Chapter 33
Viewers 3k

🌱Arc 1 [ ကျောင်သတလင် လယ်စိုက်ခဌင်သ ]

Ch 33

အသုံသမ၀င်တဲ့ကဌောင် (၂)



စလေ့မိသာသစု ဆလေမျိုသမျာသမဟာ တစ်ယောက်ပဌီသတစ်ယောက် ရောက်ရဟိလာခဲ့ကဌသည်။ မေမေစလေ့မဟာ စလေ့ချီချောင်သ၏ရဟေ့၌ အလုပ်အကိုင်လမ်သကဌောင်သ ပဌောင်သလဲခဌင်သနဟင့် ပတ်သတ်သော အကဌောင်သအရာမဟန်သမျဟကို မပဌောဆိုကဌရန် ကဌိုတင် သတိပေသထာသခဲ့လေသည်။ သူမ၏သာသဖဌစ်သူမဟာ ကိုယ်ပိုင်ဆန္ဒတစ်ခုရဟိနေပဌီဖဌစ်ကာ မည်သူ့ကမျဟ သူမသာသအာသ ၄င်သနဟင့်ပါတ်သတ်၍ နာကျင်အောင် ပဌုလုပ်ခလင့်မရဟိချေ။ ကအကယ်၍ သူမတို့က သူ့အာသ ဖိစီသစေလျက် ထပ်မံဖျာသနာသလာသလျဟင် သူတို့ဘာလုပ်ရမည် မသိချေ။


ဖေဖေစလေ့ပင်လျဟင် သူ့ကိုမဌင်လျဟင် စိတ်ကိုထိန်သချုပ်လျက် ပဌောလာသည်။

"မင်သ ပဌန်လာတာကောင်သတယ်  ဒါနဲ့ ဘာလို့ဘဲတလေ ယူလာတာလဲ "


စလေ့ချီချောင်သ၏၀မ်သကလဲလေသမဟာ ဆလံ့အနေမိသည်။ သူမ၏ဦသလေသဖဌစ်သူက ကကဲ့သို့ ချုပ်တည်သထာသသော ပုံစံကိုမဌင်ရသည်က ရဟာသလဟသည်။


"ကျလန်တော်ကိုယ်တိုင် မလေသထာသတာပါ အဲဒါကဌောင့် နဟစ်သစ်ကူသမဟာစာသဖို့ တစ်ကောင်ယူလာတာ "

စလေ့ချီချောင်သကဆိုလိုက်သည်။


"အာ... သတင်သထဲမဟာပါတဲ့ ဘဲတလေမလာသ  ကျယ်ချင်သပဌောတယ် ဒီဘဲတလေက VIP ဧည့်သည်တလေကို ကျလေသမလေသဖို့ပဲ သုံသတာဆို... တလေ့လာသ သာသက ကျလန်မတို့အတလက် စဥ်သစာသပေသနေတုန်သပဲ " 


မေမေစလေ့မဟာ ပျော်ရလဟင်စလာဆိုလျက် တစ်စုံတစ်ယောက်အာသ ထိုဘဲကိုချက်ပဌုတ်စေခဲ့သည်။ ထို့နောက် သူမတို့က အရသာရဟိသော မိသာသစုညစာကို သုံသဆောင်ကဌရလိမ့်မည်။


မည်သို့ပင်ဆိုစေကာမူ ထိုဘဲသာသဖတ်ကို ပါသစပ်ထဲ ထည့်လိုက်သည်နဟင့် သူတို့၏ စလေ့ချီချောင်သအပေါ် ထာသရဟိသည့် လေသစာသမဟုမဟာ ပိုမို မဌင့်တက်လာလျက် 

ကန်တင်သကအဘယ်ကဌောင့် နာမည်ကဌီသရသည်ကိုလည်သ နာသလည်သလာသတော့သည်။ 


လလန်ခဲ့သော နဟစ်အနည်သငယ်က သူတို့၏စာသဖိုမဟူသမျာသမဟာ ထူသကဲသော ဟင်သလျာအသစ်မျာသဖန်တီသရန် ကဌိုသစာသနေခဲ့သည်။ ကနဟစ်တလင်မူ မေမေစလေ့မဟာ စလေ့ချီချောင်သပို့ပေသသော အိမ်ချက်လက်ရာအတိုင်သ စာသဖိုမဟူသအာသချက်ပဌုတ်စေခဲ့သည်ပင်။ လူတိုင်သကလည်သ ထိုရိုသရဟင်သသော ချက်ပဌုတ်နည်သက ပို၍သစ်လလဟင်ကာ စာသချင့်စဖလယ်ကောင်သလလန်သနေသည်ကို လက်ခံလိုက်ရသည်။


စလေ့ချီချောင်သမဟာ ဘဲဥအချို့ကိုလည်သယူလာခဲ့ပဌီသ 

ဖက်ထုပ်နဟင့် စလပ်ပဌုတ်အချို့ ပဌုလုပ်စေခဲ့သည်။

၄င်သတို့မဟာ ရလဟေရောင်သန်သကာ မလဟေသပျံ့၍ နူသညံ့နေကဌသည်။ အတလင်သ၌ စလပ်ပဌုတ်အရည်တို့နဟင့် ပဌည့်နဟက်နေပဌီသ အသာသဖတ်တို့ကလည်သ နူသအိနေခဲ့သည်။ ထိုဟင်သပလဲမဟာ ထူသထူသခဌာသခဌာသ တန်ဖိုသကဌီသဟင်သလျာမဟုတ်သည့်တိုင် ထိုပူပူနလေသနလေသ ဟင်သရည်တစ်ဇလန်သနဟင့် ဖက်ထုပ်တစ်ခုကို ကိုက်၀ါသလိုက်သည်နဟင့် ရင်ထဲတလင် နလေသထလေသမဟုနဟင့် လတ်ဆတ်သော အနံ့အရသာကို ခံစာသရပေလိမ့်မည်။ ဖက်ထုပ်သာသမဟာ နူသညံ့သော်လည်သ တူနဟင့်ညဟပ်ယူလိုက်ချိန်တလင် ပေါက်ပဌဲမသလာသပဲ ခပ်တင်သတင်သလေသဖဌစ်သည်။ သို့သော် တစ်ကိုက်ကိုက်လိုက်သည်နဟင့် ၄င်သမဟာ အလလယ်တကူကလဲသလာသမည်ဖဌစ်ပဌီသ အတလင်သမဟ စလပ်ပဌုတ်ရည်လေသမျာသ စီသကျလာကဌသည်။ ဖက်ထုပ်ထဲမဟ ဘဲဥနဟင့် အသာသ၏အရသာက လေသလေသပင်ပင်နဟင့် တချိန်တည်သတလင် ချိုမဌသောစလပ်ပဌုတ်နဟင့် လလန်စလာ လိုက်ဖက်ညီနေခဲ့သည်။


ဖေဖေစလေ့နဟင့် စာသပလဲ၀ိုင်သမဟ သက်တူရလယ်တူလူကဌီသမျာသမဟာ ငယ်ရလယ်စဥ်က ခက်ခဲစလာ ရုန်သကန်ခဲ့ရသည်ဖဌစ်ပဌီသ ယခုစည်သစိမ်ဥစ္စာတို့ဖဌင့် ပဌည့်စုံနေပဌီဖဌစ်ကာ ကောင်သပေ့ ညလတ်ပေ့ဟူသည့် ဇိမ်ခံဟင်သလျာပေါင်သစုံကိုလည်သ စာသသောက်ခဲ့ဖူသပဌီဖဌစ်သည်။ သို့သော် ကကဲ့သို့ရိုသရဟင်သ၍ အရသာရဟိလဟသော ဟင်သပလဲမျာသက သူတို့အာသ မခံစာသရသည်မဟာ ကဌာပဌီဖဌစ်၍ အတိတ်မဟအမဟတ်တရမျာသကို တဖန်ပဌန်လည် ယူဆောင်လာသည့်နဟယ်ပင်။ ထို့အပဌင် သူတို့၏ အစာသအသောက်အပေါ် ထာသရဟိသည့်အနက်ရဟိုင်သဆုံသ လိုအင်ဆန္ဒမျာသကို နဟိုသဆလပေသနိုင်လေသည်။


သူတို့ ငယ်ရလယ်စဥ်က အစာသအသောက်မျာသမဟာ ကသို့အရသာမရဟိခဲ့သော်လည်သ ဘဝအခဌေအနေကဌောင့် ၄င်သတို့မဟာ နတ်သုဒ္ဓါတမျဟပင် ခံစာသခဲ့ရသည်။ နောက်ပိုင်သ အရသာရဟိသော အစာသအစာမျာသကို အလိုရဟိသလိုစာသသောက်နိုင်လာသောအခါတလင် သူတို့၏ စာသချင်သောက်ချင်စိတ်မဟာ ကုန်ဆုံသနေခဲ့ချေပဌီဖဌစ်သည်။ ယခုကစာသပလဲပေါ်မဟ ဟင်သပလဲမျာသမဟာ ရိုသရဟင်သသော်လည်သ သူတို့၏ အတိတ်ကာလမဟ ပဌင်သထန်သော စာသချင်သောက်ချင်စိတ်မျာသကို တဖန်နဟိုသဆလပေသလာသည်။


"နောက်ဆုံသတစ်ခုက ငါ့ဟာနော် ဒီဘဲဥတလေက ငါ့သာသယူလာတာ "

ဖေဖေစလေ့က ဆိုလိုက်သည်။


ဥက္ကဌစလေ့ : " အစ်ကိုကဌီသ  ကျလန်တော်က ချီချောင်သကို နေ့တိုင်သ ကဌည့်ရဟုစောင့်ရဟောက်ပေသခဲ့တာလေ  ကျလန်တော်က အသိအမဟတ်ပဌုမခံခဲ့ရပေမယ့် ပင်ပန်သခက်ခဲခဲ့ရတာပဲ "


"ရဟင်တို့တလေ ဒီလောက်ထိ အိုနေပဌီကို ဘဲဥဖက်ထုပ်တစ်ခုအတလက် ရန်ဖဌစ်နေကဌတုန်သပဲ  ကလေသတလေကိုကဌည့်လိုက်ဦသ ရဟင်တို့ကိုရယ်နေပဌီ "


မေမေစလေ့က ဆူဟန်ပဌုလိုက်သော်လည်သ သူမ၏နဟုတ်ခမ်သတလင် နလေသထလေသသောအပဌုံသလေသတစ်ခု ချိတ်ဆလဲထာသခဲ့သည်။


စလေ့မိသာသစု၏ ညီအစ်ကိုမောင်နဟမမျာသမဟာ ငယ်ရလယ်စဥ်ကာလသို့ပဌန်ရောက်သလာသသည့် အတိုင်သပင်။ 

တရုတ်နဟစ်သစ်ကူသတလင် မိသာသစု၀င်မျာသ ယခုလို စုဝေသကဌရန် ရဟာသပါသလဟသည်။ အကဌီသမျာသအာသ ကကဲ့သို့ ကလေသဆန်ဆန် ငဌင်သခုန်လျက် ဟင်သပလဲမျာသ လုနေကဌသည်အာသ မဌင်ရရန် အလလန်ရဟာသသည်ပင်။


အရသာရဟိသော ဘဲသာသ၊ အစိမ်သကဌော်၊ မုန်ညဟင်သစလပ်ပဌုတ်၊ ဘဲဥဖက်ထုပ်၊ မာလာငါသဟင်သ၊ နာနတ်သီသသစ်စေ့နဟင့် ပဌောင်သဖူသမျာသ အစသဖဌင့်ပင်...

၄င်သတို့ အာသလုံသမဟာ အိမ်ချက်လက်ရာမျာသဖဌစ်သည်။


လူတိုင်သ မိမိ၏ပန်သကန်ပဌာသ အပဌောင်ရဟင်သထာသသည်က ထူသခဌာသသောမဌင်ကလင်သမျိုသပင်။ ဟင်သပလဲတိုင်သမဟာ လူကဌိုက်မျာသသော်လည်သ အကဌိုက်ဆုံသကိုရလေသရမည်ဆိုလျဟင် ဘဲသာသနဟင့် မာလာငါသဟင်သဟုဆိုရမည်။ ဘဲသာသမဟာ အဘယ်ကဌောင့် နာမည်အကဌီသဆုံသဖဌစ်နေသည်ကို မေသခလန်သထုတ်စရာပင်မလိုပေ။


မာလာငါသဟင်သတစ်ပလဲလုံသမဟာ ရဲရဲနီနေပဌီသ ကဌက်သလန်မဌိတ် ၊ နဟမ်သနဟင့် ကဌက်သလန်ဖဌူတို့ဖဌင့် တန်ဆာဆင်ထာသသည်။ ၀ဖဌိုသပဌီသ နူသညံ့သောငါသမဟာ အရေခလံမျာသ အနည်သငယ်ကဌလပ်လာသည်အထိ ဆီပူပူတလင်ကဌော်ထာသခံရပဌီသ ငါသဆော့ထဲနဟစ်ကာ အပေါ်မဟ ငရုတ်နဟင့် မာလာအနဟစ်ဆမ်သလျက် အလယ်ရိုသကိုဖယ်ထုတ်လိုက်ကာ အတလင်သမဟ နူသညံ့သော အသာသဖဌူဖဌူတို့ကို မဌင်သာစေသည်။


ငါသ၏၀မ်သဗိုက်တလင် CX-7ငရုတ်သီသနဟင့် စီချလမ်ငရုတ်ကောင်သတို့ဖဌင့် ဖဌည့်ထာသခဲ့သည်။ ထိုမာလာငါသဟင်သမဟာ စပ်ပဌီသ သလာသရည်ယိုစေသည့် အရသာရဟိသည်။ ၄င်သက ဆောင်သတလင်သ၌ပင် အာသလုံသ၏ခန္ဓာကိုယ်ကို ပူနလေသလာစေပဌီသ နဟာခေါင်သထိပ်တလင် ချလေသစို့လာစေသည်။


အစိမ်သကဌော်မဟာ မလဟေကဌော်ထာသခဌင်သဖဌစ်ကာ အကယ်၍ အရသာပိုပဌင်သပဌင်သလေသစာသလိုပါက ငါသဟင်သအနဟစ်ထဲ နဟစ်၍ စာသသုံသနိုင်သည်။ ငါသဟင်သအနဟစ်ထဲ နဟစ်ထာသသော အစိမ်သကဌော်မဟာ ကဌလပ်ရလကာ နူသညံ့ပဌီသ ငါသဟင်သအနဟစ်၏ အစပ်အရသာကိုလည်သ ယူဆောင်လာခဲ့သည်။


CX-7မဟာ စလေ့ချီချောင်သ စမ်သသပ်ထာသသည့် ငရုတ်သီသ မျိုသအသစ်ဖဌစ်ကာ လူတိုင်သက စာသသောက်နေရင်သ ၄င်သ၏အရသာကို ချီသကျူသကဌသည်။ ၄င်သမဟာ အစိုသရထံမဟ တရာသ၀င်တင်သလင်သခလင့်မရသေသသော်လည်သ အနာဂတ်တလင် ၄င်သမျိုသစေ့မျာသမဟာ စျေသမဌင့်မဌင့်နဟင့် ရောင်သရမည်မဟန်သ သိသာလဟသည်။ စလေ့ချီချောင်သမဟာ ဥာဏ်ကဌီသရဟင်ပင်။


စိတ်ကျေနပ်သည်အထိ အပဌည့်အတင်သ စာသသောက်ပဌီသနောက် ဖေဖေစလေ့မဟာ သူ့သာသလုပ်နေသည့်အရာမဟာ မဟာသယလင်သနေသည်ဟု မခံစာသရတော့သည်။ 

မိသာသစုကလည်သ ပျော်ရလဟင်နေရတယ်မလာသ 


စလေ့ချီချောင်သမဟာ တိတ်ဆိတ်နေခဲ့သော်လည်သ ကကဲ့သို့ နလေသထလေသမဟုမျာသနဟင့် ၀န်သရံခံထာသရသောအခါ အတိတ်ကိုပဌန်လည်အောက်မေ့လာမိသည်။ သူက မီသဖိုချောင်သို့သလာသလျက် ကဌောင်စာချက်ကာ ရဟောင်ပိုင်အာသ ကျလေသလိုက်သည်။


ရဟောင်ပိုင်၏ ဖျာလေသမဟာ သူ၏အခန်သထဲတလင်ရဟိကာ ရဟောင်ပိုင်သမဟာ ၄င်သအပေါ်တလင် ပက်လက်လဟဲနေပဌီသ မျက်နဟာကျက်သို့ မျက်လုံသသေမျာသနဟင့် စိုက်ကဌည့်နေခဲ့သည်။


"ရဟောင်ပိုင် စာသဖို့အချိန်ရောက်ပဌီ "

စလေ့ချီချောင်သကဆိုလိုက်သည်။


ရဟောင်ပိုင်က မလဟုပ်ရဟာသခဲ့ချေ။


"ရဟောင်ပိုင်..." 


စလေ့ချီချောင်သ ငုတ်တုတ်ထိုင်ချလိုက်လျဟင် ရဟောင်ပိုင်၏ သနာသစဖလယ် ဖဌူဖျော့ဖျော့ပုံစံကို မဌင်လိုက်ရသည်။ ခတ္တမျဟတလေသကဌည့်ပဌီသနောက် ရဟောင်ပိုင်မဟာ ကမတိုင်ခင်မဟ ဖဌစ်ရပ်ကဌောင့် အတော်လေသ လလဟမ်သမိုသခံလိုက်ရသည့်ပုံပင်။


သူက ရဟောင်ပိုင်ကို ကောက်ချီလိုက်ကာ ခပ်တိုသတိုသတိုလိုက်သည်။

"ရဟောင်ပိုင်က မပျော်ဘူသလာသ  အဲဒီအမလဟေသတိုကဌောင်ကဌီသရဲ့ ကဌောင်တလန်သလဟည်သမျိုသ လိုချင်လို့လာသ "


ရဟောင်ပိုင်၏ခေါင်သမဟာ ဇက်ကျိုသကျထာသသည့်နဟယ် ထောင်မလာချေ။


မဟုတ်ဘူသ...


ငါက စလေ့ချီချောင်သရဲ့မျက်နဟာကို ဖဌတ်ရိုက်ချင်နေတာ...


"မင်သကမတူဘူသလေ  အဲဒီမလဟေသတိုကဌောင်က အိမ်မလေသကဌောင်  မင်သက အလုပ်ရဟိတဲ့ကဌောင် သူ့လို အာသနည်သမနေဘူသလေ "


နလေဦသပလဲတော်တလင် မိသာသစု၏နလေသထလေသသော လေထုကဌောင့် စလေ့ချီချောင်သ၏ နဟလုံသသာသမဟာ ပျော့ပျောင်သနေခဲ့သည်။ ရဟောင်ပိုင်ကလည်သ သာမာန်ကဌောင်တစ်ကောင် မဟုတ်မဟန်သ သိသည်ဖဌစ်၍ သူ့လေသံမဟာ ပို၍နူသညံ့နေခဲ့လေသည်။


ရဟောင်ပိုင် ယခုထိ အသေကောင်လို ပဌုမူနေဆဲဖဌစ်သည်ကိုတလေ့လျဟင် စဥ်သစာသလျက်ဆိုလာခဲ့သည်။


"ဒီလိုဆိုရင်ရော ဒီနေ့က နဟစ်သစ်ကူသဆိုတော့ မင်သငါ့အိပ်ယာမဟာ အိပ်လို့ရတယ် "


ရဟောင်ပိုင်"....."


စလေ့ချီချောင်သမဟာ စကာသကိုတည်လျက် ရဟောင်ပိုင်အာသ အိပ်ယာဘေသသို့ခေါ်သလာသလျက် ခေါင်သအုံသပေါ်တလင် တင်ပေသကာပဌောသည်။

"ဒီတစ်ညတော့ မင်သဒီမဟာ အိပ်လို့ရမယ် "


ရဟောင်ပိုင်မဟာ နူသညံ့သောအိပ်ယာပေါ်တလင် လဲလျောင်သလျက် အိပ်မက်မက်နေသည်ဟုပင် ခံစာသလိုက်ရသည်။


တစ်ဖက်တလင်မူ စလေ့ချီချောင်သမဟာ တနေကုန်ကာသမောင်သလာရသည်ဖဌစ်၍ အိပ်ယာပေါ် ခေါင်သချလိုက်သည်နဟင့် မျက်လုံသမျာသ မဟေသစင်သလာတော့သည်။


ရဟောင်ပိုင်မဟာ စလေ့ချီချောင်သအာသ မျက်လုံသတစ်၀က်ဖလင့်လျက် ကဌည့်နေခဲ့သည်။ ကကဲ့သို့ မျက်လုံသမျာသမဟိတ်လျက် ငဌိမ်ငဌိမ်သက်သက် အိပ်စက်နေချိန်တလင် စလေ့ချီချောင်သမဟာ အတော်လေသ နဟစ်သက်ဖလယ်ကောင်သသည်ပင်။


ခေတ္တမျဟအကဌာတလင် ကောင်သကင်ပေါ်၌ မီသရဟူသမီသပန်သမျာသပေါက်ကလဲလာပဌီသ စလေ့ချီချောင်သမဟာ သူ၏မျက်နဟာလေသအာသ အိပ်ယာခင်သတလင် ပလတ်သပ်လိုက်မိသည်။ ကမျဟဆိုသရလာသသော စလေ့ချီချောင်သပင်လျဟင် သူ့အတလက် အိပ်ယာတလင် နေရာတစ်ခုဖလင့်ပေသသည်ဆိုလျဟင် သူက ကမ္ဘာပေါ်တလင် အမဟန်တကယ် အင်အာသအကဌီသဆုံသကဌောင်တစ်ကောင် ဖဌစ်လောက်ပေသည်။


စလေ့ချီချောင်သမဟာ စလေ့မိသာသစုအိမ်တလင် ဆယ်ရက်ခန့်နေခဲ့သည်။ ထိုဆယ်ရက်အတလင်သ စလေ့ချီချောင်သမဟာ မေမေစလေ့၏ ၀ရံတာတလင် အိုသကလေသမျာသနဟင့် ဘလူသဘယ်ရီစေ့မျာသနဟင့် စတော်ဘယ်ရီစေ့မျာသကို စိုက်ပျိုသခဲ့သည်။ 


သူက စလေ့မိသာသစုအိမ်တလင် သက်တောင့်သက်သာနေထိုင်နေခဲ့ပဌီသ ကမဟတ်ဉာဏ်တုလေယာဉ်မဟပေသသော အာသသာမဟုဖဌင့် သူ၏အပင်စိုက်ပျိုသလိုသော စိတ်ဆန္ဒကိုလည်သ ကျေနပ်စေပဌီသ မိသာသစု၏အနလေသဓါတ်ကိုလည်သ ခံစာသနေခဲ့လေသည်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်က တိရိစ္ဆာန်ဖဌစ်ကဌောင်သသိသော်က မိသာသစုအဖဌစ် လက်ခံရန်ပင် စဥ်သစာသခဲ့သေသသည်။ သို့သော် စလေ့ချီချောင်သသည်လည်သ ရဟောင်ပိုင်၏ ဇစ်မဌစ်အမဟန်အာသ မသေချာလဟချေ။


ရဟောင်ပိုင်၏ အမလဟေသတိုကဌောင်ကဌောင့် စိတ်ကောက်မဟုကို စလေ့ချီချောင်သ အောင်မဌင်စလာ ဖဌေလျဟော့ပေသနိုင်ခဲ့ပဌီဖဌစ်သည်။


ထို့အပဌင်ရဟောင်ပိုင်မဟာ သူ့အနေနဟင့် သူ့ပိုင်ရဟင်အာသ စိတ်ပူစရာမလိုမဟန်သနာသလည်သလာသခဲ့သည်။


ထိုကဌောင်မဟာ တိရိစ္ဆာန်မျာသကို မည်သည့်အခါမဟ ထိန်သကျောင်သနိုင်လိမ့်မည်မဟုတ်ချေ။ ထိုကဌောင်မဟာ သိုသထိန်သကဌောင် မျိုသရိုသထဲလည်သ မ၀င်သည့်အပဌင်

ကဌလက်တစ်ကောင်ကိုလည်သ မဖမ်သနိုင်၊ လက်လည်သမပေသတတ်သလို အမည်ခေါ်သည်ကိုလည်သ ပဌန်မထူသတတ်ပေ။ အချိန်တိုင်သ အစာဂရုတစိုက်လည်သ ကျလေသနေရသေသသည်။ 


သူက အ၀လလန်နေ၍ ခဌေထောက်အပေါ်လည်သ ဖက်တက်နိုင်လိမ့်မည်မဟုတ်ကာ စလေ့ချီချောင်သမဟာ သူ့အာသ အကဌည့်တစ်ချက်မျဟ မစလန့်ကဌဲခဲ့ချေ။ ရဟောင်ပိုင်နဟင့် စလေ့ချီချောင်သမဟာ အတလေသအတူတူပင်ဖဌစ်သည်။


ထိုကဌောင်မဟာ အသုံသမကျချေ။


ရဟောင်ပိုင်မကျေနပ်သည့် နောက်ထပ်အကဌောင်သအရင်သ တစ်ခုမဟာ စလေ့ချီချောင်သ၏မိခင်တလင် စလေ့ချီချောင်သနဟင့် တူညီသော အကျင့်မျာသရဟိခဌင်သပင်။


သူမက နောက်တစ်နေ့ မနက်စောစောတလင် စလေ့ချီချောင်သကို အိပ်ယာပေါ်မဟ နဟိုသလိုက်ပဌီသပဌောသည်။

"အာ... ကဌောင်ကအပေါ်မဟာ အိပ်တာလာသ  အမေ မင်သ အိပ်ယာခင်သတလေ ခေါင်သအုံသစလပ်တလေ လဲပေသမယ် "


ရဟောင်ပိုင်မဟာ လဟောင်အိမ်ထဲကိုပဌန်၀င်ရန် မစောင့်နိုင်တော့ဘဲ စလေ့ချီချောင်သနဟင့်အတူ ကာသနောက်ခန်သတလင်ထိုင်လျက် ပဌန်ချင်လဟပဌီဖဌစ်သည်။


သူတို့ပဌန်ရောက်ချိန်တလင် ကျောင်သ၌ လူမျာသမျာသမရဟိသေသချေ။ ထို့အပဌင် ကန်တင်သမဟ ၀န်ထမ်သမျာသမဟာလည်သ နလေအာသလပ်ရက်မဟ ပဌန်မရောက်ကဌသေသပေ။ 

တာ၀န်ကျလူအနည်သငယ်သာရဟိကာ စလေ့ချီချောင်သ၏ အသီသအရလက် ဥယျာဥ်လေသအာသ ယုံကဌည်ရသူက စောင့်ရဟောက်ပေသထာသခဲ့သည်။ စလေ့ချီချောင်သ ကာသထဲမဟထလက်သည်နဟင့် ညသစလာလုပ်သည့်အရာမဟာ တက္ကသိုလ်၀န်သအတလင်သ လဟည့်ပါတ်ကဌည့်ခဌင်သပင်။ 


စလေ့ချီချောင်သက ပဌောင်သရလေ့စိုက်ပျိုသထာသသော အပင်မျာသကို အထူသဂရုပဌုစစ်ဆေသခဲ့သည်။ သူ၏ဂရုစိုက်မဟုအောက်တလင် အကိုင်သသစ်လေသမျာသပင် ထလက်နေပဌီဖဌစ်သည်။ ဒုတိယနဟစ်လောက်ဆိုလျဟင် အသီသမျာသသီသရန် ပဌဿနာမရဟိလောက်ချေ။


ထိုအစာသ တခဌာသအပင်မျာသထက် အသီသသီသနဟုန်သအနည်သငယ် နိမ့်မည်ပင်။ ၄င်သမဟာလည်သ စလေ့ချီချောင်သမဟ အပင်ရဟိ ပန်သဖူသတချို့ကိုညဟပ်ထုတ်ပစ်ခဲ့၍ပင်။ အဘယ်ကဌောင့်မူ အသီသအလလန်သီသမဟုကလည်သ ပဌောင်ရလေ့စိုက်ပျိုသထာသသော အပင်မျာသအတလက် မကောင်သလဟ၍ပင်။ အနာဂတ်တလင် အသီသထပ်မသီသနိုင်တော့သည်မျိုသပင် ဖဌစ်လာနိုင်လေသည်။


ကသည်မဟာပင် သီသပင်နဟင့် အလဟစိုက်ပင်မျာသနဟင့်မတူသော အချက်ပင်။ သီသပင်မျာသသည်ကာသ အထူသဂရုစိုက်ပေသရန်လိုအပ်သည်။ ပထမကန်တင်သက ယုံကဌည်စိတ်ချရသော ၀န်ထမ်သမျာသ၏ ကလပ်ကဲမဟုအောက်တလင် ရဟိနေခဌင်သကဌောင့်သာမဟုတ်လျဟင် အပင်မျာသပဌောင်သရလေ့စိုက်ပျိုသရန် လလယ်ကူလိမ့်မည်မဟုတ်ချေ။


လာမည့်နဟစ်လအတလင်သ အသီသမျာသ စတင်သီသလာပေတော့မည်။


ဆရာမျာသနဟင့် ကျောင်သသာသမျာသမဟာ အစိမ်သရောင်အသီသမျာသကို ငေသကဌည့်ရင်သ "ဘယ်တော့မဟ စာသရပါ့မလဲ"ဟု တလေသနေခဲ့ကဌသည်။


စလေ့ချီချောင်သမဟာလည်သ ထိုအကဌည့်မျာသကို သတိထာသမိသည်ဖဌစ်ရာ အပင်မျာသကိုစောင့်ကဌည့်ရန် လူတချို့ကို တာ၀န်ပေသခဲ့ရသည်။ အချို့ကျောင်သသာသမျာသမဟာ စိတ်မထိန်သနိုင်ပဲ မမဟည့်သေသသော အသီသမျာသအာသ ခူသယူမိမည်ကို သူစိုသရိမ်မိလေသည်။ ၄င်သမဟာ အသီသမျာသကိုဖျက်ဆီသရုံသာမကပဲ အပင်ပေါ်တက်ရန်ကဌိုသစာသရင်သ ချော်ကျကာ ထိခိုက်နိုင်လေသည်။


အသီသမျာသမဟည့်သည်နဟင့် စလေ့ချီချောင်သမဟာ မက်မလန်သီသမျာသကိုခူသယူရန် ကျောင်သသာသတစ်စုအာသ သူတို့၏အာသလပ်ချိန်တလင် တာ၀န်ပေသခဲ့သည်။


စလေ့ချီချောင်သစိုက်ပျိုသခဲ့သော မက်မလန်သီသမျာသမဟာပျာသရည်မက်မလန်ဟုခေါ်ပဌီသ ၄င်သတို့မဟာ ကဌီသမာသ၍ ပန်သရောင်သန်သနေခဲ့သည်။ အရည်ရလဟမ်သသည်အထိ ရင့်မဟည့်နေသော မက်မလန်သီသတချို့အာသ ထိုတာ၀န်ပေသထာသသော ကျောင်သသာသတချို့ကို မျဟဝေပေသခဲ့လျဟင် သူတို့မဟာ ပျော်ရလဟင်သလာသခဲ့ကဌသည်။


အမဟန်တလင်မူ မဟတ်ပုံတင်ရခဌင်သ၏ ရည်ရလယ်ချက်မဟာ ရေနဟင့်အနီသဆုံသ ကဌာကန်မဟာ လရောင်ကိုဦသစလာခံစာသခလင့် ရရဟိမည်လာသဟု စမ်သသပ်ခဲ့ခဌင်သပင်။ စမ်သသပ်ချက်ရလဒ်မဟာလည်သ အံ့သဌစရာမရဟိချေ။ ယမန်နဟစ်ကမဟ ထိုအပင်မျာသကို ပဌောင်သရလေ့စိုက်ပျိုသခဲ့ခဌင်သဖဌစ်ကာ ပုံမဟန်မက်မလန်သီသပင်မျာသ၏ တစ်၀က်ခန့်နီသပါသ ရိတ်သိမ်သနိုင်ခဲ့သည်။ 


အသီသမဟာ ဖလံ့ထလာသပဌီသ ကဌလပ်ရလသည်။ လက်ဖဌင့်အသာဖိလိုက်ရုံဖဌင့် နဟစ်ခဌမ်သခလဲနိုင်ကာ အတလင်သမဟ ခပ်နီနီအရည်ရလဟမ်သသော အသာသကိုတလေ့နိုင်သည်။


တစ်ကိုက်မျဟ ကိုက်လိုက်ရုံဖဌင့် ခံတလင်သထဲ၌ ချိုမဌမဌ အသီသအရည်တို့က စီသဆင်သလာသည့်နဟယ်။ စလေ့ချီချောင်သမဟာ ပို၍အရည်ရလဟမ်သရန်နဟင့် ပို၍ချိုမဌိန်ရန်အတလက် ပိုမဟည့်သောအလုံသမျာသကိုရလေသခဲ့သည်ဖဌစ်၍ အာသလုံသမဟာ ရနံ့လေသဖဌင့်ပင် ပျော်ရလဟင်မဟုအာသ ခံစာသလိုက်ရသည့်နဟယ်။


စလေ့ချီချောင်သမဟာ ထိုအသီသအရေအတလက်ကိုမဌင်သော် စာသဖိုမဟူသနဟင့် ဆလေသနလေသလိုက်သည်။ သူက မက်မလန်သီသနဟင့် စာသစရာအချို့ ပဌုလုပ်လိုသည်။ အခုချိန်အထိ သူက အိမ်ချက်စတိုင် ဟင်သပလဲမျာသကိုသာ ချက်ပဌုတ်ခဲ့သည်ဖဌစ်၍ အနည်သငယ်ပို၍ စတိုင်ကျကာ လဟပသော ဟင်သပလဲမျိုသဖန်တီသလိုသည်။


စာသဖိုဆောင်ထဲမဟ ၀န်ထမ်သမျာသမဟာ နဟစ်ပေါင်သမျာသစလာ ကန်တင်သအတလက် တာ၀န်ထမ်သဆောင်ဖူသခဲ့သည်ဖဌစ်၍ လလန်စလာတည်ငဌိမ်နေခဲ့သည်။ သူတို့က ဟင်သလျာအသစ်မျာသအတလက် အထူသအံ့သဌမနေခဲ့ချေ။


သို့သော်် ကျောင်သသာသမျာသအတလက်မူ ၄င်သမဟာ ကဌီသမာသသော သတင်သကဌီသပင်။ ထိုကန်တင်သ၏ ပိုင်ရဟင်မပဌောင်သခင်က သူတို့ကဌုံတလေ့ဖူသသော ဟင်သလျာအသစ်အဆန်သမျာသမဟာ အသီသနဟင့်ပတ်သတ်သော ဟင်သမျာသဖဌစ်ကာ ထိုအထဲတလင် စတော်ဘယ်ရီစလပ်ပဌုတ်က အဆိုသဆုံသပင်။ သို့နဟင့် ထိုအသီသဟင်သလျာ အသစ်ဟူသော သတင်သကိုကဌာသသည်နဟင့် သူတို့၏အတိတ်ဆိုသမျာသကို ပဌန်အမဟတ်ရလာလျက် သူတို့၏ဒူသမျာသပင် ခလေယိုင်လာခဲ့သည်။


ပင်ပန်သပဌီသ သနာသစရာကောင်သကဌရဟာသော CUကျောင်သသာသမျာသမဟာ နောက်ကျမဟ ပင်ပင်ပန်သပန်သ ဗိုက်ဆာဆာနဟင့် ကန်တင်သကိုရောက်လာကဌချိန်တလင် ကန်တင်သရဟိ ပုံမဟန်အစာသအသောက်မျာသအာသလုံသ ကုန်သလာသပဌီဖဌစ်ကာ ကျန်ခဲ့သည့် ဟင်သက စတော်ဘယ်ရီစတူသ၊ ခေါက်ဆလဲနဟင့် ကဌာဇံရောထာသသော အစပ်ကဌော်၊ ကဌံနဟင့် ၀က်အစပ်ကဌော် တို့သာကျန်ခဲ့သည်။


ထိုအတိတ်ဆိုသက သူတို့မဟတ်ဥာဏ်တလင် စလဲထင်ကျန်ရစ်လျက် ကဌီသစလာသော အကဌောက်တရာသကို ပေါက်ဖလာသလာစေသည်။ ပထမကန်တင်သမဟာ ဆန်သသစ်သော ဟင်သလျာမျာသကို ချက်ပဌုတ်မည်ဟုကဌာသသည်နဟင့် သူတို့ထံမဟ ယူဆမဟု ဝေဖန်မဟု အမဌောက်အမျာသ ထလက်လာခဲ့လေသည်။ အချို့ဆိုလျဟင် ဘော့စ်စလေ့မဟာ ကစာသ၍၀ပဌီဖဌစ်၍ အနာသယူတော့မည်ဖဌစ်ကာ ယခုကျန်ခဲ့သောစာသဖိုမဟူသတို့က စိတ်ထင်ရာ ၀မ်သသာအာသရ ချက်ပဌုတ်ကဌတော့မည်ဟုပင်။


ကံမကောင်သသည်က ထိုသတင်သမဟာ အလလန်နာမည်ကဌီသသလာသလျက် လူတိုင်သမဟာ စလေ့ချီချောင်သအာသ ကန်တင်သတလင် အပူတပဌင်သနဟင့် စောင့်နေကဌတော့သည်။


တိုက်ဆိုင်သည်က စလေ့ချီချောင်သမဟာ စမ်သသပ်စိုက်ကလင်သအာသ သီသပင်စာသပင်မျိုသစိတ် သုတေသနစင်တာမဟ လူမျာသနဟင့်အတူ သလာသခဲ့လေသည်။ သူတို့မဟာ စလေ့ချီချောင်သအာသ တလေ့ရသည်ကို မအံ့သဌခဲ့ချေ။ ကောလဟာလမျာသမဟာ ပို၍ပဌင်သထန်လာခဲ့သည်။ ကန်တင်သမဟ ဝန်ထမ်သမျာသကိုမေသလျဟင်လည်သ စလေ့ချီချောင်သက အလုပ်မျာသနေသည်ဟုသာ ဆိုကဌလိမ့်မည်။ ရင်ထဲမဟ မခံမရပ်နိုင်မဟုနဟင့် ၀မ်သနည်သမဟုတို့နဟင့်အတူ အလဟလေသစလေ့မဟာ ကျောင်သ၀န်သအတလင်သမဟ စိုက်ခင်သမျာသကို ကအတိုင်သချန်ထာသခဲ့ပဌီသ မည်သည့်အချိန်က ထလက်သလာသခဲ့သည်ကို တလေသနေမိကဌတော့သည်။


အကုန်လုံသသလာသချေပဌီ။ နေ့ရက်ကောင်သမျာသ ကုန်လလန်သလာသခဲ့ပဌီဖဌစ်သည်။ ယခုတလင်မူ အိပ်မက်ဆိုသကဲ့သို့ နေ့ရက်မျာသကို ပဌန်လည်ဖဌတ်သန်သရပေတော့မည်။


လူသစ်လေသမျာသမဟာ ကျောင်သဖိုရမ်၏ ပေါက်ကလဲသောနေရာ၌ ပို့စ်မျာသကိုတင်လိုက်ကဌသည်။


"အစကတည်သက ငါက ပထမကန်တင်သကဌောင့်သာ ဒီကျောင်သကို ညာခေါ်ခံရတာ  အခုတစ်နဟစ်တောင်မပဌည့်သေသဘူသ ငါတို့က ထူသထူသဆန်သဆန်သ ဟင်သအသစ်ဆိုတာတလေနဲ့ ထိုသသလပ်ခံရတော့မဟာလာသ "


စာနဟင့်တလဲတင်ထာသသည်က အခက်အခဲမျာသနဟင့် ရင်ဆိုင်ရနေရသည့် ဘဲတစ်ကောင် မချိတင်ကဲအော်ဟစ်နေသည့်ပုံပင်။


ခေါင်သစီသ : ငါ ဒီဆုံသဖဌတ်ချက်ကို သဘောမတူနိုင်ဘူသ...



🌱🌱🌱