Chapter 2
Viewers 2k


🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 2

တရုတ်၏ ဒေသကိုးခုဟင်းလျာများ 



ထိုသို့အော်ဟစ်ပြီးသည်‌နှင့် နောက်တစ်ဖန် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့် ခံစားချက်ကြီးကို ခံစားလိုက်ရသည်။ အမှောင်ထုက တဖြည်းဖြည်းကွယ်ပျောက်ကာ အလင်းရောင် စတင်ဝင်ရောက်လာပြီး စွေ့ချီချောင်းက သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။ 


မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ၂၁ရာစုစတိုင် နာမည်ကြီးအဆောက်အဦးတစ်ခု၏ အတွင်းပိုင်းကို တွေ့မြင်လိုက်ရသည်။  အနက်နှင့် အဖြူရောင်ညစ်ညစ်ကို အလှဆင်ထားခြင်းက ရိုးစင်းသော်လည်း ၎င်းက တစ်မျိုးတစ်ဖုံဆန်းပြားနေသည်။ အိမ်သုံးပရိဘောဂများ၏ ရှု့ထောင့်မှကြည့်လျှင်မူ ၎င်းက ဤခေတ်တွင် အလွန်အဆင့်ကွဲပြားလှသော မှတ်ဉာဏ်တုလေယာဉ်များနှင့် ကွဲပြားသည့် သရုပ်ဆောင်များ ရှ်ိသောကြောင့် LJJဘက်မှ settingများစွာ ပြင်ဆင်ထားမည်ဖြစ်သည်။ ပထမဦးဆုံးအကြိမ်ဖြစ်၍ စွေ့ချီချောင်း အတွက် ရွေးချယ်မှုများစွာ ပေးထားသော်လည်း အကယ်၍ စွေ့ချီချောင်းက တက္ကသိုလ်ကျောင်းသား မပြုလုပ်ဘဲ ဉာဏ်ကွန့်မြူးပြီး အခြားတစ်ခုခုကို ရွေးချယ်ခဲ့လျှင်မူ ကွဲပြားသော ပုံရိပ်တစ်ခု ဖြစ်သွားနိုင်ပေသည်။ 


စာချုပ်လက်မှတ်ထိုးပြီးချိန်မှ ယခုအချိန်ထိ အချိန်တိုသာ ဖြစ်ခဲ့သော်လည်း စွေ့ချီချောင်းက သတင်းအချက်အလက်ကို ဖတ်ကြားပြီးသည့်နောက်တွင်  သူ့စိတ်ထဲ အတွေးတစ်ခုရှိလာခဲ့သည်။ သူ တွန့်ဆုတ်မနေတော့ပဲ အခန်း၏တစ်ဖက်သို့လှည့်ကာ လျှပ်စစ် manualထုတ်ပြီး ဤခေတ်၏ နည်းပညာများကို သိရှိအောင် နောက်တစ်ကြိမ် ထပ်ဖတ်တော့သည်။ 


အချိန်ခဏအတွင်းမှာပင် စွေ့ချီချောင်းက ညွှန်ကြားချက်များကို ဖတ်ကြားထားပြီးနောက် မတ်တပ်ရပ်၍ ပြတင်းပေါင်ဘောင်နားမှ ဒေစီပန်းအတုများရှိရာသို့ သွားလိုက်သည်။ သူက ဤခေတ်၏ ဆက်သွယ်ရေးကိရိယာဖြစ်သော ဖုန်းကိုကိုင်လိုက်သည့်အခါ contactထဲတွင် "ဦးလေး" ဟူသော အမည်ကိုတွေ့၍ ဖုန်းခေါ်လိုက်သည်။


" ဟယ်လို ဦးလေး ကျွန်တော် စွေ့ချီချောင်းပါ..."


ဖုန်းတစ်ဖက်မှ ‌ဦးလေးစွေ့က သူ့ကို အလွန်ကြင်နာသည့်အသံဖြင့် ပြောလာသည်။ 

" ချီချောင်း မင်း ပြန်ရောက်လာပြီဆိုတော့ အိမ်မှာ ထမင်းလာစားဖို့ ဦးလေးခေါ်တော့မလို့ပဲ မင်းအရင်ဖုန်းဆက်လာမယ်လို့ မထင်ထားဘူး... မင်း ဘယ်မှာအလုပ်လုပ်မှာလဲ..."


စွေ့ချီချောင်းက ပန်းအိုးထဲမှ ပန်းအတုများကို ဆွဲနှုတ်နေသည်။ ပန်းပွင့်များက အတုဖြစ်သော်လည်း မြေကြီးက အစစ်ဖြစ်နေသည်။ မြေဆွေး၏ အရည်အသွေးက သာမန်ဖြစ်ပြီး စိုထိုင်းဆ မလုံလောက်ပေ။ 

" ဦးလေး ကျွန်တော် အချိန်တစ်ခုအထိတော့ ဒီကကျောင်းမှာပဲ တက်ဦးမယ်..."


ဥက္ကဌစွေ့က ထိတ်လန့်သွားပုံရသည်။ သို့ရာတွင် သူ့တူကို အလွန်ယုံကြည်သူဖြစ်၍ အမြန်ပြောလာခဲ့သည်။ 

" ဟီးဟီး အဲဒါဆို မင်းငါ့ကိုဖုန်းဆက်တာ Cတက္ကသိုလ်မှာ ကျောင်းတက်ချင်လို့ပေါ့လေ... လူစာရင်းသွင်းတာက ပြီးသွားပြီဆိုပေမယ့် မင်း တက်ချင်တယ်ဆို ငါ လုပ်ပေးလို့ ရပါတယ်..."


စွေ့ချီချောင်းက ပန်းအတုများကို ဘေးနားချထားလိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားကာ ငရုတ်သီးများကို အတုံးကြီးကြီးလှီးနေသည်။


" ‌ဦးလေး ကျွန်တော်က ကျောင်းတက်ချင်တာ မဟုတ်ဘူး..."


ဥက္ကဌစွေ့က တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

" မင်းက ဆရာနေရာကနေ စာသင်ချင်တာလား မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ဘာဖြစ်လို့လဲ... ငါ နားမလည်ဘူး..."


စွေ့ချီချောင်းက သူ့ကိုတည်ငြိမ်စွာဖြင့် ဖြတ်ပြောလိုက်သည်။

" ဦးလေး ကျွန်တော်ကြားတာတော့ Cတက္ကသိုလ်ရဲ့ ကန်တင်းက ဈေးဆိုင်ခန်းတွေကို လေလံဆွဲတော့မယ်ဆို..."


စကားပြောနေစဉ်အချိန်တွင် သူ၏ လက်လှုပ်ရှားမှုများက ရပ်တန့်မသွားပေ။ ငရုတ်စေ့များကို ဖယ်ပြီးသည့်အခါ နေပူထဲတွင် ခြောက်သွားအောင် လှန်းထားလိုက်သည်။ 


စွေ့ချီချောင်းက စိတ်အေးလက်အေးဖြစ်နေသော်လည်း တစ်ဖက်တွင်မူ ဥက္ကဌစွေ့က ငြိမ်ကျသွားပြီး ငတုံးတစ်ယောက်သဖွယ် "ဟမ်" ဟုသာ ပြောနေမိတော့သည်။


……


နန်ဟိုင်မြို့တော်တွင် တည်ရှိသော Cတက္ကသိုလ်က ဤနေရာတစ်ဝိုက်ရှိ တက္ကသိုလ်များထဲတွင် ထိပ်တန်းအဆင့်ဖြစ်သည်။  ထိုမျှသာမက ၎င်းတွင် ကန်တင်း၅ခုအထိ ရှိပေသည်။  ကံဆိုးသည်မှာ တိုကန်တင်း၅ခုလုံးက အလွန်ဆိုးဝါးလွန်းလှ၍ တက္ကသိုလ်ကျောင်းသားများအတွက် အိမ်မက်ဆိုးကြီးဖြစ်သည်။  သို့ဖြစ်၍ နန်ဟိုင်မြို့တော် တက္ကသိုလ်များအနက် အမှောင်ဟင်းလျာများ ရရှိနိုင်သည့်နေရာတွင် ပထမချိတ်ပေသည်။ 


သို့ရာတွင် ယခုချိန်၌မူ ထိုသို့မဟုတ်တော့ပေ။ ယမန်နှစ်က ကျောင်းသားတစ်ယောက်က Cတက္ကသိုလ်ကန်တင်း၏ အ‌စားအသောက်စာရင်းကို အင်တာနက်ပေါ်တင်ခဲ့၍ အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်ပြုမှုကြောင့် ယခုချိန်တွင်မူ တရုတ်၏ ဒေသကိုးခုဟင်းလျာများကိုပါ ဆိုးရွားစွာတည်ခင်းသည်ဟူသော အနေအထားသို့ ရောက်ရှိခဲ့ပေသည်။


ဥပမာအားဖြင့်ဆိုရသော် ယခုလက်ရှိအချိန်တွင်မူ တရုတ်ဌာန တတိယနှစ်မှ ကျောင်းသားဖြစ်သော မုန့်ချန်က လမ်းဆုံတွင်ရပ်လျက် ဝေခွဲမရဖြစ်နေပုံပေါ်သည်။


ဖြတ်သွားဖြတ်လာကျောင်းသားများက သူ့ပခုံးကို ပုတ်သွားကြသည်။

" မင်း ဒီမှာ ဘာလုပ်နေတာလဲ..."


မုန့်ချန်က သနားစဖွယ်ပုံစံဖြင့် ပြုံးလိုက်ပြီး ပြန်ဖြေလာသည်။ 

" ကန်တင်းနံပါတ် ၁ က ဘယ်ဘက်မှာ ကန်တင်းနံပါတ် ၄က ညာဘက်မှာ... ဘယ်ဟာရွေးရမလဲ..."


အတန်းဖော်များက နှုတ်ခမ်းမဲ့သွားပြီး ပြောလိုက်သည်။

" ဘာများကွာလို့လဲ..."


ကံဆိုးသည်မှာ Cတက္ကသိုလ်၏ ကန်တန်းများအကြားတွင် ပြိုင်ပွဲ အလွန်ပြင်းထန်လှသည်။ သူတို့က အချိန်တိုင်း ဟင်းပွဲအသစ်များကို မိတ်ဆက်နေလေ့ရှိသည်။ ၎င်းတို့ကြားတွင်  ကန်တင်းနံပါတ် ၁နှင့် ၄အကြားမှ ပြိုင်ပွဲက အပြင်းထန်ဆုံးဖြစ်သည်။ 


မည်သည့်ကန်တင်းက Cတက္ကသိုလ်ကို ကိုယ်စားပြုနေသည်ဟူသောအကြောင်းအရာက အမြဲတမ်း လူပြောစရာဖြစ်နေခဲ့သည်။ 


မုန့်ချန် : " ငါ ကျောင်းဖိုရမ်မှာ မနေ့ကတွေ့ခဲ့တာတော့ ကန်တင်း နံပါတ်တစ်က ဘူးသီးမုန့်နှစ်ကပ်ကြော်နဲ့ အစပ်ချောင်း တွေကို ဟင်းပွဲအသစ်တွေဆိုပြီး မိတ်ဆက်ထားတယ်တဲ့... ကန်တင်းနံပါတ်လေးကလည်း ပတရားအမဲနှပ်ကို တင်ထားတယ်ဆိုပဲ..."


အတန်းဖော်  : “…”


မုန့်ချန်  : “…”


သူတို့ နှစ်ယောက်လုံး အချိန်အတန်ကြာအောင် ငြိမ်ကျသွားသည်။


အတန်းဖော် : " စာသင်နှစ်စတော့မယ်ဆိုတော့ ဒီကန်တင်းဆိုင်ခန်းတွေကို ထပ်ပြီး လေလံဆွဲဦးမယ်ထင်တယ်..."


မုန့်ချန်က စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငိုက်စိုက်ကျသွားသည်။ 

" အဖြစ်မရှိတဲ့ မျှော်လင့်ချက်တွေ မထားချင်တော့ဘူး... ဒီကန်တင်းတွေက ပြောင်းပစ်ဖို့ကို နောက်ခံအင်အားတောင့်လွန်းနေတယ်လေ ပြောင်းပစ်ဖို့ လွယ်တယ်ဆိုရင်တောင် ဒီထက်ဆိုးတာ ရောက်လာရင် ဘယ်လိုလုပ်မလဲ..."


သူတို့နှစ်ယောက်လုံး ထိုနေရာတွင် အတွေးထဲ နစ်မျောနေကြသည်။ 


ဒီ ကန်တင်းငါးခုထက် ပိုဆိုးတဲ့ဟာက ရောက်လာဦးမှာလား...

လူနှစ်ယောက်မှာ ထိုအတွေးကြောင့် ပိုမိုငြိမ်သက်သွားကြပြန်သည်။


ခဏအကြာတွင် မုန့်ချန်က ချောင်းဟန့်လိုက်ပြီး စိတ်ပြောင်းသွားအောင် မေးလိုက်သည်။

"ထားပါတော့လေ မင်းဘယ်သွားမလို့လဲ ကန်တင်းမှာ မစားဘူးလား..."


အတန်းဖော်က ညစ်ကျယ်ကျယ် ပြုံးပြလိုက်သည်။ 

" ငါ မင်းကို ပြောဖို့မေ့နေတာ... ငါ ကျောင်းကန်တင်းတွေကြောင့် ကြောက်လန့်နေခဲ့ရပေမယ့် ဒီနေ့တစ်ရက်တော့ ဘေးကင်းသွားပြီ... ငါ့အစ်ကိုက ငါ့ဆီလာလည်လို့ ဒီနေ့ အသစ်ဖွင့်ထားတဲ့ ဝေ့ကျီလင်း စားသောက်ဆိုင်မှာ သွားစားကြမှာ..."


ဝေ့ကျီလင်းစားသောက်ဆိုင်က စစ်ချွမ်းငရုတ်သီးအစပ်အရသာများကြောင့် ယခုနောက်ပိုင်းတွင် နေရာအနှံ့၌ နာမည်ကြီးလာသည်။ သူတို့က အင်တာနက်ပေါ်တွင်လည်း အရောင်းမြှင့်တင်ရေးများ ပြုလုပ်ကြခြင်းကြောင့် ထိုသို့ နာမည်ကြီးလာခြင်းဖြစ်သည်။ ယခုအခါ တက္ကသိုလ်များဖြင့် ပြည့်နေလျက်‌ရှိသော နန်ဟိုင်တွင် ဆိုင်ခွဲအသစ်လာဖွင့်ထား၍ ကျောင်းသားများဖြင့် ပြည့်နေသည်။ စာသင်နှစ်အစ မဟုတ်သေးသော်လည်း ထိုနေရာသို့သွားသည့် ကျောင်းသားဦးရေက အလွန်များပြားလှသည့်အပြင် အခြားနေရာမှ လာရောက်စား‌သုံးသူများကြောင့်လည်း စည်ကားနေသည်။ လူများစွာက ထိုစားသောက်ဆိုင်တွင် စားရရန် နှစ်နာရီ သုံးနာရီခန့် တန်းစီစောင့်ဆိုင်းရပေသည်။ 


ထိုအကြောင်းကိုကြားသည့်အခါ နေထိုင်စရိတ်ကို ချွေတာနေရသည့် မုန့်ချန်က မျက်ရည်ဝဲလုမတတ်ဖြစ်သွားသည်။ 

" မင်း..."


အတန်းဖော်က သူ၏ နာကျင်မှုကိုမြင်၍ အသည်းအသန်ပြောလိုက်သည်။

" ကဲ ဂရုစိုက်ပါ... ငါ မစားနိုင်ဘဲ ပိုနေတယ်ဆိုရင်တော့ မင်းအတွက် ပါဆယ်ထုတ်ပေးခဲ့မယ်လေ..."

အတန်းဖော်က ပြောပြောဆိုဆိုနှင့် ပြေးထွက်သွားသည်။


……


စွေ့ချီချောင်းက ကုတ်အင်္ကျီတစ်ထည်ကို သေသပ်စွာ ဝတ်စားထားပြီး သူ၏ အင်္ကျီအိတ်ကပ်အတွင်းတွင် ဆယ်စင်တီမီတာခန့်ရှိသော အပင်ပေါက်လေးကို ထည့်လာသည်။ သူ့ကို ဥက္ကဌစွေ့က Cတက္ကသိုလ်ကျောင်းဝင်းထဲတွင် ကားပတ်မောင်းပြနေသည်။ စွေ့ချီချောင်းက ဦးလေးဖြစ်သူ၏ စိုးရိမ်ပူပန်နေသောအကြည့်များကို လျစ်လျူရှု့ထားကာ တက္ကသိုလ်ဝင်းထဲမှ မြက်ခင်းပြင်များကို စိုက်ကြည့်နေသည်။


နေရာလွတ်တွေ အများကြီးရှိတာပဲ ငါ လိုချင်လိုက်တာ...


ပြီးရင် နေရာတစ််ခုလုံးကို အပင်စိုက်ပစ်မယ်...


" ချီချောင်း..."

ဦးလေးစွေ့က စိုးရိမ်ပူပန်မှုကြောင့် မျက်ခုံးများ တွန့်ချိုးထားသည်။ 


" မင်း တကယ်ပဲ ကန်တင်းကို လေလံဆွဲတဲ့ကိစ္စမှာ ဝင်ပါချင်တာလား... ငါ နားကို မလည်နိုင်တော့ဘူး မင်းနိုင်ငံခြားမှာ စာသင်ခဲ့တုန်းက စိတ်ဖိစီးမှုတွေ အများကြီး ရခဲ့တာများလား..."


သူ့တူက ကန်တင်းလေလံဆွဲရာတွင် ပါဝင်လိုသည်ဟူသော ထိုစကားများကို ပြောခဲ့ချိန်တွင် ဦးလေးစွေ့၏ ‌ဇဝေဇဝါဖြစ်မှုက ထိပ်ဆုံးအခြေအနေထိ ရောက်ရှိသွားခဲ့သည်။ သူ မည်မျှတွေးတောသည်ဖြစ်စေ သူ သိသော စွေ့ချီချောင်းနှင့် ထိုစကားများက အပ်စပ်မနေပေ။ 


စွေ့ချီချောင်းက သူ့ကို နှစ်သိမ့်ပေးသည့်ဟန်ဖြင့် ပြုံးပြီး ပြောလိုက်သည်။

" ဟုတ်တယ် စိတ်အေးအေးထားပါ ဦးလေးရဲ့..."


ဥက္ကဌစွေ့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းမှုများ ပြေလျော့သွားကာ စွေ့ချီချောင်း၏ အင်္ကျီအိတ်ထဲမှ အပင်ပေါက်လေးကို ကြည့်လိုက်သည်။

" မင်းဘာသာမင်း ထိန်းကျောင်းနိုင်တယ်ဆိုရင်တော့ ငါဘာမှ မပြောပါဘူး... အရေးကြီးဆုံးအရာက ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးပဲလေ... ဦးလေးက မင်း အလုပ်မကြိုးစားမှာကို စိတ်ပူတာ မဟုတ်ဘူး မင်းခန္ဓာကိုယ်က မတောင့်ခံနိုင်မှာကို စိုးရိမ်မိတာ..."


စွေ့ချီချောင်း၏ မျက်ဝန်းထဲတွင် ပြတ်သားမှုများကို မြင်တွေ့လိုက်ရကြောင်း သူ ကျိန်းသေသော်လည်း ၎င်းက မည်သည့်နေရာမှ အရင်းခံလာသည်ကိုမူ မသိပေ။


" ကျေးဇူးတင်ပါတယ်ဦးလေး... လေလံက ဘယ်နေရာမှာ လုပ်မှာလဲ..."


ဥက္က‌ဌစွေ့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ 

" လေလံဆွဲစရာမလိုပါဘူး မင်းအထဲကိုဝင်သွားပြီး ကန်တင်းက မင်းစိတ်ကြိုက်ဟုတ်မဟုတ် ကြည့်လိုက်ရုံပဲ..."


" ကျေးဇူးတင်ပါတယ် ဦးလေး..."

စွေ့ချီချောင်း ပြုံးပြလိုက်မိသည်။ ခန္ဓာကိုယ်အစစ်က သူ၏မူရင်းပုံစံနှင့် တစ်ပုံစံတည်းဖြစ်သော်လည်း မျက်ကွင်းညိုနေသည်များမရှိ၍ သူ၏ ရုပ်ရည်သွင်ပြင်က ပိုပြီး တက်ကြွနေဟန်ပေါ်သည်။ သူ့မျက်လုံးများက မှင်သဖွယ် မည်းနက်နေသည့်အပြင် မျက်ခုံးကလည်း။မိုးမခပင် အကိုင်းများသဖွယ် ကွေးညွတ်နေသည်။ 


LJJကုမ္ပဏီက မှတ်ဉာဏ်တုလေယာဉ်များကို တည်ဆောက်ရာတွင် ဒေတာအစစ်အမှန်ပမာဏများစွာကို သုံးစွဲထားပုံပေါ်ပြီး ဘဝအစစ်နှင့်တူအောင် ခံစားရအောင် ငွေပမာဏများစွာ အကုန်ခံထားပုံပေါ်သည်။ ဥက္ကဌစွေ့၏ မျက်နှာထက်မှ အမှန်တကယ် စိတ်ပူပန်နေဟန်ကို မြင်လိုက်ရသည့်အခါ စွေ့ချီချောင်းက နောက်ဆုံးတွင် သင်္ကာမကင်းဖြစ်မှုများကို စွန့်လွှတ်နိုင်သွားသည်။


သူ၏ ကျေးဇူးတင်စကားကို ကြားသည့်အခါ ဥက္ကဌစွေ့က လက်ကာပြပြီး နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။ 

" ငါ့မှာ ဒီတူလေးတစ်ယောက်ပဲရှိတာ ကျေးဇူးတင်စရာ မလိုပါဘူး... ဒါနဲ့ စကားမစပ် မင်းစိုက်ထားတာ ဘာပင်လဲ..."


စွေ့ချီချောင်းက ဗြောင်ကျကျပင် ဖြေလိုက်သည်။

" ငရုတ်သီးပင်ပါ..."


ဥက္က‌ဌစွေ့က ထိတ်လန့်သွားပုံရသည်။

" ဟမ်..."


စွေ့ချီချောင်းက သူ့အိတ်ကပ်ထဲမှ အပင်လေးကို ဂရုတစိုက်ဖြင့်ကြည့်ပြီး ပြန်ဖြေလိုက်သည်။ 

" အဒါကို Solanaceaeအပင်လို့လည်း ခေါ်တယ် လူအများစုသိကြတာတော့ နှံစားငရုတ်ပင်တဲ့..."


ဥက္ကဌစွေ့၏ မျက်နှာထက်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။


.....


ထိုအချိန်၌ LJJ ကုမ္ပဏီတွင်မူ...


လင်းလင်းက သူ့ရှေ့မှ ဝန်ထမ်းကို အသက်မဲ့နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

" မင်း ဘာပြောလိုက်တာလဲ ပြန်ပြောစမ်း..."


ထို ဝန်ထမ်းက အလျင်အမြန်ပြောလာသည်။

" လူကြီးမင်းစွေ့က ဆရာလည်းမလုပ် ကျောင်းသားလည်း မလုပ်ပါဘူး... သူက Cတက္ကသိုလ်ရဲ့ ကန်တင်းနေရာလေလံဆွဲတာမှာ ပါဖို့ပဲ ရွေးချယ်လိုက်ပါတယ်.."


လင်းလင်း ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။

" သူက အခြေအနေကို နားမလည်တာလား... ငါတို့က တက္ကသိုလ်ဘဝ အမျိုးအစားကို အသားပေးချင်တာလေ စားစရာကိုမှ မဟုတ်တာ... ဒါက အစားအသောက်ရှိုးလည်း မဟုတ်ပဲနဲ့ စမှတ်က ဘယ်လိုဖြစ်လို့ ကန်တင်းဖြစ်နေရတာလဲ..."


တက္ကသိုလ်ဘဝအကြောင်း ရိုက်ကူးသော ပရိုဂရမ်များတွင် ကြည့်ရှု့နှုန်းမြင့်စေသော အဓိက အကြောင်းများမှာ ဆရာနှင့် တပည့်အကြားမှ မဖြစ်သင့်သော အချစ်ဇာတ်လမ်းမျိုးနှင့် ကျောင်းသားအချင်းချင်းကြားမှ သန့်စင်သော ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။ 

ကန်တင်းလိုနေရာမျိုးက ဒီလိုဟာတွေနဲ့ ဘာမှကိုမဆိုင်တဲ့ လုံးဝ အရေးမကြီးတဲ့ နေရာလေ...


ပြီးတော့ အစားအသောက်ပရိုဂရမ်ဆိုရင်တောင် သီးသန့်မီးဖိုချောင်တို့၊ ခေတ်မီလွန်းတဲ့ စားသောက်ပွဲကြီးတို့ ဒါမှမဟုတ် တောနက်ထဲမှာ ချက်ပြုတ်စားသောက်တာတို့နဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်ရမှာလေ ဘာလို့ကန်တင်းမှာလဲ...


တကယ်လို့ စွေ့ချီချောင်းက ဒီလိုလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် သူတစ်ယောက်ယောက်နဲ့ ချစ်ချင်တယ်ဆိုရင် ဘယ်လိုလုပ် ဆွဲဆောင်မှု ရှိတော့မှာလဲ... ဒီလို ပရိုဂရမ်ကို တက္ကသိုလ်ဘဝချန်နယ်မှာတင်လိုက်ရင် ပရိသတ်တွေဆီက စောဒကတက်တာတွေ ဖြေရှင်းရတော့မှာပဲ...


ရှင့်မှာ ဒီလောက်တောင် ချောမောတဲ့ရုပ်ရည်လေးရှိနေတာကို ဘာလို့ ဒီလိုမျိုး စိတ်တိုင်းကျ လုပ်ပစ်ရတာလဲ...


ဝန်ထမ်းက ခေါင်းငုံ့ထားလျက်နှင့် သူမကို ပြန်ဖြေလိုက်သည်။

" ‌ဒါပေမဲ့ ဒါက စည်းမျဉ်းချိုးဖောက်တာ မဟုတ်ဘူးလို့ ရှေ့နေကလည်း အတည်ပြုထားတယ် သူက တက္ကသိုလ်ထဲကို ဝင်သွားပြီဆိုတော့ ကျွန်တော်တို့  သူလုပ်တာတွေကို ဝင်စွက်ဖက်လို့ မရတော့ဘူး..."


လင်းလင်းက အသက်ရှုကြပ်လုနီးပါးဖြစ်လာသည်။ 

" ဒါက စာချုပ်ကို တစ်ဖက်လှည့်နဲ့ လိမ်နေတာဆိုရင်ရော... သူက အဆင့်အတန်းမြင့်တဲ့ မျိုးဆက်ရဲ့ ဧကရာဇ်သွေး နိုးထလာတဲ့သူ မဟုတ်လား..."


ဝန်ထမ်းက သူ့ကို တွန့်ဆုတ်စွာဖြင့် ဖြေလိုက်သည်။

" စာရွက်စာတမ်းတွေ အရဆိုရင်တော့ လူကြီးမင်းစွေ့က ယန်တိရှန်းနုန်(ယန်ဧကရာဇ်) ရဲ့သွေးကို နိုးထလာတာပါတဲ့... သူ့ကို လယ်သမားနတ်ဘုရားလို့လည်း ခေါ်ကြပါတယ်... ကြည့်ရတာတော့ လူကြီးမင်းစွေ့က သူ့ဆီကနေ လယ်သမားသွေးတစ်မျိုးပဲ ဆက်ခံထားပုံပဲ..."


လင်းလင်းက အသံတိတ်သွားပြီးနောက် သူမထိုင်ခုံတွင် ပြန်လဲကျသွားသည် : “………”


ဝန်ထမ်းက ဆက်ပြောသည်။

" သူ့ရှေ့နေပြောတာကတော့ လက်တွေ့ဘဝမှာ မြေနေရာတွေက တော်တော်ရှားပါးလာပေမယ့် မှတ်ဉာဏ်တု လေယာဉ်ပေါ်မှာတော့ သူလယ်စိုက်တာကို စိတ်တိုင်းကျလုပ်ဖို့ အကောင်းဆုံးနေရာပဲတဲ့... ဒါရိုက်တာ မှတ်ဉာဏ်တုလေယာဉ်တွေ ဖန်တီးရတာ တော်တော်လေး စရိတ်ကြီးတယ်နော် ပြီးတော့

ကျွန်တော်သူက သူနဲ့ နှစ်ရှည်စာချုပ်ချုပ်ထားတာ... သူ့ကို တားလိုက်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကပဲ ထိခိုက်သွားလိမ့်မယ်..."


လင်းလင်း ပြန်ပြောစရာစကား မရှိတော့ပေ။ : “……………”



🌱🌱🌱