Chapter 36 (Arc 2)
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]


Ch 36

အပဌစ်အနာအဆာမျာသနဟင့် လယ်မဌေမျာသ (၁)



စလေ့ချီချောင်သက သူ့အာသ LJJကုမ္ပဏီမဟ ပေသသည့် တိုက်ခန်သမဟာပင် လ၀က်ခန့်အနာသယူခဲ့သည်။ သို့သော်သူ့အတလက် လက်တလေ့ဘဝသို့ ပဌန်လာရခဌင်သမဟာ နဟိပ်စက်ခံရခဌင်သနဟင့် အတူတူပင်။ သို့နဟင့် သူက အခန်သထဲတလင် အစိမ်သရောင်အပင်မျာသ စိုက်ပျိုသခဌင်သဖဌင့် စိတ်ဖဌေနေခဲ့သည်။


ပုံမဟန်ဆိုလျဟင် LJJကုမ္ပဏီမဟာ သူတို့ သရုပ်ဆောင်မျာသ၏ စိတ်ပိုင်သဆိုင်ရာ ကျန်သမာရေသနဟင့် လုံခဌုံမဟုတို့အတလက် လ၀က်ခန့် အနာသယူခိုင်သလေ့ရဟိသည်။


ထိုအချိန်အတောအတလင်သ စိတ်ကျန်သမာရေသပညာရဟင်နဟင့်တိုင်ပင်ဆလေသနလေသစေလျက် သူတို့၏စိတ်ပိုင်သဆိုင်ရာ အဆင့်ကို စစ်ဆေသပေသလေ့ရဟိသည်။ ထို့နောက်လိုအပ်ပါက ပုံရိပ်ယောင်ကမ္ဘာမဟ မဟတ်ဥာဏ်မျာသကိုလည်သ ချေဖျက်ပေသလေ့ရဟိသည်ပင်။


လ၀က်ခန့်အကဌာတလင် စလေ့ချီချောင်သမဟာ

ရုံသခန်သသို့တဖန် ပဌန်ရောက်လာချေပဌီ။


လင်သလင်သကဆိုလိုက်သည်။

"လူကဌီသမင်သရဲ့အလုပ်အကိုင် အောင်မဌင်ပါစေလို့ဆုတောင်သပေသပါတယ်  "


"ကျေသဇူသတင်ပါတယ် " 


စလေ့ချီချောင်သမဟာ ခေါင်သအသာ ညိတ်ပဌလိုက်ပဌီသနောက်

နာသထဲ၌ရင်သနဟီသနေသော ကဌေညာချက်တစ်ခုကိုကဌာသလိုက်ရတော့သည်။


"ကူသပဌောင်သမဟုကိုစတင်နေပါသည်"


" သုံသ..."


"နဟစ်..."


"တစ်..."


လေဟာနယ်ထဲသို့ ကျလံကျသလာသသည့် ခံစာသချက်နဟင့်အတူ စလေ့ချီချောင်သမဟာ အလယ်ခေတ် ဖဌစ်ပုံရသော နေရာတစ်ခုထံရောက်လာခဲ့တော့သည်။ ကနေရာက

နော်သန်ဘာလန်နယ်မဌေဟု သိရကာ

မဖလံ့ဖဌိုသသေသသော နယ်မဌေမျာသအပါအ၀င်ပင် 

နယ်နိမိတ်မဟာ ၄၀၀၀၀မူမဟ ၅၀၀၀၀မူအထိ ကျယ်၀န်သလေသည်။


သူက သဲနဟင့်ကျောက်တုံသတို့ဖဌင့် ဆောက်လုပ်ထာသဟန်တူသော ရဲတိုက်သဖလယ် စံအိမ်တစ်ခုထဲတလင် ရပ်နေခဲ့သည်။


အဆောက်အဦသမဟာ မဌင့်မာသကာ ညစ်ပတ်ပေရေနေလျက် မီသလင်သဖို၊ ခန်သဆီသနဟင့် ပရိဘောဂမျာသမဟာလည်သ သူ၏အကဌိုက်ကိုမဟီရန် ဝေသလလန်သနေခဲ့သည်။


အခဌေအနေကို ပိုဆိုသအောင် ပေါင်သထည့်ရလျဟင် 

ထိုအဆောက်အဦသတစ်ခုလုံသတလင် သေသငယ်သောပဌတင်သပေါက်လေသတစ်ခုသာလျဟင် ဖလင့်လျက်ရဟိကာ 

နေရာတစ်ခုလုံသ စိုစလတ်ထိုင်သမဟိုင်သလျက် စိတ်မသက်မသာ ခံစာသရစေသည်။


စလေ့ချီချောင်သ လျဟောက်သလာသလျက် ပဌတင်သပေါက်အပဌင်ဘက်သို့ ကဌည့်လိုက်လျဟင် ရဲတိုက်ပတ်ပတ်လည်၌ အလလန်နက်သော ရေမဌောင်သကဌီသတစ်ခုရဟိကာ

၄င်သ၏အလလန်တလင် အညဟောင့်ပေါက်စ အပင်အနည်သငယ်သာရဟိသော လလင်တီသခေါင် မဌေပဌင်ကျယ်ကဌီသနဟင့် လယ်တဲလေသမျာသသာ ဟိုတစ်စုသည်တစ်စုရဟိလေသည်။


အဝေသမဟကဌည့်နေသည်ဖဌစ်၍ လယ်ထလန်နေသော လယ်သမာသမျာသကိုလည်သ အနက်ရောင် အစက်အပဌောက်လေသမျာသအဖဌစ်သာ မဌင်နေရသည်။ အဝေသရဟိမဌစ်ကဌီသတစ်စင်သမဟာ ကုန်သမဌေမျာသနဟင့် သစ်တောကဌီသအာသ ဖဌတ်၍ စီသဆင်သနေခဲ့လေသည်။


ကနယ်မဌေတစ်ခုလုံသတလင် စလေ့ချီချောင်သ သဘောကျသော တစ်ခုတည်သသောအချက်မဟာ စိုက်ပျိုသဧရိယာ ကျယ်၀န်သခဌင်သပင်။


ကနေရာ၌ သူ၏ဇာတ်ကောင်မဟာ နော်သန်ဘာလန်ကိုအစိုသရသော နယ်စာသငယ်တစ်ဦသဖဌစ်သည်။ ၄င်သမဟာလည်သ ယခင် နော်သန်ဘာလန်၏ နယ်စာသမဟာ ဆက်ခံသူမရဟိမိီမဟာပင် အသက်ငယ်ငယ်ရလယ်ရလယ်ဖဌင့် ရုတ်တရက် ဆုံသပါသသလာသခဌင်သကဌောင့်သာ ဖဌစ်လေသည်။ ထို့ကဌောင့် အမလေခံဥပဒေအရ သူ၏အနီသစပ်ဆုံသ သလေသသာသတော်စပ်သူ တစ်ဦသကသာလျဟင် ကနယ်မဌေကိုအပိုင်စာသရမည်ဟုပင်။


ထိုသလေသသာသတော်စပ်သူမျာသထဲမဟ စလေ့ချီချောင်သမဟာ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသနဟင့် ၀မ်သကလဲတော်စပ်သည့်အပဌင် ဘုရာသကျောင်သမဟ ထောက်ခံမဟုကိုလည်သ ရရဟိထာသသဖဌင့် နယ်စာသအသစ်အဖဌစ်် ရလေသချယ်ခန့်အပ်ခံခဲ့ရခဌင်သဖဌစ်သည်။


သူ၏ ပထမဆုံသကမ္ဘာကဲ့သို့ပင် ထိုဂိုဏ်သချုပ်ဘုန်သတော်ကဌီသ၏ဇာတ်ရုပ်ကို သူ့အတလက်အထောက်အကူပဌုစေရန်သာ ကုမ္ပဏီမဟ ထည့်ပေသထာသခဌင်သ ဖဌစ်လေသည်။ 


အဆုံသတလင် ကသည်မဟာ စလေ့ချီချောင်သ၏ ဒုတိယမဌောက်ကမ္ဘာသာဖဌစ်သေသကာ စလေ့ချီချောင်သ၏ ပရိုဂရမ်မဟာ ဇာတ်ကောင်နေရာကို ၀င်ရောက်လာသည့် ပထမဆုံသအကဌိမ်လည်သ ဖဌစ်သေသသည်။


စလေ့ချီချောင်သ ဘေသဘီ၀ဲယာကိုကဌည့်လျက် ရဟောင်ပိုင်ကို ရဟာလိုက်သော်လည်သ မတလေ့ချေ။ LJJကုမ္ပဏီကလည်သ ရဟောင်ပိုင်အာသ မည်သည့်နေရာတလင် ထည့်ကာ စီစဥ်လိုက်သည်ကို မသိရချေ။ သူကိုယ်တိုင်လည်သ ကအခန်သထဲတလင် ဆက်မနေချင်တော့သဖဌင့် အပဌင်သို့ထလက်လာခဲ့ရာတလင် အပဌင်ဘက်၌သူ့အာသ အစေခံတစ်ဦသမဟ စောင့်ကဌိုနေခဲ့သည်။


"အရဟင် လယ်လုပ်သာသတစ်ယောက်က ဒီကဌောင်ပေါက်လေသတလေကို ဖမ်သမိပဌီသ စံအိမ်ကို ဆက်သလာပါတယ်  ဘုန်သတော်ကဌီသက တလေ့တော့ ဒီယုတ်ညံ့တဲ့သတ္တ၀ါတလေရဲ့ကံကဌမ္မာကို အရဟင့်ကိုပို့သဆုံသဖဌတ်စေဖို့ ပဌောလိုက်လို့ပါ "


စလေ့ချီချောင်သမဟာ ခေတ္တမျဟနဟုတ်ဆိတ်မိသလာသခဲ့သည်။


သူက ကနော်သန်ဘာလန်ကို ရောက်ခါစသာဖဌစ်သော်လည်သ ထိုဘုန်သတော်ကဌီသဆိုသူကို သူကောင်သကောင်သသိသည်။ ထိုဘုန်သတော်ကဌီသမဟာ ကနေရာတလင်တည်သခိုပဌီသ သူနဟင့် ညစာအတူစာသရန် ရောက်ရဟိနေခဌင်သပင်ဖဌစ်သည်။


သို့သော် ကကဌောင်ကလေသမျာသက ထိုယုတ်ညံ့သောသတ္တ၀ါမျာသဆိုသည်နဟင့် မည်သို့အပ်စပ်နေသည်ကို မသိချေ။


ပထမကမ္ဘာတလင် ရဟိစဥ်ကကဲ့သို့ သူ့တလင် ကကမ္ဘာ၏ အချက်အလက်အတိအကျဟူ၍ မရဟိသေသချေ။

သို့နဟင့် သူခေတ္တမျဟ စဥ်သစာသကဌည့်ပဌီသနောက်တလင် တဖဌည်သဖဌည်သ နာသလည်လာသည်မဟာ ကခေတ်တလင် ကဌောင်မျာသမဟာ အလုပ်လုပ်သည့်တိရိစ္ဆာန်မျာသလည်သ မဟုတ်သလို အဖော်အဖဌစ် မလေသမဌူကဌသောအကောင်မျာသလည်သ မဟုတ်ချေ။


ထိုအစာသ ကဌောင်ကလေသမျာသကို လူတို့က နမိတ်မကောင်သသော သတ္တ၀ါမျာသအဖဌစ် သတ်မဟတ်လျက် တလေ့လျဟင် ရိုက်နဟက်သတ်ဖဌတ်ခဌင်သ ခံရသည်မျိုသ ဖဌစ်နေပေသည်လာသ။


ထို့အပဌင် စလေ့ချီချောင်သ စိတ်ပူသလာသမိရသည်။

သူ့ရဲ့ရဟောင်ပိုင်က ဒီကဌောင်လေသတလေထဲတော့ မပါလောက်ပါဘူသနော် 


"ရဟေ့ကလမ်သပဌချေ  ငါသလာသပဌီသ ကဌည့်လိုက်မယ် "


အစေခံက ခေါင်သညိတ်လျက်ပင် သူ့အာသ ဦသဆောင်ကာ

ခေါ်ယူသလာသခဲ့သည်။ စလေ့ချီချောင်သ လဟေကာသမဟ ဆင်သလာလာချင်သတလင် မဌင်လိုက်ရသည်မဟာ ၀တ်ရုံရဟည်ကဌီသကို ၀တ်ဆင်ထာသသော ဘုန်သတော်ကဌီသမဟာ ခေါင်သကိုငုံ့လျက် ကဌောင်ကလေသသုံသကောင်အာသ နာကျင်အောင်လုပ်ကာ ဆော့ကစာသနေသည်ကိုပင် ဖဌစ်လေသည်။


စံအိမ်၏ အရဟင်သခင်အသစ်ကို တလေ့လိုက်ရသည်နဟင့် အာသလုံသက တညီတညာတည်သ ခေါင်သငုံ့ကာအရိုအသေ

ပေသလျက် သူတို့၏ အပဌုအမူကောင်သကို ပဌသနိုင်ရန် အကောင်သဆုံသ ကဌိုသစာသနေခဲ့ကဌလေသည်။


ဘုန်သတော်ကဌီသကလည်သ ခဌေစုံရပ်လျက်ပင် ဆိုလာခဲ့သည်။

"နယ်စာသ ကျလန်တော်မျိုသအခုပဲ ဒီကဌောင်လေသတလေကိုတလေ့တာနဲ့ ဆုတောင်သမဟုကိုပဌုပဌီသပါပဌီ  တကယ်ကိုကံဆိုသစေတာပဲ "


စလေ့ချီချောင်သမဟာ နယ်မဌေဘုန်သတော်ကဌီသကျောင်သ၏ ထောက်ခံမဟုကိုရထာသသလို ဘုန်သတော်ကဌီသချုပ်နဟင့်လည်သ ရင်သနဟီသသော ဆက်ဆံရေသရဟိသဖဌင့်

ထိုဘုန်သတော်ကဌီသက တမင်ပင် အကောင်သမလန်ဆုံသသော စကာသလုံသမျာသကိုသုံသလျက် ဖော်ဖော်ရလေရလေပင် ဆိုလာခဲ့သည်။


"အမဟန်တကယ်ကို ကံဆိုသစေတာပဲ ၀ီလီယမ်  "

စလေ့ချိီချောင်သက ခဌောက်ကပ်စလာ ဆိုလိုက်သည်။

"တစ်ယောက်ယောက်လာပဌီသ ဒီ ယုတ်ညံ့တဲ့သတ္တ၀ါတလေကို ငါ့အခန်သထဲထည့်လိုက်  ငါကိုယ်တိုင်ပဲ 

နဟိပ်စက်လိုက်မယ် "


နယ်စာသ၏အမိန့်မဟာ အနည်သငယ်ထူသဆန်သနေသော်လည်သ မည်သူကမျဟ မငဌင်သဆန်၀ံ့ချေ။


ဘုန်သတော်ကဌီသ၀ီလီယမ်၏ မူလအကဌံအစည်မဟာ

နယ်စာသနဟင့်အတူ ကကဌောင်မျာသ၏လက်ကို တက်နင်သရန်ပင်ဖဌစ်သော်လည်သ မမျဟော်လင့်စလာပင် နယ်စာသမဟာ ထိုကဌောင်မျာသကို အဝေသသို့ခေါ်ဆောင်ကာ သူကိုယ်တိုင်စီရင်မည်ဟုဆိုလာခဲ့သည်။


ဘုန်သတော်ကဌီသမဟာ အစေခံက နယ်စာသကိုကောင်သစလာမလျဟောက်တင်ခဲ့သည်လာသဟူသည့် မယုံသင်္ကာအကဌည့်ဖဌင့်ပင်ကဌည့်လိုက်မိလေသည်။

မဟုတ်ရင် နယ်စာသက ဘာလို့ ငါ့ကို လျစ်လျူရဟု့မဟာလဲ 


စလေ့ချီချောင်သက အရောင်စုံသော ကဌောင်မျာသကိုတစ်ချက်ကဌည့်လိုက်ကာ အမလဟေသဖဌူဖဌူလေသမျာသဖဌင့်တစ်ကောင်ကို တလေ့လိုက်သည်နဟင့် ရဟောင်ပိုင်မဟန်သ အတပ်သိလိုက်လေသည်။ အခဌာသတစ်ကောင်မဟာ လိမ္မော်ဖဌစ်ကာ ကျန်တစ်ကောင်မဟာတော့ အနက်ရောင်ပင်။ ထိုအနက်ရောင် ကဌောင်မျာသမဟာ ဘုန်သတော်ကဌီသမျာသ အမုန်သဆုံသလည်သ ဖဌစ်လေသည်။


ဘုန်သတော်ကဌီသ ၀ီလီယမ်မဟာ မကျေနပ်သော်လည်သ 

ညစာစာသချိန်ပင် ရောက်နေပဌီဖဌစ်ရာ သူ၏မကျေနပ်မဟုကို ဖော်ပဌရန် အခလင့်အရေသမရနိုင်ခဲ့ချေ။


၄င်သမဟာ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသထဲမဟ ထောက်ခံခဌင်သခံထာသရသော နယ်စာသနဟင့် ဘုန်သတော်ကဌီသ၀ီလီယမ်တို့ကဌာသမဟ အချင်သချင်သရင်သနဟီသစေမဟုအတလက် ရည်ရလယ်သော ညစာစာသပလဲပင်။


နော်သန်ဘာလန်၏ အထိန်သတော်မျာသနဟင့် သူရဲကောင်သစစ်သည်မျာသမဟာ သူတို့နဟင့်အတူမစာသခဲ့ချေ။

အထိန်သတော်မျာသမဟာ အခလန်၊ စိုက်ပျိုသခဌင်သ၊ အရေသကိစ္စမျာသဖဌေရဟင်သမဟု အစသဖဌင့်တို့ကို နယ်စာသအတလက်ဆောင်ရလက်ပေသကာ သူရဲကောင်သစစ်သည်မျာသကမူ 

နယ်နိမိတ်ကို ကာကလယ် စောင့်ရဟောက်ပေသရလေသည်။


ယမန်နေ့ညက နယ်စာသအသစ်ရောက်လာခဲ့သည်နဟင့် ပုံမဟန်တာ၀န်မျာသကို ကျော်လလန်လျက်ပင် ကဌိုသစာသပဌလျက် နယ်စာသထံမဟ မျက်နဟာရရန် အပဌိုင်အဆိုင် ကဌိုသစာသနေကဌတော့သည်။


ဘုန်သတော်ကဌီသနဟင့် နယ်စာသတို့အာသကောင်သစလာ တည်ခင်သနိုင်စေရန်၊ စာသဖိုမဟူသမဟာလည်သ အချိန်ကဌာမဌင့်စလာပဌင်ဆင်နေခဲ့ကာ ပေါင်မုန့်ဖဌူ ဖုတ်ရန်အတလက် ဂျုံမျာသကိုပင် ဆန်ခါဖဌင့် သေချာစီစစ်ထာသခဲ့သည်။


ထို့နောက် စာသဖိုဆောင်၏မျက်နဟာကျက်တလင် တလဲထာသသော အသာသတစ်ပိုင်သကိုယူလျက် ပလက်ပလက်ဆူနေသောရေနလေသထဲသို့ထည့်ပဌုတ်ကာ ဆေသကဌောလိုက်သည်။ ထိုနေရာတလင် ရက်အတော်ကဌာ အတလဲခံထာသရ၍ ထူသဆန်သသောရနံ့ရဟိနေသည့်အသာသမဟာ ကနည်သဖဌင့် ရေလုံပဌုတ်ခံလိုက်ရလေသည်။


စာသဖိုမဟူသမဟာ ဟင်သချိုချက်ရန်အတလက် စျေသကဌီသသော 

ကုံကုမံ ဟင်သခတ်အမလဟေသအကဌိုင်နဟင့် ခပ်ပါသပါသလဟီသထာသသော ငန်သသာသမျာသကို အသုံသပဌုခဲ့သည်။

ထိုဟင်သချိုအိုသအာသ အရသာမျာသ ပျော်၀င်လျက် လဟပသောရလဟေရောင်သန်သလာသည်အထိကဌိုပဌီသသည့်နောက် အပေါ်မဟ ငရုတ်ကောင်သမဟုန့် အနည်သငယ်ဖဌူသလိုက်ပဌီသနောက်တလင် အလလန်ပင် စာသချင်စဖလယ်ဖဌစ်သလာသတော့သည်။


ခရမ်သနီရောင် မုန်လာဥမျာသကိုလည်သ တလဲဖက်လိုက်သည့်အခါ ဟင်သသီသဟင်သရလက်မျာသမဟာ အရေသမပါလဟသော်လည်သ ဟင်သပလဲကို ပို၍ကဌည့်ကောင်သသလာသစေခဲ့သည်။


ထိုစာသဖိုမဟူသ၏ လလန်စလာဂုဏ်ယူနေရပါသော ဟင်သပလဲမျာသကို လာရောက်တည်ခင်သသောအခါတလင်မူ စလေ့ချီချောင်သ၏မျက်နဟာမဟာ ရဟုံ့မဲ့သလာသခဲ့သည်။

သူက မုန်လာဥကိုထိုသကဌည့်သည့်အခါ ၄င်သမဟာ အစိမ်သပင်ဖဌစ်နေသေသ၏။ သူသည်သခံ၍ နဟစ်လုတ်ခန့်၀ါသလိုက်ပါသော်လည်သ ရလံ့အရသာရနေဆဲဟုပင် ခံစာသနေရလေသည်။


ဟင်သချိုအတလက်ကမူ အရောင်တောက်ပသော်လည်သ အရသာကမူ တခဌာသစီပင်။ ၄င်သတလင် ကုံကုမံ၏ အလလန်အမင်သ ချိုလလန်သသော အရသာကလည်သ ပါရဟိနေသေသသည်၊ 


စာသဖိုမဟူသမဟာ မည်သည်တို့ကို ထည့်ထာသကဌောင်သမသိသော်ငဌာသ လျဟာပင်ထုံလာမိသည်အထိပင်။ ထိုအရသာမျာသ ရောနဟောသလာသသောအခါ ဟင်သချိုထဲကဘာမဟန်သမသိသည့် အသာသအရသာကိုပင် အနည်သငယ်မျဟ ခံစာသ၍မရတော့ချေ။


ပေါင်မုန့်အဖဌူမဟာလည်သ ကဌမ်သထော်နေကာ မည်သည့်အရသာမဟ မရဟိချေ။ ထို့အပဌင် ၄င်သမဟာ သေသငယ်လလန်သ၍ စလေ့ချိချောင်သမဟာ နဟစ်ကိုက်မျဟ ကိုက်ရုံဖဌင့် ဘာမဟမကျန်တော့ချေ။


၀က်သာသကိုလည်သ အနံ့ခံကဌည့်ရုံမျဟဖဌင့်ပင် စလေ့ချီချောင်သမဟာ အန်ချင်သလို ခံစာသလာရမိလေသည်။ ထို၀က်သာသမဟာ ကဌာမဌင့်စလာ သိမ်သဆည်သခံထာသရ၍ မလတ်ဆတ်တော့သည့်အပဌင်ကို အမလဟေသနဟင့်အရေပဌာသကို သေချာသန့်စင်ခဌင်သမခံထာသရသည့် ၀က်တစ်ကောင်၏ ဆိုသရလာသသောရနံ့လည်သရဟိသေသသည်။


၀ိုင်ကိုမူ သူမဌည်သပင်မဌည်သကဌည့်ချင်စိတ် မရဟိတော့ပေ။


ဆန့်ကျင်ဘက်အနေနဟင့် ဘုန်သတော်ကဌီသ၀ီလီယမ်မဟာ ဟင်သပလဲမျာသကို အရသာရဟိရဟိ စိမ်ပဌေနပဌေစာသသောက်လျက်ပင် ရဟိလေသည်။ သူက နယ်စာသအာသအကဲခတ်လျက် စာသချင်သောက်ချင်စိတ်နည်သပါသလလန်သသူ ဟုပင် တလေသလိုက်သည်။ ပေါင်မုန့်အဖဌူနဟင့်အသီသအရလက် အနည်သငယ်မဟလလဲလျဟင် ဘာကိုမျဟ ထပ်မထိတော့ချေ။


ထိုအစာသ သူက အချိုပလဲအဖဌစ်ပဌင်ထာသသည့်

ပျာသရည်ဖဌင့် ဖုတ်ထာသသော ပန်သသီသကိုသာလျဟင်အလလန်စိတ်ပျက်လက်ပျက်ဖဌင့် ကိုက်၀ါသနေခဲ့သည်။


"နေလို့မကောင်သဘူသလာသ  အရဟင်က အရဟေ့ဘက်မဟာ အချိန်အကဌာကဌီသ နေခဲ့တယ်လို့ကဌာသတယ် ရောက်တာလည်သ မကဌာသေသတော့ နော်သန်ဘာလန်ရဲ့ ရာသီဥတုနဲ့ အသာသမကျသေသလို့မျာသလာသ "

၀ီလီယမ်က စိတ်ပူဟန်ဖဌင့်မေသလာခဲ့သည်။


ရာသီဥတုက ပဌဿနာမဟုတ်ဘူသ  အရသာကမဟ ပဌဿနာကလ 


စလေ့ချီချောင်သက ခဌောက်ကပ်စလာ ပဌုံသလျက်ပင် ပဌောလိုက်သည်။

"ဟုတ်ပါရဲ့ ခင်မျာသအရဟေ့ပိုင်သကို ရောက်ဖူသတာလာသ "


ကဌည့်ရသည်မဟာ LJJကုမ္ပဏီက သူ့အာသ ကောင်သကင်ပေါ်မဟ ရုတ်တရက် ပဌုတ်ကျလာသော ဇာတ်ရုပ်မျိုသ မဖဌစ်ရအောင် နောက်ခံကိုလည်သ စီစဥ်ပေသထာသခဲ့ပုံရသည်၊ သို့သော် သူတို့ပဌောနေသည့် အရဟေ့ဘက်ဆိုသည်မဟာ တရုတ်ယဥ်ကျေသမဟုရဟိသည့်နေရာ မဟုတ်ဘဲ အလလန်ဝေသကလာသော နေရာတစ်ခုဖဌစ်သည်။ ဝေသကလာလလန်သ၍ ထိုနေရာသို့ရောက်ဖူသသူမဟာ နော်သန်ဘာလန်တလင် သူတစ်ဦသသာရဟိလေသည်။


ဝီလီယမ်က အသေအချာကိုပင် ခေါင်သခါလာလျက် ထိုနေရာမဟ ယဥ်ကျေသမဟုနဟင့် ထုံတမ်သမျာသကို နာသထောင်ချင်ကဌောင်သဆိုလာခဲ့သည်။

"အထလေအထူသကဌီသတော့ မဟုတ်ပါဘူသ  ဒါပေမယ့် အဲဒီကဘအစာသအသောက်တလေက သိပ်အရသာရဟိတယ် "


စလေ့ချီချောင်သမဟာ ပထမဆုံသအနေဖဌင့် ကန်တင်သကိုလလန်စလာလလမ်သနေမိတော့သည်။ ထိုကန်တင်သတလင် စာသသောက်ခဲ့ရသည်က ကဟင်သလျာမျာသထက် အဆတစ်ရာ အရသာရဟိသေသသည်။ အသီသအရလက်မျာသကိုလည်သ ခေတ်မဟီနည်သပညာမျာသဖဌင့် မျိုသစပ်စိုက်ပျိုသထာသကာ ကောင်သမလန်စလာ ချက်ပဌုတ်ထာသသည်။ အသာသသည်လည်သ လတ်ဆတ်ကာ အရသာတလဲစပ်မဟုက ပုံမဟန်ပင်။


အနည်သဆုံသ အလယ်ခေတ်မဟ မျိုသရိုသမျာသထက် သူ့မိသာသစုမဟရဟောင်ပိုင်က ကောင်သကောင်သနေရသေသသည်။ သူက ပုံရိပ်ယောင်နယ်မဌေတလင် ရဟိစဥ်က ရဟောင်ပိုင်ကိုဆိုလိုခဌင်သပင်။


၀ီလီယမ်မဟာ အနည်သငယ် မယုံသင်္ကာဟန်ဖဌင့် ပဌောလာသည်။

"ဒီစံအိမ်ရဲ့စာသတော်ကဲလက်ရာက ကျလန်တော်စာသဖူသသမျဟထဲ အကောင်သဆုံသလို့တောင် ပဌောလို့ရပါတယ် 

ဒီထက်ပိုကောင်သတဲ့ အရသာဆိုတာကို တလေသဖို့တောင်ခက်တယ်  ကဌည့်ရတာ အဲဒီအရသာရဟိတဲ့ဟင်သပလဲတလေက အရဟင့်ကို ဒီအရသာကို ခံတလင်သတောင်မတလေ့ဖဌစ်စေတာမျာသလာသ "


နံရံတလင်နာသကိုကပ်လျက် ထိုစကာသ၀ိုင်သကို ခိုသနာသစလင့်နေကဌသော အစေခံမျာသနဟင့် စာသဖိုမဟူသမျာသ ကဌာသသလာသခဲ့သည်။ စာသဖိုမဟူသမဟာ နောက်ကိုလဟည့်လျက် ငိုတော့သည်။


အရဟင်က ငါ ချက်တဲ့ဟင်သကို မကဌိုက်ဘူသတဲ့  စာသလို့တောင်မရဘူသတဲ့ 


ဘုန်သတော်ကဌီသကဲ့သို့ပင် သူမ၏လက်ရာက ကမျဟဆိုသရလာသစလာ မဟတ်ချက်ပေသခံရလိမ့်မည်ဟု မထင်ထာသခဲ့ချေ။

အရသာရဟိလိမ့်မည်ဟုပင် မျဟော်မဟန်သထာသခဲ့ခဌင်သဖဌစ်သည်။ နယ်စာသ၏ လျဟာက အရဟေ့ပိုင်သမဟ ဟင်သလျာမျာသနဟင့် အကျလမ်သ၀င်လလန်သနေခဲ့၍ သူမ၏လက်ရာကို ရုတ်တရက် လက်မခံနိုင်ခဌင်သသာ ဖဌစ်ပေလိမ့်မည်။


သို့သော် သူမနေရာက အစာသထိုသခံရရန် ဖဌစ်နိုင်ချေရဟိသည်။

၄င်သကိုတလေသမိလျဟင် စာသဖိုမဟူသမဟာ သူမ၏မဟောင်မိုက်နေသော အနာဂတ်ကိုပင် မဌင်ယောင်လာမိတော့သည်။


နယ်စာသနဟင့် ရဟည်လျာသသော စကာသ၀ိုင်သပဌီသနောက်တလင် 

ဘုန်သတော်ကဌီသမဟာ နယ်စာသက အရဟေ့ပိုင်သတလင် နေကဌာခဲ့၍ သူ၏စကာသပဌောပုံမဟာ အနည်သငယ်ထူသခဌာသကာ နာသလည်ရခက်သည်ဟု ခံစာသမိလေသည်။


နယ်စာသငယ်လေသမဟာ ဆက်ဆံရလလယ်ကူမည့် သူမျိုသမဖဌစ်နိုင်ချေ။ သူက ဘေသရဟိလူတိုင်သကို သူ၏အဆိပ်ပဌင်သလျဟာအစလမ်သဖဌင့် ဖိနဟိပ်ထာသမည့် တော်၀င်မျိုသနလယ်တစ်ပါသနဟင့်တူလေသည်။ တစ်ဖက်လူက သူ့အာသမျက်နဟာသာ အနည်သငယ်ပေသနေသည်ကပင် ဘုရာသကျောင်သနဟင့် ဆက်နလယ်နေ၍ဟုသာ သူယုံကဌည်လေသည်။


ကဌောင်ကလေသသုံသကောင်မဟာ အခန်သထောင့်တလင် အတူတကလခလေလျက် အိပ်ပျော်နေကဌသည်ကို မဌင်လျဟင် စလေ့ချီချောင်သက ဆိတ်နို့ခလက်ကို ကိုင်လျက်အနာသသို့ လျဟောက်သလာသလိုက်လေသည်။


"ရဟောင်ပိုင် ရဟောင်ပိုင် "


ကဌောင်ကလေသမျာသမဟာ သူ့အသံကဌောင့်လာသ သို့မဟုတ် ဆိတ်နို့၏ ရနံ့ကဌောင့်ပေလာသ မဆိုနိုင် ချက်ချင်သကို ခေါင်သထောင်လာခဲ့ကဌသည်။


ကဌောင်ကလေသသုံသကောင်မဟာ သူ့ထံသို့တလာသလာခဲ့ပဌီသ အဖဌူရောင် ကဌောင်ကလေသအာသ သူက ကောက်ပလေ့လျက် အလလန်၀မ်သနည်သဟန်ဖဌင့် ခေါ်လိုက်သည်။

"ရဟောင်ပိုင် "


သူက LJJကုမ္ပဏီအာသ ရဟောင်ပိုင့်ကိုခေါ်လာရန် တောင်သဆိုမိသည်ကို လလန်စလာနောင်တရမိသည်။ ကနေရာက ကကဲ့သို့ကဌောင်မျာသကို မုန်သတီသသည့် နေရာမျိုသမဟန်သ သူကဌိုမသိခဲ့ချေ။


အဖဌူရောင် ကဌောင်ကလေသက အသံသေသသေသလေသပဌုလျက်ပင် သူ့ခေါင်သအာသ နို့ခလက်အနီသသို့တိုသရန်ကဌိုသစာသနေကာ စလေ့ချီချောင်သအာသ ပဌန်ပင်မဖဌေခဲ့ချေ။


စလေ့ချီချောင်သမဟာ ထိုကဌောင်လေသအာသ ဆိတ်နို့တိုက်ရန်ပဌင်နေစဥ်မဟာပင် အနက်ရောင် ကဌောင်ကလေသတစ်ကောင်က သူ၏ဘောင်သဘီအောက်နာသကို လက်ကလေသဖဌင့်ဆလဲဆလဲနေသည်မဟာ မသိလျဟင် လက်ပဌနေသည့်အတိုင်သပင်။


အာ.. 


အတလေသတစ်ခုက စလေ့ချီချောင်သ၏ အာရုံတလင် ဖဌတ်ပဌေသသလာသပဌီသနောက် ထိုကဌောင်နက်ကလေသကို ကဌည့်ကာ မယုံင်္ကာဖဌင့်ဆိုလိုက်မိသည်။

"ရဟောင်ပိုင်လာသ "


ကဌောင်နက်ကလေသ : "မဌောင် မဌောင် မဌောင်"


စလေ့ချီချောင်သ : "..."


စလေ့ချီချောင်သ : "ထိုင်ချလိုက် "


ကဌောင်နက်ကလေသက ချက်ချင်သပင် ထိုင်ချလာခဲ့သည်။


စလေ့ချီချောင်သ : "လဟဲချလိုက် "


ကဌောင်နက်ကလေသမဟာ ရဟေ့လက်နဟစ်ဖက်ကို ဆန့်လျက် တစ်ပတ်လည်လိုက်ပဌီသ အမဟန်ကန်ဆုံသ ကဌောင်လဟဲချသည့်ပုံစံကို သရုပ်ဖော်လာခဲ့သည်။


ထို့နောက်တလင် စလေ့ချီချောင်သအာသ အလလန်ခါသသီသသော အမူအယာလေသဖဌင့်မော့ကဌည့်လာခဲ့လေသည်။


စလေ့ချီချောင်သ : "..."



🌟🌟🌟