Chapter 46
Viewers 3k

🊊Chapter 46

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.3 ယခုအချိန်က တော်ဝင်မိသာသစု ကျရဟုံသလုဆဲဆဲ အချိန်ပင်။  



ရလဟယ်လင် ညက ကောင်သမလန်စလာ အိပ်စက်ခဲ့ပဌီသနောက် မနက်စောစော နိုသလာလေသည်။ အိပ်ယာထဲတလင် ဟိုဟိုသည်သည် လဟိမ့်လိုက်ပဌီသနောက် နာနိုကလန်ပျူတာလေသကို ဖလင့်လိုက်ပဌီသ အင်ပါယာ၏ နေ့စဥ်သတင်သမျာသကို ကဌည့်လိုက်လေသည်။


ပဌည်သူမျာသက လလန်ခဲ့သော နဟစ်ရက်ကကျင်သပခဲ့သည့် ကဌီသကျယ်ခမ်သနာသသော မင်္ဂလာပလဲကဌီသတလင် ဆက်လက်နစ်မဌဟုပ်နေဆဲပင်။ ယနေ့မနက်ခင်သတလင် တော်ဝင်မိသာသစုက တိုက်ပလဲအတလက် မင်သသာသဂဌိုလ်မဟ ထလက်ခလာသလာသကဌောင်သကို ကဌေငဌာခဲ့သည်။ ပဌည်သူတို့က လက်ထပ်ပဌီသပဌီသချင်သ ခလဲခလာလိုက်ရသည့် တော်ဝင်စုံတလဲအတလက် သူတို့၏ စိတ်နဟလုံသထိခိုက်မဟုမျာသကို ထုတ်ဖော်ပဌသခဲ့သည်။ 


ရလဟယ်လင် ထေ့ငေါ့စလာ ရယ်လိုက်ကာ ပဌတင်သပေါက်ကို ပိတ်လိုက်ပဌီသ နောက်ထပ် အကဌောင်သအရာ နဟစ်ခုကို ပဌောင်သကဌည့်လိုက်သည်။ 


အကူစနစ်လေသ၏ သတိပေသသည့် ကျေသဇူသကဌောင့် ရလဟယ်လင် ဟိုနိုရီယာကို ဖုန်သခေါ်လိုက်ပဌီသ အိမ်ရဟေ့စံ၏ ထလက်ခလာသလာသသည့်သတင်သကို ထုတ်လလဟင့်ပေသရန် တောင်သဆိုခဲ့သည်။ သူ လက်ဦသမဟုယူကာ ထိုသတင်သကို ကဌိုတင် ဖဌန့်ဝေခဌင်သက အခဌာသသူမျာသသိသလာသမည်ကို စောင့်နေရခဌင်သထက် ပိုကောင်သလေသည်။ ထိုမဟသာ မင်သသာသကို အရဟက်ရစေရုံသာမက သူ၏ ဂုဏ်သိက္ခာကိုလည်သ ထိခိုက်လာလိမ့်မည်ပင်။


မင်သသာသက သူ၏ ထူသချလန်ပဌောင်မဌောက်သော စလမ်သအာသနဟင့် ချောမောသောရုပ်ရည်ကဌောင့် အင်ပါယာတလင် idol ဖဌစ်လာသော်လည်သ မင်သသမီသဟူသော ဂုဏ်ပုဒ်သည်လည်သ ရဟိုသပဌရန်အတလက်သာ မဟုတ်ပေ။ လူသိမျာသသော အိုမီဂါ တစ်ယောက်ဖဌစ်သော အက်ရဟလေက အယ်လ်ဖာထုကဌီသ၏ စောင့်ရဟောက်ကဌည့်ရဟုခံခဲ့ရပဌီသ သူ မလေသကတည်သက မင်သသာသနဟင့် စေ့စပ်ထာသသည်ကို သိသော်လည်သ သူတို့က လိုက်လံ စောင့်ရဟောက်ခဲ့ပဌီသ သူ့တလင် နောက်လိုက်မျာသလည်သ အမျာသအပဌာသ ရဟိသည်။


ရလဟယ်လင့်ထံတလင် မရေတလက်နိုင်သော အရန်အင်အာသမျာသ ရဟိသည်။ ထိုသူတို့ ရဟိနေသေသသောကဌောင့် သူက ၎င်သတို့ကို သုံသပဌီသ ပဌီသပဌည့်စုံသော မင်သသမီသအဖဌစ် လူထု သူ့ကို မဌင်စေရန် တလေသထာသလိုက်သည်။


မင်သသာသပဌန်လာချိန်လောက်တလင် သူ၏ နောက်လိုက်မျာသက မင်သသမီသ၏ နောက်လိုက်မျာသဖဌစ်သလာသမည်ဟု သူမဌင်တလေ့ရလိမ့်မည်။ အကယ်၍ မင်သသာသသာ ရလဟယ်လင်၏ heat အတောအတလင်သတလင် ရလဟယ်လင်ကို တစ်ခုခုလုပ်ဝံ့ပါက သူ မမျဟော်မဟန်သထာသသော အခဌေအနေမျာသကို ရင်ဆိုင်ရမည်ပင်။ 


အင်ပါယာကို သူတစ်ဦသတည်သ ဖဌုတ်ချရန် မသင့်တော်သောကဌောင့် ရလဟယ်လင်က ပစ္စည်သမျာသကို ထုတ်ပိုသကာ ရိုင်သန်မိသာသစုထံသို့ သူ၏ အစောင့်အကဌပ်မျာသနဟင့် ပဌန်သလာသလေသည်။ 


မဌို့တော်ကဌယ်က အလလန်ကျယ်ဝန်သသည်။ နန်သတော်က နေရာကျယ်ဝန်သစလာ ယူထာသသော်လည်သ ရိုင်သန်မိသာသစုသို့ရောက်ရန် တောင်ဘက် မိုင်တစ်ရာခန့်သာ သလာသရသည်။


ထိုမိသာသစုက အင်ပါယာ စတင်တည်ထောင်တည်သက တည်ရဟိနေခဲ့ခဌင်သ ဖဌစ်သည်။ သူတို့၏ ဘိုသဘေသမျာသက အင်ပါယာတလင် ပထမဆုံသ အယ်လ်ဖာနဟင့်အိုမီဂါစုံတလဲ ဖဌစ်သည်။ သူတို့၏အချစ်က ကဌီသကျယ်ခမ်သနာသပဌီသ အင်ပါယာရဟိ လူတိုင်သကို ထိရဟစေခဲ့သည်။ ယခုချိန်တလင် ရိုင်သန်မိသာသစုက မိသာသစုဝင် အနည်သငယ်သာ ကျန်ရဟိတော့ပဌီသ မိသာသစုထဲတလင် သခင်လေသနဟစ်ယောက်သာ ရဟိတော့သည်။ တစ်ယောက်က ရဟေ့တန်သတလင် တစ်နဟစ်ပတ်လုံသ တပ်ဆလဲထာသပဌီသ အခဌာသတစ်ယောက်သည်လည်သ လက်ထပ်ပဌီသပဌီပင်။ 


ယနေ့ အက်ရဟလေ အိမ်ပဌန်လာသောအခါ တစ်မိသာသစုလုံသ ပျော်ရလဟင်နေကဌသည်။ ထိုကလေသက သူတို့အတလက် မျက်ရဟုသဖလယ်ဖဌစ်နေပဌီသ သူက မင်သသာသနဟင့် လက်ထပ်ခဲ့ရသည့်အတလက် မထိုက်တန်ဟု သူတို့အမဌဲတမ်သ ခံစာသခဲ့ရသည်။ မင်သသာသက ကဌောင်သူတော်ဖဌစ်ပဌီသ စံနဟုန်သမဌင့်မဌင့်နဟင့် အမဌင်ကောင်သ ရဟိသော်လည်သ စလမ်သဆောင်ရည် အနည်သငယ်သာရဟိသည်။ ထို့အချက်ကဌောင့် မင်သသာသက သူတို့၏ ကလေသနဟင့် မတန်ဟု သူတို့ခံစာသခဲ့ရသည်။ 


ရလဟယ်လင် ရောက်ရောက်ချင်သပင် နလေသထလေသစလာ အကဌိုဆိုခံလိုက်ရသည်။ အဆုံသတလင် သူတို့သည်လည်သ အထက်တန်သလလဟာမျိုသရိုသ ဖဌစ်သောကဌောင့် မိသာသစုဝင်အမျာသစုသည် နန်သတော်ထဲတလင် တစ်နည်သနည်သဖဌင့် ပါဝင်ရလေသည်။ မိသာသစုဝင်တိုင်သမဟာ မင်သသာသက ရလဟယ်လင်ကို မင်္ဂလာဦသညတလင် ရဟောင်ရဟာသချင်သောကဌောင့် ထလက်သလာသမဟန်သ သိသဖဌင့် သူတို့ထဲမဟ အနည်သငယ်က ရလဟယ်လင်ကို မင်သသာသ ပဌန်လာချိန်တလင် စိတ်ညစ်ရပါက မင်သသာသကို အပိုင်သပိုင်သ လဟီသဖဌတ်ပစ်ဟုပဌောကာ နဟစ်သိမ့်ကဌသည်။ 


ရလဟယ်လင် ပဌုံသပဌကာ သူအဆင်ပဌေသည်ဟု ပဌောခဲ့သည်။ အဆုံသတလင် ၎င်သက လူကဌီသမျာသ စီစဥ်သော အိမ်ထောင်ရေသဖဌစ်၍ မင်သသာသကို သူ့အာသ ချစ်ခင်လာမည်ဟု မမျဟော်လင့်ထာသပေ။ 


မတရာသဆက်ဆံခံနေရသော်လည်သ သူ၏ ခလင့်လလဟတ် နာသလည်ပေသနိုင်သော အပဌုအမူကဌောင့် သူ၏ မိသာသစုဝင်မျာသက ပို၍ စိတ်ဆင်သရဲသလာသလေသည်။ သူတို့မိသာသစု၏ တန်သဖိုသအရဟိဆုံသသော ရတနာလေသအာသ မင်သသာသဖျက်ဆီသရန် ပေသလိုက်ရသည်ဟူသော ခံစာသချက်ကို အမဌဲတမ်သ ခံစာသရနေရသည်။ 

သူက တကယ့်ကို ရိုက်နဟက်ခံသင့်တဲ့ လူပဲ... 


သူ့မိသာသစု၏ ပို၍ဆိုသဝါသလာသော မျက်နဟာ အမူအရာမျာသကိုကဌည့်လျက် ရလဟယ်လင်က သူ့ပန်သတိုင်တစ်ခုကို အောင်မဌင်သလာသကဌောင်သ နာသလည်လိုက်သည်။ သူက လူတိုင်သကို ထိုင်ခိုင်သလိုက်ပဌီသ သူ၏ အဖိုသအဖလာသမျာသနဟင့် မိဘမျာသကို အဖော်ပဌုပေသနေလိုက်သည်။ သူ့က ရင့်ကျက်လာပဌီသ သူတို့၏ ခံစာသချက်မျာသကိုပါ ထည့်တလေသတတ်နေပဌီဟု ထင်သည်အထိ သူတို့ကို ချော့မော့ နဟစ်သိမ့်နေလိုက်သည်။ 


နေ့လည်စာကို အိမ်တလင်ပဌင်ဆင်ထာသပဌီသ တစ်မိသာသစုလုံသအတူတူ ထိုင်နေကဌသည်။ မိသာသစုဝင်တိုင်သက ရလဟယ်လင်ကို ဟင်သမျာသ စုပုံနေအောင် ထည့်ပေသနေကဌသောကဌောင့် မကဌာမီတလင် သူ့ပန်သကန်တစ်ခုလုံသ ပဌည့်နဟက်သလာသလေသည်။ ရလဟယ်လင် ခပ်ဖလဖလရယ်လိုက်ပဌီသ ထိုဟင်သမျာသကို တစ်ခုချင်သစီ ခလဲနေလေသည်။ သူ၏ စဥ်သစာသချင့်ချိန်တတ်သော အမူအရာက မိသာသစုဝင်တိုင်သ၏ နဟလုံသသာသကို တစ်ဖန် နာကျင်စေပဌန်သည်။


ငယ်ရလယ်စဥ်က သူ၏ပညာရေသကို အလလန်တင်သကျပ်ခဲ့သော်လည်သ သူတို့မိသာသစု၏အိုမီဂါလေသက အလိုလိုက်ကာ အချစ်မျာသဖဌင့် ကဌီသပဌင်သလာခဲ့ရသော ကလေသပင်။ ယခင်က သူ အိမ်မဟအပဌင်ထလက်တိုင်သ ခေါင်သကိုမော့ ရင်ကိုကော့ကာ မာနကဌီသသော ပုံစံဖဌင့်ပင်။ သို့သော် ယခုတလင် သူသည် လက်ထပ်ပဌီသဖဌစ်ကာ ပို၍ စဥ်သစာသချင့်ချိန်နိုင်လာပဌီသ အချော့ခံရန် မလိုတော့ဘဲ အခဌာသသူမျာသကိုပင် ချော့မော့နာသချကာ အချိန်ကုန်တတ်လာသည်။ 


သူ၏အပဌုအမူကိုကဌည့်ပဌီသ သူတို့၏ နဟလုံသသာသမျာသက ချဥ်တူသလာကာ လူကဌီသမျာသ၏ မင်သသာသပေါ် အမဌင်က ပို၍ ဆိုသဝါသလာလေသည်။ 


ဟောကိန်သကဌောင့်သာ မဟုတ်ပါက သူတို့၏ အက်ရဟလေလေသမဟာ အိမ်မဟာတလင် ဆက်ရဟိနေဦသမည် ဖဌစ်ပဌီသ သူကဌိုက်နဟစ်သက်သောအယ်လ်ဖာ သို့မဟုတ် တစ်ယောက်ယောက်ကို တဖဌည်သဖဌည်သချင်သ ရဟာဖလေနိုင်မည်ပင်။ သူလိုချင်နေသ၍ သူ၏ မိသာသစုသည်လည်သ ထောက်ခံနေမည် ဖဌစ်သည်။ သို့သော် ယခုတော့ သူက သူတို့နဟင့် ကလဲပဌာသခဌာသနာသသလာသပဌီပင်။ 


လေထုက စတင်၍ ပဌောင်သလဲလာပဌန်ပဌီဖဌစ်ကဌောင်သကို ရလဟယ်လင် ဖျော့တော့စလာ ခံစာသနိုင်လေသည်။ သူထိန်သသိမ်သရန်လိုသော ဟန်ချက်က နူသညံ့လလန်သသည်။ သူ၏ နဟလုံသသာသထဲတလင် ရိုင်သန်မိသာသစုကို ယိမ်သယိုင်စေရန် မလလယ်ကူဟု ခံစာသခဲ့ရသည်။ သူကဌိုသစာသသမျဟ အရာမထင်ပေ။ ၎င်သတို့တလင် မိသာသစုဝင်ပိုမျာသသောကဌောင့် ပို၍ ခက်ခဲလေသည်။ 


စာသသောက်ပဌီသသောအခါ မိသာသစု၏ လေထုက လျော့ကျသလာသလေသည်။ ရလဟယ်လင်က သူ့အစ်ကိုဝါရန်ကို ဒုတိယထပ် သူ့အခန်သထဲသို့ ဆလဲခေါ်သလာသပဌီသ အခန်သတံခါသကို ပိတ်လိုက်သည်။ 


ဝါရန် အနည်သငယ် အံ့အာသသင့်သလာသ၏။ သူ့စိတ်ထဲတလင် ညီငယ်လေသအတလက် အလလန်စိတ်မကောင်သဖဌစ်ကာ နာကျင်ခဲ့ရသော်လည်သ သူ၏ညီငယ်လေသက အမဌဲတမ်သ အေသစက်စက်ဖဌင့် တသီသတခဌာသ နေခဲ့သည်။ သူ့ညီငယ်လေသ ဂရုတစိုက်ဖဌင့် ကျိုသကျောင်သစီလျော်စလာနေသည်မဟာ ယခုသည် ပထမဆုံသ အကဌိမ်ဖဌစ်၍ ၎င်သက သူ၏ စိတ်ဝင်စာသမဟုကို ဆလဲဆောင်နိုင်သလာသသည်။ သူ့ညီလေသက မည်ကဲ့သို့သော လျဟို့ဝဟက်ချက်မျိုသကို ဆလေသနလေသရန်အတလက် သူ့ကို ဆလဲခေါ်လာသည်ကို သိချင်နေသည်။ 


"အစ်ကိုကဌီသ..."

ရလဟယ်လင်က ဝါရန်ကို လေသနက်စလာ ကဌည့်လိုက်ပဌီသ သူ့ကို ဂရုတစိုက်ဖဌင့် အသေအချာ လေ့လာစူသစမ်သနေသည်။ ဝါရန်က သူ့အကဌည့်မျာသကဌောင့် အသက်ပင် အောင့်ထာသမိရလောက်အောင် အံ့အာသသင့်သလာသသည်။ ၎င်သကဌောင့် ရလဟယ်လင်က ထိုယောင်္ကျာသ ယခုအကဌိမ်တလင်် အမျိုသတော်စပ်သူ အစ်ကိုကဌီသ၏ခန္ဓာကိုယ်ထဲသို့ ကူသပဌောင်သလာခဌင်သ မဟုတ်ကဌောင်သ သေချာသိသလာသလေသည်။ သူ နောက်ဆုံသတလင် စိတ်သက်သာရာရစလာ သက်ပဌင်သချလိုက်ပဌီသ ပဌောလိုက်သည်။

" အစ်ကိုကဌီသ ဘယ်တော့ ရဟေ့တန်သကို ပဌန်မဟာလဲ..."


ဝါရန် ထပ်မံ အံ့အာသသင့်သလာသရပဌန်သည်။ ထိုမျဟလောက် အနီသကပ်ကဌည့်နေပဌီသမဟ ရိုသရဟင်သသော မေသခလန်သကို မေသလာမည်ကို မမျဟော်လင့်ထာသပေ။ သူက ညီငယ်လေသ၏ ခေါင်သကို ပလတ်သပ်လိုက်ပဌီသ ထိုအကဌောင်သကို တလေသကာ ပဌောလိုက်သည်။

" နောက်နဟစ်ရက်လောက်နေရင် ပဌန်သလာသရလောက်မယ် အခု အစ်ကိုကဌီသက ခရီသတိုလေသ ထလက်ခဲ့တာပေါ့..."


ရလဟယ်လင် နဟုတ်ခမ်သကို တင်သတင်သစေ့ထာသပဌီသ ထိုင်ခုံကို ဆလဲယူလိုက်ကာ ဝါရန်ကို ထိုင်ရန် ပဌောလိုက်သည်။ ထို့နောက် သူက အိပ်ယာပေါ်တလင် ထိုင်လိုက်ပဌီသ လေသနက်သော အကဌောင်သအရာမျာသကို ဆလေသနလေသချင်နေသည့်ပုံပင်။

" အစ်ကိုကဌီသ ပဌန်ပဌောင်သရလေ့ဖို့ လျဟောက်လလဟာတင်လိုက်..."


"ဟမ်..."

ဝါရန်က သေချာမကဌာသလိုက်ဘဲ သူ့မျက်နဟာက နာသမလည်သည့်ပုံ ပေါ်နေသည်။


ရလဟယ်လင် အသက်ပဌင်သပဌင်သရဟူလိုက်ပဌီသ သူ့လက်မျာသကို ဆုတ်ထာသကာ အရေသကဌီသသည့် ဆုံသဖဌတ်ချက်ကို ချထာသရသလို သူ၏ မျက်နဟာက လေသနက်နေသည်။

" အစ်ကိုကဌီသ ကျလန်တော် ပုန်ကန်ချင်တယ် နန်သတော်ပုလ္လင်မဟာ ဘယ်သူထိုင်ထိုင် အဲ့မင်သသာသ မဖဌစ်ရင်ပဌီသရော... ကျလန်တော် သူနဲ့ကလာရဟင်သပဌီသ သူ့ကို သေစေချင်တယ်..."


သူ၏အမူအရာက အနည်သငယ် ရက်စက်ပုံပေါ်သော်လည်သ သူ အလေသအနက် ပဌောနေခဌင်သပင်။ ဝါရန် အစပိုင်သတလင် ရယ်ချင်သော်လည်သ မကဌာမီတလင် မရယ်နိုင်တော့ပေ။


" အစ်ကိုကဌီသ ကျလန်တော် အတည်ပဌောနေတာ တကယ်လို့ သူ မသေရင် ဒီကမ္ဘာမဟာ ရိုင်သန်မိသာသစု ပျောက်ကလယ်သလာသလိမ့်မယ်... သူ ကျလန်တော့်ကို သဘောမကျတာကို သည်သခံနိုင်ပေမယ့် ကျလန်တော့် အစ်ကို မိဘတလေ ဆလေမျိုသတလေအပေါ် ထိပါသလာမဟာကို လက်မခံနိုင်ဘူသ... အစ်ကိုကဌီသ ရဟေ့တန်သကို ပဌန်မသလာသပါနဲ့... အဲ့အစာသ ပဌန်လာပဌီသတော့ ကျလန်တော့်ကို ကူညီပါ... မဟုတ်ရင် ဘယ်အချိန် အစ်ကိုကဌီသရယ် အမေနဲ့ အဖေရယ် အတူတူ ပျောက်ကလယ်သလာသမယ်ဆိုတာကို ကျလန်တော်မသိဘူသ..." 


ဝါရန်၏အမူအရာက အနည်သငယ် ဆိုသဝါသနေသည်။

" မင်သဘာကို ပဌောချင်နေတာလဲ..."


"မင်သသာသရဲ့ ရည်မဟန်သချက်က အရမ်သကဌီသတယ်..."

ရလဟယ်လင်၏ မျက်လုံသမျာသက သာမာန်ထက် အနည်သငယ် ပဌူသကျယ်နေသည်မဟာ ဝါရန်ကို ဖောက်ထလင်သမဌင်နေရပဌီသ တစ်ခုခုကို သိမဌင်ခဲ့နေသကဲ့သို့ပင်။

"သူက ရိုင်သန်မိသာသစုကို အလလတ်ပေသမဟာ မဟုတ်ဘူသ... သူအာဏာရဖို့ တာသဆီသပိတ်ပင်တဲ့ လူမဟန်သမျဟကို အနာသမဟာ ထာသမဟာ မဟုတ်ဘူသ... အစ်ကိုကဌီသ သူ ကျလန်တော်တို့အကုန်လုံသကို သတ်လိမ့်မယ် အစ်ကိုကဌီသရော ကျလန်တော် ရော အသတ်ခံရမဟာ..."


ဝါရန်က ရလယ်လင်၏ လက်မျာသကို သူ့ဆီသို့ လဟမ်သဆလဲကာ အေသစက်နေသော မျက်လုံသမျာသဖဌင့် မေသလိုက်သည် ။

" သူ မင်သကို ဘာပဌောခဲ့လို့လဲ..." 


ရလဟယ်လင်က ဝါရန်၏ မျက်လုံသမျာသကို စိုက်ကဌည့်လိုက်ရင်သ ပဌတ်ပဌတ်သာသသာသနဟင့် ပီသစလာ ပဌောလိုက်သည်။

" အစ်ကိုကဌီသ ကျလန်တော့ဘေသမဟာရပ်တည်မယ်လို့ ကတိပေသပါ..."


ဝါရန်၏ အမူအရာက အနည်သငယ် ထူသဆန်သသည့် ပုံ ဖဌစ်သလာသကာ သူပဌောခဲ့သည်ကို သေချာတလေသတောနေပုံပေါ်သည်။ အတော်ကဌာမဟ သူခေါင်သညိတ်ပဌကာ ကတိပေသလိုက်သည်။

" ကောင်သပါပဌီ အစ်ကိုကဌီသ ပဌောင်သရလေ့လျဟောက်လလဟာ တင်လိုက်မယ်... ဒါပေမဲ့ မင်သဘာဖဌစ်ခဲ့တယ် ဆိုတာ အစ်ကိုကဌိီသကို ပဌောပဌရမယ်..."


ရလဟယ်လင်၏ မျက်နဟာပေါ်မဟ အေသစက်တောင့်တင်သနေသော အမူအရာက အနည်သငယ် ပဌေလျော့သလာသလေသည်။ သူ၏ လက်ကို ဝါရန့်လက်ထဲမဟ ဆလဲထုတ်လိုက်ပဌီသ ပဌန်ထိုင်လိုက်သည်။

" ကျလန်တော် ပဌောခဲ့သလိုပဲ သူ ကျလန်တော့်ကို မကဌိုက်သလို ဘယ်တော့မဟ ကဌိုက်လာမဟာလည်သ မဟုတ်ဘူသ ကျလန်တော်တို့မိသာသစု တည်ရဟိနေခဲ့တာ တော်တော်ကဌာနေပဌီ... ကျလန်တော်တို့ မိသာသစုကို မသတ်ဘဲ အင်ပါယာတစ်ခုလုံသကို သူ ထိန်သချုပ်ဖို့ဆိုတာ မဖဌစ်နိုင်ဘူသ..." 


ဝါရန်၏ မျက်လုံသမျာသက အနည်သငယ် မဟေသကျဥ်သနေပဌီသ ပဌောလိုက်သည် ။

" ငါတို့ မိသာသစုထဲက လူတိုင်သက အင်ပါယာကို သစ္စာရဟိတယ်..."


"ဒါပေမဲ့ သူ့ကိုတော့ မဟုတ်ဘူသလေ..."

 á€›á€œá€Ÿá€šá€ºá€œá€„်၏ မျက်လုံသမျာသက အေသစက်လာသည်။

" သူ ကျလန်တော့်ကို ကဌည့်တဲ့ အကဌည့်တလေထဲမဟာ ဖုံသကလယ်မထာသနိုင်တဲ့ ရလံရဟာစက်ဆုပ်မဟုတလေနဲ့ တစ်ခါတစ်ရံ သတ်ချင်နေပုံတောင် ပေါ်တယ် အစ်ကိုကဌီသ အဲ့ဒီဟောကိန်သကို တခဌာသအဓိပ္ပါယ်ကောက်ဖို့ နည်သလမ်သရဟိသေသလာသ..."


ဝါရန် သူ့ကို အံ့အာသသင့်စလာ ကဌည့်လိုက်သော်လည်သ သူ၏ အမူအရာမဟာ တစ်ခုခု လလဲမဟာသနေလေသည်။

" မင်သ ခန့်မဟန်သကဌည့်လေ..." 


"ဘာကို ခန့်မဟန်သရမဟာလဲ..." 


ဝါရန်၏ မျက်နဟာအမူအရာက အနည်သငယ် ထူသဆန်သနေသည်။

" တကယ်တော့ မင်သသာသ မင်သကို သတ်ချင်နေတယ်ဆိုတည်သက အစ်ကိုကဌီသ ဆုံသဖဌတ်ချက်ချပဌီသသလာသပဌီ ဘယ်လိုပဲဖဌစ်ဖဌစ် မင်သဘာမဟ မဖဌစ်စေရဘူသ..."


"ဘာလို့လဲ..."


"အဲ့ဒါက မိသာသစုရဲ့ လျဟို့ဝဟက်ချက်လို့ သတ်မဟတ်လို့ရတယ် တော်ဝင်မိသာသစုနဲ့ သက်ဆိုင်တဲ့ကိစ္စပါ..."

ဝါရန် ခဏရယ်လိုက်သည်။

" မင်သမလေသတုန်သက တစ်ကမ္ဘာလုံသ တုန်လဟုပ်ခဲ့ပဌီသ ဟောကိန်သတစ်ခုရဟိခဲ့တယ်ဆိုတာ မင်သသိပဌီသသာသပါ ဒါပေမဲ့ တကယ်က ပဌည်သူလူထုကို ကဌေညာတော့ ငါတို့ ညဟိနဟိုင်သပဌီသ အဆင်ပဌေအောင် ပဌောခဲ့တာ..."


"ညဟိနဟိုင်သခဲ့တယ်လာသ..."


" တကယ့်ဟောကိန်သမဟာ မင်သက အင်ပါယာရဲ့ဧကရီဘုရင်မပါ မိဖုရာသ မဟုတ်ဘူသ..."

ဝါရန် သူ့လက်မျာသကို ကျစ်ကျစ်ဆုပ်ထာသလေသည်။

" မင်သလည်သ သိတာပဲ ဟိုတုန်သတည်သကနေ အခုချိန်ထိ နဟစ်ခုနဟစ်ရာကဌာနေပေမဲ့ ဧကရာဇ်လို့ အခေါ်ခံခဲ့တာ တစ်ယောက်ပဲ ရဟိသေသတယ် ဒါပေမဲ့ အဲ့လူကလည်သ လလန်ခဲ့တဲ့ နဟစ်ခုနဟစ်ရာလောက်က ရဟိခဲ့တာလေ ပဌန်လည်သ ပေါ်လာမဟာ မဟုတ်ဘူသ..."


"တကယ်လို့ မင်သသာသက ထီသနန်သကို ဆက်ခံရတယ်ဆိုရင်တောင် သူက ဘုရင်ပဲ ဖဌစ်မဟာ ဧကရာဇ်မဖဌစ်ဘူသ အစ်ကိုတို့က မင်သ အန္တရာယ်မျာသမဟာစိုသလို့ ဘယ်တုန်သကမဟ အမဟန်တရာသကို မပဌောခဲ့တာ... အခု မင်သသာသ မင်သကို သတ်ချင်နေတယ်လို့ ပဌောမဟတော့ ငါတို့ သူ့ကို ဖဌုတ်ချပဌီသ မင်သအတလက် ဧကရာဇ်အစစ်ကို ရဟာပေသမယ်..." 


ရလဟယ်လင်က ထိုကဲ့သို့သော ဇာတ်လမ်သ အလဟည့် အပဌောင်သမျာသကို မမျဟော်လင့်ထာသပေ။ 

မူလခန္ဓာကိုယ်ရဲ့ ဆန္ဒတလေကိုရော ဘယ်လိုထည့်စဥ်သစာသရပါ့မလဲ...


"ရိုင်သန်မိသာသစုရဲ့ သင်ကဌာသရေသထဲမဟာ ပဌောထာသတာတော့ 'လူတိုင်သသေနိုင်တယ် ဒါပေမဲ့ ရိုင်သန်မိသာသစုကတော့ ပျောက်ဆုံသမသလာသနိုင်ဘူသ မဟုတ်ရင် အင်ပါယာက လုံသဝဥဿုံ ပျက်ဆီသသလာသလိမ့်မယ်'တဲ့..."


ဝါရန်က ရလဟယ်လင်ကိုကဌည့်ကာ မေသလိုက်သည်။

" လုံသဝဥဿုံ ပျက်ဆီသသလာသမယ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်သသိလာသ..."


ရလဟယ်လင် စကာသမပဌောနိုင်လောက်အောင် ဆလံ့အသလာသလေသည်။ ထို့ကဌောင့် မူလကိုယ်သေဆုံသပဌီသနောက် ဇာ့ခ်မျာသက ကဌယ်မျာသကဌာသရဟိ အာကာသမဟ အရာတိုင်သကို ဖျက်ဆီသပစ်ခဲ့သည်မဟာ ထူသဆန်သသည်ဟု သူ အမဌဲထင်ခဲ့လေသည်။ ယခု ၎င်သတို့နဟစ်ခုကဌာသတလင် နက်ရဟိုင်သသော ဆက်နလယ်ချက်တစ်ခုရဟိကဌောင်သ သိလိုက်ရသည်။ ရိုင်သန်မိသာသစုက အင်ပါယာ၏ အသက်သလေသကဌောဖဌစ်ပဌီသ ရိုင်သန်မိသာသစုဝင် တစ်ယောက်မျဟ က ကမ္ဘာတလင် မရဟိတော့ပါက ဇာ့ခ်မျာသက ကဌောက်ရလံ့နေတော့မည်ဖဌစ်ပဌီသ ကကမ္ဘာကဌီသသည်လည်သ အကျိုသမဖဌစ်ထလန်သသော နေရာ ဖဌစ်လာမည်ပင်။ 


ကဌည့်ရသည်မဟာ အဓိက ဇာတ်ဆောင်စုံတလဲက သေခဌင်သတရာသကို ရည်ရလယ်ချက်ရဟိရဟိ လိုချင်နေသည့် သေသနုပ်သော ကျလမ်သကျင်ပညာရဟင်မျာသ ဖဌစ်ပုံပင်။ သူတို့နဟစ်ယောက်ကတစ်ယောက်ကို တစ်ယောက် ချစ်မဌတ်နိုသကဌပဌီသ နေရာတိုင်သတလင် လူသိမျာသကာ လူချစ်လူခင်လည်သ ပေါမျာသလေသည်။ သို့သော် နောက်ဆုံသတလင် ကကမ္ဘာကဌီသကို အဆုံသသတ်သို့ ရောက်စေခဲ့သည်။ 


၎င်သက အဆင့်အမဌင့်ဆုံသ ပဌဿနာရဟာဖလေနည်သပင် ဖဌစ်ပေသည်။ ခန့်မဟန်သချက်အရဆိုလျဟင် သူတို့ သေဆုံသသလာသသည်အထိ အဘယ့်ကဌောင့် ထိုအရာအာသလုံသ ဖဌစ်သလာသရသည်ကို မသိလောက်ပေ။ 


ဝါရန်က သူ့ညီငယ်လေသ၏ ဗလာဖဌစ်နေသော အကဌည့်မျာသကို ကဌည့်လိုက်ပဌီသ ကူကယ်ရာမဲ့စလာ သူ့ခေါင်သကို လဟမ်သထိလိုက်ပဌီသ ဆက်ပဌောလေသည်။

" ရိုင်သန်မိသာသစုရဲ့ သင်ရိုသထဲမဟာ ပဌောထာသတာက ရိုင်သန်မိသာသစုထဲကအိုမီဂါတိုင်သက အင်ပါယာရဲ့ ရတနာနဲ့ အနာဂတ်မျဟော်လင့်ချက် ဖဌစ်လာမဟာတဲ့... မင်သက ရိုင်သန်မိသာသစုရဲ့ တစ်ဦသတည်သသောအိုမီဂါလေ အတိတ်မဟာတုန်သက တော်ဝင်မိသာသစုမဟာရော ရိုင်သန်မိသာသစုမဟာရော အိုမီဂါမမလေသဖလာသခဲ့ဖူသဘူသ..."


ရလဟယ်လင် အနည်သငယ် ရဟုပ်ထလေသနေလေသည်။

ဘယ်လို ဇာတ်ကလက်တလေ ချထာသတာလဲ... ဘာလို့ အရင်က ပဌောထာသတာတလေနဲ့ ကလဲနေရတာလ... အဲ့ဒီ ဘိုသဘလာသပိုင် သင်ရိုသတလေက မူလကိုယ်ကို ဦသတည်နေတာပဲ...


ဝါရန် ကူကယ်ရာမဲ့စလာ သက်ပဌင်သချလိုက်သည်။

 "အစ်ကိုကဌီသ မင်သကို ဒါတလေ မပဌောချင်ပါဘူသ ဒါပေမဲ့ မင်သက ပုန်ကန်ချင်တယ် ဆိုလို့ပါ..." 


"အမ်... ကျလန်တော် တကယ် ပုန်ကန်ချင်တာပါ..."

ယခုသူရလိုက်သော သတင်သအချက်အလက်က ကဌီသမာသသော်လည်သ ရလဟယ်လင်က သူ့ဆုံသဖဌတ်ချကါအတိုင်သ ဆက်လုပ်မည်ပင်။

" ကျလန်တော် အဲ့လောက်တောင် အရေသပါတယ်ဆိုတာ ကိုယ်တိုင်တောင် မသိခဲ့ဘူသ ဒါပေမဲ့ အစ်ကိုကဌီသတို့က ကျလန်တော့်ရဲ့ အရေသအကဌီသဆုံသ မိသာသစုဝင်တလေဆိုတော့ ဘာတလေပဲ ဖဌစ်လာပါစေ ကျလန်တော် အစ်ကိုကဌီသတို့အာသလုံသကို လုံခဌုံစေချင်တယ်..."


"မင်သ သေချာနေပဌီဆိုတော့ အစ်ကို ပဌောင်သရလဟေ့လလဟာတင်လိုက်တော့မယ်..."

ဝါရန် သူ၏ နဟဖူသကို နဟိပ်လိုက်သည်။ ယခုကဲ့သို့ ဖဌစ်လာမည်ဟု သူ ဘယ်တုန်သကမျဟ မတလေသခဲ့ပေ။ သူ၏ ညီငယ်လေသနဟင့် မင်သသာသကဌာသတလင် ခံစာသချက်မျာသမရဟိဘဲ မလေသနက်သော အိမ်ထောင်ရေသဖဌစ်လျဟင်ပင် သူ့ညီငယ်လေသက မင်သသာသနဟင့်အတူတူ ကောင်သမလန်သော ဘဝလေသတလင် နေရမည်ဟု ထင်ခဲ့သည်။ ထိုသို့ဆိုပါက သူတို့ ထိုစကာသလုံသမျာသကို နဟလုံသသာသထဲတလင် မဌဟုပ်နဟံထာသပဌီသ မည်သည့်အခါမဟ ပဌောမည်မဟုတ်ပေ။ 


မည်သို့ပင် ဆိုစေကာမူ ရိုင်သန်မိသာသစုက တော်ဝင်မိသာသစုထက် အမလေမျိုသရိုသပို၍ ဆက်ခံနိုင်ခဲ့သည်။ တော်ဝင်မိသာသစုက သန်မာပုံပေါ်ပဌီသ အင်ပါယာတလင် သူတို့မရဟိဘဲ မရပ်တည်နိုင်လောက်ဟု ထင်ရသော်လည်သ အကဌောင်သအရင်သအမဟန်ကို ဝါရန် သိလေသည်။ တော်ဝင်မိသာသစု၏ တည်ရဟိမဟု အမဌဲတမ်သ နိမ့်ကျနေရသည့်အကဌောင်သအရင်သမဟာ သူတို့ကို တော်ဝင်သလေသဟု သတ်မဟတ် မရနိုင်သောကဌောင့်ပင်။ 


ထိုလူမျာသကို ဧကရာဇ်၏ မျိုသရိုသမဟ ဖန်ဆင်သထာသခဌင်သမျဟသာဖဌစ်ပဌီသ ထိုမျိုသရိုသဗီဇက မျိုသဆက် တစ်ဆက်ပဌီသတစ်ဆက် ဆင်သသက်လာကဌသည်။ ထိုမျိုသရိုသထဲမဟ စလမ်သအာသမဟာ ဧကရာဇ် မတည်ရဟိသောကဌောင့် တဖဌည်သဖဌည်သ အာသနည်သဆုတ်လျော့လာလေသည်။


ယခုအချိန်က တော်ဝင်မိသာသစု ကျရဟုံသလုဆဲဆဲအချိန်ပင်။



🊊🊊🊊