၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၇၉)
နေမင်းကြီးဟာ တောက်ပစွာ ထွန်းလင်းနေပြီး ကောင်းကင်ယံတွင် တိမ်ဖြူဖြူတွေ အစုလိုက်အပုံလိုက် စုပေါင်းနေသည်မှာ လွန်စွာလှပနေ၏။ လေထုထဲမှာလည်း ပန်းရနံ့တို့ဖြင့် သင်းပျံ့နေသလို အကိုင်းအခက် သစ်ရွက်စိမ်းစိမ်းတို့လည်း စိမ်းလန်းစိုပြေနေလေသည်။ ဤကဲ့သို့သောမြင်ကွင်းမျိုးကို ဒီလိုအချိန်အခါမျိုးမှာ မြင်နေရတာဟာ မယုံနိုင်စရာကောင်းလှသည်။
အောက်တိုဘာလနှောင်းပိုင်းတွင် ချုံကျိုးကျွန်းမှာ တိုင်ဖွန်းမုန်တိုင်းများ ကင်းစင်သော အချိန်အခါကောင်းဆီသို့ ဝင်ရောက်ခဲ့ချေပြီ။
ဟွမ်ရှင်းရင် ဒုတိယထပ်ရှိ လှေကားထစ်ပေါ်တွင်ရပ်၍ အဝေးမှ ရှုခင်းတွေကို ရှုစားနေလျက်။ ထို့နောက် သူမက ဘေးခြံကို တစ်ချက်ခိုးကြည့်လိုက်ရာ ဘေးအိမ်က ခြံငယ်လေးမှာ လှပနေဆဲဖြစ်သော်ငြား ဘယ်လိုမှကြည့်လို့အဆင်မပြေတဲ့လူတစ်ယောက်ရှိနေလေရဲ့။
ရှောင်ချာကျင်းက ဒီရက်ပိုင်း အိမ်မှာမရှိဘူးပဲ။
ကောက်ရိုးထီးအောက်၌ ချင်းရို့ ထိုင်နေကျနေရာလေးမှာ မှိုခေါင်းတစ်လုံးရှိနေခဲ့ပြီး ထိုသူဟာ စာရေးကာ ပုံဆွဲနေခဲ့သည်။
(ဟွားဟွား??)
တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်ရသလို အဆင်မပြေဘူး။
တစ်နေ့တာရဲ့ ကောင်းမွန်နေတဲ့စိတ်အခြေအနေလေးမှာ ပျောက်ကွယ်သွားရပြီ။
ရှောင်ချာကျင်းလေး အိမ်မှာရှိနေတာက ပိုကောင်းပါတယ်လေ။
ဟွမ်ရှင်းရင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ခင်ပွန်း ပြန်လာတဲ့အခါမှာတော့ မပြောဘဲမနေနိုင်တော့ပေ။ "ဘေးအိမ်က အိမ်နီးချင်းက အပြင်ထွက်သွားတာ၊ ဘာလို့ ကျွန်မကို သူ့ခြံကို စောင့်ရှောက်စေဖို့ ခွင့်မပြုရတာလဲ?"
ရှောင်ချာကျင်းက အဝေးရောက်နေတာမဟုတ်ဘူးလား?
နောက်ပြီးတော့ သူမက သူမရဲ့ အိမ်နီးချင်းဆိုတာ အသိသာကြီးလေ။
မကြာသေးမီက လုယန် အိမ်မှာမရှိသည်မို့ ကျန်းချန်ပေ့လည်း ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့ရသလို ပြန်လည်စိတ်သက်သာရာရနေမိ၏။ လုယန်ရှိနေတုန်းက ညတိုင်း အဝတ်လျှော်ဖို့ ခြံထဲကို သွားခဲ့ရသည်။
နောက်ဆုံးတော့ လုပ်ဖို့ မလိုအပ်တော့ဘူးလေ။
ကျန်းချန်ပေ့က ကြွေရည်ခွက်ကို ကောက်ကိုင်၍ ရေနွေးတစ်ငုံသောက်လိုက်ပြီးမှ "မင်းက ဆရာမတစ်ယောက်ဆိုတာ သူမ သိလို့ပေါ့ကွာ၊ မင်းက weekdayတွေမှာ အလုပ်များနေတတ်တဲ့သူဆိုတော့ သူမက ဘာလို့ မင်းကို အနှောင့်အယှက်ပေးရမှာလဲ?"
ဟွမ်ရှင်းရင် မျက်ခုံးပင့်လိုက်ပြီး "weekdayတွေမှာ ကျွန်မ အရမ်းအလုပ်များမှန်း သူမတောင်သိတယ်၊ ရှင်က ဘာလို့မသိတာလဲ?"
ကျန်းချန်ပေ့ သက်ပြင်းချလိုက်၏။
ကျစ်! သူတို့အိမ်နီးချင်းတွေ ဘယ်တော့မှအိမ်ပြောင်းမှာလဲဟေ? ဒါမှမဟုတ် သူပဲ ပြောင်းရွှေ့လိုက်ရတော့မလား?
သူတို့ရောက်လာပြီးကတည်းက သူ့ဘဝဟာ ပိုဆိုးရွားလာခဲ့ပြီး အတိတ်တုန်းက အကျင့်ကောင်းရှိတဲ့ သူ့ဇနီးသည်ဟာလည်း အကျင့်စပျက်လာခဲ့ပြီ။
ဒါတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဆိုးရွားလှတဲ့ မနာလိုမှုတွေ၊ နှိုင်းယှဥ်မှုတွေပဲ။ တကယ့်ကို အရုပ်ဆိုးတာပဲကွာ။
သို့သော်လည်း ယောက်ျားသားတွေလည်း စည်းလုံးမှုမရှိကြဘဲ လုယန်လို သစ္စာဖောက်တစ်ယောက်ပေါ်လာသည့်အခါ ကျန်းချန်ပေ့မှာ သူ့မျက်နှာကို ထိန်းသိမ်းဖို့ အတော်လေး ရုန်းကန်နေခဲ့ရလေ၏။
သူက သူ့မိန်းမဟာ အကျင့်ကောင်းလွန်းသူလို့ အပြင်တွင် အမြဲလိုလိုပြောဆိုချီးမွမ်းလေ့ရှိတာလေ။ ဒါပေမဲ့ အခုတော့ သူမဟာ အကျင့်သီလမရှိတော့ဘူးတဲ့။
ဒီတော့ အရှက်ရရမယ့်သူက ဘယ်သူဖြစ်မလဲ? အဲလူက သူမ မဟုတ်ဘူးလေ၊ ကျန်းချန်ပေ့ဆိုတဲ့ သူကိုယ်တိုင်ပဲပေါ့။
မိန်းမတွေရဲ့ နှိုင်းယှဥ်လိုစိတ်က တကယ့်ကို မယုံနိုင်စရာပါပဲကွာ။
ကျန်းချန်ပေ့က ဟွမ်ရှင်းရင် ပေးလိုက်တဲ့ ပေါက်ပြားကိုယူကာ မြေတူးရန် ခြံထဲသွားလိုက်သည်။ သူ့မိန်းမက အနာဂတ်တွင် ခြံထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်ပျိုးဖို့၊ ဘေးအိမ်ကခြံဝင်းထက် ပိုကောင်းအောင်လုပ်ဖို့ ညွှန်ကြားထားခဲ့သည်လေ။
ဘုရားရေ သူမက သူ့ကို ဟင်းသီးဟင်းရွက်တွေနှင့် ပန်းပင်တွေကို စိုက်ပျိုးတဲ့ အဘိုးအိုဖြစ်စေချင်နေတာလား?
"လုယန်က ဟင်းသီးဟင်းရွက်တွေ၊ ပန်းပင်တွေ မစိုက်ဘူးလေ။ အဲဒါ ငါက ဘာလို့ ခြံစိုက်ရမှာလဲ?"
ဟွမ်ရှင်းရင် ပေါ့ပေါ့ပါးပါးနဲ့ ပြောလာခဲ့သည်။ "ဒါဆို ရှင် အ၀တ်လျှော်၊ ထမင်းချက်၊ အိမ်သန့်ရှင်းရေးလုပ်၊ ကလေးကို ဂရုစိုက်ပေးပြီးတော့ သင်ခန်းစာတွေပြင်ဆင်ပေးလေ"
ကျန်းချန်ပေ့: ""…"
"ရှင့်ကို လူတွေ ရယ်မောမှာကို ကြောက်မနေနဲ့၊ ရှင့်ရဲ့စိတ်ကူးတွေကို အကောင်အထည်ဖော်ချင်လို့ဆိုပြီး ပြောလိုက်ရုံပါပဲ"
"ငါတို့မိသားစုက ဟင်းသီးဟင်းရွက်တွေ စိုက်စရာမလိုပါဘူးကွာ၊ ငါတို့ မလို..."
"မရဘူး"
မိန်းမတွေရဲ့ နှိုင်းယှဥ်တတ်တဲ့ နှလုံးသားတွေဟာ တကယ့်ကို ဆိုးရွားလှသည်ပင်။
ကျန်းချန်ပေ့ မြေဆွနေတဲ့အချိန်တွင် တစ်နေရာရာမှ မှိုခေါင်းသေးသေးလေး ပေါ်လာခဲ့သည်။ ထိုသူမှာ သူ့သူငယ်ချင်း နိုင်ငံရေးအရာရှိရဲ့ ပျင်းရိသောဇနီးသည်ဖြစ်သူ လီချင့်ဟွားပင်။ လီချင့်ဟွားက သူ့ကိုကြည့်ကာ ရယ်ကာမောကာဖြင့် "မစ္စတာကျန်း ရှင်လည်း ဟင်းသီးဟင်းရွက်နဲ့ ပန်းပင်တွေ စိုက်နေတာလား?"
"ဟေး ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်သိလို့လား?"
ကျန်းချန်ပေ့ သူ့မျက်လုံးတွေကို မှိတ်ထားကာ ဘေးအိမ်ကတစ်ယောက် အမြန်ပြန်လာသင့်ကြောင်း စဥ်းစားနေပါတော့သည်!
***
ချင်းရို့က ကွမ်ချန်တွင် သူမရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ သူတို့အဖွဲ့ဟာ ကွမ်ချန်စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေ။
မူလကတော့ သူတို့ ပါဝင်တဲ့ဆုရဖို့အတွက် စီစဉ်ထားခဲ့ပါ၏။ ချင်းရို့၏ရုပ်သံထုတ်လွှင့်မှုမှာ မဆိုးလှသဖြင့် စီနီယာများစွာထံမှ လမ်းညွှန်မှုများရရှိခဲ့သည်။ ဒီလူသစ်လေးဟာ အစကတည်းက သင်ယူဖို့အတွက် အခွင့်အရေး ရခဲ့ပြီလေ။
ချင်းရို့က ဆုမရရှိခဲ့သော်လည်း ကြေညာသူအဖြစ် ပန်ဒါလက်ဖက်ရည်ခွက်ကို ရရှိခဲ့ပါသည်။
လက်ဖက်ရည်ခွက်ငယ်လေးပေါ်မှာ ဝါးကိုကိုက်ဝါးနေတဲ့ ချစ်စဖွယ်ပန်ဒါဝက်ဝံတစ်ကောင်ကို ရိုက်နှိပ်ထားလေ၏။ သူမ အရမ်းကြိုက်တဲ့အတွက် ပန်ဒါလက်ဖက်ရည်ခွက်လေးကို ပျော်ရွှင်စွာ လက်ခံခဲ့သည်။
ချင်းရို့လည်း ကွမ်ချန်၌ လက်ဖက်ရည်တွေ အများကြီးဝယ်လိုက်သည်။ ထို့နောက် သူမ ကိုယ်ဝန်ရှိနေနိုင်တာမို့ လက်ဖက်ရည်သောက်ဖို့ မသင့်တော်ကြောင်း တွေးမိသွားကာ ဘေးအိမ်က အစ်မဟွမ်ကို လက်ဆောင်ပေးရန်အတွက် သိမ်းထားဖို့ စီစဥ်လိုက်တော့သည်။ သူမလည်း လက်ဖက်ရည်သောက်ရတာ ကြိုက်တဲ့ပုံပဲလေနော်။
Thanks for reading!