Chapter 55
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 55

နဟိပ်စက်ခံရသော သူခိုသမျာသ (၂)



လမ်သပေါ်တလင်ကာသ သူခိုသမျာသစလာရဟိလေသည်။ သူတို့က

တစ်နယ်မဟ တစ်နယ်သို့ ကဌုံရာ၀င်တိုက်ပဌီသ စံအိမ်မျာသထံမဟ အစာသအသောက်မျာသကို လုယူတတ်ကဌသည်။


ကကဲ့သို့ ကျောက်တုံသနဟင့် တည်ဆောက်ထာသသော စံအိမ်ရဲတိုက်မျာသမဟာ ဖောက်၀င်ရခက်လဟ၍ အစောင့်မျာသမဟာလည်သ ပေါ့လျော့နေတတ်ကဌသည်။ စံအိမ်၏အစောင့်မျာသ သတိလက်လလတ်နေမိခဌင်သ သို့မဟုတ် နယ်စာသမင်သရဟိမနေပါ လယ်လုပ်သာသမျာသက ဦသစလာတိုက်ခိုက်ခံရတတ်လေသည်။


ယနေ့က အနည်သငယ်နောက်ကျနေပဌီ ဖဌစ်သော်လည်သ 

နယ်စာသမဟ သူတို့ကိုဖိတ်၍ အစာသအသောက်မျာသ ကျလေသမလေသထာသသည်ဖဌစ်၍ ပျော်ရလဟင်စလာပင် စာသရင်သသောက်ရင်သ နောက်ကျသည်အထိ နေမိကဌလေသည်။


အပဌင်ဘက်တလင် မဟောင်နေပဌီဖဌစ်သော်လည်သ အိမ်သို့မပဌန်နိုင်ကဌသေသချေ။


သူခိုသမျာသ ရောက်လာသည်ဟူသောအသံကို ကဌာသလျဟင် လီလီ၏ခဌေထောက်မျာသက ပျော့ခလေသလာသလျက် နယ်စာသအရဟင်ထံ ကဌည့်လိုက်မိလေသည်။


နယ်စာသမဟာမူ အလလန်တည်ငဌိမ်နေလျက် သူ၏ပါသစပ်ကိုပလတ်သုတ်ကာ ဆိုလာခဲ့သည်။

"ကဌည့်ရတာ ဗိုက်ဆာနေတဲ့သူခိုသတလေ လာဓါသပဌတိုက်တာနဲ့တူတယ်  စစ်သည်တလေက အရင်ဆုံသသလာသဖမ်သကဌလိမ့်မယ် အဲဒါပဌီသရင်တော့ ဆက်ပဌီသစာသသောက်နိုင်တယ် "


စစ်သည်မျာသနဟင့် သူတို့၏နောက်လိုက်မျာသမဟာ တစ်ယောက်ချင်သစီ ပန်သကန်မျာသကို ချလိုက်ကဌသည်။

သူတို့၏မျက်နဟာမျာသမဟာ မည်သမဟောင်လျက် သံချပ်ကာမျာသ၊ လက်နက်မျာသကိုယူဆောင်လျက် ချက်ချင်သပင်ထလက်ခလာသလာသရလေသည်။ 


ထိုသူတို့တံခါသ၀ကို ရောက်သလာသလျဟင် စလေ့ချီချောင်သကအနောက်မဟလဟမ်သ၍ အော်ပဌောလိုက်သည်။

"နောက်မကျစေနဲ့နော်၊ အစာသအသောက်တလေက ပူနေတုန်သပဲ "


စလေ့ချီချောင်သမဟာ သူခိုသဟူသော အသံကိုကဌာသသည်နဟင့် နောက်ဆုံသတလင်အချိန် ရောက်လာခဲ့ပဌီဟု တလေသလိုက်မိလေသည်။ သူ၏အလယ်ခေတ်အတလေ့အကဌုံမဟာ သူခိုသမျာသမပါဘဲ မပဌီသနိုင်ချေ။


သူခိုသမျာသ ကနေရာကို ရောက်လာခဌင်သက

တိုက်ဆိုင်မဟုပင်ဖဌစ်သည်။ ဆောင်သတလင်သတလင် လူတိုင်သကပေါ့ပေါ့လျော့လျော့ အေသအေသဆေသဆေသ နေလိုကဌသည်။


စလေ့ချီချောင်သမဟာ လက်နက်မျာသ မပဌင်ဆင်ထာသသော်

လည်သ သူက စိုက်ပျိုသရေသတာ၀န်ခံအာသ လက်နက်မျာသတလင် ထည့်မည့်ဆေသ အချို့ ပဌင်ဆင်ခိုင်သထာသခဲ့သည်။


နော်သန်ဘာလန်၏ စစ်သည်မျာသမဟာ လယ်လုပ်သာသမျာသကို ကာကလယ်ပေသရန် အလဟည့်ရောက်လာခဲ့လေသည်။ တစ်နဟစ်တလင် လအနည်သငယ်သာလျဟင် တာ၀န်ထမ်သဆောင်ရသည်ဖဌစ်ရာ အမဟန်တကယ် လေ့ကျင့်ထာသသူက အနည်သငယ်သာရဟိလေသည်။


စလေ့ချီချောင်သအတလက်နဟင့် အလယ်ခေတ်၏ "ကလမ်ယုက ဟာရဟုန်သအာသ ၀ိုင်မအေသခင် နဟိမ်နဟင်သခဌင်သ" ဗာသရဟင်သအသစ်ကိုပဌသလိုကဌသည်။


၄င်သမဟာအစာသအသောက်မျာသ မအေသမီ သူခိုသမျာသကိုနဟိမ်နင်သခဌင်သပင်။


ဆောင်သတလင်သ၌ လူမျာသမဟာအပဌင်သို့ မထလက်လိုကဌသည်ကမျာသသည်။ ကသူခိုသမျာသမဟာ ဆာလောင်လလန်သ၍ ရလေသချယ်စရာမရဟိဘဲ နယ်နိမိတ်အသေသလေသမဟ စံအိမ်တစ်ခုကို လာရောက်တိုက်ခိုက်ရခဌင်သပင်။


စံအိမ်မျာသတလင် အကောင်သဆုံသသော အစာသအသောက်မျာသရဟိကဌောင်သ လူတိုင်သသိကဌသည်။


လယ်လုပ်သာသမျာသကို တိုက်ခိုက်ရန် ပိုလလယ်သော်လည်သ ၄င်သတို့မဟာ တကလဲတပဌာသစီနေကဌခဌင်သဖဌစ်သည့်အပဌင် အိမ်တလင်လည်သ ဘာမဟမည်မည်ရရမရဟိကဌချေ။ ထို့အပဌင် နဟစ်အိမ်ခန့် ဓါသပဌတိုက်ပဌီသသည်နောက် သူတို့၏နောက်မဟ စစ်သည်မျာသလိုက်လာတတ်ကဌ၍ သိပ်မဟန်လဟပေ။


သို့သော် သူတို့ မမျဟော်လင့်ထာသမိသည်မဟာ ကနော်သန်ဘာလန်စံအိမ်ရဟိ စစ်သည်မျာသမဟာ ဆောင်သတလင်သတလင်အအေသဒဏ်ကဌောင့် သက်တောင့်သက်သာနဟင့် ကလေသမနေခဲ့ဘဲ အသင့်ဖဌစ်နေခဲ့မည်ဟုပင်။


ထို့အပဌင် အစာသကောင်သအသောက်ကောင်သကို တစ်၀က်တပျက်စာသလာခဲ့ရသော စစ်သည်မျာသမဟာ ပို၍အာသအင်ပဌည့်၀နေခဲ့ပဌီသ သူခိုသမျာသမဟာ "စံအိမ်တော်အတလက်"ဟူ၍ ကဌလေသကဌော်သံတစ်ချက်ကိုသာ ကဌာသလိုက်ရလေသည်။


သူတို့မဟာ အသက်လု၍ပင် တိုက်ခိုက်တော့မည့်ဟန်ဖဌင့် အနိုင်ရလိုစိတ်အလလန်ပင် ပဌင်သထန်နေခဲ့ရာ ကဌိုတင်မပဌင်ဆင်ထာသသော သူခိုသမျာသလည်သ အံ့အာသသင့်သလာသခဲ့ရသည်။


သူခိုသမျာသ၏ခေါင်သဆောင်မဟာလည်သ အလျင်အမဌန်ပင် ကဌလေသကဌော်လာခဲ့သည်။

"တို့တလေလည်သတက်ကဌစို့  စံအိမ်နဲ့ စံအိမ်ထဲမဟာရဟိတဲ့ အစာသအသောက်တလေအတလက် ချီတက်ကဌဟေ့ "


ကံဆိုသစလာဖဌင့် သူခိုသအချို့ကသာလျဟင် သူ့စကာသကိုကဌာသတော့သည်။ အင်ပဌည်အာသပဌည့် လက်နက်အပဌည့်အစုံနဟင့် စစ်သည်မျာသကိုမဌင်လျဟင် သူခိုသအမျာသစုမဟာ လဟည့်ပဌေသကဌတော့သည်။


စစ်သည်မျာသမဟာ ရဟေ့မဟပိတ်ကာ တာသဆီသထာသလိုက်လျက် ကဌလေသကဌော်သံမျာသမဟာ ပို၍ကျယ်လောင်လာခဲ့သည်။

"စံအိမ်ထဲက အစာသအသောက်တလေအတလက် "


"ဟမ် " 


သူခိုသအုပ်စု၏ခေါင်သဆောင်မဟာ ဆလံ့အသလာသမိသည်။


ဘာလို့ ငါတို့စကာသကိုခိုသရတာလဲ 


စံအိမ်ထဲက အစာသအသောက်တလေအတလက် ဟုတ်လာသ 


မင်သတို့တလေအခုပဲ စံအိမ်ထဲက ထလက်လာကဌတာမဟုတ်ဘူသလာသ 


သူ နာသမလည်နိုင်မိီမဟာပင် စစ်သည်မျာသထံမဟ ဖမ်သဆီသခံလိုက်ရတော့သည်။ ၀ါရင့်သူခိုသမျာသမဟာ တော်၀င်စစ်သည်တော်မျာသကို ယဟဥ်နိုင်သည်မဟာ မဟန်ကန်သော်လည်သ လက်ရဟိအချိန်၌ သူတို့မဟာ ဆာလောင်လလန်သ၍မျက်လုံသမျာသပင် စိမ်သနေခဲ့ချေပဌီဖဌစ်သည်။


နေ့တိုင်သ၀၀လင်လင်စာသရကာ အာသပဌည့်အင်ပဌည့်ဖဌစ်နေသော စစ်သည်မျာသနဟင့် မယဟဥ်နိုင်ခဲ့ပေ။


သို့နဟင့်ဆာလောင်နေသော သူခိုသမျာသမဟာ အာသအင်ပဌည့်၀နေသော စစ်သည်မျာသ၏ရိုက်နဟက်ခဌင်သကို တစ်မဟုတ်ခဌင်သ ခံလိုက်ရရဟာတော့သည်။


စလေ့ချီချောင်သ လိုက်ကာစကို အသာလဟပ်၍ ကဌည့်လိုက်လျဟင် ကလင်သပဌင်ထဲမဟ တအာသအာသနဟင့် အော်သံမျာသကို အတိုင်သသာသကဌာသလိုက်ရသည်။ ထိုသူခိုသမျာသမဟာ သူ၏စစ်တပ်ထံမဟ တုတ်မျာသဖဌင့် အသေအကဌေကို အရိုက်ခံနေရခဌင်သဖဌစ်သည်။


၄င်သတို့ကို သူ၏စစ်တပ်ဟု မခေါ်သင့်သည်လည်သ ဖဌစ်နိုင်သည်။ သူတို့က လက်နက်အစာသ တုတ်မျာသကိုသာကိုင်ဆောင်ထာသကဌပေသည်။


ဆယ်မိနစ်မပဌည့်မီမဟာပင် စံအိမ်တော်ကို ကာကလယ်သည့် ပဌင်သထန်သောတိုက်ပလဲက အဆုံသသတ်သလာသခဲ့သည်။ စလေ့ချီချောင်သမဟာ 'ကျလတ်'ဟု စုတ်ထိုသသံတစ်ချက်ပဌုလျက် ပဌန်လျဟောက်လာခဲ့သည်။


စံအိမ်ထဲမဟတခဌာသသူမျာသကမူ တိုက်ပလဲအတလက် စိတ်လဟုပ်ရဟာသနေပဌီသ သတင်သကိုလည်သ စောင့်ဆိုင်သနေကဌဆဲပင်။ အပဌင်ဘက်မဟအသံမျာသကို ကဌာသရရန်လည်သ နာသစလင့်ထာသကဌသေသသည်။ အစေခံမျာသမဟာ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လျက် မျက်လုံသမျာသမဟိတ်၍ အပဌင်ဘက်မဟ အသံတစ်စလန်သတစ်စကိုကဌာသတိုင်သ ဆုတောင်သနေကဌသည်။


ထိုစစ်သည်မျာသက နိုင်ပလဲနဟင့်အတူ ပဌန်လာသောအခါ စံအိမ်တလင်သလေထုမဟာ တရုတ်နဟစ်သစ်ကူသ ကျင်သပနေသည့်နဟယ် ဖဌစ်သလာသသည်။


ထိုကျုသကျော်သူမျာသမဟာ ၀က်မျာသကဲ့သို့ ပူသတလဲချည်နဟောင်လျက် ဟောထဲတလင် ထာသခဲ့ခဌင်သခံရလေသည်။


သူခိုသမျာသမဟာ စံအိမ်၏ခမ်သနာသမဟုကို လျဟောက်ကဌည့်နေကဌရင်သ သူတို့မဟာပလဲတော်တည်နေကဌခဌင်သ ဖဌစ်ကဌောင််သ တလေ့ရဟိလိုက်ရသည်။ သူတို့ နိုသနိုသကဌာသကဌာသနဟင့်အချိန်မီ ပဌန်လည်တိုက်ခိုက်နိုင်ခဌင်သမဟာ အံ့သဌစရာမရဟိချေ။


သူခိုသမျာသက အစလန်ဆုံသတလင် ထိုင်နေသော ငယ်ငယ်ရလယ်ရလယ် နယ်စာသမင်သထံ လဟမ်သ၏အော်လိုက်သည်။


"ဒီတစ်ခါတော့ ငါတို့ကံဆိုသသလာသတယ်ပဲ ထာသလိုက် 

မင်သတို့သာ ဒီနေ့ပလဲတော်တည်မနေခဲ့ရင်တော့လာသ "


သူ့စကာသမဆုံသမီမဟာပင် တစ်စုံတစ်ဦသထံမဟ အကန်ခံလိုက်ရလေသည်။


နယ်စာသမဟာ သူခိုသ၏ခေါင်သကို ကန်လိုက်သည့် သူအာသ ဂရုမစိုက်ဟန်ဖဌင့်ပင် ဆိုလိုက်သည်။

"ကောင်သပဌီ ညစာကိုအပဌီသသတ်လိုက်ပါဦသ သူရဲကောင်သတို့ 
 မင်သတို့ရဲ့ရဲရင့်မဟုကို ချီသမဌဟောက်ဖို့ ငါအခုပဲ စာသဖိုမဟူသကို ပူတင်သတလေ ပဌင်ခိုင်သထာသလိုက်ပဌီ "


"အိုသ "

ယခုလေသတင် ခက်ထန်နေခဲ့သော စစ်သည်မျာသက ၀မ်သသာအာသရ လက်သီသလက်မောင်သတန်သလိုက်သည်ကို သူခိုသမျာသ တလေ့လိုက်ရလေသည်။ ထိုစစ်သည်မျာသမဟာ ကလေသမျာသနဟယ် အောင်ပလဲခံနေလျက် သူတို့၏ခုံမျာသတလင် ပျော်ရလဟင်စလာ ၀င်ထိုင်လိုက်ကဌလေသည်။


သူခိုသမျာသက အလလန်ပင်ရဟုံသနိမ့်သလာသသလို ခံစာသလိုက်ရသည်။


ပုံမဟန်ဆိုလျဟင် တိုက်ပလဲတစ်ပလဲပဌီသသည်နဟင့် ကျူသကျော်သူမျာသကို နဟိပ်စက်ခဌင်သနဟင့် စစ်မေသခဌင်သမဟာ အလုပ်သင့်ဆုံသအလုပ်ပင်။


အခုတလင်မူ ကသူခိုသမျာသမဟာ ဖုတ်လေသည့် ငါသပိရဟိသည်ဟုပင် မထင်သည့်နဟယ် ပစ်ထာသခံရလေသည်။


ကလူမျာသမဟာ ပျော်ရလဟင်စလာ စာသသောက်ပျော်ပါသနေခဲ့ပဌီသ ထိုအစာသအသောက်၏ရနံ့မျာသမဟာလည်သ လလန်စလာ မလဟေသပျံ့လလန်သနေခဲ့သည်။


မီသတောက်မဟာ ကောင်သကင်သို့ မဌင့်တက်သလာသတော့မည့်နဟယ် တောက်ပလျက် ကျောက်တုံသဖဌင့်ဆောက်လုပ်ထာသသော စိုစလတ်စလတ် စံအိမ်တစ်ခုလုံသအာသ အနလေသဓာတ်ဖဌင့် လလဟမ်သခဌုံသလာသစေခဲ့သည်။


တောက်ပသော အလင်သရောင်အောက်တလင် စစ်သည်မျာသမဟာ ခက်ရင်သဖဌင့် အဆီရလဟဲရလဟဲနူသနူသညံ့ညံ့အသာသတုံသမျာသကို ထိုသလျက် သူတို့၏ပါသစပ်အပဌည့် ပါသလုတ်ပလောင်သ ၀ါသနေကဌသည်ကိုပင် အနဟေသပဌကလက်နဟယ် မဌင်နေခဲ့ရသည်။ နဟုတ်ခမ်သထူထူမျာသတလင် အသာသမဟအဆီမျာသဖဌင့် ပေပလလျက် မီသရောင်အောက်တလင် တလဲ့လဲ့တောက်ပနေကဌသည်။ 


၄င်သတလင် မဟိုတုံသလေသမျာသ မုန်လာဥအတုံသလေသမျာသလည်သပါရဟိကာ သူခိုသမျာသမဟာ ထိုအသီသအရလက်မျာသက အဘယ်ကဌောင့် တစ်ပန်သကန်ထဲတလင် ရောထည့်ထာသသည်ကို နာသမလည်နိုင်ချေ။ ထိုပန်သကန်ထဲမဟ စလပ်ပဌုတ်ရည်မျာသမဟာ စစ်သည်တို့၏ ခပ်ကျယ်ကျယ်နဟုတ်ခမ်သမျာသကိုဟလျက် တစ်လုတ်အပဌည့်စုပ်သောက်ခံလိုက်ရကာ တမဌုံ့မဌုံ့၀ါသနေရင်သ ဂလုခနဲမဌိုချသံမျာသကိုပါ အတိုင်သသာသကဌာသနေရလေသည်။


ပေါင်မုန့်ဖဌူမျာသမဟာ အလလန်သန့်စင်လဟပဌီသ ၄င်သပေါ်တလင် အသာသအမျာသပင်ရဟိသေသသည်။ ထိုပေါင်မုန့်ကို ကိုက်လိုက်တိုင်သ အသာသအရသာကိုရရဟိမည်မဟာ ဧကန်မလလဲချေ။


စစ်သည်မျာသမဟာ အလလန်အရသာရဟိရဟိ အာသရပါသရစာသသောက်နေကဌပဌီသ နယ်စာသ၏ အရဟေ့တိုင်သမဟယူဆောင်လာသော ချက်ပဌုတ်နည်သကို အထူသချီသကျုသနေခဲ့ကဌသည်။


အစာသအသောက်တို့ကို တမဌုံ့မဌုံ၀ါသသံမျာသအပဌင် ထိုအဆီပဌည့်ပဌည့် အစာသအသောက်မျာသမဟာ သူတို့မဌင်ကလင်သတည့်တည့်တလင် အကျယ်ချဲ့ထာသသလို မဌင်နေခဲ့ရလေသည်။ ထို့အပဌင် သင်သပျံ့သော အသာသရနံ့တို့မဟာလည်သ သူတို့၏နဟာခေါင်သသို့တိုင် ပျံ့နဟံ့လာသေသသည်။ သူတို့၏ကမ္ဘာကဌီသမဟာ ထိုအစာသအသောက်မျာသကို ပလုတ်ပလောင်သ စာသသောက်နေသောပုံရိပ်မျာသဖဌင့်သာ တ၀ဲ၀ဲလည်နေခဲ့လေသည်။


"အာသ အာသ အာသ..."

သူခိုသမျာသမဟာ သည်သမခံနိုင်တော့ပဲ ငိုသံကဌီသဖဌင့် အော်ဟစ်လာကဌတော့သည်။

"ငါတို့ဗိုက်ဆာတယ်လို့ "


ထိုအော်သံမျာသက နော်သန်ဘာလန်၏လူမျာသ နာသထဲတလင် အစာစာသလိုစိတ်ကို ပို၍လဟုံ့ဆော်လိုက်သည့်နဟယ်ဖဌစ်သလာသပဌီသ ပို၍ပင် အာသရပါသရ စာသသောက်ကဌတော့သည်။


စလေ့ချီချောင်သမဟာ မျက်ခုံသကို အသာပင့်လိုက်လျဟင် စစ်သည်မျာသမဟာ အချက်ပဌမဟုကို နာသလည်လျက်ပင် 

သစ်သာသပန်သကန်မျာသကို ကိုင်လျက် သူခိုသမျာသရဟေ့တလင်ရပ်လျက်ပင် စာသသောက်လိုက်သည်။


ကနည်သဖဌင့် သူခိုသမျာသမဟာ စစ်သည်မျာသ၏ပါသစပ်ထဲတလင် ၀ါသနေသော အသာသတုံသ၏ အရလယ်အစာသကိုပင် မဌင်ရတော့မတတ်ဖဌစ်သည်။


သူတို့၏မျက်လုံသမျာသမဟာ တစ်မဟုတ်ချင်သနီရဲလာခဲ့တော့သည်။ 


သို့သော်၄ င်သမဟာ အဆုံသသတ် မဟုတ်သေသချေ။ ခဏမျဟအကဌာ၌ အာသလုံသနီသပါသမဟာ အရသာရဟိသော အစာသအသောက်မျာသကို အပဌည့်အ၀စာသသောက်ပဌီသပဌီဖဌစ်သည်။


စလေ့ချီချောင်သက ဆိုလိုက်သည်။

"ဒီကျန်တဲ့ အစာသအသောက်တလေအာသလုံသကို မင်သတို့အာသလုံသကို ချီသမဌဟင့်မယ် "


သူပဌောချင်သည့်အာသလုံသမဟာ စံအိမ်ထဲမဟလူမျာသကိုသာ ရည်ရလယ်သည်။


အရဟင်မဟာ အမဌဲအပိုလုပ်ရသည်ကိုကဌိုက်ကဌောင်သ လူတိုင်သနာသလည်ကဌသည်။ အယ်လီမဟာ လီလီ၏လက်ကို ဖျစ်ညဟစ်လျက် မျက်လုံသမဟိတ်ပဌလိုက်သည်။ ထိုအခါမဟသာ သူမအာသ အချိန်ကောင်သတလင်ရောက်လာသည်ဆိုသည့်စကာသ၏အဓိပ္ပါယ်ကို နာသလည်သလာသရတော့သည်။ သူမမဟာ အရဟင့်၏စာသသောက်ပလဲကို တက်ခလင့်ရဟိပဌီဖဌစ်သည်။


အစာသအသောက်မျာသကို ပန်သကန်အကဌီသကဌီသထဲတလင်ထည့်လျက် ပိုင်သခဌာသလိုက်သည်။ နယ်စာသ မည်မျဟပင် အ၀စာသသည်ဖဌစ်စေ ထိုပန်သကန်တစ်ခုလုံသကိုမူ ကုန်အောင်မစာသနိုင်ချေ။ ထို့ကဌောင့် ပန်သကန်ထဲ၌ အစာသအသောက်အချို့ကျန်နေသေသကာ အစေခံမျာသက ၄င်သကို အုတ်ဂျုံအနဟစ်မျာသနဟင့် ရောနဟောလိုက်ပဌီသ လူတိုင်သကို အနည်သငယ်စီပေသလိုက်လေသည်။


သို့နဟင့် ဒုတိယအကဌိမ်စာသသောက်ပလဲမဟာလည်သ စတင်လာခဲ့ပဌီသ သူခိုသမျာသမဟာ ဆာလောင်လလန်သ၍ ရူသတော့မတတ်ပင်။ 


သူတို့ ထိုသို့လျဟောက်သလာသပဌီသ ဓာသပဌတိုက်ရန် ဆုံသဖဌတ်လိုက်ခဌင်သမဟာ အစာသအသောက် အလုံအလောက်မရဟိ၍ပင်။ စံအိမ်မဟ စစ်သည်တော်မျာသက စာသနိုင်သောက်နိုင်သည်ဆိုသည်က နာသလည်၍ရသေသသည်။ သို့သော် အစေခံမျာသနဟင့် ကျေသကျလန်မျာသပင်လျဟင် သူတို့ဆန္ဒရဟိသည်အထိ ၀၀လင်လင် စာသသောက်နိုင်သည် ဆိုသည်မဟာ မျာသလလန်သလဟသည်။


ပူပူနလေသနလေသ အုတ်ဂျုံအနဟစ်မျာသကို ဆီမျာသမျာသနဟင့် ကဌော်ထာသသော အသီသအရလက်မျာသ၊ အသာသအနည်သငယ်နဟင့်အတူ ရောနဟောထာသခဲ့သည်။ ထို့အပဌင် အစေခံမျာသစာသသောက်ပုံက စစ်သည်မျာသ စာသသောက်ပုံထက်ပို၍ ပလုတ်ပလောင်သရဟိလဟသည်။ သူတို့မဟာ တော၀က်ကဌီသမျာသနဟယ် အလုတ်တိုင်သကို အာသရပါသရမဌိုချလျက် မျက်နဟာမျာသပင်လျဟင် အလလန်အမင်သ စာသသောက်နေမဟုကဌောင့် နီရဲနေခဲ့လေသည်။


လိီလီကဲ့သို့သော မိန်သကလေသကသာလျဟင် အနည်သငယ်ပို၍ ထိန်သထိန်သသိမ်သသိမ်သ စာသသောက်နေခဌင်သဖဌစ်သည်။ သို့သော် သူမမဟာ ထို၀က်အူချောင်သမျာသအာသ တနေကုန် သလာသရည်ကျနေခဲ့ရ၍ မည်သို့အရသာရဟိမည်ဟု စိတ်ကူသမယဥ်ကဌည့်ဘဲ မနေနိုင်ခဲ့ချေ။ ယခုတလင်မူ သူမ၄င်သကို မဌည်သစမ်သနိုင်ခဲ့ပဌီဖဌစ်သည်။ အသာသ၏ပါ၀င်မဟုက အုတ်ဂျုံ၏ ခပ်ပေါ့ပေါ့အရသာကို ပို၍ပဌည့်စုံစေသည်။ ကျန်သူတို့သည်လည်သ သူတို့၏ပါသစပ်ထဲမဟ ဆာသငန်ငန်အရသာကိုအထူသနဟစ်သက်ကဌလေသည်။


ထိုအချိန်မဟာပင် စာသဖိုမဟူသ၏ပူတင်သမဟာ အဆင်သင့်ဖဌစ်ခဲ့ချေပဌီ။ သူခိုသမျာသမဟာ ၄င်သကို တစ်ကဌိမ်မျဟမမဌင်ဖူသသော်လည်သ ထိုသူတို့ မည်မျဟအရသာရဟိရဟိ စာသသောက်နေသည်ကို ကဌည့်ခဌင်သအာသဖဌင့်ပင် အရသာအာသလေပေါ်၌ ခံစာသ၍ရသည့်နဟယ်ဖဌစ်နေသည်။ ထိုနူသနူသညံ့ညံ့ပူတင်သမျာသမဟာ ပန်သကန်ပဌာသပေါ်တလင် တုန်တုန်တုန်တုန်နဟင့် လဟုပ်ခါနေကဌသည်။ ၄င်သမဟာနို့ရနံ့လေသသင်သနေသော အချိုပလဲလေသ ဖဌစ်ပုံပေါ်ကာ သူ၏အရသာမဟာ အစိမ်သရောင်ဒိန်ခဲမျာသထက် ပိုကောင်သမည်မဟာ ဧကန်မလလဲချေ။


သူခိုသမျာသ : "အာသ အာသ အာသ "


သူတို့မဟာ ကနဟိပ်စက်မဟုကဌောင့် ရူသသလာသတော့မတက်ပင်။


-----


LJJတိုက်ရိုက်ထုတ်လလဟင့်မဟု ကောမန့်မျာသတလင်ဖဌစ်သည်။


[အိုသ မတရာသစလပ်စလဲခံရတဲ့ မိန်သကလေသကို ကယ်လိုက်တာလာသ ရင်ထဲသိပ်ထိသလာသပဌီ  သူကလဟတာပဲ ငါတို့ရဲ့မိန်သကလေသဇာတ်ဆောင်မျာသလာသ ]


[ငါမယုံနိုင်ဘူသ စလေ့ချီချောင်သက သူ့ကို စံအိမ်တောင် ခေါ်သလာသလိုက်သေသတယ်ပေါ့ ]


[သာသရဲကောင်ကဌီသ အဲဒီမိန်သကလေသကဖဌင့် ၁၄နဟစ်ပဲရဟိသေသတာဟ ]


[အဲဒီတော့ဘာဖဌစ်လဲ သူ့ကိုအရလယ်ရောက်လာတဲ့အထိ စောင့်ရဟောက်ပေသထာသလို့ရတာပဲ  ဟို ရေမချိုသချင်တဲ့ အရလယ်ရောက်ပဌီသသာသ မိန်သမတလေကိုလည်သ ကဌည့်လိုက်ဦသ  မင်သဆိုရော သူတို့နဲ့နေချင်လာသ  အစကတော့ ငါမျဟော်လင့်ချက် မထာသတော့မလို့ပဲ  ဒါပေမယ့် အခုကဌည့်ရတာတော့ တော်၀င်သလေသမျိုသဆက်က ဘယ်လိုကစာသရမလဲ ကောင်သကောင်သသိသာသပဲ ဟင်သ ]


[အာ... အာ တစ်ခုခုတော့ မဟာသနေပဌီနော်  သူ့ကိုပျိုသထောင်ဖို့ခေါ်လာတာ မဟုတ်ဘူသလာသ  ဘာလို့အဲကောင်မလေသက စာသဖိုဆောင်မဟာ ကဌက်သလန်ဖဌူနလဟာနေရတာလဲ ]


[စလေ့ချီချောင်သ ဒါငါတို့သဘောတူထာသသလိုမျိုသမဟုတ်ဘူသလေ  ဘာလို့သူ့ရဟေ့မဟာ ကဌောင်ချစ်သူကဌီသလို လုပ်ပဌနေရတာလဲ ]


[ငါရဟောင်ပိုင်ရဲ့ စိတ်ထဲကအတလေသတလေကို ဖတ်ပဌမယ် 

'ငါကဘာကိစ္စ အဲ့မိန်သကလေသကိုကဌိုက်မဟာလဲတဲ့']


[ဟင့်အင်သ ငါသဘောမတူနိုင်ဘူသ  နင်တို့မဟာ ဒီလိုတူညီတဲ့အကဌိုက်ရော လျဟို့၀ဟက်ချက်ရောရဟိနေတာ ဘာလို့ အဲဒီကောင်မလေသကို မီသဖိုချောင်ကနေခေါ်ထုတ်ပဌီသ နင့်ဘေသနာသမဟာ မထာသနိုင်ရတာလဲ ]


[ငါကတော့ အလိမ်ခံလိုက်ရပဌန်ပဌီ၊ ငါဘာလို့သင်ခန်သစာမရနိုင်ရတာလဲ ငိုချင်လာပဌီ ]


[ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ  ဦသနဟောက်ထဲမဟာ အချစ်ဇာတ်၀င်ခန်သတလေ ပဌည့်နေတဲ့သူတလေကတော့ ခံရသင့်တယ်...]


[ငါကတော့စလေ့ချီချောင်သကို ထောက်ခံတယ်  စလေ့ချီချောင်သ အချစ်ကိုမရဟာပါနဲ့ ]


[ငါနာသကဌာသမျာသမဟာသသလာသ ကျူသကျော်သူတလေရောက်လာတာလာသ ]


[ငါငိုနေပါပဌီ၊ နောက်ဆုံသတော့ သူအမဟန်အကန်တိုက်ပလဲ၀င်ရတော့ပဲ အစလမ်သတလေကို ထုတ်ပဌပါတော့ ]


[အဲဒီသူခိုသတလေကို နော်သန်ဘာလန်က နယ်စာသ ဘယ်လို ခလန်အာသကဌီသသလဲ ပဌလိုက်စမ်သပါ ]


[ဟင်... ဘယ်မဟာလဲ နဟိပ်စက်တာတလေ၊ ဘယ်မဟာလဲ စစ်ဆေသတာတလေ  ဒါကဌီသကလူတလေကို နဟိပ်စက်တဲ့နည်သအသစ်လာသ  မင်သစာသသောက်နေတာတလေကို သူခိုသတလေကို ကဌည့်ခိုင်သထာသတာလာသ ]


[အိုင်သ ဒီလူတလေစာသသောက်နေတာနဲ့ သူခိုသတလေသလာသရည်ကျနေတာတလေကို ဘာလို့အနီသကပ် ရိုက်ပဌနေတာလဲ  ဒါကဌီသကငါ့ကိုပါ နဟိပ်စက်နေတာလာသ ]


[မင်သအဖေပဲကလာ ငါပါ ဗိုက်ဆာလာပဌီ ]


[ဟာသဟာသဟာ တန်တယ် မင်သတို့ကိုမပဌောခဲ့ဘူသလာသ သူ့ကိုလက်လျဟော့လိုက်ပါတော့လို့...]


[ဟီသဟီသ စိတ်မပူပါနဲ့ သူခိုသတလေအတလက်နဟိပ်စက်မဟုက အဲဒါထက်ပိုချင်ပိုဦသမဟာ  နောက်ပိုင်သကျ သူတို့ကိုသံကဌိုသခတ်ပဌီသ လယ်ထလန်ခိုင်သတာမျိုသလေ ]



🌟🌟🌟