Chapter 31
Viewers 3k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 31

အောင်နိုင်သူအစစ် (အပိုင်းနှစ်)




ရင်းနှီးမြှုပ်နှံသူအားလုံးက အရက်ကိုလျှော့သောက်ကြပြီး အစားကို များစွာစားပစ်လိုက်ကြသည်။ ထို့နောက် လူတိုင်း ဗိုက်တင်းသွားကြလေသည်။ သူတို့က ကျန်းမာသောလူနေမှုဘဝကိုပိုင်ဆိုင်ချင်လျှင် အလွန်အကျူးမစားသင့်သည့်အချက်ကိုမူ မေ့လုနီးပါးပင်။


လင်ပန်းပေါ်တွင် ဗလာကျင်းသွားချေသည်။ ဒုတိယတစ်ခေါက်ချက်ထားသည့် ဘဲသားလင်ပန်းသာကျန်လေတော့သည်။ ဤဟင်းလျာက အလွန်အရသာရှိလှကြောင်း လူတိုင်း လက်ခံသဘောတူကြသည်။ အကြောင်းမှာ စွေ့ချီချောင်းချက်ထားသော ဘဲသားကို သူတို့အကုန်စားပစ်လိုက်မိကြပြီး ဒုတိယတစ်ခေါက်လာပို့သည့် ဘဲသားနှင့်ယှဉ်ကြည့်လိုက်လျှင် စွေ့ချီချောင်း၏ဘဲသားက ပိုသာလွန်လေ၏။


ထိုဟင်းလျာများ၏ဆွဲဆောင်မှုကြောင့် ရင်းနှီးမြှုပ်နှံသူများမှာ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ယူကာ Wechat Momentပေါ်တွင် မတင်ဘဲမနေနိုင်ကြချေ။


[ဒီဟင်းရဲ့တန်ဖိုးက မင်းတို့ထင်ထားတာထက်တောင် သာသေးတယ်… အိမ်ရှင်နဲ့ဧည့်သည်တွေက ပျော်နေကြသလို ဟင်းပန်းကန်တွေကလည်း ပြောင်နေတာပဲ…]


ဝမ်ကျင်းက အလွန့်အလွန်ကျေနပ်နေလေသည်။ ဤရင်းနှီးမြှုပ်နှံသူက Wechat Moment၌ ပို့စ်မတင်လိုက်လျှင်ပင် သူတို့၏အမူအရာကိုကြည့်ရုံမျှဖြင့် ယနေ့ညစာကို သူတို့မည်မျှစိတ်ကျေနပ်ကြောင်း အတည်ပြုနိုင်လေသည်။


ဤဟင်းလျာမှာ ဧည့်သည်များကို ကြိုဆိုလက်ခံပေးရန်တာဝန်ရှိသည့် ဝမ်ကျင်းကဲ့သို့ ဝန်ထမ်းတစ်ယောက်အတွက်မူ အကုန်အကျသက်သာလှသောဧည့်ခံပွဲတစ်ခုလည်း ဖြစ်၏။ 


ဤရင်းနှီးမြှုပ်နှံသူမှာ တရုတ်ပြည်တွင် နာမည်ကြီးလှသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်၏။ သူ့က Wechatပေါ်တွင် သူငယ်ချင်းအမြောက်အများရှိသည်ဖြစ်ရာ လူအများက သူ့ပို့စ်ကို လိုက်ခ်ပေးကြလေသည်။ သူတို့က ကောမန့်ထဲတွင်လည်း 'ဒါက ဘယ်နေရာမှာရှိသလဲ' ဟူသည့်အကြောင်း မေးမြန်းကြပြီး တချို့ကလည်း စိတ်ဝင်တစားခန့်မှန်းချက်ထုတ်နေကြသည်။ တချို့ကမူ ဟင်းလျာ၏ကုန်ကျငွေကို ခန့်မှန်းကြသည်။ ကောမန့်များတဖြည်းဖြည်းများပြားလာသည့်အခါ စျေးနှုန်းခန့်မှန်းမှုကလည်း မြင့်တက်လာသည်။ ထို့ပြင် တချို့ကလည်း ထိုစားသောက်ဆိုင်က မည်သည့်စားသောက်ဆိုင်ဖြစ်ကြောင်း ထင်ကြေးပေးကြသည်။ ကောမန့်အရေအတွက်များပြားလာသည်နှင့်အမျှ သူတို့ခန့်မှန်းနေသော စားသောက်ဆိုင်၏ အရည်အသွေးကလည်း မြင့်တက်လာသည်။ ကောမန့်ပေါင်းများစွာရှိသော်လည်း သူ နဂါးအသားသွားစားထားသည်ဟုဆိုထားသော ကောမန့်တွင်မူ ဝန်းရံသူမရှိရှာပေ။


တစ်စုံတစ်ယောက်က သူ့ပို့စ်ကို screenshotရိုက်ယူပြီး သူငယ်ချင်းများနှင့် ဆွေးနွေးထားဟန်တူသည်။ ထိုScreenshotပြန့်သွားသည်နှင့် မကြာမီမှာပင် လူမှုကွန်ယက်များဆီကိုသာ ပျံ့နှံ့သွားပေသည်။


[သူဌေးလက်သစ်တစ်ယောက်က သူစားခဲ့တဲ့ဟင်းပွဲရဲ့ပုံကို Wechat Momentမှာ ပို့စ်တင်ခဲ့တယ်… ဒီဟင်းရဲ့"အံ့မခန်းလောက်တဲ့စျေးနှုန်း"က ဘယ်လောက်ဖြစ်မယ်လို့ မင်းတို့ထင်လဲ… သူပြောတာတော့ ကျသင့်ငွေဆိုလား…"]


သူ့ပို့စ်အောက်ရှိကောမန့်များကို ဖြတ်တောက်ထားခြင်းမရှိချေ။ ကောမန့်ထဲ ဖော်ပြထားသောစျေးနှုန်းက အလွန်မြင့်မားလှသည်။ ရင်းနှီးမြှုပ်နှံသူကလည်း တုံ့ပြန်ပြောဆိုထားသေးသည်။

"မင်းတို့အဖြေတွေနဲ့ တကယ့်စျေးနှုန်းအစစ်က အဝေးကြီးပဲ…"


ထိုအဖြေက အင်တာနက်အသုံးပြုသူများကို အံ့အားသင့်သွားစေခဲ့သည်။


"ဆင်းရဲခြင်းက စိတ်ကူးစိတ်သန်းတွေကိုကန့်သတ်ပေးထားတာပဲ…"


[အမေရေ... မင်း ဘာများစားခဲ့တာလဲဟ… ယွမ်နှစ်သိန်းဆိုတာကတောင် တော်တော်လွန်လှပြီ…]


[သူတို့က တအားတွေပုံကြီးချဲ့နေတာပဲ… ဒါက သေချာပေါက်အစားအသောက်တစ်ခုပဲ မဟုတ်လောက်ဘူး...]


[ငါ့မှာ မေးစရာတစ်ခုရှိတယ်… စျေးအကြီးဆုံးဟင်းက ဘာဖြစ်မလဲ… စားသောက်ဆိုင်တွေမှာသုံးတဲ့ပန်းကန်ခွက်ယောက်တွေက တအားရုပ်ဆိုးတာပဲ… ဒီပန်းကန်ခွက်ယောက်တွေကကျတော့ ငါ့အဘွားအိမ်ကခွက်တွေနဲ့ ဒီဇိုင်းအတူတူပဲ…]


[အခုက ပန်းကန်ခွက်ယောက်တွေကို အာရုံစိုက်နေရမဲ့အချိန်လား… ဒါတွေက မင်းအဘွားအိမ်က ပန်းကန်တွေနဲ့တူနေရင်တောင် အဲ့ဒါက အဆင့်မြင့်အထူးထုတ်ကုန်ပဲနေမှာပေါ့…]


[ငါစိုးရိမ်နေတဲ့ ကိစ္စတစ်ခုရှိတယ်… လူချမ်းသာတွေဆိုတာ ရာထူးဂုဏ်ဒြပ်ကြီးတဲ့လူတွေပဲလေ… သူတို့လိုလူတွေတောင် ပန်းကန်ပြောင်နေအောင် စားလိုက်တယ်ဆိုကတည်းက အဲ့ဒီဟင်းက သူတို့ အဲ့လောက်တန်ဖိုးထားရလောက်တဲ့အထိ စျေးကြီးနေလို့ဆိုတာသေချာတယ်…]


[ဒါ ယုတ္တိရှိတယ်… ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ ငါပိုသိချင်နေတာ… တကယ်ပဲ ဘယ်လောက်ပေးရတာမို့လို့လဲ…]


တစ်တိုင်းပြည်လုံးရှိလူတိုင်း စတင်ခန့်မှန်းကြလေတော့သည်။ ထိုပို့စ်ကလည်း နာမည်ကြီးလာပြီး လူအများအပြား ထိုပို့စ်ကိုအာရုံစိုက်လာကြသည်။ ထို့နောက်တွင်မူ ရုတ်ခြည်းပင် အဖြေပေါ်လာချေသည်။


ရင်းနှီးမြှုပ်နှံသူမှာ မကြာသေးမီက နန်ဟိုင်မြို့သို့ အလည်အပတ်သွားရောက်ခဲ့သည်။ သတင်းထဲမှာပင် ထိုအကြောင်းပါလာသေးသည်။ Momentပေါ် သူပို့စ်တင်သည့်အချိန်နှင့် သတင်းထဲ တင်ပြထားသည့်အချိန်ကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ အချိန်ကအတူတူပင်ဖြစ်ကြောင်း သိလိုက်ရသည်။


ယခုတွင်မူ လူထုအမြင်က ပေါက်ကွဲထွက်လုနီးပါးပင်။


အကယ်၍ ကိုယ့်ပိုက်ဆံနှင့် ကိုယ်စားသောက်ရမည်ဆိုပါက မည်မျှပင်စျေးကြီးနေသည်ဖြစ်စေ ကိုယ့်ပိုက်ဆံက ကိုယ့်ပိုက်ဆံပင်ဖြစ်သည်။ လူတိုင်းက ဆွေးနွေးမှုတွင် ပါဝင်လာကြပြီး ဒေသခံအာဏာရှင်များ၏ဘဝကို သက်ပြင်းချနေမိရုံသာရှိမည်။


သို့သော် ဤသည်မှာ မြို့တော်ရင်းနှီးမြှုပ်နှံရေးဗျူရို၏ ကြိုဆိုဧည့်ခံရေး ညစာစားပွဲဖြစ်နေလျှင်မူ ဤဆောင်းပါး၏ ဂယက်အတိမ်အနက်က လုံးဝမတူညီနိုင်တော့ပေ။ 

သူတို့က လူထုရဲ့ရန်ပုံငွေတွေကို ဒီလောက်စျေးကြီးတဲ့ အစားအသောက်တွေကို တည်ခင်းဖို့အတွက်နဲ့ ဘာကြောင့်သုံးလိုက်ရတာလဲ… ဒေသခံအာဏာရှင်တွေကို အထင်ကြီးစေလောက်တဲ့ ဧည့်ခံပွဲက ဘယ်လောက်များကုန်ကျလိုက်လေမလဲ… သူတို့ ဘယ်လိုဟင်းကိုများ တည်ခင်းဧည့်ခံခဲ့ကြတာလဲ…


နိုင်ငံ့ပထမတန်းအဆင့် ကာကွယ်ပေးရမယ့် တိရစ္ဆာန်ကိုသတ်ပြီး ဧည့်ခံခဲတာတော့ မဟုတ်ဘူးမလား...


လူတိုင်းလူတိုင်းက သဲလွန်စကို စတင်ရှာဖွေကြတော့သည်။ သူတို့က ဝမ်ကျင်း၏နာမည်ကိုပါ မြေလှန်ရှာဖွေခဲ့ကြပြီး သူ့အား ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ကြသေးသည်။ သူတို့က မြို့တော်ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဗျူရို၏ အကျင့်ပျက်ခြစားမှုများကို စုံစမ်းပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များဆီကိုပါ ဖုန်းဆက်သတင်းပေးခဲ့ကြသေးသည်။ 


[ငါတို့ကို အရူးလုပ်ဖို့မကြိုးစားနဲ့… အမှန်တရား မပေါ်မချင်း ဒီကိစ္စကို နေ့တိုင်းအာရုံစိုက်နေဦးမှာ…လူတွေအများကြီး ဒီကိစ္စကိုစောင့်ကြည့်နေကြတယ်…]


ကံကောင်းထောက်မစွာဖြင့် စုံစမ်းစစ်ဆေးရေးရလဒ်များက မြန်မြန်ဆန်ဆန်ထွက်ပေါ်လာချေသည်။ 


ထိုအကြောင်းကို ဝမ်ကျင်းသိသွားသောအခါ လက်ဖက်ရည်များပင် ထွေးထုတ်လိုက်မိလေသည်။ သူ့က မျက်မြင်သက်သေနှင့် သက်သေခံအခိုင်အမာများကိုရှာဖွေရန် ထွက်သွားရလေသည်။


ဤဖြစ်ရပ်မှာ အလွန်ကြီးကြီးကျယ်ကျယ်ဖြစ်သွားရလေသည်။ ဤအကြောင်းအရာက အင်တာနက်ပေါ်မှာ အလွန်အာရုံစိုက်ခံနေရသည့်အတွက် သူ့အထက်လူကြီးများပင် လျစ်လျူမရှုထားဝံ့ကြချေ။ သူတို့က ပြင်းပြင်းထန်ထန်စုံစမ်းစစ်ဆေးပြီးနောက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အကြောင်းကို သူတို့၏တရားဝင်Weiboပေါ်တွင် ပို့စ်တင်လိုက်လေသည်။


[အင်တာနက်အသုံးပြုသူတွေ တင်ပြထားတဲ့ကိစ္စကို စုံစမ်းကြည့်လိုက်တဲ့အချိန်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ နန်ဟိုင်မြို့ထဲမှာရှိတဲ့ CXတက္ကသိုလ် ပထမကန်တင်းရဲ့ငါးထပ်မြောက်မှာ ညစာသွားစားခဲ့ကြကြောင်း သိခဲ့ရပါတယ်… အဲဒီမှာ စားသောက်ခန်းဆယ်ခန်းရှိပြီး ကြက်သွန်ဖြူနုတ်နုတ်စဉ်းထားတဲ့ဟင်းနုနယ်ကြော်(အိုးကြီးချက်ဟင်း)၊ ရေဟင်းနုနယ်ကြော်၊ တို့ဟူးချဉ်(အိုးကြီးချက်ဟင်း)၊ ဘဲသားဟင်းနှစ်ပန်းကန်(တောင်းဆိုမှုကြောင့် မွှေကြော်ထားခြင်း)၊ ကြက်ဥအစုံကြော်(အိုးကြီးချက်ဟင်း)အပါအဝင် ဟင်းလျာဆယ်မျိုး တည်ခင်းခဲ့ပါတယ်… ညစာက စုစုပေါင်း၂၇၁ယွမ်ကျသင့်ပြီးတော့ ကုန်ကျငွေကိုလည်း မြို့တော်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဗျူဟိုက ရှင်းခဲ့ပါတယ်…]


အနောက်တွင်မူ သက်သေအနေနှင့် အခန်း၏ဓာတ်ပုံများ၊ ရင်းနှီးမြှုပ်နှံသူများစားသောက်နေကြသည့် ဓာတ်ပုံများနှင့် CUကန်တင်း၏ ဟင်းလျာစျေးနှုန်းများကိုပါ တွဲလျက်တင်ထားလေသည်။


သူ့အလုပ်ကို ကြီးကြပ်ပေးသည့်အတွက် ကျေးဇူးတင်ထားသော ဝမ်ကျင်း၏ မှတ်စုတိုလေးတစ်ခုပင် ပါလာသေးသည်။ ထိုဧည့်ခံပွဲကို ရင်းနှီးမြှုပ်နှံသူများကိုယ်တိုင်အဆိုပြုပြီး သူတို့ကိုယ်တိုင်စီစဉ်ထားသော်ငြား ဤစားပွဲအတွက် လက်မဖွာထားချေ။


အမှန်တရားထွက်ပေါ်လာချိန်မးတွင်မူ အင်တာနက်အသုံးပြုသူအပေါင်း ကြက်သေသေသွားကြလေသည်။


ဤသည်မှာ ခိုင်မာလှသောသက်သေများပင်။ သူတို့ ဤပြဿနာကို ဖရိုဖရဲဖြစ်အောင်မလုပ်ရဲတော့ပေ။ လူတိုင်း ယုံရခက်နေကြလေသည်။


[ငါ ဆွံ့အနေပါပြီနော်… ၂၇၁ယွမ်နဲ့ ယွမ်၂သိန်းက သိပ်ကွာသလား… ဒါပေါ့... အပြတ်အသတ်ကိုကွာတာ…]


[ငါသာဆိုလည်း ယွမ်၂၀၀ကျော်လေးနဲ့ ဒီလောက်အရည်အသွေးမြင့်တဲ့ဟင်းကိုစားခဲ့ရရင် Momentပေါ်မှာ တင်မိမှာပဲ…]


[ငါအထင်လွဲခဲ့မိတယ် အထင်လွဲခဲ့တယ်... အရင်က ပြောခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ဘုရားရေ... အခု ငါတော်တော်ရှက်နေရပြီ… သူတို့ရဲ့လုပ်ငန်းတွေကိုမထိခိုက်စေဖို့ပဲ မျှော်လင့်ပါတယ်…]


[တောင်းပန်ပါတယ် တောင်းပန်ပါတယ်… ငါ ဒါကို အကြိမ်ပေါင်းများစွာပြောပါ့မယ်… ဒါပေမဲ့ အခုတော့ ငါဆွံ့အနေပြီ ငါ တကယ်.. အမှားလုပ်ခဲ့မိတာပဲ...]


[ငါ့နှလုံးသားလေးက မငြိမ်မသက်ဖြစ်နေတယ်… ပန်းကန်ခွက်ယောက်တွေက ငါ့အဘွားအိမ်ကဟာနဲ့ အတူတူပဲလို့ ငါပြောခဲ့တာ မှားတော့မမှားဘူး… ဒီဇိုင်းချင်း တူနေတာဖြစ်နိုင်တယ်…]


[လူခုနစ်ယောက်စာအတွက် ၂၇၁ယွမ်ပဲကျတယ်တဲ့လား… တစ်ယောက်ကို ယွမ်လေးဆယ်တောင် မပြည့်ဘူး… ငါ့လစာယွမ်ငါးထောင်နဲ့ အပြင်စာ၆၈ယွမ်ဖိုး ဝယ်စားနေရတာကိုကြည့်ပြီးတော့ အတွေးလွန်နေပါပြီနော်…]


[ငါ မာန်တက်မိပါရဲ့… ငါစားတဲ့ဟင်းကမှ ဒေသခံအာဏာရှင်စားတဲ့ဟင်းထက် ပိုစျေးကြီးနေသေး…]


[အော... မင်းတို့ ပို့စ်ကိုသေချာမဖတ်ဘူးလား… ဒီဟင်းတွေက ရင်းနှီးမြှုပ်နှံသူတွေကိုယ်တိုင်တောင်းဆိုထားတဲ့ဟင်းတဲ့… CUကန်တင်းရဲ့အစားအသောက်တွေ ဘယ်လောက်စားကောင်းလဲဆိုတာကတော့ ပြောနေစရာတောင်မလိုဘူး…]


[အရယ်ရဆုံးက ဒေသခံအာဏာရှင်တွေ CUကိုသွားလည်တုန်းက သူတို့ဧည့်ခံခဲ့တဲ့ဟင်းကိုးမျိုးက အိုးကြီးချက်တွေ… တစ်မျိုးကိုပဲ အထူးသီးသန့်ချက်ပေးထားတာ အဲ့ဒါကြောင့်လည်း စျေးချိုနေတာလေ…]


[CUကန်တင်းက သိပ်အဆိပ်ပြင်းတာပဲ… အဲဒီရင်းနှီးမြှုပ်နှံသူတွေကို အရူးအမူးဖြစ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲဟ… CUက CUကန်တင်းကို ကြော်ငြာပေးနေတာလို့တော့ ငါမပြောတော့ပါဘူး… အစကတော့ ငါ ဒါကို CUကျောင်းအပ်နှံရေးရုံးခန်းရဲ့ ပူးပေါင်းကြံစည်မှုလို့ထင်ခဲ့တာ… ဒါပေမဲ့ သူတို့ရဲ့ကျောင်းအပ်လက်ခံရေးရန်ပုံငွေလောက်နဲ့ဆိုရင် ဒေသခံအာဏာရှင်တွေကို ကန်တင်းအကြောင်းကြေညာပေးဖို့ ဆွဲဆောင်လို့ရမှာမှမဟုတ်တာ…]


[အာ... ငါ အခု ဒေသခံအာဏာရှင်ပြောထားတဲ့စကားကို အဓိပ္ပါယ်ဖော်ကြည့်သလောက်ဆိုရင် ဒီလိုအရသာရှိတဲ့အစားအသောက်တွေက မင်းတို့လုံးဝစိတ်ကူးမိမှာမဟုတ်တဲ့စျေးနှုန်းဖြစ်တဲ့ ယွမ်၂၀၀လောက်နဲ့ရလာတာ... ဟုတ်တယ်မလား…]


တန်ဖိုးကြီးအစားအသောက်များလည်း မရှိပေ။ ဆန့်ကျင်ဘက်ပင် သူတို့က ရိုးရိုးအစားအသောက်များကိုသာ စားခဲ့ကြသည်။ အရာအားလုံးက အကြီးအကျယ်အထင်လွဲမှုသက်သက်သာဖြစ်၏။


လူတိုင်း ထိတ်လန့်မှုမှ ရုန်းထွက်လာနိုင်သည့်အချိန်တွင် အာရုံစိုက်မှုက အစားအသောက်များဆီသို့ ရောက်သွားပြန်သည်။ အမှန်တွင်မူ လူတိုင်းက အစပိုင်းတည်းက သူတို့ဘာစားနေခဲ့သည်ကို အာရုံစိုက်ခဲ့ကြခြင်းဖြစ်၏။


ယခုမူ သူတို့ CUကန်တင်းမှ အစားအသောက်များကိုစားခဲ့ကြောင်း လူတိုင်းသိသွားလေပြီ။


ယခင်ကဆိုလျှင် လူတိုင်းက နန်ဟိုင်မြို့ကိုသွားပြီး သူတို့ဘာစားခဲ့သလဲဆိုသည့်အကြောင်းကိုဆွေးနွေးကြသည့်အခါက ထိုအကြောင်းကို သူတို့ များများစားစားမတွေးမိခဲ့ချေ။ ယခုတော့ သူတို့သဘောပေါက်သွားပြီဖြစ်သည်။


သောက်ကျိုးနည်း... ထပ်ပြီး CUပဲဖြစ်နေပြန်ပြီ… CUရဲ့ပထမကန်တင်းပဲတဲ့ဟေ့...


ကျောင်းသားများထံမှ မကောင်းဆိုးဝါးလေထုကြီးက အင်တာနက်အသုံးပြုသူများနှင့် ဒေသခံအာဏာရှင်များကိုပါ ပြုစားလိုက်လေပြီလား မသိနိုင်တော့ပေ။ သူတို့က မြို့တော်ကိုစစ်ဆေးရန် နန်ဟိုင်အထိ ရောက်ချသွားပြီး ပထမကန်တင်းမှတည်ခင်းသော အစားအသောက်များကိုစားချင်ကြောင်း ဦးစွာတောင်းဆိုလာခဲ့သည်။ ထို့ပြင် သူတို့စားခဲ့သည့် အစားအသောက်များကလည်း အိုးကြီးချက်ဟင်းလျာများ ဖြစ်နေသေးသည်။


ပထမကန်တင်း မကြာသေးမီက အရူးအမူးရေပန်းစားနေခဲ့စဉ် လူနည်းစုခန့်က အစားအသောက် မည်မျှပင်အရသာရှိနေသည်ဖြစ်စေ ကျောင်းသားများ ယခင်ကစားခဲ့ဖူးသောအရသာနှင့် ယခုစားလိုက်ရသောအရသာက အလွန်ကွာခြားလှသောကြောင့်သာ ယခုလိုခံစားရခြင်းဖြစ်ကြောင်း၊ ကျောင်းသားများက အရသာရှိလှသောအစားအသောက်များကို ယခင်ကစားဖူးခဲ့လိမ့်မည်မဟုတ်ကြောင်း ပြောခဲ့ကြသေးသည်။


ယခုမူ ရင်းနှီးမြှုပ်နှံသူများမျှဝေထားသော ပြောင်စင်နေအောင်စားထားသည့် ပန်းကန်များရှေ့၌ ဤစကားမျိုးကို မည်သူမှ မပြောနိုင်တော့ပေ။

 á€›á€„်းနသဎးမဟသုပ်နသလသူတွ္က အရသာရှိတဲ့ အစားအစာတွေကို မစားဖူးတာဖြစ်နိုင်ပါ့မလား.


[ထင်ထားတဲ့အတိုင်း ငါတို့ကျောင်းဖြစ်နေတာပဲ… အဲ့ဒီနေ့တုန်းက ဒေသခံအာဏာရှင်တစ်ယောက် ရောက်လာတာကိုမြင်လိုက်သလိုပဲ… ဒါပေမဲ့ သူ ကန်တင်းမှာလာစားမစားတော့ သတိမထားမိလိုက်ဘူး…]


[ငါ လန့်သွားတာပဲ… ဒီဟင်းတွေက အရမ်းဆင်တူနေပါတယ်လို့ ငါပြောခဲ့သေးတယ်… အဲဒီနေ့က ငါလည်း ကြက်သွန်ဖြူနုတ်နုတ်စဉ်းထားတဲ့ ဟင်းနုနယ်ကြော်ကို ပထမကန်တင်းမှာ စားခဲ့သေးတယ်… ငါ ဘယ်လိုလုပ်ရပါ့… အခု ငါ့ရဲ့အသားတင်ပိုင်ဆိုင်မှုက နှစ်ဆတိုးသွားသလိုခံစားရတယ်…]


[ဒီတော့ ငါလည်း ဒေသခံအာဏာရှင်ကြီးနဲ့ ဟင်းတစ်မျိုးတည်းကို… အတူစားခဲ့တာပေါ့ ပြောရမယ်ဆိုရင် ငါတို့ အတူ ညစာစားခဲ့ကြတာပဲ ဟီးဟီး…]


[ဘာ... ပျောက်သွားတဲ့ဘဲလေးကို ဒေသခံအာဏာရှင်က စားသွားတာလား…]


[ငါတော့ နောင်တတွေရနေပြီ… ရွှေရောင်အခွင့်အရေးကြီးကို လက်လွတ်သွားပြီကွာ… အဲဒီနေ့က ငါထမင်းစားဖို့ တတိယကန်တင်းကိုသွားလိုက်တာ…]


CUကျောင်းသားများ၏ အကြောင်းပြန်စာအမျိုးမျိုးကို အင်တာနက်အသုံးပြုသူများက ပြန်လည်မျှဝေထားကြပြီး အူတက်မတတ်ရယ်မောနေကြလေသည်။


ထို့အပြင် ဤကပ်ဘေး၏အလှည့်အပြောင်းကြီးက ဒေသခံသတင်းများတွင်ပါ ဖော်ပြခံခဲ့ရ၏။ CUကန်တင်းသည်လည်း လုထု၏အမြင်ကောင်းရသွားလေသည်။ ၂၇၁ယွမ်အမှုကလည်း တစ်ယောက်ကိုတစ်ယောက်လည်း ပျစ်ပျစ်နှစ်နှစ်ဝေဖန်ကြသည့် တစ်နှစ်ပတ်လုံးရေပန်းစားနေသော memeတစ်ခုဖြစ်လာခဲ့သည်။


[ပထမကန်တင်းက အစားအသောက်တွေက သိပ်လည်းမကောင်းပါဘူးလို့ ဘယ်သူပြောခဲ့တာလဲကွ…ဘယ်လောက်ပဲအရသာရှိရှိ အဆင့်အတန်းမြင့်အစားအစာ မဟုတ်ဘူးလို့ရော ဘယ်ကောင်ပြောတာလဲ…]


[ငါ လစာတိုးတာနဲ့ á‚၇၁ယွမ်ထက်မပိုတဲအ ဧည့်ခံပွဲအစားအသောက်လေးများ စားရင်ကောင်းမလားလို့တွေးနေတာ…]


နှစ်ကုန်ပိုင်း၌ ပါးဖြတ်ရိုက်ခံရသလိုဖြစ်စေခဲ့သည့် ဤအွန်လိုင်းကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၏ အရှိန်အဟုန်ကြောင့် CU၏ပထမကန်တင်းက အားလုံးကိုအလဲထိုးနိုင်ခဲ့သည့် အောင်နိုင်သူစစ်စစ် ဖြစ်လာခဲ့လေ၏။



🌱🌱🌱