Chapter 49
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]

Ch 49

ရသာစုံအစစ်အမှန်ရှိုးပွဲ (၂)



ထိုစိုက်ခင်းများအတွင်း တိရိစ္ဆာန်အညစ်အကြေးများ ထည့်သည့်လုပ်ရပ်အတွက် နယ်စားမှာမူမည်သည့် ဖြေရှင်းချက်ကိုမှ ပေးမလာချေ။ ထို့အပြင် သူက အခြားသူများ၏ ထင်မြင်ချက်ကိုလည်း ဂရုစိုက်မနေဘဲ 'ရေသာမှန်မှန်လောင်း'ဟူသည့်ထုံးကို နှလုံးမူလျက်ပင်။


ထို့အပြင်ကို နယ်စားအရှင်မှာ သူတို့အား အုတ်ဂျုံများနှင့် ဂျုံများကို ရိတ်သိမ်းပြီးကာစ လယ်မြေများအပေါ်၌ပင် စိုက်ပျိုးရေးကို ဆက်လုပ်ရန်ဆိုခဲ့သည်။


လယ်မြေများမှာ စိုစွတ်ကာနူးညံ့နေခဲ့ရုံဖြင့်ပင် 

တစ်ရာသီစိုက်ပျိုးပြီးသည်နှင့် နောက်တစ်ရာသီမတိုင်မီ အနားပေးရမည်ဟူသည့် ထုံးစံကိုပင်မေ့လျော့သွားကြသည်။ မျိုးစေ့များမှာ အလွန်ရှားပါးသဖြင့် ပစ်စလတ်ခတ် မကြဲပစ်ရဲချေ။ သူတို့မှာ နယ်စားအရှင်ကဲ့သို့ စိတ်ရှိတိုင်းစိုက်ပျိုးနိုင်စွမ်းမရှိပေ။ နယ်စားအရှင်အတွက် စိုက်ခင်းမဖြစ်ထွန်းခဲ့လျှင်ပင် ၄င်းမှာ ပြဿနာကြီးကြီးမားမား ဖြစ်လိမ့်မည်မဟုတ်ချေ။ သူတို့လုပ်နိုင်သည်မှာ နယ်စား၏လယ်ယာများကို ရိတ်သိမ်းပြီးသည်နှင့် ထိုတစ်ခါစိုက်ပျိုးပြီးသောလယ်များတွင် ထပ်မံစိုက်ပျိုးသည့်ရလဒ်ကို စောင့်ကြည့်ရုံသာ။


လယ်လုပ်သားများမှာ နယ်စားအရှင်ညွှန်ကြားခဲ့သည့်အတိုင်း လယ်ယာမြေများတွင် မြေသြဇာထည့်၍ စိုးရိမ်စိတ်ကလေးကိုယ်စီနှင့် စိုက်ပျိုးနေကြရလေသည်။


ထိုမြေသြဇာမှာ ဓာတ်မြေသြဇာနှင့်အတူတူပင်ဖြစ်သည်။ တရုတ်တွင် ဆိုရိုးစကားတစ်ခုပင် ရှိသေးသည်။ စပါးစောစောရိတ်သိမ်းလိုလျှင် မြေသြဇာပြတ်လပ်၍ မရဟူ၍။ ထိုမြေသြဇာ အသုံးပြုနည်းမှာ မြေကြီးအနှံ့ဖြန့်ကြဲလိုက်ပြီး အောက်တွင်လိုက်မြှုပ်နှံရန် ဖြသ်သည်။ အသုံးပြုရသော ပမာဏမှာ များပြားသော်လည်း ၄င်းမှာ စိုက်ပျိုးမြေများနှင့် မြေဆီလွှာများကို အာဟာရဖြည့်ပေးရာတွင် ကောင်းမွန်သောရလဒ်ရှိလေသည်။


ထို့အပြင် ထိုနည်းလမ်းမှာ နော်သန်ဘာလန်၏မြေဆီလွှာနှင့် အလွန်ကိုက်ညီသည့် နည်းလမ်းလည်းဖြစ်သည်။


ထပ်ပေါင်းဆိုရလျှင် ကောက်နှံများ ရိတ်သိမ်းပြီးသည်နှင့် ကျွဲနွားများကို ထိုရိတ်သိမ်းပြီးစ လယ်များတွင် ကျောင်းလျက် ကျန်ရစ်သော ပင်စည်များကိုစားစေမည်ပင်။ ထိုနည်းဖြင့် ကျွဲ၊နွားများနှင့် သိုးများ၏ အညစ်အကြေးများက ရိတ်သိမ်းပြီးစ မြေဆီလွှာထဲတွင် တိုက်ရိုက်ကျရောက်စေပြီးသားဖြစ်လိမ့်မည်။


ထို့နောက် မိုးရွာသည့်အခါတွင်လည်း မိုးရေနှင့်အတူ 

မြေဆီလွှာအတွင်းသို့ အလိုအလျောက်ပျံ့နှံ့စိမ့်၀င်သွားချေမည်။ ၄င်းမှာ ယခင် တိရိစ္ဆာန်အညစ်အကြေးများကို မြေသြဇာအဖြစ် ရည်ရွယ်၍အသုံးမပြုမီကပင် အလိုအလျောက်ဖြစ်နေကြ ဖြစ်စဥ်တစ်ခုပင်။ 


သို့နှင့် လယ်လုပ်သားများမှာ ထိုအညစ်အကြေးများနှင့်အတူတကွ အပင်များကိုစိုက်ပျိုး၍ ရနိုင်သလားဟု ပြန်လည်စဥ်းစားကြည့်ကြရာ ရနိုင်ကြောင်းအဖြေထွက်လာလေသည်။


ပုံမှန်ဆိုလျှင်လည်း နှစ်အနည်းငယ်အတွင်း လယ်လုပ်သားများမှာ စိုက်ပျိုးခင်တစ်ခုအတွင်း ဖြစ်ပျက်သွားသည့်အရာနှင့် ၄င်း၏ရလဒ်တို့ကို တဖြည်းဖြည်း သဘောပေါက် နားလည်လာကြမှာပင်။ ကျွဲနွားချေးများမှာ အပင်များကို ဥပါဒ်မဖြစ်စေသည့်အပြင် အထောက်အကူလည်းဖြစ်သည်။


သို့သော် လယ်လုပ်သားများအတွက်မူ သူတို့၏ လယ်ကွက်များအနားသို့ မြောင်းဖောက်ရန် ဦးစားပေးမခံရသေးသလို နွားချေးများကိုလည်း စိတ်ရှိသလို ကောက်ယူခွင့်မရှိချေ။


သို့နှင့် လယ်လုပ်သားများမှာ အဆိုပါတိရိစ္ဆာန်အညစ်အကြေးများက အပင်များအတွက်ကောင်းမွန်ကြောင်းသိသော်လည်း ရလဒ်နှင့်အတူ နယ်စားထံမှခွင့်ပြုချက်ရမည့်အချိန်ကိုသာ သို့လောသို့လော စောင့်ဆိုင်းနေကြရလေသည်။


သို့နှင့် မြေသြဇာထည့်ကာစိုက်ပျိုးပြီး ၇ရက်၈ရက်ခန့်ကြာပြီးနောက်တွင် ပျိုးပင်များမှာ စတင်အညှောင့်ပေါက်လျက် မြေကြီးပေါ်သို့ ထိုးထွက်လာကြချေပြီ။


၄င်းမှာ ပုံမှန်ပျိုးပင်ကြီးထွားနှုန်းထက် ပို၍မြန်ဆန်ပါသော်လည်း လယ်လုပ်သားများမှာ ယခုတိုင် ထို အညစ်အကြေး မြေသြဇာများထည့်သွင်းရခြင်း၏ ရည်ရွယ်ချက်ကိုမပြောနိုင်သေးချေ။


စွေ့ချီချောင်းသာ ထိုအတွေးများကိုကြားနိုင်လျှင် အားလုံးကို ရှင်းပြမိပေလိမ့်မည်။ ရေသွင်းသည့်စနစ် ရှိလာမှုကြောင့် အပင်များမှာ ရေဓါတ်ပြည့်ပြည့်၀၀ရသည့်အပြင် အောက်ဆီဂျင်နှင့် လိုအပ်သည့်အပူချိန်အထိ မျှမျှတတရရှိလျက် အပင်များမှာအလျင်အမြန် ကြီးထွားလာကြခြင်းဟူ၍ပင်။


ထိုအစေ့များမှာ အညှောင့်ပေါက်မြန်ရုံဆိုလျှင် ဂရုစိုက်နေမည်မဟုတ်သော်လည်း လယ်လုပ်သားများပို၍ အံ့အားသင့်ရသည်မှာ နယ်စားအရှင်၏လယ်ထဲမှ မျိုးစေ့များမှာ အညှောင့်ပေါက်မြန်သည့်အပြင် အနောက်မှ တုတ်တစ်တစ်ချောင်းဖြင့် စောင့်ကြည့်ခံနေရသလိုမျိုး အလွန်လျင်လျင်မြန်မြန် ကြီးထွားလာခြင်းပင်။ ထို့အပြင်အပင်များမှာ စိမ်းစိမ်းစိုစိုနှင့် ကျန်းမာပုံပေါ်ပြီး အခြားလယ်များမှ ပျိုးပင်များထက်လည်း ပို၍ရှည်လျားသေးသည်။


၄င်းမှာ ဘုန်းတော်ကြီးများ တင်စားဆိုလေ့ရှိသညိ့ကောင်းကင်ကိုပင် ထိလောက်အောင် မြင့်မားသည့်ဂျုံပင်များနှယ်။


နောက်နှစ်ရိတ်သိမ်းချိန်အထိပင် စောင့်စရာမလိုတော့ဘဲ လယ်လုပ်သားများမှာ ထိုအညစ်အကြေးမြေသြဇာများ ထည့်ရသည့် အကြောင်းအရင်းအား တစ်မဟုတ်ချင်းပင် နားလည်သွားတော့သည်။


သို့ရာတွင် လယ်လုပ်သားများမှာ ထိုရလဒ်ကို မည်သူကဦးစွာ သတိထားမိကြောင်း ငြင်းခုံကုန်ကြပြန်သည်။


"အရင်တစ်ခါတုန်းက ငါ့အိမ်နားက နွားချေးပုံပေါ်ပေါက်တဲ့ မြက်တစ်ပင်ရှိဖူးတယ်လေ… အပင်ကထွားပြီးမြင့်လိုက်တာမှ ကောင်းကင်ကိုမျှော်နေတဲ့အတိုင်းပဲ… အဲကတည်းက နွားချေးက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ငါသိလိုက်ပြီးသာ9"


"အဲဒါက ဘာဟုတ်သေးလို့လဲ… ငါ့လယ်ထဲမှာလည်း 

သိုးချေးတွေကျထားတဲ့နေရာက ဂျုံပင်တွေဆိုရှည်ချက်က ငါ့အရပ်ကိုတောင်ကျော်တာလေ… အဲကတည်းက တစ်ခုခုထူးခြားနေမှန်းသိသားပဲ…"


လယ်လုပ်သားနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ယှဥ်ပြိုင်နေကြသည်။


ထိုစဥ်တစ်စုံတစ်ယောက်မှာ ၀င်ပြောလာပြန်သည်။

"ငါဆို နယ်စားအရှင်လုပ်တာက မှန်တယ်ဆိုတာ သိတာကြာလှပြီ…"


အားလုံးက ချက်ချင်းတိတ်ဆိတ်သွားကြသည်။

သူတို့၏ အတွေးထဲတွင်တော့ ထိုစကားကိုဆိုခဲ့သူက ထက်မြက်သည်ဟူ၍ပင်။


နော်သန်ဘာလန်၏ လယ်ပိုင်တစ်ဦးဖြစ်သူ မိုက်ကယ်မှာ အကြံအစည် စိတ်ကူးစိတ်သန်းပေါင်းစုံရှိသူဖြစ်သည်။


သူကမြေသြဇာ၏ အကျိုးသက်ရောက်မှုကို၀န်မခံချင်သည်မျိုးမဟုတ်သော်လည်း သူ့တွင်မကျေနပ်ချက်အချို့ ရှိလေသည်။


သူ၏နေအိမ်မှာ ထိုအညစ်အကြေးမြေသြဇာများထည့်ထားသော လယ်ကွင်းများနှင့် အနီးဆုံးတွင်တည်ရှိလေသည်။ လွန်ခဲ့သောလအနည်းငယ်ခန့်ပင် လူအများမှာ သူ့ကိုမနာလိုဖြစ်ကြေခဲ့ကြသည်။ အကြောင်းမှာ မိုက်ကယ်အတွက် ထွေထွေထူးထူးအားထုတ်စရာမလိုဘဲ တိရိစ္ဆာန်အညစ်အကြေးများကို အိမ်အနီးရှိလယ်ထဲ တိုက်ရိုက်သွားချထားရုံသာ ဖြစ်သောကြောင့်ပင်။


မိုက်ကယ်မှာ အခြားသူများ မျက်မုန်းကျိုးမည်စိုး၍ 

ထိုအကြောင်းကို ထွေထွေထူးထူးဆိုမနေဘဲ တိတ်တိတ်နေခဲ့သော်လည်း သူ၏ရင်ထဲတွင်မူ သူ့ကိုယ်သူအတွက်ကျေနပ်မှုကြီး ရှိနေခဲ့သည်။ ထို့အပြင် ထိုအညစ်အကြေးမြေသြဇာ၏ ဆိုး၀ါးသော အနံ့ကိုလည်း အနီးအနားမှ သူတို့ အိမ်ကသာ ခံစားနေရပေသည်။


လူတိုင်း၏အိမ်တွင် ကျွဲချေး၊နွားချေးတို့နှင့် နံစော်နေတတ်ပြီး အားလုံးအတွက်ရှူရှိုက်ရသော လေနှင့်ခံစားရသော ရနံ့တို့မှာအတူတူပင်။ သို့သော်အိမ်မှာနံသော နွားချေးနံ့နှင့် လယ်စိုက်ခင်းမှ နွားချေးတွင်းကြီးထံမှ အနံ့သည်ကားကွဲပြားချေသည်။


သို့နှင့် မိုက်ကယ်မှာ သူခံစားထားရမှုတို့အတွက် သူ၏ ကိုယ်ပိုင်လယ်တွင် မြေသြဇာတချို့ထည့်သည်က ပုံမှန်ဟုပင်တွေးခဲ့သည်။


အဆုံးတွင်မူ သူ့အိမ်က ထိုဆိုးရွားသောရနံ့များကို အမြဲလိုလိုခံစားနေခဲ့ရခြင်း ဖြစ်သည်။


သို့နှင့်မိုက်ကယ်မှာ ညဆိုလျှင်အိပ်မပျော်နိုင်ပဲ ထိုကဲ့သို့ခံစားရမှု အကျိုးရလဒ်အတွက် အလျော်အစားအနေဖြင့် ညမှောင်မှောင်တွင် နွားချေးများလိုက်၍ကောက်တော့သည်။


မည်သူကမျှ သူဘာလုပ်နေသည်က်ို မသိခဲ့ကြချေ။

ယခုအားလုံးက နွားချေးမြေသြဇာ၏ အသုံး၀င်မှုကို ရှာတွေ့သွားကြသောအခါ နော်သန်ဘာလန်တွင် အလုပ်အကိုင်အသစ်တစ်မျိုး ပေါ်ပေါက်လာတော့သည်။ ၄င်းမှာ နွားချေးစောင့်ကြပ်သူဟူ၍ပင်။ လယ်လုပ်သားများမှာ ထို ကျွဲနွားနှင့်သိုးများ အညစ်အကြေးစွန့်မည့်အချိန်ကို အလှည့်ကျ စောင့်ဆိုင်းကြရသည်။


မိုက်ကယ်မှာ သူ၏အိမ်အနီးမှ ပတ်၀န်းကျင်ကိုအလွတ်ရမတက်ရင်းနှီးကာ မျက်စိမှိတ်၍ ပင်သွားတတ်လေသည်။ ညအချိန် ထိုနွားချေးစောင့်ကြပ်နေသည့် လယ်လုပ်သားက အိပ်ငိုက်နေစဥ် ထိုနွားချေးတွင်းအနားသို့ တိတ်တဆိတ်ချဥ်းကပ်လျက် နွားချေးတစ်ပုံးကို အပြည့်ခပ်ကာ တိတ်တိတ်လေးပင် အလာလမ်းအတိုင်းပြန်သွားလိုက်သည်။


တစ်ညတွင် မိုက်ကယ်က သူ၏လယ်နှင့် ထိုနွားချေးတွင်းသို့ ခရီးနှစ်ခေါက်ခန့်ပြုကာ သူ၏လယ်တွင်းနေရာအများစု၌ ထိုမြေသြဇာများကို ဂရုတစိုက်မြှုပ်နှံလိုက်သည်။


ထိုကဲ့သို့ ညအမှောင်တွင် လှုပ်ရှားရသည်က ပင်ပန်းသော်လည်း မိုက်ကယ်ကမူ ပင်ပန်းသည်ကိုပင် သတိမရဘဲ အလွန်ပျော်ရွှင်နေခဲ့သည်။ သူ၏ဂျုံပင်များမှာ မြေသြဇာ အများအပြားထည့်ခြင်းနှင့် ဘုရားကျောင်းတွင် နေ့စဥ်ဆုတောင်းခြင်းကြောင့် အလျင်အမြန်ကြီးထွားလာကြသည်လေ။


သူပြန်လာသည့်အချိန်တွင် မိုက်ကယ်၏ဇနီးမှာနိုးလာခဲ့သည်။

"ရှင်ဘာလို့နံစော်နေရတာလဲ…"


မိိုက်ကယ်က မျက်လုံးကိုမှိတ်လျက်သားပင် ဆိုလိုက်သည်။


"ငါ အီးသွားပါတာ…"


"ဘယ်လိုအီးမျိုးက ဒီလောက်တောင်နံရတာလဲ…"


ထို့နောက် သူမတစ်စုံတစ်ခုကို တွေးမိလျက် ချက်ချင်းပင် တိတ်ကျသွားခဲ့သည်။ မိုက်ကယ်မှာ လွန်ခဲ့သော ရက်ပိုင်းအတွင်း အိမ်အနားမှ နွားချေးတွင်းထံမှ မခံမရပ်နိုင်အောင် နံလွန်းကြောင်း ညည်းညူနေခဲ့ဖူးသည်။ သူမ တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်က မေးခွန်းထုတ်မလာတော့ချေ။


ထိုနည်းဖြင့် မိုက်ကယ်မှာ ညတိုင်းနီးပါး ထိုနွားချေးတွင်းသို့သွားကာ နွားချေးခိုးလျက် သူ၏လယ်တွင် ထည့်သွင်းသည်။ ပထမကမူ သူ၏သားအကြီးကိုပါ သူနှင့်အတူ ခေါ်သွားခဲ့သည်။ ညဘက်တွင် ထိုသို့လုပ်ခြင်းက မနက်ခင်းလယ်ထဲတွင် သူ၏အားအင်များကိုလျော့နည်းစေသော်လည်း မဆိုးလှဟုတွေးမိဆဲပင်။ ရက်အနည်းငယ်ကြာသွားလျှင် အသားကျသွားလိမ့်မည်။


သို့သော် ထိုကဲ့သို့နွားချေးမြေသြဇာများ လျော့နည်းလာမှုမှာ တဖြည်းဖြည်းသိသာလာခဲ့တော့သည်။


ရွာအကြီးအကဲမှာ ထိုနွားချေးတွင်းစောင့်ကြပ်သူကိုခေါ်လျက် ပြင်းပြင်းထန်ထန် ဆူဆဲရိုက်နှက်တော့သည်။

"အမြန်ပြောစမ်း မြေသြဇာတွေ ဘယ်ရောက်ကုန်တာလဲ မင်းခိုးသွားတာလား…"


ထိုလယ်လုပ်သားမှာ မြေပေါ်တွင် လှဲလျောင်းကာ ငိုကြွေးရင်းပင် ပြောလာသည်။

"ကျွန်တော် မခိုးရပါဘူး… တကယ်ပါ ကျွန်တော့်လယ်ကို မြေလှန်ရှာကြည့်လို့ရပါတယ်…"


ရွာအကြီးအကဲမှာ အမှန်တကယ်ကို ထိုလယ်လုပ်သား၏ လယ်ဆီသွား၍ မြေကိုတူးကာရှာဖွေကြည့်ခဲ့သည်။ သို့သော် နွားချေးနှင့်တူသည်မှာ တစ်ခုမျှမရှိချေ။ 

ဒါဆိုရင် ဘယ်သူများလဲ…


နွားချေးတွင်းစောင့်သည့် လယ်လုပ်သားမှာ

ကြောက်ကြောက်လန့်လန့်နှင့်ပင် သူမှတ်မိသမျှ အလုံးစုံထုတ်၍ပြောလိုက်သည်။

"ကျွန် ကျွန်တော် တရှပ်ရှပ်အသံတွေတော့ ကြားမိသလိုပဲ... အစကတော့လေတိုက်လို့ အသံမြည်တယ်ပဲထင်တာ ကြွက်တွေလာခိုးသွားတာများ ဖြစ်နိုင်မလား…"


ရွာအကြီးအကဲမှာ လယ်လုပ်သားအား တုတ်ဖြင့် ထပ်၍ရိုက်ပစ်လိုက်လေသည်။

"သြော် မင်းကခိုးပြီးအိပ်နေတာကိုး ထင်သားပဲ…

ကြွက်တွေက အဲဒီမြေသြဇာတွေကိုဘာလို့ခိုးရမှာလဲ… သူတို့မှာစိုက်စရာလယ်ရှိတာမို့လား…"


ရွာသူကြီးမှာ သံသယရှိသောလယ်လုပ်သားများကို တစ်ပတ်ကြာကြာပင် စောင့်ကြည့်ခဲ့သည်။ သူ့အတွက်မူ လူတိုင်းက နွားချေးသူခိုးနှင့်တူနေခဲ့သည်ပင်။ သူ့မှာ စိတ်လည်းအလွန်တိုလျက် သူခိုးကို မည်သို့ဖမ်းရမည်အား တွေးမရချေ။


ထိုအဖြစ်အပျက်က လယ်သမားများအကြား အတော်လေးပြောစရာဖြစ်သွားကာ ထိုကြင်နာတတ်သော နယ်စားအရှင်ထံမှ ခိုးယူရဲသော ရဲတင်းလွန်းသည့်သူမှာ မည်သူဖြစ်မည်ကို ဆွေးနွေးကုန်ကြသည်။


၀န်ခံရမည်မှာ နယ်စားအတွက် ၀မ်းနည်းသည့်အပြင်ကို သူတို့ကိုယ်တိုင်အတွက်ပါ မနာလိုဖြစ်မှုလည်း ပါ၀င်သည်ပင်။ ထိုမြေသြဇာများကိုခိုး၍ သူ၏လယ်တွင်ထည့်ကာ စိုက်ပျိုးရဲသော သူခိုးကိုမိအောင်ဖမ်းပြီး ရိုက်နှက်ဆုံးမပစ်ရချေမည်။


ထိုမြေသြဇာများ ခိုးယူခံရသောသတင်းမှာ စိုက်ပျိုးရေးတာ၀န်ခံ၊ အစေခံများနှင့် နယ်စားအရှင်၏နားသို့တိုင် ပေါက်ကြားလာလေတော့သည်။


"ကောင်းပြီ…တစ်ယောက်ယောက်က မြေသြဇာတွေခိုးနေတယ်ဆို…"

စွေ့ချီချောင်းမျက်ခုံးကိုပင့်လိုက်သည်။


စွေ့ချီချောင်းမှာ ထိုမြေသြဇာများကို ကောင်းကောင်းဓာတ်ပြုသည်အထိ စောင့်ပြီးသည်နှင့် အားလုံး၏လယ်ထဲတွင်မြှုပ်နှံရအောင် ခွဲဝေပေးရန် ကြံစည်ထားခဲ့ပြီးသားဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးက စိတ်ရှည်ပုံမပေါ်ပေ။


အစေခံက အသံကျယ်ကြီးဖြင့်ဆိုလာခဲ့သည်။

"အရှင် မကောင်းတဲ့ဥကတော့ ကောင်းတဲ့ဥအဖြစ်ပြောင်းလာနိုင်တော့မှာ မဟုတ်ပါဘူး… အရှင်က ကြင်နာတတ်လွန်းပြီး သူတို့ကို အသားစွပ်ပြုတ်တွေ တိုက်ကျွေးခဲ့ပေမယ့် သူတို့ကတော့ အရှင့်ဆီကခိုးရဲတယ်… အဲဒီမြေသြဇာတွေက အရှင်ပဲတွေနဲ့ လဲလှယ်ပြီး ၀ယ်ယူထားတဲ့ဟာတွေပါ…"


တခြားတစ်ယောက်ကလည်း ၀င်ရောက်ထောက်ခံလာခဲ့သည်။ 

"ဟုတ်ပါ့ အဲဒီကောင်တွေကို အသားကျွေးမယ့်အစား ခွေးတွေကိုပဲ အ၀ကျွေးသင့်တယ်…"


"အရှင့်ရဲ့ကြင်နာမှုကို သူတို့ စော်ကားလိုက်တာပဲ…

အရှင်သူတို့ကို အသားစွပ်ပြုတ်ကျွေးထားတာမှ မကြာသေးဘူး…"


"တော်လိုက်တော့…" 

စွေ့ချီချောင်းကပျင်းရိစွာဆိုလိုက်သည်။ 

"လူတစ်ထောင်လုံးက အကုန်လာခိုးနေတာမှ မဟုတ်ပဲ၊ တစ်ယောက်ကပဲ ကျူးလွန်ခဲ့တာလေ…"


အစေခံ : "..."


အစေခံက သူ့လေသံကို မလျှော့ချင်သေးချေ။


" အရှင် သူတို့ကိုဒီလိုပဲ အလွတ်ပေးထားရင် နောက်ကျ တစ်ယောက်ပြီးတစ်ယောက် ဒီလိုအခွင့်ကောင်းယူလာဦးမှာကို စိုးရိမ်မိပါတယ်…"


စွေ့ချီချောင်းမှာ လတ်တလောတွင် ပြည်သူများအကြားကောင်းမွန်သော စည်းမျဥ်းစည်းကမ်းများ ရှိမနေကြောင်းသိသော်လည်း အရာအားလုံးကမူ ပြီးပြည့်စုံနေမည်မဟုတ်ပေ။ သူက ဖြစ်လာနိုင်သမျှကို ကြိုတင်မှန်းဆပြီးဖြစ်သည်။ မဟုတ်ပါက ထိုနွားချေးတွင်းအစောင့်ကိုလည်း ခန့်ထားခဲ့မည်မဟုတ်ချေ။


သို့သော် သူက ဤကိစ္စလေးမျှဖြင့် လူတိုင်းအပေါ်စိတ်ပျက်သွားလိမ့်မည်မဟုတ်ပေ။ ဤသည်ကပင် ထိုလယ်လုပ်သားများမှာ လယ်စိုက်ခြင်းအပြင် အခြားသင်ယူစရာအများအပြားရှိကြောင်း သိသာစေသည်။


စွေ့ချီချောင်း ဂရုမစိုက်သည်ကိုမြင်သော် ထိုအစေခံမှာ အားမလိုအားမရပင် ဆိုလာခဲ့တော့သည်။

" အရှင်ကျွန်တော်တို့တွေ ဒီကိစ္စကို ဒီလိုပဲလွှတ်ပေးလိုက်တော့မှာလား…"


"လွှတ်ပေးမယ်လို့ မပြောခဲ့ပါဘူး…တန်ဖိုးရှိတဲ့မြေသြဇာကို ခိုးယူတဲ့သူက အပြစ်ပေးခံရမယ်…"

စွေ့ချီချောင်းမှာ သူ၏လက်ထဲမှ ကြောင်ချည်ထားသောကြိုးကို လှုပ်ယမ်းလိုက်သည်။


……


အပြင်လောကမှ LJJတိုက်ရိုက်ထုတ်လွှင့်နေသည့် ပလက်ဖောင်းတွင်ဖြစ်သည်။


စွေ့ချီချောင်း၏ အလယ်ခေတ်အမျိုးသားဇာတ်ကောင် စီးရီးကိုလာရောက်ကြည့်ရှူသူ ပရိတ်သတ်များမှာ သူတို့အလိမ်ခံလိုက်ရကြောင်း သဘောပေါက်မိရန် မကြာလိုက်ချေ။


သူက ကမ္ဘာကြီးပေါ်မှ ကိစ္စရပ်များကို လေ့လာမနေသလို စစ်သည်များကိုလည်း လေ့ကျင့်ပေးမနေဘဲ လယ်စိုက်ကိရိယာများ၊ တိရိစ္ဆာန်ချေးများ နေ့စဥ်ဘာစားရမည် တို့ဖြင့်သာ အလုပ်ရှူပ်နေခဲ့သည်။


ထို့အပြင် ကောမန့်ထဲမှ သူများမှာလည်း ထူးဆန်းသော ရေးအသားတို့ဖြင့် အသည်းအသန် အော်ဟစ်ကာ အားပေးနေကြသေးသည်။


အနည်းငယ်မျှ ဖတ်ကြည့်လျှင် နားလည်သွားပါလိမ့်မည်။


အမျိုးသားများကမူ ဤကဲ့သို့ မြည်တမ်းနေကြကုန်သည်။


[ "မင်းက လူမဟုတ်ဘူး…" ]


[ "ငါ သွေးအန်နေပါပြီ… ဒါကြီးက ဘယ်လိုတော်၀င်သွေးမျိုးဆက်မျိုးလဲ…" ]


[ "ငါတော့ အလိမ်ခံလိုက်ရပြီ… သူက ကောင်းကင်ဧကရာဇ်အလောင်းအလျာလို့ ငါထင်ခဲ့တာ… အခုတော့သူက လယ်စိုက်တာကို ရူးသွပ်နေတဲ့နတ်ဆိုး ဖြစ်နေတာပဲ…တရုတ်ကလူတွေအကုန် အဆိပ်မိနေကြတာလား…" ]


[ "LJJမင်းကလူမဟုတ်ဘူး… ခေါင်းစဥ်ကအလိမ်ကြီးပဲ…" ]


[ "မိန်းကလေးပရိတ်သတ်တွေက ကြောက်ဖို့ကောင်းလိုက်တာ…" ]


သို့သော်လည်းသူတို့မှာ ဤအဆုံးမဲ့သော တွင်းနက်ထဲ ၀င်ရောက်ပြီးဖြစ်သဖြင့် နောက်တစ်နှစ်လယ်ထွက်နှုန်း မည်သို့ဖြစ်လာမည်ကို စောင့်မကြည့်ဘဲလည်း မနေနိုင်ကြချေ။


ထို့အပြင်သူတို့မှာ အမျိုးသမီးပရိတ်သတ်များကဲ့သို့ စွေ့ချီချောင်းအတွက်ပင် မခံမရပ်နိုင် ခံစားနေရသေးသည်။


သို့နှင့်နောက်ဆုံးထွက် အပိုင်းသစ်ကို ထုတ်လွှင့်ချိန်တွင် ကောမန့်များမှာ ပေါက်ကွဲထွက်လုနီးပါးပင်။


[ငါကတော့ ငါ့ကိုလိမ်ပြီး ဒီနေရာကို ဆွဲခေါ်လာခဲ့တဲ့ စွေ့ချီချောင်းရဲ့ပရိတ်သတ်ဟောင်းတွေကို အားတိုင်းဆဲနေဦးမှာပဲ…]


[စွေ့ချီချောင်းရယ် နည်းနည်းလောက် အလုပ်ပိုကြိုးစားပေးလို့ရမလား… ငါဖြင့်အခုထိ အိမ်နီးချင်းနယ်မြေတွေက ဘယ်လိုဆိုတာရယ် အဓိကမြို့တော်ကရော ဘယ်မှာဆိုတာရယ်ကို မမြင်ရသေးပါလားနော်… ငါစိတ်တွေအတော့်ကို မရှည်တော့ဘူး ကမ္ဘာမြေပုံကြီးကို ဘယ်တော့မှ ဖွင့်ကြည့်တော့မှာလဲလို့…]


[တခြားနယ်မြေတွေက စစ်ပွဲတွေဖြစ်နေတာလည်းဖြစ်နိုင်တာပဲ အခုကအလယ်ခေတ်ဆိုတော့လေ…]


[ငါတော့ရူးသွားပြီထင်တယ်… ငါ ဘာလို့ အဲဒီလယ်လုပ်သားတွေရဲ့ဆားတောင်မပါတဲ့ အရိုးစွပ်ပြုတ်ကို သွားရည်ကျနေရတာလဲ…]


[ငါရောပဲ အခုတော့ အာလူးကြော်ထုတ်ကို ဖောက်နေရပြီ…]


[ထွီ ငါ့အာလူးကြော်တွေ… အဲဒီနွားချေးတွေပေါ်လာမှာကို ဘာလို့ကြိုသတိမပေးရတာလဲ…]


[အား အား အား ဒီလူကလွန်လွန်းနေပြီ… ငါတို့စွေ့စွေ့ရဲ့မြေသြဇာတွေကို မတရားခိုးယူနေတာပဲ…]


[ငါငိုနေပါပြီ… ငါတို့ဘော့စွေ့ရဲ့မြေသြဇာတွေ အခိုးခံနေရပြီ… သူ့မှာအခုမှအတော်လေးစုမိထားတာကို…စွေ့စွေ့ကသူတို့ကို အသားစွပ်ပြုတ်လည်း ကျွေးထားတာလေ… LJJကုမ္ပဏီက ပြောပြလို့မရဘူးလား… သူခိုးကဘယ်သူလဲလို့…]


[ငါစွေ့ချီချောင်းကိုချစ်တယ်…စွေ့ချီချောင်းရဲ့ပိုက်ဆံကိုခိုးတာထက် သူ့ရဲ့မြေသြဇာကိုခိုးတာကပိုပြီး ဆိုးရွားတဲ့လုပ်ရပ်ပဲ…]


[ဘာလဲဟ ဘယ်လိုဖြစ်လို့ နွားချေးပုံတွေကို အသေးစိတ်ဒီတိုင်းရိုက်ပြနေရတာလဲ… အနံ့က စခရင်အပြင်ကိုတောင် ထွက်လာသလိုပဲ…]


[ဒီဟာက ရသာစုံအစစ်အမှန်ရှိုးလေဟယ်… ငါပြောချင်တာက ရ သာ စုံ လေ]


[မင်းအမေ#-&$&# ဘယ်ကောင်ခိုးသွားတာလဲ…]


[အဲဒါ နွားချေးပုံစောင့်သမားပဲဖြစ်မှာ သူ့မျက်နှာကိုက အဲဒီလိုသူခိုးရုပ်…]


[စွေ့ချီချောင်းရေ သူခိုးကို အမိဖမ်းပြီးရိုက်ပစ်… မဟုတ်သေးဘူး နှိပ်စက်တဲ့ပစ္စည်းတွေထွင်ပြီးတော့ကို မှတ်လောက်သားလောက်အောင် ဆုံးမပစ်လိုက်…]


[ယောကျာ်းတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့နွားချေးတွေအခိုးခံရတယ်ဆိုတာ လက်မခံနိုင်စရာကိစ္စပဲ… အမိဖမ်းပြီး ခွေးခေါင်းကိုဖြုတ်ပစ်လိုက်…]


[ငါ့လိုလူတစ်ယောက်က ဒီရှိုးကိုနှိပ်မိတာမှားတာပဲ... ငါတစ်လျှောက်လုံး အရသာရှိလိုက်တာပဲ မန့်နေတာကို အခုတော့...]


[ အမှိုက် LJJ ငါမင်းတို့ဆီဓားတွေ အစင်းတစ်ထောင် ပို့ပစ်မယ်… ခေါင်းစဥ်က အရသာရှိတဲ့ အစားအသောက်ဆိုတာကို အခုဖျက်ပေး…]



🌾🌾🌾