Chapter 32
Viewers 3k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 32

အသုံးမ၀င်တဲ့ကြောင် (၁)



အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး ကမ်ပိန်းကြောင့် ပထမကန်တင်းမှာ နာမည်ကြီးလာခဲ့သော်လည်း ဥက္ကဌစွေ့မှာမူ ခက်ခဲသောအခြေအနေသို့ ကျရောက်လာခဲ့တော့သည်။


အဘယ်ကြောင့်ဆိုသော် နယ်ခံသူဌေးက ပထမကန်တင်းတွင် စားသောက်ခဲ့ပြီးနောက် ကျန်လူများကလည်း ကန်တင်းတွင် လာရောက်စားသောက်ချင်ကြ၍ပင်။


လူတိုင်းမှာ ပထမကန်တင်းအား အနောက်တံခါးမှ ၀င်ရန်ကြိုးစားကြတော့သည်။ ဆယ်ယွမ်မျှသာ ကုန်ကျသော ကန်တင်းအစားအစာမှာ လူတိုင်း၏ဗိုက်ကို ဖြည့်တင်းပေးရန် လုံလောက်သဖြင့် ဥက္ကဌစွေ့မှာ ကျွေးမွေးနိုင်သော်လည်း ဘဲသားကမူ အလုံအလောက်မရှိချေ။


ထို့ကြောင့် စွေ့ချီချောင်းမှာ သူ့ဘဲများကို ဂရုတစိုက်စောင့်ကြည့်နေခဲ့ပြီး နောက်ထပ်အပြင်လူများကို လက်ခံရန်ငြင်းဆိုခဲ့သည်။ နောက်ဆုံးတစ်ကြိမ်က ချွင်းချက်သာဖြစ်သည်။ ထို့အပြင် သူ့အနေနှင့် ဤရလဒ်ကိုမျှော်လင့်မထားခဲ့ချေ။ အကယ်၍သူသာ လူတိုင်းကိုချွင်းချက်အနေဖြင့် ထားပေးနေပါက သူ့ဘက်က စီးပွားရေးလုပ်ရန် တံခါးဖွင့်ထားသည်နှင့် အတူတူဖြစ်နေပေမည်။


ဤသည်မှာ CU၏ပထမကန်တင်းဖြစ်ကာ CU၏ လျှို့၀ှတ်စားဖိုဆောင်တစ်ခု မဟုတ်ချေ။


ထို့ကြောင့် ဥက္ကဌစွေ့မှာ မျက်နှာပူပူနှင့်ပင် ငြင်းဆိုရန်သာတတ်နိုင်လေသည်။ ကံကောင်းသည်က သူ၏နောက်ခံမှာလည်းတောင့်တင်း၍ စွေ့ချီချောင်းကလည်း သူ၏တူအရင်းပင်ဖြစ်သည်။


သို့တိုင်အောင် ဆရာ ဆရာမများနှင့် ကျောင်းသားများမှာ ကန်တင်းတွင်စားသောက်ရသည့် အကျိုးအမြတ်နှင့် ဆုံးရှုံးမှုများကို တွက်ချက်နေကြဆဲပင်။


တစ်စုံတစ်ယောက်ကဆိုသည်။

"ဒီနေ့ကွာ ငါအကြာကြီးတန်းစီနေခဲ့ပေမယ့် အမဲသားမရခဲ့ဘူး… ဒီတော့ တရားနည်းလမ်းကျကျ ဆွေးနွေးကြည့်ရအောင်… အဲဒီပထမကန်တင်းက အန်တီကြီးက ဟင်းတွေခွဲဝေတဲ့အခါ ညီညီမျှမျှမခွဲပေးပဲ နောက်ထပ် VIP ဧည့်သည်တွေကိုများ လက်ခံခဲ့လို့များလား…" 


နောက်တစ်ဦးက ထပ်၍ဆိုလာသည်။

"ငါအပေါ်ထပ်မှာ ဗိုက်ပူပူနဲ့ လူကြီးတစ်ယောက်ကို တွေ့ခဲ့တယ်… အဲဒီလူကနောက်ထပ် နယ်ခံသူဌေးတစ်ယောက်များလား တို့တွေသွားကြည့်ကြမလား…"


သေချာပေါက်ပင် ထိုလူကြီးမှာ ဆန်အိတ်ပို့သမားတစ်ဦးသာ ဖြစ်လေသည်။ 


ထိုကဲ့သို့ အခြေအမြစ်မရှိသော ကောလဟလများ တဖြည်းဖြည်း ပြန့်နှံ့လာသည်နှင့်အမျှ ပထမကန်တင်းမှ အန်တီကြီးမှာ ထိုကဲ့သို့ မညီမမျှ ခွဲဝေမှုမျိုး လုပ်ဆောင်ခဲ့ခြင်းမရှိသလို နောက်ထပ် VIP ဧည့်သည်များလည်း လက်မခံတော့ကြောင်း အတိအလင်း ထုတ်ပြန်လာတော့သည်။ ယခင်က VIP ဧည့်သည်များကို တည်ခင်းဧည့်ခံလေ့ရှိသော အခန်းကို ယခုမူ အခြောက်အခြမ်းများ လှမ်းသော အခန်းအဖြစ် ပြောင်းလဲလိုက်လေသည်။


......


ရှောင်ပိုင်မှာ လတ်တလော ဘဲကျောင်းထွက်တိုင်း သူ့အား ကြည့်နေသောမျက်၀န်းများ ပိုပိုများလာသလို ခံစားရကာ မိမိ၏အမွှေးများ ကျွတ်လာ၍ပင်လားဟု သံသယ၀င်လာမိသည်။ သို့သော် ထိုကျောင်းသားများ၏ စကား၀ိုင်းအနီးသို့ သွားရောက် နားထောင်မိသောအခါမှ ထိုဘဲများမှာ သူ့အရပ်လောက်မြင့်လာသဖြင့် သူစိတ်ဆိုးမဆိုး ဆွေးနွေးနေကြခြင်းဖြစ်လေသည်။


ဤလူများမှာ "ရှောင်ပိုင်က ဘဲကလေးတွေကို သူ့သားတွေလို သဘောထားတာ"ဟူသော စကားကို ယုံကြည့်ကြပုံပင်။


ရှောင်ပိုင်မှာ မကျေမနပ်နှင့် အမြီးကိုထောင်လျက် ကော့တော့ကော့တော့ဖြင့် ထွက်သွားတော့သည်။


ရှောင်ပိုင်ပြန်ရောက်လာလျှင် စွေ့ချီချောင်း၏ ဘေးတွင် ထိုင်လျက် သူစီမံခန့်ခွဲနေသည်ကို ကြည့်နေခဲ့သည်။ စွေ့ချီချောင်းမှာ ဘဲတစ်ကောင်အား အိမ်သို့ နှစ်သစ်ကူးအတွက် ပြန်ယူသွားလိုသည်။ ကျန်သည့်အကောင်များကိုမူ ပါမောက္ခတစ်ဦးက အမှာပြုထားသဖြင့် ခွဲဝေရဦးမည်။


ယခင်ကတည်းကပင် သူက ဘဲအကောင်ရေများကို အသေအချာတွက်ချက်၍ မတော်တဆသေဆုံးနိုင်မှုကိုပါ ကြိုတွေးထားခဲ့သည်။ သို့သော် ကံကောင်းသည်မှာ ထိုဘဲများမှာ မည်သည့်မတော်တဆမှုမှမရှိခဲ့ပဲ VIPဧည့်တစ်ချို့အတွက် သတ်လိုက်ရသော တစ်ကောင်သာလျှင် သေသွားသေးသည်။


သို့နှင့် ထိုဘဲအပိုများနှင့် မူစကတည်းက ကျောင်းသားများအတွက် ရည်ရွယ်ထားသော ဘဲများကို ကန်တင်းတွင် ဘဲသားဟင်းကောင်းကောင်းချက်လျက် ထိုကျောင်းသားများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးလိုက်သည်။


ပါမောက္ခပင်ဖြစ်စေ နယ်ခံသူဌေးပင်ဖြစ်စေ ထိုဘဲများကို၀ယ်ခဲ့ကြပြီး သူတို့မှာ အွန်လိုင်းမှ ထိုဘဲများကို ၀ယ်ခဲ့ကြောင်း ပို့စ်တင်လိုက်သဖြင့် ၄င်းမှာ နာမည်ကြီးသွားခဲ့ပြန်သည်။


ပထမဆုံးအကြိမ် ဘဲသားဟင်းများကို စတင်ရောင်းချချိန်တွင် ပထမကန်တင်းရှေ့၌ လူများတိုးကြိတ်နေကြသဖြင့် လုံခြုံရေးအဖွဲ့ကပင်လျှင် ရှေ့ထွက်လာခဲ့ရသည်။ သူတို့အနေနှင့် လူတိုင်းအလျင်စလိုဖြင့် တိုးကြိတ်နေပြီး ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်နေကြသည်။


"စားလို့ရပြီ…"

ပထမထပ်မှလူများမှာ အပြေးအလွှား၀င်လာကြပြီး 

ဒုတိယထပ်မှာလူများမှာ တိုးဝှေ့နေခဲ့ကြသည်။ အချို့က ဖုန်းကိုထုတ်ပြိီး လက်ရှိအခြေအနေကို ရိုက်ကူးလိုက်ကြသည်။ သူတို့အနေနှင့် ဘဲသားဟင်းကိုမ၀ယ်နိုင်မှာလည်း သေချာ၍ မှတ်တမ်းတင်ရုံသာလျှင် တတ်နိုင်လေသည်။ ဤနည်းဖြင့် အိမ်ရောက်လျှင် likeအချို့ရနိုင်သေးသည်။


သို့သော်အချို့က ရည်ရွယ်ချက်နှင့်ပင်။ သူတို့က "စားလို့ရပြီ"ဟု အော်ဟစ်နေသူကို gifအဖြစ်ပြောင်းပြီး ၄င်း၏ အပေါ်၌ အရသာရှိသော ဘဲသားဟင်းပွဲပုံကိုပါ ပေါင်းထည့်ကာ ခေါင်းစည်းတွင် "ဘဲသားဟင်းအတွက် ချီတက်ကြ"ဟူသော စာကိုရေးထားခဲ့သည်။


ထိုgifမှာအလွန်ရယ်ရပြီး CUကန်တင်းနှင့်ပတ်သတ်၍ အလွန်ရေပန်းစားသော stickerတစ်ခုဖြစ်လာခဲ့လေသည်။


စွေ့ချီချောင်း၏ အေဂျင်စီနှင့် အထူးသဘောတူညီချက်ကြောင့် သုတေသနစင်တာမှလည်း အမျိုးမျိုးသော စမ်းသပ်မှုများကို နေရာစုံတွင်ပြုလုပ်လာကြတော့သည်။ စမ်းသပ်မှုဒေတာများကို အကျဥ်းချုံ့ပြီးသည်နှင့် ရလဒ်တချို့ကို ထုတ်ပြန်နိုင်မည်ဖြစ်သည်။ 


၄င်းတွင် မျိုးဖောက်ခြင်း၊ ဒေတာတွက်ချက်ခြင်းနှင့် စျေးညှိနှိုင်းခြင်းတို့ ပါ၀င်လေသည်။ မျိုးစေ့အသစ်များကိုတင်းသွင်းခွင့်မှာ ငြင်းပယ်ခံရမည့် ရာခိုင်နှုန်းများသော်လည်း အတိတ်မှအတွေ့အကြုံတချို့ကြောင့် အခွင့်အရေးရှိသေးသည်ဟု ခံစားရလေသည်။


စွေ့ချီချောင်းသည်လည်း သူသာ နောက်ထပ်မျိုးစေ့ အသစ်များထပ်မံ စမ်းသပ်ရန်ဆန္ဒရှိပါက သုတေသနစင်တာနှင့် ထပ်မံလက်တွဲဦးမည်ဖြစ်ကြောင်း သဘောတူညီမှူတစ်ခုပြုလုပ်ခဲ့လေသည်။


နှစ်တစ်နှစ်၏ အကုန်တွင်ဖြစ်သည်။


စွေ့ချီချောင်းမှာ ငရုတ်သီး ၃၀ဂျင်ခန့်ကို အခြောက်လှန်းခဲ့သည်။ ဘဲတစ်ကောင်ကို ပြင်ဆင်ကာ သူစိုက်ပျိုးထားသော အပင်များ၏ ၁၀ဂျင်ခန့်ကို ရိတ်သိမ်းခဲ့သည်။ ထို့နောက် ၄င်းတို့အားလုံးကို သေတ္တာထဲထည့်လျက် နှစ်သစ်ကူးအတွက် မိသားစုအိမ်သို့ပြန်ရန် ပြင်ဆင်လိုက်လေသည်။


ကျောင်းမှ လူများမှာ ရှောင်ပိုင်အား အနီးအနားရှိ တိရစ္ဆာန် အရောင်းဆိုင်တစ်ခုခုတွင် အပ်ခဲ့ရန် အကြုံပေးကြသည်။ နေရာအပြောင်းအလဲကြောင့် ကြောင်မှာ ကျိန်းသေပေါက်မပျော်ရွှင်နိုင်ချေ။ နှစ်သစ်ကူးဖြစ်၍ ဆွေမျိုးများလည်း လာလည်ကြမည်ဖြစ်ပြီး ထူးထူးခြားခြား တက်ကြွနေမည့်လေထုမှာ သူနှင့်ကြောင်အတွက် နှိပ်စက်မှုတစ်ခုနှယ်။


ရှောင်ပိုင်မှာ စွေ့ချီချောင်း၏ ခြေသလုံးကိုတင်းတင်းဖက်ထားမိသည်။ သူ တိရိစ္ဆာန်အရောင်းဆိုင်ကို မသွားချင်ပေ။ ထိုနေရာတွင်ဆိုလျှင် သူက လှောင်အိမ်ထဲတွင်သာအိပ်ရသည်။ လှောင်အိမ်ထဲတွင်နေရပါက ဆရာသခင်သဖွယ် ပြုမူနိုင်မည် မဟုတ်တော့ပေ။


စွေ့ချီချောင်းက တုန့်ပြန်လာခဲ့သည်။


"ရပါတယ်… အလုပ်တော့နည်းနည်းရှုပ်ပေမယ့်လည်း ကျွန်တော့်မှာ ရှောင်ပိုင်အတွက် တာ၀န်ရှိတယ်လေ…"


......


"ရှောင်ပိုင် လာ အထဲ၀င်…" 

စွေ့ချီချောင်းမှာ ဘေးမှာလှောင်အိမ်ကို ပုတ်လျက် ဆိုလိုက်သည်။


ရှောင်ပိုင်"..."


"ငါဘေးကင်းကင်းနဲ့ ကားမောင်းဖို့လိုလို့ ဒီလိုလုပ်မှရမှာ အထဲ၀င်လိုက်…"


သူကကျောင်းတွင် နောက်ဆုံးကျန်သူ တစ်ဦးဖြစ်ကာ ယခုမှအိမ်ပြန်ရမည်ပင်။ ‌၎င်းက သူ့ကားဖြစ်သော်လည်း စွေ့ချီချောင်းမှာ ရှောင်ပိုင်အတွက် လှောင်ချိုင့်တစ်ခုကို ယူလာဆဲပင်။


ရှောင်ပိုင်မှာ စိတ်တိုတိုနှင့် အထဲသို့၀င်ပြီး လှဲချလိုက်သည်။


"ရှောင်ပိုင်က လိမ္မာတဲ့ကြောင်လေးပဲ…"


သူက ရှောင်ပိုင်၏ ခေါင်းကလေးကိုပုတ်လျက် လှောင်အိမ်အား ကားနောက်ခန်းတွင်ထည့်လိုက်သည်။


မှတ်ဉာဏ်တုလေယာဉ်တွင် စွေ့မိသားစုမှာ မိရိုးဖလာထုံးတမ်းများကို အလွန်ထိန်းသိမ်းကြောင်း သူသိလေသည်။ အဘိုး အဘွားများမှာ ဆုံးသွားပြီး ဖြစ်သည့်တိုင် ညီအစ်ကိုမောင်နှမတို့နှင့်အတူ နွေဦးပွဲတော်ကို ဆင်နွှဲနေဆဲပင်။ ဤနှစ်တွင် သူတို့အားလုံး စွေ့ချီချောင်း၏ အိမ်တွင် စုဝေးခဲ့ကြသည်။


စွေ့ချီချောင်းမှာ ရှောင်ပိုင်နှင့်အတူ လမ်းတစ်လျှောက် မောင်းလာခဲ့ပြီး စွေ့မိသားစုအိမ်သို့ ရောက်ရန် တစ်နေကုန်နီးပါး ကြာခဲ့လေသည်။ မေမေစွေ့မှာ အိမ်ရှေ့သို့ထွက်လျက် ကြိုစောင့်နေပြီး သူ့အား ကူညီလျက် အစားအသောက်ထုတ်များကို ဖြည်ပေးလာသည်။


"လာ လာ အမေတို့က မင်း ဟိုတစ်ခါပို့လိုက်တာတွေတောင် စားမကုန်သေးဘူး… အယ် ဒီအသီးအရွက်တွေက လတ်ဆတ်ပြီး အရည်ရွှမ်းနေတာပဲ… ဒီမနက်ကမှခူးလာတာလား ကောင်းလိုက်တာ… ဒီမှာ ဘဲသားဟင်းလည်းပါတာပဲ… ဒီဟာကယူလာတာတွေထဲ နာမည်အကြီးဆုံးမလား အမေသိပါတယ်…"

မေမေစွေ့က အပြုံးဖြင့်ဆိုခဲ့သည်။


ကားနောက်ခန်းမှ အဖြူရောင်လှောင်အိမ်ကို ထုတ်ယူလာသည်အားတွေ့လျှင် မေမေစွေ့မှာ မေးလာခဲ့သည်။

"ကြောင်ကိုခေါ်ခဲ့တာလား ကောင်းသားပဲ… မင်းရဲ့ ညီမ၀မ်းကွဲကလည်း သူ့ကြောင်လေးခေါ်လာမှာတဲ့… အတူဆော့ခိုင်းလို့ရတာပေါ့…"


ထိုအချိန်မှာပင် ကားအပြာတစ်စီး ခြံထဲသို့မောင်း၀င်လာခဲ့ပြီး သူတို့၏အနောက်နားတွင်ပင် ရပ်သွားခဲ့သည်။ ငယ်ရွယ်သော ညီမ၀မ်းကွဲမှာ ကားပေါ်မှဆင်းလာပြီး သူမ၏ကြောင်တွန်းလှည်လေးအား အောက်သို့ချလိုက်သည်။


ထိုတွန်းလှည်းလေးမှာ ဘီလေးလုံးပါပြီး ထိုင်သည့်ပုခက်ကမြင့်လေသည်။ ထို့နောက်အပြင်ဘက်တွင် ဇာဖြင့် ကာရံထားသည်။


ထိုသို့ကာရံထားသည့်တိုင် အတွင်းမှ နူးညံ့သည့်မွေ့ယာကို လှမ်းမြင်နိုင်ဆဲပင်။ ထိုမွေ့ယာပေါ်တွင် လှဲနေသည်မှာ ခပ်၀၀အမွှေးတို ကြောင်တစ်ကောင်ပင်။ သူ့မှာ၀လွန်း၍ ပုံစံပင် မပေါ်တော့ပေ။ သူ၏မထင်မရှား လည်တိုင်တစ်တစ်တွင် ဖဲပြားတစ်ခုကို ၀တ်ဆင်ပေးထားသည်။ ထိုခပ်၀၀ခန္ဓာကြီးဖြင့် မွေ့ယာအား အ၀ိုင်းပုံသဏ္ဍာန်ဖြစ်သည်အထိ ဖိချထားလေသည်။


ရှောင်ပိုင်မှာ ထိုအမွှေးတိုကြောင်၀ကြီးကို ကြည့်လိုက်ပြီးနောက် သူ၏အောက်မှ လှောင်အိမ်အားကြည့်လိုက်မိသည်။


"..."


"အာ... အကြီးဆုံးအဒေါ်… ကောကော…" 

၀မ်းကွဲလေးမှာ နှုတ်ဆက်ရင်း သူ၏တွန်းလှည်းလေးကို တွန်းလာခဲ့သည်။


"လက်စ် သမီးဒီနေ့ သိပ်ကိုလှလှပပ၀တ်ထားတာပဲ… တွန်းလှည်းထဲက ကြောင်လေးရောပဲ…"


ထို့နောက် မေမေစွေ့ပြောလာသည့်စကားက ရှောင်ပိုင်၏နှလုံးသားကို တစ်ဖန်ထိုးစိုက်လာပြန်သည်။

"နင့်အစ်ကိုလို လှောင်အိမ်အစုတ်ကြီးနဲ့ ထည့်ထားတာမဟုတ်ဘူးပဲ… သူကတော့တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်ပုံမပေါ်ပါဘူးကွယ်…"


၀မ်းကွဲလေးက ရယ်လျက်ပြောသည်။

"ကောကော ညီမမှာအခုထိ ယူရမယ့် အထုတ်တွေရှိသေးလို့ ကူသယ်ပေးပါလားဟင်…"


စွေ့ချီချောင်းမှာ လှောင်အိမ်အား သူမ၏တွန်းလှည်းထက်တွင် အလိုက်သင့်တင်လိုက်သည်။

"ကောင်းပြီလေ…"


သူ၏ ၀မ်းကွဲလေးမှာ ကားနောက်ခန်းကိုဖွင့်လျက် သူမယူရမည့်အရာများကို ညွှန်ပြလာခဲ့သည်။ ၄င်းတို့အများစုမှာ ကြောင်ပစ္စည်းများပင်။ သူမမှာ ဤနေရာတွင် ရက်အနည်းငယ်သာ နေမည်ဖြစ်သော်လည်း သူမရတနာလေး၏ ပစ္စည်းများကို အနည်းငယ်မှ မပြတ်လပ်စေလိုပေ။


"ညီမ လိုတာတွေ အကုန်သယ်ခဲ့တာ ရေသန့်စက်ရော…သြော် ပြီးတော့ အပူချိန်အလိုအလျောက် ထိန်းညှိပေးနိုင်တဲ့ အိပ်ယာလေးရောပဲ… ၀ိတ်ချိန်ခွက်ရယ်၊ အလိုအလျောက် အညစ်အကြေးသန့်ရှင်းစက် ၊

အစာစို၊ အစာခြောက်တွေရယ်၊ မုန့်တွေရယ်၊ အလိုအလျောက် ကစားစရာ အရုပ်လေးတွေရယ်…"


ရှောင်ပိုင်"..."


ရှောင်ပိုင်မှာ စိတ်ပျက်မှုများထဲ နစ်မွန်းနေခဲ့လေပြီဖြစ်သည်။


စွေ့ချီချောင်းမှာ ၀မ်းကွဲလေး၏ ပစ္စည်းများကို ကူသယ်ပေးခဲ့ပြီး သူမက တွန်းလှည်းလေးကို အိမ်ထဲသို့ တွန်းလာခဲ့သည်။ အတွင်းသို့ရောက်သည်နှင့် ပစ္စည်းများချထားရန် နေရာကို ဦးစွာရှာလိုက်ကြသည်။ စွေ့ချီချောင်းမှာ လှောင်အိမ်၊ ကူရှင်နှင့် အစာခြောက်များကို ယူလိုက်သည်။ အစာခွက်ကို အိမ်မှတစ်ခုခုကိုသုံးနိုင်ပြီး အပေါ့အလေးကိစ္စများကိုမူ ရှောင်ပိုင်အား ဥယျာဥ်ထဲတွင် ကိစ္စရှင်းခိုင်းရန် စဥ်းစားထားသည်။


သူ၏၀မ်းကွဲလေးက အခြားအကြံရှိပုံပင်။ သူမ၏ပစ္စည်းများမှာ အိမ်၏ထောင့်တစ်ခုလုံးတွင် ပြည့်နှက်သွားခဲ့သည်။ သူမ၏ကြောင်မှာ ပြတင်းပေါက်နှင့်တိုက်ရိုက် အပြင်ဘက်မြင်ကွင်းကို ကောင်းကောင်းမြင်ရသောနေရာတွင် နေရာချထားခြင်းခံရလေသည်။ ထို့ကြောင့် တွန်းလှည်းမှ ထုတ်ထုတ်ချင်းတွင် သူက ကြောက်ရွံ့မနေခဲ့ချေ။


သို့သော် ထိုကြောင်မှာ သူ့၀မ်းကွဲလေး၏ အပွေ့အဖက်များကို မကြိုက်လှပုံပင်။ အမွှေးတိုကြောင်ကြီးမှာ မြောင်ဟုအော်လျက် သူမ၏မျက်နှာအား လက်ဖြင့်တွန်းထားခဲ့သည်။ ထို့နောက်တွင် ဆိုဖာပေါ်သို့ ခုန်ချလာလေသည်။


ရှောင်ပိုင်မှာ လှောင်အိမ်ထဲတွင်သာ ရှိသေးသည်။ သူက ထိုအမွှေးတိုကြောင်ကြီး၏ လှုပ်ရှားမှု အလုံးစုံအား မြင်လိုက်ရသည်ဟူသော အဓိပ္ပါယ်ပင်။ ထိုကြောင်ကြီးက လက်ကိုမည်သို့မြှောက်လျက် ထိုမိန်းကလေး၏မျက်နှာအား မည်သို့ရိုက်လိုက်သည်အား မြင်လိုက်ရသည်။ သို့တိုင်အောင် ထိုမိန်းကလေးမှာ သည်းခံလျက် ထိုရုပ်ဆိုးဆိုးကြောင်ကြီးကို သည်းသည်းလှုပ် အလိုလိုက်နေဆဲပင်။


"အိုး... ဆောရီး ဆောရီး မမကမင်းကို တမင်ဖက်လိုက်တာ မဟုတ်ပါဘူး…" 

သူမက ပြောလိုက်သေးသည်။


"...."

ရှောင်ပိုင်၏ကြောင်မျက်လုံးနှစ်လုံးမှာ ဘောလုံးနှစ်လုံးနှယ် ၀ိုင်းစက်လျက် ထိုကြောင်၏ ပိုင်ရှင်ထံမှ နောက်ဆုံးရိုက်ချက်တစ်ခုကို ခံလိုက်ရပြန်သည်။


နိုး...


မဟုတ်ဘူး ကမ္ဘာပေါ်မှာ ငါ့ထက်ပိုပြီး ပျော်ရွှင်နေတဲ့ ကြောင်တစ်ကောင် ဘယ်လိုလုပ်ရှိနိုင်မှာလဲ...



🌱🌱🌱