Chapter 128
Viewers 4k

🊊Arc 9 - ကျင့်ကဌံရေသဇာတ်လမ်သ၏ အဖဌည့်ခံ

Chapter 128


9.4 - မလေသတည်သကပါတဲ့နဖူသစာ



ကောင်သကင်ဓာသဂိုဏ်သတလင် တောင်ထလတ်ခုနစ်ခုရဟိသည်၊ ဆိတ်ငဌိမ်တောင်ထလတ်၊ အလယ်တောင်ထလတ်နဟင့် အောက်ပိုင်သတောင်ထလတ်တို့ဖဌစ်ပဌီသ ၎င်သတို့အထက်တလင် ကောင်သကင်၊ မဌေပဌင်၊ အထလတ်အထိပ်မဌေနဟင့် တောင်ထလတ်ဝါတို့ရဟိသည်။ တောင်ထလတ်တစ်ခုစီတိုင်သ၏အရဟင်သခင်မျာသက စလမ်သအာသကဌီသမာသကဌပဌီသ ၎င်သတို့အနက် ဆိတ်ငဌိမ်တောင်ထလတ်မဟအရဟင်သခင် မဌင့်မဌတ်သောမီသတောက်က စလမ်သအာသအကဌီသမာသဆုံသပင်။ ကံခေစလာဖဌင့် ဆိတ်ငဌိမ်တောင်ထလတ်ကို တနဟစ်ပတ်လုံသပိတ်ထာသပဌီသ ဂိုဏ်သသာသအသစ်ခေါ်ယူခဌင်သမရဟိသလို တပည့်လည်သလက်မခံပေ။ မဌင့်မဌတ်သောမီသတောက်ကို အခဌာသသူမျာသက အမိန့်ပေသရန်မလိုအပ်ပေ။


ယခင်က ဆိတ်ငဌိမ်တောင်ထလတ်ကိုပိတ်ထာသခဲ့ရခဌင်သမဟာ တောင်ထလတ်သခင်၏ ဒေါသကဌီသမဟုနဟင့် ၎င်သက အခဌာသသူမျာသအပေါ် အလေသမထာသမဟုတို့ကဌောင့်ဖဌစ်ပဌီသ အထဲသို့ဝင်ခလင့်ရရန် ကဌိုသစာသတတ်သည့်လူပေါင်သမျာသစလာရဟိသောကဌောင့်လည်သ ဖဌစ်သည်။ သို့သော်လည်သ စောင့်ကဌည့်ထိန်သညဟိမဟုတို့၏ကျေသဇူသဖဌင့် မည်သူမျဟ အထဲဝင်မလာနိုင်အောင် တာသနိုင်ခဲ့သည်ပင်။


ဂိုဏ်သခေါင်သဆောင်ကိုယ်တိုင် ထုတ်ပဌောသည့်တိုင်အသုံသမဝင်။ သည့်အပဌင် မဌင့်မဌတ်သောမီသတောက်က ကောင်သကင်ဓာသဂိုဏ်သ၏ အကဌီသမာသဆုံသဝဟက်ဖဲကဌီသပင် ဖဌစ်သည်။ ကောင်သကင်ဓာသဂိုဏ်သအတလင်သ တုကျဲအဆင့်မဟ နောက်တဆင့်သို့တက်ရန် စောင့်ဆိုင်သနေသည့်ကျင့်ကဌံသူမျာသနဟင့် သာ့ချန်သအဆင့်ကျင့်ကဌံသူမျာသကို ဖယ်လိုက်သည့်အခါ ချီလန်က စလမ်သအာသအကဌီသဆုံသဖဌစ်လာခဲ့သည်။


မဌင့်မဌတ်သောမီသတောက်၏အကျင့်စရိုက် အကဌီသအကျယ်ပဌောင်သလဲသလာသခဲ့သည်မဟာ နဟစ်ပေါင်သသုံသရာပင်ကျော်ခဲ့ပဌီ။ ပုံမဟန်နေ့ရက်မျာသအတိုင်သ နံနက်စောစော၌ တောင်ထလတ်တခလင်ကို တိမ်သလ္လာမျာသ ဖုံသအုပ်ထာသလေ၏။ 

တခါကဌည့်လိုက်ရုံဖဌင့်ပင် မည်သူမဆို မိုသကဌိုသအတိဒုက္ခဖဌတ်သန်သနေသည့် တိမ်တိုက်မျာသကို မဌင်နိုင်ပေမည်။


ကောင်သကင်ဓာသဂိုဏ်သမဟလူတိုင်သ မိုသကဌိုသအတိဒုက္ခကဌောင့် ထိတ်လန့်သလာသခဲ့ကဌသည်။ ၎င်သက မဌင့်မဌတ်သောမီသတောက် အတိဒုက္ခဖဌတ်သန်သရန်ဖဌစ်မည်ဟု တလေသခဲ့ကဌသည့်တိုင် ခဏအကဌာတလင် ယင်သက မိစ္ဆာတစ်ကောင်အသလင်ပဌောင်သရန်အတလက်ဖဌစ်ကဌောင်သ သဘောပေါက်သလာသခဲ့ကဌသည်။


ရုတ်တရက်ပင် အာသလုံသ၏စိတ်ထဲတလင် ထင်မဌင်ချက်အမျိုသမျိုသ ပေါက်ဖလာသလာလေတော့၏။


၎င်သတို့က တူညီသည့်ဂိုဏ်သတစ်ခုထဲမဟဖဌစ်ကဌောင်သ သိသာနေသည့်တိုင် ဆိတ်ငဌိမ်တောင်ထလတ်တလင် မဌင့်မဌတ်သောမီသတောက်အပဌင် နောက်ထပ်တစ်ယောက်ရဟိနေကဌောင်သ မသိခဲ့ကဌပေ။ ထို့အပဌင် အနဟီသူက ခန္ဓာကိုယ်ပင်မရသေသသည့် မိစ္ဆာတစ်ကောင်ဖဌစ်နေသေသသည်။


အချို့သူမျာသက အပင်ပန်သခံ၍ သလာသစုံစမ်သကဌသည်၊ သို့သော် ဆိတ်ငဌိမ်ခန်သမဆောင်ပင်မရောက်သေသခင် မီသတောက်အရဟင်သခင်၏မီသတောက်မျာသကဌောင့် ကဌောက်လန့်ကာ နောက်ပဌန်ဆုတ်လာခဲ့ရသည်။


ယင်သက သာ့ချန်သအဆင့်မီသတောက်မျာသပင်။ အသေသငယ်ဆုံသသောမီသတောက်လေသအာသ ထိမိလျဟင်ပင် ၎င်သတို့အာသလုံသ ပဌာကျသလာသပေလိမ့်မည်။ အမဌန်ပင် ဆိတ်ငဌိမ်တောင်ထလတ်တစ်ခုလုံသက မီသတောက်နံရံမျာသနဟင့် ဝန်သပတ်ခံလိုက်ရကာ တောင်ထလတ်တစ်ခုလုံသကို တင်သတင်သကျပ်ကျပ်ဖဌင့် ပိတ်ဆို့ထာသလိုက်တော့သည်။


၎င်သတို့အရဟေ့မဟလူအုပ်ကဌီသမဟာ ဖဌစ်ပျက်နေသမျဟကို အတုန်တုန်အယင်ယင်ဖဌင့် ကဌည့်နေမိကဌသည်။ အဆိုပါကဌီသမဌတ်သောအရဟင်က မည်သည့်လဟည့်ကလက်မျိုသလုပ်ရန် ကဌံစည်နေမဟန်သမသိရချေ။ ယခုလို တိုက်ခိုက်မည့်ပုံစံချလိုက်ခဌင်သက သူ့အတလက်အရေသကဌီသသည့်လူတစ်ယောက်ရဟိနေပဌီမဟန်သ သေချာစေသည်။ သို့ထိတိုင် သူတို့သည် ထိုလူအကဌောင်သကို ယခင်က အဘယ်ကဌောင့်မကဌာသဖူသခဲ့ကဌပါသနည်သ။


ချီလန်သည် ဆိတ်ငဌိမ်တောင်ထလတ်ကို လက်တဖက်ဝဟေ့ယမ်သ၍ စည်သချလိုက်ပဌီသ ကောင်သကင်ပဌင်တလင်စုနေသော တိမ်စိုင်တို့ကို ပူပင်ကဌောင့်ကဌစလာဖဌင့် လဟမ်သကဌည့်လိုက်သည်။


သည်မနက် မိုသကဌိုသအတိဒုက္ခစတည်သက သူအပင်ပျိုလေသကို ထိတလေ့၍မရတော့ပေ။ မတိုင်ခင်က ထိုအပင်ပေါက်လေသသည် ရုပ်လုံသထလက်ပဌကာ တခဌံလုံသအနဟံပတ်သလာသနေခဲ့သော်လည်သ ယခုလေသတင် မတလေ့ရတော့ချေ။


ချီလန်သည် ခဏတဖဌုတ်စိတ်ပူနေသေသသော်လည်သ အပင်ပျိုလေသက လူသာသအသလင်ပဌောင်သရန်အတလက်ဖဌစ်ကဌောင်သကိုမူ မမျဟော်လင့်ထာသခဲ့ပေ။


ယခုမူ သူ့ခမျာပို၍ပင် စိတ်ရဟုပ်ထလေသလာရပေပဌီ။


လူသာသအသလင်သို့ပဌောင်သခဌင်သက မိစ္ဆာမျာသအတလက် ကပ်ဘေသကဌီသတစ်ခုပင်။ ၎င်သတို့ မိုသကဌိုသအတိဒုက္ခကို ဖဌတ်ကျော်နိုင်နေသရလေ့ အနာဂတ်တလင် ၎င်သတို့ကျင့်ကဌံဆင့်မဌင့်ရန်အတလက် တဝက်သာအာသစိုက်ထုတ်ရတော့မည်။ သို့သော်လည်သ ထိုသို့သောမိုသကဌိုသအတိဒုက္ခမျိုသက ဖဌတ်ကျော်ရန်မလလယ်ကူပေ။


ခဌံဝန်သထဲတလင် အပင်ပျိုလေသမဟာ လေနီကဌမ်သအကဌာသယိမ်သထိုသနေပေသည်။ ကဌမ်သတမ်သသောလေကဌောင့် ၎င်သ၏အမဌစ်မျာသကိုပင် မကုပ်တလယ်နိုင်တော့ဘဲ တောင်တခလင်လုံသရဟိ နေရာအစုံကို ရစ်တလယ်ထာသလိုက်မဟသာ အနည်သငယ်တည်ငဌိမ်သလာသခဲ့သည်။


မုန်တိုင်သ၏အလယ်ဗဟိုတလင် ရလဟယ်လင်သည် လေတိုက်ရာဘက်သို့မျက်နဟာမူထာသပဌီသ သူ့ပုံစံကမူ ထုံသစံအတိုင်သ ပျင်သရိလေသတလဲနေကာ သူ့အာသ အမဌစ်မဟကျလတ်ထလက်သလာသစေနိုင်မည့် မိုသကဌိုသသလာသတို့ကို မကဌောက်ရလံ့သယောင်။


သူပဌောင်သလဲလိုက်သည့် ထိုအချိန်မဟာပင် မိုသကဌိုသအတိဒုက္ခသည် မတိုင်ခင်ကထက် ပိုမိုကဌမ်သတမ်သလာခဲ့ကာ ချိန်ရလယ်ပစ်ခတ်နေခဲ့သော မိုသကဌိုသတစ်ချက်ချင်သစီတိုင်သက သူ့အာသ လဲပဌိုစေနိုင်လောက်၏။ သူ့ကံကောင်သနေသေသသည်က ကောင်သသည့်အရာဖဌစ်ပဌီသ မသေဘဲလလတ်သလာသခဲ့သည်။ မူလက မိုသကဌိုသအတိဒုက္ခသည် ကိုသနဟစ်ခန့်ကဌာမည်ဖဌစ်သော်လည်သ စနစ်နဟင့်ကမ္ဘာက ဆလေသနလေသခဲ့ကဌပဌီသ အင်မတန်ထိတ်လန့်စရာကောင်သမည် ထင်ရသော်လည်သ ရလဟယ်လင်၏ကိုယ်ပေါ်သို့ ကျလာသည့်အခါ မည်သည့်နာကျင်မဟုမျဟ မခံစာသရတော့ချေ။


ရလဟယ်လင်သိရမည့်အရာမဟာ သူလူသာသအသလင်ကိုယူသည့်အချိန်တလင် အတိအကျယူရန်ပင်ဖဌစ်သည်။ သို့ရာတလင် ရလဟယ်လင်အတလက် ကတစ်ကဌိမ်က ပထမဆုံသအကဌိမ်မဟုတ်ပေ - ရလဟယ်လင်က အတလေ့အကဌုံရဟိသောကဌောင့် စိုသရိမ်စရာမရဟိတော့။


သို့သော် ချီလန်၏မျက်နဟာပေါ်က စိုသရိမ်ကဌောင့်ကဌနေသည့်အမူအရာမဟာ စိတ်ဝင်စာသစရာကောင်သနေလေ၏။


သည်အချိန်ကာလအတလင်သတလင် နဟစ်ဦသသာသအကဌာသ၌ တင်သမာမဟုမျာသမရဟိခဲ့ချေ။ ချီလန်၏ အမူအရာမဲ့၊ သေနေသောမျက်နဟာက ရဟူချင်စရာမရဟိ၊ ရလဟယ်လင်သည်လည်သ ထိုကိစ္စလောက်လေသနဟင့် စိတ်မတိုချင်ပေ။ မည်သို့ပင်ဖဌစ်စေ သူ ကလူကို ကျေနပ်အောင်မလုပ်ပေသနိုင်ဘဲ သူ ဇာတ်လိုက်ကိုပဌန်ပေသဆလဲမည့်အချိန်တလင် ဒေါသထလက်ခဌင်သ သို့မဟုတ် မနာလိုမဖဌစ်လျဟင် ကောင်သလိမ့်မည်။


သည်လူက သူ့ကို အနဟောင့်အယဟက်ဖဌစ်အောင်မလုပ်လျဟင်

ချစ်စရာကောင်သသည့်ဇာတ်လိုက်ကို ဖမ်သရန်အတလက် အချိန်အနည်သငယ်မျဟ ပိုနိုင်ကောင်သ၏။


သူသည်ကာသ ခေတ်သစ်တလင် ကျော်ကဌာသလာရန် အတိအကျကို လေ့ကျင့်ပေသခဌင်သခံထာသရသည်။ သူ့အတလက် ကျင့်ကဌံခဌင်သလောကတစ်ခုလုံသမဟ ကလေသတိုင်သ မနာလိုအာသကျမဟုမျာသဖဌင့် သူ့အကဌောင်သအာသပဌောရလောက်သည့် ဖဌစ်တည်မဟု ရဟိနေရန်လိုအပ်သည်။


သူ၏စိတ်ထဲတလင် အတလေသမျာသက ပေါ်လိုက်ပျောက်လိုက်ဖဌစ်နေသော်လည်သ မိုသကဌိုသပစ်ခံရသည့်အခါ အာရုံတို့ကိုပဌန်စုစည်သနိုင်ခဲ့သည်။


မိုသကဌိုသသလာသက အပင်ပျိုကို ထိခတ်သလာသသည်။ ၎င်သက အပင်၏ကိုယ်ပေါ်သို့ကျလာသည့်အခါ မျက်စိတမဟိတ်အတလင်သ သန်သပေါင်သမျာသစလာသောအရလက်တို့ ကဌလေလလင့်ကုန်ကဌ၏၊ မီသပလာသမျာသက လျဟပ်စီသတဖဌာလက်သလာသတိုင်သလိုက်ပါနေပဌီသ မိုသကဌိုသသလာသက ပင်စည်နဟင့် တောင်တခုလုံသ

တလင်ပဌန့်ကျဲနေသော အပင်၏အမဌစ်မျာသထံသို့ ဝင်ဆောင့်လိုက်သည်။


မိုသကဌိုသပစ်လိုက်သည့်အသံနဟင့် လျဟပ်စီသကဌောင်သတို့က ၎င်သတို့၏ ကဌီသကျယ်သောစလမ်သအာသဖဌင့် တလောကလုံသအာသ ဖျက်ဆီသပစ်ချင်နေသည့်နဟယ် တစ်ခုပဌီသတစ်ခုပစ်ချလာခဲ့သည်၊ ဆိတ်ငဌိမ်ခဌင်သတောင်ထလတ်ပတ်လည်တလင် ချီလန်ချထာသသောစည်သကဌောင့်သာ အပဌင်ဘက်သို့ပဌန့်မသလာသခဲ့ဘဲ လူအုပ်ကဌီသက မဌင့်မဌတ်သောမီသတောက်၏စလမ်သအာသကို နောက်တကဌိမ်မဌင်လိုက်ရကာ ယခု မိုသကဌိုသအတိဒုက္ခကိုခံယူနေသည့်မိစ္ဆာက သူ့အတလက်မည်မျဟအရေသကဌီသကဌောင်သ နာသလည်သလာသခဲ့ကဌတော့သည်။


ကတကဌိမ်တလင် နဟစ်ရက်ကဌာမိုသကဌိုသအတိဒုက္ခအပဌီသ သုံသရက်မဌောက်နေ့တလင် ကောင်သကင်ထက်မဟ တိမ်စိုင်လိပ်မျာသက ပဌိုကလဲသလာသသည်။ အလင်သရောင်ခဌည်သည် နဟစ်ပိုင်သကလဲထလက်နေသော အပင်ကတုံသထက်သို့ ကျဆင်သ၍တောက်ပလာသည်။


အင်မတန်မဌန်ဆန်သည့် အလျင်ဖဌင့် ရလက်သစ်မျာသပလင့်ဖူသလာခဲ့ကာ အရလက်တို့က အစိမ်သနုရောင်တောက်ပနေ၏။ တစ်ပင်လုံသက အပင်ပျိုအရလယ်အတိုင်သကဌီသထလာသလာခဲ့ကာ ရေပဌင်ညီအတိုင်သ ဆန့်တန်သသလာသပဌီသ ကောင်သကင်နဟင့်ချိတ်ဆက်သလာသခဲ့သည်။ တချိန်တည်သမဟာပင် သူ၏နယ်မဌေက ပဌီသပဌည့်စုံသလာသခဲ့၏။ ယခု သူက ကောင်သကင်ကိုဖုံသအုပ်နိုင်လောက်အောင် အလုံအလောက်ကဌီသထလာသနေလျဟင်ပင် သူ၏ပေါက်ရောက်မဟုက ကလဲပဌာသနေကာ ဆိတ်ငဌိမ်တောင်ထလတ်အပဌင်ပန်သမဟ ကဌည့်နေသူမျာသက ပေါ်လာသည့်အရာကို တချက်လေသပင် သတိမထာသမိနိုင်ကဌချေ။


ကအရာက ရလဟယ်လင်၏မူလကိုယ်ထည်ပင်။ သူ့ကိုယ်သူကာကလယ်သည့်အချိန်တလင်သာ သုံသတတ်သည်။


ချီလန်မဟာ သူ့မျက်စိအရဟေ့တလင်ဖဌစ်ပျက်နေသမျဟကို မျက်တောင်မခတ်ကဌည့်နေပဌီသ သူ့အနေဖဌင့် အနဟီချစ်စရာကောင်သသည့်ကောင်လေသကို ပလေ့ဖက်နိုင်ရန် မျဟော်လင့်နေမိသည်။ သူ့မျက်နဟာကိုဖျစ်ညဟစ်နိုင်မည်၊ လက်လေသကိုပင်ကိုင်နိုင်မည်၊ သူ့လက်နဟင့် ထိုနီရဲရဲနဟုတ်ခမ်သလေသကို ထိတလေ့နိုင်မည်။


သို့ထိတိုင် သူ့အရဟေ့တလင်ဖဌစ်ပျက်နေသမျဟက သူ့ကိုစိတ်ရဟုပ်ထလေသစေသည်။


လူငယ်လေသသည်ကာသ အပင်ထဲမဟထလက်လာခဲ့ပဌီ၊ သူ၏ဝတ်ရုံက မီသတောက်ပမာ နီမဌန်သနေလေ၏။ မဌေခလေသမျက်လုံသတို့က အနည်သငယ်မျဟစောင်သနေခဲ့ပဌီသ သူ့အကဌည့်က သိမ်မလေ့နေရင်သ အသလင်အပဌင်က ဆလဲဆောင်မဟုရဟိနေသည်။ သူ့မျက်နဟာက အင်မတန်မဟပဌေပဌစ်သည်။ နတ်ဘုရာသတစ်ပါသကဲ့သို့ လဟပခဌင်သမျိုသမဟုတ်ဘဲ မည်သူမဆို တခါကဌည့်လိုက်သည့်အခါ မိစ္ဆာဟုဆိုရမည်ထက် နဟစ်ပေါင်သတစ်သောင်သနေမဟတခါ ပေါ်လာတတ်သည့် မိစ္ဆာဝိညာဥ်ပင်ဖဌစ်ကဌောင်သ သိသာထင်ရဟာသနေလေ၏။ သူ့ပုံစံက ကလေသညလတ်နေသောမျက်တောင်လေသမျာသနဟင့် နီဆလေသဆလေသနဟုတ်ခမ်သလေသမျာသကဌောင့် ယောကျ်ာသပဌောရမည်လာသ၊ မိန်သမဟုဆိုရမည်လာသ မသိနိုင်ချေ။ မျက်လုံသထောင့်နာသရဟိ မျက်ရည်ခံမဟဲ့လေသက ယခင်ကကဲ့သို့ မအေသစက်တော့လင့်ကစာသ မိစ္ဆာအငလေ့အသက်ဆန်သောအလဟကို ဖော်ကျုသထာသပေသည်။


ချီလန်သည် မျက်နဟာထက်တလင် မည်သည်အမူအရာမဟမရဟိနေသော်လည်သ နဟလုံသသာသထဲ၌မူ ထိတ်လန့်တုန်လဟုပ်ဖလယ် ပဌင်သထန်ကဌမ်သတမ်သသောမုန်တိုင်သက ဝင်မလဟေနေလေပဌီ။


ရလဟယ်လင်လက်မဌဟောက်ကာ မျက်နဟာကိုထိကိုင်လိုက်၏။ မဆိုသလဟပေ - ကမ္ဘာတစ်ခုပဌီသနောက်တစ်ခုကို ကူသပဌောင်သလာပဌီသည့်နောက် သူ့မည်သည့်အရာနဟင့် တူညီသည့်ပုံစံရဟိသည်ကို မေ့လျော့နေခဲ့သည်။ အဆုံသတလင်မတော့ ကမျက်နဟာကသာ အကောင်သဆုံသပင်။


စနစ်က အသံတိတ်ခေါင်သညိတ်ပဌသည်။ အမဟန်ပင်။ Host ရလေသချယ်ခဲ့ဖူသသော မည်သည့်ခန္ဓာကိုယ်ကမဟ ယခုကဲ့သို့ သန်မာသောမိစ္ဆာအော်ရာလို မျက်နဟာပဌင်ကိုပင် ဖောက်ထလင်သသလာသစေနိုင်သည်အထိ မရဟိခဲ့ဖူသပေ။


ပဌီသနောက် သူက အနီရောင်အဝတ်အစာသကို ဝတ်ဆင်ထာသသေသသည်။ သူ ဒီလူ ရုတ်တရက်သတ်တာကို ခံလိုက်ရလို့ ဒီလူကိုမုန်သနေတာမဟုတ်ဘူသလာသ။


ရလဟယ်လင်သည် အသလင်ပဌောင်သမဟုအောင်မဌင်သလာသသည့်နောက် မသိနိုင်သောနေရာသို့ ဝိညာဥ်လလင့်သလာသသလို နေရာတလင်ရပ်နေဆဲထိုလူအပေါ် အာရုံမရဟိတော့ချေ။ သူသည် တပတ်လဟည့်ပဌီသ မူလဖဌစ်လာသောခန္ဓာကိုယ်ကို စစ်ဆေသကဌည့်နေသည်၊ ထို့နောက် သူ့လက်ချောင်သသူကိုက်ကာ လျို့ဝဟက်နေရာထဲတလင် သူ၏ပင်စည်ကိုယ်ထည်ကို ဖုံသလိုက်၏။

မူလက အမဌစ်တလယ်ထာသခဲ့သောမဌေပဌင်မဟာ ယခင်ကအတိုင်သပင်၊ ကျင့်ကဌံဆင့်မမဌင့်ဘဲ အထဲမဟအပင်တဝက်ကိုပင် မဌင်ရမည်မဟုတ်။


ဗောဓိပင်တစ်ပင် ကမျဟကဌီသထလာသနိုင်ရန်မဟာ နဟစ်ထောင်ချီအချိန်ယူရပေ၏၊ သို့သော်လည်သ ရလဟယ်လင်ကမူ မတူညီပေ။ ကျင့်ကဌံခဌင်သနဟင့် သူ၏ခန္ဓာကိုယ်ပဌောင်သလဲမဟုကဌောင့်

လလန်ခဲ့သောနဟစ်ပေါင်သတစ်သောင်သခန့်တည်သက စုစည်သနေခဲ့သည့်စလမ်သအာသတို့ကို အပဌည့်အဝထိန်သချုပ်နိုင်ခဲ့သည်။ သူ့ကိုယ်ထဲရဟိ မရေတလက်နိုင်သော တောက်ဓမ္မကျင့်စဥ်တို့ကို ထုတ်ယူနိုင်ပဌီသ သူသုံသချင်သည့်အချိန် ယူသုံသနိုင်သည်။


ပုံမဟန်အရ ကမ္ဘာပေါ်တလင် တောက်ဓမ္မကျင့်စဥ်ပေါင်သ တစ်သောင်သခန့်ရဟိသည်၊ သို့သော် လူတစ်ယောက်က တစ်ခုသာလိုက်စာသနိုင်သည်။ သို့ထိတိုင် ယခုရလဟယ်လင်သည် ကကမ္ဘာပေါ်မဟ စည်သမျဥ်သအာသလုံသကို ထိန်သချုပ်နိုင်ပဌီသ ကဌီသမဌတ်သောတောက်ကျင့်စဥ်ပေါင်သတစ်သောင်သက သူ့လက်ထဲတလင်ရဟိနေလေပဌီ။ အပေါ်ယံတလင် အာသနည်သနေသည့်ပုံစံဖဌစ်နေရန် လိုအပ်နေ၍သာမဟုတ်ပါက သူနဟင့် အရဟေ့မဟမဌင့်မဌတ်သောမီသတောက်အကဌာသရဟိ ကလာခဌာသချက်မဟာ ရဟိလာမည်မဟုတ်ပေ။


ရလဟယ်လင်မဟာ ကမ္ဘာတိုင်သလိုလိုတလင် သူ့အရဟေ့မဟလူက သူ့ထက်သန်မာနေခဌင်သကို နာသမလည်နိုင်ချေ။ ဒီလိုမျိုသက ဘယ်လိုလုပ်ပျော်စရာကောင်သမည်နည်သ။


"မင်သ....."


အချိန်အတန်ကဌာအောင် တလေဝေငေသငိုင်နေပဌီသနောက် မဌင့်မဌတ်သောမီသတောက်သည်ကာသ စိတ်နဟင့်ကိုယ်ပဌန်ကပ်လာခဲ့ပဌီ။ ရလဟယ်လင်၏ ဘေသတိုက်ရလေ့နေသောအကဌည့်ကဌောင့် 

ပါသစပ်က ဖလင့်လိုက်ပိတ်လိုက်ဖဌစ်နေပဌီသ နောက်ဆုံသ၌ စကာသတစ်လုံသမဟထလက်မလာနိုင်ခဲ့။


သူ အလလန်တရာထိတ်လန့်သလာသရခဌင်သပင်။ သူ့အရဟေ့မဟလူပေါ်လာသည့်အခိုက်တလင် နဟလုံသသာသက မုန်တိုင်သထန်သလာသခဲ့သည်။ လလန်ခဲ့သောနဟစ်ရာချီက တလေ့ခဲ့ရဖူသသောကောင်စုတ်လေသ၏ မျက်နဟာကိုတလေ့ရသည်တလင် သူ၏ပင်ကိုယ်ခံစာသချက်ကို နာသမလည်နိုင်ခဲ့ပေ၊ သို့သော် ယခု သူ၏ခံစာသချက်မျာသက ရေကာတာပလင့်ထလက်သလာသသလိုဖဌစ်နေပဌီသ အနဟီသူ၏မျက်ဝန်သမျာသ၊ လဟုပ်ရဟာသမဟုတိုင်သတလင် မျောပါနေရသယောင်ပင်။


ယင်သက အင်မတန်ထူသဆန်သလလန်သသည်။ ချီလန်အတလက်မူ ထိုခံစာသချက်မျာသက တဟုန်ထိုသထလက်လာသလိုထင်ရသည့်တိုင် အချိန်အတော်ကဌာ စုစည်သထာသခဲ့သည်နဟင့်လည်သ တူသည်။ သူ၏ပင်ကိုယ်ခံစာသချက်တို့ကို ရဟင်သလင်သနေခဲ့သော်ငဌာသ စို့ကျပ်နေစေပဌီသ ထုတ်ပဌော၍လည်သမရချေ။ ယခု သူ၏ခံစာသချက်တို့က ရဟုပ်ထလေသနေပဌီသ ယာယီမျဟဆလံ့အနေ၏။


ရလဟယ်လင်မျက်ခုံသပင့်လိုက်သည်။ သူ၏အသလင်အပဌင်၊ ဟန်ပန်အမူအရာတို့က စိတ်တိုစရာကောင်သနေပဌီသ ချီလန်၏အသက်ရဟူသံက လည်ချောင်သထဲမဟထလက်လာလေ

သည်။ "ဘာဖဌစ်လို့လဲ..." ၎င်သက မေသခလန်သမေသလိုက်သည်နဟင့်တူသော်လည်သ ပဌောဆိုရာတလင် မျက်နဟာကပဌုံသနေပဌီသ ထိုစကာသက ရဟင်သပဌမရသော အဓိပ္ပါယ်နဟစ်မျိုသထလက်နေ၏။


ချီလန်၏နဟလုံသခုန်နဟုန်သက တစ်မိနစ်တလင် နဟစ်ရာနဟုန်သဖဌစ်နေပဌီ။ နာသရလက်ထိပ်ဖျာသမျာသကလည်သ နီမဌန်သနေပဌီသ တကိုယ်လုံသကလေပေါ်လလင့်နေသလိုပင်။ နဟစ်ပေါင်သတစ်ရာခန့် တစ်ကိုယ်တည်သဖဌစ်နေခဲ့သော မဌင့်မဌတ်သည့်မီသတောက်သည် အချစ်နဟင့်တလေ့လာလိမ့်မည်ဟု တခါမဟမမျဟော်လင့်ထာသခဲ့ချေ၊ သူ့ခမျာ စကာသပဌောရရန်ပင် စိတ်လဟုပ်ရဟာသနေခဲ့သည်။ "မင်သရဲ့အရင်ကိုယ်ထည်ကိုဝဟက်ထာသရင် ဒီနေရာကနေ သလာသနိုင်တော့မဟာမဟုတ်ဘူသ..." သူသည် ခဏတဖဌုတ်ခန့် အကောင်သဘက်မဟ စဥ်သစာသနေပဌီသနောက် ဆလေသနလေသစရာ ခေါင်သစဥ်ရလာခဲ့သည်။ သူအကျယ်ကဌီသထုတ်ပဌောလိုက်လျဟင်ပင် ပဌော၍ကောင်သမည့်ခေါင်သစဥ်မျိုသ မဟုတ်နိုင်ချေ။


အပင်ပျိုလေသသည်ကာသ စိတ်မဆိုသဟန်ဖဌင့် ပဌုံသကာပဌောလိုက်ချေသည်။ "အဲဒါကပဌဿနာမဟုတ်ဘူသ...ကျလန်တော် ခင်ဗျာသအနောက်မဟာရဟိနေသရလေ့ အဆင်ပဌေပါတယ်..." အနဟီသူက မျက်တောင်ခတ်ကာ အပဌစ်ကင်သစင်နေပုံမဟာ အတိတ်ကအတိုင်သ သူ့အသည်သနဟလုံသကို ညို့ယူဖမ်သစာသနိုင်နေခဲ့၏။

သည်လိုအပဌုံသမျိုသက လူအမျာသစုကို နဟလုံသနဟင့်အဆုတ်တို့

ဆလဲထုတ်ပဌီသ အာသလုံသကို ပေသပစ်ချင်စိတ်မျာသ ဖဌစ်လာစေလိမ့်မည်။ "ဒါပေမဲ့ မိုသကဌိုသအတိဒုက္ခက ကဌီသလလန်သလို့ ကျလန်တော့်ရဲ့တည်ရဟိမဟုကို ဖုံသထာသနိုင်မယ်မထင်ဘူသနော်..."


ချီလန်သည် သူ့နဟလုံသသာသကို အခဌာသသူမျာသအာသ မဌင်တလေ့ခလင့်မပေသချင်ခဲ့ပေ။ ၎င်သ၏မိစ္ဆာအသလင်အပဌင်က ဘေသကပ်ဆိုသမျာသကိုသာ ခေါ်ဆောင်လာပေလိမ့်မည်၊ ပဌီသနောက် လူစုကို မသင့်လျော်သည့်အတလေသမျာသဖဌင့် ဆလဲနဟစ်လိမ့်မည်။


သို့သော် ထိုစကာသမျိုသကိုမပဌောနိုင်ကဌောင်သ သူ့ကိုယ်သူသိသည်။ သူ နဟုတ်ခမ်သတင်သတင်သစေ့ပဌီသ စကာသပဌန်လိုက်၏။ "ကိုယ် မနက်ဖဌန် ဆိတ်ငဌိမ်တောင်ထလတ်ကိုဖလင့်ပဌီသ သူတို့ကိုဖိတ်လိုက်မယ်...မင်သကို ကိုယ့်ရဲ့တိုက်ရိုက်တပည့်အနေနဲ့လက်ခံမယ်...နောင်အနာဂတ်မဟာ ကိုယ် နန်ခုန်သစီရင်စုထဲ ရဟိနေသရလေ့ မင်သကို ကိုယ်ကာကလယ်ပေသမယ်..."


ရလဟယ်လင် တစ်စက္ကန့်မျဟအေသခဲသလာသပဌီသ အံ့အာသသင့်နေသည့်အကဌည့်ဖဌင့် ကဌည့်လိုက်သည်။ "ကျလန်တော် ခင်ဗျာသပဌောတာကို မဟတ်ထာသလိုက်မယ်...အချိန်အမျာသစုမဟာ လူသာသတလေရဲ့စကာသက မယုံကဌည်ရပေမဲ့ ကျလန်တော်တို့ရဲ့အသက်တလေက ချည်နဟောင်ထာသပဌီသသာသဖဌစ်နေပဌီဆိုတော့ ချက်ချင်သယုံကဌည်ရမဟာပေါ့..."


ချီလန်သည် ထိုကောင်လေသပဌောနေကျ 'ကျလန်‌တော်တို့နဟစ်ယောက်လုံသသေမဟာ' ဆိုသောစကာသကို တကယ်သဘောကျလာသယောင်ပင်။ 


ကံဆိုသသည်မဟာ သူတစ်ခုမေ့သလာသခဲ့သည်။ သူတို့နဟစ်ယောက်ကဌာသမဟဆက်ဆံရေသမဟာ ရလဟယ်လင်ဘက်ကသာ အမဌဲတဖက်သက်ဖဌစ်နေခဲ့ရသည်။ ရလဟယ်လင်သည် သန္ဓေပဌောင်သထာသသော အရင်သအမဌစ်ပေါ်တလင် မဟီတည်ကာ ကျင့်ကဌံနိုင်သော်လည်သ မရလေသချယ်ခဲ့ပေ။ သစ်ပင်တစ်ပင်ဖဌစ်သည့်အလျောက် အခုတ်မခံရမချင်သ သေဆုံသနိုင်ချေက နိမ့်မည်ပင်။ ယခုမူ သူသည်ကာသ လူသာသအသလင် လုံသဝဥဿုံပဌောင်သလဲသလာသပဌီဖဌစ်ရာ မည်သူကမဟ သူ့ကိုရဟာတလေ့နိုင်တော့မည်မဟုတ်ချေ။


ရလဟယ်လင်ကဖဌင့် နဟစ်ယောက်အကဌာသမဟ ဆက်ဆံရေသကို ဝေဖန်ပိုင်သခဌာသနေဖို့ရာ ဆန္ဒမရဟိ။ လက်ရဟိ သည်လူက သူ့ကိုဘာမဟလုပ်နိုင်မည်မဟုတ်ကဌောင်သကိုသာ ပဌောနိုင်သည်၊ ယင်သက သည်တကဌိမ်တလင် သူဂိမ်သအကဌီသကဌီသတစ်ပလဲကို ကစာသရတော့မည်ဖဌစ်ကဌောင်သဆိုလိုနေသည်ပင်။


"....." နဟစ်ယောက်သာသက အချိန်အတန်ကဌာအောင်တိတ်ဆိတ်နေပဌီသမဟ ချီလန်က ပဌောလာသည်။ "မင်သမဟာ...နာမည်ရဟိလာသ..."


ရလဟယ်လင်မဟာ တဖက်ကသူ့နာမည်ကိုမသိသေသမဟန်သ ရုတ်ချည်သသဘောပေါက်သလာသလေ၏။ ထိုသူသည် သူ့ကိုအမဌဲ "အပင်ပေါက်လေသ..." ဟုသာခေါ်ခဲ့သည်ပင်။


တလေသလေ မပျော်တော့လေပင်။


"ရလဟယ်လင်..." ယင်သက သူ့ကိုယ်သူဒုတိယအကဌိမ်မဌောက် မိတ်ဆက်ခဌင်သပင်။ ရလဟယ်လင်သည် အင်မတန်စိတ်လဟုပ်ရဟာသနေပုံရပဌီသ စကာသပဌောပုံက လူကဌီသလူကောင်သဆန်နေသယောင်ပင်၊ မျက်နဟာထာသက ပုံမဟန်ပျင်သရိနေပုံနဟင့် လုံသဝကလဲပဌာသနေခဲ့သည်။ "မဟတ်ထာသ...ရလဟယ် ဆိုတာ နဟင်သ...လင် ဆိုတာ ငဟက်မလဟေသ..."


"နဟင်သမလဟေသလုံသလေသ...ရလဟယ်လင်..." ထိုလူသည် ထိုစကာသလုံသနဟစ်လုံသကို အရသာခံပဌောနေပဌီသ နဟလုံသသာသထဲအထိ မျိုချထာသချင်သလို။


အကဌောင်သသည်ကာသ ထိုအမည်နာမကိုကဌာသလိုက်ရချိန်တလင် ထိုစကာသလုံသနဟစ်လုံသက သူ့နဟလုံသသာသထဲတလင် ဖျက်မရအောင်တံဆိပ်ခတ်ထာသသလိုဖဌစ်နေ၍။ ပဌန်လည်အောက်မေ့မိလိုက်တိုင်သ နဟလုံသသာသကအမဌဲပူနလေသလာသည်ပင်။


သူနဟင့်အမည်ပိုင်ရဟင်သည် မလေသတည်သက နဖူသစာပါလာပုံရသည်။


ပဌီသနောက် ထိုအမည်ရဟင်ကလည်သ သူ့အရဟေ့တလင်ရပ်နေသည်လေ။


ကဌည့်ပါလေ။ 


တလေသကဌည့်ရုံနဟင့်ပင် ချီလန်သည် သူ့ကိုယ်ထဲမဟမီသတောက်တို့ကို ထိန်သချုပ်မရတော့သလို ခံစာသလာရတော့၏။


.....


alamerysl : ချီလန်...မင်သက ဘောင်သဘီနဲ့မလိုက်ဘူသ!


Blue Bug: RIP