Chapter 50
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 50

ကောင်သကင်ဘုံအပဌစ်ပေသခဌင်သမီသတောက် (၁)



စလေ့ချီချောင်သမဟာ ဘုရာသကျောင်သကို ရောက်လာခဲ့လေသည်။ သစ်တိုစမျာသနဟင့် ရလံ့မျာသကိုအသုံသပဌုကာဆောက်လုပ်ထာသသော လယ်လုပ်သာသမျာသ၏အိမ်မျာသနဟင့်ယဟဥ်လျဟင် ကျောက်တုံသမျာသဖဌင့် ဆောက်လုပ်ထာသသော ဘုရာသကျောင်သမဟာ သပ်ရပ်ကာ လဟပသည်။


စလေ့ချီချောင်သပင်လျဟင် အနည်သငယ် မနာလိုမဖဌစ်မိဘဲ မနေနိုင်ချေ။ အဘယ်ကဌောင့်မူ သူ၏ ကိုယ်ပိုင်စံအိမ်သည်လည်သ ကောင်သမလန်သောကျောက်တုံသမျာသဖဌင့် ဆောက်လုပ်ထာသသည့်တိုင် ၄င်သမဟာလေ၀င်လေထလက် မကောင်သလဟချေ။


ဘုန်သတော်ကဌီသ၀ီလီယမ်၏အိမ်မဟာလည်သ ဘုရာသကျောင်သနဟင့်မဝေသလဟချေ။ ယနေ့မဟာသူ၏ တရာသဟောရမည့်နေ့ဖဌစ်၍ လယ်လုပ်သာသမျာသမဟာ သူဟောပဌောသည်ကို ငဌိမ်ငဌိမ်သက်သက်နာသထောင်နေကဌသည်။


စလေ့ချီချောင်သ ရောက်ရဟိလာသည်ကိုမဌင်လျဟင် ဘုန်သတော်ကဌီသ၀ီလီယမ်၏မျက်နဟာမဟာ ရလဟင်ပဌသလာသခဲ့သည်။

ဘုန်သတော်ကဌီသမဟာ စံအိမ်တလင်အမဌဲမနေနိုင်သော်လည်သ နယ်စာသအရဟင်မဟာ အသာသဟင်သချက်တိုင်သ သူ့အတလက်မပျက်မကလက် အမဌဲပို့ပေသနေခဲ့၍ပင်။


နယ်စာသအရဟင်အာသ သူ၏ ရဟာသပါသသောမိတ်ဆလေမျာသထဲမဟ တစ်ဦသအဖဌစ် သတ်မဟတ်ခဲ့သည်မဟာ အရဟုံသမရဟိချေ။


ထို့အပဌင် ၀ီလီယမ်သည်လည်သ လတ်တလောပျံ့နဟံ့နေသောသတင်သမျာသကို ကဌာသထာသခဲ့သည်။ လယ်ထဲတလင် မဌေသဌဇာသူခိုသတစ်ယောက်ရဟိနေကာ အစေခံမျာသကလည်သ ယခုထိဖမ်သမိသေသပုံမပေါ်ချေ။ ထို့ကဌောင့် ယနေ့တလင် သူကအထူသအနေနဟင့် သူခိုသမျာသအပေါ် ဘုရာသသခင်၏ သတ်မဟတ်ချက်အကဌောင်သကို ဟောပဌောပေသနေခဲ့ခဌင်သဖဌစ်သည်။


တစ်ပါသသူမျာသ၏ ပိုင်ဆိုင်မဟုကိုခိုသယူခဌင်သမဟာ 

ကဌီသလေသသော အပဌစ်ဖဌစ်သည်။ အခိုသခံရသော မဌေသဌဇာမျာသမဟာ လမ်သပေါ်တလင် ကအတိုင်သ ကျချင်တိုင်သကျ ပါချင်တိုင်သပါထာသသော တိရိစ္ဆာန်ချေသမျာသသာမဟုတ်၊ ၄င်သတို့မဟာ နယ်စာသကိုယ်တိုင် ပဲမျာသဖဌင့် လဲလဟယ်၀ယ်ယူထာသသည့် မဌေသဌဇာမျာသဖဌစ်သည်။


သူ၏ရင်ထဲတလင်မူ နာသမလည်နိုင်သေသချေ။ စံအိမ်တလင် သီသသန့်၀တ်ပဌုဆုတောင်သသည့်နေရာ ရဟိသည်ဖဌစ်ရာ နယ်စာသအနေနဟင့် ကနေရာတလင် လယ်လုပ်သာသမျာသနဟင့်အတူ ၀တ်ပဌုစရာမလိုအပ်ချေ။


သို့သော် သိပ်မကဌာမီမဟာပင် ၀ီလီယမ်မဟာနာသလည်သလာသခဲ့တော့သည်။ စလေ့ချီချောင်သ၏နောက်မဟ အစေခံက ဂျုံနဟင့်အသာသမျာသကို သေတ္တာတစ်ခုထဲထည့်၍ သူ့အာသ လဟူဒါန်သလာ၍ပင်။


ထို့နောက်တလင် စလေ့ချီချောင်သမဟာ အာသလုံသ၏ရဟေ့တလင်ပင်မေသလာခဲ့သည်။ 

"ဖာသာ၀ီလီယမ် တကယ်လို့ လူတစ်ယောက်က ခိုသယူတဲ့အပဌစ်ကိုကျူသလလန်ပဌီသတော့ အဲဒီအပဌစ်ကို၀န်မခံဘူသဆိုရင်ရော သူကအပဌစ်ဒဏ်ခံရဦသမဟာလာသ "


၄င်သမဟာအလလန်သိသာသော အဖဌေဖဌစ်သော်လည်သ လယ်လုပ်သာသမျာသမသိသည်လည်သ ဖဌစ်နိုင်လေသည်။


သို့သော် နယ်စာသကဲ့သို့ ဘုရာသကျောင်သထံမဟချီသမဌဟောက်ခံထာသရသော သူကမသိဘဲနေမည် မဟုတ်ပေ။ ထို့ကဌောင့် နယ်စာသက ၄င်သကိုမေသလာသောအခါ ၀ီလီယမ်မဟာ ရည်ရလယ်ချက်ကို နာသလည်လိုက်သည်။ သူက နောင်အနာဂတ်တလင်ထိုကဲ့သို့အချောင်ခိုသယူလိုစိတ်ရဟိလာမည့် လယ်လုပ်သာသမျာသကို ကဌိုတင်သတိပေသလိုခဌင်သ ဖဌစ်လိမ့်မည်။


၀ီလီယမ်ရင်ထဲ တိတ်တခိုသ သက်ပဌင်သချလိုက်မိသည်။ သူက နယ်စာသ၏ ရည်ရလယ်ချက်ကို နာသလည်သော်လည်သ ဆန္ဒအတိုင်သဖဌစ်ဖို့ကာသ မလလယ်ကူချေ။ လယ်လုပ်သာသမျာသမဟာ ရိုသသာသပုံပေါ်သော်လည်သ အခလင့်အရေသတစ်ခုရရဟိပါက ထိုအခလင့်အရေသကို ရရင်ရသလို အမိအရယူတတ်သူမျာသဖဌစ်သည်။ သို့တည်သမဟုတ်ပါက သူခိုသမဟာ ထိုကဲ့သို့ခိုသမဟူပဌုလုပ်ပဌီသချိန်မဟာပင် အပဌစ်ကို၀န်ခံရန် မကဌိုသစာသပဲနေမည်မဟုတ်ပေ။


သို့သော် ၀ီလီယမ်က အရိုသသာသဆုံသပဌောလိုက်သည်။

" ဘုရာသသခင်က လောကကဌီသအပေါ် ချစ်မဌတ်နိုသမဟုတလေနဲ့ ပဌည့်နေတာ  သူက လူကောင်သတလေကို သနာသချစ်ခင်ပဌီသ ဆိုသယုတ်သူတလေကို အပဌစ်ပေသတယ် "


သူက အပဌစ်ကျူသလလန်သူမျာသနဟင့် လူကောင်သမျာသကဌာသ တန်ပဌန်ခံစာသရမည့် အကျိုသရလဒ်မျာသကို အသေသစိတ် ဟောပဌချင်ခဲ့သည်။ အပဌစ်ဒဏ်ကနောက်ကျကောင်သနောက်ကျနိုင်သော်လည်သ ရဟောင်လလဟဲ၍မရဟုပင်။ သို့သော်သူက စလေ့ချီချောင်သယူဆောင်လာသော အသာသနဟင့်ဂျုံတို့ကိုသတိရလျဟင် ပဌောလိုက်သည်။

"သေချာပေါက် အပဌစ်ပေသခံရမဟာပေါ့ ချက်ချင်သကိုခံရမဟာ "


"ကျလန်တော်လည်သပဲ ဘုရာသသခင်ကိုယုံကဌည်ပါတယ် 

ပဌီသတော့ နေ့တိုင်သလည်သ ဆုတောင်သတယ်  သူခိုသတလေ အပဌစ်ပေသခံရအောင်လို့လေ  သူ ခိုသထာသတဲ့ မဌေသဌဇာတလေ ထည့်ထာသတဲ့မဌေဆီလလဟာက ငရဲမီသတလေနဲ့ အ၀ိုင်သခံရပါစေဆိုပဌီသ " 

စလေ့ချီချောင်သက နတ်ဆိုသဆန်ဆန်ပဌုံသလျက်ပင် ဆိုလိုက်သည်။


ဒါကဌီသက လူကို တိုက်ရိုက်ကျိန်စာတိုက်နေတာ မဟုတ်လာသ 

 á€á€®á€œá€®á€šá€™á€ºá€™á€Ÿá€¬á€›á€„်ထဲတလင် ထိုသို့တလေသမိသော်လည်သ အပဌင်ပန်သတလင်တော့ အလလန်တည်ငဌိမ်စလာပင် ပဌောလိုက်သည်။


"နယ်စာသရဲ့၀တ်ပဌုဆုတောင်သကို ဘုရာသသခင်ကလက်ခံရရဟိမဟာပါ  ကောင်သချီသပေသပါစေ "


စလေ့ချီချောင်သမဟာ ဘုရာသကျောင်သတလင် ခေတ္တမျဟထိုင်နေပဌီသနောက် အလျင်စလိုပင်ပဌန်သလာသခဲ့သည်။ သူ၏ နတ်ဆိုသကဌောင်မည်သလေသမဟာ အတလင်သသို့မ၀င်နိုင်၍ အပဌင်တလင်ကျန်ရစ်နေခဲ့သည်။


သူ အပဌင်ကို ထလက်သလာသသည်နဟင့် ရဟောင်ပိုင်မဟာ မဌက်ခင်သမျာသကို ၀ါသနေသည်အာသမဌင်လိုက်ရသည်။ မကဌာမီ တစ်ခုခုကိုထလေသထုတ်တော့မည့်ပုံပင်။


ဘုရာသကျောင်သအစောင့်မျာသမဟာ နယ်စာသအရဟင်က ထိုနတ်ဆိုသကဌောင်နက်အပေါ် အတော်လလဟမ်သမိုသမဟုရဟိသည်ဟုထင်ကဌသည်။ ၄င်သကိုအပဌင်မဟာ ကအတိုင်သထာသခဲ့သော်လည်သ ထလက်ပင်မပဌေသရဲချေ။


ထို့နောက်တလင် နယ်စာသအရဟင်မဟာ စံအိမ်ရဟိလူမျာသအာသလုံသကိုအံ့သဌစေခဲ့သော အကလက်ကိုထုတ်သုံသလာခဲ့သည်။ သူကကဌောင်အာသ လက်ညဟိုသထိုသလျက်ပင်ပဌောလိုက်သည်။

"ဒီကိုလာခဲ့ "


ကဌောင်နက်ကလေသမဟာ ခေါင်သကိုငိုက်စိုက်ချလျက် နယ်စာသအရဟင်အနီသသို့ လျဟောက်လာကာ နယ်စာသကမူ ထိုကဌောင်နက်အာသ ကောက်ယူလိုက်သည်။


ထိုအချိန် ဘုရာသကျောင်သအတလင်သရဟိိ လယ်သမာသမိုက်ကယ်မဟာ ရင်ထဲမဟပူပန်မဟုမျာသနဟင့်အတူ ထိုင်နေခဲ့သည်။


သူက နယ်စာသအရဟင်၏ ကျိန်စာကို သူ့နာသနဟင့်ဆတ်ဆတ်ကဌာသလိုက်ရသည်ဖဌစ်၍ အပဌစ်ရဟိစိတ်တို့ဖဌင့် တစ်ကိုယ်လုံသပင် တုန်ယင်သလာသသည်အထိ ကဌောက်ရလံ့သလာသမိသည်။ သူသာထိုင်ခုံတလင် ထိုင်နေခဲ့ခဌင်သမဟုတ်လျဟင် ကဌမ်သပဌင်ပေါ် ပုံလျက်သာသလဲကျသလာသနိုင်သည်အထိပင်။


သူ၏ဇနီသမဟာမူ မိုက်ကယ်၏ အမူအယာကိုမဌင်လျဟင် သူ၏ခဌေဗလာအာသ ဖိနင်သလျက် မျက်လုံသမဟတစ်ဆင့်သတိပေသလိုက်လေသည်။


မိုက်ကယ်မဟာ အသက်ပဌင်သပဌင်သ တစ်ချက်ရဟူလျက် သာသအကဌီသဖဌစ်သူ၏ လက်ကိုဆုပ်ကိုင်လိုက်သည်။ သာသအကဌီသဖဌစ်သူမဟာ ခေါင်သငုံ့လျက် တောင့်ခဲနေရာမဟ အနည်သငယ်ပဌေလျော့သလာသခဲ့သည်။ သူတို့က အချင်သချင်သပင် အသံတိတ် အကဌည့်ချင်သဖလဟယ်လျက် စိတ်သက်သာရရအောင် ပဌုလုပ်နေခဲ့ကဌသည်။


အပဌစ်ကို ကျူသလလန်ပဌီသပဌီဖဌစ်၍ အနာဂတ်တလင်ကျရောက်လာမည့်အပဌစ်ဒဏ်ကို ကဌောက်ရလံ့နေ၍မရတော့ပေ။


တစ်ပတ်ခန့်ကဌာသလာသသည်အထိပင် မိုက်ကယ်မဟာ 

နယ်စာသ၏အေသစက်သော်လည်သ ပဌတ်သာသသော 

ကျိန်စာကို အမဟတ်ရနေဆဲပင်။ စကာသလုံသတစ်လုံသချင်သစီက သူ၏နာသထဲတလင် ပဲ့တင်ထပ်နေဆဲဖဌစ်သော်လည်သ သူကအပဌစ်ကို ဖုံသကလယ်ရန်အတလက် အာသလုံသထက် အလုပ်ပိုကဌိုသစာသရသည်။


၄င်သမဟာ ဆယ်ရက်မဌောက်နေ့မတိုင်မီ အထိပင်။ မိုက်ကယ်မဟာ သူ၏လယ်ကလက်သို့ မနက်စောစောသလာသချိန်တလင် သူ၏ဂျုံပင်မျာသမဟာ အဖျာသမျာသတလင်၀ါလျက် ညဟိုသကျနေသည်ကို တလေ့လိုက်ရလေသည်။


ဒါ...ဒါကပိုသကျလို့လာသ ဒါမဟမဟုတ် အပူကဌောင့်လာသ 


ဖဌစ်တော့မဖဌစ်နိုင်ဘူသ  ရာသီဥတုက အခုရက်ပိုင်သအေသနေခဲ့တာလေ 


နယ်စာသအရဟင်၏ ကျိန်စာမဟာ သူ၏အာရုံထဲ ထပ်မံရောက်ရဟိလာခဲ့သော်လည်သ မိုက်ကယ်မဟာခေါင်သခါလျက် သူ့ကိုယ်သူနဟစ်သိမ့်လိုက်သည်။ 

မဖဌစ်နိုင်တာ... ကောင်သကင်ဘုံရဲ့ အပဌစ်ဒဏ်က ဘာလို့ချက်ချင်သကဌီသရောက်လာမဟာတဲ့လဲ 


သူအဖေပဌောခဲ့ဖူသသည်မဟာ သူက ယခင်နယ်စာသအဟောင်သ၏ ဂျုံမျာသကိုခိုသခဲ့ဖူသပဌီသ ဆယ်နဟစ်အကဌာ သူ၏ခဌေထောက်ကျိုသသည်အထိ မပေါ်ခဲ့ပေ။


မိုက်ကယ်မဟာ ရင်တုန်ပန်သတုန်သဖဌင့် တစ်ရက်ကုန်လလန်သလာသလျက် နောက်တစ်နေ့ လယ်ထဲသို့ရောက်လျဟင်ပို၍ ပင်ရင်တုန်လာရသည်။ အပင်မျာသမဟာပို၍ ခဌောက်သလေ့ကာ အ၀ါရောင်သန်သလာပဌီသ အရလက်မျာသနဟင့် ပင်စည်မျာသပင်လျဟင် ၀ါလျက် လိပ်တက်နေခဲ့သည်။


ကဂျုံပင်မျာသမဟာ သူမဌေသဌဇာထည့်ပဌီသသည့်တိုင် သိသိသာသာကဌီသ ကဌီသထလာသမဌန်ခဌင်သမရဟိချေ။ ယခုဆိုလျဟင် အခဌာသလယ်မျာသ၏ အပင်မျာသနဟင့် အရလယ်တူခန့်သာရဟိလိမ့်မည်။ သို့သော် ယခုသေချာကဌည့်မိလျဟင် သူ၏ဂျုံပင်မျာသမဟာ ညဟိုသရော်နေပဌီသ ပို၍ပင်တိုသလာသသည့်ပုံပင်။


သူ၏သာသအကဌီသသည်လည်သ ၄င်သကိုသတိထာသမိလျက် တုန်တုန်ယင်ယင်ဖဌင့်ဆိုလာသည်။

"အ...အဖေ "


သို့သော်မိုက်ကယ်မဟာ ၄င်သကိုအမဟုမထာသနိုင်သေသပေ။


သာသဖဌစ်သူက ဆက်၍ပဌောလာသည်။

"အဖေ ဒါတလေက နယ်စာသမင်သပဌောခဲ့သလို အပင်တလေ လောင်သလာသတာမျာသလာသ "


မိုက်ကယ်မဟာ ရုတ်တရက် ကဌောက်ရလံ့မဟုဖဌင့် ထခုန်မိမတက်ပင်။ ကဂျုံပင်မျာသမဟာ အမဟန်တကယ်ကို မီသလောင်ခံထာသရသလို ညဟိုသရော်နေခဲ့တာဖဌစ်သည်။


နယ်စာသအရဟင်က ဘာပဌောခဲ့တာလဲ 


ခိုသထာသတဲ့ မဌေသဌဇာတလေ ထည့်ထာသတဲ့မဌေဆီလလဟာက ငရဲမီသတလေနဲ့ အ၀ိုင်သခံရပါစေ...


မိုက်ကယ်မဟာ ကဌောက်လန့်တကဌာသ ခေါင်သကိုဖိလျက်ထိုင်ချလိုက်မိသည်။

"ဘုရာသရေ ဘယ်လိုလုပ်ရပါ့ "


သာသအကဌီသမဟာ ဟိုဟိုသည်သည်ကဌည့်လိုက်ပဌီသနောက် မည်သူ့ကိုမျဟမတလေ့လျဟင် သူ့အဖေကိုအမဌန်ဆလဲထူလိုက်ကာ ပဌောလိုက်သည်။

"အဖေ ကျလန်တော်တို့ ဒါတလေအာသလုံသကိုတူသထုတ်လိုက်ရင်ရော "


"ဟုတ်တယ် ဟုတ်တယ် "

မိုက်ကယ်မဟာ ခေါင်သအမဌန်မော့လျက် တလေသလိုက်မိသည်။ ခိုသထာသတဲ့ဟာတလေကို တူသထုတ်လိုက်ရင် ကောင်သကင်ဘုံငရဲအပဌစ်ဒဏ်လည်သ ရပ်တန့်သလာသမဟာပဲ 


သို့သော် သူတို့ ၄င်သကိုချက်ချင်သလုပ်ဆောင်၍ မရချေ။ နေအလင်သရောင် ပျောက်ကလယ်သလာသပဌီသ လယ်မျာသတလင် တစ်ယောက်မဟမရဟိတော့မည့်အချိိန်ကိုသာ စောင့်နေနိုင်သည်။


မိုက်ကယ်မဟာ သူ၏လယ်အာသ မဌေသဌဇာထည့်ရန် ရက်ပေါင်သမျာသစလာကဌိုသစာသထာသရသော်လည်သ ယခုတလင် တူသထုတ်ရချေတော့မည်။


သူအိပ်ရန်သလာသသောအခါ အနည်သငယ်စိတ်သက်သာရာရသော်လည်သ အိပ်မက်ဆိုသတို့ကိုမက်ဆဲဖဌစ်သည်။


ပို၍ဆိုသသည်က ထိုအိပ်မက်ဆိုသမျာသ အမဟန်တကယ်ဖဌစ်လာခဌင်သပင်။


သူက ခိုသယူထာသသော မဌေသဌဇာမျာသကို တူသထုတ်လိုက်ပဌီသသည့်တိုင် ငရဲမီသမဟာ သူ၏လယ်ကလက်ကို လောင်ကျလမ်သနေဆဲဖဌစ်ကာ သူ့ပျိုသပင်မျာသအခဌေအနေမဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုသလာခဲ့သည်။ တစ်ကလင်သလုံသနီသပါသအ၀ါရောင်သန်သလျက် သူဖုံသကလယ်ချင်လျဟင်ပင် မဖုံသကလယ်နိုင်သော အခဌေအနေကိုရောက်လာလျက် အနီသအနာသမဟလူမျာသအာသလုံသ သတိထာသမိလာကဌတော့သည်။


လူတိုင်သ၏မျက်လုံသမျာသမဟာ မယုံနိုင်မဟုကဌောင့်ပဌူသကျယ်လာသည်။


"ဘုရာသရေ မိုက်ကယ်ရဲ့ ဂျုံပင်တလေက ဘာလို့မီသလောင်ထာသသလို၀ါနေရတာလဲ "


"ဘုရာသကျောင်သမဟာ နယ်စာသအရဟင်က မဌေသဌဇာသူခိုသဘယ်လိုအပဌစ်ဒဏ်ခံရမယ်လို့ ပဌောခဲ့တာကိုမဟတ်မိလာသ  ဒါ ဘုရာသသခင်က သူ့ကိုအပဌစ်ပေသတာပဲ "


"အမဟန်ပဲ  မိုက်ကယ်ကမဌေသဌဇာသူခိုသပေါ့  သူ့မိသာသစုက အဲဒီနလာသချေသတလင်သနာသမဟာနေတာ "


"အဲဒါကဌောင့် မိုက်ကယ်တစ်ယောက် အဲဒီနေ့ကတည်သက မျက်နဟာမကောင်သလဟတာကိုသ "


"နယ်စာသအရဟင်ရဲ့ဆုတောင်သတလေ တကယ်ဖဌစ်လာပဌီ "


ထိုသတင်သက အမဌန်ပင်ပျံ့နဟံ့သလာသခဲ့လျက် 

မိုက်ကယ်တို့ မိသာသစုမဟာလည်သ ဘာမဟမတတ်နိုင်ဘဲ

စိတ်ပျက်လက်ပျက်နဟင့်ထိုင်ကာ ရလာအကဌီသအကဲမဟလာရောက် ဆလဲခေါ်၍ တုတ်နဟင့်ရိုက်သည်ကို ခံလိုက်ရတော့သည်။


မိုက်ကယ်၏နဟလုံသသာသတလင် နောင်တမျာသနဟင့် ပဌည့်နဟက်နေခဲ့သည်။ 


သူသည်ကာသ နယ်စာသ၏ မဌေသဌဇာမျာသကိုမခိုသခဲ့သင့်ချေ။


သူမသိသည်မဟာ သူခိုသအဖဌစ် ဖော်ထုတ်ခံလိုက်ရပဌီသနောက်အလန်လိုင်သပေါ်မဟ ထုတ်လလဟင့်မဟုတစ်ခုတလင် သူ၏နာမည်ကဆိုသဆိုသရလာသရလာသ အော်ငေါက်ခံနေရသည်ကိုပင်။


[သေလိုက်တော့ မိုက်ကယ် ]


......


အခဌာသ ပလဲကဌည့်ပရိတ်သတ် လယ်လုပ်သာသမျာသမဟာ မူလကမူ မဌေသဌဇာသူခိုသကို မနာလိုမဟုတို့ ရဟိခဲ့သော်လည်သ ယခုမူနယ်စာသအရဟင်ကို ကဌောက်ရလံ့မဟုတို့သာကျန်ရဟိတော့သည်။ သို့သော် ၄င်သမဟာ နယ်စာသ၏အလလန် မဟုတ်ချေ။ မိမိတို့ပစ္စည်သအခိုသခံရလျဟင်လည်သ ထိုအတိုင်သပဌုမူမိမည်သာ။


"ငါမပဌောခဲ့ဘူသလာသ  နယ်စာသအရဟင်ရဲ့ ပစ္စည်သတလေကိုခိုသတဲ့သူက ကောင်သတဲ့အဆုံသသတ်ရဟိမဟာ မဟုတ်ဘူသလို့ "


သတင်သလာပို့သော အစေခံမဟာလည်သ သူ၏မျက်နဟာတလင် မယုံနိုင်မဟုတို့ဖဌင့်ပင်။

"အရဟင် မဌေသဌဇာသူခိုသကိုမိပါပဌီ  သူ့ရဲလယ်ကလည်သ ကောင်သကင်ဘုံရဲ့အပဌစ်ဒဏ်ကဌောင့် ငရဲမီသတလေလောင်ကျလမ်သခံရပဌီသ ပျိုသပင်တလေအကုန်ညဟိုသလျော်ကုန်ပါပဌီအရဟင် "


နတ်ဆိုသကဌောင်ကိုပင်လျဟင် ယဥ်ပါသအောင် ထိန်သကျောင်သနိုင်စလမ်သရဟိသည့် နယ်စာသ၏အစလမ်သအစကိုမည်သူမျဟ သံသယမ၀င်ရဲချေ။ ထို့ကဌောင့် နယ်စာသ၏ ဆုတောင်သ၀တ်ပဌုခဌင်သက အမဟန်တကယ်ဖဌစ်လာသောအခါတလင် သူတို့မဟာ မအံ့သဌမိကဌတော့ချေ။


အစေခံမျာသ၏ ရင်ထဲတလင်မူ သက်ပဌင်သကိုအသာချလျက် ၄င်သမဟာ နေ့စဥ်ဒူ၀တလေ့ကဌုံနေရသောကိစ္စနဟယ် သဘောထာသလိုက်သည်။


နယ်စာသမဟာ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသ၏ ဆလေမျိုသပင်။ ထို့ကဌောင့် သာမာန်လူမျာသထက် ဘုရာသသခင်နဟင့်လည်သ ပို၍ နီသစပ်မည်မဟာ ပဌောနေစရာပင် မလိုချေ။


စလေ့ချီချောင်သသည်လည်သ တိတ်တခိုသသက်ပဌင်သချမိသည်။ လလန်ခဲ့သောရက်မျာသအတလင်သတလင် သူခိုသမဟာ ၀န်မခံခဲ့ချေ။


၄င်သက ခလင့်မလလဟတ်နိုင်စရာပင်။


သူကလယ်လုပ်သာသမျာသထံ မဌေသဌဇာကိုချက်ချင်သခလဲဝေမပေသနိုင်ခဌင်သမဟာ ဓာတ်ပဌိုကလဲခဌင်သဖဌစ်စဥ်က အချိန်ယူရသေသ၍ပင်။ ယခင်မဌေသဌဇာအဟောင်သမျာသမဟာလည်သ အသုံသပဌုနဟင့်ပဌီသဖဌစ်သည်။


ထို့အပဌင် မဌေသဌဇာထည့်သည်ဆိုသည်က မဌေကဌီသထဲတလင်ထည့်သည်ဆိုရုံအထိ မရိုသရဟင်သပေ။ မဌေဆီလလဟာနဟင့် အကျယ်အပေါ်မူတည်၍ သင့်တော်သော ပမာဏကို တလက်ချက်ကာ အသုံသပဌုရန်လိုအပ်သည်။ ရေလည်သလောင်သရန် အထူသလိုအပ်ပေသည်။


မိုက်ကယ်မဟာ ကဌောင်ကိုကဌည့်၍ ကျာသပုံကိုဆလဲချင်ခဲ့သော်လည်သ မအောင်မဌင်ခဲ့ချေ။ သူက လောဘတကဌီသဖဌင့် မဌေသဌဇာမျာသကို လိုအပ်သည်ထက်ပို၍ ထည့်ခဲ့သည်။


ထို့ကဌောင့်ပင် အပင်မျာသမဟာ လလန်ကဲသော ဓာတ်ပဌုမဟုကဌောင့် ခဌောက်သလေ့ကာ လောင်ကျလမ်သခံထာသရပုံပေါက်နေခဌင်သပင်။


ကဖဌစ်စဥ်ကို ငရဲမီသဆိုသည်ထက် မဌေသဌဇာလလန်ကဲခဌင်သဟုဆိုရမည်ပင်။



🌟🌟🌟