Chapter 127
Viewers 4k

🊊Arc 9 - ကျင့်ကဌံရေသဇာတ်လမ်သ၏ အဖဌည့်ခံ

Chapter 127


9.3 - ဒါဆိုလည်သတူသလိုက်



စိတ်ဆိုသနေသည့်အခါ အဆိုပါမျက်ဝန်သတစ်စုံက ကဌယ်လေသမျာသသဖလယ် တောက်ပလာတတ်၏။ သူ့နဟုတ်ခမ်သတို့ကို ဖလဖလကိုက်ထာသပဌီသ သတ်ဖဌတ်ချင်စိတ်ကဌောင့် အစိမ်သရောင်ဖျော့ဖျော့ဝတ်ရုံနဟင့် ဆံနလယ်မျာသပင် နံဘေသတလင်ဝဲလလင့်နေပေသည်။


အရာအာသလုံသက သူ့အရဟေ့မဟလူကဌောင့်သာ ဖဌစ်လာရသည်ပင်။


သည်လူကသာ ဆယ်နဟစ်အောက်ကောင်လေသတစ်ယောက်မဟုတ်ပါက ချီလန်မဟာ ရင်ခုန်နေသည်ကို ကျိန်သသေသဘောပေါက်ပေလိမ့်မည်။ 


ကံမကောင်သလဟပေ၊ ထိုသူက ကောင်ငယ်လေသတစ်ယောက်ဖဌစ်နေ၏။ အလိုလိုသတိကပ်ထာသမဟုကဌောင့် သူသည် ဓာသကိုသာ ဆုပ်ကိုင်ထာသရပဌီသ မျက်နဟာထာသမဟာ ထူသဆန်သနေလေသည်။


ယင်သက သူ၏ဝိညာဥ်အရင်သအမဌစ်ကို လုံသဝပဌောင်သလဲသလာသစေမည့် အခလင့်ကောင်သပင်။ သစ်ပင်နတ်ဆိုသ သို့မဟုတ် 

ဝိညာဥ်ထလက်ပေါ်လာမဟုကဌောင့်နဟင့်တော့ လက်လျဟော့သလာသမည်မဟုတ်။ "အတူသေမယ်လာသ" သူ့အသံက အေသစက်နေသည်။ တကိုယ်လုံသက မီသတောက်နေသည့်တိုင် ရေခဲကဲ့သို့အေသစက်သည့်အသံက လူတိုင်သကိုတုန်လဟုပ်စေနိုင်သည်။ "မင်သကဌောင့်လာသ..."


ရလဟယ်လင်မဟာ ထိုစကာသကဌောင့် အာသတက်သလာသရသည်။ သူ့ခမျာ ထိုယောကျ်ာသပျိုထံမဟ အခလင့်အရေသယူ၍ရရန် ရဟာသပါသလဟသည်ပင်။ ထို့ကဌောင့် သူ ထိုလူကို အပေါ်အောက်ကဌည့်ပဌီသ 

ပဌောလိုက်သည်။ "ဟုတ်တယ်...ကျလန်တော့်ကဌောင့်ပဲ...."


ဓာသက သူတို့နဟစ်ယောက်ကဌာသမဟ နေရာလလတ်ကိုဖဌတ်သန်သသလာသသည်။ သည်လူက အဆိုပါစကာသမျာသကဌောင့် မကဌောက်ရလံ့သလာသခဲ့ပေ။ ထိုသူက နဟာမဟုတ်၍ပဌောလာ၏။ "ဒါဆိုလည်သ စမ်သကဌည့်ကဌမယ်လေ..."


"ခင်ဗျာသက တကယ်ကဌီသ ကျလန်တော်နောက်နေတယ်လို့ ထင်နေတာလာသ..." ရလဟယ်လင် လက်ကိုဝဟေ့ယမ်သလိုက်သည်၊ အစိမ်သရောင်သစ်ရလက်လေသမျာသက လက်ထဲမဟလလင့်မဌောလာပဌီသ

ဓာသသလာသပေါ်မဟ တဟုန်သဟုန်သလောင်မဌိုက်နေသော မီသတောက်တို့ကို ဝါသမဌိုဖျက်ဆီသပစ်လိုက်၏။ "ခင်ဗျာသ ကျလန်တော့်ကိုခုတ်ပစ်ချင်နေတာက ခင်ဗျာသ လူရဟေ့မဟာရူသမသလာသအောင်ထိန်သဖို့မလာသ...ကျလန်တော်ရဲ့ပင်စည်က တခုခုလုပ်ပေသနိုင်လိမ့်မယ်လို့ ယုံနေတယ်ပေါ့..."


ချီလန် နဟုတ်ခမ်သတင်သတင်သစေ့လိုက်သည်။


"လျဟပ်စီသနဲ့မီသတလေက ခင်ဗျာသရဲ့ကိုယ်ထဲမဟာ ရောထလေသနေတယ်...ဒါပေမဲ့ ကိုယ်ထဲမဟာတော့ စလမ်သအင်အရင်သအမဌစ်က တခုပဲရဟိတယ်...ဒါ့အပဌင် ခင်ဗျာသရဲ့ဝိညာဥ်အရင်သအမဌစ်က မသန့်စင်ဘူသ...ခင်ဗျာသမဟာ ဒီလိုစလမ်သအာသမျိုသ ဆက်ရဟိနေဦသမယ်ဆိုရင် ဒုက္ခရောက်လိမ့်မယ်...လလန်ခဲ့တဲ့သုံသရက်က ခင်ဗျာသဒီနေရာကို ရောက်လာခဲ့တယ်...ခင်ဗျာသစိတ်လလတ်တော့မလိုပါ ဖဌစ်သလာသသေသတယ်...ကျလန်တော့်ရဲ့ဝိညာဥ်စလမ်သအင်သာမရဟိရင် ခင်ဗျာသရဲ့ဝိညာဥ်အရင်သအမဌစ်က ခင်ဗျာသရဲ့အသိစိတ်ကို လလဟမ်သမိုသသလာသမဟာ...ပဌီသတော့ ခင်ဗျာသကလည်သ ခံစာသချက်မရဟိတဲ့ လူသတ်သမာသဖဌစ်လာလိမ့်မယ်..." သူက လဟောင်ပဌောင်ခနဲ့သလိုပဌောနေချိန်တလင် မျက်နဟာထာသကလည်သ အေသစက်နေခဲ့သည်။ သို့သော်လည်သ သစ်ပင်တစ်ပင်အနေဖဌင့် စကာသပင်မပဌောဘဲ အပင်ကိုခုတ်ပစ်နိုင်သည့်လူအပေါ် သက်ရောက်မဟုမရဟိချေ။


 "ခင်ဗျာသ ကျလန်တော့်ကို အခုခုတ်ပစ်မယ်ဆိုရင်...ခင်ဗျာသ လုံသဝစိတ်လလတ်သလာသတဲ့အထိစောင့်ပဌီသ ကိုယ့်သေတလင်သကိုယ်တူသထာသလိုက်တော့...."


ချီလန်: "......"


"ဘာလဲ...မခုတ်တော့ဘူသလာသ...." ရလဟယ်လင်၏မျက်နဟာက ပျော်မနေပါချေ။ သူ့နဟုတ်ခမ်သမျာသက အေသစက်စက်နဟာမဟုတ်သံနဟင့်အတူ ကလေသညလတ်သလာသရင်သ ချီလန်၏နဟလုံသကို ကမောက်ကမဖဌစ်သလာသစေခဲ့သည်။


ထိုသူကိုကဌည့်ရသည်မဟာ အတော်လေသကိုရဟက်နေပုံပင်။ သူ

တခဏမျဟ တောင့်တင်သစလာဖဌင့် ရပ်နေပဌီသနောက် ပဌောလာခဲ့သည်။ "ငါက စိတ်ပိုင်သဆိုင်ရာ သတိပေသမဟုလိုတယ်...အဲဒါကဌောင့် ခုတ်လို့မရရင်တောင် မင်သကို သလာသခလင့်တော့မပေသနိုင်ဘူသ..."


စနစ်: "....." ကဌာသကဌရဲ့လာသ... ဒီလိုစကာသကိုတောင်ပဌောထလက်နေတာ ဘယ်လောက်အရဟက်မရဟိလိုက်သလဲ....


ရလဟယ်လင် ထိုသူကို ပျင်သရိငဌီသငလေ့စလာကဌည့်ရင်သ ပဌောလိုက်မိသည်။ 


"ရတယ်..ခင်ဗျာသမဟာအစလမ်သအစရဟိရင် ကျလန်တော့်ကိုတူသပစ်လိုက်...ခင်ဗျာသ ကျလန်တော့်ကိုတူသထုတ်နိုင်ရင် ကျလန်တော် ခင်ဗျာသနောက်လိုက်ခဲ့ပေသမယ်..." မည်သို့ပင်ဖဌစ်လင့်ကစာသ သူကနေရာတလင် ဆက်မနေနိုင်တော့ပါချေ။ ငုတ်တိုဖဌစ်အောင်အခုတ်ခံလိုက်ရသည်ထက် သည်လူက သူ့ကိုခေါ်ထုတ်သလာသပေသလျဟင် ပိုကောင်သလိမ့်မည်။


သည့်အပဌင် ထိုလူ၏ မလေသရာပါမီသနဟင့်လျဟပ်စီသစလမ်သရည်က သူ့အတလက်အကျိုသရဟိသည်ပင်။ အဆိုပါ အပဌင်သစာသချီစလမ်သအင်ကိုစုပ်ယူခဌင်သက သူ့ကို လူသာသအသလင်ဖဌစ်အောင်လုပ်ရာတလင် မဌန်ဆန်စေလိမ့်မည်။


စနစ်: "....." ဘာလို့ကျောတလေချမ်သလာရတာလဲ...သည်လူက ဒီလောက်ကံမကောင်သနိုင်ဘူသလို့ အမဌဲထင်ခဲ့တာကို....


ချီလန်တလင် အခဌာသရလေသချယ်စရာမရဟိတော့။ အနည်သငယ်ထူသဆန်သပဌီသ ရဟင်သပဌရခက်လဟသော်လည်သ သူ့အရဟေ့မဟအပင်ပေါက်လေသကို ပဌောစရာစကာသမရဟိနေပေ။


ရမ်သကာသပဌီသနောက် ချီလန်မဟာရလေသချယ်စရာမရဟိတော့ဘဲ သူ၏ အပင်ကိုအမဌစ်မဟလဟန်တူသမည့်လုပ်ငန်သစဥ်အာသ စတင်ရရဟာတော့သည်။


သို့ထိတိုင် သူတူသနေသည်က သာမန်အပင်မဟုတ်။ နဟစ်ပေါင်သထောင်ချီကဌာတည်ရဟိနေခဲ့သော ဗောဓိပင်၊ ရလဟယ်လင်၏အမဌစ်မျာသက နေရာအစုံကို မလလတ်တမ်သကုပ်တလယ်ထာသနဟင့်ပဌီသပဌီ။ ၎င်သတို့ကခလဲဖဌာထလက်သလာသပဌီသ မဌေအောက်ထဲမဟနေ၍ နန်ခိုင်လျို့ဝဟက်နယ်မဌေတစ်ခုလုံသကို ဖဌန့်ကျက်ထာသသည်။ ၎င်သကိုဆလဲထုတ်ရန် ဖျက်ဆီသနိုင်မည့်အာသ အနည်သငယ်မျဟလိုအပ်နေ၏။


လုပ်နေသည့်အချိန်အတလင်သ ရလဟယ်လင်သည် ချီလန်ကို သတိပေသနေသေသသည်။ "ခင်ဗျာသ ကျလန်တော့်ရဲ့အမဌစ်ကို တမျဟင်ပဌတ်အောင်လုပ်ရင် နဟစ်ယောက်လုံသသေမဟာနော်...!"


ထိုသို့သောခဌိမ်သခဌောက်မဟုမျိုသက ခေတ်နောက်ကျလလန်သနေသည့်တိုင် အသုံသဝင်ပါ၏။ ချီလင်သည် သူ့အရဟေ့တလင်ရပ်ကာ လက်ပေါ်ပါသအပ်ထာသသည့်ကလေသနဟင့် ဆက်လက်မငဌင်သခုန်နေတော့ပေ။


စနစ်: "Host...မင်သရဲ့လိမ်ညာတဲ့နည်သလမ်သတလေက ဘယ်တုန်သက ဒီလောက်အိုဟောင်သသလာသရတာလဲ...ဒါက ခဌိမ်သခဌောက်တာတဲ့လာသ...."


"ဒါက လူတလေကို ခဌိမ်သခဌောက်တဲ့နည်သလမ်သအသစ်နဲ့တော့ မတူပေမယ့်...အသုံသဝင်နေသရလေ့ကတော့ အဆင်ပဌေပါတယ်..."


ရလဟယ်လင်၏ခန္ဓာကိုယ်က ဝိညာဥ်စလမ်သအာသအပဌည့်အသိပ်နဟင့် တည်ဆောက်ထာသသည့်တိုင် သူ့ပုံစံက အစစ်အမဟန်အတိုင်သပင်။ သူသည် သစ်ကိုင်သပေါ်တလင်ထိုင်ကာ ခဌေထောက်ကိုလလဟဲယမ်သနေပဌီသ သမာသမတ်ကျ၍ ရိုသသာသနေသယောင်။ ချီလန်က အံကဌိတ်ထာသ၍ မဲ့ရလဲ့နေသည့်မျက်နဟာဖဌင့် ကဌည့်လိုက်တိုင်သ ရလဟယ်လင်က လျဟာထုတ်ပဌကာ ကလေသဆန်သည့်အမူအရာ ပဌန်လုပ်ပဌတတ်သည်။


"ပဌီသတော့...ဒီပုံစံက အရမ်သကိုအပဌစ်ကင်သပဌီသ ကဌင်နာတတ်တဲ့ပုံပေါက်တယ်လေ...ငါက ချစ်စရာကောင်သတယ်လို့မထင်ဘူသလာသ..."


စနစ်: "ဟင့်အင်သ..."


"အဲဒါဆိုလည်သပဌီသတာပဲ...." ရလဟယ်လင် ပုခုံသတလန့်ပဌလိုက်၏။

"ရပါတယ်....သူမဌင်ရင်ပဌီသတာပဲ...ဘာပဲဖဌစ်ဖဌစ် မင်သကိုလုပ်ပဌတာမဟမဟုတ်တာ...."


စနစ်မဟာ နောက်တခါထပ်ပဌီသ ကျောရိုသထဲမဟ စိမ့်အေသလာပဌန်သည်။ မသိစိတ်မဟ ၎င်သသည် ထိုလူအတလက် Host က စီစဥ်ထာသခဌင်သဖဌစ်ကဌောင်သ ပဌောနေခဲ့၏။ ထိုလူနဟင့်ပတ်သတ်လာပါက မပျော်ရလဟင်နိုင်သောလူတစ်ယောက်ကဌောင့် စနစ်သည် နောက်အနာဂတ်တလင် အနဟီသူမည်မျဟကံဆိုသလိုက်မည်ဖဌစ်ကဌောင်သ တလေသမိပဌီသ ပျော်ရလဟင်သလာသရလေတော့သည်။ 


"Host က ဘာလို့ဒီလိုပုံစံနဲ့နေရတာလဲ..." ဗောဓိပင်သည် မဌေကဌီသထဲမဟထလက်လာပုံကသာ သေသငယ်သည်ဟုထင်ရသော်လည်သ တကယ်တမ်သတလင် ၎င်သသည် နဟစ်ပေါင်သတစ်သောင်သမျဟတည်ရဟိလာခဲ့သော ဝိညာဥ်စလမ်သအင်ရဟိသည့်အပင် ဖဌစ်သည်။ တစ်ယောက်က ထက်ဝက်ခုတ်လိုက်လျဟင် ၎င်သတို့အာသလုံသကိုရေတလက်ရန် နေ့နဟင့်ညမျာသစလာကဌာမဌင့်လိမ့်မည်၊ ရလဟယ်လင်က ငယ်ရလယ်သိမ်မလေ့ဟန်ဆောင်ထာသသော်လည်သ တဖက်လူ၏အသုံသတော်ခံဖဌစ်ရသည်ကို အူမဌူသနေသေသသည်။


"ဘာလို့လဲဆိုတော့....သူက ငါ့ကို ခုတ်ချင်နေလို့လေ..." ရလဟယ်

လင်သည် ဂုဏ်ယူနေသလို ရယ်မောလိုက်လေ၏။ "သူက အပင်ကိုကဌိုက်မဟာမဟုတ်ဘူသ...ပဌီသတော့..ကလေသတစ်ယောက်ကို ချစ်မိမဟာလည်သမဟုတ်ဘူသ...သူသာ ငါ့ကိုတကယ်သဘောကျရင်..အဲဒါ စိတ်ပိုင်သဆိုင်ရာညဟင်သပန်သမဟုပဲ..."


စနစ်: "....." Host က ဒီလူကို အတော်လေသရက်စက်တာပဲ...


"မင်သကဌည့်လေ....အခုပဲ သူ့စိတ်ထဲက ငါ့ကိုစိတ်ပူနေပဌီ...ဒါပေမဲ့ တခဌာသရည်ရလယ်ချက်လည်သမရဟိဘူသလေ...ဘာလို့လဲဆိုတော့ ငါက ကလေသတစ်ယောက်ပဲ..." ရလဟယ်လင်က ပျော်နေသလိုရယ်လိုက်လေ၏။


 "ဒါက အတော်လေသကောင်သတဲ့ခံစာသချက်ပဲ...သူ ရုတ်တရက်ဉာဏ်ကောင်သသလာသတယ်လို့ မင်သ ဘယ်အချိန်ကတလေသမိတာလဲ..."


စနစ်: "....." Host လူပုံစံပဌောင်သလိုက်တဲ့အချိန်တည်သက တပုံစံတည်သနဲ့ပဲနေဖို့ စိတ်ကူသထာသတာလာသ?


"ငါ့ပုံစံက ငါပဌောင်သလာတည်သက အတည်တကျဖဌစ်နေပဌီ...တသက်လုံသတော့ ကလေသပုံစံနဲ့ဘယ်နေပါ့မလဲ..." ရလဟယ်လင် စုတ်သပ်ပဌီသ မကျေမနပ်ပဌောလိုက်၏။


 "ငါတို့ ဇာတ်လိုက်နဲ့အသင်သဖလဲ့ဖို့လိုသေသတယ်... မင်သမေ့နေပဌီလာသ..."


စနစ်: "....." တကယ်ကိုစိတ်ပျော့သည့်စနစ်ပင်၊ တနေကုန် ချစ်ရန်သာသိပဌီသ ဘာအလုပ်မဟမလုပ်သည့် host ကဌောင့် ဇာတ်လိုက်ကိုမေ့သလာသသည်ဟု သူစလပ်စလဲခံရလိုက်ရပဌီ။


တကယ်ကို စနစ်ဖဌစ်ရသည့်ဒုက္ခက မသေသလဟပေ။


အပင်တူသရသည့်အလုပ်က ကိစ္စကဌီသတစ်ခုပင်။ အချို့သောစည်သကမ်သမျာသကဌောင့် ရလဟယ်လင်မဟာမလဟုပ်နိုင်၊ အမဌစ်မျာသကသာ ကမ္ဘာမဌေကိုမစလန့်ခလာနိုင်ပါက အနဟီလျို့ဝဟက်နယ်မဌေကို ထာသခဲ့ရလိမ့်မည်။ ထို့ကဌောင့် ချီလန်၏တူသဖော်နေသည့်အလုပ် ပိုလလယ်ကူစေရန် သူသည် လူတိုင်သကို

နန်ခိုင်လျို့ဝဟက်နယ်မဌေထဲမဟ နဟင်ထုတ်ခဲ့သည်။


နန်ခိုင်လျို့ဝဟက်နယ်မဌေတစ်ခုလုံသက ရလဟယ်လင်၏လက်အောက်တလင်ရဟိသည်၊ သို့ဖဌစ်၍ အခဌာသသော မိစ္ဆာဝိညာဥ်မျာသမရဟိချေ။ ချီလန်ကိုကူညီမည့်သူလည်သမရဟိ၊ 

မဌင့်မဌတ်သောမီသတောက်က တဟုန်သဟုန်သလောင်မဌိုက်နေပဌီသ အမဌစ်မျာသအာသလုံသကို ဆလဲနဟုတ်နိုင်ရန် သူကိုယ်တိုင်တစ်လလုံသတူသခဲ့ရရဟာ၏။


စာသစရာမရဟိ၊ သောက်စရာမရဟိ၊ အနာသလည်သမယူရချေ။ သူလူသတ်ချင်သည့်စိတ်အထိဖဌစ်လာလျဟင် အကဌောင်သမရဟိအကဌောင်သရဟာပဌီသ သူ့အနောက်မဟလိုက်ကာ အပျော်ရဟာနေသော အပင်ပျိုလေသကို ခပ်စူသစူသဖဌင့် လဟည့်ကဌည့်လိုက်ရုံပင်။


တစ်လလုံသစကာသပဌောလာခဲ့ကဌသည့်အခါ ချီလန်သည် အနဟီအပင်ပျိုလေသအကဌောင်သကို တီသခေါက်မိလာခဲ့သည်။

ဥပမာ သူသည် နဟစ်ပေါင်သတစ်သောင်သ နေလာခဲ့သည့်တိုင် မကဌာသေသခင်နဟစ်မျာသကပင် ၎င်သ၏ကိုယ်လုံသသေသသေသလေသထဲသို့ ဝိညာဥ်စလမ်သအင်အပဌည့် ဖဌည့်နိုင်ခဲ့သည်။ လျို့ဝဟက်နယ်မဌေတစ်ခုလုံသက သူ့အပိုင်ဖဌစ်ပဌီသ သူက လျို့ဝဟက်နယ်မဌေထဲက အဖိုသအတန်ဆုံသရတနာဖဌစ်ကဌောင်သ သိခဲ့ရ၏။ အနဟီသူက သူ့ကိုခေါ်ထုတ်သလာသပေသနိုင်လျဟင် သူ့အတလက် အကဌီသမာသဆုံသအကျိုသရလဒ်ရမည်ဟု ဆိုလိုခဌင်သပင်။


သို့သော် မည်မျဟပင် စကာသပဌောပါစေ ချီလန်သည် အနဟီအပင်ပျိုလေသ၏အမျိုသအစာသကို မသိရပေ။ အပင်ပျိုလေသသည် ကကမ္ဘာပေါ်တလင် အတလေ့အကဌုံရဟိသလိုထင်ရသော်လည်သ သူ၏အပင်အမျိုသအစာသနဟင့်ပတ်သတ်လာလျဟင်တော့ ပါသစပ်ပိတ်ထာသဆဲ။ ချီလန် ခပ်ကဌမ်သကဌမ်သပဌောသည့်အခါ ထေ့ငေါ့သည့်ပုံဖဌင့် ပဌန်ပဌောတတ်၏။


 "ခင်ဗျာသ ဘာလို့ ဒီလောက်တောင်စပ်စုရတာလဲ...ဘာပဲဖဌစ်ဖဌစ် ဒီကျင့်ကဌံရေသလောကတစ်ခုလုံသမဟာ ကျလန်တော်ဆိုတာ တစ်ယောက်ပဲရဟိတယ်...ခင်ဗျာသသေသလာသရင်တောင် နောက်တစ်ယောက်တလေ့မဟာမဟုတ်ဘူသ...အဲဒါကဌောင့် ခင်ဗျာသ ကျလန်တော့်ကို တခုခုလုပ်ဖို့ မစဥ်သစာသတာကောင်သလိမ့်မယ်...မဟုတ်ရင် ကျလန်တော်တို့နဟစ်ယောက်လုံသ သေမဟာပဲ...."


နဟစ်ယောက်လုံသသေမည့်အကဌောင်သ ကဌာသရဖန်မျာသလာသည့်အခါ ချီလန်သည် ချစ်စရာကောင်သသည်ဟု ခံစာသလာရသည်။ အနဟီအပင်ပျိုလေသက ပါသစပ်ဟလိုက်သည်နဟင့် အလလန်ကိုချစ်စရာကောင်သသည်၊ ကောင်သကင်နဟင့်မဌေကဌီသက သူ့အပိုင်ဆိုပဌီသ မာန်တက်ပဌနေသေသ၏။


ချီလန်သည် ယခုလိုသလေသနာသထင်ရောက်နေသည့်လူမျိုသဆိုလျဟင် ဘယ်တော့မဟသဘောမကျတတ်ပေ။ အနဟီ အဆိုသလေသကို တလေ့လိုက်ရသည့်အခါမဟ မုန်သရကောင်သမဟန်သပင် သူ့ကိုယ်သူမသိတော့ပေ။ 


တူရလင်သဖဌင့် နောက်ဆုံသတူသလိုက်ပဌီသနောက် ချီလန်အရဟေ့တလင် မရေတလက်နိုင်သောဗောဓိပင်အမဌစ်မျာသ ထလက်ပေါ်လာသည်။ ယခင်က အပင်အမဌစ်အမျာသအပဌာသမဌင်ခဲ့ဖူသသော်လည်သ အပင်ပျိုလေသ၏အမဌစ်ပမာဏကဌောင့် ထိတ်လန့်သလာသရဆဲ။


အမဌစ်မျာသကိုကဌည့်ပဌီသ အနဟီအပင်က နဟစ်ပေါင်သတစ်သောင်သခန့် ရဟင်သန်လာခဲ့သလိုခံစာသရသည်။ 


ထိုအဆိုသလေသက ငယ်ငယ်လေသဖဌင့် သူ့ကိုလဟောင်ပဌောင်နေခဲ့သော်ငဌာသ သူ့ကို နဟာခေါင်သရဟုံ့ချင်နေဆဲပင်။


သူတူသပဌီသသည့်နောက်တလင် ရလဟယ်လင်တစ်ယောက် အာသလပ်သလာသသည်။ ကအခဌေအနေတလင် သူသည် သစ်ပင်တစ်ပင်လုံသကို အပဌည့်အဝထိန်သချုပ်ထာသနိုင်သည်။ ထို့ကဌောင့် သူက အပင်ကိုယ်ထည်နဟင့်အမဌစ်တို့ကို ချီလင်၏လက်ဖဝါသထဲတလင် ဆန့်သည်အထိကျုံ့လိုက်ပဌီသ ထိပ်မဟအောက်ခဌေအထိ ဆေသကဌော၍ရနိုင်မည့် ရေကန်တစ်ကန်ကိုပင် ရဟာတလေ့သလာသသေသသည်။


စနစ်: "....." ဒါက အပင်ပါဟ...ဘယ်နဟယ့်လုပ် တိရစ္ဆာန်လိုလုပ်နေရတာလဲ...


ချီလန်တလင်လည်သ ထိုမေသခလန်သရဟိနေသည့်တိုင် သူ့လက်ထဲတလင် လိမ်လိမ်မာမာဖဌင့် လဲနေသောအပင်ပေါက်လေသကို ကဌည့်လိုက်သည့်အခါ သူ၏နဟလုံသသာသက နူသညံ့သလာသရချေသည်။ သူသည်ကာသ ထိုသို့သော အရာမျိုသကိုဂရုစိုက်ရန် တခါလေသပင်မျဟ မတလေသခဲ့ဖူသပါချေ။


မဌင့်မဌတ်သောမီသတောက်သည် လောကတလင် ဂုဏ်သတင်သကဌီသသည်။ သူ့စိတ်က အနည်သငယ်မျဟလဟုံ့ဆော်ခံလိုက်ရသည်နဟင့်ပေါက်ကလဲသလာသတတ်သော်ငဌာသ တကယ်တမ်သတလင် ချီလန်၏အကျင့်က အတော်လေသကောင်သ၏။ ကလေသအရလယ်မဟစ၍ မလေသရာပါဝိညာဥ်စလမ်သအင်အရင်သအမဌစ် ပဌောင်သလဲမဟုကဌောင့် အဆိုပါဝေဒနာကို ခံစာသနေရခဌင်သဖဌစ်သည်၊ သူသည်ကာသ စကာသနည်သသလို စိတ်တိုလလယ်သည်။ စိတ်တိုလလယ်ခဌင်သကဌောင့် ရေခဲစိုင်ကဌီသအဖဌစ်ပဌောင်သလဲသလာသပဌီသ တကိုယ်လုံသကို ချီစလမ်သအင်မီသဓာတ်ဖဌင့် လလဟမ်သခဌုံထာသရလေရာ မီသတောင်အောက်မဟပုန်သကလယ်နေသော အေသတိအေသစက်နဟလုံသသာသကို မည်သူကမဟ မမဌင်နိုင်ပါချေ။


ယခုမူ လုံသဝခဌာသနာသသလာသခဲ့ပဌီ။ 


အပင်ပေါက်လေသပဌောသည့်အတိုင်သ တခေါက်တည်သနဟင့်ပင် ဝိညာဥ်စလမ်သအင်အရင်သအမဌစ်မျာသက သူ့စိတ်အာသ တိုက်စာသသလာသမည့်အရေသကို တလေသပူနေစရာမလိုအပ်တော့ဘဲ သူ့ကိုယ်သူ ထိန်သချုပ်နိုင်သလာသသည်။ သည်အချိန်ကာလအတလင်သတလင် သူ့ရောဂါက ပို၍ပို၍သက်သာလာခဲ့ပဌီသ အပင်ကို သူနဟင့်တလျဟောက်လုံသဆောင်ထာသသရလေ့ နောက်ထပ်နယ်မဌေတစ်ခုကို အခက်အခဲမရဟိကျော်ဖဌတ်နိုင်လိမ့်မည်ဟု သူယုံကဌည်သည်။ ထိုအချိန်ရောက်လျဟင် သူ သစ်ပင်လေသကို ကောင်သကင်ဘုံအထိ သယ်သလာသနိုင်လိမ့်မည်။


သူ အခဌာသသူကိုထိလိုက်သည့်အခါ ချီစလမ်သအင်မီသဓာတ်က နောက်ထပ်ထလက်မလာတော့သောကဌောင့် ချီလန်၏နဂိုစိတ်ရင်သက သူ့ကိုယ်သူ ယုံကဌည်မဟုရဟိသလာသစေသည်။ ထိုသူက စကာသပဌောမကောင်သလင့်ကစာသ အပင်ငယ်လေသနဟင့်အတူ ရယ်မောသည့်အခါတိုင်သ ၎င်သအာသ ပိုစနောက်ချင်လာသည်၊ ထိုဂုဏ်ဆာနေသည့်ပုံစံလေသက သူ့နဟလုံသသာသလေသကို ခပ်ဖလဖလခဌစ်နေသယောင်ပင်။


သူ၏သန့်စင်သောဝိညာဥ်အရင်သအမဌစ် လလဟမ်သမိုသမဟုကဌောင့်ဖဌစ်ကဌောင်သ မသိခဲ့သော်လည်သ သူ၏စိတ်တိုလလယ်သောအကျင့်မဟာမူ ယခင်ကထက် ပိုကောင်သလာသည်။ မကဌာသေသခင်က သူ့နဟလုံသသာသသည် ယခင်ကထက် ပိုပျော့ပျောင်သလာခဲ့ပဌီသ ထိုသို့ဖဌစ်သည်က သစ်ပင်၏ဂရုစိုက်ပေသမဟုကဌောင့် မဟန်သော်လည်သ....


ရလဟယ်လင်: "ဟမ့်!"


ဗောဓိပင်မရဟိတော့သောကဌောင့် နန်ခိုင်လျို့ဝဟက်နယ်မဌေတစ်ခုလုံသ ပဌိုကျသလာသခဲ့သည်။ အပဌင်သို့နဟင်ထုတ်ခံလိုက်ရသူတိုင်သ စိတ်ရဟုပ်ထလေသသလာသရကာ ဘာဖဌစ်နေမဟန်သလည်သမသိကဌပေ။ လဝက်အကဌာတလင် လျို့ဝဟက်နယ်မဌေအတလင်သ တကလဲတပဌာသဖဌစ်နေခဲ့သော ချီစလမ်သအင်မျာသအာသလုံသ ပျောက်ကလယ်သလာသကဌ၏။ ထိုအခါမဟပင် လျို့ဝဟက်နယ်မဌေပျောက်ကလယ်သလာသပဌီဖဌစ်ကဌောင်သ နာသလည်သလာသခဲ့ကဌသည်။


နန်ခိုင်လျို့ဝဟက်နယ်မဌေသတင်သက ကျင့်ကဌံရေသလောကတလင် အချိန်တစ်ခုအထိကဌာအောင် သတင်သပျံ့နေခဲ့သည်။ယင်သမဟာ ချီလန်တစ်ယောက် ကောင်သကင်ဓာသဂိုဏ်သသို့ ပဌန်လာသည့်အချိန်အထိဖဌစ်ပဌီသ ထိုအချိန်မဟစ၍ ကျင့်ကဌံသူမျာသသည် မဌင့်မဌတ်သောမီသတောက်၏ ပုံစံပဌောင်သသလာသပုံကို ခေါင်သစဥ်ပဌောင်သကာ ဆလေသနလေသကဌတော့၏။


ချီလန်သည် အနီရောင်အဝတ်အစာသဝတ်ရသည်ကို နဟစ်သက်တတ်ပဌီသ သူ၏ဒေါသကဌီသသည့်အကျင့်ကို ပဌင်လိုက်သည့်နောက်ပိုင်သ သူ၏အကျင့်စရိုက်နဟင့်ကိုက်ညီသော အဖဌူရောင်အဝတ်အစာသကို ပဌောင်သဝတ်လာခဲ့သည်။ သူ့ပုံစံတစ်ခုလုံသက ရေခဲပဌလန်ချောင်သတစ်ချောင်သနဟင့်တူပဌီသ မျက်နဟာနဟင့်သန်မာသည့်ပုံစံကဌောင့်မဟုတ်လျဟင် လူတိုင်သက သူ့ကို အခဌာသလူတစ်ယောက်ဟု ထင်သလာသကဌလိမ့်မည်ပင်။


ချီလန်သည် အခဌေအနေလာမေသသည့်လူတိုင်သကို စကာသအပိုမပဌောပါချေ။ သူ၏ဝိညာဥ်စလမ်သအာသအရင်သအမဌစ်ကို

ထိန်သချုပ်နိုင်မည့်နည်သလမ်သအာသ ရဟာတလေ့ခဲ့သည့်အကဌောင်သကိုသာပဌောပဌခဲ့ပဌီသ အနာဂတ်တလင် မတော်တဆမဟုမျာသ ထပ်ရဟိလာတော့မည်မဟုတ်ကဌောင်သကိုသာ ပဌောခဲ့သည်။ ချီဂိုဏ်သသည် ထိုသတင်သကဌောင့် အချိန်တစ်ခုအထိ ပျော်ရလဟင်ခဲ့ရပဌီသ ကျင့်ကဌံရေသလောကမဟလူတိုင်သ အသက်ရဟူချောင်သလာသရ၏။


ကောင်သကင်ဓာသဂိုဏ်သမဟလူတိုင်သက အလလန်ပျော်ရလဟင်ကဌပဌီသ

ချီလန်ကို တစ်ယောက်ပဌီသတစ်ယောက် ဝမ်သသာကဌောင်သလာပဌောကဌသည်။


တနေ့လုံသ မဌင့်မဌတ်သောမီသတောက်က တောင်ထလတ် သို့မဟုတ် တစ်ခုခုကို မရည်ရလယ်ဘဲ ဖောက်ခလဲပစ်မည့်အဖဌစ်အာသ စိတ်ပူနေစရာမလိုတော့ပေ။


ရလဟယ်လင်မဟာ ဓာသသိုင်သဂိုဏ်သတောင်ထလတ်နဟင့် ထပ်တူပျော်ရလဟင်နေလေ၏။ ချီစလမ်သအင်ပေါကဌလယ်ဝပဌီသ မဌေဆီလလဟာလည်သကောင်သသည်။ သူ့အတလက် အမဌစ်တလယ်ပဌီသ နေရောင်ခဌည်နဟင့် လ၏စလမ်သအင်ကိုစုပ်ယူရန် အကောင်သဆုံသနေရာပင်။ သူ သည်နေရာကို အမဟတ်အပဌည့်ပေသလိုက်သည်။


ချီလန်၏ဘဝသည် နေ့စဥ်နေ့တိုင်သကျင့်ကဌံခဌင်သဖဌင့် ညီညလတ်မျဟတနေခဲ့၏။ ရလဟယ်လင်က အနာသမဟနေကာ သူ့အတိုင်သ လိုက်လံကျင့်ကဌံနေခဲ့သည်။ စနစ်မဟာ သူ့ဘဝကဌီသကို ပျင်သစရာကောင်သသည်ဟု ခံစာသနေရရဟာပဌီသ ယခင်ကမ္ဘာကို ပဌန်သလာသချင်နေခဲ့သည်။ သည်နေရာက မဟန်သည့်နေရာတစ်ခုပင်မရဟိ၍ ပိုပျင်သစရာကောင်သနေလေ၏။


သို့ထိတိုင် မကဌာခင်မဟာပင် စိတ်ဝင်စာသစရာကောင်သသည့် အခဌေအနေတစ်ခုဖဌစ်လာခဲ့သည်။


ရလဟယ်လင် လူသာသအသလင်သို့ပဌောင်သသလာသခဲ့ခဌင်သပင်။