Ch-78
Viewers 8k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၇၈)


အရင်တုန်းက တက္ကသိုလ်၌ ယောက်ျားလေးအနည်းငယ်မျှသာရှိ၍ လင်းမင်ကွေ့ရဲ့ အရပ်အမောင်းနှင့် ရုပ်ရည်သွင်ပြင်မှာ အားလုံးထဲတွင် အကောင်းဆုံးဖြစ်၏။ သူကတော့ သူမရဲ့ စိတ်ကူးယဥ်အိပ်မက်ပင်။ 


ယခုအခါ သူမသည် အတိတ်တစ်ချိန်က တက္ကသိုလ်ထဲမှာ မဟုတ်တော့ဘဲ ပိုမိုလှပသော ရွှယ်ထင်ထင် ဖြစ်လာစဥ် လင်းချန်ရန်ကမူ လင်းမင်ကွေ့နှင့် တူနေဆဲ။ 


လျောင်ပြည်နယ် စစ်တပ်နယ်မြေ၌ ချောမောပြီး ထူးချွန်သော လူငယ်စစ်သားများစွာလည်း ရှိလေသည်။ 


လင်းချန်ရန်မှာ တဖြည်းဖြည်း မှေးမှိန်လာလေပြီ။ သူက ရွှယ်ထင်ထင်နှင့် ချိန်းတွေ့ရန် ဆန္ဒရှိသော်လည်း သူမရဲ့ နှလုံးသားထဲတွင် သူ့ကို လက်မခံနိုင်တော့ပေ။ (🙄) 


တစ်နည်းအားဖြင့်ဆိုရသော် - 


လင်းချန်ရန်ဟာ ငယ်ရွယ်၊ ချောမောပြီး အရပ်ရှည်တဲ့ ထိုရေတပ်အရာရှိ လုယန်နှင့် မယှဉ်နိုင်ဘူးလို့ သူမ ခံစားခဲ့ရသည်။ လုယန်မှာလည်း သာမန်ထက်ထူးခြားတဲ့ မိသားစုနောက်ခံရှိလေ၏။ သူတို့ကျောင်းရဲ့ ကြော်ငြာဘုတ်မှာ သူ့ဓာတ်ပုံတစ်ပုံရှိတယ်ဆိုတဲ့အကြောင်း သူမကြားလိုက်ရသေးသည်... 


ချင်းရို့က လုယန်ကို လက်ထပ်ပြီးနောက် ရွှယ်ထင်ထင်က ထိုကိစ္စနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်နေခဲ့၏။ သူမက လုယန်ရဲ့ အခြေအနေအမျိုးမျိုးကို စုံစမ်းမေးမြန်းရန် တစ်စုံတစ်ဦးကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သူမ ပိုမိုမေးမြန်းလေလေ ပိုလို့တောင် စိတ်မသက်မသာ ဖြစ်လာရလျက်... 


ဘာလို့များ ဒီလိုလူမျိုးကို ချင်းရို့ဆီ စျေးပေါပေါနဲ့ ပေးလိုက်ရတာလဲဟ? 


ရွှယ်ထင်ထင်သည် ထိုနေ့တုန်းက အနုပညာအဖွဲ့ရဲ့ ဂိတ်တံခါးဝ၌ သူမမြင်လိုက်ရသော မြင်ကွင်းကို ပြန်လည်သတိရမိသည်။ 


သူက ချင်းရို့ဘေးမှာ ရပ်နေခဲ့ကာ တစ်ယောက်က ချောမောပြီး နောက်တစ်ယောက်က နူးညံ့သိမ်မွေ့နေလျက်။ သူတို့နှစ်ယောက်ဟာ နေနဲ့လကဲ့သို့ပင်။ သူက သူမကို အိပ်ဆောင်ဆီ ပြန်ပို့ပေးပြီး ခရီးဆောင်သားရေသေတ္တာကိုလည်း ကိုင်ထားပေးခဲ့ပေသည်။ 


… 


ရွှယ်ထင်ထင်ဟာ ထိုနေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေသလို အချိန်အတော်ကြာအောင် မေ့မရနိုင်ခဲ့။ 


သူမ အနာဂတ်မှာ ချင်းရို့ရဲ့ ယောကျ်ားလောက် ကောင်းတဲ့သူမဟုတ်ရင် လက်ထပ်ရန် ဆန္ဒမရှိပါချေ။ လုယန်ထက် ပိုမိုအခြေအနေကောင်းမွန်တဲ့လူကိုပဲ လက်ထပ်ချင်ခဲ့သည်။ 


ရွှယ်ထင်ထင်သည် ချင်းရို့ လက်ထပ်ပြီးတဲ့နောက် အမှန်တကယ် ပျော်ရွှင်နေမယ်လို့ မယုံကြည်ခဲ့ပေ။ 


သူမဟာ လှပသူဖြစ်၍ အမျိုးသားတွေက သူမရဲ့အလှကို ခဏတာ နှစ်သက်ကြမည်ဖြစ်သော်လည်း သူတို့တစ်သက်တာလုံးအတွက် ဘယ်တော့အခါမှ မဖြစ်နိုင်ပါချေ။  


ချင်းရို့နှင့် လုယန်တို့ တစ်ယောက်နဲ့ တစ်ယောက် သိကြတာ နှစ်ဝက်လောက်သာ ရှိပါသေးသည်။ သူမက သူနဲ့အတူတူ ချုံကျိုးကျွန်းသို့ တန်းလိုက်သွားခဲ့ပြီး မိဘများနှင့်ပင် မတွေ့ဆုံခဲ့သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သူမရဲ့ ယောက္ခမတွေက မိထွေးတစ်ယောက်ဖြစ်လုနီးပါးဖြစ်သွားခဲ့တဲ့ သူမလို မိန်းမမျိုးကို ဘယ်လိုလုပ်ပြီး သဘောကျမှာတုန်း? 


နောက်ပြီးတော့ အနာဂတ်မှာ ကလေးမွေးခဲ့ရင်ကော? ကလေးမွေးပြီးသွားရင် သူမရဲ့ ပုံပန်းသွင်ပြင်က ပျက်စီးသွားမှာဖြစ်ပြီး သူမရဲ့ အလှအပတွေလည်း ရှိတော့မှာမဟုတ်ဘူးလေ၊ ဒီလိုဆို အဲ့လူက သူမအပေါ် ကောင်းဦးမှာတဲ့လား? 


*** 


ချင်းမျန့်ရဲ့ မိသားစုက ထုပ်ပိုးနေလျက် ချုံကျိုးကျွန်းသို့သွားရန် ပြင်ဆင်နေကြပြီ။ ယခုတစ်ကြိမ် မိသားစုပြောင်းရွှေ့မည့်အခါတွင် အမှန်တကယ် ဘာမှယူစရာသိပ်မရှိပါချေ။  


ချင်းမျန့်က သဘောထားပွင့်လင်းသူတစ်ယောက်ပင်။ ညီမဖြစ်သူ ချင်းရို့က ချုံကျိုးကျွန်းပေါ်က အခြေအနေတွေအကြောင်း အများကြီးပြောပြခဲ့ပြီးဖြစ်၍ သူမဟာ  အနာဂတ်နေ့ရက်များကို မျှော်လင့်နေပြီဖြစ်သည်။ 


ချင်းမျန့်က ချုံကျိုးကျွန်းရဲ့ အခြေအနေနှင့် လိုက်လျောညီထွေမဖြစ်မှာကို မကြောက်ရွံ့ပါချေ။ သူမက မြောက်ဘက် လျောင်ပြည်နယ်သို့ သွားရတာကို မကြောက်ခဲ့သဖြင့် သူမရဲ့ မွေးရပ်မြေနဲ့ ပို၍နီးပုံပေါ်တဲ့ ချုံကျိုးကျွန်းကိုဆို ပြောစရာပင်မလိုပေ။ 


အင်း… 


တကယ်တော့ သူမ သိပ်မသိသော်ငြား ချုံကျိုးကျွန်းနဲ့ သူတို့ရဲ့ မွေးရပ်မြေက တောင်ဘက်မှာ ရှိပါသည်။ 


ခင်ပွန်းဖြစ်သူက တင်းမာနေဆဲဖြစ်ပေမယ့် ယောက္ခမကတော့ ပို၍တက်ကြွလာချေပြီ။ ဤနေရာမှ ထွက်ခွာရတော့မည်ဆိုတာကို သူသိကောင်းသိနေပေလိမ့်မည်။ ဤနေရာဟာ သူ့ရဲ့ မွေးရပ်မြေဖြစ်ပေမယ့် သူ့ကို အရှက်ရစေမယ့် နေရာတစ်ခုလည်း ဖြစ်ခဲ့တယ်လေ။ 


သူထွက်သွားချင်နေခဲ့တာ၊ သူ့ကို လူနည်းစုလောက်ပဲသိတဲ့ နေရာကို သွားပြီးတော့ အတိတ်က အရာအားလုံးကို ဖြတ်တောက်ပစ်ချင်နေခဲ့တာ။ 


ကလေးနှစ်ယောက်သည်လည်း သူတို့ထွက်သွားတော့မယ်ဆိုတာသိပါ၏။ သူတို့ရဲ့ သူငယ်ချင်းတွေနှင့် ခွဲခွာဖို့ နည်းနည်းတွန့်ဆုတ်နေကြသော်လည်း သူတို့ရဲ့ ဒေါ်လေး၊ ဦးလေးနဲ့ အငယ်လေးကျင်းရိကို တွေ့ရဖို့အတွက်လည်း မျှော်လင့်နေကြပြီ။ 


ချုံကျိုးကျွန်းတွင် အလွန်မြင့်မားသော အုန်းပင်တွေရှိကြောင်း၊ ကမ်းရိုးတန်းမှာ ပျံဝဲနေသော ဗျိုင်းတွေ၊ ပိန္နဲသီးချိုချိုလေးတွေနှင့် အုန်းသီးတွေခိုးဖို့ သူတို့ရဲ့ ဒေါ်လေးအိမ်ကို လာကြပြီး ခေါင်းညှပ်ကျန်နေခဲ့သော ရှဥ့်သေးသေးလေးလည်းရှိကြောင်း သူတို့ရဲ့အမေဆီက ကြားခဲ့ရလေသည်... 


"ဝေါင်း!!!!" 


အုန်းသီးတွေ ခိုးတဲ့ ရှဉ့်သေးသေးလေးက တကယ်ပဲ ရှိတာလား? 


ခေါင်းဘယ်လိုများ ညှပ်သွားရတာလဲ... ဘယ်လိုခိုးကြတာလဲ...


ကလေးတွေက အော်ဟစ်နေကြလေရဲ့။ 


ဟယ်ချွင်းဖန်က အခြေအနေအကြောင်း မေးမြန်းစုံစမ်းရန် ချန်အိမ်သို့ ရောက်လာခဲ့သည်။ ချင်းမျန့်တို့မိသားစုဟာ မကြာမီတွင် ချုံကျိုးကျွန်းရှိ ဟိုင်းခန်စိုက်ပျိုးရေးခြံသို့ သွားတော့မယ်ဆိုတဲ့အကြောင်း သူမ ကြားသိလိုက်ရ၏။ 


အဲဒီနေရာက ကောင်းလို့လား? အဲ့လောက်ဝေးတဲ့နေရာကြီးကို... ဘယ်သူမှ မသွားချင်ကြဘူးလေ။ 


ချင်းမျန့်ရဲ့ ညီမဖြစ်သူ ချင်းရို့က အိမ်ထောင်ရေးအဆင်ပြေနေပုံရကြောင်း၊ ထိုအမျိုးသားက သူမအပေါ် လွန်စွာထောက်ထားညှာတာတတ်ကြောင်း အနုပညာအဖွဲ့ဆီက သတင်းရထားပေသည်... 


သို့သော်လည်း နှစ်စဉ်နှစ်တိုင်း လေပြင်းမုန်တိုင်းတိုက်ခတ်တတ်သဖြင့် အိမ်တွေ ပြိုလဲပျက်စီးတတ်ကြ​သော ချုံကျိုးကျွန်းပေါ်က ကြမ်းတမ်းလှသော အခြေအနေများကို သိထားခဲ့ပြီးပြီ... 


ထိုနေရာမှ ထွက်ပြေးသူအများအပြားရှိကြောင်းလည်း သူမကြားသိထားခဲ့ပေသည်။ 


"ချင်းမျန့်ရေ နင်တကယ်သွားချင်တာလား?" 


ချင်းမျန့်က သူမကို အာရုံမစိုက်ချင်သဖြင့် ပေါ့ပေါ့တန်တန်ပဲ "အင်း" လို့ ဖြေလိုက်၏။ 


"ဒီမှာ ငါတို့ရဲ့ လယ်ကွင်းအခြေအနေက ကောင်းနေသားပဲကို။ ပြီးတော့ ပင်းချန်နဲ့ နီးတယ်လေ။ နင်သာ အဲဒီဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသတွေဆီ သွားမယ်ဆိုရင် နင် အခက်အခဲတွေကြုံရလိမ့်မယ်…" 


ဟယ်ချွင်းဖန်က ချင်းမျန့်ကို မထွက်သွားစေချင်ခဲ့ပေ။ သူမရဲ့ ဆင်ခြေတုံတရား ခွဲခြမ်းစိတ်ဖြာချက်အရ ချင်းမျန့်ဟာ ချုံကျိုးကျွန်းမှာ ဘဝနေထိုင်မှုကောင်းမှာမဟုတ်ဘူးလို့ ပြောနေခဲ့ပေမယ့် ထိုနေရာ၌ ချင်းမျန့်တစ်ယောက် အဆင်ပြေကောင်းမွန်တဲ့ဘဝ ရသွားမှာကို တကယ်​စိုးရွံ့နေခဲ့သည်ပင်။ 


ချင်းမျန့်က သူမအား ရယ်မောကာဖြင့် ကြည့်လျက် တင်းမာစွာပြောလိုက်၏။ "ရှင်က အားလပ်ချိန်နဲ့ အလုပ်အကြောင်းပဲ တွေးနေပြီးတော့ ဒုက္ခခံစားရမှာကို ဘာလို့ကြောက်နေရတာလဲ? ပင်ပန်းရမှာကို ကြောက်နေတာလား? ကျွန်မတို့က ဒုက္ခခံရမှာတွေ၊ ပင်ပန်းရမှာတွေကို မကြောက်ဘဲ အလုပ်ကို ကြိုးကြိုးစားစားလုပ်ဖို့ စိတ်ဓာတ်ကို သယ်ဆောင်ထားသင့်တယ်လေ။ အမိမြေက ကျွန်မတို့ကို လိုအပ်တဲ့နေရာမျိုးကို သွားသင့်တာပေါ့..." 


ဟယ်ချွင်းဖန်: "…" 


ချန်မျန့်: "…" 


"အလုပ်လုပ်တဲ့သူတွေက ဂုဏ်အရှိဆုံးပဲ…" ချင်းမျန့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ 


သူမစကားတွေကြောင့် မူးဝေသွားရသော ဟယ်ချွင်းဖန်က ထွက်သွားပါတော့သည်။ 


ချင်းမျန့် လှည့်ကြည့်လိုက်တော့ သူမယောကျ်ားက သူမကို ထူးထူးခြားခြား ကြည့်နေတာကို တွေ့လိုက်ရသဖြင့် "ရှင် ကျွန်မကို ဘာလို့ကြည့်နေတာလဲ?" 


ချန်မျန့်က ရုတ်တရက် ပြုံးလိုက်ကာ သူ့လက်ကို မြှောက်၍ မျက်မှန်ကို အောက်ချလိုက်ရင်း သူ့မျက်လုံးတွေထဲမှာ အမှတ်တရတချို့နဲ့ ပြည့်နှက်နေလျက် "ရုတ်တရက်ကြီး အတိတ်က အရာတချို့ကို သတိရမိသွားလို့" 


ချင်းမျန့်က ရှင်းရှင်းလင်းလင်း ပြောလာခဲ့သည်။ "ရှင် ကျွန်မကို တွေ့တဲ့အချိန်ကို ပြောနေတာလား၊ အဲ့တုန်းက ကျွန်မ တောင်ပေါ်မှာ လူတွေကို ပြောင်ပြောင်တင်းတင်း ကြိမ်းမောင်းနေခဲ့တာမဟုတ်လား။ တကယ်တော့ ကျွန်မက နူးညံ့ပြီးတော့ အသိဥာဏ်ရှိတဲ့သူပါနော်" 


ချန်မျန့်: "ကိုယ်သိပါတယ်" 


"ရှင်သိရဲ့လား။ ကျွန်မ ရှင့်ကို လက်ထပ်ပြီးတော့ ငရုတ်သီးစားရတာ ရှားတယ်လေ။ ဒီနေ့ညတော့ စားကြမယ်နော်၊ ကျွန်မတို့ရဲ့ အနာဂတ်နေ့ရက်တွေအတွက် ပိုမိုကောင်းမွန်တဲ့ဘဝရဖို့ ဆုတောင်းကြမယ်လေ။ ကျွန်မ မာပိုတို့ဟူး၊ ငရုတ်သီးပါးပါးလှီးထားတဲ့ ငါးခေါင်း၊ မျှစ်အခြောက်စပ်စပ်ကလေးကြော်ပေးမယ်..." 


"အရင်တစ်ခေါက်က ဖက်တီးကျန်းဆီက ရထားတဲ့ ငရုတ်ကောင်းတွေက အရမ်းမွှေးတယ်နော်" ချင်းမျန့်မှာ တခြားနှစ်သက်စရာ သိပ်မရှိပေ။ သူမက ငရုတ်ကောင်းကို အထူးနှစ်ခြိုက်သူပင်။ 


ချန်မျန့်: "ကောင်းပါပြီ... ကိုယ့်အတွက် ဝိုင်သုံးခွက်ပါ ထပ်ထည့်ပေးလေ" 


ချင်းမျန့် ပျော်ရွှင်စွာ ချက်ပြုတ်နေသည်ကို မြင်လိုက်ရတဲ့အခါ သူက သူ့ရဲ့ယောက်ဖလေး လုယန်ဟာ ဘယ်ကလာသလဲဆိုတာကို ရုတ်တရက်ကြီး တွေးမိသွားရသည်။  


သူ ဘယ်လိုမျိုး နေထိုင်နေပြီလဲဆိုတာကို ရုတ်တရက် သိချင်သွားခဲ့ချေပြီ။ 


Thanks for reading!