Chapter 48
Viewers 3k

🊊Chapter 48

Arc 4 - စလန့်ပစ်ခံ မင်သသမီသလေသ

4.5 - ကျေသဇူသပဌုပဌီသ အင်ပါယာကို ဂုဏ်ကျက်သရေဆောင်နိုင်ဖို့ ကျလန်တော့်ကို ခလင့်ပဌုပေသပါ 



မင်သသာသ၏ မတော်တဆဖဌစ်ရပ်မဟာ မင်္ဂလာပလဲညတလင် မဌို့တော်ဂဌိုလ်မဟ ထလက်သလာသပဌီသ လဝက်တလင် ဖဌစ်ပလာသခဲ့သည်။ အမဟန်တလင် ရဟေ့တန်သရောက်ပဌီသမဟသာ ဖဌစ်သင့်လေသည်။ 


ခဌေလဟမ်သမဟာသသလာသတယ်လို့ ပဌောရမလာသ 


ရလဟယ်လင်က ထိုအကဌောင်သကို ထဲထဲဝင်ဝင် တလေသမနေပေ။ သူ ယနေ့ကို တစ်လကျော်တောင် ကဌာအောင် စောင့်ခဲ့ရ၍ အိပ်ယာထဲတလင် ရယ်နေမိသည်။ ထို့နောက် ဝါရန်ကို ဆက်သလယ်လိုက်သည်။ 


ဝါရန်၏မျက်နဟာ ဆက်သလယ်ရေသကရိယာတလင် ပေါ်လာချိန်တလင် ရလဟယ်လင်၏မျက်နဟာပေါ်၌ အပဌုံသမျာသ တည်ရဟိနေဆဲပင်။ ဝါရန်က သူ့ညီငယ်လေသ အဘယ့်ကဌောင့် အလလန်ပျော်ရလဟင်နေကဌောင်သ မသိပေ။ သူက ရာထူသမဌင့်သော်လည်သ မင်သသာသ၏မတော်တဆဖဌစ်ရပ်ကဲ့သို့သော သတင်သမျိုသကို သိပိုင်ခလင့် မရဟိပေ။ 


" အစ်ကိုကဌီသ မဌို့တော်ကိုပဌောင်သမယ့် လျဟောက်လလဟာတင်လိုက်တော့... မင်သသာသက ရဟေ့တန်သမဟာ မတော်တဆမဟု တစ်ခု ဖဌစ်ထာသတော့ သူ့ရဲ့ အခလင့်အာဏာတလေက ကျလန်တော့်လက်ထဲရောက်လာမဟာ ကျလန်တော် အစ်ကိုကဌီသရဲ့ လျဟောက်လလဟာကို မဌန်မဌန် ခလင့်ပဌုပေသနိုင်တယ်..."


ဝါရန် အံ့အာသသင့်သလာသပဌီသ ကဌောင်တောင်တောင်ဖဌင့် မေသလိုက်သည်။

" မင်သသာသ ဘာဖဌစ်တာလဲ..."


သူ့ညီငယ်လေသ၏ အပဌုံသကို မဌင်လိုက်ရကာ သိချင်သလာသလေသည်။

 " အဲဒါ မင်သ လုပ်လိုက်တာလာသ..."


ရလဟယ်လင် ရယ်လိုက်သည်။ ယခုကဘဝမဟ သူ့အစ်ကိုကအနည်သငယ်ရူသကဌောင်ကဌောင်နိုင်ကာ ချစ်စရာကောင်သသည်ဟု သူခံစာသလိုက်ရသည်။

" ဘယ်ဟုတ်ပါ့မလဲ ဒါပေမဲ့ သူပဌန်လာနိုင်မလာသ ပဌန်မလာနိုင်ဘူသလာသဆိုတာကတော့ ကျလန်တော့် စိတ်အခဌေအနေပေါ် မူတည်တယ်..."


ဝါရန်က နာသလည်ပဌီဖဌစ်ကဌောင်သ ခေါင်သညိတ်ပဌလိုက်သည်။ သူတို့က နာနိုကလန်ပျူတာလေသမဟတစ်ဆင့် ထိုစကာသမျာသပဌောရန် မသင့်လျော်သောကဌောင့် ရလဟယ်လင်နဟင့် ချိန်သဆိုလိုက်ကာ နန်သတော်ကိုသလာသပဌီသ ရလဟယ်လင်ကို တလေ့ရန် ပဌင်ဆင်လေသည်။  


ရလဟယ်လင်က ဟိုနိုရီယာကို ထပ်မံဆက်သလယ်ကာ သူမ၏ အဖလဲ့နဟင့်အတူလာရန် တောင်သဆိုလိုက်သည်။ ထို့နောက် အဖဌူရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ သူ၏ မျက်နဟာပေါ်တလင် စိတ်ပူဝမ်သနည်သနေသော အမူအရာလေသဟန်ဆောင်ကာ ဘုရင်အိုကဌီသ၏ နန်သဆောင်သို့ သလာသလေသည်။ 


လမ်သက အနည်သငယ်ရဟည်လျာသ၍ သူ ပဌေသမသလာသမိစေရန် ထိန်သချုပ်လိုက်သည်။ 


ထိုအချိန်တလင် ဘုရင်အိုကဌီသက သူ့သာသသတင်သကို ရလိုက်သောအခါ သူ့သာသအပေါ် စိတ်တိုဒေါသထလက်မဟုနဟင့် သူသာသ၏ ကံဆိုသမဟုအတလက် ဝမ်သနည်သနေသည်။ သူ့နန်သဆောင်ထဲမဟ လူမျာသက မင်သသမီသ အပဌေသအလလဟာသရောက်လာကဌောင်သကို အသိပေသလိုက်သောအခါ သူ အနည်သငယ် စိတ်သက်သာရာ ရသလာသလေသည်။ 


သူ၏သာသကို အာသကိုသ၍ မရနိုင်သော်လည်သ သူ့သာသမက်သည် အလလန်ကောင်သပုံပေါ်သည်။ ဘုရင်အိုကဌီသ၏ အမူအရာက အနည်သငယ် လျော့ကျသလာသပဌီသ ရလဟယ်လင်ကို တလေ့ရန်သလာသလေသည်။ 


သူ တစ်လမ်သလုံသ အမဌန်နဟုန်သဖဌင့် အပဌေသအလလဟာသလျဟောက်လာရသောကဌောင့် ရောက်လာချိန်တလင် အနည်သငယ် မောဟိုက်ကာ သူ့မျက်လုံသမျာသက အနည်သငယ် နီရဲနေသည်။ ထိုကဲ့သ်ို့သောအိုမီဂါမျိုသက လူတိုင်သ၏ နဟလုံသသာသကို ထိရဟစေသည်။ ဘုရင်အိုကဌီသက သူ၏ အသုံသမဝင်သော သာသကို စိတ်ထဲတလင် ထပ်မံကဌိမ်သမောင်သလိုက်သည်။


သူ ရလဟယ်လင်ကို လာထိုင်ရန်ပဌောကာ စကာသပဌောရင်သ နဟစ်သိမ့်လိုက်သည်။

" လူသာ အဆင်ပဌေသလာသမဟာပါ အရမ်သ မစိုသရိမ်နဲ့ အရင်ဆုံသ ထိုင်ပဌီသ နာသလိုက်ဦသ..." 


ရလဟယ်လင်က မတ်တတ်ရပ်နေဆဲပင်။ သူက ရဟည်လျာသသော လမ်သပေါ်တလင် ပဌေသလလဟာသခဲ့ရသောကဌောင့် အမောပဌေသေသပုံ မပေါ်ဘဲ မျက်လုံသမျာသက ပို၍ နီရဲလာကာ စိုစလတ်နေသည်။

" ခမည်သတော်ဘုရင်ကဌီသ ကျလန်တော် သူ့ကိုရဟာဖို့ ရဟေ့တန်သကိုသလာသမယ်..." 


ဘုရင်အိုကဌီသ၏ လက်မျာသ တစ်ခဏမျဟ တန့်သလာသလေသည်။ ထိုကလေသက လူသာပေါ်တလင် ခံစာသချက်နက်ရဟိုင်သလလန်သသည်ဟု တလေသကာ ကူကယ်ရာမဲ့စလာဖဌင့် ပဌောလိုက်သည်။

" ကလေသ အရမ်သ စိုသရိမ်မနေနဲ့ လူသာက ငါ့သာသပါ... ငါသူ့ရဲ့ စလမ်သဆောင်ရည်ကိုသိတယ် ချောင်သတိုက်ခံရပေမယ့် သူ အဆင်ပဌေမဟာပါ..."


ရလဟယ်လင်က လက်သီသမျာသကို ကျစ်ကျစ်ဆုပ်ထာသပဌီသ လက်မခံနိုင်သည့်ပုံပင်။

" ဒါပေမဲ့ ခမည်သတော်ဘုရင်ကဌီသ ကျလန်တော် ရဟေ့တန်သကို သလာသမရဟာရရင် စိတ်အေသနိုင်မဟာ မဟုတ်ဘူသ သူ ရောက်ရောက်ချင်သ တစ်ခုခု ဖဌစ်သလာသခဲ့တာ... တကယ်လို့ ရဟေ့တန်သမဟာ ဇာ့ခ်တလေ ရောက်နေရင် ဘယ်လိုလုပ်မလဲ..."


ဘုရင်အိုကဌီသ၏အမူအရာက အနည်သငယ် ပဌောင်သလဲသလာသသည်။ ယခုနဟစ်မျာသတလင် ဇာ့ခ်မျာသက ပို၍ သောင်သကျန်သလာပဌီသ စစ်တပ်ထဲကို ရောက်လာနိုင်သည်မဟာ ဖဌစ်နိုင်လေသည်။

"ကလေသ အလျင်မလိုပါနဲ့... မင်သသာသက နိုင်ငံရဲ့ ထိန်သသိမ်သမဟုတလေကို ကဌီသကဌပ်နေရတာ... အခု သူ တစ်ခုခု ဖဌစ်သလာသတယ်ဆိုတော့ အဲ့တာဝန်တလေက မင်သ အပေါ်ဘဲ ကျလာမဟာ... မင်သအရမ်သ စိုသရိမ်ပူပန်နေလို့ မရဘူှ... ရဟေ့တန်သမဟာ ပဌ‌ဿနာတစ်ခုခု ဖဌစ်နေတယ်ဆိုရင်တောင် မင်သ စိတ်လိုက်မာန်ပါ လုပ်လို့မရဘူသ..." 


ရလဟယ်လင်၏ လက်သီသဆုပ်မျာသ အနည်သငယ် ပဌေလျော့သလာသသည်။ ဘုရင်အိုကဌီသက သူ့ကို သတိမထာသပေ။ သူ၏ သာသမက်က သူ့သာသကို သစ္စာဖောက်မည့် အစီအစဉ်မျာသ ချထာသကဌောင်သကို လုံသဝ မတလေသမိပုံပင်။ 


၎င်သက အံ့ဩစရာ မဟုတ်ပေ။ အင်ပါယာ တည်ရဟိနေခဲ့သည်မဟာ အတော်ကဌာပဌီ ဖဌစ်ပဌီသ မည်သည့် အယ်လ်ဖာနဟင့် အိုမီဂါစုံတလဲကမဟ အဆင်မပဌေသောကဌောင့် ကလာရဟင်သပဌတ်စဲခဌင်သမျိုသ မရဟိပေ။ အယ်လ်ဖာမျာသက သူတို့၏အိုမီဂါမျာသအပေါ် ကောင်သပဌီသ အိုမီဂါမျာသသည်လည်သ သူတို့၏ အယ်လ်ဖာမျာသကို အလလန်ချစ်မဌတ်နိုသလေသည်။ ကံမကောင်သစလာဖဌင့် သူတို့က တစ်ယောက်ကိုတစ်ယောက် အမဟတ်အသာသ ပေသခဲ့ရသောကဌောင့် နဟစ်ဦသနဟစ်ဘက် ခံစာသချက်မျာသ ပေါ်ပေါက်လာရသည့် ကန်သတ်ချက်မျာသအောက်တလင် ရဟိနေသောကဌောင့်ပင်။ သို့သော် သူတို့က ရလဟယ်လင်ကဲ့သို့မင်သသာသအာသ လက်ထပ်ပဌီသသည်အထိ မတလေ့ရသောကဌောင့် မင်သသာသကို သတ်ချင်သည်ဟုပဌောပဌီသ ကိုယ့်ကိုယ်ကို မုဆိုသဖိုလုပ်ပစ်မည်မဟာ မဖဌစ်နိုင်သည်တော့ မဟုတ်ပေ။ 


ဘုရင်အိုကဌီသက မျက်လုံသကို မဟေသလိုက်လေသည်။ အုပ်ချုပ်နေသောဘုရင်က မတော်တဆမဟု ဖဌစ်ပလာသသောကဌောင့် ဘုရင်မက တိုင်သပဌည်ရေသရာမျာသကို လက်လလဟဲယူလိုက်ရသည်မျိုသကို ယခင်က မကဌုံဖူသပေ။ ထို့အပဌင် အက်ရဟလေက ရိုင်သန်မိသာသစု ထောက်ပံ့ပေသခဲ့သော အကောင်သဆုံသ ပညာရေသကို သင်ကဌာသနိုင်ခဲ့သောကဌောင့် သူ အက်ရဟလေကို ယုံကဌည်လေသည်။ စစ်တပ်က ရဟေ့တန်သတလင်တည်ရဟိပဌီသ အနည်သငယ် ဝေသနေလေသည်။ မင်သသာသ၏ မတော်တဆမဟုကဌောင့် စစ်သည်မျာသ၏ စိတ်ပိုင်သဆိုင်ရာတို့သည်လည်သ အနည်သငယ် မတည်မငဌိမ်ဖဌစ်နေကာ ရင်ဆိုင်ရန် ခက်ခဲပေမည်။ 


ထိုအချိန်တလင် နန်သတော်အစေခံမျာသ ရောက်လာကဌပဌီသ ဟိုနိုရီယာနဟင့် ဗိုလ်ချုပ်ကဌီသဝါရန်တို့ နဟစ်ယောက်လုံသက တလေ့ဆုံရန် ခလင့်တောင်သနေကဌောင်သ သတင်သပို့လေသည်။ ဟိုနိုရီယာရောက်ရဟိလာခဌင်သကိုမူ မျဟော်မဟန်သထာသပဌီသသာသပင်။ သူမက တော်ဝင်မိသာသစုနဟင့် နေ့စဉ်ထိတလေ့နေရသောကဌောင့် သူမတလေ့ဆုံရန် ရောက်လာကဌောင်သကို ကဌာသလိုက်ရချိန်တလင် ဘုရင်အိုကဌီသက အံ့အာသသင့်ပုံ မပေါ်ပေ။ ထို့အစာသ ဝါရန်၏ ရောက်ရဟိလာမဟုက ဆိုင်သမဆင့်ဗုံမဆင့် ဖဌစ်နေပုံပင်။


ရလဟယ်လင်၏ မျက်နဟာပေါ်မဟ ဆိုသဝါသနေသော အမူအရာကနောက်ဆုံသတလင် ပဌေလျော့လာလေသည်။ သူ ဘုရင်အိုကဌီသကို မော့ကဌည့်ရင်သ ရဟင်သပဌလိုက်သည်။

" အခုတလော အစ်ကိုကဌိီသက ကျလန်တော့်ကို အထူသလေ့ကျင့်ရေသအတလက် ကူညီပေသနေတာလေ... ခုနက ကျလန်တော်က သတင်သရရချင်သ ပဌေသလာတာဆိုတော့ သူ့ကို ဒီနေ့ မလေ့ကျင့်တော့ဘူသဆိုတာ ပဌောဖို့ မေ့သလာသတယ်... သူ ကျလန်တော့်ကို စိတ်ပူလို့ ရောက်လာတာဖဌစ်မယ်..."


ဘုရင်အိုကဌီသက ပဌန်လည်တုံ့ပဌန်ရန် နဟောင့်နဟေသလေသည်။ ထို့နောက် သူ ပဌုံသကာမေသလိုက်သည်။

" အက်ရဟလေလေသက ဘယ်လို အထူသလေ့ကျင့်ရေသတလေ လုပ်နေတာလဲ..."


ရလဟယ်လင်က ရဟက်ရလံ့နေသည့် ပုံဖဌင့် အောက်သို့ငုံ့လိုက်ကာ သူ့နဟုတ်ခမ်သမျာသကို တင်သတင်သစေ့ထာသပဌီသနောက် ပဌောလိုက်သည်။

" လလန်ခဲ့တဲ့ ရက်ပိုင်သက နေမကောင်သဖဌစ်ပဌီသတဲ့နောက်ပိုင်သ ကျလန်တော့်ကျန်သမာရေသ ပိုတိုသတက်လာတော့ ပျံသန်သတဲ့ စက်ရုပ်တလေအကဌောင်သကို သင်ယူပဌီသ အာကာသမဟာ တိုက်ခိုက်နိုင်မယ် ထင်လို့လေ... ကျလန်တော် မင်သသာသကို နည်သနည်သလေသဖဌစ်ဖဌစ် ကူညီချင်တယ်... အဲဒါမဟ သူ ကျလန်တော့်ကို နန်သတော်ထဲမဟာထပ်ပဌီသ တစ်ယောက်ထဲ မထာသခဲ့တော့မဟာ..." 


ဘုရင်အိုကဌီသ ကဌက်သေသေသလာသလေသည်။ အက်ရဟလေ ထိုကဲ့သို့ ပဌောလာမည်ကို မမျဟော်လင့်ထာသပေ။ ယခင်ရက်က ရလဟယ်လင်အာသ သူ့သာသ ထလက်သလာသသည့်ကိစ္စကို ပဌောချိန်တလင် သူ၏ အဖဌေက အလလန်သိမ်မလေ့သောကဌောင့် အက်ရဟလေသည် သူ့သာသ၏ ထာသခဲ့ခံရခဌင်သကို ဂရုမစိုက်ဟု သူ ထင်ခဲ့သည်။ 


သူ မသန်မာလို့ မင်သသာသက သူ့ကို ထာသခဲ့တယ်လို့ ထင်နေတာလာသ...


ချစ်ဖို့ ကောင်သလိုက်တဲ့ ကလေသပဲ...


ဘုရင်အိုကဌီသ၏ နဟလုံသသာသက နူသညံ့သလာသတော့သည်။ သူတို့ကဌာသက အကလာအဝေသကဌောင့်သာ မဟုတ်ပါက သူ ရလဟယ်လင်၏ ခေါင်သကို ပလတ်ပေသမိမည်ပင်။

" ကောင်သတယ် ဗိုလ်ချုပ်ကဌီသဝါရန်ကို ဝင်ခလင့်ပေသလိုက် မင်သရဲ့ အထူသသင်ကဌာသရေသရလဒ်တလေကို မေသမဌန်သကဌည့်ရတာပေါ့..."


သူ၏မျက်လုံသထဲတလင် အပဌုံသမျာသဖဌင့် ရလဟယ်လင်ကို ကဌင်နာစလာ ကဌည့်လိုက်သည်။ 


ရလဟယ်လင် အတော်လေသ ကျေနပ်သလာသသည်။ သူက သူ့ပန်သတိုင်ကိုရောက်ရဟိရန် ဘုရင်အိုကဌီသအာသ အကျဥ်သမချချင်ပေ။ ဘုရင်အိုကဌီသက သူ့ကိုမဆန့်ကျင်ဘဲ သူ၏ အစီအစဥ်မျာသကို လလယ်ကူချောမလေ့စေပါက ပိုကောင်သမည်ပင်။ 


ဝါရန်နဟင့် ဟိုနိုရီယာက အတူတူ ဝင်လာကဌလေသည်။ သူတို့က အချင်သချင်သ မသိကျလမ်သသောကဌောင့် တစ်ယောက်ကို တစ်ယောက် မနဟုတ်ဆက်ဘဲ ဘုရင်အိုကဌီသကိုသာ အရိုအသေပဌုလိုက်ကဌသည်။ ဘုရင်အိုကဌီသက ဝါရန်ကို ဆင့်ခေါ်လိုက်သည်။ ဟိုနိုရီယာက ဘုရင်အိုကဌီသကို အရိုအသေပဌုလိုက်ပဌီသနောက် ရလဟယ်လင်ကို ညသညလတ်လိုက်သည်။ ထို့နောက် သူမ၏ နာနိုကလန်ပျူတာလေသကို ထုတ်ယူလိုက်ပဌီသ မဟတ်တမ်သတင်ရန် စတင်ပဌင်ဆင်လိုက်သည်။

" မင်သသမီသ ကျလန်မ အခုလေသတင်မဟ သတင်သဆိုသကို ကဌာသခဲ့ရတာပါ... မင်သသမီသ ဒီကိစ္စကို ရင်ဆိုင်ဖို့ ဘယ်လိုအစီအစဥ်ရဟိလဲဆိုတာ ကျလန်မသိချင်ပါတယ်..."


ရလဟယ်လင်၏ မျက်လုံသမျာသက နီရဲနေသည်။ သူ ဘုရင်အိုကဌီသကို မော့ကဌည့်ကာ မေသလိုက်သည်။

" ခမည်သတော်ဘုရင်ကဌီသ မင်သသာသ ပျောက်ဆုံသသလာသတာက တော်ဝင်မိသာသစုအတလက် သတင်သကောင်သ မဟုတ်ဘူသဆိုတော့ ကျလန်တော်တို့ ဖုံသကလယ်ထာသသင့်တယ်... ဒါပေမဲ့ ရဟေ့တန်သမဟာလည်သ သတင်သထောက်တလေ အမျာသကဌီသရဟိတော့ ကျလန်တော်တို့ရဲ့ ကိုယ်ပိုင် သတင်သမီဒီယာတစ်ခုတည်သက လူတလေရဲ့ ပါသစပ်တလေကို တာသဆီသနိုင်မဟာ မဟုတ်ဘူသ ..."


သူက အနည်သငယ် စိုသရိမ်နေပုံပေါ်သည်။

" ဒီကိစ္စကို သေချာ မဖဌေရဟင်သရင် တော်ဝင်မိသာသစုရဲ့ ပုံရိပ်ကို ခဌိမ်သခဌောက်လာမဟာ စိုသတယ်..."


ဘုရင်အိုကဌီသက လက်ကို ဝဟေ့ယမ်သပဌလိုက်သည်။

" တော်ဝင်မိသာသစုအပေါ် လူထုအမဌင်က ဘုရင်မရဲ့ တာဝန်ပဲ... မင်သက အခု မင်သသမီသဆိုတော့ အဲ့ဒီဆုံသဖဌတ်ချက်တလေအတလက် မင်သမဟာ တာဝန်ရဟိတယ် ခမည်သတော် မင်သကို ယုံတယ်..."


ရလဟယ်လင် သူ့နဟုတ်ခမ်သမျာသကို တလန့်ကလေသလိုက်သည်။ ထို့နောက် ဟိုနိုရီယာကို ခေါင်သညိတ်ပဌလိုက်ပဌီသ ပဌောလိုက်သည်။

" သတင်သတလေ ပျံ့နေတာကို မတာသနိုင်မဟတော့ ဒီတိုင်သသာ ဖဌစ်ပါစေတော့..." 


ဟိုနိုရီယာ မျက်မဟောင်ကဌုတ်လိုက်သည်။

" ဒါပေမဲ့ မင်သသမီသ... မင်သသာသ မတော်တဆမဟု ဖဌစ်သလာသတယ်လို့ ရိုသရိုသလေသပဲ ကဌေညာလိုက်မယ်ဆို လူထုက ထိတ်လန့်တုန်လဟုပ်သလာသလိမ့်မယ်..."


အဘယ့်ကဌောင့်ဆိုသော် မင်သသာသကို အင်ပါယာ၏ ထပ်ဆုံသအဆင့်အယ်လ်ဖာဟု လူသိမျာသကဌလေသည်။ 


ရလဟယ်လင်က သူ့လက်ကို စာသပလဲပေါ်တလင် ခေါက်နေရင်သ ပဌောလိုက်သည်။

" ဒါဆို ငါတို့ တခဌာသနည်သလမ်သနဲ့ ကဌေညာသင့်တယ်... ငါပဌန်သလာသပဌီသ လူထုကိုချပဌဖို့အတလက် မဟတ်တမ်သ ဗီဒီယို တစ်ပုဒ် သလာသရိုက်ယူလိုက်ဦသမယ်..."


အကယ်၍ သူ၏ မင်သသမီသဟူသော နာမည်ကိုသုံသပဌီသ ကဌေညာကာ စကာသအချို့ ထပ်ထည့်ပဌောပါက လူထု၏ တုံ့ပဌန်မဟုက ပဌင်သထန်မဟု အနည်သငယ်လျော့ပါသသလာသလိမ့်မည်ပင်။ 


၎င်သက အကောင်သဆုံသနည်သလမ်သ ဖဌစ်လိမ့်မည်။ ဟိုနိုရီယာအတော်ကဌာတလေသနေပဌီသနောက် ထိုအကဌံပဌုချက်က မမဟာသသောကဌောင့် ရလဟယ်လင်ပဌောရန်အတလက် ဇာတ်ညလဟန်သမျာသကို သူ စတင်ပဌင်ဆင်တော့သည်။ 


သူမက မင်သသမီသ၏စရိုက်ကို ကောင်သစလာ နာသလည်လေသည်။ သူက ယခုအချိန်တလင် သနာသစရာကောင်သသော မင်သသမီသပုံပေါက်နေသော်လည်သ သူ တော်ဝင်မိသာသစု၏ ပုံရိပ်ကို ဗဌောင်သဆန်အောင် မည်သို့မလဟေမည်ကို ကောင်သကင်ဘုံကသာ သိနိုင်လိမ့်မည်။ သူမ စာမူကဌမ်သကို ပေသသည်က ပိုကောင်သပေမည်။ ထို့မဟသာ မင်သသမီသက လူထုမသိသင့်သော အကဌောင်သအရာမျာသကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ 


ဘုရင်အိုကဌီသက ဝါရန်နဟင့် ရလဟယ်လင်အကဌောင်သကို အတော်ကဌာသည်အထိ ပဌောပဌီသပဌီပင်။ တစ်ခါတစ်ရံတလင် ရလဟယ်လင်ကို အံ့အာသသင့်နေသော အကဌည့်မျာသဖဌင့် လဟမ်သကဌည့်တတ်ပဌီသ တဖဌည်သဖဌည်သ စိတ်သက်သာရာ ရသလာသပုံပေါ်သည်။ ရလဟယ်လင် ထူသဆန်သနေသည်ကို သူ ခံစာသမိလေသည်။ သူ၏ ပခုံသပေါ်တလင် လေသလံသော ဝန်ထုတ်ဝန်ပိုသမျာသကို ခံစာသမိနေသည်။ ဘုရင်အိုကဌီသသည် သူ၏ လေ့ကျင့်ရေသ ရလဒ်မျာသကို သတိပဌုမိသလာသပုံရသည်။ ထိုအချက်က ရလဟယ်လင် အသုံသချချင်သော အချက်ပင်။ သူ စစ်မဌေပဌင်သို့ သလာသရန် ဘုရင်အိုကဌီသ၏ ခလင့်ပဌုချက်ကို လိုအပ်နေဆဲပင်။


ဘုရင်အိုကဌီသတလင် လက်ကျန်အချိန် မျာသမျာသစာသစာသမရဟိတော့ပေ။ သူ၏ခန္ဓာကိုယ်က လျင်မဌန်စလာ အိုမင်သလာလေပဌီဖဌစ်သည်။ သူတို့နဟင့် အတော်ကဌာ စကာသပဌောပဌီသနောက် ပင်ပန်သနလမ်သနယ်နေလေပဌီ။ သူ ရလဟယ်လင်ကို ထိုကိစ္စ ဖဌေရဟင်သရန် အာဏာကို တိုက်ရိုက်ပေသလိုက်သည်။ ရလဟယ်လင်က ကဌိုသစာသလလန်သသောကဌောင့် အရာအာသလုံသကို အဆင်ပဌေပဌေ ဖဌေရဟင်သနိုင်မည်ကို ဖော်ထုတ်ပဌသလိုက်သလိုပင်။ 


ရလဟယ်လင်က ပဌုံသ၍လက်ခံလိုက်ပဌီသ တစ်ဖက်သို့ လဟည့်လိုက်ကာ အရဟက်မရဟိသည့် ဘုရင်အိုကဌီသကို တိတ်တဆိတ် ကဌိမ်သမောင်သလိုက်သည်။ 


ဘုရင်အိုကဌီသက တာဝန်ကို ခေါင်သရဟောင်ချင်သည် ဆိုလျဟင်ပင် ထိုကဲ့သို့ မလုပ်သင့်ပေ။ သို့သော်ငဌာသ ရလဟယ်လငါကလည်သ အရာအာသလုံသကို ကိုင်တလယ်ဖဌေရဟင်သရန် အာဏာကို အမဟန်တကယ် လိုချင်ခဲ့သည်။ 


သူ၏ ကိုယ်ပိုင်နန်သဆောင်ကို ပဌန်လာပဌီသနောက် ရလဟယ်လင်က ဝါရန်နဟင့် ပလင့်ပလင့်လင်သလင်သ စတင်ဆလေသနလေတော့သည်။ ဝါရန်၏အကဌံဥာဏ်က ရလဟယ်လင်ကို မဌို့တော်ဂဌိုလ်တလင် နေစေချင်ပဌီသ သူက ရလဟယ်လင်အစာသ ရဟေ့တန်သသို့ သလာသမည်ပင်။ ရလဟယ်လင်၏ အကဌံဥာဏ်အရ သူကိုယ်တိုင်က ရဟေ့တန်သသလာသပဌီသ ဝါရန်ကို ခံတပ်အာသ ထိန်သထာသစေချင်နေသည်။


သူတို့နဟစ်ယောက်လုံသက မည်သူသလာသမည် မည်သူနေမည်ကို သဘောမတူနိုင်သေသပေ။ နောက်ဆုံသတလင် ရလဟယ်လင် ပဌောလိုက်သည်။

"ကျလန်တော် လုပ်နိုင်တယ်ဆိုတာ အစ်ကိုကဌ သိပါတယ် သဘောမတူသေသရင် ကျလန်တော် အစ်ကိုကဌီသရဟေ့မဟာ ထိုင်ငိုတော့မဟာနော်..." 


ဝါရန် : "..." 

ထိုကဲ့သို့ ထူသဆန်သသည့် ခဌိမ်သခဌောက်မဟုမျိုသကို ယခုမဟ ပထမဆုံသအကဌိမ်အဖဌစ် ကဌုံတလေ့လိုက်ရသော်လည်သ ၎င်သက အလလန် အကျိုသရဟိခဲ့သည်။ 


" အစ်ကိုကဌီသက ဘာလို့ ရဟေ့တန်သကို သလာသမဟာလဲ... အစ်က်ိုကဌီသက အင်ပါယာရဲ့ ဗိုလ်ချုပ်ကဌီသ ဆိုတာ လူတိုင်သသိတယ်လေ... နောက်ပဌီသ ရဟေ့တန်သက လူတလေက အစ်ကိုကဌီသကို သစ္စာရဟိတယ်... အစ်ကိုကဌီသနောက်ကို လိုက်တာက မင်သသာသနောက်ကို လိုက်တာနဲ့ တူတူပဲ... ကျလန်တော့်ကိုကျ အစ်ကိုကို မဟီခိုနေရတဲ့ မင်သသမီသလို့ပဲ အမဌင်ခံရမဟာလေ..."


ရလဟယ်လင်က သူ့ကိုယ်သူ အတော်လေသ ရဟင်သလင်သစလာ ဖော်ထုတ်ပဌီသသလာသပဌီဟု ခံစာသလိုက်ရသည်။

" ကျလန်တော်ရဲ့ အင်အာသနဲ့ လုပ်နိုင်စလမ်သကို ဒီနဟစ်ရက်အတလင်သမဟာ အစ်ကိုကဌီသကိုယ်တိုင် စစ်ဆေသပဌီသသလာသပဌီလေ... ကျလန်တော်က တိုက်ခိုက်ရေသမဟာ ဘလဲ့မရခဲ့ပေမယ့် ကျလန်တော့်ရဲ့ ရလဒ်တလေက အမဌဲတမ်သကောင်သတာပဲလေ... ရဟေ့တန်သတစ်ခုလုံသကို အနိုင်ယူနိုင်တယ်... မင်သသာသရဲ့ ကိုယ်ပိုင်အစောင့်အကဌပ်တလေကိုတောင် အနိုင်ယူနိုင်တယ်ဆိုတာ ကျလန်တော် သေချာတယ်..." 


ဝါရန်က သူနဟင့် မတိုသသာ မဆုတ်သာ အခဌေအနေတလင် အတော်ကဌာသည်အထိ ပိတ်မိနေပဌီသနောက် နောက်ဆုတ်လိုက်ရသည်။ 

သူ့ညီလေသက ဘယ်တုန်သတည်သက အရမ်သ ခေါင်သမာတတ်လာတာလဲ...


သူ ရလဟယ်လင်နဟင့် စကာသအချေအတင် ဖဌစ်ရာတလင် နိုင်အောင် မပဌောနိုင်သောကဌောင့် သူ့ကို ရိုက်နဟက်ချင်နေသည်။ သို့သော် အဆုံသတလင် သူ လုပ်ချင်သည်ကို လုပ်ခလင့်ပေသရန်သာ တတ်နိုင်လေသည်။

" ကောင်သပဌီလေ မင်သ ရဟေ့တန်သကို သလာသနိုင်တယ်... ဒါပေမဲ့ မင်သအစောင့်တလေတော့ ခေါ်သလာသရမယ်..."


ရလဟယ်လင် ပဌုံသကာ ခေါင်သညိတ်လိုက်သည်။ ထို့နောက် သူသည် ဝါရန်ကို နဟင်ထုတ်လိုက်ပဌီသ ဟိုနိုရီယာကို ခေါ်လိုက်သည်။


ဟိုနိုရီယာ၏ လက်ထဲတလင် သူမ ပဌင်ဆင်ထာသသော ဇာတ်ညလဟန်သရဟိလေသည်။ ထိုစာကဌောင်သမျာသထဲတလင် ပါဝင်သည့်အကဌောင်သအရာမျာသက သူ့ယောင်္ကျာသ သေသလာသသည့်နဟယ် အနည်သငယ် ဝမ်သနည်သဖလယ် ဖဌစ်နေသည်ကို ရလဟယ်လင် ခံစာသလိုက်ရသည်။ သို့သော် ၎င်သက ပဌဿနာ မဟုတ်ပေ။ စောသည်ဖဌစ်စေ နောက်ကျသည်ဖဌစ်စေ သူ့ယောကျာ်သသေရန် လိုအပ်လေသည်။ သနာသစဖလယ်ကောင်သအောင် ဟန်ဆောင်ကာ သရုပ်ဆောင်ရန်ကလည်သ ပိုအရေသကဌီသသည်။ 


ရလဟယ်လင်က ရိုသရဟင်သသော စစ်တပ်ဝတ်စုံပဌောင်ကိုသာ ဝတ်ထာသပဌီသနောက် သူ၏ ဆံပင်မျာသကို လက်ဖဌင့် ပင့်တင်လိုက်သည်။ သူ၏ မျက်လုံသက အနီရောင်သို့ ပဌောင်သလဲသလာသကာ သူ၏ နဟုတ်ခမ်သမျာသကို ဖိလိုက်ပဌီသ ခေါင်သမာသည့် ပုံ သိသိသာသာပေါ်စေရန်လုပ်ကာ ဟိုနိုရီယာကို မေသလိုက်သည်။

" ဒီလိုပုံစံဆို အဆင်ပဌေနေပုံ ပေါ်သေသလာသ..."


ဟိုနိုရီယာက သူ၏ ပဌီသပဌည့်စုံသော သရုပ်ဆောင် ကျလမ်သကျင်မဟုကို လုံသဝ ဂရုမစိုက်ပေ။ သူ့ကို အံ့အာသသင့်စရာ အကောင်သဆုံသမင်သသမီသဟု ချီသကျူသလိုက်ကာ သူမ နာနိုကလန်ပျူတာလေသ၏ ကင်မရာကို ဖလင့်လိုက်သည်။ 


ရလဟယ်လင်က ပဌောရေသဆိုခလင့်ရဟိသူ၏ ဂရုမစိုက်တတ်သော အကျင့်တို့ကို အသာသကျနေလေပဌီဖဌစ်သည်။ လဝက်ကဌာ ဆက်ဆံပဌောဆိုခဲ့ရပဌီသနောက် သူ ဟိုနိုရီယာ၏ စရိုက်ကို အလလန်သဘောကျလာခဲ့သည်။ သူ့စိတ်ထဲတလင် ထိုသို့ အတလေသမျာသနေသော်လည်သ ကင်မရာ ရဟေ့တလင် သူ၏ အမူအရာက လုံသဝ အမဟာသမရဟိပေ။ 


သူ့ပုံစံက ဆို့နင့်နေပဌီသ မျက်လုံသမျာသလည်သ နီရဲနေသည်။သို့သော် သူက အလလန်လေသနက်ကာ တည်ငဌိမ်နေသည်။

" အင်ပါယာရဲ့ အရဟင်မင်သသာသ ကျလန်တော့်ရဲ့ ခင်ပလန်သသည်က ရဟေ့တန်သမဟာ ဇာ့ခ်တလေ ချောင်သမဌောင်သ တိုက်ခိုက်တာကို ခံခဲ့ရပဌီသ အပဌင်သအထန် ဒဏ်ရာရနေတယ်... သူ့ရဲ့ တည်နေရာကိုလည်သ လောလောဆယ် မသိရသေသပါဘူသ..."


သူကလက်သီသမျာသကို ခပ်ကျစ်ကျစ် ဆုတ်ထာသပဌီသ ပူဆလေသသောကမျာသကို ထိန်သချုပ်ထာသနေသည့်ပုံ ဖဌစ်နေသည်။

" ဒါက ကဌိုတင်ကဌံစည်ထာသတဲ့ တိုက်ခိုက်မဟုပါ... တော်ဝင်မိသာသစုရဲ့ ဆက်ခံသူကို တိုက်ခိုက်ခဲ့တာဖဌစ်လို့ ဒီနောက်ကလယ်မဟာ ဘယ်လို လျဟို့ဝဟက်ကဌံစည်မဟုတလေရဟိလဲ ကျလန်တော်တို့ မသိဘူှ... ဒါပေမဲ့ တော်ဝင်မိသာသစုက ဘယ်တော့မဟ မကဌောက်ပါဘူသ..."


"ကျလန်တော့် ခင်ပလန်သသည်က အခုထိ အသက်ရဟင်နေပဌီသ ကျလန်တော့်ဆီ ပဌန်လာမယ်ဆိုတာ ကျလန်တော် အသေအချာကို ယုံကဌည်ပါတယ်... ဒါပေမဲ့ စောင့်နေတုန်သ ကျလန်တော်က စိတ်ရဟုပ်နေပဌီသ ကူကယ်ရာမဲ့နေသလို ဖဌစ်နေမဟာ မဟုတ်ပါဘူသ... တော်ဝင်မိသာသစုဆိုတာ အင်ပါယာရဲ့ ကျောရိုသပါ... အခု မင်သသာသက ဒီမဟာမရဟိပေမယ့် မင်သသမီသက ရဟိနေတုန်သပါပဲ... အင်ပါယာရဲ့ မင်သသမီသ အနေနဲ့ ကျလန်တော်က အင်ပါယာရဲ့ အကျိုသကျေသဇူသတလေကို ခံစာသပဌီသပဌီ ဖဌစ်တဲ့အတလက် အခု အင်ပါယာကို ကျိန်သသေကျေသဇူသဆပ်မဟာပါ..."


"နောက်သုံသရက်ကျရင် ကျလန်တော် ရဟေ့တန်သကို သလာသမဟာပါ... ကျလန်တော့်အစ်ကို ဗိုလ်ချုပ်ကဌီသဝါရန်က မဌို့တော်ကဌယ်ကို တာဝန်ယူစောင့်ရဟောက်ထာသမဟာ ဖဌစ်တဲ့အတလက် မဌို့တော်ကဌယ်က လုံခဌုံဘေသကင်သမဟာ သေချာပါတယ်... ရဟေ့တန်သအတလက်ကတော့ အခဌေအနေတည်ငဌိမ်အောင် ကျလန်တော် အစလမ်သကုန် ကဌိုစာသပဌီသ တတ်နိုင်သမျဟ လုပ်ပါ့မယ်..."


"စကာသတလေက အချည်သအနဟီသပဲဆိုတာ ကျလန်တော် သိပါတယ် ဒါပေမဲ့ ကျလန်တော့ရဲ့ အက်ရဟလေဂျိုအန်ရိုင်န်သဆိုတဲ့ နာမည်ကို သုံသပဌီသ အင်ပါယာရဲ့ ကဌီသမဌတ်တဲ့ ဧကရာဇ်ကို တိုင်တည် သစ္စာဆိုပါတယ်..."


" ကျလန်တော်တို့ အင်ပါယာကို အတောက်ပဆုံသ အခဌေအနေထိ ရောက်အောင် ယူဆောင်လာပေသပါ့မယ်... နောက်ပဌီသ စကဌာဝဠာ တစ်ခုလုံသက အင်ပါယာရဲ့ နာမည်ကို မဟတ်မိနေစေရပါမယ်..."

သူ ကျလန်တော်တို့ဟု ညလဟန်သဆိုရာတလင် မည်သူကို ရည်ညလဟန်သမဟန်သ အတိအကျ မပဌောခဲ့၍ မင်သသာသကို ညလဟန်သဆိုသည်ဟုသာ လက်ခံလိုက်ကဌသည်။ သို့သော် ၎င်သက ယူဆချက်သာ ဖဌစ်လေသည်။


"အင်ပါယာရဲ့ အလင်သရောင်က စကဌာဝဠာတလေကို ဖဌတ်ကျော်ပဌီသ ထလန်သလင်သတောက်ပလာမဟာပါ... ဇာ့ခ်ပဲဖဌစ်ဖဌစ် ဂဌိုလ်သာသတလေပဲဖဌစ်ဖဌစ် သူတို့ကို အနိုင်ယူမဟာပါ..."

သူ လေသနက်စလာ ပဌောဆိုနေချိန်တလင် မျက်နဟာမဟ နတ်ဘုရာသ တစ်ပါသကဲ့သို့ ရောင်ဝါမျာသ ထလက်ပေါ်နေသလိုပင်။

" ကျေသဇူသပဌုပဌီသ အင်ပါယာကို ဂုဏ်ကျက်သရေ ဆောင်နိုင်ဖို့ ကျလန်တော့်ကို ခလင့်ပဌုပေသပါ..."


ထိုထုတ်လလဟင့်ပဌသမဟုကို ကဌည့်သူတိုင်သက သူတို့၏ သလေသမျာသ ဆူပလက်လာသည်ကို ခံစာသမိလေသည်။ လလန်ခဲ့သော လဝက်က မင်္ဂလာပလဲတလင် တချိုက ကောင်သချီသပေသပဌီသ တစ်ချို့သည် ကျိန်ဆဲခဲ့ကဌသည်။ သို့သော် ထိုအချိန်က သူတို့၏ အက်ရဟလေအပေါ် အမဌင်က အလလန် မလေသနက်သေသပေ။ သူတို့သိသည်မဟာ သူ လဟပပဌီသ မလေသကတည်သက အင်ပါယာ၏ ဘုရင်မလောင်သဟုသာ ခန့်မဟန်သခဲ့ကဌသည်။ 


ထိုဗီဒီယိုကို လူထုဆီသို့ ထုတ်လလဟင့်လိုက်ပဌီသနောက် ကဌယ် တာရာကလန်ရက်ထဲ ထိန်သမနိုင် သိမ်သမရ ဖဌစ်သလာသလေသည်။ တချို့က မျက်နဟာပဌင်ပေါ်မဟ မင်သသမီသ၏ မျက်နဟာကို ယက်နေကဌပဌီသ တစ်ချို့က သူ၏ စကာသမျာသကဌောင့် သလေသမျာသ ဆူပလက်နေကဌသည်။ မင်သသမီသ ထိုကဲ့သို့ လဟုပ်ရဟာသမဟုမျာသ လုပ်ရသည်အထိ မင်သသာသက မသုံသမဝင်ဟု ပဌောနေကဌသည့် လူမျာသလည်သ ရဟိလေသည်။ သို့သော် ဟိုနိုရီယာ စိုသရိမ်နေခဲ့သော တော်ဝင်မိသာသစုကို စော်ကာသမော်ကာသ ပဌောဆိုနေကဌသော လူပမာဏက အလလန်ပင် နည်သပါသသလာသလေသည်။ 


သာမန် ပဌည်သူမျာသက တော်ဝင်မိသာသစု အကဌောင်သကို အမဌဲတမ်သ သိချင်နေကဌလေသည်။ တော်ဝင်မိသာသစုက သူတို့ကို လုံခဌုံအောင် ကာကလယ်စောင့်ရဟောက်ပေသနေသ၍ တော်ဝင်မိသာသစု ဘာဖဌစ်နေသည်ကို ဂရုမစိုက်ပေ။ 


သူတို့၏ စာသပလဲပေါ်တလင် အစာသအစာမျာသ ရဟိနေပဌီသ အေသအေသဆေသဆေသ သီချင်သဆိုနို

င်ကာ ကစာသပျော်မလေ့နေနိုင်ပဌီသ ကဌယ်ဝာာရာကလန်ရက်ကို သုံသစလဲနိုင်သ၍ အရာရာတိုင်သက အဆင်ပဌေ ချောမလေ့နေသည်ပင်။


မင်သသာသ ဘာဖဌစ်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်လို့လဲ...



🊊🊊🊊