Chapter 35 (Arc 1- End)
Viewers 3k

🌱Arc 1- END [ ကျောင်းတွင် လယ်စိုက်ခြင်း ]

Ch 35 

ဒီလူတွေက စိုက်ပျိုးရေးအကြောင်းကို တစ်စက်မှ နားမလည်ဘူးပဲ... (၂)



ထိုအချိန်တွင် CX-7မှာ နိုင်ငံတော်အဆင့် ကော်မတီထံမှ အကဲဖြတ်မှု အောင်မြင်သည်ဟူသည့် သတင်းမှာ အရသာရှိနှင့်ပြီဖြစ်သည့် ကိတ်ပေါ်မှ အလှဆင်လိုက်သည့်နှယ်။


ဤသည်မှာ စွေ့ချီချောင်း၏ CXတက္ကသိုလ်တွင်နေထိုင်သည်မှာ တတိယနှစ်သာရှိသေးသော်လည်း ပထမကန်တင်းတွင် သူရင်းထားသည်ထက် အဆပေါင်းများစွာ ပြန်ရနေပြီဖြစ်သည်။


မှတ်ဉာဏ်တုလေယာဉ်တစ်ခုစီက သီခြားဖွဲ့စည်းထားကာ တာ၀န်ရှိပုဂ္ဂိုလ်တစ်ဦးစီကသာ ထိန်းချုပ်ခွင့်ရှိလေသည်။ တစ်စုံတစ်ယောက်က မှတ်ဉာဏ်တုလေယာဉ်ထဲ၀င်သွားသည်နှင့် ကုမ္ပဏီမှ ဆန္ဒရှိသလို ပိတ်ပစ်၍ မရတော့ပေ။ ပုံမှန်အားဖြင့် နယ်မြေတစ်ခုစီသို့ သရုပ်ဆောင်နှစ်ယောက်ကို အတူတကွပို့လေ့မရှိပဲ တစ်ခုစီတိုင်း အမျိုးအစား၊ စတိုင်နှင့် အခြားခြားသော ကွဲပြားမှုများရှိလေသည်။


သရုပ်ဆောင်မှာ မှတ်ဉာဏ်တုလေယာဉ်မှထွက်လာသည်နှင့် သူအသုံးပြုခဲ့သော ဇာတ်ရုပ်သည်လည်း နားလည်လက်ခံလောက်သည့် အကြောင်းပြချက်တစ်ခုနှင့်အတူ ပျောက်ကွယ်သွားမည်ဖြစ်သည်။ 


ဤနေရာတွင် နှစ်အနည်းငယ် အချိန်ဖြုန်းပြီးသည့်နောက် စွေ့ချီချောင်းမှာ မျှော်လင့်ထားသည်ထက် ကျော်လွန်၍ သံယောဇဥ်တို့တွယ်ညိနေခဲ့ချေပြီ။ အတုအယောင်ဒေတာများက ဤမျှစစ်မှန်စွာ သူ့အား လှုံ့ဆော်နိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့မိချေ။


၄င်းမှာ CUကျောင်းသားများပင်ဖြစ်စေ၊ ဆရာ ဆရာမများပင်ဖြစ်စေ၊ ကန်တင်းမှ၀န်ထမ်းများပင်ဖြစ်စေ၊ စွေ့မိသားစု၀င်များပင်ဖြစ်စေ သို့မဟုတ် ကြောင်ရူးလေး ရှောင်ပိုင်ပင်ဖြစ်စေ သူသည်ကား အားလုံးကို အလွန်သဘောကျမိသည်။


အမြတ်ငွေများကို လက်တွေ့ဘဝသို့ ယူလာ၍မရသဖြင့် စွေ့ချီချောင်းမှာ ရာခိုင်နှုန်းအချို့ကို ကျောင်းသို့လှူ၍ အချို့ကို ကန်တင်းတွင်ရန်ပုံငွေအဖြစ်ထားခဲ့ကာ ကျောင်းသားများအတွက် အနာဂတ်တွင် အသီးအရွက်များ၀ယ်နိုင်စေရန် စီစဥ်ပေးခဲ့သည်။ သူ့အနေနှင့် CUမှကျောင်းသားများမှာ အဆိပ်အတောက် ဟင်းလျာများကို မည်သည့်အခါမှ ထပ်မစားရစေရန် မျှော်လင့်လေသည်။


သိပ်မကြာမိီမှာပင် စွေ့ချီချောင်း၏ CUတွင် နောက်ဆုံးနေရသည့် လေးနှစ်မြောက်နှင့် မှတ်ဉာဏ်တုလေယာဉ်အဆုံးသတ်သည့် နေ့သည်လည်း ရောက်ရှိလာတော့သည်။


သူ၏နောက်ဆုံးနေ့ မနက်ခင်းတွင် နွေးထွေးသော နေရောင်က သူ၏တိုက်ခန်းအား လွှမ်းခြုံထားခဲ့သည်။ ကြောင်အိပ်ယာတွင်အိပ်နေသော ရှောင်ပိုင်မှာ အပျင်းဆန့်လျက် နိုးထလာခဲ့သည်။ စွေ့ချီချောင်းမှာ နိုးမလာသေးပေ။ ကြောင်တစ်ကောင်အတွက် အဆိုပါနူးညံ့သောမွေ့ယာက မာကျောသော ကြောင်အိပ်ယာထက်ပို၍ ဆွဲဆောင်မှုရှိနေခဲ့လေသည်။


သို့သော်လည်း စွေ့ချီချောင်း၏ ခွင့်ပြုချက်မပါရှိပဲ ရှောင်ပိုင်မှာ အလွန်ဆုံးမှ ထိုနူးညံ့သော မွေ့ယာအား လက်ကလေးတစ်ဖက်ဖြင့် အသာဖိရုံသာလျှင် တင်ရဲလေသည်။ ထို့နောက်တွင် စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်သို့ခုန်ဆင်းလိုက်ပြီး စွေ့ချီချောင်းအား မကျေမနပ်သော အသံဆိုးကြီးဖြင့်အော်နှိုးလိုက်လေသည်။


စွေ့ချီချောင်းမှာ တစ်ဖက်သို့လှည့်လာပြီး လက်ကိုဆန့်လျက် ရှောင်ပိုင်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

၄င်းမှာရှောင်ပိုင်အား ရပ်တန့်သည့် ခလုတ်ကိုနှိပ်လိုက်သည့်နှယ် သူကထိုင်ချလျက် အော်ဟစ်ခြင်းကို ရပ်တန့်လိုက်သည်။


ထို့နောက်တွင် သူနှင့်ကြောင်အတွက် မနက်စာကို ပြုလုပ်လိုက်ပြီး အတူတကွကျောင်းသို့ ချီတက်လိုက်ကြသည်။


CUကျောင်း၀န်းတွင် ဒေါင်လိုက်နည်းပညာဖြင့်စိုက်ပျိုးထားသော အပင်များဖြင့်စိမ်းစိုနေခဲ့သည်။ မြေကြီးပေါ်တွင် မြက်တစ်ပင်တွေ့သည်နှင့် ၄င်းအား ငြမ်းကလေးဆင်ပေးလိုက်လိမ့်မည်။ ထိုငြမ်းစင်ကလေးများမှာ စတော်ဘယ်ရီပင်များစိုက်ရန်လည်း အသုံးပြုခဲ့ဖူးကာ ၀န်ထမ်းများအားလည်း ရေလောင်းရန်ပိုမို လွယ်ကူစေသည်။ ကျောင်း၏ အလိုအလျောက် ရေလောင်းသည့်စနစ်ကိုလည်း ပထမကန်တင်းမှ လှူဒါန်းပေးထားလေသည်။ ကျောင်း၏အဆောက်အဦးတိုင်းနီးပါးတွင် တွယ်တက်နိုင်သည့် အစိမ်းရောင်အပင်လေးများဖြင့်ဖုံးလွှမ်းနေခဲ့သည်။ အမိုးနှင့် ၀ရံတာများပင် မချန်ပေ။


မနက်စာစားချိန်၌ပင် CUကန်တင်းမှာ လူများတိုးကြိတ်နေခဲ့ပြီဖြစ်သည်။ နှစ်အချို့ခန့်ထောက်ပံ့ပေးခဲ့ပြီးနောက် ယခုဆိုလျှင် ကန်တင်း၌ ထမင်းတစ်နပ်စီတွင် ဟင်းလေးမျိုးစီ ရွေးချယ်ခွင့်ရှိနေပြီဖြစ်သည်။


မနက်စောစောတွင် ကြက်ဥပေါင်း၊ ဆန်ပြုတ်၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဂျုံချောင်းကြော်၊ ပန်ကိတ်နှင့် အသီး အစသဖြင့် အားလုံးနီးပါးရရှိနိုင်သည်။ နေ့လည်စာအတွက်မူ ဒေသထွက်မုန့်များနှင့် ပါ၀င်ပစ္စည်းများကိုသုံးထားသည့် ဟင်းလျာများကို တည်ခင်းလေ့ရှိသည်။


CU ကန်တင်းမှာ ယခင်က အဆိပ်အတောက်စားဖွယ်များ ချက်ပြုတ်သည့်စားဖိုဆောင် အဖြစ်မှ နယ်ပယ်အတွင်း ထိပ်တန်းလူကြိုက်အများဆုံး စားဖိုဆောင်တစ်ခုဖြစ်လာခဲ့လေသည်။ ထို့အပြင် နန်ဟိုင်၏ အထင်ကရနေရာတစ်ခုအဖြစ်လည်း ပါ၀င်လာခဲ့သည်။ နှစ်ကုန်ပွဲများရောက်တိုင်း CUတက္ကသိုလ်မှာ အလွန်နာမည်ကြီးလှသည်။ လည်ပတ်သူတို့မှာ ကျောင်းပွဲကိုရောက်လာသည်လား မုန့်စျေးတန်းသို့ရောက်လာသည်လား ခွဲခြားမရသလို ခံစားရလိမ့်မည်။ 


စွေ့ချီချောင်းမှာ ရှောင်ပိုင်အား ကန်တင်းမှ ၀န်ထမ်းများကို နှုတ်ဆက်ရန်ခေါ်သွားခဲ့သည်။


"အိုး... ဒီနေ့ရှောင်ပိုင်ကိုကြည့်ရတာ အိပ်ရေးမဝပုံပဲ ဘော့စ်စွေ့ ပုခုံးပေါ်တန်းလန်းကြီးပါလား…"


ယခင်က ရှောင်ပိုင်အား အိမ်ထောင်ဖက် ရှာပေးဖူးသူ စားဖိုမှူးကြီးကဆိုလာခဲ့သည်။

"အရမ်းလိမ္မာတာပဲ…"


ရှောင်ပိုင်မှာ လိမ္မာသည်ဟု အများကသိကြသည်။

ဘော့စ်စွေ့မှာ သူ့အားထွေထွေထူးထူး သင်ကြားစရာမလိုခဲ့ချေ။ ထို့အပြင် စွေ့ချီချောင်းမှာ ထိုကြောင်အား တစ်ခါမှ ဆူပူနေသည်ကိုလည်း မကြားဖူးခဲ့ကြပေ။

ထိုကြောင်ကလေးမှာ အပြင်ဘက်တွင် အိမ်ထောင်ဖက်ရှိနေပြီလားမသိသော်လည်း ထို့သို့ဆိုလျှင်ပင် သူ၏ ဘဲကျောင်းသည့်အလုပ်ကို ပျက်ကွက်မည့်ဟန်မရှိချေ။

ထို့အပြင် အပြင်ဘက်၌ ကြောင်မများနောက်ကို လိုက်မနေဘဲ အိမ်ကို အမြဲတန်းတန်းမတ်မတ်ပြန်လာလေ့ရှိသည်။ 


"ကြောင်တွေက ဒီလိုပဲ အိပ်ချင်စိတ်အတော်များတယ်လေ…" 

စွေ့ချီချောင်းကဆိုလိုက်သည်။


ရုံးခန်းကိုရောက်လျှင် စွေ့ချီချောင်းမှာ ယခင်က တောင်ကုန်းလေးတွင်စိုက်ပျိုးခဲ့ပြီး အခြောက်လှမ်းထားသော ဂျင်ဆင်းများထည့်ထားသည့် ဘူးကိုဖွင့်လိုက်သည်။


ပုံမှန်အားဖြင့် ဂျင်ဆင်းများကို ရိတ်သိမ်းရန် ၆နှစ်ခန့် စောင့်ရလေ့ရှိသည်။ အကယ်၌ စိုက်ပျိုးနည်းစနစ် ကောင်းမွန်ပါက အဆိုပါကြာချိန်အား လျှော့ချနိုင်လေသည်။ စွေ့ချီချောင်းမှာ ထိုဂျင်ဆင်းများကို ရိတ်သိမ်းနိုင်ရန် လေးနှစ်ခန့်သာ အချိန်ယူခဲ့ရသည်။ သူကိုယ်တိုင် ၄င်းတို့ကို နေလှန်းကာ ထုပ်ပိုးပြင်ဆင်ပြီးနောက် ထွက်သွားမည့်နေ့၌ပင် ဦးလေးစွေ့အားပို့ပေးခဲ့သည်။


ဤသည်မှာ စွေ့မိသားစုအတွက် သူ၏လက်ဆောင်ပင်။ သူတို့က ငွေကြေးပြည့်စုံသည့်အတွက် သူ၏အမြတ်ငွေများကို CUကန်တင်းတွင်သာ ထားခဲ့လိုက်သည်။ သို့သော်သူစိုက်ပျိုးသော ဂျင်ဆင်းက အကျိုးများစွာရှိကာ တောထဲတွင်ပေါက်သည့် ရှားပါးဂျင်ဆင်းရိုင်းများနှင့် အတူတူပင်။ ဖေဖေစွေ့ မေမေစွေ့နှင့် ဦးလေးစွေ့တို့မှာ မငယ်ကြတော့၍ တစ်နေ့တွင် ဂျင်ဆင်းက အလွန်အသုံး၀င်လာလိမ့်မည်။


စွေ့ချီချောင်းမှာ သူ၏ပစ္စည်းများကိုသိမ်း၍ ထမင်းစားခန်းထဲမှ ကျောင်းသားများကိုကြည့်ကာ အပြုံးဖြင့် ခေါင်းတစ်ချက်ညိတ်လိုက်မိသည်။ ထို့နောက် ဥက္ကဌရုံးခန်းကို ဦးတည်သွားလိုက်သည်။

"ဦးလေး ဒါ နေလှန်းထားတဲ့ ဂျင်ဆင်းတွေ… အိမ်ကလူကြီးတွေအတွက်…"


ဥက္ကဌစွေ့မှာ ဘူးကိုလက်ခံလျက် ဖွင့်ကြည့်လိုက်သည်။ အိမ်၌ဤကဲ့သို့ ပစ္စည်းများစွာရှိသည်ပင်။ သို့သော် သူ၏တူလေးမှ ကိုယ်တိုင်စိုက်၍ ပေးသော ဂျင်ဆင်းများနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။


"ဟားဟား... မင်းက တကယ်ကြိုးစားတာပဲ… ဒါနဲ့ မင်းဘယ်တော့ မင်းရဲ့ မိသားစုကို နှုတ်ဆက်မှာလဲ သွားတော့မှာမလား…"


စွေ့ချီချောင်းမှာ ရုတ်ချည်းတုန့်ဆိုင်းသွားလျက် ခေါင်းကိုခါလိုက်ကာပြောသည်။ 


"ကျွန်တော် လွန်ခဲ့တဲ့ တစ်ပါတ်ကမှပြန်ရောက်တာလေ၊ ကျွန်တော်စာပဲရေးခဲ့ တော့မယ်… တိုက်ရိုက်ကြီး မျက်နှာချင်းဆိုင်ပြီး နှုတ်မဆက်ချင်လို့…"

ထို့သို့မဟုတ်ပါက မေမေစွေ့မှာ သနားစဖွယ်ငိုယိုလိမ့်မည်။ သူမက ဒေတာတချို့သာဖြစ်သော်လည်း စွေ့ချီချောင်းမှာ သူမမျက်ရည်များကို မမြင်လိုပေ။


"ဟုတ်ပါတယ်လေ…ဒီဦးလေးက မင်းရဲ့အနာဂတ်သာယာဖို့ဆုတောင်းပေးမယ်…"

ဥက္ကဌစွေ့က လက်နောက်ပစ်ကာ ဆိုလိုက်သည်။


ဦးလေးစွေ့၏ထိုစကားကိုကြားလျှင် စွေ့ချီချောင်းရင်ထဲ တမျိုးခံစားလိုက်ရသည်။ ထို့နောက် သူ့ပုခုံးပေါ်မှ ရှောင်ပိုင်အား နောက်ဆုံးတစ်ချက်ကြည့်လျက်ရာ ထိုရူးကြောင်ကြောင် ကြောင်ကလေး၏မျက်လုံးများထဲ ပျော်ရွှင်မှုတချို့အား ရှာတွေ့လိုက်သလိုပင်။ 


ငါ့ဆီက‌နေနောက်ဆုံးတော့ လွတ်မြောက်ခွင့်ရပြီလို့များ ခံစားလိုက်ရလို့လား...


ထို့နောက် ရုတ်ချည်းဆိုသလိုပင် သူ့တစ်ကိုယ်လုံး အမှောင်ထုထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရလေသည်။


.......


"မစ္စတာစွေ့ ရှင်အဆင်ပြေရဲ့လား…"

လင်းလင်း၏ အသံခပ်တိုးတိုးအား ကြားလိုက်ရသည်။


စွေ့ချီချောင်းမှာ သူ့မျက်လုံးကိုဖွင့်လိုက်ပြီး ပတ်၀န်းကျင်မှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။


"ကျွန်တော့်ကို ရေတစ်ခွက်ပေးပါလား… ကျေးဇူးတင်ပါတယ်…"

ရေနွေးနွေးတစ်ခွက်ကို သောက်ပြီးနောက် စွေ့ချီချောင်း ထရပ်လိုက်သည်။ သူ၏တောင့်တင်းနေသော ကိုယ်လက်တို့ကိုလှုပ်ရှားလျက် လင်းလင်းအားကြည့်လိုက်သည်။


"ကျွန်တော့်အထင်တော့ ကျွန်တော့်ရဲ့ ရှေ့နေနဲ့စကားပြောပြီးပြီထင်တယ်…"


လင်းလင်း၏မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ်တောင့်တင်းသွားခဲ့သည်။ သေချာပေါက်ပင် စွေ့ချီချောင်း၏အမျိုးသမီးကြိုက် ဇာတ်လမ်းအမျိုးအစား ထုတ်လွှင့်မှုက ကြည့်ရှူသူဦးရေ ထိပ်ဆုံးတွင်ရှိသော်လည်း ကြည့်ရှူသူများ၏ မကျေနပ်မှုကလည်း မြင့်မားသည်ပင်။ သူတို့မှာ အစပိုင်းတွင် LJJကုမ္ပဏီ၏အရူးလုပ်ခြင်းကို ခံခဲ့ရသည်။


"ဟီး ဟီး ဟီး… မစ္စတာစွေ့ကတော့ အင်ပါယာသွေးမျိုးဆက် နိုးထလာတဲ့သူလို့ မပြောရဘူးပဲ…" 

လင်းလင်းမှာ ထိုစကားကိုသာဆိုနိုင်သည်။


"စိတ်မကောင်းပါဘူး…"

ထိုလေသံက ပုံရိပ်ယောင်နယ်မြေအား မိမိဆန္ဒရှိသလို ကျေနပ်လောက်သည်အထိစိုက်ပျိုးရေး လုပ်ခဲ့သူတစ်ဦး၏ အမှန်တကယ် ရှက်ရွံ့မှု အားနာမှုများ ပါရှိသည်လား မသေချာပေ။


"ပြောစရာ မလိုပါဘူး… ကျွန်မမစ္စတာစွေ့ကို လေးစားမိပါတယ်…တကယ်ကြီး လေးနှစ်လုံးလုံး တစ်ယောက်နဲ့မှ မဒိတ်ခဲ့ဘူးပဲ… တစ်ယောက်နဲ့မှ အီစီကလီလည်း မရှိခဲ့သလို… ဘာလိုလို ညာလိုလို ပတ်သတ်မှုမျိုးလည်း မရှိဘူးနော်…အဲဒီလောက် ကျောင်းသားတွေအများကြီးနဲ့ ဆရာတွေက ရှင့်အပေါ် ခံစားချက်တွေ ထုတ်ပြခဲ့တာတောင်မှပဲလေ…" 

လင်းလင်းက ဆိုလိုက်သည်။ အကယ်၍ ထုတ်လွှင့်မှုက အဆုံးသတ်ခါနီးပြီကိုသိလျှင် ပရိတ်သတ်များမှာ မည်သို့တုန့်ပြန်လိမ့်မည်ကို တွေးကြည့်ရုံဖြင့်ပင် သူမမှာ ရယ်ချင်လာမိသည်။


သူမမှာ ယမန်နေ့က ထုတ်လွှင့်မှုအပိုင်း၏ ကောမန့်များကို သွားဖတ်ကြည့်ခဲ့သည်။ နောက်ဆုံးတစ်ပိုင်းသာကျန်တော့သည်ဖြစ်ရာ မည်သူကမျှ မှော်ဆန်ဆန်ဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် လင်းလင်းက ကြိုတင်သတင်းကိုလွှင့်ထားခဲ့၍ ဤကဲ့သို့အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သည်။


[ဟီး ဟီး ဟီး… ဒီလောက်ထိ ငယ်ရွယ်နုပျိုပြီး ရင်ခုန်စရာကောင်းတဲ့ ကျောင်း၀န်းထဲမှ အချစ်ကို ရှာမတွေ့ခဲ့ဘူးဆိုတော့ စွေ့ချီချောင်းကို ဂုဏ်ပြုပါတယ်…]


[နောက်ဆိုးတော့ ဒီအကျိုးနဲ ထုတ်လွှင့်မှုကိုကြည့်ပြီး 

ငါ့အလေးချိန် ၁၅ဂျင်လောက်တိုးလာခဲ့ပြီ…]


[ငါကြားတာကတော့ စွေ့ချီချောင်းရဲ့ အောင်မြင်မှုကြောင့် LJJကုမ္ပဏီကဆွံ့အသွားလို့ နောက်တစ်ကြိမ် အမျိုးသားကြိုက်ကဏ္ဍမှာ သွားပြိုင်တော့မယ်တဲ့…]


[ဘယ်လို ငါထင်တာက LJJ က အကြိမ်တစ်ရာလောက် ဖုတ်ထားတဲ့ သံမဏိချောင်းကြီးကို ပျော့သွားအောင် လုပ်နိုင်ပြီလို့ ထင်ခဲ့တာလေ… ဘာလို့ နောက်ထပ်ထုတ်လွှင့်မှုက အမျိုးသမီးကြိုက်မဟုတ်တာလဲ…]


[ ရူးများနေကြလား… သူက ကျောင်းလိုနေရာမျိုးမှာတောင် မဒိတ်ခဲ့တာကို အမျိုးသားအကြိုက်ထုတ်လွှင့်မှုမှာ မောင်းမဆောင်ကို ဘယ်လိုသိမ်းပိုက်နိုင်မှာလဲ… သူလုပ်ခဲ့တာက တို့အရှေ့တိုင်းပရိတ်သတ်တွေအတွက် လက်ခံနိုင်စရာရှိပေမယ့် အနောက်တိုင်း ပရိတ်သတ်တွေက လက်ခံနိုင်မယ်ထင်နေလား… သူက ရှစ်နှစ် ဆယ်နှစ်လောက်ကို လယ်စိုက်ကာ ရေသွင်းတာနဲ့ အချိန်ကုန်သွားမှာ…]


[အရှေ့တိုင်းက အမျိုးသားကြိုက်ပရိတ်သတ်တွေလည်း စွေ့ညီအစ်ကို အလှလေးတွေ သိမ်းပိုက်တာကို မြင်ချင်တယ်လို့...]


[ငါဂရုမစိုက်ဘူး… ငါသူ့ရဲ့ အမျိုးသားကြိုက်ထုတ်လွှင့်မှုကိုကြည့်မှာ ၊ ငါ့အဖေကိုလည်း ငါနဲ့အတူ လိမ်ပြီး ကြည့်ခိုင်းဦးမှာ QAQ]


[အမျိုးသားထုတ်လွှင့်မှုက ကြည့်ရှူသူတွေအတွက် ကြိုပြီး ဂုဏ်ပြုပါတယ်နော် ဟီး ဟီး ဟီး…]


လင်းလင်းမှာ ထိုကောမန့်များအကြောင်း စဥ်းစားနေစဥ် စွေ့ချီချောင်းပြောသည်အား ကြားလိုက်ရသည်။


"ရှောင်ပိုင် ဘာဖြစ်သွားလဲသိလား… ကျောင်းကကြောင်လေးလေ အဲဒါ မင်းတို့ကုမ္ပဏီက bugလား ဒါမှမဟုတ် ကျွန်တော့်ကို ကြိုတင်အသိမပေးထားတဲ့ဟာလား…"


"ရှောင်ပိုင်လား…" 

လင်းလင်းက ရုတ်ချည်းနိုးထလာခဲ့သည်။


"ဟုတ်သား ရှောင်ပိုင်ကလေ ကျွန်မတို့ နည်းပညာဌာနက ဒီပြဿနာကို အဖြေရှာနေပေမယ့် ထူးထူးဆန်းဆန်းပဲ ဘာရလဒ်မှ ထွက်မလာဘူးရယ်… ကျွန်မတို့အနေနဲ့ ဖြစ်နိုင်ချေတွေကို စဥ်းစားနေတုန်းပါပဲ ကျွန်မအထင်တော့ LJJက ဆာဗာတွေမှာ အမှားအယွင်းနည်းနည်းဖြစ်သွားတာဖြစ်မယ်…"


စွေ့ချီချောင်းမှာ တွေးတောလျက်ဆိုလိုက်သည်။

"ကျွန်တော် ရှောင်ပိုင်ကို တကယ်သဘောကျတယ်… တကယ်လို့ သူ့ကိုဖြေရှင်းလို့မရရင်လည်း သူ့ရဲ့ဒေတာကို ကူးယူပြီး နောက်ထပ်ကျွန်တော်သွားမယ့် မှတ်ဉာဏ်တုလေယာဉ်ပေါ်ကို ပို့ပေးလို့ရမလား…"


ထို့နောက်တွင် လင်းလင်း၏ အမူအယာကို အကဲခတ်ရင်း သူကဆိုလိုက်သည်။

"တကယ်လို့ သဘောတူတယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း တချို့အခြေအနေလေးတွေကို သဘောတူပေးနိုင်ပါတယ်…"


"မလိုပါဘူး…"

လင်းလင်းက ရယ်လိုက်သည်။

"ရှင်က ရှင့်ပုံစံအတိုင်းနေရင်ရပါပြီ… လူကြီးမင်းစွေ့ ရှင်ကတော့ မသိလောက်ပေမယ့် ရှင်ပါ၀င်ထားတဲ့ ပုံရိပ်ယောင် အစစ်အမှန်ရှိုးက အခုအရမ်းပေါက်သွားတာလေ…"


မူလကမူ ရှောင်ပိုင်၏ ဒေတာကိုစစ်ဆေးရမည်ဖြစ်သော်လည်း ၄င်းက ထုတ်လွှင့်မှုကို အနှောင့်အယှက်မဖြစ်စေသည့်အပြင် စွေ့ချီချောင်းကလည်း ကြည့်ရှူသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ကြော်ငြာကမ်းလှမ်းချက်များမှာလည်း အတော်လေး ထိုးတက်သွားခဲ့ခြင်းပင်။ ၄င်းမှာ လင်းလင်း မူလကစိတ်ကူးထားသည်နှင့် လုံးဝကွဲပြားသွားသော်လည်း အစားအသောက်နှင့် စိုက်ပျိုးရေး မျိုးစေ့များရောင်း၀ယ်ရေး ကုမ္ပဏီများက သူတို့အား ကြော်ငြာအများအပြား ကမ်းလှမ်းလာခဲ့သည်။


တစ်နည်းဆိုရလျှင် စွေ့ချီချောင်းကို မျက်နှာသာပေးခြင်းမှာ ဆုံးရှုံးမှုမရှိချေ။ LJJကုမ္ပဏီမှာ သူတို့၏ဆုံးရှုံးမှုအတွက် တွက်ချက်ခြင်းကို ရပ်တန့်လိုက်သည်မှာ ကြာလေပြီဖြစ်သည်။ တကယ်တမ်းတွင် သူတို့၌ အမှန်တကယ်ဆုံးရှုံးမှု ဟု၍လည်း မရှိခဲ့၍ပင်။ ထိုအစား အမြတ်အများအပြားကိုပင် ရရှိခဲ့သေးသည်။


စွေ့ချီချောင်းမှာ အနည်းငယ် အံ့သြသွားခဲ့သည်။ သူ့အနေနှင့် ဤကဲ့သို့ ပရိုဂရမ်မျိုး၏ ပရိတ်သတ်ဦးတည်ချက်ကို မလှသိပေ။ ပုံရိပ်ယောင်နယ်မြေတွင်နေခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက အပင်စိုက်ပျိုးခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့သည်။ 

ဒီလိုနည်းနဲ့တောင် ငါက နာမည်ကြီးလာသေးတယ်တဲ့လား…


သို့သော် စွေ့ချီချောင်းမှာ ကောမန့်များကို ဖတ်ရန် စိတ်မ၀င်စားချေ။


"CUက ကျဥ်းလွန်းတယ် နောက်ထပ်နယ်မြေအတွက် ပြင်ဆင်ပြီးသွားပြီလား…"


"ပြင်ဆင်ပြီးပါပြီ…" 


ပရိုဂရမ်အား ကြည့်ရှုခဲ့ပြီးနောက် လင်းလင်းမှာ စွေ့ချီချောင်း အမှန်တကယ်လိုအပ်နေသည်အား နားလည်လျက် သတင်းအချက်အလက်တချို့ကို မျှဝေလာခဲ့သည်။


"နောက်ထပ် ရှင်သွားရမယ့်နေရာက အမျိုးသားကြိုက်မှတ်ဉာဏ်တုလေယာဉ်မျိုးပဲ… သူ့မှာ မူရင်းဒေတာနည်းနည်းလည်းပါတယ် ပြီးတော့ နယ်မြေက အနောက်တိုင်း အလယ်ခေတ်ကို အခြေခံထားတာ…"


အကယ်၍ တစ်စုံတစ်ယောက်က ထိုနေရာ၏အသေးစိတ်ကို စွေ့ချီချောင်းအား အဘယ်ကြောင့်မပြောပြရသနည်းဟု မေးလာလျှင် ၄င်းမှာ စွေ့ချီချောင်းကို ကန့်သတ်ရန်ဖြစ်သည်။ အဘယ်ကြောင့်မူ ဤတစ်ကြိမ်တွင် နယ်မြေက ကျယ်ပြန့်လွန်း၍ စွေ့ချီချောင်းမှာ လက်တစ်လုံးခြားလုပ်ပြီး တရုတ်ပြည်နယ်သို့ကူးကာ လယ်စိုက်နေမည်ကို စိုးရိမ်၍ပင်။ ထိုသို့သာဆိုလျှင် အလယ်ခေတ် ထုတ်လွှင့်မှုမှာ အဓိပ္ပါယ်ရှိတော့မည်မဟုတ်ပေ။ သူတို့အနေနှင့် ဒေတာအချို့ကိုလည်း ပြောင်းလဲလိုက်သင့်သည်။


လင်းလင်းမှာ သူ့ကိုတစ်ချက်ကြည့်လျက် ဆိုလာခဲ့သည်။

"အဓိက အ နေ နဲ့... ဒီလိုပရိုဂရမ်မျိုးအတွက် 

ရှင်က နယ်မြေတွေကို သိမ်းပိုက်ပြီး အုပ်စိုးဖို့ကြိုးစားသင့်တယ်…"


"အလယ်ခေတ် ဟုတ်လား…"

သေချာပေါက်ပင် စွေ့ချီချောင်းမှာ လင်းလင်း၏စကားမှ အဓိကအချက်ကို လျစ်လျူရှူလိုက်ပြန်သည်။


၂၁ရာစုက စွေ့ချီချောင်း၏ခေါင်းထဲတွင် များများစားစားပုံမပေါ်နိုင်သကဲ့သို့ အလယ်ခေတ်မှာလည်း အတူတူပင်။

ထို့ကြောင့် သူက ထိုခေတ်၏ အသုံးအဆောင်များကို ဂရုတစိုက် ရှာဖွေကြည့်လိုက်သည်။


နယ်မြေမှာ ကျယ်ပြန့်သလောက် စိုက်ပျိုးမြေများမှာ လွန်စွာရှားပါးလှသည်။ စိုက်ပျိုးရေးနည်းစနစ်များမှာ နိမ့်ကျပြီး အထွက်နှုန်းလည်း ဆိုးရွားလှသည်။

လယ်ပစ္စည်းများပင်လျှင် မရှိပဲ အစအဆုံး လက်နှင့်သာ ထွန်ယက်ရလေသည်။


သူ့နှလုံးသားက တဖြည်းဖြည်းနာကျင်လာပြီး စွေ့ချီချောင်းက ဆိုလိုက်သည်။


"ဒီလူတွေက စိုက်ပျိုးရေးကို တစ်စက်မှ နားမလည်ဘူးပဲ..."



🌱🌱🌱 Arc 1ပြီးသွားပါပြီရှင် 🌱🌱🌱


ဒါလေးကို တော်တော်များများက BLဟုတ်ရဲ့လားလို့ လာမေးထားလို့ပါ၊ tagထဲမှာတော့ shounen ai, slow romance, sm

art coupleဆိုတာတွေ ပါပါတယ်၊ ကိုယ့်စိတ်ထင်ပြောရရင်တော့ MLက နောက်ပိုင်းကျမှ တဖြည်းဖြည်းပေါ်လာမယ်ထင်တယ်


ပြီးတော့ ရှောင်ပိုင်ကလည်း တစ်ခုခုပဲ သူ့အကြောင်းက plot twistဖြစ်လောက်တယ် 🫣