၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၇၇)
ချင်းရို့ ကွမ်ချန်မြို့သို့ရောက်တဲ့အခါ သင်္ဘောပေါ်က ဆင်းပြီးမှသာ ဝမ်လိချွမ်းနှင့် သုန်ဝမ့်ဟွာတို့နှစ်ယောက် သူတို့ရဲ့အပြုအမူကြောင့် အရေးယူခံရတော့မည်ဖြစ်ကြောင်း သူမ သိလိုက်ရ၏။
ချင်းရို့လည်း အဖြစ်အပျက်အစုံအလင်ကို သိရှိခဲ့ပြီးနောက် သင်္ဘောသားများကို ကျေးဇူးတင်စကားပြောလိုက်သည်။
"မင်းက ငါတို့ရှောင်လုရဲ့ ဇနီးပဲ"
"ဒီပင်လယ်ထဲမှာ မင်းကို အနိုင်ကျင့်လို့မရဘူး"
…
ချင်းရို့သည် ငယ်စဉ်ကလေးဘဝကတည်းက မနာလိုမှုများစွာကို မြင်တွေ့ခဲ့ဖူးပါသည်။ သူမက လှပလွန်းတာကြောင့် သူမအပေါ် မကောင်းတဲ့ အကြံအစည်ရှိသော အမျိုးသားများနှင့်တွေ့ဖို့ လွယ်ကူသလို သူတို့ဆီက အမူအရာဖြစ်စေ၊ အပြောအဆိုဖြစ်စေ သူမအား အခွင့်ကောင်းယူခြင်းလည်း ကြုံခဲ့ရသည်... သူမရဲ့ ရုပ်ရည်ကိုကြည့်ပြီး မရှင်းမလင်းလုပ်ရပ်များကို လုပ်ခဲ့ပြီးပြီလို့ တမင်တကာ ထင်ကြေးပေးသူတွေလည်း များစွာရှိခဲ့သည်။
- လှတာက သူမရဲ့ အပြစ်မှမဟုတ်ဘဲလေနော်။
ချင်းရို့က အိတ်ဆောင်နာရီကို ထုတ်၍ ဖွင့်လိုက်ပြီး ပင်လယ်ဆီသို့ ချစ်စရာကောင်းစွာ ပြုံးပြလိုက်သည်။
ချင်းရို့ ပင်လယ်ကိုရော၊ လုယန်ကိုပါ အလွန်နှစ်သက်ပါ၏။ သူမ တစ်ယောက်တည်းမဟုတ်တော့၍ ကိုယ်တိုင်ကာကွယ်နေစရာမလိုတော့ဘူးလေ။ အခုဆို သူမဆီမှာ သူမယောကျ်ား၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေအပြင် နွေးထွေးလှတဲ့အိမ်နီးချင်းတွေနဲ့ ရဲဘော်တွေ ရှိနေခဲ့ပြီ။
မကြာခင် ကလေးတွေလည်း ရှိလာနိုင်တာပဲ။
ချင်းရို့ တကယ့်ကို ပျော်ရွှင်နေခဲ့ပါပြီ!
သူမမှာ ပြောစရာစကားတွေ အများကြီးရှိပေမယ့် သူ့ချစ်သူက အနားမှာမရှိသလို အစ်မဟွားဟွားလည်း မရှိပေ။ လုယန်နှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို သူမ ပြောပြချင်နေခဲ့၍ ထိုအကြောင်းကို တွေးကြည့်ပြီးနောက် အနုပညာအဖွဲ့ရှိ ဒါရိုက်တာစွင်းကို ဖုန်းမဆက်ဘဲ မနေနိုင်တော့ပါချေ။
"ဒါရိုက်တာစွင်းရေ ကျွန်မ ချင်းရို့ပါ"
"ချင်း-ချင်းရို့?" ဖုန်းလက်ခံရရှိတဲ့ ဒါရိုက်တာစွင်းမှာ အနည်းငယ် အံ့အားသင့်သွားရ၏။ ချင်းရို့ ထွက်သွားသည်မှာ လေးငါးလရှိပြီလေ။ တော်တော်ကြာသွားပြီပဲ။
ချင်းရို့က စစ်တပ်အရာရှိနှင့်အတူ ချုံကျိုးကျွန်းသို့ သွားခဲ့ပြီး ရုတ်တရက်ကြီး သူမဆီ ဖုန်းဆက်လာတယ်။ တစ်ခုခုဖြစ်တာများလား?
ငရုတ်သီးလေးနှင့် ဒေါသကြီးတဲ့လူတို့နှစ်ယောက် အတူနေကြတဲ့အခါ ဘယ်လိုလုပ်ပြီး အဆုံးသတ်ကောင်းကောင်းရနိုင်ပါ့မလဲ။
ကွာရှင်းကြတာ ဖြစ်နိုင်မလား။
ဒီလောက်မြန်မှာတော့ မဟုတ်ပါဘူးလေ။
"ချင်းရို့ရေ မင်းနဲ့ စစ်တပ်အရာရှိတို့ကြားမှာ တစ်ခုခုဖြစ်လို့လား?" ဒါရိုက်တာစွင်း ဖုန်းပြန်ဖြေချိန်တွင် ရွှယ်ထင်ထင်နှင့် ထန်ရွေ့ပိုင်တို့က ဒါရိုက်တာစွင်းရဲ့ ရုံးခန်းတွင် ရှိနေတာနဲ့ ဆုံခဲ့ပေသည်။ သူတို့က ဖုန်းတစ်ဖက်က ချင်းရို့ရဲ့ အသံကို ကြားလိုက်တဲ့အခါ စကားမပြောတော့ဘဲ ချက်ခြင်းတိတ်ဆိတ်သွားကြသည်။
သူတို့နှစ်ယောက်စလုံးက ချင်းရို့နှင့် ဒါရိုက်တာစွင်းတို့ရဲ့ စကားဝိုင်းကို နားစွင့်နေကြသည်။
ထန်ရွေ့ပိုင် တွေးနေမိသည်မှာ - ထန်ရို့ကိစ္စများ ပေါ်သွားတာဖြစ်နိုင်မလား။
ရွှယ်ထင်ထင်ကတော့ ချင်းရို့ရဲ့ ငိုယိုသံကို ကြားရရန် မျှော်လင့်နေလျက်။ ထိုစစ်တပ်အရာရှိက အိမ်တွင်းအကြမ်းဖက်သူဖြစ်ပြီး ချင်းရို့က ကျွန်းပေါ်မှာ သနားစရာဘဝဖြင့် နေထိုင်နေခဲ့ရတာမို့ လအနည်းငယ်ကြာတဲ့အခါ သူမ သည်းမခံနိုင်တော့တာများလား။
"ဒါရိုက်တာစွင်း ကျွန်မ ရှင့်ကို ကျေးဇူးတင်ချင်လို့ပါ..."
ချင်းရို့ ဖုန်းတစ်ဖက်ခြမ်းမှ စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူမအား လုယန်လို ခင်ပွန်းကောင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဒါရိုက်တာစွင်းကို ကျေးဇူးတင်ကြောင်းပြောချင်ခဲ့၏။
ဒါရိုက်တာစွင်း: "???!!!!"
ထန်ရွေ့ပိုင်: "????" အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ?
ရွှယ်ထင်ထင်: "!!!!!!!" ဘယ်လိုဖြစ်ပြီးတော့?
ချင်းရို့ ရူးနေပြီဖြစ်ရမယ်။ ဒါပေမယ့် ဖုန်းထဲက သူမရဲ့အသံက တကယ့်ကို ပျော်ရွှင်ကြည်နူးနေပုံပဲ။
သူမရဲ့ အိမ်ထောင်ရေးက သာယာနေတာလား?
"မင်းပျော်နေပြီလား?"
"ဟုတ်တယ်၊ ဒီမှာ လူကောင်းတွေ အများကြီးပဲ။ မိသားစုခြံဝင်းက အိမ်နီးနားချင်းတွေကလည်း အရမ်းသဘောကောင်းပြီးတော့ သူတို့က ကျွန်မကို အရမ်းဂရုစိုက်ပေးကြတယ်။ ကျွန်မ ကြေညာသူစာမေးပွဲဖြေဖို့ သွားတုန်းကဆို အကုန်လုံးက ကျွန်မကို လာအားပေးကြတာ... အစ်မဟွားဟွားက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်... ဘေးအိမ်က အစ်မဟွမ်ကလည်း အကျင့်စရိုက်ကောင်းပြီးတော့ ဂရုစိုက်တတ်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ပဲ။ ကျွန်မကို ဂရုစိုက်ဖို့ အိမ်ကို မကြာမကြာလာတတ်…"
"လုယန်က လူကောင်းတစ်ယောက်ပဲ၊ သူက ကျွန်မကို အရမ်းထောက်ထားညှာတာတတ်တာ..."
…
ဖုန်းတစ်ဖက်ခြမ်းရှိ ချင်းရို့က ပျော်ရွှင်နေကာ စကားတွေမနားတမ်းပြောနေခဲ့သည်။ သူမ စကားပြောပြီးသွားတဲ့နောက် ဖုန်းချလိုက်ပါတော့သည်။
ဒါရိုက်တာစွင်းမှာ ဖုန်းချခဲ့ပြီးသော်လည်း မှင်တက်နေမိဆဲ။ ဒီထူးဆန်းတဲ့စုံတွဲက ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူးလေ။
သို့သော် ချင်းရို့ရဲ့ စကားတွေထဲက စိတ်လှုပ်ရှားပျော်ရွှင်နေတာဟာ အတုမဟုတ်နိုင်ဘူးနော်။
အမှန်တကယ်ပဲ သူမက ချုံကျိုးကျွန်းမှာ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းနေထိုင်နေတာလား?
-- အဲဒါဖြစ်နိုင်လို့လား?
ထန်ရွေ့ပိုင်မှာ ဗုံးနှင့်တူသော သတင်းကြောင့် ပေါက်ကွဲသွားရလျက်။
သူမ အိပ်ဆောင်ကို ပြန်ရောက်တဲ့အခါ အိပ်ဆောင်ရှိ အခြားလူတွေကို ပြောပြခဲ့သည်။ "ငါ နင်တို့ကို သတင်းတစ်ခုပြောပြမယ်ဟေ့၊ ချင်းရို့ ချုံကျိုးကျွန်းကို ရောက်ပြီဆိုတဲ့အကြောင်း ဖုန်းဆက်လာပြီ..."
ထိုသတင်းမှာ လူတွေကို အံ့အားသင့်စေခဲ့ရလျက် -
"အိုး သူမက ကျွန်းပေါ်မှာ အချိန်ကောင်းလေး ပိုင်ဆိုင်နေတာပေါ့လေ!!"
"စစ်တပ်အရာရှိက အရမ်းချောမောပြီးတော့ သူမကို ကောင်းကောင်းဆက်ဆံတယ်ပေါ့။ ချင်းရို့ ကံကောင်းလိုက်တာဟယ်။ ဒီလိုလူကောင်းနဲ့တွေ့ရတော့ သူမ အရမ်းပျော်နေမှာပဲနော်။ ငါ သူမကို အားကျလိုက်တာ!"
"အဖွဲ့အစည်းက ငါ့ကိုရော အဲလိုလူကောင်းတစ်ယောက်နဲ့ ဘယ်တော့မိတ်ဆက်ပေးမှာလဲဟင်"
"…"
အိပ်ဆောင်ကို ပြန်ရောက်လာတဲ့ ရွှယ်ထင်ထင်မှာ မယုံကြည်နိုင်သေးပေ။ လုယန်က ဘယ်လိုလုပ်ပြီး လူကောင်းဖြစ်နိုင်မှာလဲ? သူက ချင်းရို့အပေါ် ကောင်းတယ်ပေါ့လေ? သူက ဒီအတိုင်း ဖြတ်လျှောက်လေးပဲဟာ။ ဒါပေမဲ့လို့ သူ့မှာ မိသားစုနောက်ခံကောင်းကောင်းနဲ့ စွမ်းရည်ကောင်းကောင်းရှိနေတဲ့သူဖြစ်လာရတာလဲဟ?! နောက်ပြီးတော့ သူက သူ့မိန်းမကို ကြိုက်တယ်တဲ့လား?
အဲဒီလူက ဘာလို့ အမျိုးသားဇာတ်လိုက်ထက် ပိုကောင်းနေရတာတုန်း?
ရွှယ်ထင်ထင်ဟာ လင်းချန်ရန်အကြောင်း တွေးနေမိလျက်။ မကြာသေးမီက အမျိုးသားဇာတ်လိုက် လင်းချန်ရန်နှင့် သူမရဲ့ ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေခဲ့သလို သူမတောင်မှ အနည်းငယ် စိတ်ရှုပ်ထွေးနေမိသည်။
လင်းချန်ရန်ဟာ သူမ အမြဲတမ်းလိုချင်နေခဲ့တဲ့ လူတစ်ယောက်ဖြစ်သလို သူမ ကောလိပ်တုန်းကတည်းက မက်ခဲ့တဲ့အိပ်မက်တစ်ခုပဲလေ။ ထို့ကြောင့်သာ သူမက သူ့ကို စာအုပ်ထဲမှာ အမျိုးသားဇာတ်လိုက်အဖြစ်ရေးခဲ့ပြီး သူမတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရမယ်လို့ စိတ်ကူးယဥ်ရေးသားခဲ့ခြင်းပင်။
သို့သော် သူမ စာအုပ်ထဲကို ကူးပြောင်းသွားတဲ့အခါ သူမရဲ့ အတိတ်အိပ်မက်ထဲက အမျိုးသားနတ်ဘုရားဟာ သာမညောင်အဆင့်လေးသာ ဖြစ်သွားသည့်အလား...
Thanks for reading!