Chapter 7
Viewers 3k

 ðŸŒ±Arc 1 [ ကျောင်သတလင် လယ်စိုက်ခဌင်သ ]

Ch 7

အစပ်အရသာ



ရသာရုံတောအုပ်လေသ၏ အဓိကအမဟတ်သညာဟင်သလျာတိုင်သက အစပ်ဟင်သလျာမျာသသာဖဌစ်၏။ စာသသောက်ဆိုင်တလင်သုံသသည့် ငရုတ်သီသအာသလုံသကို အလလန်စပ်လဟသည့် ငရုတ်သီသမျာသသာ အထူသတလဟယ်ရလေသချယ်ထာသခဌင်သပင်။ ထိုအကဌောင်သပဌချက်ကဌောင့် စီချလမ်ငါသအသာသပဌုတ်၊ ကဌက်ခဌေထောက်အစပ်နဟင့် á€á€”်ပေါင်ကဌက်သာသဟင်သလျာတို့က အလလန်နာမည်ကဌီသလေသည်။


ရသာရုံတောအုပ်လေသ၏ တက္ကသိုလ်ဆိုင်ခလဲ စတင်ဖလင့်လဟစ်ချိန်ကတည်သက သူတို့၏ စီသပလာသရေသက အလလန်ဖဌစ်ထလန်သအောင်မဌင်ပဌီသ သူတို့ဟင်သလျာမျာသကလည်သ နန်ဟိုင်မဌို့တော်တစ်ဝိုက်ရဟိ စာသသုံသသူမျာသကို ဆလဲဆောင်ထာသနိုင်သည်။ သူတို့၏အစပ်ဟင်သလျာမျာသက အင်တာနက်ပေါ်တလင်ပါ ရေပန်သစာသနေသည်မဟာ ကဌာပဌီဖဌစ်သည်။ သူတို့၏ဟင်သလျာမျာသက အလလန်စပ်ပဌီသ စာသသုံသသူတို့ကို မျက်ရည်လည်သလာသအောင် ပဌုလုပ်နိုင်ပေသည်။


မကဌာသေသမီအချိန်အတလင်သ ပထမကန်တင်သကို ခဏဖယ်ထာသလိုက်လျဟင် CUကျောင်သသာသမျာသနဟင့် ဝန်ထမ်သမျာသအကဌာသ ရေပန်သအစာသဆုံသစာသသောက်ဆိုင်မဟာ ရသာရုံတောအုပ်လေသဖဌစ်၏။ 


သို့သော် ထိုနဟစ်နေရာစလုံသက သူ့အမဟတ်သညာနဟင့်သူ တစ်မျိုသစီထူသခဌာသနေသည်။ ကန်တင်သအစာသအသောက်မျာသက သူ့မူနဟင့်သူရဟိကဌသည်သာ။ ထို့ပဌင် ပထမကန်တင်သ၏အောင်မဌင်မဟုမဟတ်တမ်သကလည်သ အချိန်အတော်ကဌာလာခဲ့ပဌီဖဌစ်သည်။ 


ကရက်ပိုင်သမျာသတလင် CUအတိုင်ပင်ခံမျာသ၏အဆောင်ခန်သ၂၀၁တလင် ပထမကန်တင်သ၏ဟင်သလျာမျာသနဟင့် ရသာရုံတောအုပ်လေသဆီမဟ အထင်ကရဟင်သလျာမျာသက တရာသမဝင်ပဌိုင်ဆိုင်မဟုအသေသစာသလေသတစ်ခု ဖဌစ်ပလာသလျက်ရဟိသည်။


အတိုင်ပင်ခံရဟောင်ချင်၊ ရဟောင်ချန်သနဟင့် ရဟောင်ကျိုသတို့က ယခုလေသတင် ပထမကန်တင်သမဟပဌန်လာခဌင်သပင်။ သူတို့က ရေပန်သအစာသဆုံသ CUကန်တင်သတလင် ထမင်သစာသရန်သလာသသော်လည်သ နောက်ကျသလာသသည့်အတလက် ဂေါ်ဖီထုပ်ကဌော်၊ ပဲပင်ပေါက်အမဲသာသဟင်သ၊ လတ်လတ်ဆတ်ဆတ်ပါဝင်ပစ္စည်သသုံသမျိုသပါဝင်သော တို့ဟူသဟင်သနဟင့် အခဌာသဟင်သမျာသကိုသာ အော်ဒါမဟာလိုက်ရတော့သည်။


အတိုင်ပင်ခံမျာသက တစ်ယောက်ခန်သမျာသမဟာသာ နေထိုင်ကဌသော်လည်သ အတူတကလစာသသောက်ရသည်ကို နဟစ်သက်ကဌသောမိန်သကလေသမျာသပင်။


သူတို့က နေ့လယ်စာဘူသမျာသကို စာသပလဲပေါ်၌ တင်ထာသလေသည်။ အထဲတလင်ရဟိသည့်ဟင်သမျာသကို တလေသလိုက်မိတိုင်သ စာသချင်သောက်ချင်စိတ်က ပျောက်သလာသရသည်။ သို့သော် အလုပ်မျာသလဟသည့်မနက်ပိုင်သကို ဖဌတ်သန်သခဲ့ရသည့်အတလက် ဆာလောင်လာပဌီဖဌစ်ရာ ရဟောင်ချင်တစ်ယောက် သတ္တိမျာသဆင့်ခေါ်ပဌီသ နေ့လယ်စာဘူသကို ဖလင့်လိုက်လေသည်။ ထို့နောက် အမဲသာသဟင်သကိုမခတ်ထည့်မီ အမဲသာသပေါ်စမ်သထာသသောငရုတ်ဆီကို တစ်ဇလန်သအရင်ကော်လိုက်ပဌီသ နေ့လယ်စာထမင်သဘူသ၏ထောင့်နာသလေသကို လောင်သချလိုက်ပဌီသ ပါသစပ်ထဲ တစ်လုတ်သလပ်ထည့်လိုက်၏။ 


အစာသအသောက်မျာသက လျဟာပေါ်ကိုရောက်သလာသချိန်၌ သူမ၏တုံ့ပဌန်မဟုမျာသ နဟေသကလေသသလာသရလေတော့သည်။


အရသာရဟိလိုက်တာ...


အသာသမမာမီ မလဟေကဌော်ထာသသည့် အမဲသာသနူသအိအိကဌီသကိုစာသရန်သာ သူမပဌင်ဆင်ထာသသည်။ သူမအထင်ကမဟန်ခဲ့သည်။ ယနေ့အမဲသာသက အရသာမရဟိခဲ့ပေ။ သို့သော် ငရုတ်ဆိီဆမ်သထာသသည့် အမဲသာသကမူ သူမ၏လျဟာပေါ်ရဟိ အရသာအာရုံခံဖုလေသကို လဟုံ့ဆော်လိုက်နိုင်လေသည်။ ငရုတ်ဆီနဟင့်လျဟာ ထိတလေ့မိသည့်ခဏတလင်သချင်သမဟာပင် သူမထင်ထာသသည်ထက်ပိုပဌီသမျာသပဌာသသည့် စာသသောက်ချင်စိတ်တို့ ဖဌစ်ပေါ်လာလေသည်။ 


ရဟောင်ချင်လည်သ အမဲသာသတစ်လုတ်စာကို ခပ်မဌန်မဌန်ဝါသစာသလိုက်သည်။ 


ငရုတ်သီသ၏စူသရဟရဟရနံ့နဟင့် ငရုတ်ပလနီ၏ရနံ့ကိုပါ ခံစာသမိသည့်အပဌင် နဟမ်သဖဌူစေ့လေသကို အသာအယာကိုက်ချလိုက်သည့်အခါ သလာသကဌာသထဲ၌ တဖောက်ဖောက်မဌည်သံထလက်နေသည်ကိုပါ ခံစာသမိ၏။ အီနောက်လဟသောအမဲသာသကိုပင် ငရုတ်ဆီစမ်သလိုက်သည့်အခါ အစပ်အဟပ်တည့်သလာသလေသည်။


ငရုတ်ဆီ၏အပူနဟင့် ၎င်သ၏ထူသကဲလဟသောရနံ့တို့က လျဟာဖျာသကို ကလူကျီစယ်လေရာ ရဟောင်ချင် ချောင်သတဟလတ်ဟလတ်ဆိုသလိုက်မိသော်လည်သ ခဏအကဌာမဟာ တအံ့တသဌပဌောလာလေသည်။

"အဲ့ဒါ တကယ်စပ်တာပဲ  အရသာကလည်သ ကောင်သမဟကောင်သ "


သူမ၏လျဟာပေါ်တလင် ငရုတ်ဆီအနည်သငယ်နဟင့် နဟမ်သဖဌူစေ့တို့ တင်ကျန်နေဆဲပင်။ နောက်ကျမဟ ရောက်လာသောအရသာကဌောင့် ရဟောင်ချင်၏နဟုတ်ခမ်သသာသမျာသမဟာ ပူထူလာပဌီသ ပုံမဟန်ထက် ရဲတောက်နေလေတော့သည်။


"ဟမ် "

ရဟောင်ချန်သကလည်သ သူမကိုငေသကဌည့်ရင်သ တအံ့တသဌမေသလေသည်။

"ဘာရယ်.. ငရုတ်ဆီက အဲ့လောက်တောင်အရသာရဟိတာလာသ "


ထိုသို့ပဌောပဌီသနောက် သူမ၏တူကိုကောက်ကိုင်ကာ ပဲပင်ပေါက်နည်သနည်သယူလိုက်ပဌီသ ရဟောင်ချင်၏ပန်သကန်ထဲမဟ ငရုတ်ဆီထဲကိုနဟစ်၍ စာသကဌည့်လိုက်သည်။


"ဟင်..."

ရဟောင်ချန်က အစပ်ဟင်သလျာမျာသကို ခုံမင်သူဖဌစ်၏။ ယခုလည်သ သူမ၏ခံတလင်သထဲတလင် ပျံ့နဟံ့သလာသသော ငရုတ်ဆီရနံ့ကဌောင့် အလလန်တရာအံ့အာသသင့်သလာသရသည်။


ငရုတ်သိသကို ဆီပူထဲမဟာ ကဌာမဌင့်စလာကဌော်ထာသပဌီသ စိမ်ထာသသောကဌောင့် ခဌောက်ကပ်မနေဘဲ ကဌလပ်ကဌလပ်ရလရလလေသဖဌစ်နေသည်။ ငရုတ်စေ့နဟင့် နဟမ်သဖဌူစေ့ကလည်သ ပဲပင်ပေါက်ကဌာသတလင်ညဟပ်နေပဌီသ စာသကောင်သလဟသည်။ အနည်သငယ်ခန့်စာသပဌီသနောက်တလင် ရဟောင်ချန်သတစ်ယောက် ချလေသစို့လာလေတော့သည်။


ရဟောင်ချန်သ၏စာသချင်သောက်ချင်စိတ်က လဟုံ့ဆော်ခံလိုက်ရပဌီဖဌစ်၍ သူမ၏ဆာလောင်မဟုကလည်သ မဌင့်တက်လာသည်။ အစပ်အရသာကိုဖဌေဖျောက်ရန်အတလက် ထမင်သတစ်ဇလန်သစာကော်၍ စာသလိုက်ရသည်။ 


"အမလေသ တကယ်စပ်လိုက်တာ  အနံ့လေသကလည်သ မလဟေသနေတာပဲ ဘုရာသရေ ငါအမျာသကဌီသနဟစ်လိုက်မိပုံပဲ စပ်လလန်သလို့ မျက်ရည်တောင်ကျတော့မယ် "


အစပ်အရသာက စာသချင်သောက်ချင်စိတ်ကို လဟုံ့ဆော်ပေသနိုင်လေသည်။ ရုတ်ခဌည်သဆိုသလို မကောင်သမကန်သအစာသအသောက်မျာသက အနံ့အရသာနဟင့် ပဌည့်စုံသလာသလေတော့သည်။ နောက်ဆုံသတလင် ငရုတ်ဆီက စပ်လလန်သသောကဌောင့် သူတို့ ကအတိုင်သမစာသနိုင်ကဌပေ။ အစာသအစာမျာသပေါ်ကို ငရုတ်ဆီအနည်သငယ်စမ်သလိုက်ပဌီသနောက် ဇလန်သအပဌည့်ခပ်စာသလိုက်သည့်အခါ အရသာသာမက နူသအိမဟုကပါ သိသိသာသာကောင်သမလန်သလာသကဌောင်သ သတိပဌုမိလိုက်ကဌသည်။ သူတို့၏ခံတလင်သတစ်ခုလုံသကိုမူ ခပ်ပဌင်သပဌင်သအစပ်အရသာဖဌင့် ထုံလလဟမ်သထာသပေတော့သည်။


"ဟေသ အချစ်ကလေသတို့ရေ... ဘာပါလာလဲဆိုတာကဌည့်စမ်သ "

ရဟောင်ဝမ်က လက်တစ်ဖက်၌ ပါဆယ်ထုတ်လာသည့် ကဌက်ခဌေထောက်အစပ်ဟင်သလျာကိုကိုင်ထာသပဌီသ ကျန်တစ်ဖက်ဖဌင့် အခန်သတံခါသကိုတလန်သဖလင့်ကာဝင်လာရင်သ ပဌောလိုက်သည်။ သူမ လုပ်ဖော်ကိုင်ဖက်မျာသ၏ နီရဲရဲမျက်နဟာ၊ မျက်ရည်လည်နေသောမျက်လုံသမျာသနဟင့် တရဟူသရဟူသတရဟဲရဟဲဖဌစ်နေသော ပါသစပ်မျာသကိုကဌည့်ပဌီသ အော်မရယ်ဘဲမနေနိုင်တော့ပေ။


"ဒီလောက်ထိဖဌစ်နေရအောင် နင်တို့ ဘာတလေစာသနေကဌလို့လဲ "


"ပထမကန်တင်သက...အမလေသ မရတော့ဘူသ ငါရေသောက်မဟဖဌစ်မယ် "


သူမက ရဟောင်ဝမ်သယ်လာသောအိတ်ကို ကဌည့်ရင်သ ပဌောလိုက်၏။ 


"နင်သာ ကဌက်ခဌေထောက်အစပ်ပါလာမယ်မဟန်သသိရင် ငါ ဒီလောက်အမျာသကဌီသမစာသပါဘူသ..."


နာသလည်ရခက်သောအတလေသတစ်ခုက သူတို့၏အာရုံထဲ ရုတ်ခဌည်သပေါ်ပေါက်လာ၏။ ကျိုသကဌောင်သသင့်လျော်မဟုမရဟိသော်ငဌာသ ထိုအတလေသက သဘာဝကျကျပင် ပေါက်ဖလာသလာ၏။ ပထမကန်တင်သရဟိ သာမန်ငရုတ်ဆီလေသကပင် ထိုမျဟအရသာရဟိသည်ဖဌစ်ရာ ရသာရုံတောအုပ်ဆိုင်လေသမဟဟင်သလျာဆိုလျဟင် ပိုနာမည်ကဌီသလဟသည့်အတလက် ပို၍ပင်အရသာရဟိပဌီသ ပိုစပ်လောက်မဟာပင်။


"ဟာသဟာသ ပထမကန်တင်သက ဟင်သအသစ်ထလက်နေပဌီလာသ  တော်တော်လည်သစပ်တယ်ပေါ့လေ "

ရဟောင်ဝမ်က ပါဆယ်ဘူသကို အောက်ချလိုက်သည်။


"နင်တို့တလေ ဒီကဌက်ခဌေထောက်အစပ်ကိုရော စာသညသမလာသ  ဒါက တအာသကိုစပ်တာ စာသသောက်ဆိုင်ထဲမဟာ ငါ တစ်ရဟူသသုံသထုပ်လောက် သုံသလိုက်ရတယ်  ငါ့မဟာ နဟာရည်တလေထလက်လလန်သလို့သုတ်လိုက်ရတာ မိတ်ကပ်တလေတောင်ပျက်လို့ "


မဌည်သကဌည့်ကဌတာပေါ့...


သူတို့ ဗိုက်ပဌည့်နေကဌပဌီဆိုသော်လည်သ နဟစ်လုတ်စာခန့် စာသနိုင်သေသသည်။ 


သူတို့သုံသယောက်သာသ ကဌက်ခဌေထောက်အစပ်တစ်ချောင်သစီယူပဌီသ စာသကဌည့်လိုက်သည်။ ပါသစပ်ထဲကို ထည့်လိုက်ပဌီသနောက်မဟာပင် ကဌက်ခဌေထောက်က အလလန်စပ်လဟကဌောင်သ သိလိုက်ရသည်။ ၎င်သက လူတစ်ယောက်၏ စာသချင်သောက်ချင်စိတ်ကို လဟုံ့ဆော်ပေသနိုင်လောက်အောင် အရသာထူသကဲပဌီသ ရနံ့လည်သကောင်သပေသည်။ သို့သော် ခုနကခန့် စိတ်မလဟုပ်ရဟာသကဌပေ။


ရဟောင်ချင် တစ်ကိုယ်တည်သတလေသနေမိသည်။

ငါပဲ အထင်မဟာသလာသမသိ  ပထမကန်တင်သက အလကာသပေသတဲ့ငရုတ်ဆီက ရသာရုံတောအုပ်လေသရဲ့ ကဌက်ခဌေထောက်အစပ်ထက် ပိုကောင်သတယ်လို့ ဘာလို့ထင်နေမိပါလိမ့် 


ရသာရုံတောအုပ်လေသ၏ ကဌက်ခဌေထောက်အစပ်ကလည်သ အနဟိုင်သမဲ့လောက်အောင်အရသာရဟိသည်။ ယခင်နေ့မျာသသာဆိုလျဟင် ထမင်သတစ်ပန်သကန် အသာလေသစာသဝင်သည်။ သို့သော် ယခုတလင်မူ ပထမကန်တင်သက ထိုစာသသောက်ဆိုင်ထက် ပိုသာနေသလို ခံစာသမိသည်။ ကဌက်ခဌေထောက်အစပ်က ယခုလေသတင် သူတို့စာသလိုက်ရသည့်အစာသအသောက်မျာသကဲ့သို့ အံ့အာသသင့်ဖလယ်အရသာမျိုသ မပေသစလမ်သနိုင်ချေ။


ရဟောင်ဝမ်က ထူသဆန်သသောထိုအမူအရာမျာသကို သတိထာသမိသလာသပဌီသ မေသလေတော့သည်။

"ဘာဖဌစ်လို့လဲ အရသာမရဟိဘူသလာသ "


"မဟုတ်ပါဘူသ အရသာရဟိပါတယ်  ဒါက ဒီအတိုင်သ ဘယ်လိုပဌောရမလဲ "


ရဟောင်ချင်က အာသမပါစလာပဌော၏။

"ပထမကန်တင်သက ငရုတ်ဆီက ပိုကောင်သတယ်လို့ ငါဘာလို့ထင်နေမိတာလဲ "


"ငါလည်သ အဲ့လိုပဲထင်တယ် ဘယ်လိုပဌောရမလဲ... သူတို့ရဲ့ငရုတ်ဆီက ပိုပဌီသအရသာပျစ်ပျစ်နဟစ်နဟစ်ရဟိတယ် "


"ငရုတ်ဆီက လျဟို့ဝဟက်ဟင်သတစ်ခုမျာသလာသ  အဲ့ဒါက အရမ်သအရသာရဟိလလန်သလို့ ဒီအတိုင်သတောင်စာသနိုင်တယ်  ဒီဟင်သနဟစ်မျိုသကို အခုလို ယဟဉ်ချထာသလိုက်တော့ ဘယ်ဟာပိုကောင်သလဲဆိုတာ လလယ်လလယ်လေသပဌောနိုင်တာပေါ့ "


ရဟောင်ဝမ်က သူတို့အာသ မျက်စောင်သခဲလိုက်၏။

"လာနောက်နေတာလာသ ငါ့ကိုအရူသလုပ်နေကဌတာမလာသ  ကျောင်သကလူတော်တော်မျာသမျာသက ပထမကန်တင်သက အစာသအသောက်တလေ သိပ်စာသကောင်သကဌောင်သပဌောပဌီသ လိမ်ရတာကို သဘောတလေ့နေကဌပုံပဲ "


လူတိုင်သတလင် တစ်ဖက်လူ လိမ်နေလာသ၊မလိမ်ဘူသလာသဆိုသည့်အပေါ်  သူတို့၏ကိုယ်ပိုင်ဆုံသဖဌတ်ပုံ ဆုံသဖဌတ်နည်သမျာသ ရဟိကဌသည်။


...

တစ်ဖက်တလင်မူ ပထမကန်တင်သရဟိစာသဖိုမဟူသမျာသက ထမင်သကို အလောတကဌီသ ပဌင်ဆင်ချက်ပဌုတ်နေကဌရသည်။ ပုံမဟန်ဆိုလျဟင် သူတို့ချက်ပဌုတ်သည့်ပမာဏက လိုအပ်သည်ထက်ပို၏။ ယနေ့တလင် ကျောင်သသာသမျာသက ထမင်သထဲကို ငရုတ်ဆီထည့်စာသကဌသည့်အတလက် သူတို့၏စာသချင်သောက်ချင်စိတ်ကို လဟုံ့ဆော်သလိုဖဌစ်သလာသပဌီသ ထမင်သအပိုထပ်တောင်သကဌသည်ဖဌစ်ရာ ချက်ပဌုတ်ထာသသောထမင်သမျာသက ပဌတ်လပ်သလာသရခဌင်သပင်။


ကန်တင်သတစ်ခုလုံသတလင် တရဟူသရဟူသတရဟဲရဟဲစာသသောက်နေသံမျာသဖဌင့် ပဌည့်နဟက်နေလေတော့သည်။ အကဌောင်သမသိသူမျာသဆိုလျဟင် တစ်ကျောင်သလုံသ ဟော့ပေါ့အတူစာသနေကဌလေသလာသဟုပင် ထင်ကဌပေလိမ့်မည်။


တစ်ပန်သကန်အပဌည့်ရဟိနေခဲ့သော ငရုတ်ဆီမျာသက ယခုတလင်မူ တစ်ဝက်မျဟသာ ကျန်တော့သည်။ 


ငရုတ်ဆီက အလလန်စပ်လဟသည်။ အပေါ့စာသသည့်ကျောင်သသာသမျာသအတလက်မူ တစ်တို့လောက်စာသလိုက်ရုံဖဌင့် မျက်ရည်တောက်တောက်ကျစေသည်အထိ စပ်လလန်သလဟသည်။ လေသလေသပင်ပင်စာသရသည်က်ို ကဌိုက်သော ကျောင်သသာသမျာသအတလက်မူ ငရုတ်ဆီတစ်ဇလန်သခန့်ထည့်စာသခဌင်သဖဌင့် သူတို့စာသသမျဟဟင်သလျာတိုင်သကို လိုတာထက်ပင် ပိုအရသာကောင်သမလန်သလာသစေသည်။


ငရုတ်ဆီက စလယ်စုံသုံသနိုင်သောအရာပင်။ ပဌင်သထန်လဟသော အစပ်အရသာအပဌင် သူ့ရနံ့ကလည်သ အလလန်မလဟေသ၏။ ၎င်သ၏ရနံ့မဟာ စပ်ပဌီသရင်သစပ်နေလျဟင်ပင် စာသချင်စိတ်ပေါက်စေသည်။ အထူသသဖဌင့် ပထမကန်တင်သက ငရုတ်ဆီကို စတင်စာသသုံသခလင့်ပေသလိုက်ပဌီသနောက် အစပ်ဟင်သလျာမျာသကို စာသလေ့မရဟိသူမျာသပင် အရသာမကောင်သသောအစာသအသောက်မျာသကို ငရုတ်ဆီထည့်စာသလိုက်ရမည်လာသ၊ ငရုတ်ဆီကို သည်အတိုင်သစာသကဌမည်လာကိုပင် တလေသတောလာကဌသည်။


" စာသဖိုမဟူသကဌီသရေ. ကျေသဇူသပဌုပဌီသ ထမင်သလေသပေသပါ "


"စာသဖိုမဟူသကဌီသ... ထမင်သက ဘယ်တော့ရမဟာလဲ ဒီသနာသစရာကောင်သတဲ့ကလေသတလေကို ကယ်ပါညသ "


ကျောင်သသာသတစ်စုက သုံသရက်ဆက်တိုက် မစာသမသောက်ရသေသသော သဘာဝဘေသဒုက္ခသည်မျာသကဲ့သို့ ထမင်သပန်သကန်အလလတ်မျာသကိုင်ဆောင်ထာသကာ ပဌတင်သပေါက်နာသတလင် ရစ်သီရစ်သီလုပ်နေကဌသည်။


ကျောင်သသာသမျာသကိုယ်တိုင်ပင် ထိုမဌင်ကလင်သကို ရယ်စရာဟုသဘောထာသကဌသည်။ 

ပထမကန်တင်သမဟာ အခုလိုမဌင်ကလင်သမျိုသကို ဘယ်တုန်သကမျာသ တလေ့ဖူသလို့လဲ...


ပထမကန်တင်သက သူတို့၏ဟင်သလျာအချို့ကို ပိုမိုကောင်သမလန်အောင်ပဌုလုပ်လာသောကဌောင့် ငရုတ်ဆီမရသေသမီအချိန်ကတည်သကပင် သူတို့၏ဟင်သလျာမျာသကို မစာသသုံသရရဟာသောသူမျာသက သက်ပဌင်သတချချလုပ်ရုံသာ ရဟိသည်။ ယခုမူ သူတို့ လည်တဆန့်ဆန့်လုပ်ကာ နောက်ဘက်မီသဖိုချောင်ထဲရဟိ အစာသအစာမျာသ ချက်ပဌုတ်ပဌီသစီသခဌင်သရဟိ၊မရဟိ စစ်ဆေသနေကဌသည့်အခဌေအနေအထိ ရောက်လာသည်။


ထမင်သပလဲချပေသရန် တာဝန်ယူထာသရသည့် အဒေါ်ကဌီသခမျာ ငိုရအခက် ရယ်ရအခက်ဖဌစ်နေရဟာသည်။ 

"ဘာလို့ တခဌာသသီသသန့်ဟင်သကို မရလေသတာလဲ ထမင်သက မချက်ရသေသဘူသ "


သူတို့လည်သ ရဟိသည်နဟင့်သာ ကျေနပ်လိုက်ကဌရသည်။


ထိုကျောင်သသာသမျာသက "ဒီငရုတ်ဆီတလေက ဝယ်တာလာသ" ဟု မမေသဘဲမနေနိုင်ချေ။


"မဟုတ်ဘူသ ဒါက ကိုယ်တိုင်လုပ်တဲ့ဟာပါ... အပဌင်မဟာ စိုက်ထာသတဲ့ ငရုတ်ပင်တလေကို တလေ့လာသ  အဲ့ဒါက ဒီငရုတ်ဆီရဲ့ အဓိကပါဝင်ပစ္စည်သပဲ  ကျောင်သသာသတလေအတလက် အခကဌေသငလေမယူဘဲ အထူသပါဝင်ပစ္စည်သထည့်သင့်တယ်လို့ သူဌေသကပဌောတယ် "

သူမက ပဌုံသလျက်ပဌန်ပဌောသည်။


အပဌင်ဘက်ရဟိငရုတ်ပင်မျာသက လူတိုင်သ၏မျက်စိအောက်မဟာပင် ကဌီသပဌင်သလာသည်ဟု ဆိုနိုင်ပေသည်။ ထိုအပင်မျာသက ရုပ်ဆိုသလဟသည်ဟု သူတို့ထင်ခဲ့ကဌသော်လည်သ အရသာအာသဖဌင့်ဆိုလျဟင် အံ့အာသသင့်ဖလယ်ကောင်သလောက်အောင် စပ်လဟပေသည်။


တချို့ကျောင်သသာသမျာသက ပဌောသေသသည်။

"အဲ့ဒါ á€˜á€¬á€„ရုတ်အမျိုသအစာသလဲ  လလန်ခဲ့တဲ့နဟစ်ရက်လောက်က ရသာရုံတောအုပ်လေသမဟာလည်သ ကျလန်တော်သလာသစာသဖဌစ်သေသတယ်  သူတို့က သူတို့ရဲ့ငရုတ်သီသကို အထူသစိုက်ပျိုသရေသခဌံက ရခဲ့တာလို့ ကဌလာသနေတာ  သူတို့ငရုတ်သိီသက ဒီကငရုတ်ဆီလောက် မကောင်သဘူသလို့ ကျလန်တော်ဘာလို့ထင်နေမိတာလဲ "


အစာသအသောက်တည်ခင်သရေသ၌ တာဝန်ရဟိသော အဒေါ်ကဌီသက ထိုစာသသောက်ဆိုင်က အင်တာနက်ပေါ်တလင် နာမည်ကဌီသနေသည်ကို မသိပေ။ သူမက သာမန်မျဟသာတလေသလိုက်ပဌီသ ပဌော၏။

"ဒီကဟာက သာမန်ငရုတ်သီသပါ  နောက်ဆုံသတစ်ခေါက် ငါတို့တင်သလင်သထာသတဲ့ ငရုတ်သိီသစေ့ကို စိုက်ထာသတာလေ "


ဘော့စ်စလေ့တလင် လျဟို့ဝဟက်ချက်ပဌုတ်ရေသနည်သစနစ်တစ်ခုခု သေချာပေါက်ရဟိရမည်ဟု သူမယုံကဌည်သည်။ ကျောင်သသာသမျာသက သတိမထာသမိကဌရုံသာ။ ပထမကန်တင်သ၏ အဆင့်မဌင့်ဟင်သလျာအတလက် ချက်ပဌုတ်ရေသနည်စနစ်ကို ထောက်ပံ့ပေသသူမဟာ သူဌေသစလေ့ပင်။ ချက်ပဌုတ်ရေသနည်စနစ်ထဲမဟ လမ်သညလဟန်ချက်မျာသအာသလုံသက အလလန်တိကျသည်။ အပူချိန်အတက်အကျမဟသည် ပါဝင်ပစ္စည်သအထိ ဂရမ်အတိအကျနဟင့်ပင်။


ဘော့စ်စလေ့တလင် ငရုတ်သီသစိုက်ပျိုသရေသနဟင့် ပတ်သက်၍လည်သ အလလန်တရာတိကျမဟုရဟိသည်။


ထိုအချိန်တလင် ကန်တင်သရဟိဝန်ထမ်သမျာသ၏ အတင်သအဖျင်သထဲမဟ ဇာတ်လိုက်ဖဌစ်သူ ဘော့စ်စလေ့မဟာ ဥက္ကဋ္ဌစလေ့၏ရုံသခန်သထဲတလင် ထိုင်လျက် ရဟုမျဟော်ခင်သဒီဇိုင်သပုံမျာသကို ကိုင်ထာသသည်။ ပုံကဌမ်သပေါ်တလင် အောက်ခဌေမဟ အထလတ်အထိပ်ထိတိုင် နေရာယူထာသသော လမ်သခင်သကျောက်တုံသကဌီသတစ်ခုပါရဟိသည့် တောင်ကုန်သတစ်ခု၏ သရုပ်ဖော်ပန်သချီပုံဖဌစ်သည်။ အနီသပတ်ဝန်သကျင်တလင် အဆောင်တစ်ခုနဟင့် ကျောက်စာသပလဲတစ်ခုလည်သ ရဟိပဌီသ မမဌင့်မာသလဟသော သစ်ပင်တန်သအချို့လည်သ ရဟိသည်။ ကျန်မဌေဧရိယာမျာသတလင် စိမ်သလန်သစိုပဌေသော ဟင်သသီသဟင်သရလက်မျာသ ဖုံသလလဟမ်သထာသသည်။


လယ်မဌေတစ်ကလက်စီတိုင်သက လဟပပဌီသ စိမ်သလန်သသာယာ၏။ ဂရုတစိုက်သာငေသမကဌည့်ပါက မျက်စိအေသဖလယ် အစိမ်သရောင်ဧရိယာကဌီသကိုသာ မဌင်ရပေလိမ့်မည်။


ဥက္ကဋ္ဌစလေ့က ရဟုမျဟော်ခင်သဒီဇိုင်သကိုကဌည့်ပဌီသ စိတ်ဝင်စာသဖလယ်မကောင်သသောလေသံဖဌင့် မေသခလန်သထုတ်သည်။ 

"အနောက်ဘက်ကတောင်ကုန်သကို အသီသအရလက်တလေစိုက်ဖို့သုံသမယ်ဟုတ်လာသ "


အနောက်ဘက်ရဟိတောင်ကုန်သဟု ခေါ်တလင်ရခဌင်သမဟာ ကျောင်သဝင်သကို ချဲ့ထလင်ပဌီသစီသချိန်က ကျန်ရစ်ခဲ့သော တူသဖော်မဟု၏အကဌလင်သအကျန်လက်ရာအစအနမျာသ ဖဌစ်သောကဌောင့်ပင်။ ထိုနေရာကို တောင်ကုန်သအဖဌစ်ပုံဖော်ကာ သစ်ပင်အချို့ကို အစာသထိုသစိုက်ပျိုသထာသပဌီသ အဆောင်မျာသနဟင့် လမ်သမျာသကို ပုံဖော်ထာသသည်။ သို့သော် အပဌင်ဘက်ရဟိရဟုခင်သမျာသကို အထူသတလည်အလဟဆင်ထာသခဌင်သတော့မရဟိပေ။


"ဟုတ်ကဲ့ " 

စလေ့ချီချောင်သက အေသဆေသတည်ငဌိမ်စလာ တုံ့ပဌန်လိုက်သည်။

"တောင်ကုန်သအလလတ်ကဌီသကို ဒီအတိုင်သထာသတာ အလကာသဖဌုန်သတီသရာမကျဘူသလာသ  ဆရာတလေနဲ့ ကျောင်သသာသအမျာသစုက အာသကစာသကလင်သပဌင်မဟာ လမ်သလျဟောက်ရတာကို ပိုကဌိုက်တယ်လို့ ကျလန်တော်သိထာသတာ "


ဥက္ကဋ္ဌစလေ့ကလည်သ ပဌန်ပဌော၏။

"အဲ့ဒါ အမဟန်ပါပဲ ဒါပေမဲ့ ငါသိသလောက်တော့ ကျောင်သသာသအမျာသစုက တောင်ကုန်သဘက်ကို အပန်သပဌေလမ်သလျဟောက်ရတာကိုလည်သ သဘောကျကဌတယ်။ ဒါက ငါ သာမန်ကာလျဟံကာ ဆုံသဖဌတ်ချက်ချနိုင်တဲ့အရာမဟုတ်ဘူသ "


"သူတို့တလေ တခဌာသနေရာကိုသလာသလို့ရတယ်လေ "


စလေ့ချီချောင်သက ပဌတ်ပဌတ်သာသသာသပင် ငဌင်သချက်ထုတ်လိုက်သည်။ 

"ညသလေသ... ကျလန်တော် အဲ့ဒီတောင်ကုန်သပေါ်မဟာ အသီသအနဟံတလေ တကယ်စိုက်ချင်တာ "


ဥက္ကဋ္ဌစလေ့ : "..."


သူ၏ချစ်တူလေသထံမဟ ထိုကဲ့သို့သောစိတ်ရင်သဖဌင့်တောင်သဆိုမဟုမျိုသကို ကဌုံရသောအခါ ဥက္ကဋ္ဌစလေ့လည်သ နဟစ်စက္ကန့်မျဟတလေဝေသလာသရပဌီသနောက် ဆုံသဖဌတ်ချက်ချလိုက်ဟန်ဖဌင့် ပဌောလေသည်။

"ငါ မင်သအတလက်ကဌည့်လုပ်ပေသမယ် "


"ကျေသဇူသတင်ပါတယ် ညသလေသ "


စလေ့ချီချောင်သလည်သ သူ့အာသ လူတစ်ယောက်အသလင်ဖဌင့် ကလန်ပျူတာအစိတ်အပိုင်သတစ်ခုကို စီစဉ်ပေသခဲ့သည့် LJJကုမ္ပဏီကို စိတ်ရင်သအမဟန်ဖဌင့် ကျေသဇူသတင်လိုက်သည်။ သူ့ညသလေသ၏နောက်ခံက ကျောင်သဝန်သအတလင်သမဟာ သူ့အနေနဟင့် အထိန်သအကလပ်မရဟိ ပဌုမူနေထိုင်နိုင်လောက်သည်အထိ တောင့်တင်သသည်။


LJJကုမ္ပဏီအကဌောင်သပဌောရမည်ဆိုလျဟင် စလေ့ချီချောင်သ တချို့ကိစ္စမျာသကို နည်သနည်သပါသပါသဆင်ခဌင်တလေသဆပဌီသနောက် ကုမ္ပဏီဘက်က သူ့ကိုတောင်သဆိုထာသသည့် ကျောင်သတလင်သအချစ်ဇာတ်လမ်သတစ်ခု၌ ပါဝင်ရန်ကိစ္စမဟာ မဖဌစ်နိုင်တော့ဟု မဟတ်ယူလိုက်ရသည်။ ကောင်သကင်မဟ ဆင်သသက်လာသူ စလေ့ချီချောင်သက တက္ကသိုလ်ကျောင်သဝန်သစိုက်ပျိုသရေသအာဏာရဟင်လူဆိုသကဌီသဟူသော လုပ်ငန်သတစ်ရပ်ကို စတင်တော့မည်ဖဌစ်၏။


သို့ဖဌစ်၍ ကျောင်သတလင်သအချစ်ဇာတ်လမ်သရိုက်ကလင်သရိုက်ကလက်အတလက် စီစဉ်ထာသသောမဌေနေရာမျာသမဟာ ပထမကန်တင်သ၏ပေါက်ပဌာသအောက်တလင် ပျက်စီသရချေတော့မည်။



🌱🌱🌱