Chapter 34
Viewers 3k

🌱Arc 1 [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 34

ဒီလူတွေက စိုက်ပျိုးရေးအကြောင်းကို တစ်စက်မှ နားမလည်ဘူးပဲ... (၁)



စွေ့ချီချောင်းမှာ သုတေသနစင်တာမှ ကျွမ်းကျင်သူများ သုတေသနအဖွဲ့၀င်များနှင့်အတူ သူ၏ စမ်းသပ်စိုက်ခင်းများကို စစ်ဆေးခဲ့သည်။ သူတို့မှာ အထွက်နှုန်းနှင့် ပေါက်ရောက်ရှင်သန်နိုင်စွမ်းတို့ကိုပါ စမ်းသပ်ခဲ့လေသည်။


ရှင်သန်နိုင်စွမ်းက အထွက်နှုန်းထက်ပို၍ အရေးပါသည်ပင်။ သို့သော် CX-7၏အခြေအနေကမူ ကွဲပြားသည်။ စွေ့ချီချောင်း၏ စမ်းသပ်စိုက်ခင်းမှာ အလွန်ကောင်းမွန်သော ရိတ်သိမ်းမှု ရလဒ်ရှိကာ လူတိုင်းမှာ ထိုမျိုးစိတ်ကို အလားအလာကောင်းသည်ဟု ထင်မြင်နေကြသည်။ ထို့ကြောင့် ထိုစမ်းသပ်မှု နှစ်ခုအား တစ်ပြိုင်တည်းလုပ်လိုက်သည်က အချိန်ကုန်သက်သာလေသည်။


စမ်းသပ်စိုက်ခင်းမှ ၀န်ထမ်းများကသူတို့အား မိမိတို့နေ့စဥ်ကောက်ယူထားသော စစ်တမ်းများကို ပြလျက် သူတို့၏လေသံမှာ အလွန်ပင် ဂုဏ်ယူ၀မ်းမြောက်နေဟန်ဖြင့် ပြောလာသည်။

"ကူးစက်ပိုးတွေ ခုခံနှုန်းလည်းမြင့်တယ်…ဖြစ်ပွားနှုန်းလည်း နိမ့်တယ်လေ…"


ရှင်သန်နိုင်စွမ်းကို စမ်းသပ်နေစဥ်တွင် ထိုအဖျက်ပိုးများကိုခုခံနိုင်စွမ်းကလည်း အပင်အား ကြိုတင်ကုသမထားပါမှ စစ်ဆေးနိုင်မည်ဖြစ်သည်။


ဤပျိုးပင်မျိုးသစ်များမှာ နန်ဟိုင်မြို့၏ သုတေသနအဖွဲ့၏နေရာတွင် စိုက်ပျိုးထားခဲ့သည်။ CX-7မှာ ဤနေရာ၌ အထွက်နှုန်း 4600 ကီလိုဂရမ်ခန့် ရိတ်သိမ်းခဲ့ရလေသည်။ ထို့နောက်တွင် အခြားစိုက်ပျိုးသည့်နေရာများမှ ရိတ်သိမ်းမှုရလဒ်ကို စောင့်ဆိုင်းပြီးနောက် ပျမ်းမျှအထွက်နှုန်းမှာ 4600 ကီလိုဂရမ်ခန့်ရှိကြောင်း သိလိုက်ရသည်။ ဤတိုးတက်မှုနှုန်းအား စကားတစ်ခွန်းဖြင့် ဖော်ပြရမည်ဆိုလျှင် တည်ငြိမ်သည်ဟုပင်။


"ဒီနှစ်က မိုးခေါင်နေတာလေ…"


ဤနှစ်၏ သီးနှံအထွက်နှုန်းမှာ ဆိုးရွားသော်လည်း CX-7မှာ ထိုမျှကောင်းမွန်သော ရလဒ်မျိုးရရှိနိုင်ခဲ့၍ ထိုအပင်များ၏ ပတ်၀န်းကျင်နှင့် လိုက်လျောညီထွေနိုင်စွမ်း မည်မျှမြင့်ကြောင်း သိသာစေသည်။ ဒါရိုက်တာယန်မှာ အလွန်ချီးကျူး၍ မဆုံးတော့ချေ။


ခေတ္တမျှတွေးတောပြီးနောက် ဒါရိုက်တာယန်က ဆိုလိုက်သည်။

"အစကတော့ စိတ်ချရအောင်လို့ တို့တွေက မျိုးစေ့အသစ်များမှတ်ပုံတင်ရေး ကော်မတီကို ပို့တော့မလို့ပဲ… အဲဒါကြောင့် အဆင်သင့်ဖြစ်အောင်ဆိုပြီး ဒေတာတွေကိုလည်း အဲဒီကိုကြိုပို့ထားတာ… အခုမှစဥ်စားမိတော့ ဒီဟာက နိုင်ငံတော်အဆင့် ကော်မတီကိုပို့သင့်တယ်လို့ ခံစားရတယ်…ဒါပေမယ့် အလုပ်မများပါဘူး ငါမင်းအတွက် တင်သွင်းထားပေးမယ်…"


"ဒါဆို ခင်များကိုပဲ ဒုက္ခပေးရတော့မှာပဲ..."

စွေ့ချီချောင်းကဆိုလိုက်သည်။


"ဘာမှမဟုတ်ပါဘူး ဒါကငါလုပ်သင့်တဲ့အရာပါ…"

ဒါရိုက်တာယန်မှ အပြုံးလေးဖြင့်ဆိုလိုက်သည်။


"ခွင့်ပြုချက်ရပြီးတာနဲ့ တို့တွေ ဒီပျိုးပင်တွေရဲ့ စိုက်ပျိုးရေးကို ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာလို့ရပြီ… တကယ်တော့ ဒီတောအတွင်းလည်း တချို့ကုမ္ပဏီတွေက ဘယ်ထုတ်ကုန်မျိုးထွက်လာမှာလဲလို့ လာပြီး တီးခေါက်ကြတာရှိတယ်လေ… သူတို့က တို့တွေရဲ့ အရည်အသွေးစံနှုန်းဘယ်လောက်မြင့်တာကိုတောင် ဂရုမစိုက်ဘူး…"


မတူညီသောပျိုးပင်များအတွက် ၄င်းတို့ကို တရား၀င်ခွင့်ပြုပေးသည့် ကော်မတီများမှာလည်း ကွဲပြားလေသည်။ ဆန်ကဲ့သို့ အစေ့အဆန်များက အဆင့်သတ်မှတ်သည့် ကော်မတီကိုပို့ဆောင်ရသည်။ သို့သော် အချို့ ပျိုးပင်များကမူ အဆင့်သတ်မှတ်စရာမလိုအပ်ချေ။ သို့ရာတွင် လယ်သမားများအတွက်မူ မိမိတို့စိုက်ပျိုးမည့် ပျိုးပင်များမှာ စစ်ဆေးမှုအောင်မြင်ပြီး တရား၀င်ခွင့်ပြုချက်ရပါမှ စားသုံးသူများကို လုံခြုံစိတ်ချမှုပေးနိုင်မည်ဖြစ်ကာ ကုမ္ပဏီများအတွက်လည်း တရား၀င်ခွင့်ပြုမထားသော ပျိုးပင်မျိုးများတွင် ပြဿနာတစ်စုံတစ်ခုရှိပါက သူတို့ကိုယ်တိုင် တာ၀န်ယူရလိမ့်မည်။


စွေ့ချီချောင်းမှာ သေးငယ်သောအပြုံးကို ချိတ်ဆွဲထားခဲ့သည်။ CX-7မှာ နာမည်ကြီးနေပြီဖြစ်ရာ သူယခင်ကအပင်ပန်းခံခဲ့ရမှုများ အလဟသဖြစ်မသွားခဲ့ချေ။


ထိုအချိန်တွင် ဖုန်းတစ်ကော၀င်လာပြီး ၄င်းမှာ ကန်တင်းမှဖြစ်ကြောင်းတွေ့လျှင် သူကလက်ခံလိုက်သည်။

"ဘာကိစ္စရှိလို့လဲ…"


"ဘော့စ်စွေ့ ဒီနေ့ပြန်လာမှာလား"


စွေ့ချီချောင်းက ဘေးကို တစ်ချက်ကြည့်လိုက်ကာပြောသည်။

"စမ်းသပ်စိုက်ခင်းရဲ့ ရလဒ်တွေ ဒီနေ့ပဲထွက်ပြီ… ဒါပေမယ့် သုတေသနစင်တာက ဒါရိုက်တာယန်နဲ့ ညစာစားဖို့ ချိန်ထားတာရှိတယ်၊ ဘာလို့လဲ…"


"အဲဒါ ကလေးတွေလေ… သူတို့ မစားနိုင်မသောက်နိုင်နဲ့ ဆန္ဒတွေလည်းပြနေကြတယ်… သူတို့က ဘော့စ်ကန်တင်းပိုင်ရှင်အဖြစ်က နှုတ်ထွက်လိုက်ပြီပဲထင်နေတာ… ပြီးတော့ကန်တင်းက အဆိပ်အတောက် ဟင်းလျာတွေချက်တော့မယ်ချည်းပဲ ပြောနေကြတယ်…"


စွေ့ချီချောင်း"..."


ဒီကိစ္စက ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ...


စွေ့ချီချောင်းက တည့်သာပြောလိုက်သည်။

"ကန်တင်းမှာ အခုလောလောဆယ် ကျောင်းသားတွေရှိလား video callခေါ်ရအောင်…"


ကျိန်းသေပေါက် ကန်တင်းတွင် ကျောင်းသားများရှိသည်ပင်။ နေ့လည်စာစားချိန် မဟုတ်သေးသော်လည်း အတန်းမရှိသော ကျောင်းသားများမှာ ကန်တင်း၌ ခံစားချက်များကို လာရောက်ပေါက်ကွဲနေကြသည်။ 


ကန်တင်းမှ ၀န်ထမ်းမှာ ဖုန်းကိုကိုင်ထားလျက် 

အားလုံးမြင်သာအောင် ပြလိုက်သည်။


ဖုန်းမျက်နှာပြင်မှာ စွေ့ချီချောင်း၏ မျက်နှာကို မြင်သော် ကျောင်းသားများမှာ ၀ိုး ဟုအော်၍ ဖုန်းမျက်နှာပြင်နား စုပြုံလာခဲ့ကြသည်။ သူတို့မှာ နေ့လည်စာအတွက်စောင့်ရင်း ပျင်းလာသည်ဖြစ်၍ ဆန္ဒပြရန်ဆုံးဖြတ်ခဲ့ကြသည်။ ဘော့စ်စွေ့အားတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။


စွေ့ချီချောင်းမှာ စခရင်အနီးသို့ အနည်းငယ်တိုးကပ်လိုက်လျှင် ကန်တင်းမှ မိန်းမငယ်လေးများ၏ ခပ်တိုးတိုးအော်သံများ အစီအရီထွက်လာခဲ့လေသည်။


ထိုသို့အော်မိပြီးမှ သူတို့မှာ ရှက်ရှက်နှင့်ရယ်လိုက်မိကြသည်။


စွေ့ချီချောင်းမှာ သူတို့အား အတန်ကြာတည်ငြိမ်စွာကြည့်နေပြီးမှ ဆိုလိုက်သည်။

"နေ့လည်စာမီနူးက အရသာရှိတယ်…"

 

ထို့နောက်တွင် သူကဖုန်းကိုချလိုက်သည်။


ထို့နောက်တွင်ကား ကျောင်းသားများ၏ ဟေးခနဲအော်သံများ ညံသွားခဲ့လေသည်။


သူတို့မှာ စွေ့ချီချောင်းကိုမြင်သည်နှင့် အစားအသောက်တွင်ပြဿနာမရှိကြောင်း သိလိုက်ပြီဖြစ်သည်။

ဘော့စ်စွေ့ နှုတ်မထွက်မှတော့ အဆိပ်အတောက် ဟင်းလျာတွေ ဘယ်မှာ ရှိလာတော့မှာလဲ...


သို့နှင့် လူတိုင်း၏ရင်ထဲမှ အပူလုံးကြီးများ ကျဆင်းသွားကာ နေ့လည်စာအတွက် တက်ကြွစွာ တန်းစီလိုက်ကြသည်။


ထိုသတင်းမှာ ပျံ့သွားခဲ့ပြန်သည်။ ဤအကြောင်းအရာအားဂဃနဏ မသိသူများဆိုလျှင် ကျောင်းပြိုသွားပြီဟု ထင်ကြလိမ့်မည်။


ထမင်းခူးပေးရသည့် အန်တီကြီးက မက်မွန်ပုဇွန် အိုးကြီးကို ထုတ်လာခဲ့သည်။ ၄င်းမှာ ဤနေ့၏ အထူးဟင်းလျာအသစ်ပင်။


ဤဟင်းလျာတွင် အသီးတစ်မျိုးပါသော်လည်း

ဤမက်မွန်ပုဇွန်ဟင်းမှာ နီရဲလာသည်အထိ ကြော်ထားပြီး အတုံးသေးသေးလေးများတုံးထားခဲ့သည်။

ပုဇွန်မှာလည်း ပန်းရောင်လေးသန်းလျက် စားချင့်စဖွယ်ဖြစ်နေခဲ့လေသည်။


ပထမဆုံးလူမှာ သူ၏ဝေစုကိုရရှိခဲ့ပြီး ထိုဟင်းလျာအား တစ်လုတ်စားလိုက်သည်နှင့် အနည်းငယ်ကျန်ရှိနေသော ပူပန်မှုလေးမှာလည်း စိုးစိမျှမကျန်အောင် ပျောက်ကွယ်သွားတော့သည်။


သူကစပြတင်းပေါက်ဘေးတွင်ရပ်လျက် စားသောက်လိုက်သည်။ စားပြီးနောက် သူ့နောက်မှလူများအား သတင်းကောင်းကိုပေးလိုက်သည်။

"အရသာရှိတယ်…"


သေချာပေါက်ပင် ဘော့စ်စွေ့၏လမ်းညွှန်မှုအောက်တွင် ပထမကန်တင်း၏ အသီးဟင်းလျာမှာပင် ရှုံးနိမ့်ခြင်းမရှိခဲ့ချေ။ ထိုအစား အလွန်အရသာရှိလေသည်။


ကျောင်းသားများ၏ စတော်ဘယ်ရီစတူးကြောင့် ကျန်ခဲ့သည့် အကြောက်တရားများလည်း လွင့်ပြယ်သွားခဲ့သည်။ ဤကဲ့သို့ကောင်းမွန်သော ဟင်းချက်နည်းကို ကမ္ဘာသိအောင်ပင် တင်ပြသင့်သည်။ သူတို့က ပုဇွန်ကိုသန့်ရှင်းကာ အရည်ကိုစစ်လိုက်သည်။ ထို့နောက် ထောင်းထားသောကြက်သွန်ဖြူများနှင့်နယ်လျက် နီရဲလာသည်အထိကြော်ထားခဲ့သည်။ ထို့နောက်တွင် မက်မွန်သီးစိတ်လေးများကိုထပ်ထည့်လျက် မီးအေးအေးဖြင့် မိနစ်အနည်းငယ်ထပ်ကြော်ကာ အပေါ်မှ ဆားနှင့် ငရုတ်ကောင်းအနည်းငယ် ဖြူးလိုက်သည်။


မက်မွန်ပုဇွန်ကြော်မှ မက်မွန်သီး၏အချိုအရသာမှာ ပုဇွန်၏အရသာကို ဖုံးလွှမ်းမသွားဘဲ ထိုအစား မက်မွန်သီး၏ချိုမြိန်သော အနံ့အရသာက ပုဇွန်အသားထဲ စိမ့်၀င်သွားပြီး ဟင်းလျာကိုပို၍ အရသာရှိစေသည်။ ဆား ငရုတ်ကောင်းတို့နှင့်အတူ သကြား ၊ ခရုဆီ၊ ကြက်သွန်နီ၊ ပဲငံပြာရည်တို့၏အပေါင်းအစပ်ကလည်း အရသာကို ထူးကဲသွားစေသည်။


နူးညံ့ကာ ချိုမြိန်သော မက်မွန်းသီးစိတ်လေးများနှင့် အပြင်မှကြွပ်ရွပြီး အတွင်းမှနူးအိနေသောပုဇွန်တို့မှာ အလွန်လိုက်ဖက်သော အတွဲအစပ်ကိုဖန်တီးပေးခဲ့သည်။ နွေရာသီ၌ ဤဟင်းပွဲမှ ပြောမပြတတ်အောင်ပင် လန်းဆန်းကာ စားချင်သောက်ချင်စိတ်ကို နှိုးဆွပေးနိုင်လေသည်။


သို့သော် ပုဇွန်နှင့်ကြက်သွန်ဖြူ၏အရသာက အထင်ရှားဆုံးပင်။ ငရုတ်ကောင်း၏အရသာနှင့်အတူ ဟင်းလျာထဲမှ မက်မွန်သီးစိတ်လေးများကို စားလိုက်သည်နှင့် ၄င်းမှာ ဟင်းပွဲအတွက် ပို၍တောင့်သော မက်မွန်သီးများကို အထူးရွေးချယ်ထားမှန်း သိသာလှသည်။ လှိမ့်၍ကြော်လိုက်သောအခါ မက်မွန်သီး၏အချိုအရသာ အနည်းငယ်ပျောက်ဆုံးသွားသော်လည်း တခြားသောဟင်းခတ်မှုန့်အတွဲ အစပ်များနှင့် ထူးခြားသောအရသာကို ဖန်တီးပေးနိုင်ခဲ့သည်။ ဤဟင်းပွဲအား အမျိုးသမီးများက အထူးနှစ်သက်ကြလိမ့်မည်။ အဆီလည်းမများဘဲ စားရသည်ကိုလည်း မငြီးငွေ့စေပေ။ ထို့အပြင်ဟင်းပွဲ၏အပြင်အဆင်နှင့် အရောင်အသွေးမှ လှပသည်။ လှပလွန်း၍ ကန်တင်းအစားအသောက်နှင့်ပင် မတူချေ။

သို့သော်လည်း ထူးခြားစွာပင် ၄င်းမှာ ပထမကန်တင်းမှ ချက်ပြုတ်သော အစားအသောက်ဖြစ်လေသည်။


တစ်ပွဲကို ၅ယွမ်သာလျှင် ကျသင့်လေသည်။ တစ်ပွဲတွင်များစွာမပါသော်လည်း ပုဇွန်အား စနစ်တကျသန့်ရှင်းထားပြီး အရည်အသွေးမြင့် မက်မွန်သီးများလည်း ပါ၀င်သည်နှင့်ပင် ၄င်းမှာ ပေးရသည်နှင့်တန်လှသည်။


ဘော့စ်စွေ့ နှုတ်ထွက်တော့မည်ဟု ဖိုရမ်တွင်ပေါက်ကွဲခဲ့သော CUကျောင်းသားမှာ ဖိုရမ်တွင် တဖန်ပို့စ်တင်လာပြန်သည်။


'အသီးဟင်းက အရသာရှိလိုက်တာ၊ အကောင်းဆုံးပဲ၊ မျက်ရည်တောင်ကျတော့မလို့'


စွေ့ချီချောင်း၏ CX-7 ငရုတ်သီးများ တရား၀င်စိုက်ပျိုး တင်သွင်းခွင့်ကျလာချိန်၌ ကျောင်း၀န်းထဲမှ မက်မွန်သီးများ ရင့်မှည့်နေခဲ့ပြီဖြစ်ကာ ကျောင်းသားများမှာလည်း အသီးဟင်းမျိုးစုံကို စားဖူးခဲ့ပြီဖြစ်သည်။ ထို့အပြင် ၄င်းတို့မှာ သူတို့စားဖူးသမျှထဲတွင် အရသာအရှိဆုံးနှင့် အာဟာရအရှိဆုံး ဟင်းပွဲများဖြစ်ကြောင်းဆိုကြသည်။


CX-7ကို နန်ဟိုင်အသီးအရွက် သုတေသနစင်တာနှင့် မျိုးစေ့ကုမ္ပဏီတို့မှ စတင်ဖြန့်ချိခဲ့သည်။ မျိုးစေ့များ၏ ပထမအသုတ်မှာ စတိုးဆိုင်များတွင် ရောင်းချခဲ့သော်လည်း ၀ယ်ယူမှုက မများလှချေ။


ပထမအကြိမ်ဖြန့်ဝေမှုပြီးနောက် CX-7အစေ့များ နေရာအနှံ့တွင် စတင်စိုက်ပျိုးခံရတော့သည်။


၀ယ်ယူသူများမှာ ဖိုရမ်အသေးလေးတစ်ခု၏ လယ်သမားငယ်များ အမေးအဖြေကဏ္ဍတွင် အစေ့များ၏တင်သွင်းမှုကို ကိုယ်တိုင်တောင်းဆိုခဲ့သူများဖြစ်သည်။ 


CX-7မှာ စံထားရာဟုသတ်မှတ်နိုင်သည်။ စားသုံးသူများ၏ ၄င်းအပေါ် နှစ်သက်မှုနှင့် လက်ခံမှုနှုန်းမြင့်မားကာ မျိုးစေ့များတရား၀င်မတင်ပို့မီကပင် လူထုကြားထဲ နာမည်ကောင်းရှိခဲ့သည်။


လူအများစုမှာ ထိုမျိုးစေ့များ တရား၀င်စျေးကွက်ထဲ ရောက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။

သို့သော် ကျယ်ပြန့်လှသော တရုတ်ပြည်ကြီးတစ်ခုလုံးတွင် ထိုမျိုးစေ့အသစ်များကို စိုက်ပျိုးရဲသူကား နည်းပါးသည်ပင်။ ထို့အပြင် CX-7မျိုးစေ့၏ ပထမအသုတ်ဖြန့်ဝေမှုမှာလည်း နည်းပါးကာ ကျန်လူများ၀ယ်ချင်သည်ဆိုလျှင်တောင် ၀ယ်ခွင့်မရတော့ချေ။ သို့နှင့် ပထမအကြိမ် CX-7အား ယုံကြည်စွာ စိုက်ပျိုးရန်ရွေးချယ်ခဲ့သည့် လယ်သမားများမှာ ဤနှစ်တွင် အမြတ်ဆုံး ရလဒ်ကိုရရှိခဲ့ကြလေသည်။


မိသားစုနှင့် ကုမ္ပဏီအများစုမှာ ငရုတ်သီးများကို ၀ယ်ယူရာတွင် များသောအားဖြင့် မျိုးစိတ်ကို ဂရုစိုက်လေ့မရှိကြချေ။ ၄င်းက စိုက်ပျိုးသူအများစုက စိတ်ပူကြသောအရာဖြစ်ကာ ၄င်းမှာ သူတို့၏ ရိတ်သိမ်းမှုကိုသက်ရောက်စေနိုင်၍ဖြစ်သည်။ ရောင်းသူများအတွက်လည်း ၄င်းမှာ သူတို့၏ ရောင်းအားကို သက်ရောက်စေသည်ဖြစ်၍ ဂရုစိုက်ကြသည်ပင်။


စားသုံးသူအများစုမှာ ကုန်၏အရည်အသွေးကို ကြည့်လျက် စျေးသည်များ၏ထောက်ခံမှုများကို နားထောင်ကြသည်။ သူတို့ကား မျိုးစိတ်ထက် ကုန်အမျိုးအစားကိုသာ ကြည့်လေသည်။ ဥပမာအားဖြင့် ၀ယ်သူများမှာ သူတို့နှစ်သက်သော ပျိူးငရုတ် သို့မဟုတ် ငရုတ်နီများ ၊ ပြည်တွင်းထွက် ငရုတ် သို့မဟုတ် ပြည်ပငရုတ် ဟူ၍ ရွေးချယ်လေ့ရှိကြသည်။


CX-7 ကမူ ကွဲပြားလေသည်။ ၎င်းက CUတွင် နာမည်ကြီးပြီး ပထမကန်တင်းမှာ ပို၍ပင်နာမည်ကြီးသေးသည်။ သတင်းပေါ်တွင်လည်း မကြာခဏပါလာတတ်သည်။


ထိုမျိုးစေ့ကိုစောင့်နေကြသော CUကျောင်းသားများနှင့် ပြည်သူများမှာ ဆူညံနေကြဆဲပင်။ ထို့ကြောင့်ပင် ငရုတ်မျိုး၏ အမည်မှာ ပို၍လူသိလာခဲ့သည်။ CX-7မှာ CUကန်တင်း၏ ငရုတ်သီးမျိုးဖြစ်ကာ အနာဂတ်၌ပင် လူအများမှာ CU၌ စိုက်ပျိုးရေးမေဂျာရှိပြီး CX-7မှာ CUမှာထုတ်ခဲ့သောမျိုးစိတ်ဟု ထင်ခဲ့ကြလေသည်။ 


သို့နှင့် လူတိုင်းက CX-7မှာ CUမှနာမည်ကြီး ငရုတ်သီးဖြစ်ကာ မကြာခင်၌ တရား၀င်ဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရှိသွားတော့သည်။ ၄င်းမှာ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသည်ဖြစ်၍ လူအများမှာလည်း ၀ယ်ယူ၍ရမည့်နေရာအား မေးမြန်းကြတော့သည်။


ကုန်ပစ္စည်း၏ ပေါ်ပြူလာဖြစ်မှုမှာ ကုန်ပစ္စည်း၏ စျေးနှုန်းနှင့်ညီမျှလေသည်။ CX-7မှာ စိုက်ပျိုးစဥ်ကပင် အလွန်တည်ငြိမ်သော ပျိုးပင်မျိုးဖြစ်သည်။ ကူးစက်ရောဂါနှင့် အဖျက်ပိုးများကို ဂရုစိုက်ပေးရုံဖြင့် CX-7၏ အရည်အသွေးနှင့် ရိတ်သိမ်းမှုက အလွန်ကောင်းမွန်နေခဲ့ပြီဖြစ်သည်။ ဤနှစ်၌ စိုက်ပျိုးမှုနှုန်းက အလွန်နည်းပါးသဖြင့် CX-7မှာလည်း ထိုးတက်သွားတော့သည်။


မျိုးစေ့၏ပထမအသုတ်မှာ စျေးကွက်သို့၀င်လာသည်နှင့် ရလဒ်မှာ အလွန်ကောင်းမွန်လှသည်။ ကုန်ပစ္စည်း၏ အမည်မှာ အလျင်အမြန်ကြီးထွားလာပြီး သူ၏ရလဒ်ကိုလည်းဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ၀ယ်ယူသူများမှာ CX-7ဟူသည့်အမည်ကိုကြားသည်နှင့် တခါမှမစားဖူးသည့်တိုင် ၀ယ်ယူရန်ဆန္ဒရှိကြသည်။


ထိုအချိန်မှာပင် CU၏ တရား၀င် ဝေ့ပေါ်မှ CX-7နှင့်ချက်သည့် ငရုတ်ဆီနှင့်အတူ တခြား ချက်ပြုတ်နည်းတချို့ကိုလည်းတင်ပေးခဲ့ရာ ၀ယ်ယူသူများကိုလည်း အထူးတက်ကြွလာစေခဲ့သည်။ 


ရသာရုံတောအုပ်လေးကလည်း ၀င်ရောက်လာပြီး မီးထဲသို့လောင်စာထပ်ဖြည့်ပေးခဲ့သည်။ သူတို့အနေနှင့်လည်း CX-7ကို စမ်းသပ်ခဲ့ပြီးပြီဟုဆိုကာ

'သူတို့ကိုထိန်းချုပ်နိုင်ဖို့ နိုင်ငံခြားသားတွေဆီက သင်ယူထားတာ'ဟုလည်းဆိုခဲ့သေးသည်။


၄င်းမှာ အညှိုးကြီးမားခြင်းကြောင့်လည်း မဟုတ်ချေ။ လူအများမှာ ရသာရုံတောအုပ်အား လှောင်ပြောင်ရင်း မီးလောင်ရာလေပင့်လိုက်ကြပြန်သည်။


ရိတ်သိမ်းချိန်၌ CX-7၏ရောင်းအားနှင့်စျေးနှုန်းက တက်လာလေ တောင်းဆိုချက်များက များလာလေပင်။


တချို့ လုပ်ကိုင်ရဲသူများက မိမိတို့ ပျိုးခင်းတစ်ခုလုံး CX-7တို့ဖြင့်ဖြည့်ထားခဲ့သည်။ မလုပ်ရဲခဲ့သူများက ဆုံးရှုံးခဲ့ကြသည်ပင်။ CX-7ပထမအသုတ်မှ မျိုးစေ့များကို ၀ယ်ယူနိုင်ခဲ့သော စိုက်ပျိုးရေးသမားများမှာ နောက်ဆုံးတွင် ပြုံးရွှင်နိုင်သူများဖြစ်လေသည်။


သို့ဖြစ်၍ နောက်နှစ်တွင် CX-7အားပို၍ တိုးချဲ့စိုက်ပျိုးလာကြသည်။ သို့တိုင်အောင် ၀ယ်စျေးနှင့် ၀ယ်လိုအားမှာလည်း ကျမသွားခဲ့ချေ။


ထိုသို့ ရည်ရွယ်၍ဖြစ်သေ မရည်ရွယ်၍ဖြစ်စေ ကြော်ငြာပေးမှုများအလုံးစုံနှင့် စားသုံးသူများအကြားတွင် CX-7မှာ အထူးမျိုးစေ့တစ်ခုဖြစ်လာခဲ့တော့သည်။ ထို့ကြောင့် မျိုးစေ့များ၀ယ်ယူကြချိန်တွင် ငရုတ်နီ၊ ငရုတ်စိမ်း၊ ငရုတ်ခြောက်တို့နှင့်အတူ CX-7ကို မပါမဖြစ်၀ယ်ယူကြတော့သည်။ အဓိပ္ပါယ်သည်ကား CX-7မှာ ကိုယ်ပိုင် မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရခြင်းဖြစ်သည်။



🌱🌱🌱