါ်သွားတာ ခံလိုက်ရပြီး မြို့ထဲမှာမရှိတဲ့ တစ်ယောက်ကလွဲပြီး ပိုင်ကွမ်းမှာ အထက်က စီမံခန့်ခွဲမှုနဲ့အတည်ပြုဖို့ မလိုဘဲ ငွေရောင်အဆင့်နဲ့ သူ့ထက်မြင့်တဲ့ စာချုပ်တွေ လက်မှတ်ထိုးဖို့ အာဏာရှိတဲ့ အကြီးတန်း အကျိုးဆောင်က နှစ်ယောက်ပဲရှိတယ်…"
“ ဘယ်သူတွေလဲ… ”
“ ကျီလွေ့ရှစ်နဲ့ ကျင်းကျီရန်ပါ...”
အကူစနစ်လေးက ထိုလူနှစ်ဦး၏အချက်အလက်များကို သီးခြားစီစဉ်ပေးထားပြီး ရွှယ်လင်အား ရှာဖွေချက်အတိုအထွာများ ပေးလိုက်သည်။
“ ကျီလွေ့ရှစ်က နာမည်ကြီးအမျိုးသမီး အကျိုးဆောင်တစ်ယောက်ပဲ..မှတ်တမ်းလည်းကောင်းတယ် အရည်အချင်းလည်းရှိတယ်…သူက အရင်တုန်းက အဖွဲ့တစ်ခုကို စီမံပေးဖူးတယ်…ဒါပေမယ့် သူတို့ကိုလူကြိုက်များလာကြတော့ သူတို့ထဲက အများစုက တစ်ကိုယ်တော်ပွဲထွက်ချင်ကြတာလေ…သူက သူ့လက်အောက်မှာ စီမံပေးဖို့ လူသစ်ရှာချင်တာ စိတ်ဝင်စားပုံရတယ်… ဒါပေမယ့် အခြားအဖွဲ့သစ်တစ်ခုကို မကိုင်ချင်ဘူးပေါ့… ကျင်းကျီရန်မှာတော့ အနုပညာရှင်နှစ်ဦးရှိတယ်…အမျိုးသားနဲ့အမျိုးသမီးတစ်ဦး… တကယ်လို့ အရှင်က သရုပ်ဆောင်ဖြစ်ချင်ရင် အရှင့်သရုပ်ဆောင်စွမ်းရည်ကလည်း သူတို့ထက်သာတယ်ဆိုရင်တောင် အကျိုးဆောင်က အရှင့်ကို အထူးသီးသန့်ဂရုစိုက်ပေးလိမ့်မယ်လို့ မျှော်လင့်မရတဲ့အပြင် သူတို့ကို ဖိနှိပ်လို့မရဘူး…အရှင်က နိုင်ငံတကာစူပါစတားမဟုတ်ဘူး… ”
ရွှယ်လင်က GPS အညွှန်းတိုင်း လိုက်လာပြီး မြို့ပြဧရိယာ အတွင်း၌ ရောက်နေပြီးဖြစ်သည်။ အကူစနစ်လေး၏ စကားများကိုကြားသောအခါ သူ့မျက်လုံးများ တဖျတ်ဖျတ်လတ်သွားပြီး ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
“ငါ…အနှေးနဲ့ အမြန် ဖြစ်လာမှာပါ…”
အကူစနစ်လေးက သူနှင့် ထိုအကြောင်း မငြင်းခုန်ချင်ချင်ပေ။
“ ဘယ်သူ့ကိုရွေးရမယ်ဆိုတာဆုံးဖြတ်ပြီးပြီလား… ကျီလွေ့ရှစ်က ပိုင်ကွမ်းရုံးချုပ်မှာရှိနေပြီး ကျင်းကျီရန်ကတော့ ရိုက်ကွင်းမှာ.. အရှင် အဲ့မှာ ရှိနေရင်တော့ အဲ့အခန်းကို လုပ်နိုင်မလားဆိုတာ သွားကြည့်လို့ရတယ်…"
ရွှယ်လင်က ပိုင်ကွမ်းရုံးချုပ်ဆီသို့ ဦးတည်ရန် သူ့ရည်မှန်းချက်ကို တိတ်တဆိတ်သတ်မှတ်လိုက်သည်။
“ ကျီလွေ့ရှစ်နဲ့ အတူသွားကြမယ်… ငါ့ကိုယ်စားလှယ်ကို ငါ့ကိစ္စတွေအပြင် အခြားလူနှစ်ယောက်အတွက် တာ၀န်ယူတာမျိုး မရှိစေချင်ဘူး… အဲဒါက လန့်စရာလည်းကောင်း စိတ်ပျက်စရာလည်းကောင်းတယ်…"
အကူစနစ်လေးက သူ့အတွေးများကို ခန့်မှန်းထားပြီးဖြစ်၍ ကျီလွေ့ရှစ်အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်သည်။ သူက ရွှယ်လင်၏ရည်ရွယ်ချက်ကို နားလည်သည်။ သူက သရုပ်ဆောင်အလုပ်အား စီမံခန့်ခွဲပေးရန် အကျိုးဆောင်တစ်ဦးကို ရှာဖွေနေရုံသာမက ဖျော်ဖြေရေးအသိုင်းအဝိုင်းအကြောင်း အရာအားလုံးကို သိထားသောလူတစ်ဦးကိုလည်း ရှာဖွေချင်နေသည်။ သူမက သူ့အား သူ ရုပ်ရှင်ထုတ်လုပ်စဉ်နှင့် သရုပ်ဆောင်စဉ်အတွင်း အခြားအသေးအဖွဲ့ကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရုံသာမက သူမတွင် အဆက်အသွယ်များစွာရှိသောကြောင့် သရုပ်ဆောင်များကို ရှာဖွေရန် အလွယ်တကူ ကူညီနိုင်ပေသည်။
🦊🦊🦊