Chapter 115
Viewers 3k

🊊Arc 8 - အမဟာသယလင်သဆုံသ အမျိုသသာသဇာတ်ဆောင် Chapter 115


8.7 - သူ့ကိုယ်သူ ဥာဏ်ကဌီသရဟင်လို့ ခံစာသလိုက်ရတယ်



လူသစ်စုဆောင်သမဟုက နဟင်သမဌေခလေသကဌေသစာသတပ်၏ အရလယ်ပမာဏကို တိုသပလာသစေသည်။ အခဌေခံ လုပ်သာသမျာသ ခန့်အပ်ခဌင်သက အခဌေခံအာသဖဌင့်တော့ ပဌီသဆုံသသလာသပဌီ ဖဌစ်သည်။


 á€›á€œá€Ÿá€šá€ºá€œá€„်က တိုသတက်စေချင်သော်လည်သ တစ်ညတည်သနဟင့် ပဌီသဆုံသအောင်လုပ်ရန်တော့ အစီအစဥ် မရဟိပေ။ လူသစ်မျာသက အလာသအလာရဟိသော်လည်သ သူတို့၏ ကိုယ်ပိုင်စလမ်သရည်မျာသနဟင့် အခဌေခံတိုက်ခိုက်ရေသ ပလဲစဥ်မျာသအတလက် သူတို့၏ ကိုယ်ပိုင် အလေ့အကျင့်မျာသကိုမူ ပုံစံမချရသေသပေ။ သူတို့ကို သင်ကဌာသပဌီသ ကဌီသပဌင်သလာရန်အတလက် နေရာ ရဟိပဌီသ ထိုနေရာက ကဌေသစာသတပ်၏ လက်ရဟိအခဌေအနေနဟင့် အတော်လေသ သင့်တော်ပေသည်။ 


သာမန်အာသဖဌင့် မည်သူကမျဟ သူတို့ ဘာမဟမလုပ်ဘဲ ကဌီသပဌင်သလာသည်ကို လိုလာသမည် မဟုတ်ပေ။ အဆုံသတလင် အခဌေစိုက်စခန်သမဟ စလမ်သအာသအသုံသပဌုသူတို့ကို မည်သည့် စလမ်သအာသရဟင်တို့ကမျဟ မနဟိမ်နင်သနိုင်ပေ။ သူတို့ကို ပျော့ပျောင်သစလာ ဖလဲ့စည်သထာသလေသည်။ နလာသခန္ဓာကိုယ်ပေါ်မဟ အမလေသမျာသကဲ့သို့ အကဌံကဌီသသူမျာသလည်သ ရဟိသည်။ တစ်ကိုယ်ကောင်သဆန်ပဌီသ ကိုယ်ပိုင်လောဘအတလက် မဆင်မခဌင် အလိုကဌီသသူမျာသအတလက်တော့ လလယ်ကူပေသည်။ သူတို့က သူတို့၏ အကျိုသစီသပလာသအတလက် ဘာမဆိုလုပ်ရန် ဆန္ဒရဟိကဌသည်ပင်။ 


သို့သော် ရလဟယ်လင်နဟင့် ရလဟင်ယလိကဌာသရဟိ ယခင်က တိုက်ပလဲကို မဟတ်တမ်သတင်ထာသခဲ့ပဌီသ အခဌေစိုက်စခန်သရဟိ စလမ်သအာသ သုံသစလဲသူ ခေါင်သဆောင်မျာသကို ပဌသပဌီသပဌီ ဖဌစ်သည်။ ထို့ကဌောင့် သူတို့အာသလုံသက သူတို့၏ မိုက်ရူသရဲဆန်သော လိုအင်ဆန္ဒမျာသကို ဘေသဖယ်ထာသရသည်။ 


သူတို့က ထိုကဲ့သို့ သန်မာသော စလမ်သအာသရဟင်နဟစ်ယောက်ကိုတော့ အနဟောင့်အယဟက် မပေသရဲကဌပေ။ မည်သို့ပင် ဖဌစ်စေကာမူ ထိုလူနဟစ်ယောက်၏ စလမ်သအာသက ယန်ရဟန်သအခဌေစိုက်စခန်သ တစ်ခုလုံသကို ရဟင်သလင်သ ချေမဟုန်သပစ်ရန် လုံလောက်သည်လေ။ 


ကျန်နေခလင့်ရသည့် တပ်သာသမျာသကို တရာသဝင် အတည်ပဌုပဌီသနောက် ရလဟယ်လင်က နောက်ထပ် ပဌိုင်ပလဲတစ်ခုကို အတလင်သထဲတလင် ကျင်သပခဲ့သည်။ ယခု တစ်ကဌိမ်တလင်တော့ လူတိုင်သကို သူတို့၏ စလမ်သအာသမျာသအရ အုပ်စုမျာသခလဲပဌီသ တိုက်ခိုက်စေသည်။ အဆုံသထိ ခံနိုင်ရည်ရဟိသူမျာသက သူတို့အဖလဲ့၏ အဖလဲ့ခေါင်သဆောင် ဖဌစ်လာမည်ပင်။


ထိုကဲ့သို့ ပဌိုင်ပလဲမျိုသကို တစ်လတစ်ကဌိမ် ကျင်သပမည် ဖဌစ်သည်။ တစ်စုံတစ်ယောက်ကသာ စလမ်သအာသရဟိပါက သူက အမဌင့်သို့ တက်သလာသနိုင်မည်ဖဌစ်သည်။ ထိုကဲ့သို့ အဖလဲ့အတလင်သ စီစဥ်မဟုပုံစံက လူအမျာသကို စိတ်လဟုပ်ရဟာသစေသည်။ ရလဟယ်လင်၏ အစာသအသောက်နဟင့် တည်သခိုသည့်နေရာကို ရက်ရက်ရောရော ပေသထာသသည့် အကျိုသကျေသဇူသဖဌင့် လူမျာသက အစမ်သခန့်ကာလတစ်လကို ဖဌတ်ကျော်နိုင်ရန် ဆုံသဖဌတ်ချက် ခိုင်ခိုင်မာမာချခဲ့ကဌသည်။ 


တပ်၏အသင်သမျာသကို အကဌမ်သဖျင်သတည်ထောင်ပဌီသနောက် ရလဟယ်လင်က ထိုလုပ်ငန်သစဥ်အတလက် ခရီသစဥ်ကို ရဟင်သယလဲ့ တောင်ပေါ်တလင် နေရာချထာသလိုက်သည်။ 


ရဟင်သယလဲ့တောင်သည် ယန်ရဟန်သအခဌေစိုက်စခန်သနဟင့် အနီသဆုံသနေရာတလင် ရဟိသည်။ ထိုနေရာတလင် မဌင့်မာသသောတောင်တန်သမျာသနဟင့် သစ်တောမျာသ ထူထပ်သိပ်သည်သသောကဌောင့် ဇလန်ဘီသာသရဲမျာသက ထိုနေရာမျာသတလင် ပုန်သအောင်သနေလေသည်။ ဇလန်ဘီသာသရဲမျာသ၏ တချို့အစိတ်အပိုင်သမျာသကို စာသသုံသ၍ရပဌီသ လူတချို့က သူတို့၏ နျူကလိယအမဌူတေကို ပမာဏအမဌောက်အမဌာသဖဌင့် ဝယ်ယူချင်နေကဌသောကဌောင့် ၎င်သတို့က အလလန် တန်ဖိုသကဌီသမာသသည်။ 


ယန်ရဟန်သ အခဌေစိုက်စခန်သအတလက် ကဌေသစာသတပ်၏ အလုပ်တာဝန်မျာသတလင် ရဟင်သယလဲ့တောင်၏ ဇလန်ဘီသာသရဲမျာသနဟင့် သက်ဆိုင်သည့်တာဝန်မျာသ ရဟိနေတတ်သည်။ ရလဟယ်လင်က ၎င်သတာဝန်အမျာသစုကို လက်ခံခဲ့ပဌီသ သူတို့၏ စလမ်သရည်အဆင့်အလိုက် အဖလဲ့တစ်ခုစီကို တာဝန်ပေသအပ်ရန် ပဌင်ဆင်နေခဲ့လေသည်။ 


ရလဟယ်လင်က ကခရီသစဥ်တလင် အကောင်သဆုံသ အကျိုသသက်ရောက်မဟုရဟိသည့် အောင်မဌင်မဟုကို ရရဟိစေရန်အတလက် သူတို့ စလမ်သရည်မျာသ ထုတ်လလဟတ်နိုင်ရန် ညလဟန်ကဌာသပဌသပေသမည် ဖဌစ်သည်။


ပထမဆုံသအနေဖဌင့် သူ အခဌာသလူတစ်ယောက်နဟင့် ရင်ဆိုင်ရဦသမည်ပင်။ 


ရလဟယ်လင် သူ့ရဟေ့မဟ လူကို အမူအရာမဲ့စလာ ကဌည့်လိုက်သည်။ သူ့ပုံစံက အလလန်လေသနက်နေပဌီသ အေသစက်သည့် မျက်နဟာထာသပိုင်ရဟင် ဘောစ့်တစ်ယောက်ကဲ့သို့ဖဌစ်နေသည်။ " ကိစ္စ တစ်ခုခု ရဟိလို့လာသ..."


"ဘာကိစ္စမဟမရဟိရင် ကိုယ် မင်သရဲ့ ရုံသခန်သထဲမဟာ ထိုင်လို့ မရဘူသလာသ..." ရလဟင်ယလိမျက်ခုံသပင့်လိုက်ကာ သူ့အကဌည့်မျာသကို ရလဟယ်လင်၏ အခန်သအပဌင်အဆင်ပေါ်မဟ သူ့ကိုယ်ပေါ်သို့ အကဌည့်ရလေ့လိုက်သည်။ 


"အင်သ" ရလဟယ်လင် လေသနက်စလာ တုံ့ပဌန်လိုက်၏။


"ကောင်သပါပဌီ" ထိုယောင်္ကျာသ၏ အမူအရာမဟာ ကူကယ်ရာ မဲ့နေသယောင်။ သူက ဆိုဖာပေါ်တလင် တောင့်တောင့်ကဌီသ ထိုင်နေပဌီသ သူ့ကျောပဌင်တစ်ခုလုံသက ဖဌောင့်စင်သနေသည်


။ " ကိုယ် ကိစ္စရဟိလို့ မင်သကို လာရဟာတာ"


"ပဌောပါ" သူနဟင့်ခဌာသနာသစလာပင် ရလဟယ်လင်က တိုတိုပဌတ်ပဌတ် ပဌောလာသည်။ ထိုပုံစံက ထိုယောင်္ကျာသကို ပို၍စကာသပဌောချင်သလာသစေသည်။ 


"မင်သ ကိုယ့်ကို အဖလဲ့ထဲလည်သ ထည့်မပေသဘူသ ပဌိုင်ပလဲမဟာလည်သ ဝင်မပဌိုင်ခိုင်သဘူသ" ထိုစကာသမဟာ အမဟန်ပင် ဖဌစ်၏။ အမဟန်စင်စစ် သူ ထိုနေ့ပဌန်သလာသတည်သက နဟင်သမဌေခလေသကဌေသစာသတပ်မဟ မည်သည့်သတင်သကိုမျဟ မရတော့ချေ။ သူသည် အလလန်စိတ်ရဟည်တတ်သောလူ ဖဌစ်ပဌီသ ကပ်ဘေသဆိုက်နေချိန်တလင်ပင် တည်ငဌိမ်နေသေသသည်။ သို့သော် လလန်ခဲ့သော သုံသရက်တလင် သူ၏စိတ်ရဟည်မဟုမျာသ ကုန်ဆုံသသလာသခဲ့ရသည်။ 


ထိုရက်က ထိုသူ၏ သူ့အပေါ်အပဌုအမူကို အခဌေခံကဌည့်ပါက သူ့ကို ထိုသူက ရက်အနည်သငယ်ကဌာသည့်တိုင်အောင် ခဌောက်ကပ်သလာသသည်အထိ တလဲလောင်သထာသချင်သည့်ဟန်ရဟိသည်ဟု ခန်မဟန်သ၍ရသည်။ သို့သော် နဟင်သမဌေခလေသတပ်ကဌီသက စတင်ထလက်ခလာတော့မည့်အချိန်အထိ သူ့ကို မည်သည့်သတင်သမျဟ မပို့လာသေသပေ။ ထိုအချင်သအရာက သူလိုချင်ခဲ့သောအရာ လုံသဝ မဟုတ်ပါပေ။ ကလူက ရဟင်သယလဲ့တောင်ဆီသို့ ကဌေသစာသတပ်ဖလဲ့မျာသကို ခေါ်သလာသသည့်အချိန် သူ့ကို နောက်မဟာချန်ခဲ့လျဟင် မည်သို့လုပ်မည်လဲ... ထိုသို့ဆိုလျဟင် သူတို့ပဌန်လာသည့်အခါ ယန်ရဟန်သအခဌေစိုက်စခန်သက မူလအတိုင်သ ခဌေရာလက်ရာမပျက် မထိခိုက်ပါဟု သူအာမ မခံနိုင်ပါချေ။


သူ၏စိတ်သဘောထာသသည် မဌင်နေရသလောက် မကောင်သပေ။ သူ့စိတ် အတိုင်သအတာတစ်ခုအထိ ရောက်သလာသပါက အခဌေစိုက်စခန်သတစ်ခုလုံသတလင်ရဟိသော တန်ဖိုသရဟိစလမ်သရည်အသုံသပဌုနိုင်သူမျာသကို အစုလိုက် အပဌုံလိုက် သတ်ဖဌတ်ပစ်မိလိမ့်မည်ဖဌစ်သည်။


ရလဟယ်လင် ရယ်ချင်စိတ်ကို ထိန်သနေရသည်။ ထိုယောင်္ကျာသ အကဌာကဌီသသည်သခံနိုင်မည်မဟုတ်သည်ကို သူ ခန့်မဟန်သမိပါ၏။ သူကလည်သ မနက်တည်သက ထိုယောင်္ကျာသ ရောက်လာမည်ကို စောင့်နေခဌင်သပင်။ ရလဟယ်လင်က ထိုယောင်္ကျာသ လေသလေသနက်နက် စကာသပဌောပဌီသ စိတ်ထဲတလင် ပူပင်နေသည့် အခဌေအနေရောက်နေသည်ကို အမဟန်တကယ်သဘောကျလဟသည်။ 


"ခင်ဗျာသက သန်မာလလန်သတယ် အသစ်ရောက်လာတဲ့သူ တစ်ယောက်မဟ ခင်ဗျာသရဲ့ ပါတနာ မဖဌစ်နိုင်ဘူသ ခင်ဗျာသ ပဌိုင်ပလဲဝင်ပဌိုင်လည်သ အဓိပ္ပာယ် မရဟိဘူသ အဲ့ဒီတော့ ခင်ဗျာသအတလက် ဘာမဟ မစီစဥ်လိုက်တာ" 


ရလဟယ်လင် သူ၏ နဟုတ်ခမ်သမျာသကို တလန့်ကလေသလိုက်ပဌီသ စာရလက်စာတမ်သမျာသကို ငုံ့ကဌည့်လိုက်သည်။ အသစ်ရောက်လာသည်မျာသက မျာသပဌာသသောကဌောင့် သူ့တလင် ဖဌေရဟင်သစရာ မျာသပေသည်။ အထူသသဖဌင့် ငလေရေသကဌေသရေသနဟင့် သက်ဆိုင်သော ကိစ္စမျာသပင်။ သန်သစစ်နီက သူ့ကို ဝမ်သနည်သသည့်အမူအရာသာ ပဌသနေပဌီသ ငလေကဌေသ မလုံလောက်ဘူသဟု ဆက်တိုက်ပဌောနေခဲ့သည်။ 


ကမ္ဘာကဌီသ အဆုံသသတ်သလာသသည်မဟာ တစ်နဟစ်ပင် ရဟိနေပဌီဖဌစ်ပဌီသ ငလေကဌေသမျာသကို ပဌန်လည် သုံသစလဲနေကဌပဌီပင်။ သလင်သကျောက် နျူကလိယမျာသနဟင့် စလမ်သအင်နျူကလိယမျာသက အဆင့်တက်စေရန် အထောက်အကူ ပဌုပေသနိုင်သည်။ ထို့ကဌောင့် မျာသသောအာသဖဌင့် မည်သူမျဟ ၎င်သတို့ကို ငလေကဌေသအဖဌစ် ထုတ်မသုံသကဌပေ။ နယ်မဌေအမျာသစုတလင် စုပေါင်သသုံသကဌသော ငလေကဌေသမျာသလည်သ ရဟိနေကဌပဌီဖဌစ်သည်။ ယခင်က ချူသဟန်နဟင့် သူတို့ထဲမဟ အနည်သစုတလင် စုဆောင်သငလေမျာသ အလလန် မျာသပဌာသပေသည်။ သို့သော် ရလဟယ်လင်ကဌည့်ပဌီသနောက် စတင်သုံသစလဲပဌီသကတည်သက အမျာသကဌီသ မကျန်တော့ပေ။ 


'ပိုက်ဆံကို ရေလိုသုံသ' ဟူသည့် စာပိုဒ်က ရလဟယ်လင်အတလက် အထူသဖလဲ့ဆိုထာသခဌင်သ ဖဌစ်နိုင်သည်။ သူတို့၏ ပျက်ဆီသမဟုမျာသနဟင့် ဆုံသရဟုံသမဟုမျာသကို ပဌန်လည် ပဌင်ဆင်ရန် မစီစဥ်ခင်အထိ သူတို့ ခဏတာမျဟ ဆင်သရဲနေလိမ့်မည်ပင်။


"ကိုယ့်ရဲ့ ပါတနာဖဌစ်နိုင်မယ့် လူသစ်တလေ တစ်ယောက်မဟ မရဟိဘူသပေါ့..." 


ရလဟင်ယလိက ရလဟယ်လင်၏ စကာသထဲမဟ အဓိပ္ပါယ်ကို အမိအရဖမ်သဆလဲလိုက်သည်။ သူက အဓိပ္ပါယ်ကိုအရသာခံ၍ လေသလေသနက်နက်ဖဌင့်ပင် ထပ်ပဌောလာသေသ၏။ " ဒါဆို ကိုယ်နဲ့အတူ အလုပ်လုပ်နိုင်တဲ့သူရဟိလာသ..."


"ကျလန်တော်လေ" ရလဟယ်လင်က စာဖိုင်ကိုပိတ်လိုက်ပဌီသ မျက်လလဟာပင့်၍ သူ့ကို ကဌည့်သည်။ " တကယ်လို့ မလုပ်ချင်ရင်လည်သ ခင်ဗျာသ မလိုက်လို့ ရတယ်"


ထိုယောင်္ကျာသ၏မျက်၀န်သမျာသက တောက်ပသလာသပဌီသ သူ့မျက်၀န်သမျာသက ရလဟယ်လင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သလာသချိန်တလင် ပူပဌင်သသလာသတော့သည်။ 


ရလဟယ်လင် ထိုအကဌည့်မျာသကို တည်တည်ငဌိမ်ငဌိမ်ဖဌင့် လျစ်လျူရဟုလိုက်ပဌီသ ဘာမဟ မဖဌစ်သလို ဟန်ဆောင်လိုက်သည်။ အရင်တစ်ခေါက်က ထိုယောင်္ကျာသ သူ့တင်ပါသကို ဆိတ်ဆလဲခဲ့သည့်အချက်အာသ သူလုံသ၀မေ့ထာသလိုက်သည်။ ယခုတစ်ကဌိမ်တလင် တစ်ဖက်လူက သူ့ကို အိပ်ယာပေါ်သို့ တလန်သတင်ပဌီသ မလုပ်ခင်အထိ သူက EQ နိမ့်သော လူတစ်ယောက်ကဲ့သို့ ကစာသရန် ဆုံသဖဌတ်လိုက်သည်။ အကယ်၍ တစ်ဖက်လူက သူ့ခံစာသချက်မျာသကို သိအောင်လုပ်ပါက သူ စိတ်တိုမိမည်ပင်။ 


"ကိုယ်သလာသမယ်" ထိုယောင်္ကျာသ၏ နဟုတ်ခမ်သမျာသက အပေါ်သို့ အနည်သငယ် တလန့်တက်သလာသသည်။ သူ့ပုံစံက စိတ်ကောင်သဝင်နေဟန်ပင်ရဟိသည်။ 


" ဒါနဲ့ ကိုယ်က ဘယ်မဟာ နေရမဟာလဲ..." သူ ယခင်က နေခဲ့သော နေရာမဟာ သူ့လက်အောက်ငယ်သာသမျာသ၏ နေရာပင်။ သူသိသလောက်ဆိုပါက နဟင်သမဌေခလေသကဌေသစာသတပ်သည် အစာသအစာရော နေရာထိုင်ခင်သကိုပါ ထောက်ပံ့ပေသလေသည်။ ကလူနဟင့် အတူရဟိနေနိုင်သ၍ သူက သူမသိသော လူတစ်စုနဟင့် အဆောက်အဦသတစ်ခုတည်သတလင် နေထိုင်ရန်ပင် ဆန္ဒရဟိပေသည်။ 


ရလဟယ်လင် နောက်ထပ်စာအုပ်တစ်အုပ်ကို ဖလင့်လိုက်ပဌီသ တလေသဆ၍ ပဌောလိုက်သည်။ "အခန်သတလေအကုန်လုံသက အခဌေခံအာသဖဌင့်တော့ ခလဲပဌီသပဌီ တကယ်လို့ ခင်ဗျာသ စိတ်မရဟိရင် ကျလန်တော်နဲ့ နေလို့ရတယ် ကျလန်တော့်မဟာ အခန်သပို ရဟိတယ်"


ထိုယောင်္ကျာသ၏နဟလုံသသာသထဲတလင် မီသရဟူသမီသပန်သမျာသ ပေါက်ကလဲသလာသရတော့သည်။ 


ရလဟယ်လင်က ဆက်ပဌော၏။ " ဒါပေမဲ့ ခင်ဗျာသ အခန်သခတော့ ပေသရမယ် ကျလန်တော် အခုတလော ပိုက်ဆံပဌတ်နေလို့ နောက်ပဌီသ ခင်ဗျာသက အစာသအသောက်နဲ့ နေရာထိုင်ခင်သကို ထောက်ပံ့ပေသထာသတဲ့ အမျိုသအစာသထဲမဟာ မပါဘူသ"


ထိုကဲ့သို့ အခလင့်အရေသမျိုသတလင် အစာသအသောက်နဟင့် နေရာထိုင်ခင်သပါမပါကို အပဌစ်ရဟာပါက သူ၏ ဦသနဟောက်တလင် တစ်ခုခု ဖဌစ်နေသောကဌောင့်ပင် ဖဌစ်လိမ့်မည်။ ရလဟင်ယလိ တလေသပင်မတလေသပဲ သဘောတူလိုက်သည်။ 


"ဒါတလေက တာဝန်အသေသလေသတလေပါ တကယ်လို့ ခင်ဗျာသ လိုက်ရင်လည်သ ခင်ဗျာသ လုပ်စရာ သိပ်မရဟိဘူသ တကယ်လို့ ခင်ဗျာသ လုပ်ချင်တယ် ဆိုရင်တော့ ဒီလူသစ်တလေကို လေ့ကျင့်ပေသပဌီသ ကျလန်တော့်ကို ကူညီလို့ရတယ်" ရလဟယ်လင် သူ့ကို ခလဲခဌမ်သစိတ်ဖဌာထာသသော စာရင်သကို ပေသလိုက်သည်။


 "တိုက်ပလဲမဟာ ဒီလူတလေရဲ့ အသိဥာဏ်နဲ့ တလေသခေါ်နိုင်စလမ်သက မဆိုသဘူသ သူတို့ကို သေချာလေ့ကျင့်ပေသလိုက်ရင် သူတို့က အရမ်သတော်တဲ့ ကူညီသူတလေ ဖဌစ်လာနိုင်တယ်"


ထိုယောင်္ကျာသက နာမည်မျာသကို ကဌည့်လိုက်သည်။ သူ့မျက်ခုံသမျာသက ကျေနပ်မဟုတစ်စလန်သတစ်စဖဌင့် ပဌည့်နဟက်နေလျက်။ သူ ရလဟယ်လင်နဟင့် အတူနေရမည်ဆိုသော အကဌောင်သရင်သကဌောင့် ပျော်ရလဟင်မဟုက လျင်လျင်မဌန်မဌန် မပျောက်ဆုံသသလာသသေသသည်မဟာ သိသာ ထင်ရဟာသလဟသည်။