Chapter 40
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

Ch 40

အရှေ့တိုင်းမှလျှို့၀ှက်ဖော်မြူလာ (၁)



နော်သန်ဘာလန်၏ နယ်စားအသစ်မှာ အမှန်တကယ်ကို သွေးအေးရက်စက်လှပေသည်။ သူကအဆိပ်ကို ကြောင်၏ ကိုယ်ပေါ်တွင် စမ်းသပ်သည့်အပြင် ထိုသနားစရာကြောင် "တကယ်သေပြီလား"ဟူသော အကြည့်ဖြင့် ရပ်ကာ စိမ်ပြေနပြေ ကြည့်နေလိုက်သေးသည်။

"ရှင်သေးတာ ကောင်းတယ်… သူ့ကို ဒီအတိုင်းမွေးထားပြီး နောက်အဆိပ်မျိုးအသစ်တွေလည်း စမ်းသပ်ကြည့်လို့ရတာပေါ့…" 


စွေ့ချီချောင်းက ထိုစကားကို စိုက်ပျိုးရေးတာ၀န်ခံအား တည့်တည့်စိုက်ကြည့်လျက် ဆိုလိုက်ခြင်းပင်။


စိုက်ပျိုးရေးတာ၀န်ခံတွင်ကား ပြောစရာဟူ၍ မရှိချေ။ သူစိုးရိမ်သည်မှာ ကြောင်၏သေဆုံးမှု မဟုတ်ဘဉ အဆိပ်ကိုသာဖြစ်သည်။ ထိုအဆိပ်က လူတစ်ယောက်အတွက် မည်မျှ အန္တရာယ်ရှိမည်ကို မည်သူမှသိနိုင်မည် မဟုတ်ပေ။


ရှောင်ပိုင် ဗိုက်ဆာနေသည်ကိုမြင်သော် စွေ့ချီချောင်းက ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။

"ကျန်တာအတွက်ကတော့ ငါနောက်မှဆက်ပြောမယ်၊ အခုသွားတော့…"


စွေ့ချီချောင်းမှာ ဘုရားကျောင်းမှ ထောက်ခံခြင်းခံထားရသော တော်၀င်မျိုးနွယ်တစ်ဦးဖြစ်နေသော်လည်း သတိလက်လွတ်မလုပ်ရဲချေ။ ဤအလယ်ခေတ်တွင် ကြောင်များကို နှိပ်စက်သည်က ပုံမှန်လုပ်ရပ်တစ်ခု ဖြစ်သော်လည်း ၄င်းတို့ကိုအစာကျွေးခြင်းက စုန်းအတတ်နှင့် ပြုစားခံရသည်ဟုပင် ထင်ကြေးပေးခံရခြင်းမျိုး ရှိလာနိုင်သည်။


စိုက်ပျိုးရေးတာ၀န်ခံလည်း နယ်စား၏ ပိုးသတ်ဆေး ဖော်စပ်သည့်နည်းလမ်းအား သေချာလေ့ကျင့်ပါမည်ဟု ကတိပေးလျက် နှုတ်ဆက်ထွက်ခွာလာခဲ့လေသည်။ သူ၏ စိတ်ထဲတွင်မူ နယ်စား၏ စကားများကို အပြန်ပြန်အလှန်လှန် သုံးသပ်နေမိသည်။


နယ်စားမှာ သူ့အား အင်းဆက်များကို နှိမ်နင်းနိုင်သည့် နွယ်ပင်များကို စိုက်ပျိုးသည့်နည်းလမ်းအား အသေးစိတ်ပင် ရှင်းပြပေးခဲ့သည်။


စိုက်ပျိုးရေးတာ၀န်ခံ၏ ရင်ထဲတွင် ထပ်မံနွေးထွေးလာခဲ့မိသည်။ သူ၏နယ်မြေတွင်းမှ နယ်စားအား ပေးခဲ့သမျှအပင်များကို စဥ်းစားကြည့်လိုက်မိသည်။


"ဟုတ်ပြီ…"

စွေ့ချီချောင်းမှာ ထိုတာ၀န်ခံထွက်သွားသည်အား စောင့်ကြည့်နေခဲ့လေသည်။


ထိုလူထွက်သွားသည်နှင့် ရှောင်ပိုင်မှာ လက်ကျန်ပဲခြောက်များကို ဆက်စားလိုက်ပြီး စွေ့ချီချောင်းကလည်း အသားတချို့ကို ထုတ်ယူလိုက်သည်။


ဤအလယ်ခေတ်တွင် သာမာန်လူတစ်ယောက်ပင် စားသောက်နေထိုင်ရန် မလွယ်ကူချေ။ ရှောင်ပိုင်ကမူ ကမ္ဘာပေါ်ရှိ အပျော်ဆုံးကြောင်ဖြစ်လောက်သည်။


ထိုစိုက်ပျိုးရေးတာ၀န်ခံ၏ အတွေးမှာ မှန်ကန်ပေသည်၊ စွေ့ချီချောင်းက အခြားအင်းဆက်ပိုးကောင်များကို နှိမ်နင်းနည်းကိုလည်း သိရှိသေးသည်။ ဤခေတ်တွင် ဓာတုပိုးသတ်ဆေးများ မရှိသေးသော်လည်း၊ သဘာ၀တရားကပေးသော မှော်ဆန်သည့် စွမ်းအားများရှိဆဲပင်။ နွားချေးကဲ့သို့ သဘာ၀မြေသြဇာများနှင့် အင်းဆက်များကို နှိမ်နင်းရန် သုံးနိုင်သော အပင်မျိုးစိတ် အများအပြားပင် ရှိလေသည်။


ထိုအထဲတွင် အင်းဆက်စားနွယ်ပင်များလည်း ပါ၀င်ပေသည်။


ကမ္ဘာပေါ်တွင် အစောဆုံးနှင့် ပထမဆုံးရောင်းချသော ပိုးသတ်ဆေးများမှာ အပင်များမှထုတ်လုပ်ထားခြင်းသာ ဖြစ်သည်။ အပင်၏ပြာများ၊ မြက်များဖြင့် မှိုင်းတိုက်ခြင်းနှင့် အင်းဆက်များနှင်ထုတ်ခြင်းကို စတင်ခဲ့သည်မှာလည်း တရုတ်လူမျိုးဖြစ်လေသည်။


ပေါင်းပင်များ၏ ကြီးထွားမှုကို ရပ်တန့်စေသော အပင်မျိုးများပင် ရှိသည်။ ဥပမာ ဂျုံပင်များတွင် ပေါင်းပင်များ၏ ကြီးထွားမှုကို နှောင့်နှေးစေသည့်ဓါတ်တစ်မျိုး ပါ၀င်လေသည်။


ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနှင့် ဆေးရွက်ကြီးတို့မှာလည်း ရိုးရိုးအပင်များပင်။

သို့သော် ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ် တစ်ကီလိုဂရမ်ခန့်ကို ကြိတ်ချေ၍ ရသောအရည်ကို ဆယ်ကီလိုဂရမ်ထက် မပိုသောရေပမာဏဖြင့် ရောလျက် ရလာသည့် အရည်မှာ ပြပိုးများနှင့် ပင့်ကူနီများကို ရှင်းထုတ်နိုင်လေသည်၊


သို့သော် ဤနေရာတွင် ထိုသို့ပါ၀င်ပစ္စည်းများကို ဖောဖောသီသီ သုံးနိုင်မည့်သူကား မည်သူရှိမှမရှိချေ။

ကြက်သွန်ဖြူများကို ဘုရားကျောင်းအပိုင် စိုက်ခင်းများတွင်သာ တွေ့နိုင်လေသည်။ ထို့အပြင် ငရုတ်ကောင်းများမှာလည်း တစ်စေ့ချင်းစီသာ ၀ယ်နိုင်သော ရှားပါးပစ္စည်း ဖြစ်သေးသည်။


ထို့အပြင် နော်သန်ဘာလန်တွင် အခုထိမတည်ရှိသေးသည့် အပင်များပင်ရှိသေးသည်။


ကံကောင်းစွာဖြင့် စွေ့ချီချောင်းမှာ သူ၏နယ်မြေထဲတွင် ကြီးထွားနေသော အပင်များကို ကြည့်လိုက်သည်။ အခြားလုပ်ဆောင်မှုများအတွက် အပင်တချို့ကိုလည်း သူလိုအပ်သေးလေသည်။ သို့သော် ရောနှောစိုက်ပျိုးခြင်းကသာ အဆင်ပြေနိုင်လိမ့်မည်။ စိုက်ပျိုးရန် သင့်တော်သော မြေနေရာမှာများ လွန်စွာ တန်ဖိုးရှိနေ၍ပင်။


"မြောင် မြောင်~~"


အိပ်ယာအောက်မှ အခြားကြောင်နှစ်ကောင်၏ အော်သံကလည်း ထွက်ပေါ်လာခဲ့သည်။ သူတို့က အစားအစာကို အနံ့ခံလျက် ထွက်လာကြသည်။


စွေ့ချီချောင်းမှာ အစစ်အမှန်ကမ္ဘာတွင်သာမက ပုံရိပ်ယောင်နယ်မြေ၌ပါ ကြောင်များစွာကို မြင်ဖူးလေသည်။ သို့သော်၄င်းတို့မှာ ဤကြောင်လေးများလောက် မပိန်ချေ။ သူတို့မှာ ကြောင်မကြီးထံမှ တစ်နေရာတွင် ၀ှတ်ထားခံရပြီး လယ်ကျွန်များက ဖမ်းမိလာခြင်းဖြစ်လိမ့်မည်။ ထိုကြောင်အမေကြီး၏ လက်ရှိအခြေအနေကိုမူ သူလည်းမသိချေ။


စွေ့ချီချောင်းမှာ သူ၏အစေခံများကို ဆိတ်နို့တစ်ပန်းကန် ယူလာခိုင်းလိုက်သည်၊


သူက အေးတိအေးစက်မျက်နှာကို ဆင်မြန်းထားသ၍ ထိုအစေခံများမှာ သူ၏လုပ်ရပ်များကို မေးခွန်းထုတ်၀ံ့မည် မဟုတ်ချေ။


ထိုဆိတ်နို့ထဲတွင် ပဲများကို နူးအိသွားသည်အထိ စိမ်ပြီးသောအခါ ရှောင်ပိုင်ထက်ပင် ပိန်ဟန်ပေါ်သောကြောင်လေးများကို တိုက်လိုက်သည်။ သူတို့အား ပဲခြောက်များ ကျွေးလိုက်ပါက လည်မြိုတွင် အစာနင်လျက် သေဆုံးသွားလိမ့်မည်။


ရက်အနည်းငယ်မျှ ဂရုစိုက်ပေးရုံဖြင့် ကြောင်ဖြူနှင့်ကြောင်၀ါလေးမှာ စွေ့ချီချောင်းအပေါ် အတော်လေးယုံကြည်လာကြသည်။ စွေ့ချီချောင်းမှာ သူတို့အမေမရှိပဲ ဆာလောင်နေစဥ်တွင် အစားကျွေးသော တစ်ဦးတည်းသောသူ ဖြစ်သည်ပင်။


ကြောင်ဖြူလေးမှာ အစာ၀သည်နှင့် စွေ့ချီချောင်းလက်နှင့် ဆော့ကစားလာခဲ့သည်။ 


"ထိုင်လိုက်…"

စွေ့ချီချောင်းကဆိုလိုက်သည်။


ကြောင်ဖြူလေးမှာ ရှောင်ပိုင်နှင့် သူ့ကြားက အပြုအမူများကိုလည်း မြင်ဖူးထားရုံသာမက လျင်မြန်သော သင်ယူနိုင်စွမ်းလည်း ရှိသည်ဖြစ်၍ ချက်ချင်းပင်ထိုင်ချလာခဲ့ရာ စွေ့ချီချောင်းပင်လျှင် အံ့သြသွားမိရလေသည်။


" တော်လိုက်တဲ့ကောင်လေး…" 

စွေ့ချီချောင်းက သူ၏ခေါင်းလေးအား ပွတ်သပ်လိုက်သည်။


ထိုစဥ်ရှောင်ပိုင်မှာ ထိုကြောင်၏ ဘေးနားတွင်လာထိုင်ချကာ စွေ့ချိီချောင်းအား ကြည့်နေသည့် သူ၏မျက်၀န်းများမှာ မျက်မှောင်ကျုံ့နေသကဲ့သို့ပင်။


စွေ့ချီချောင်းမှာ ကောင်းလှသော လူမဟုတ်သည့်တိုင် အခြားသူများထံသို့ လုယူခံလိုက်ရလျှင်မူ သူပျော်ရွှင်နိုင်မည် မဟုတ်ချေ။


ထိုအခြေအနေတို့ကို နားမလည်သော ကြောင်ဖြူလေးမှာ စွေ့ချီချောင်း၏ လက်ဖ၀ါးထဲ ခေါင်းကလေးတိုးဝှေ့၍ လျှာဖြင့် အသာလျက်လိုက်သည်။

"မြောင် မြောင်..."


ရုတ်တရက်ဖြစ်သောကြောင့် စွေ့ချီချောင်း၏ တုန့်ပြန်မှုမှာလည်း မမြန်လိုက်ဘဲ သူ မတားနိုင်လိုက်မီမှာပင် ရှောင်ပိုင်မှာ ထိုကြောင်ဖြူလေးအား ကန်ထုတ်လိုက်ချေပြီ။


ကြောင်ဖြူလေးမှာ နံရံတွင်ကပ်နေပြီး ကြောင်၀ါကလေးပင်လျှင် တုန်လှုပ်သွားခဲ့သည်။


အပြင်ဘက်မှ အစေခံများမှာ ထိုအသံကိုကြားလျှင် နဖူးမှချွေးများကို ပွတ်သုတ်လိုက်မိသည်။ နယ်စားမှာ ထိုကြောင်အား နှိပ်စက်နေပြန်ပြီဟုပင်။


.......


နယ်စားဆိုခဲ့သလို နွေဦးရာသီ၏မိုးမှာ ပုံမှန်ရာသီမိုးထက်ပိုသည်းကာ ကံဆိုးသည်မှာ ပိုးကောင်များလည်း ရောက်လာခဲ့ပြန်သည်။


တိုင်လန်မှာ ထိုပိုးကောင်ကျူးကျော်မှူကို ပထမဆုံးခံစားရသောသူပင် ဖြစ်သည်။ အခြားအင်းဆက်မျိုးများစွာလည်း ရုတ်တရက်ပေါ်ပေါက်လာခဲ့ကာ လက်ရှိတွင်မူ အခြားနယ်မြေများ၏အခြေအနေကိုလည်း မသိရသေးချေ။


စိုက်ပျိုးရေးတာ၀န်ခံမှာ သူ၏သားဖြစ်သူအား ပိုးသတ် ဆေးများကို ကြိုတင်ပြင်ဆင်ထားစေလျက် လယ်ကျွန်များအား လာရောက်၀ယ်ယူစေသည်။ ထို့အပြင် သူက ထိုရိုင်ဇုမ်းများကို နုတ်နုတ်စင်း၍ ပုံဖျက်လိုက်သည်ဖြစ်၍ မည်သူမျှ ၄င်းကိုမှတ်မိမည် မဟုတ်ချေ။ ထို့နောက်တွင် သူက စာပို့အစေခံတစ်ဦးကိုခေါ်၍ သူ့ကိုယ်စား အားလုံးထံ စာပို့စေခဲ့သည်။ ၄င်းမှာ ပိုးသတ်ဆေးများကို ဂျုံမှုန့်ဖြင့်တိုက်ရိုက်လဲလှယ်ရမည် ဟူ၍ပင်။


တိုင်လန်အတွက်မူ သူ၏အနီးအနားမှ လယ်လုပ်သားများမှာ ထိုဆေး၏ထိရောက်မှုကို မျက်မြင်တွေ့ဖူးကာ ပိုးကောင်သေများပင်လျှင် သက်သေအဖြစ်ရှိလေသည်။ သို့နှင့် စံအိမ်အနီးတစ်၀ိုက်တွင် လယ်လုပ်သားများနှင့် တခြားလယ်ရှင်များမှာ တန်းစီနေကြတော့သည်။ သူတို့မှာ ဆေးထိရောက်မှုမရှိမည်ကို စိတ်မပူဘဲ ပေးရမည့် ဂျုံမှုန့်နှစ်ခွက်စာအတွက်သာ ပူပန်နေရတော့သည်။


သို့သော် အဆုံးတွင် ဂျုံမှုန့်နှစ်ခွက်ပေးရန်ကိုသာ သဘောတူလိုက်နိုင်သည်။ သို့မဟုတ်ပါက ဂျုံမှုန့်နှစ်ခွက်စာထက် ပိုဆုံးရှုံးနိုင်၍ပင်။


နောက်ဆုံးအကြိမ် စိုက်ခင်းများတွင်ပိုးများကျခဲ့စဥ်က ထိုပိုးများထွက်သွားပြီးသည့်နောက်တွင် ရိတ်သိမ်းစရာ ဘာမျှမကျန်ရစ်ချေ။ ရိတ်သိမ်းမှုပမာဏမှာ ပုံမှန်ထက် အဆမတန်နည်းလွန်းသဖြင့် လယ်လုပ်သားများ မည်မျှငတ်ပြတ်ခဲ့ရသည်က မျက်မြင်ကိုယ်တွေ့ဖြစ်သည်။


သို့နှင့် ထိုဂျုံမှုန့်နှစ်ခွက်စာပေးရသည်မှာ တန်သည်ဟုပင် ဆိုနိုင်လေသည်။ ထိုဆေးကိုဖြန်းပြီးသည်နှင့် ပိုးကောင်များ ထပ်မလာတော့ချေ။ ပြောရမည်ဆိုပါက ဤဆေးမှာ ပိုးကောင်များကို နှိမ်နင်းပေးရုံသာမက ထပ်မလာအောင်လည်း တားဆီးနိုင်စွမ်းရှိလေသည်။


နယ်စားမှာ အရှေ့တိုင်းနယ်မြေတွင် လေ့လာရေးအတွက် ကြာမြင့်စွာနေခဲ့သည်ကို လူတိုင်းကသိကြသည်။ ဤသည်မှာ ထိုနေရာမှရလာသော အထူးနည်းပညာပင် ဖြစ်ပေလိမ့်မည်။ ၄င်းကပင်လျှင် သူတို့က စိုက်ပျိုးရေး တာ၀န်ခံနည်းတူ တစ်စုံတစ်ခုကိုတွေးမိစေခဲ့သည်။


နယ်စားမှာ သူတို့၏စိုက်ခင်းတွင် မြက်ပင်များကိုစိုက်ပျိုးရန်ပြောထားခဲ့သည်ဖြစ်ရာ ၄င်းမှာလည်း ဤဆေးများနည်းတူ မှော်ဆန်သောရလဒ်များ ထွက်ပေါ်လာလိမ့်မည်လေားဟုပင်။


မှတ်မိရန်မှာ နယ်စားက ထိုမြက်ပင်တို့ကို သူ့ကိုယ်ပိုင်နယ်မြေများတွင်သာ စိုက်ပျိုးခိုင်းခဲ့ခြင်းပင်။


ပိုးသတ်ဆေး၏ အစွမ်းကိုတွေ့ပြီးသောအခါ သူတို့မှာ နယ်စား၏ ထူးဆန်းသောလုပ်ရပ်များအပေါ်

အနည်းငယ် ယုံကြည်စပြုလာခဲ့သည်။


နယ်စားမင်းမှာ အမှန်တကယ် ဥာဏ်ပညာနှင့် ပြည့်စုံလွန်းလှပေသည်။


သိချင်စိတ်က လူတိုင်းထံ ပျံ့နှံ့သွားလျက် လယ်လုပ်သားများမှာ အဘယ်ကြောင့် ပေါင်းမြက်များက အင်းဆက်များကိုနှင်ထုတ်နိုင်သနည်းဟု စတင်ဆွေးနွေးလာကြသည်။


မူလက မိမိတို့လယ်တွင် ထိုပေါင်းပင်များ စိုက်စရာမလို၍ ပျော်ရွှင်နေကြသော လယ်လုပ်သားများမှာ ယခုမူ မျက်နှာမသာမယာ ဖြစ်နေကြတော့သည်။ နယ်စားမှာ အလွန်ဥာဏ်ပညာရှိမှန်း သိလာသောအခါ သူစိုက်ပျိုးသော မြက်ပင်များကပင်လျှင် တန်ဖိုးရှိလာသလို ခံစားရတော့သည်။


လယ်လုပ်သားများ၊ လယ်သမားများ၊ ဘုန်းတော်ကြီးနှင့် အစေခံများ၊ သူရဲကောင်းစစ်သည်များလည်း ၄င်းကို တွေးမိလာခဲ့သည်။


အစေခံများနှင့် သူရဲကောင်းစစ်သည်များမှာ အနာဂတ်တွင် သူတို့နှင့် စိုက်ပျိုးရေးတာ၀န်ခံ၏ ဆက်ဆံရေးမှာ ပြောင်းလဲသွားတော့မည်ဟု တွေးနေမိကြလေသည်။


ထိုလူမှာ နယ်စားမင်းထံမှာ မျက်နှာသာပေးခံရပုံပင်။


နယ်စားမင်းမှ သူ့အား ချီးမြှောက်လိုက်သည့် လျှို့၀ှတ်ဖော်စပ်နည်းဖြင့်ပင် ထိုတာ၀န်ခံ၏ သားနှင့်မြေးမြစ်များ၏ အနာဂတ်ထိတိုင် စား၀တ်နေရေးအတွက် ပူစရာမလိုတော့ချေ။ ထိုရလဒ်ကိုမြင်လျှင် မိမိတို့သည်လည်း နယ်စား၏အမိန့်များကို ဆောင်ရွက်ရာတွင်ပို၍ သွက်လက်ကာ အဆင်သင့်ဖြစ်နေသင့်ကြောင်း တွေးမိလေသည်။ ထိုနယ်စားလေးမှာ ထိုမျှ အမျှော်အမြင်ကြီးကာ ရက်ရောလိမ့်မည်ဟု မည်သူမှ မသိခဲ့ချေ။


လက်ရှိတွင် စိုက်ပျိုးရေး တာ၀န်ခံကိုအနည်းငယ် ကပ်ထားလျက် ပိုးသတ်ဆေးအလွယ်တကူ ၀ယ်နိုင်စေရန် ပြင်ဆင်ထားရပေမည်။ သို့မှာသာ ပိုးကောင်ကျူးကျော်သော ရာသီတွင် သူတို့၏ လယ်များမထိခိုက်မှာပင်။


ထို့အပြင် နယ်စား၏နယ်မြေမှ ပေါင်းပင်မျိုးများကိုကြိုးစားပမ်းစား ရှာဖွေနေကြသော သူများလည်းရှိလေသည်။ ထို့နောက် မြက်ပင်များအား ဂျုံပင်စိုက်ပျိုးသည့် ပုံစံအတိုင်း လိုက်တု၍စိုက်ပျိုးထားသည်အား တွေ့လိုက်ရလေသည်။ ၄င်းမှာ ညီညာပြီး သတ်မှတ်ထားသော အရေအတွက်အတိအကျပင်။ တစ်ပင်မျှပိုလာလျှင်ပင် နယ်စားမှာ ၄င်းကိုနှုတ်လျက် အခြားမြေ၌ သွားစိုက်စေလေသည်။


နယ်စားမှာ ထိုပေါင်းပင်များအား ဂျုံပင်များနှင့်အပြိုင် မြေဆီလွှာကိုစုပ်ယူစေသည်မှာ ဤအတိုင်း ဖျက်လိုဖျက်ဆီးလုပ်ခြင်းမဟုတ်ပဲ အကြောင်းပြချက်ရှိပေလိမ့်မည်။ သူတို့မှာ ထိုအပင်များ၏ အသုံး၀င်ပုံကို နားမလည်သော်လည်း ဆိုးသည့်အရာတော့ မဖြစ်နိုင်ချေ။ သို့သော် နယ်မြေတစ်၀ိုက်မှ ထိုပေါင်းမြက်ပင်များကို စိုက်ပျိုးရေးတာ၀န်ခံက အကုန်ရိတ်သိမ်းသွားသည်မှာ နှမြောစရာပင်။ သို့မဟုတ်ပါက သူတို့ ဤထက်ပို အနီးကပ်လေ့လာ၍ ရလောက်သည်။


ရဲတင်းပြီး သတ္တိရှိသော အစေခံတစ်ဦးမှာ နယ်စားမင်းထံမှ သူ၏အလုပ်ကြိုးစားမှုအတွက် ချီးမြှောက်မှုကိုတောင်းခံခဲ့သည်။ ထို့နောက်တွင် သူက နယ်စားမင်းကဲ့သို့ပင် သူ၏ကိုယ်ပိုင်နယ်မြေ၌ မြက်ခင်းပြင်များ စိုက်ပျိုးနိုင်စေရန် ခွင့်တောင်းခဲ့သည်။


နယ်စားမင်းမှာ ၄င်းကိုစဥ်းစားပြီးပုံဖြင့် ခေါင်းညိတ်ကာ မြက်ပင်အစေ့များကို စိုက်ပျိုးရေးတာ၀န်ခံထံတွင် ထုတ်ယူစေသည်။ ထို့အပြင် အပင်စိုက်ပျိုးရာ၌ ထားရှိရမည့် အကွာအဝေးနှင့် အချိုးအစားကိုလည်း ထိုတာ၀န်ခံထံ မေးမြန်းစေခဲ့သည်။ ထို့နောက်တွင် အခွန်ဦးစီး၊ စစ်သည်များနှင့် အခြားသူတို့မှာလည်း ထိုနည်းလမ်းကို လိုက်ကြတော့သည်။


စိုက်ပျိုးရေးတာ၀န်ခံမှာ စံအိမ်ထဲတွင် နယ်စားထံမှ မျက်နှာသာ အပေးခံရဆုံးဖြစ်ခဲ့လေသည်။ ယခုတွင် အခွန်ဦးစီးများမှစ၍ အစေခံများအထိ သူ့ကိုမြင်လျှင် အပြုံးကလေးများဖြင့်နှုတ်ဆက်ကြတော့သည်။ 


တာ၀န်ခံမှာ ၄င်းကိုလွန်စွာ ကျေနပ်မိလေတော့၏။


ဘုန်းတော်ကြီးအတွက်မူ သူက ဘုရားကျောင်းကိုယ်စား လယ်ခွန်ကိုကောက်ခံခဲ့ရာ ထိုပိုးကောင်များစတင်ပေါ်ပေါက်လာစဥ်က သူမည်သို့လုပ်ရမှန်းမသိခဲ့ချေ။ 


ကံကောင်းသည်မှာ နယ်စားလေးထံတွင်နည်းလမ်းရှိနေခဲ့သည်။


ဘုန်းတော်ကြီးမှာ ပင်မဘုရားကျောင်းထံ စာအမြန်ရေးလိုက်လေသည်။ သို့သော်လည်း သူက နယ်စားနှင့် ဂုဏ်းချုပ်ဘုန်းတော်ကြီး၏ ဆက်နွယ်မှုကိုအသုံးချလျက် ဤကိစ္စကိုဖြေရှင်း၍ ရပါမည်လား တွေးမိပြန်သည်။ ထိုအစား သူကိုယ်တိုင်သာလျှင် နယ်စားလေးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိအောင်ကြိုးစားသင့်ပေသည်။



🌾🌾🌾