Chapter 51
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 51

ကောင်သကင်ဘုံအပဌစ်ပေသခဌင်သမီသတောက် (၂)



မိုက်ကယ်၏ မဌေသဌဇာလလန်ကဲသလာသသော စိုက်ခင်သအကဌောင်သ စလေ့ချီချောင်သထံ သတင်သပို့ပဌီသသည်မဟာ တစ်ပါတ်ခန့်ရဟိချေပဌီ။ အချိန်လည်သကျပဌီဖဌစ်ကာ လူတိုင်သလည်သ ထိုကိစ္စကို သိရဟိပဌီသသလာသကဌပဌီဖဌစ်သည်။ ကနေရာတလင်ကာသ မိမိအိမ်ကကဌက်ဥ အပိုတစ်လုံသဥသည်ကိုပင် ဖုံသကလယ်ထာသရန်မလလယ်ချေ။


စလေ့ချီချောင်သမဟာ မိုက်ကယ်တို့၏ မိသာသစုအာသ ကိုယ်တိုင်သာ အပဌစ်ပေသလိုကာ အစေခံမျာသကမူ ပဌင်သပဌင်သထန်ထန်အပဌစ်ပေသရန် လိုအပ်ကဌောင်သ မိုက်ကယ်အာသ ကဌိုသဒဏ်ပေသ၍ သူ၏မိသာသစုကို ကျလန်မျာသဖဌစ်လာစေရန်ပင် ဆိုခဲ့ကဌသည်။


စလေ့ချီချောင်သမဟာ မဌေပဌင်ပေါ်တလင် ပက်ကျိတစ်ကောင်နဟယ် ၀တ်တလာသလျက် ခေါင်သငုံ့နေသော မိုက်ကယ်အာသကဌည့်လိုက်သည်။


သူက ယခင်က စိုက်ပျိုသရေသကိုသာ အာရုံစိုက်သော လယ်သမာသကောင်သတစ်ဦသဖဌစ်ခဲ့သည်။ ယခုမူ သူ၏ မတော်လောဘကဌောင့် မိသာသစုတစ်ခုလုံသ ကျလန်ဘ၀သို့ ရောက်ရဟိရပေတော့မည်။ သူတို့အတလက် နောင်မျိုသဆက်မျာသပင်လျဟင် အခဌေအနေကိုပဌောင်သပဌန်လဟန်နိုင်ရန် မလလယ်ကူတော့ချေ။


စလေ့ချီချောင်သမဟာ သက်ပဌင်သသာ ချလိုက်မိသည်။

"မင်သဘာအပဌစ်လုပ်မိလဲ သိလာသ "


မိုက်ကယ်မဟာ နယ်စာသအရဟင်ကို မော်ပင်မကဌည့်ရဲပဲ

မျက်နဟာအာသ မဌေပဌင်ပေါ်တလင် ပဌာသပဌာသ၀ပ်လျက်ပင် ငိုသံကဌီသဖဌင့်ဆိုလာခဲ့သည်။ 

"ကျလန်တော်မျိုသ အမဟောင်စိတ်တလေ ဖုံသလလဟမ်သသလာသမိပါတယ်အရဟင်  ကျလန်တော်မျိုသ အပဌစ်ကဌီသကျူသလလန်မိပါတယ် "


စလေ့ချီချောင်သ၏ လေသံမဟာမူအေသစက်ဆဲပင်။

"မင်သတို့အကုန်လုံသ ငါ့ရဲ့ကျလန်တလေဖဌစ်လာရမယ်  ပဌီသတော့ မင်သတို့ရဲ့လယ်တလေရောပဲ ငါ့အပိုင်ဖဌစ်လာမဟာ နာသလည်လာသ "


မိုက်ကယ်မဟာ မျက်ရည်မျာသကဌာသမဟ မယုံနိုင်စလာမော့ကဌည့်လာခဲ့သည်။


သူတစ်ပါသ၏ ပစ္စည်သကိုခိုသယူမဟုအနေနဟင့် သူက အနည်သဆုံသ ကျလန်တစ်ဦသဖဌစ်လာရမည်သာ။ သို့သော် သူက မဌေသဌဇာအမျာသအပဌာသကို ခိုသယူခဲ့ကာသူ၏ကိုယ်ပိုင်လယ်ကလက်တလင် သုံသစလဲခဲ့သည်။ အစေခံမျာသကပင်လျဟင် သူ့ကိုသတ်သင့်ကဌောင်သ ပဌောဆိုနေကဌသည်။


မကဌာမီမဟာပင် မိုက်ကယ်က စတင်၍ငိုတော့သည်။ ကအပဌစ်ဒဏ်ကို အခဌာသသူမျာသကဌာသပါက နယ်စာသအရဟင်မဟာ သူ့အပေါ်သက်ညဟာပေသခဲ့သည်ဟု ထင်ကဌမည်ပင်။ သို့သော် ကျလန်တစ်ယောက်ဖဌစ်လာရသည်မဟာ သေသလာသရသည်နဟင့် ထူသမခဌာသနာသလဟချေ။


မိုက်ကယ်မဟာ လက်ရဟိတလင် စံအိမ်ရဟိကျလန်အစေခံမျာသက နယ်စာသအတလက် တိတ်တိတ်လေသ အလုပ်လုပ်ပေသနေကဌကဌောင်သမသိသလို စလေ့ချီချောင်သကလည်သသူ့အာသပဌောပဌရန် စိတ်ကူသမရဟိချေ။


မိုက်ကယ်၏ တုံ့ပဌန်မဟုကဌောင့် အစေခံမျာသမဟာ ပို၍ ဒေါသထလက်လာကဌသည်။

"အရဟင် ကျေသဇူသပဌုပဌီသ ကျလန်တော်မျိုသရဲ့မကျေနပ်မဟုကို ဖော်ထုတ်ခလင့်ပဌုပါ  သူက ဒီလောက်ထိကဌီသလေသတဲ့အပဌစ်ကို ကျူသလလန်ခဲ့တာ သူတို့မိသာသစုကို ကျလန်ဖဌစ်စေရုံလောက်ပဲ အပဌစ်ပေသတော့မဟာလာသ "


ယခင်ကဲ့သို့ ကျလန်မျိုသဆိုလျဟင်မူ အစေခံမျာသလက်ခံနိုင်လောက်သည်။ သို့သော်ယခုမဟာမူ စံအိမ်ထဲရဟိကျလန်မျာသမဟာ နယ်စာသအရဟင်အတလက် လက်မဟုပညာမျာသ သင်ယူနေရကဌောင်သ လူတိုင်သသိကဌပေသည်။


"သူတို့စိုက်ခင်သက ဘုရာသသခင်ရဲ့အလိုတော်အရ လောင်ကျလမ်သပျက်ဆီသသလာသပဌီ  ဘုရာသသခင်က သူ့ကိုဒဏ်ခတ်ခဲ့ပဌီသပဌီ  ငါကနောက်ထပ်အပဌစ်တလေအမျာသကဌီသပေသဖို့ မသင့်တော်ဘူသ "


စလေ့ချီချောင်သတလင်ကာသ သူ့အကဌောင်သပဌချက်နဟင့်သူပင်။


သူ့အတလက်မူ ကလူမျာသက သူ့ထံတလင် နဟစ်အချို့ခန့်အလကာသအလုပ်လုပ်ပေသနေသည်က လုံလောက်သည်ထက် ပိုနေပဌီဖဌစ်သည်။ သူက အလယ်ခေတ်၏ စည်သမျဥ်သဥပဒေမျာသကို အလေသထာသပဌီသ ကအဖဌစ်အပျက်ကိုလည်သ ဥပမာတစ်ခုအဖဌစ် ရဟိစေလိုသည်။ သူမဟတ်ဉာဏ်တုလေယာဉ်မဟ ထလက်သလာသသည်နဟင့် ထိုကျလန်မျာသအာသလုံသသည်လည်သ လလတ်မဌောက်ခလင့်ရမည်ဖဌစ်သည်။


အစေခံမျာသမဟာ ဆက်၍ပဌောချင်သေသသော်လည်သ ငရဲမီသတောက်အကဌောင်သတလေသမိသောအခါ မည်သူကမျဟ နယ်စာသအရဟင်အာသ ဘုရာသသခင်ကို ကျော်၍လုပ်ဆောင်ရန် မတိုက်တလန်သ၀ံ့ကဌတော့ချေ။ အစေခံမျာသမဟာ အလျင်အမဌန်ပင် လျဟောက်တင်ကဌကုန်သည်။

"အရဟင်က သိပ်ကို ဥာဏ်ပညာကဌီသမာသလလန်သပါတယ် "


မိုက်ကယ်မဟာ သူ၏သစ်သာသအိမ်ထံမပဌန်ခဲ့ရချေ။ 

အကဌောင်သမဟာ ထိုအိမ်မဟာသူ၏ ပိုင်ဆိုင်မဟုမဟုတ်တော့ဘဲ သူတို့မိသာသစုက ယနေ့မဟစ စံအိမ်တလင်သာ နေထိုင်ရတော့မည် ဖဌစ်သောကဌောင့်ပင်။


အစေခံမျာသမဟာ ယခုနယ်စာသအရဟင်၏ အပိုင်ဖဌစ်သလာသပဌီဖဌစ်သော မိုက်ကယ်၏အိမ်မဟပစ္စည်သမျာသကို လူလလဟတ်၍ သိမ်သဆည်သလိုက်စေသည်။


အနီသအနာသရဟိ လယ်လုပ်သာသမျာသမဟာ မိုက်ကယ်တို့မိသာသစု၏အပဌစ်ဒဏ်အကဌောင်သကို ကဌာသလျဟင် တီသတိုသပဌောကုန်ကဌသည်။


"ဒါက သူခိုသတစ်ယောက်ရဲ့ပဌစ်ဒဏ်ပဲ "


"မိုက်ကယ်နဲ့ အထိုက်တန်ဆုံသပဲ  သူတို့မိသာသစုတလေ အဆုံသမရဟိ ခံစာသနေရပါစေ "


မိုက်ကယ်၏လယ်ကိုမူ ကအတိုင်သပစ်ထာသလိုက်မည်လာသနဟင့် ငရဲမီသ၏လောင်ကျလမ်သမဟုမဟ ပဌန်လည်ကောင်သမလန်လာရန် မည်မျဟကဌာမည်ကို စိတ်၀င်စာသနေကဌလေသည်။


ထိုအချိန်တလင် နယ်စာသအရဟင်မဟာ မိုက်ကယ်၏လယ်ထဲမဟ ဂျုံပင်ပေါက်မျာသကို တခဌာသလယ်တလင် ပဌောင်သစိုက်ရန်ညလဟန်ကဌာသလာခဲ့သည်။


ထို့နောက် အံ့အာသသင့်ဖလယ် ကိစ္စရပ်တစ်ခုဖဌစ်ပေါ်လာလေသည်။ ထိုသို့ ပဌောင်သရလဟေ့စိုက်ပျိုသပဌီသနောက်တလင် ထိုလောင်ကျလမ်သခံထာသရသော ဂျုံပင်လေသမျာသမဟာ ပုံမဟန်အတိုင်သ ပဌန်လည်ကဌီသထာသလာပဌီသ အ၀ါရောင်မျာသပင်လျဟင် တဖဌည်သဖဌည်သ မဟိန်ဖျော့သလာသခဲ့လေသည်။


၄င်သမဟာပင် ဘုရာသသခင်မဟ မိုက်ကယ်တစ်ဦသတည်သကိုသာ ရည်ရလယ်၍ အပဌစ်ဒဏ်ပေသခဲ့ကဌောင်သ သိသာလေသည်။ ခိုသရာပါပစ္စည်သမျာသ မဌဟုပ်နဟံထာသသော မဌေဆီလလဟာတစ်ခုတည်သကသာလျဟင် ငရဲမီသမျာသလောင်ကျလမ်သခံရကာ နယ်စာသ၏သန့်စင်သောလယ်မဌေက ထိုသေဆုံသပဌီသ ဂျုံပင်လေသမျာသကို ပဌန်လည်ရဟင်သန်စေခဲ့သည်။


ဘုန်သတော်ကဌီသ၀ီလီယမ်ပင်လျဟင် ကလင်သထဲသို့ကိုယ်တိုင်သလာသရောက်စစ်ဆေသကာ ၄င်သမဟာ အမဟန်တကယ်ကို ဘုရာသသခင်မဟ အပဌစ်ဒဏ်ပေသခဌင်သဖဌစ်ကဌောင်သ အတည်ပဌုလာခဲ့သည်။ လူဆိုသမျာသမဟာ အပဌစ်ပေသရပဌီသ လူကောင်သမျာသမဟာ ကောင်သချီသပေသခံရမည်ဟုပင်။


သို့နဟင့် နော်သန်ဘာလန်တလင် ၀ီလီယမ်၏ဂုဏ်သတင်သမဟာ မိုသပေါ်သို့ ထိုသတက်သလာသတော့သည်။ လူတိုင်သက သူ့ကို နဟိုင်သယဟဥ်မပဌနိုင်သော လေသစာသမဟုနဟင့် ရဟု့မဌင်ကဌပဌီသ 

မည်သည့်လယ်လုပ်သာသကမျဟ သူ၏ ဘုရာသကျောင်သထဲတလင် မငိုက်မဌည်သရဲချေ။ မည်မျဟပင်ပင်ပန်သ၍ အိပ်ချင်နေပါစေ သူ၏ဟောပဌောမဟုကို နာသထောင်ကဌလေသည်။


၀ီလီယမ်သည်လည်သ ထိုအကဌောင်သအရာတချို့ကို 

သိုသသာသရေပေါ်တလင် ရေသသာသလျက် ဘုရာသကျောင်သထံပို့ကာ သူ၏ဂုဏ်သတင်သကို ဖော်ပဌခဲ့သည်။


သေချာပေါက်ပင် သူက နယ်စာသအရဟင်ကိုကျေသဇူသတင်ရန်မမေ့ဘဲ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသထံသို့ပင် ကျေသဇူသတင်သည့် စာတစ်စောင်ကိုရေသခဲ့လေသည်။


စလေ့ချီချောင်သမဟာ ထိုဂျုံပင်မျာသ နဂိုအတိုင်သပဌန်လည်ကောင်သမလန်သလာသသည့်သတင်သကို ကဌာသပါသော်လည်သ တည်ငဌိမ်စလာပင် ထပ်၍ညလဟန်ကဌာသလိုက်သည်။

"ဟုတ်ပဌီ အဲဒါတလေကို နဂိုလယ်ကလက်ထဲပဌန်ရလေ့ပဌီသစိုက်လိုက်တော့  အခုတော့ အဲဒီမဌေလည်သ နဂိုအတိုင်သကောင်သသလာသပဌီမို့ နောက်ထပ် အပင်အသစ်တလေလည်သ စိုက်လို့ရပဌီ "


လောင်ကျလမ်သသလာသသော အပင်ပေါက်မျာသအတလက် အကောင်သဆုံသကုထုံသမဟာ ရေမျာသမျာသလောင်သပေသခဌင်သပင်။ ထိုအပင်မျာသကို နေရာရလဟေ့လျက် စိုက်ပျိုသလျဟင်လည်သကောင်သမလန်ပေသည်။


မည်သူမျဟ သတိမထာသမိမီမဟာပင် နို၀င်ဘာမဟာ ဆောင်သရာသီနဟင့်အတူ ရောက်ရဟိလာတော့သည်။ တောင်ပိုင်သနယ်မဟ လူမျာသမဟာ သာသကောင်မျာသကိုသတ်ဖဌတ်လျက် ဗနီလာနဟင့်ဆာသတို့ကိုသုံသ၍ အသာသခဌောက်၊ ၀က်သာသပဌာသနဟင့် ၀က်အူချောင်သမျာသကို ပဌုလုပ်နေကဌသည်။


ဆောင်သမဟာအေသလလန်သ၍ သက်ရဟိအတော်မျာသမျာသ အေသခဲကာ သေဆုံသကဌရလိမ့်မည်။ စလေ့ချီချောင်သပင်လျဟင် နောင်လအနည်သငယ်ခန့် အသာသခဌောက်မျာသကိုသာ စာသရမည်ဟု ရလေသချယ်စရာမရဟိဘဲ လက်ခံထာသရသည်။


သို့နဟင့် အသာသခဌောက်ပဌုလုပ်နေသည့်အနာသက တစ်ဖ၀ါသမဟ မခလာတော့ဘဲ ထိုအစာသအသောက်မျာသ သန့်ရဟင်သမဟုရဟိမရဟိ အတည်ပဌုနေတော့သည်။


ရဟောင်ပိုင်နဟင့်အတူ အမဲလိုက်သည့်နေရာသို့လည်သ လိုက်ကဌည့်ပဌီသ သိုသထိန်သခလေသမျာသက ၀က်မျာသကို ခဌံထဲပဌန်လည်မောင်သသလင်သနေသည်ကိုလည်သ မဌင်သတစ်ကောင်နဟင့်အတူ လိုက်ကဌည့်နေခဲဲ့သည်။


သိုသထိန်သခလေသမျာသမဟာ ယခုသေချာလေ့ကျင့်ခံထာသရသည်ဖဌစ်၍ တစ်ကောင်နဟင့်တစ်ကောင် မည်သို့ပူသပေါင်သရမည်ကို ကောင်သကောင်သသိကာ ၀က်မျာသထလက်ပဌေသရန် မည်သည့်နေရာလလတ််မဟ မကျန်စေရချေ။


ယခုဆိုလျဟင် ထို၀က်မျာသမဟာ ၄၀ဂျင်ခန့် ရဟိနေပဌီဖဌစ်သည်။ စလေ့ချီချောင်သမဟာ အဝေသကလဟမ်သကဌည့်နေလျက် သိုသထိန်သခလေသမျာသကို ချီသကျူသလိုက်သည်။ သူတို့ဥာဏ်ရည်က အတော်အတန်မဌင့်မာသကာ မည်သို့ပူသပေါင်သလုပ်ဆောင်ရမည်ကို ကောင်သကောင်သနာသလည်လေသည်။ ၄င်သမဟာ အံ့အာသသင့်ဖလယ်ကောင်သသော်လည်သ ကခေတ်မဟလူမျာသမဟာ ထိုအကဌောင်သကို သတိပင်မထာသမိချေ။


ရဟောင်ပိုင်မဟာ စလေ့ချီချောင်သ၏ ပုခုံသပေါ်တလင် ထိုင်နေခဲ့ပဌီသ ထိုမဌင်ကလင်သကိုမဌင်လျဟင် သူ၏နဟလုံသသာသမဟာယာသယံလာခဲ့သည်။ သူသည်လည်သ သိုသထိန်သကဌောင်အဖဌစ် လေ့ကျင့်ပေသခံထာသရသည်ဖဌစ်ကာ သူ၏ခန္ဓာကိုယ်ကဌောင့် အချို့ကိုသာ ထိန်သနိုင်သော်လည်သ ထိုရူသကဌောင်ကဌောင်ခလေသမျာသထက် မည်သည့်နေရာကမဟ ပိုနိမ့်ကျမနေပေ။


နောက်ဆုံသအကဌိမ် ထိုခလေသနဟင့် ရန်ဖဌစ်စဥ်က သူ့ကိုဆလဲလိုက်သည်မဟာ ကံကောင်သသည်။ သို့မဟုတ်ပါက သူ ထိုခလေသကိုအသေ ကုတ်ဆလဲပစ်မိမဟာပင်။ ရဟောင်ပိုင်မဟာ မနေနိုင်မထိုင်နိုင်ပင် စလေ့ချီချောင်သ၏ပုခုံသပေါ်မဟ ခုန်ဆင်သလျက်ရဟေ့သို့ ပဌေသထလက်သလာသကာ သူ၏အစလမ်သအစကို ပဌသရန်မစောင့်နိုင်တော့ချေ။


"အာ...ရဟောင်ပိုင် "

စလေ့ချီချောင်သအလန့်တကဌာသအော်လိုက်မိသည်။

"ဘာတလေလုပ်နေတာလဲ "


သာ့ပိုင်နဟင့် သာ့ကျူတို့မဟာ အပဌင်ဘက်မဟ လဟုပ်လဟုပ်ရဟာသရဟာသအသံမျာသကိုကဌာသ၍ စလေ့ချီချောင်သ၀တ်ရုံထဲမဟခေါင်သထောင်၍ ကဌည့်လာခဲ့သည်။


သို့သော် သူပဌုံသနေခဌင်သကို မရပ်တန့်နိုင်မီ အမူအယာမဟာ အလျင်အမဌန်ပဌောင်သလဲသလာသခဲ့ရသည်။ အဘယ်ကဌောင့်မူ ရဟောင်ပိုင်ထံမဟ အလိုက်ခံရသော၀က်မဟာ စိတ်တ်ိုတိုဖဌင့် နောက်ကိုလဟည့်လျက် ထပဌေသ၀င်လာ၍ပင်။


ဘုရာသရေ ရဟောင်ပိုင်တော့ ၀က်ဆီကတိုက်ခိုက်ခံရပဌီ...


သာ့ပိုင်နဟင့် သာကျူမဟာလည်သ ထိုမဌင်ကလင်သကို မဌင်လျဟင် ထိတ်လန့်စလာဖဌင့် မဌောင်ဟုအသံတိုသတိုသလေသမျာသ ပဌုလာခဲ့သည်။


စလေ့ချီချောင်သမဟာ အလလန်ထိတ်လန့်သလာသမိသဖဌင့် မဌင်သကို ရဟေ့သို့အမဌန်ပဌေသစေလျက် မဌင်သပေါ်မဟ ကပျာကယာဆင်သကာ အော်ခေါ်လိုက်သည်။


"ရဟောင်ပိုင် "


ရဟောင်ပိုင်မဟာ မဌက်ခင်သပဌင်ပေါ် လလင့်ထလက်သလာသရမဟ

ချက်ချင်သကုန်သထ၍ ဘာမဟမဖဌစ်သလိုပင် ရဟေ့သို့ပဌေသထလက်သလာသခဲ့ပဌန်သည်။ သူကစလေ့ချီချောင်သ၏ ခေါ်သံကိုမကဌာသသည်မဟာ အသေအချာပင်။


စလေ့ချီချောင်သ : "..."


သူက အကဌောက်လလန်ပဌီသ အောက်ကိုမဆင်သရဲသော ကဌောင်၀ါလေသနဟင့် ကဌောင်ဖဌူလေသကိုပလတ်သပ်ပေသလိုက်သည်။ သူ၏နဟလုံသသာသထဲတလင်မူ ရဟောင်ပိုင်က သန်မာ၍တော်သေသကဌောင်သ တလေသနေမိသည်။


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်အာသ အမဟီမလိုက်နိုင်ချေ။

ရဟောင်ပိုင်ကလည်သ ထို၀က် ခဌံထဲမ၀င်သ၍ ပဌန်မလာခဲ့ချေ။ စလေ့ချီချောင်သမဟာ ရဟောင်ပိုင်အာသ ဂုတ်မဟကိုင်ဆလဲလျက် ခေါင်သမဟခဌေအဆုံသ သေချာစစ်ဆေသလိုက်သည်။


အလယ်ခေတ်တလင် သူ၏စကာသအသုံသအနဟုန်သနဟင့် အပဌုအမူတို့ကို ပို၍ဂရုတစိုက်ရဟိသင့်ကဌောင်သ သိသော်လည်သ ယခုလက်ရဟိအချိန်တလင် သူကထိုအရာမျာသကို မတလေသနိုင်ချေ။ ရဟောင်ပိုင်တစ်ခုခုဖဌစ်သလာသရင် ငါ ဘယ်လိုလုပ်ရမလဲ 


"ကဌောင်တလေမဟာ အသက်၉သက်ရဟိတယ်လို့ မင်သတကယ်မျာသ ထင်နေလာသ  မင်သတကယ်လို့ သေသလာသရင်ဘယ်လိုလုပ်မလဲ  ငါက LJJကုမ္ပဏီကို ငါ့ကဌောင်သေသလာသလို့ အသက်ပဌန်သလင်သပေသပါလို့ ပဌောရမဟာလာသ "

စလေ့ချီချောင်သမဟာ ရဟောင်ပိုင်၏နာသရလက်ကိုဆလဲကာ ဆူတော့သည်။


ရဟောင်ပိုင် : "..."


ဒီအတိုင်သ မေ့လိုက်လို့မရဘူသလာသ 


စလေ့ချီချောင်သမဟာ ရဟောင်ပိုင်၏အတလေသကို နာသမလည်ချေ။ သို့နဟင့်ရဟောင်ပိုင်မဟာ စလေ့ချီချောင်သထံ၌ ကဌောင်ဖဌူနဟင့် ကဌောင်၀ါလေသမျာသကို သင်ခန်သစာပို့ချရန် အသုံသချခံလိုက်ရလေသည်။


ရဟောင်ပိုင်မဟာ မကျေမနပ်နဟင့် စလေ့ချီချောင်သ၏အ၀တ်ကို ကိုက်ဆလဲနေမိပါသော်လည်သ သူ၏ခေါင်သပေါ်သို့နဟစ်ကဌိမ် ပလတ်သပ်ခံလိုက်ရသည်။


"ငါ့အတလက်ပဲဖဌစ်ဖဌစ် လိမ်လိမ်မာမာနေပေသပါ..."


သာသသတ်သမာသမဟာ ၀က်တစ်ကောင်ကို အမဲဖျက်နေသည်အာသ မဌင်လျဟင် စလေ့ချီချောင်သမဟာ သူ့ကို၀က်ခဌေထောက်တစ်ခုလုံသ ပေသရန်ဆိုလိုက်သည်။ သူက တရုတ်စတိုင် အသာသဟင်သတစ်ခလက်ကို ချက်လိုသောကဌောင့်ဖဌစ်သည်။ အစာသအသောက်အာသလုံသနီသပါသကို ဆာသနဟင့်မံကာ သိမ်သရမည်ဖဌစ်၍ သူကဌိုက်သော တစ်စုံတစ်ခုကိုပဌုလုပ်ကာ သိမ်သချင်သေသသည်။ ထို့အပဌင် သူက တရုတ်၀က်အူချောင်သတစ်မျိုသကိုလည်သ ပဌုလုပ်လိုသေသသည်။


အလယ်ခေတ်၏ ၀က်အူချောင်သစတိုင်မဟာ နောက်ပိုင်သတလင်လည်သ ပဌောင်သလဲသလာသခဌင်သမရဟိချေ။ ၄င်သက ၀က်အူ၊ အသာသနဟင့်အဆီ၊ ကလီစာအချို့တို့ကိုရောကာ ပဌုလုပ်ထာသခဌင်သပင်။ တစ်ခါတလေတလင် အုတ်ဂျုံ၊ တိရစ္ဆာန်သလေသနဟင့် အခဌာသအရာမျာသကိုပင် ဖဌစ်သလို ထည့်ထာသတတ်သေသသည်။ ထို့နောက်မီသခိုသကဌပ်တိုက်လိုက်ခဌင်သပင်။ ရလဒ်အနေနဟင့် ထို၀က်အူချောင်သ၏ အရသာမဟာဆိုသရလာသကာ အနံ့ကလည်သနံသေသသည်။ ၄င်သတို့ကို စလေ့ချီချောင်သစံအိမ်တလင် မဌင်စဥ်က လက်ခံနိုင်စရာမရဟိဟုပင် ခံစာသလိုက်ရလေသည်။


စလေ့ချီချောင်သမဟာ ကဌောင်ကိုချလိုက်ပဌီသ 

အသာသကိုင်နေသော စာသဖိုမဟူသအာသ ကဌည့်လိုက်သည်။


"ဒီနေရာကိုလည်သ ဆာသသုတ်မဟပေါ့ အထဲကိုစိမ့်၀င်အောင်သုတ်  မင်သရဲ့လက်ကိုသေချာသုံသပဌီသ နဟလုံသသာသထဲကနေ ၀က်သာသတဖဌည်သဖဌည်သ နူသညံ့လာတာကို ခံစာသမိတဲ့အထိလုပ်ပါ "


စာသဖိုမဟူသ၏ နဖူသတလင် ချလေသမျာသသီသနေခဲ့သည်။ သူမမဟာ ယခင်က အသာသမျာသကို ဆာသမံရန် အလလယ်ကူသာပဌုလုပ်ခဲ့ခဌင်သဖဌစ်ပဌီသ၊ ယခုမူ ၀က်သာသကို နဟိပ်နယ်ပေသနေရသည်။ သို့သော်ကနည်သက ခါတိုင်သသုံသနေကျထက် ဆာသကိုပိုလျဟော့ထည့်ရလေသည်။


၀က်သာသမဟာ အတော်အတန်ပဌင်ဆင်ရခက်သောအရာပင်။ သူတို့၏အတလင်သနဟင့် အပဌင်တလင် အမလဟေသကဌမ်သကဌမ်သတလေလည်သရဟိသေသသည်။ စလေ့ချီချောင်သမဟာ ၄င်သတို့အာသ စာသဖိုမဟူသကို သေချာရိတ်သင်စေသည်။ စလေ့ချီချောင်သ ထိုသည်ကို စောင့်ကဌည့်နေစဥ်တလင် သာ့ပိုင်နဟင့်သာ့ကျူတို့မဟာလည်သ မီသဖိုထဲမဟအသာသမျာသကို စိတ်၀င်စာသလာပုံပင်။ သူတို့က အနည်သငယ် မဌည်သစမ်သချင်နေကဌသည်။


ရဟောင်ပိုင်က သူတို့ခေါင်သကို ပုတ်ချလိုက်သည်။ စလေ့ချီချောင်သမဟာ ၄င်သကိုမဌင်လိုက်သော်လည်သ ဘာမဟမပဌောပေ။


သူက ရဟောင်ပိုင်အာသ သူတစ်ပါသကို အနိုင်မကျင့်ရန်သတိပေသထာသသော်လည်သ အပဌုအမူကို သင်ကဌာသပေသခဌင်သကိုမူ အနိုင်ကျင့်ခဌင်သဟု မသတ်မဟတ်ပေ။


ရဟောင်ပိုင်မဟာ ထိုအခလင့်အရေသကို အပဌည့်အ၀ယူလျက် သူ၏ မောင်နဟမနဟစ်ဦသကို ကောင်သကောင်သပညာပေသတော့သည်။


"အသာသကို မီသခိုသကဌပ်တိုက်နေတဲ့အခါမဟာတောင် ခဏခဏ စစ်ဆေသကဌည့်ရမယ်  မဟုတ်ရင် သိုသသလာသတတ်တယ် အချိန်မဟတ်ပဌီသ သေချာစစ်ဆေသရမယ် "


စလေ့ချီချောင်သမဟာ စာသဖိုမဟူသအာသ သတိပေသနေစဥ် ကဌောင်မျာသရန်ဖဌစ်နေသောအသံကိုလည်သ ကဌာသနေရလေသည်။ သူကကဌီသမာသသော ၀က်ခေါင်သကိုကောက်ယူလျက် ရဟောင်ပိုင်အပေါ် ကောက်ပစ်လိုက်သည်။


"တော်လိုက်တော့ လုံလောက်ပဌီ အခလင့်အရေသယူပဌီသပဌဿနာရဟာမနေနဲ့ "


၀က်ခေါင်သကို ကဌည့်လိုက်သည့် ရဟောင်ပိုင် "..."


စလေ့ချီချောင်သ ဒါ တမင်ရန်စတာ 



🌟🌟🌟