Chapter 1 (Arc 1)
Viewers 2k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]


Ch 1

စာချုပ်လက်မှတ်ထိုးခြင်း 



ယနေ့ခေတ်တွင် သိပ္ပံနှင့် နည်းပညာက လွန်စွာတိုးတက်လာသောကြောင့် လူသားများက သူတို့ကိုယ်သူတို့ နတ်ဘုရားနှင့် မကွာခြားဟု တွေးလာကြသည်။ သူတို့လက်အောက်တွင် စကြာဝဠာနှင့် အပြိုင်စကြာဝဠာဒေတာများကို မြင့်မားသောအဆင့်အထိ တုပရန် မရေမတွက်နိုင်သော မှတ်ဉာဏ်တုလေယာဉ်များကို ဖန်တီးလာနိုင်ကြသည်။


၎င်းက အင်မော်တယ်(မသေမျိုး) များအတွက် နတ်ဘုရားများက ဖန်တီးပေးသည့် လှိုဏ်ဂူတစ်မျိုးဖြစ်သည်။


တရုတ်လူမျိုးအသစ်များက မှော်ဆန်သော အစဉ်အလာကို လိုက်နာကြပြီး ဝိညာဉ်ရေးရာ ပျော်ရွှင်မှုအတွက် ဤခေတ်မီနည်းပညာကို အသုံးချခြင်း၊ လေယာဉ်များပေါ်တက်ရောက်ရန် လူများစွာကို ရွေးချယ်ကြခြင်းတို့ဖြင့် ရှည်လျားသော reality showတစ်ခု ပြုလုပ်ကာ တည်းဖြတ်ပြသခြင်းဖြင့် လူသားအသစ်များကို အပျင်းပြေစေခဲ့သည်။


ဖျော်ဖြေရေးက အလွန်နာမည်ကြီးလာခဲ့ပြီး ထုတ်လုပ်သူများက အရည်အချင်းမျိုးစုံရှိသော‌လူများကို ရှာဖွေလာကြသည်။ စာချုပ်တွင် လက်မှတ်ထိုးပြီးသည်နှင့် သူတို့ကို မှတ်ဉာဏ်တုလေယာဉ်များပေါ် ခွဲတင်လိုက်သည်။


ယနေ့တွင် LJJကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သောလင်းလင်းက စာချုပ်ချုပ်ရန်အတွက် အလားအလာရှိသောလူတစ်ယောက်ကို သွားရောက်ရှာဖွေညှိနှိုင်းမည်ဖြစ်သည်။ 


ထိုလူ၏နာမည်က စွေ့ချီချောင်းဖြစ်ပြီး အသက် ၂၆နှစ်ဖြစ်သည်။ လင်းလင်းသိထားသည်မှာ သူက အလွန်အမင်းရှားပါးလှသော တရုတ်ရှေးဟောင်းဧကရာဇ်၏သွေးကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူက သွေးကို မကြာမီအချိန်၌ နိုးထအောင် ပြုလုပ်တော့မည်ဖြစ်ပြီး နိုးထသည့်လုပ်ငန်းစဉ် စတင်နေပြီးလည်း ဖြစ်နိုင်သည်။


ထိုသို့ကောင်းချီးပေးခံထားရသည့်လူမျိုးက ထူးချွန်ထက်မြက်သည့် သရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်ရုံသာမက စွယ်စုံထူးချွန်သူတစ်ယောက်လည်း ဖြစ်လာနိုင်ပေသည်။


သူက ဧကရာဇ်မျိုးဆက် ဖြစ်နေခဲ့သည်။ အကယ်၍ ထိုမျိုးရိုးဗီဇက ယောက်ျားလေးတစ်ယောက်ထံ၌ ဖြစ်တည်လာခဲ့လျှင်မူ ထိုလူက လောကကြီးကို အုပ်စိုးနိုင်သည်။ အကယ်၍ မိန်းကလေးထံ၌ ဖြစ်တည်လာခဲ့လျှင်မူ အခြားလူများကို လွှမ်းမိုးချုပ်ကိုင် နိုင်လာလိမ့်မည်။ 


အတိတ်ခေတ်ရေစီးကြောင်းအရဆိုလျှင်

အလွန်ကောင်းမွန်သည်ဟု ယူဆနိုင်သည့် မျိုးဗီဇရှိသည့်လူများကို ပစ်ပယ်ရန် စီမံထားသော ဤသို့သောreality showများက ကြည့်ရှုသူများပြားပြီး ကုမ္ပဏီကို မတန်တဆ အမြတ်အစွန်းများရရှိစေသည်။ သို့ဖြစ်၍ အလွန်ရှားပါသော ရှေးဟောင်းဧကရာဇ်အနွယ်ဝင်ဖြစ်နေပါက ဆိုဖွယ်ရာပင် မရှိတော့ပေ။ 


သူက မည်သည့်ဧကရာဇ်၏ အမျိုးအနွယ်ဖြစ်ကြောင်းကို လင်းလင်းမသိသော်လည်း မျိုးရိုးဗီဇဗျူရိုမှ ရရှိသည့် အချို့သော သတင်းအချက်အလက်များအရ ဧကရာဇ်များထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ခဲ့သည့် သက်ဦးဆံပိုင်ဘုရင် သုံးယောက်နှင့် ဧကရာဇ်ငါးယောက်ထဲမှ တစ်ယောက်ဖြစ်နိုင်ပေသည်။ 


လင်းလင်းက စာချုပ်ကို အောင်မြင်စွာချုပ်ဆိုရန် ရည်ရွယ်ချက်ဖြင့် စွေ့ချီချောင်း၏အိမ်သို့ ရောက်လာခဲ့သည်။ တခြားအပြင်ဘက်ရှိ ခြံဝင်းထဲတွင် ထိုင်နေသော လူငယ်လေးကို မြင်လိုက်ရသည့်အခါ သူမ ရရှိထားသော အချက်အလက်များနှင့် တစ်ထပ်တည်းတူနေသည်ကို သိလိုက်ရသည်။ ဤလူ၏ပုံစံကို ဓာတ်ပုံနည်းပညာဖြင့်ပင် အပြည်ဘအဝ သရုပ်မဖော်နိုင်ပေ။


သူ၏ ပုံပန်းသွင်ပြင်က အလွန်ကြည်လင်နေကာ အရှေ့တိုင်းဆန်သည့် ချောမောခံ့ညားသောမျက်နှာ အချိုးအစား ရှိနေ၍ သွေးက နိုးထလာသည်မှာ အံ့ဩစရာမရှိတော့ပေ။  သို့ရာတွင် သူ၏ နက်မှောင်လှပသော မျက်လုံးများအောက်တွင် အနက်ရောင်အကွင်းကြီးများရှိနေ၍ မအိပ်ရသည်မှာ ညပေါင်းအတန်ကြာနေသည့်ပုံပေါ်သည်။


ထို့ကြောင့် လင်းလင်းက သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိသွားပြီး မိတ်ဆက်လိုက်သည်။ 

" လူကြီးမင်းစွေ့လား မသိဘူး ကျွန်မက LJJကုမ္ပဏီရဲ့ လင်းလင်းပါ အရင်က ဆက်သွယ်ထားတဲ့သူပါ ရှင့်ကို အကြာကြီးစောင့်နေရအောင် လုပ်မိပြီ..."


" မင်္ဂလာပါ..."

စွေ့ချီချောင်းက နွမ်းနယ်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး ခြံဝင်းတံခါးကိုဖွင့်လိုက်သည်။ 

" မဟုတ်ပါဘူး ဒီနေ့ ရာသီဥတုကလည်း ကောင်းနေတော့ ကျွန်တော် ခြံဝင်းထဲမှာ ထိုင်နေမိတာပါ..."


လင်းလင်းက ပြုံးပြလိုက်သည်။

" ဒါဆို ကျွန်မတို့ ဒီမှာပဲ စကားပြောကြမလား နေရောင်ခြည်လေးက နွေးနေတာပဲ..."


စွေ့ချီချောင်းက လင်းလင်းအတွက် လက်ဖက်ရည်ဖျော်ပေးပြီးနောက် ပြောလိုက်သည်။

" ကျွန်တော် မင်းတို့ရဲ့ပရောဂျက်အကြောင်း သိပြီးပါပြီ ဒါပေမဲ့ ကျွန်တော်က သရုပ်ဆောင်တတ်တဲ့ အရည်အချင်းမရှိဘူး..."


" မဟုတ်ဘူး မဟုတ်ဘူး သရုပ်ဆောင်ဖို့ မလိုဘူး..."

လင်းလင်းက စာချုပ်ချုပ်မည့်သူများစွာနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသူဖြစ်၍ သူ့စိတ်ထဲ ရှိနေမည့်အရာများကို သိသည်။

" ပရိသတ်တွေရဲ့ အကြိုက်က ပြောင်းလဲကုန်ပြီ ကျွန်မ‌တို့တွေ ဇာတ်ညွန်းတွေ ဒိုင်ယာလော့တွေ အသေးစိတ်မပေးတော့ဘူး... ကျွန်မတို့က ရှင် ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတဲ့ အဓိကအကြောင်းအရာကို မပေးတော့ပဲ အဲ့အစား သရုပ်ဆောင်ရဲ့ ပင်ကိုအရည်အချင်းကိုပဲ ရှိုးက မှီခိုသွားမှာပါ..."


စွေ့ချီချောင်းက မေးစေ့ကိုပွတ်ပြီး တွေးတောနေသည်။

" ပြောချင်တာက ကျွန်တော် လွတ်လွတ်လပ်လပ် သရုပ်ဆောင်လို့ရတယ်ပေါ့လေ..."


" တကယ်တော့ ပရိသတ်က ရှင် သ‌ဘာဝကျကျပြုမူတာကို မြင်ချင်တာလို့ပြောရင် ပိုမှန်မယ်... လူကြီးမင်းစွေ့ စိတ်ပူနေတာကို ကျွန်မသိပါတယ် ဒီအလုပ်က အိမ်ကနေထွက်ပြီး တခြားနေရာတစ်ခုမှာ သွားနေရမှာမလား...ပြီးတော့ လေယာဉ်ပေါ်နေရတာလည်း ပိုပြီး ခက်ခဲပင်ပန်းနိုင်တယ်လေ ဒါပေမဲ့ ကျွန်မတို့ဘက်ကလည်း လစာကောင်းကောင်းပေးမှာပါ... လူကြီးမင်းစွေ့ရဲ့ စိတ်အခြေအနေက ကမောက်ကမဖြစ်နေတာကို မြင်ရတယ် အဲဒါ အရည်အချင်းတွေ နိုးထလာလို့ပါ... အထူးသဖြင့် လက်ရှိလူနေမှုစနစ်ထဲမှာဆိုရင် ရှင့်ရဲ့ အရည်အချင်းတွေကို ဖော်ထုတ်ပြသနိုင်ဖို့ ပိုကျယ်‌ဝန်းတဲ့ ပတ်ဝန်းကျင်မျိုး လိုအပ်တယ်လေ..."


ဧကရာဇ်တစ်ယောက်က ကောင်းကင်ဘုံရဲ့အောက်မှာရှိတဲ့ နယ်မြေတွေကို တိုက်ယူသင့်တယ်မလား...

သူမကိုယ်သူမ အယုံသွင်းနိုင်သည်ဟု ထင်နေမိသည်။


ထိုစကားကို စွေ့ချီချောင်း၏နှလုံးသားထဲ ထပ်ခါတလဲလဲပြောနေမိသည်။ ယခုနောက်ပိုင်း သူ၏သွေး နိုးထလာချိန်မှစ၍ ပြဿနာများနေခဲ့ခြင်းဖြစ်သည်။ 

သူ့အိမ်က သူ့အတွက် မလုံလောက်တော့ပဲ မှတ်ဉာဏ်တုလေယာဉ်ပေါ်က ရှိုးက သူ့အရည်အချင်းတွေကို ပိုပြီး တိုးတက်လာစေမှာများလား...


စွေ့ချီချောင်း အနည်းငယ် စိတ်ပါဝင်စားလာသည်ကိုမြင်၍ လင်းလင်းက ဆက်ပြောလာသည်။ 

" ကျွန်မတို့က လူကြီးမင်းစွေ့အတွက် အစီအစဉ်တွေတောင် ဆွဲပြီးသွားပါပြီ... ကျွန်မတို့ အရင်ဆုံးစရမယ့် ပထမဆုံးကမ္ဘာက  သိပ္ပံနဲ့ နည်းပညာတွေ ခေတ်နောက်ပြန်မဆွဲနေတဲ့ ၂၁ရာစုပါ၊ အဲ့နေရာမှာ ရှင့်ကို တက္ကသိုလ်ကျောင်းသားဘဝကို ခံစားခိုင်းပြီးတော့ နောက်ထပ်လာမယ့် အစီအစဉ်တွေနဲ့ အသားကျအောင် လုပ်ခိုင်းမယ်၊ မှတ်ဉာဏ်တုထဲက အချိန်က လေးနှစ်ပါ..."


စွေ့ချီချောင်း၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် လင်းလင်းက ပထမဆုံး မှတ်ဉာဏ်တုလေယာဉ်ကို အမျိုးသမီးပရိသတ်များစွာ စိတ်ဝင်စားနိုင်မည့်နေရာကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။


မှတ်ဉာဏ်တုလေယာဉ်ပေါ်မှ အချိန်စီးဆင်းမှုက လက်တွေ့လောကနှင့် ၅၀ : ၁ ဖြစ်သည်။ သို့ဖြစ်၍ မှတ်ဉာဏ်တုလေယာဉ်က ပုံမှန်ထက် အ‌ဆ၅၀ ပိုမြန်အောင် ပျံသန်းနေမည်ဖြစ်၍ လေယာဉ်ထဲတွင် လေးနှစ်ဟူသောအချိန်က အပြင်လောကတွင် တစ်လခန့်သာ ကြာမြင့်မည်ဖြစ်သည်။ အမှန်တွင် လေယာဉ်ပျံသန်းချိန်အချိုးက ပိုမိုမြန်ဆန်လိုက်လျှင် ရသော်လည်း အမျိုးသားရေးစည်းကမ်းချက်များနှင့် မှတ်ဉာဏ်တုလေယာဉ်ပေါ် ပို့ဆောင်ထားရမည့် ဝန်ထမ်းများ၏ စိတ်အခြေအနေတို့အပေါ်မူတည်၍ ထိုအချိုးအတိုင်းသာ ထားလိုက်ရခြင်းဖြစ်သည်။


စွေ့ချီချောင်းက ခေါင်းငုံ့လိုက်ပြီး ထိုပုံစံအတိုင်း အချိန်ကြာမြင့်စွာ ငြိမ်နေခဲ့သည်။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။

" ကောင်းပါပြီ ကျွန်တော် လက်မှတ်ထိုးပါ့မယ်..."


လင်းလင်း၏ ရင်ထဲတွင် ပျော်ရွှင်မှုတို့ လွှမ်းခြုံသွားသည်။ 

" ကောင်းပါပြီ လူကြီးမင်းစွေ့..."


စွေ့ချီချောင်း အိမ်ထဲဝင်သွားပြီး နေ့စဉ်လိုအပ်သည့်ပစ္စည်းများကို ထုပ်ပိုးကာ လင်းလင်းနှင့်အတူ ထွက်လာခဲ့သည်။


စွေ့ချီချောင်း တံခါးမပိတ်လိုက်မီတွင် လင်းလင်းက အိမ်ထဲရှိ ထူးဆန်းသောအရာအချို့ကို သတိပြုမိသွားသည်။


ပြတင်းပေါက်အောက်ခြေဘောင်၊ စားပွဲခုံ၊ စာအုပ်စင်နှင့် ဆိုဖာများပေါ်မှ နေရာအားလုံးနီးပါးတွင် အပင်စိုက်ထားသည့် အိုးပေါင်းစုံရှိနေသည်။ ရွံ့အိုးတစ်အိုးထဲတွင်လည်း K9အမျိုးအစား ဆန်ကို စိုက်ပျိုးထားပြီး ဂျုံပင်များကိုမူ ပန်းကန်ပြားတစ်ချပ်ထဲ ထည့်စိုက်ထားကာ လမင်းသစ်ခွ အသေးစားလေးများထည့်ထားသည့်အိုးကိုလည်း ချိတ်ဆွဲထားသည်။ အပင်များအားလုံးကို ခဲရာခက်ဆစ်အနေအထားများဖြင့် စိုက်ပျိုးထားသည်ကို သူမ မြင်လိုက်ရသည်။ အပင်များကို မြေမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ထားသော်လည်း အချို့က အသီးများပင် သီးနေပြီဖြစ်သည်။ 


ကွဲပြားခြားနားသည့် မြေနေရာအမျိုးမျိုးမှ အပင်များကို လက်ရှိအချိန်တွင် လူသားများနေထိုင်ရာ အိမ်ထဲ၌ ဤသို့စိုက်ပျိုးထားပေသည်။ ဤအိမ်ကို ကြည့်ရသည်မှာဖန်လုံအိမ်ထက် ရွာထဲမှ အိမ်တစ်အိမ်နှင့် တူနေသည်။ ပတ်ဝန်းကျင်နှင့် တည်ရှိနေသောအရာများအကြားတွင် ထူးခြားသောကွဲလွဲမှုကြီးတစ်ခု ရှိနေသော်လည်းသဟဇာတနေသည်ဟုလည်း ဆိုနိုင်ပေသည်။ သို့ဖြစ်၍ ထူးဆန်းသောခံစားချက်တစ်မျိုး ဖြစ်တည်လာခြင်းပင်။


စွေ့ချီချောင်းက LJJ၏ စာချုပ်ပါ အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ရှု့ပြီးသည့်နောက်တွင် စာချုပ်ကော်ပီကို သူ့ရှေ့နေထံ ပို့ပေးလိုက်သည်။ သို့မှသာ နည်းပညာနှင့်ဆိုင်သည့်အချက်အလက်အချို့နှင့် စာချုပ်အကြောင်းအသေးစိတ်ကို ပိုမိုလေ့လာနိုင်ရန်ဖြစ်သည်။ သို့ရာတွင် ဗီဒီယိုကို အလိုအလျောက် တည်းဖြတ်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် သူမှတ်ဉာဏ်တုလေယာဉ်ပေါ် ရောက်သွားသည်နှင့် ရိုက်ကူးရေးကို အလိုအလျောက် စတင်မည်ဖြစ်ကာ သူ၏ အဝတ်ဗလာဖြင့်ရှိနေချိန်ပုံများကို အလိုအလျောက် ဖြတ်ထုတ်သွားမည်ဖြစ်သည်။ ထိုသို့ဖြင့် သူ၏ အတွင်းရေးကိစ္စများ ပေါက်ကြားခြင်းမှ ကာကွယ်နိုင်ပေသည်။


" မင်းတို့ဘက်က တကယ်ပဲ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကို မထိန်းချုပ်တော့ဘူးလား..."

စွေ့ချီချောင်းက လင်းလင်းကို နောက်တစ်ကြိမ်‌ထပ်မေးပြီး အတည်ပြုလိုက်သည်။


လင်းလင်းက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

" ကျွန်မတို့က အကြံဉာဏ်ပေးတာလောက်ပဲ လုပ်မှာပါ... အဲဒါကလည်း ပရိသတ်ဆီက မှတ်ချက်တွေရပြီးတဲ့ နောက်ပိုင်းအဆင့်လောက်မှပေါ့... ‌ဒါပေမဲ့လည်း အားလုံးက ရှင့်အပေါ်ပဲ မူတည်တာပါ... ဒါပေမဲ့ ထုတ်လွှင့်မှုရဲ့ ratingနဲ့ ကျွန်မတို့ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေကိုလည်း ထည့်စဉ်းစားပေးဖို့ လိုတာပေါ့လေ..." ဒါပေမဲ့ ကျွန်မတို့က ပရိုဂရမ်ရဲ့ ယျေဘုယျဦးတည်ချက်ကို ပြောပြပြီးသားဆိုတော့ ရှင် အထူးပုံစံနဲ့ပဲ လိုက်လျောညီထွေဖြစ်အောင်နေရမယ် အဲဒါကိုတော့ ပြောင်းလဲလို့မရဘူး ဥပမာပြောရမယ်ဆိုရင် ဒီပရိုဂရမ်ရဲ့ themeက တက္ကသိုလ်ကျောင်းသားဘဝဆိုတော့ ‌ရှင်က ကိုယ့်ဘာသာစီးပွားရေးလုပ်နေတာတို့ ခရီးသွားနေတာတို့အစား တက္ကသိုလ်ကိုပဲသွားရမယ်  ကျွန်မဆိုလိုချင်တာကို သဘောပေါက်တယ်မလား..."


စွေ့ချီချောင်းက တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်သည်။

" ကျွန်တော် သိပါပြီ ကျေးဇူးပြုပြီး အချိန်ခဏလောက် ပေးလို့ရမလား ကျွန်တော့်ရှေ့နေနဲ့ စကားပြောချင်လို့ပါ..."


လင်းလင်းက ထိုနေရာတွင်သာ ထိုင်နေသည်။ စွေ့ချီချောင်းက ရှေ့နေဖြင့် စကားပြောနေစဉ်တွင် သူမစိတ်ထဲ မေးခွန်းတစ်ခု ပေါ်လာသည်။

စွေ့ချီချောင်း ဒီမေးခွန်းကိုမေးတာ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ဒီထက်ပိုလိုချင်တာများလား...


အမှန်တွင်မူ သူတို့မည်သို့ သရုပ်ဆောင်ရမည်ကို မသိသောကြောင့် ကုမ္ပဏီကို အသေးစိတ်အစီအစဉ်များ မေးမြန်းသည့် သရုပ်ဆောင်ပေါင်းများစွာကို သူမ ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် စွေ့ချီချောင်းက ဧကရာဇ်၏သွေးကို နိုးထနိုင်ခဲ့၍ သာမန်လူများနှင့် တူညီနေမည်မဟုတ်ပေ။ မည်သည့်ဧကရာဇ်ကမှ ထိုကိစ္စမျိုးအတွက်နှင့် ခေါင်းရှုပ်ခံမည် မဟုတ်ပေ။ 


စွေ့ချီချောင်းထံတွင် ထိုသို့သော အကျင့်စရိုက်မျိုးကို မြင်တွေ့ရ၍ သူမ ပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။ အနာဂတ်တွင် ဖြစ်လာမည့် မြင့်တက်လာသော ထုတ်လွှင့်မှု ratingနှင့် စပွန်ဆာပေါင်းများစွာကိုပင် စိတ်ကူးယဉ်မိနေပြီဖြစ်သည်။ စွေ့ချီချောင်းက မည်သို့သောကြော်ငြာများနှင့် လိုက်ဖက်မည်ကိုပင် သူမ ကြိုတင်တွေးတောနေမိသည်။

အဆင့်အတန်းမြင့်တဲ့ အမျိုးသား အသုံးအဆောင်တွေ၊ ရတနာပစ္စည်းတွေ...


ရက်အနည်းငယ်ကြာသည့်အချိန်တွင် လင်းလင်းက ယခုအချိန်သို့ပြန်လာပြီး သူမမျက်နှာသူ ဖြတ်ရိုက်ချင်စိတ်ဖြစ်လာတော့မည်ကို မသိသေးဘဲ ယခုလက်ရှိအချိန်တွင်မူ စိတ်ကူးယဉ်မှုထဲတွင်သာ နစ်မျောနေသည်။


ခဏအကြာတွင် စွေ့ချီချောင်းက ပြန်ရောက်လာပြီး ခေါင်းညိတ်ပြလိုက်မှသာ သူမ အတွေးများ ရပ်တန့်သွားသည်။

" ကျွန်တော်တို့ အခုပဲ စာချုပ်ချုပ်လို့ရပြီ..."


နှစ်ဦးနှစ်ဖက်လုံး သဘောတူညီမှု ရရှိလားပြီးဖြစ်၍ လက်မှတ်ထိုးပြီးသွားသည်နှင့် စာချုပ်က အသက်ဝင်လာခဲ့သည်။ 


လင်းလင်းနှင့် စွေ့ချီချောင်းက လက်ဆွဲနှုတ်ဆက်လိုက်သည်။

" ဝမ်းသာစရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ လူကြီးမင်းစွေ့...  မှတ်ဉာဏ်တုလောကထဲကို ဘယ်အချိန်လောက် ဝင်ချင်လဲမသိဘူး... ပြင်ဆင်ချိန်ငါးရက်လောက်တော့ ရပါတယ်..."


" ကျွန်တော့်အတွက် ငါးရက်မလိုပါဘူး ‌ဒီနေ့စမယ်ဆိုလည်းရတယ်..."

စွေ့ချီချောင်းက သူ၏ သွေးမှ လှုံ့ဆော်မှုကို မနည်းတောင့်ခံထားရသည်။ 

" ကျေးဇူးပြုပြီး တတ်နိုင်သမျှမြန်မြန် ပြင်ဆင်ပေးထားပါ..."


" ရှင်က အလုပ်အပေါ် အရမ်းစိတ်အားထက်သန်နေရတာ ကျွန်မ ဝမ်းသာမိတယ်..."

လင်းလင်းက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ 

" ဒါဆိုရင် ခဏကြွပါဦး ကျွန်မ အရင်ဆုံး မှတ်ဉာဏ်တုလေယာဉ်ရဲ့ နောက်ခံသတင်းအချက်အလက်တွေကို အရင်ရှင်းပြပါ့မယ် ပြီးတော့မှ လေယာဉ်ပေါ် လိုက်ပို့ပေးမယ်... ကျွန်မတို့ အားလုံးတော့ ပြင်ဆင်ပြီးပါပြီ... ဒါပေမဲ့ ရှင့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်းရွေးချယ်ဖို့ လွတ်လပ်ခွင့်တချို့တော့ ပေးထားဦးမှာပါ... ရှင့်အသက်ကိုလည်း အပြင်က အသက်အမှန်ဖြစ်တဲ့ ၂၄နှစ်မှာပဲ ထားထားပေးပါ့မယ်... တက္ကသိုလ်ကျောင်းသားဇာတ်လမ်းကို ရှု့ထောင့်မျိုးစုံကနေ ပုံဖော်လို့ရတယ်... ကျွန်မတို့ပြောနေတာက တက္ကသိုလ်အကြောင်းဆိုတော့ ရှင်က ကျောင်းသား၊ ဆရာ၊ ကျောင်းဆေးပေးခန်းက ဆရာဝန် ဘယ်ဟာမဆို ဖြစ်လို့ရတယ်... မှတ်ဉာဏ်တုလေယာဉ်ပေါ်မှာတော့ တက္ကသိုလ်ရဲ့ ပါမောက္ခက ရှင့်ဦးလေးဆိုတော့ သူနဲ့ ဘာမဆို ဆွေးနွေးတိုင်ပင်လို့ရတယ်..."


၎င်းက သူ့ကို ကုမ္ပဏီက ဦးစားပေးထားခြင်းဖြစ်ပြီး အလွန်အဆင့်မြင့်သောစမှတ်နှင့် နောက်ခံအင်အားကောင်းကောင်းလည်း ပေးထားပေသည်။ မျက်မှောက်ခေတ်ပရိသတ်များက သုညမှစပြီး ကြိုးစားရုန်းကန်မည်ကို စောင့်ကြည့်ရန်အထိ စိတ်မရှည်ကြပေ။


"ဆွေးနွေးတိုင်ပင်လို့ရတယ်" ဟူသည့်စကားကို ကြားသည့်အခါ စွေ့ချီချောင်းပြုံးလိုက်မိသည်။ သူ ဤရက်ပိုင်းအတွင်း လုံ‌လုံလောက်လောက် အနားမယူခဲ့ရ၍ မျက်နှာထက်တွင် ပင်ပန်းနွမ်းနယ်နေဟန် ဖြစ်နေခဲ့သော်လည်း ယခုချိန်၌ ပြုံးပြလိုက်သည့်အခါ အလှတရားတစ်မျိုး ဖြစ်ပေါ်လာခဲ့ဟန်နှင့်တူ၍ လင်းလင်း သူ့ကို ငေးကြည့်နေမိသည်။


ဤအစီအစဉ်က အလွန်အောင်မြင်လာလိမ့်မည်ဟု သူမစိတ်ထဲ မှန်းဆမိသည်။


လင်းလင်းက စွေ့ချီချောင်းကို စတူဒီယိုထဲ ခေါ်သွားသည်။ ဝန်ထမ်းက စွေ့ချီချောင်း၏ကိုယ်ပေါ်တွင် လိုအပ်သည့်ကိရိယာများကို တပ်ဆင်ပေးပြီးသည့်နောက် မေးလာသည်။ 

" လူကြီးမင်းစွေ့က လေထီးခုန်တာတို့၊ ဘန်ဂီခုန်တာတို့လိုမျိုး လေပေါ်က အားကစားတွေ ကစားဖူးလား..."


စွေ့ချီချောင်း အံ့အားသင့်သွားမိသည်။

" ခုန်ဖူးတယ် ဘာလို့လဲ..."


လင်းလင်းက ထိုကိရိယာကိုကိုင်လျက် ပြောလိုက်သည်။ 

" မှတ်ဉာဏ်တုလေယာဉ်ပေါ်ကို ရောက်ပြီးပြီဆိုရင် ဆွဲငင်အားမဲ့တဲ့ အနေအထားတစ်မျိုးကို ခံစားရမှာ... သရုပ်ဆောင် တော်တော်‌များများက အဲဒါကို တောင့်မခံနိုင်လို့ အန်ချတတ်ကြတယ်... တကယ်တော့ ဓာတ်ခွဲခန်းကလည်း ဒီပြဿနာကို အဖြေရှာဖို့ကြိုးစားနေပေမယ့် ထိရောက်တဲ့နည်းလမ်းတော့ မတွေ့သေးဘူး... လူကြီးမင်းစွေ့က လေပေါ်အားကစားတွေမှာ အတွေ့အကြုံရှိတယ်ဆိုတော့ အဆင်ပြေမှာပါ..."


ထို့အပြင် ဧကရာဇ်သွေးကို နိုးထထားနိုင်သူက ဆွဲငင်အားမဲ့ခြင်းကို ကြောက်လိမ့်မည်မဟုတ်ဟု သူမ ထင်ထားသည်။


သူမ အထင်အတိုင်း စွေ့ချီချောင်းက အနည်းငယ်မှပင် ကြောက်မနေပေ။

" အဆင်ပြေပါတယ် စကြတာပေါ့..."


" လေယာဉ်ပေါ်ကူးပြောင်းဖို့ ပြင်ဆင်ပါ..."


" သုံး..."


" နှစ်..."


" တစ်..."


ရုတ်တရက် ပြင်းထန်သောဆွဲငင်အားမဲ့မှုကြီး ဖြစ်ပေါ်လာကာ ကူးပြောင်းလိုက်သည့် ခံစားမှုက အမြင့်မှ ပြုတ်ကျသွားသည့် ခံစားချက်ကြီးနှင့် အလွန်တူပေသည်။ 


စွေ့ချီချောင်း အော်ဟစ်လိုက်မိသည်။

" ဂျယ်ရိုနီမို..."


သူ ဆင်းသက်လာချိန်တွင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။



🌱🌱🌱