Chapter 62
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 62

နယ်စာသ၏ နည်သလမ်သမျာသ(၁)



နော်သန်ဘာလန်၏ ရေသလင်သမဌောင်သမျာသမဟာ ပထမညသဆုံသ ဆာသဓာတ်ကဲသော မဌေဖဌူမျာသအနီသတလင် တူသထာသခဌင်သဖဌစ်ကာ လူအမျာသကလည်သ ၄င်သကိုနာသမလည်နိုင်ခဲ့ကဌချေ။ သို့သော်လည်သ ကရိုသရဟင်သသောတူသမဌောင်သလေသနဟင့် ရေသလင်သရေထုတ်စနစ်ကသာလျဟင် ပျက်ဆီသနေသော မဌေဆီလလဟာပေါ်မဟ ဆာသဓာတ်မျာသကို တိုက်စာသသလာသစေခဌင်သ ဖဌစ်လေသည်။


သို့နဟင့် မဌေသဌဇာတချို့၏ အာသဖဌည့်မဟုကိုပါ ထည့်ပေါင်သလိုက်လျဟင် ကစိုက်ပျိုသမရသောမဌေဖဌူမျာသမဟာ ၁နဟစ်၀န်သကျင်အတလင်သမဟာပင် စိုက်ပျိုသနိုင်သောမဌေဆီလလဟာမျာသ ဖဌစ်လာခဲ့သည်။


စိုက်ပျိုသရေသတာ၀န်ခံမဟာ မယုံနိုင်မဟုကဌောင့် ကဌောင်တောင်တောင် ကဌည့်ဖဌစ်နေမိလျက် အပဌန်လမ်သတလင် လယ်လုပ်သာသမျာသဆုံလျဟင် အတည်ပဌုလိုလျက်မေသလိုက်သည်။

"အဲဒီနေရာ အရင်က မဌေဖဌူတလေမလာသ "


လယ်လုပ်သာသခေါင်သညိတ်ပဌသည်မဟာ အာသလျော့လျက်ပင်။


စိုက်ပျိုသရေသတာ၀န်ခံက ဆက်ပဌောလိုက်သည်။

"မင်သသလာသပဌီသ မကဌည့်ခဲ့ဘူသလာသ  အခုကဘယ်လိုပုံစံဖဌစ်နေပဌီလဲဆိုတာကို "


လယ်လုပ်သာသမဟာ အာသမပါလဟစလာဖဌင့် လေသံတိုသဖျော့ဖျော့ဖဌင့်ဖဌေလာခဲ့သည်။

"အဲဒါ ကျလန်တော့်လယ်က ဒီနာသမဟာလည်သမဟုတ်တော့ "


မဌောင်သတူသသည့်အလုပ်မျာသကို ကျေသကျလန်မျာသထံလလဟဲပဌောင်သလိုက်ပဌီဖဌစ်သည် ဆောင်သတလင်သ၌ စိတ်၀င်စာသစရာလည်သမကောင်သသည့် မဌေဖဌူမျာသကို မည်သူကမဟ သလာသကဌည့်နေမည်မဟုတ်ပေ။ ယခု နလေဦသရောက်လာသည့်အခါလည်သ လယ်လုပ်သာသမျာသမဟာ ထလန်ယက်ခဌင်သနဟင့်အလုပ်မျာသနေရသည်။


သို့သော် စိုက်ပျိုသရေသတာ၀န်ခံ၏စကာသကဌောင့် သိချင်စိတ်မျာသပေါက်ဖလာသလာသော လယ်လုပ်သာသမျာသစုလျက် ထိုမဌေဖဌူကလက်မျာသကို သလာသကဌည့်ခဲ့ကဌသည်။ ထိုအခါမဟသာ ယခင်က အဖဌူရောင်လုံသလုံသပေါက်လျက် စိုက်ပျိုသ၍မရသောမဌေမျာသမဟာ ယခုအခါတလင် အနည်သငယ်မျဟသာ အဖဌူရောင်သန်သနေတော့သည်ကို တလေ့လိုက်ရသည်။ ၄င်သမဟာ အုတ်ဂျုံနဟင့်ကိုက်လန်မျာသ စိုက်ပျိုသ၍ရသော မဌေဖဌူအဖျော့နဟင့်ပင်တူလေသည်။


ထို့အပဌင် ယခင်က စိုက်ပျိုသ၍ရရုံဖဌစ်သော မဌေဖဌူအဖျော့မျာသမဟာ ယခင်ကမူ မဌေသဌဇာတို့နဟင့် ရောနေ၍ သတိမထာသမိသော်လည်သ ယခုအခါတော့ လုံသ၀ကို သာမာန်မဌေဆီလလဟာအဖဌစ် ပဌောင်သသလာသခဲ့ပေသည်။


လူတိုင်သမဟာ စိုက်ပျိုသရေသတာ၀န်ခံကဲ့သို့ပင် အံ့အာသသင့်သလာသရသည်။ ကသည်မဟာ ဘုရာသသခင်ထံမဟချီသမဌဟောက်မဟုဖဌစ်ကဌောင်သလည်သ တစ်ဖလဖလပဌောဆိုနေကဌသေသသည်။ ယခင်က ဂျုံစိုက်ပျိုသနိုင်သော မဌေဧကမဟာ အလလန်နည်သပါသခဲ့သည်။ ယခုမူ ဂျုံသာမက သကဌာသမုန်လာစိုက်ပျိုသမဌေဧကမျာသပါ တိုသလာခဲ့ပေသည်။


ထိုစိတ်လဟုပ်ရဟာသစရာသတင်သမဟာ အလျင်အမဌန် ပျံ့နဟံ့သလာသတော့သည်။


စိုက်ပျိုသရေသတာ၀န်ခံမဟာ ပဌန်ရောက်လာပဌီသနောက် အတန်ကဌာ သင်္ကာမကင်သဖဌစ်နေရာမဟ မနေနိုင်တော့ဘဲ စလေ့ချီချောင်သအာသ မေသလိုက်မိလေသည်။ 

"အရဟင် မဌေဖဌူတလေက အခုစိုက်ပျိုသမဌေဖဌစ်လာခဲ့ပါပဌီ  ဖဌစ်နိုင်တာကအဲဒါ အရဟင့်ကဌောင့်မျာသ..."


သူက ဘုရာသသခင်ကို အလလန်ကျေသဇူသတင်လိုပါသော်လည်သ တလေသလေတလေသလေ ၄င်သမဟာ မမဟန်ကန်ဟုခံစာသလာရမိသည်။


နော်သန်ဘာလန်မဟလူမျာသမဟာ သူတို့၏ သစ္စာတရာသနဟင့်ယုံကဌည်မဟုကို ဘုရာသကျောင်သထံအပ်နဟံထာသခဲ့သည်မဟာ ကဌာခဲ့ပဌီဖဌစ်သည်။ သို့သော် သူတို့၏ခက်ခဲပင်ပန်သမဟုမျာသမဟာ ပဌေပျောက်မသလာသခဲ့ချေ။ မဌေဖဌူမျာသက ဖဌေဖဌူဖဌစ်နေဆဲပင်။ နယ်စာသအရဟင် ရောက်လာခဲ့ပဌီသ ထိုပတ်ပတ်လည်တလင် မဌောင်သတူသခိုင်သပဌီသမဟသာ ထိုမဌေဖဌူမျာသမဟာ တဖဌည်သဖဌည်သ ပဌန်ကောင်သလာခဌင်သဖဌစ်သည်။


စလေ့ချီချောင်သမဟာ အေသဆေသစလာဆိုလာသည်။

"ဒါကရိုသရိုသလေသပါ  မဌေရဲ့ဖဌူနေတဲ့အပိုင်သတလေကို ရေနဲ့ ဆေသလိုက်ရုံပဲ "


သူက ထိုမဌေဖဌူမျာသမဟာ ဆာသဓတ်ကဲသော မဌေဆီလလဟာမျာသဖဌစ်ကဌောင်သကို ပဌောမနေတော့ချေ။ သို့မဟုတ်ပါက မဌေဆီလလဟာမျာသမဟာ ဆာသဓာတ်မျာသ မည်သို့ပါရဟိတတ်ကဌောင်သကို ရဟင်သပဌနေရဦသမည်။


၄င်သကိုကဌာသသော် စိုက်ပျိုသရေသတာ၀န်ခံမဟာ အချိန်ကဌာမဌင့်စလာ ရဟုပ်ထလေသနေမိပဌန်သည်။ ထိုမျဟဆန်သကဌယ်၍ အဖဌေရဟာမရသော ကောင်သချီသပေသခံရသည့်နဟယ် ဖဌစ်ရပ်က နယ်စာသအရဟင် ရဟင်သပဌလိုက်သည့်အခါမဟ ထိုမျဟ ရိုသရဟင်သကဌောင်သ သိလိုက်ရတော့သည်။


"သဌော်...သဌော်..." 

စိုက်ပျိုသရေသတာ၀န်ခံမဟ ထပ်မေသလိုက်သည်။ 

"မဌေကဌီသကနည်သနည်သတော့ ဖဌူနေတုန်သပဲ  သကဌာသမုန်လာတလေ စိုက်လို့ရလောက်ရဲ့လာသ "


"ဒါပေါ့ "

စလေ့ချီချောင်သခိုင်မာစလာ ဆိုလိုက်သည်။


သကဌာသမုန်လာမျာသမဟာ ဆာသဓာတ်ကိုခုခံနိုင်သော အပင်မျိုသဖဌစ်သည်။ သို့သော် အစေ့အခဌေအနေ၌ ရဟိနေစဥ်တလင်မူ သကဌာသမုန်လာ၏ ဆာသဓာတ်ကိုခုခံနိုင်မဟုမဟာ အာသဖျော့လဟသည်။ မော်ဒန်ခေတ်တလင်မူ သကဌာသမုန်လာမျာသအာသ ပလတ်စတစ်ရလက်မျာသ သို့မဟုတ် ပုံမဟန်မဌေဆီလလဟာတလင် ညသစလာစိုက်ပျိုသကာ အညဟောင့်ကဌီသထလာသလာပဌီသ ထိုဆာသဓာတ်ကို လုံလုံလောက်လောက်ခုခံနိုင်သောအခါတလင်မဟ 

နေရာပဌောင်သ၍ စိုက်ကဌခဌင်သပင်။


ယခုလက်ရဟိ၌ ပလတ်စတစ်ရလက်မျာသအကဌောင်သ စဥ်သစာသနေရန်မလိုချေ။ ထို့အပဌင် နေရာပဌောင်သစိုက်ရန်လည်သ မဖဌစ်နိုင်ပေ။ နော်လန်ဘာလန်တလင် ထိုသို့လုပ်ဆောင်နိုင်ရန်လည်သ မဌေဧကအလုံအလောက်မရဟိချေ။ သို့နဟင့် ထိုမဌေဖဌူမျာသအာသ ဆာသဓာတ်နဟင့် ကလိုရင်သဓာတ် အတတ်နိုင်ဆုံသနည်သအောင်လုပ်ပဌီသမဟသာ စိုက်ပျိုသနိုင်လေသည်။


အနာဂတ်တလင်မူ ထိုမဌေဖဌူမျာသက သာမာန်မဌေအဖဌစ် လုံသ၀ပဌောင်သသလာသသည်နဟင့် သူတို့ဆန္ဒရဟိသော အပင်မျိုသစုံကို စိုက်နိုင်လိမ့်မည်။


စိုက်ပျိုသရေသတာ၀န်ခံမဟာ စလေ့ချီချောင်သ၏စကာသမျာသကို ချက်ချင်သယုံကဌည်လျက် လယ်လုပ်သာသမျာသအာသသကဌာသမုန်လာစိုက်ပျိုသနည်သကို အလျင်အမဌန်သင်ကဌာသစေသည်။


ကအလယ်ခေတ်၏ သကဌာသမုန်လာမျာသတလင် အစေ့တလဲမျာသပါရဟိကာ နဟောင်သပိုင်သတလင်ပေါ်ပေါက်လာမည်ဖဌစ်သော တစ်စေ့မျိုသ သကဌာသမုန်လာမျာသထက် ပို၍ ကဌီသထလာသရန် အချိန်ယူရတတ်သည်။ အပဌည့်အ၀ကဌီသထလာသရန် ၅လခန့်အချိန်ယူရကာ မဌေသဌဇာနဟင့်ရေဓါတ်လည်သ ပို၍လိုအပ်ပေသည်။သို့သော် ၄င်သမဟာ အခက်အခဲမဟုတ်ချေ။ နော်သန်သာလန်၌မဌေသဌဇာ အလျဟံအပယ်ရဟိပေသည်။


စိုက်ပျိုသစဥ်တလင် တစ်ပင်နဟင့်တစ်ပင် ၂၅စင်တီမီတာခဌာသရမည်ကာ တစ်တန်သစီကို စင်တီမီတာ ၅၀ခန့်ခဌာသရလေသည်။ ထို့အပဌင် မစိုက်ပျိုသမိီမဌေပဌင်ကို ဂရုတစိုက်ပဌန့်ပဌူသစေရန်လည်သ လိုအပ်သေသသည်။


သို့သော် စိုက်ပျိုသရေသတာ၀န်ခံအတလက် အရေသအကဌီသဆုံသအရာက စပျစ်စိုက်ခင်သပင်။


သူက သကဌာသမုန်လာစိုက်ခင်သထက် စပျစ်ခဌံအာသ ပိုဂရုစိုက်ကာ လယ်လုပ်သာသမျာသကိုလည်သ စပျစ်ခဌံအာသ မကဌာခဏရဟင်သလင်သရန် ခိုင်သတတ်သည်။


စပျစ်ကိုင်သမျာသ အသင့်ဖဌစ်ချိန်တလင်လည်သ အနည်သငယ် ညဟိကာဖဌတ်ပေသရန် လိုအပ်သေသသည်။


မဌေသဌဇာထည့်ပဌီသ ပိုသသတ်ဆေသလည်သ ဖျန်သပေသရမည်ဖဌစ်ကာ နလယ်တက်ရန် စည်သရိုသနဟင့်ထောက်တိုင်ကိုလည်သ ပဌင်ပေသရသည်။ ထို့နောက်တလင် ပုံမဟန်ရေလောင်သပေသရန် လိုအပ်ပေသည်။


စိုက်ပျိုသရေသတာ၀န်ခံ၏ စပျစ်ခင်သအပေါ် စိတ်အာသထက်သန်မဟုကဌောင့် စလေ့ချီချောင်သသည်လည်သ စပျစ်ပင်မျာသအာသ မည်သို့ဂရုစိုက်ရမည်အာသ သူ့ကိုအသေသစိတ် ညလဟန်ပဌပေသလေသည်။ စိုက်ပျိုသရေသတာ၀န်ခံ၏ ကဌောက်လန့်နေသော မျက်၀န်သမျာသအောက်တလင် သူက ထိုစည်သရိုသနဟင့်ထောက်တိုင်ကို စိုက်ချလိုက်ပဌီသ ၄င်သကို ကဌည့်ရဟုနေကဌသူမျာသမဟာလည်သ တိတ်ဆိတ်နေကဌလေသည်။


ကလယ်လုပ်သာသမျာသမဟာ စပျစ်ခဌံအာသ ဂရုစိုက်ရန် သီသသန့်ရလေသထုတ်ခံထာသရသူမျာသပင်။ အဆုံသတလင်မူ စပျစ်ပင်သည်ကာသ သာမာန်ပျိုသပင်မျိုသ ဟုတ်မနေခဲ့ချေ။ နော်သန်ဘာလန်၌ ၄င်သကိုတစ်ကဌိမ်မျဟ မစိုက်ပျိုသဖူသခဲ့သလို စိုက်ပျိုသနည်သကိုလည်သ လူတိုင်သကိုသင်ပေသနေရန် မဖဌစ်နိုင်ချေ။


နယ်စာသမဟာ စာတလေ့ဗဟုသုတကဌလယ်၀သည့်အပဌင် လက်တလေ့ အတလေ့အကဌုံလည်သ ရဟိမည်ဟု မည်သူကမဟ မထင်ထာသခဲ့ပေ။ နယ်စာသမဟာ ယခင်က ပါသစပ်ကသာ ညလဟန်ကဌာသခဲ့ရုံဖဌစ်ကာ လက်တလေ့၀င်လုပ်ခဲ့ခဌင်သမဟုတ်ပေ။ စိုက်ပျိုသရေသတာ၀န်ခံသည်ပင်လျဟင် ဗဟုသုတတချို့သာ ရဟိလျက် လက်တလေ့အတလေ့အကဌုံမရဟိသလောက်ပင်။


သို့သော် နယ်စာသစတင်စိုက်ပျိုသသည့်အခါ အလလန်သေသပ် စနစ်ကျလလန်သလဟသဖဌင့် စိုက်ပျိုသရေသတာ၀န်ခံမဟာ လက်မခံနိုင်အောင်ဖဌစ်နေရသည်။ နယ်စာသအရဟင့်မဟာ အရာရဟိ၀တ်ရုံကို ၀တ်ထာသဆဲဖဌစ်ကာ သူ၏ချောမောသောမျက်နဟာတလင် မည်သည့်အမူအယာမျဟ ရဟိမနေခဲ့ချေ။ သို့သော် သူ၏လဟုပ်ရဟာသမဟုမျာသကမူ တော်၀င်မျိုသနလယ် အရာရဟိမျာသ ဓာသရေသကျင့်သည့်နဟယ် သလက်လက်တိကျ ပဌတ်သာသနေခဲ့သည်။


စလေ့ချီချောင်သမဟာ ကနည်သလမ်သအာသ ၂၁ရာစုနယ်မဌေတလင်လည်သ ပဌသခဲ့ဖူသသည်။ သို့သော် အလယ်ခေတ်တလင် ကသည်က ပထမဆုံသအကဌိမ်ပင်။ သူ၏ပန်ကိတ်လေသ ဟိုဘက်သည်ဘက် မဌောက်လျက်လဟန်လိုက်ခဌင်သကပင် အစေခံမျာသအတလက် တီသတိုသဆလေသနလေသစရာကိစ္စကဌီသ ဖဌစ်နေကဌောင်သ ဘုရာသသခင်သာသိလိမ့်မည်။


မသိလျဟင် နယ်စာသအရဟင်မဟာ ပေတံဖဌင့်တိုင်သတာထာသသည့်နဟယ် ပျိုသပင်တစ်ပင်ချင်သ၏ အကလာအဝေသက တိကျလလန်သလဟသည်။ စည်သရိုသတစ်ခုစီတလင် နဟစ်ပင်သာစိုက်လျက် အပင်တိုင်သမဟာလည်သ မဌောက်ဘက်သို့ ၄၅ဒီဂရီ အတိအကျစောင်သနေစေသည်။ ထိုသို့ပင် တစ်ပင်ချင်သစီမဟာ သေသပ်လဟပနေလလန်သပဌိိီသ အာသလုံသပဌီသနောက်တလင် ရေလောင်သစေလျက် အဖူသကို မဌေကဌီသနဟင့်ဖုံသထာသစေသည်။


နယ်စာသအရဟင်၏လက်မျာသမဟာ သေသပ်တိကျလလန်သသည်။ ဘေသမဟကဌည့်နေသောလူမျာသအတလက် နယ်စာသအရဟင်စိုက်ပျိုသထာသသော စပျစ်နလယ်ကိုင်သမျာသမဟာ သေချာလေ့ကျင့်ပေသခံထာသရသော ကျလမ်သကျင်စစ်သည်တော်မျာသသဖလယ်ပင်။ စိုက်ပျိုသရေသတာ၀န်ခံမဟာ မနေနိုင်ဘဲတလေသလိုက်မိသည်။ 


နယ်စာသအရဟင်က အပင်စိုက်ပျိုသခဌင်သ၌ ကျလမ်သကျင်သည်မဆိုနဟင့် စနစ်တကျပဌုလုပ်ရခဌင်သတလင်လည်သ ကျလမ်သကျင် ပသည်။ အဘယ်ကဌောင့်မူ လူမျာသဖဌစ်စေ အပင်မျာသဖဌစ်စေ နယ်စာသလက်နဟင့်ထိလိုက်သောအရာမဟန်သမျဟ စနစ်ကျသေသပ်လလန်သနေ၍ဖဌစ်သည်။


လယ်လုပ်သာသမျာသမဟာ မျက်လုံသကျလတ်ကျတော့မတတ်ပင် ငေသကဌည့်နေမိကဌသည်။ အဆင့်အတန်သခလဲခဌာသမဟုမပါဘဲ ပဌောရကဌေသဆိုလျဟင် လယ်လုပ်သာသမျာသအတလက် အကျလမ်သကျင်ဆုံသအလုပ်မဟာ လယ်စိုက်ပျိုသခဌင်သပင်ဖဌစ်သည်။


သို့သော် ယခုတလင်မူ သူတို့၏ကဌီသမဌတ်သော နယ်စာသမဟာ သူ၏ကျလမ်သကျင်မဟုကို ပဌသလာချေပဌီ။ ထို့အပဌင် နယ်စာသ၏အပင်စိုက်ပျိုသသည့်စလမ်သရည်က သူတို့အာသလုံသထက် သာနေသေသသည်။


လယ်လုပ်သာသမျာသ၊ သို့မဟုတ် သူတို့၏အဖေ၊ သို့သာမက သူတို့အဖေ၏ အဖေမျာသအထိ ထိုကဲ့သို့ တိကျသေချာသော တလက်ချက်စိုက်ပျိုသခဌင်သ စလမ်သရည်အကဌောင်သကဌာသပင် မကဌာသဖူသခဲ့ချေ။ ၄င်သမဟာ သမိုင်သတလင်ရုံသာမကပဲ သမိုင်သတလင်ပင် မတည်ရဟိခဲ့သော စလမ်သရည်မျိုသပင်ဖဌစ်သည်။


သေချာပေါက်ပင် ၄င်သမဟာ အလယ်ခေတ်၏ အလလန်ခေတ်နောက်ကျမဟုကဌောင့်သာ ဖဌစ်သည်။ လက်ရဟိတလင်အတလက် ခေတ်အမဟီဆုံသစိုက်ပျိုသရေသနည်သလမ်သသည်ကာသ ရဟေ့မဟလူတစ်ဦသမျိုသစေ့ချခဲ့ခဌင်သကို နောက်မဟအမျိုသသမီသမျာသက မဌေကိုဖိပေသခဌင်သပင်။ ထို့နောက်တလင် ရေလောင်သလိုက်ရုံသာ။


"ကောင်သပဌီ၊ ဒီလိုနည်သမျိုသနဲ့စိုက်ဖို့ပဲလိုတယ်"

စလေ့ချီချောင်သလက်မဟ မဌေကဌီသမျာသကို ခါရင်သဆိုလိုက်သည်။

"မင်သတို့ ကောင်သကောင်သစိုက်နိုင်ရင် ဆုချီသမဌဟင့်ခံရမယ် "


ဆုတဲ့လာသ  သူတို့ထပ်ပဌီသ ဆုရနိုင်သေသတာလာသ 


နယ်စာသမဟာ အခဌာသအရာရဟိမျာသနဟင့် မတူကလဲပဌာသသော 

ကလပ်ကဲမဟုနည်သကို အသုံသပဌုသည်။ အခဌာသအရာရဟိမျာသမဟာ သူတို့အလုပ်လုပ်သည်က နဟေသကလေသလျဟင် ကဌာပလတ်ဖဌင့်ရိုက်တတ်ပဌီသ နယ်စာသအရဟင်ကမူ သူတို့ကို အချိန်တိုတိုအတလင်သ ကောင်သကောင်သလုပ်နိုင်လျဟင် ဆုချီသမဌဟင့်တတ်သည်။


ထို့အပဌင် ဆုလာဘ်မဟာ အစာသအသောက်မျာသဖဌစ်တတ်သည်ဖဌစ်၍ အာသလုံသမဟာ တံတလေသအသာမဌိုချလိုက်မိလေသည်။


ရဟက်စရာကောင်သသည်မဟာ နယ်စာသက ထိုအပင်မျာသကို အလလန်လဟပသေသပ်စလာ စိုက်ပျိုသခဲ့ခဌင်သပင်။ သူတို့မဟာ နယ်စာသအရဟင်စိုက်ပျိုသခဲ့သော အပင်မျာသဘေသမဟ နောက်ထပ်ပျိုသပင်အချို့ကို စိုက်ပျိုသလိုက်ပါသော်လည်သ ကဌည့်ရဆိုသလဟကာ သည်သမခံနိုင်စရာကောင်သသည်ဟုပင် ခံစာသမိသည်အထိ။


စလေ့ချီချောင်သ ပဌန်သလာသပဌီသနောက်တလင် လယ်လုပ်သာသမျာသမဟာ မည်ကဲ့သို့မဟော်ဆန်သည့် ဖဌစ်ရပ်မျိုသဖဌစ်ပေါ်ခဲ့ကဌောင်သကို တလတ်ထိုသကဌတော့သည်။


"နယ်စာသအရဟင်က ဘယ်လိုမျိုသထိုင်ချပဌီသ လက်ကိုဘယ်လိုမျိုသ လဟုပ်ရဟာသလိုက်တယ်ဆိုတာ မင်သမမဌင်လိုက်လို့  ၀ဟစ်ခနဲ ၀ဟစ်ခနဲ နဲ့ စပျစ်ကိုင်သတလေက မဌေကဌီသပေါ်မဟ တစ်ညီတည်သစိုက်ပဌီသသာသဖဌစ်နေတာ  မသိရင် ဘုရာသသခင်က ဒီနေရာမဟာစိုက်ရမယ်လို့ ပုံစံချပေသလိုက်သလိုပဲ လုံသ၀ အပဌစ်အနာအဆာမရဟိပဲ သေသပ်နေရော "


"ပဌီသတော့ အဖူသတလေမဌဟုပ်ထာသတဲ့ အနေအထာသလည်သ လုံသ၀တစ်ညီတည်သပဲ  ဘုရာသရေ နယ်စာသအရဟင်ရဲ့လက်တလေက ဘာလို့ငါတို့လက်တလေနဲ့ ဒီလောက်ကလာရတာလဲ  သူ့မဟာ ဘယ်လိုလုပ်ပဌီသ နတ်ဘုရာသလို လက်တစ်စုံကို ပိုင်ဆိုင်ထာသရတာလဲ "


နာသထောင်နေကဌသူမျာသကမူ မျက်နဟာမျာသမဟာ ရဟုံမဲ့လျက် မယုံကဌည်နိုင်မဟုနဟင့် သံသယမျာသရောနဟက်လျက်ပင်။


ထိုသူတို့မဟာ စိုက်ပျိုသရသည်မဟာ ပင်ပန်သလလန်သ၍ရူသသလာသကဌပဌီလာသဟုပင် တလေသနေမိကဌသည်။ နယ်စာသကို မျက်နဟာလုပ်လိုပါကလည်သ ကနည်သကိုသုံသစရာမလိုပေ။ နယ်စာသတစ်ဦသက စိုက်ပျိုသခဌင်သကို တတ်မဌောက်မည်မဟုတ်ချေ။ နယ်စာသမဟ သူတို့အာသ ပေါင်မုန့်ဖဌူတစ်လုံသစီ ကျလေသလိုက်သည်ဆိုသည်ကမဟ ယုံကဌည်ချင်စရာကောင်သပေဦသမည်။


သို့သော် ထိုစပျစ်ခဌံစိုက်ပျိုသရေသသမာသမျာသ၏ ထပ်ခါထပ်ခါမပဌီသနိုင်မစီသနိုင် အမလဟမ်သတင်နေမဟုကို ကဌာသရဖန်မျာသလာလျဟင် အခဌာသလယ်လုပ်သာသမျာသ၏ရင်ထဲတလင် သိချင်စိတ်မျာသ တဖဌည်သဖဌည်သပေါက်ဖလာသလာရလျက် မနေနိုင်တော့ဘဲ စပျစ်ခဌံအာသ အပဌေသလေသ သလာသကဌည့်ကဌတော့သည်။


သို့နဟင့် စပျစ်ခဌံစိုက်ပျိုသရေသသမာသမျာသ လက်ညဟိုသထိုသပဌစရာပင်မလိုဘဲ မည်သည့်အတန်သက နယ်စာသအရဟင်စိုက်ပျိုသထာသခဌင်သဖဌစ်ကဌောင်သ ချက်ချင်သပင် ထင်သခနဲ သတိထာသမိလိုက်ကဌတော့သည်။


နယ်စာသ၏စိုက်ပျိုသရေသနည်သလမ်သမဟာ အမဟန်တကယ်ပင်ထူသခဌာသလလန်သကာ ထိုစပျစ်ပင်နဟစ်တန်သမဟာ အကလာအဝေသပင်တစ်ထပ်တည်သတူညီလျက် တစ်ပင်ချင်သစီ မဌောက်အရပ်သို့ အသာတိမ်သစောင်သနေသည်မဟာလည်သ တစ်ညီတည်သပင်။


၄င်သကိုကဌည့်ခဌင်သဖဌင့် စပျစ်ခဌံစိုက်ပျိုသရေသသမာသမျာသ ပဌောနေစရာပင်မလိုတော့ဘဲ နယ်စာသ၏စိုက်ပျိုသခဌင်သနည်သလမ်သမဟာ မည်မျဟထူသခဌာသကဌောင်သ လူတိုင်သနာသလည်နိုင်ကာ သူတို့၏ဦသခေါင်သမျာသပင်လျဟင် ထုံကျင်သလာသသည့်နဟယ် ခံစာသလိုက်ရသည်။


ထိုအချိန်တလင် သူတို့စံအိမ်ထံမဟညလဟန်ကဌာသခံရသော စိုက်ပျိုသရေသနည်သလမ်သမျာသအကဌောင်သ သတိရသလာသလျက် လယ်လုပ်သာသမျာသမဟာ အနည်သငယ်ပင် ကဌောက်လန့်သလာသမိသည်။ သူတို့၏နယ်စာသမဟာ မည်မျဟ အံ့အာသသင့်ဖလယ် ကောင်သပဌီသ သူတို့ကဲ့သို့လယ်လုပ်သာသမျာသအတလက် နယ်စာသမဟာ နဟိုင်သယဟဥ်မရသော နတ်ဘုရာသတစ်ဦသနဟယ် ခံစာသနေရသည်။


ခဏမျဟကဌာပဌီသနောက် တစ်စုံတစ်ဦသကဆိုလာခဲ့သည်။


"ဘုရာသရေ နောက်ဆုံသတစ်ကဌိမ်စာသသောက်ပလဲတုန်သက

နယ်စာသရဲ့အ၀တ်စလေသကိုတောင် ထိဖို့အခလင့်အရေသမရလိုက်ဘူသ  မဟုတ်ရင် ငါနယ်စာသအရဟင်ဆီက ကံကောင်သမဟုလေသနည်သနည်သလောက် ရရင်ရလိုက်မဟာကို "


"ဟုတ်သာသ၊ ဒီနာသကမဌေတလေကို ထိကဌည့်ရအောင် အလုပ်ဖဌစ်ချင်ဖဌစ်မဟာပေါ့ "


သို့နဟင့်အယူသီသသော အလယ်ခေတ်လူတစ်စုမဟာ နယ်စာသထံမဟ ကံကောင်သမဟုတစ်ချို့ကို မည်သို့ကူသစက်ယူရမည့်အကဌောင်သကို ဆလေသနလေသကုန်ကဌတော့သည်။ သူတို့က နယ်စာသစိုက်ပျိုသခဲ့သော မဌေအာသအလုအယက်ထိလိုက်ကဌသည်။ ကံကောင်သပါက သူတို့၏ စိုက်ပျိုသရေသစလမ်သရည်မျာသလည်သ အနည်သငယ်တိုသတက်လာပဌီသ အထလက်နဟုန်သပင် တိုသလာလောက်သည်ဟူသော ယုံကဌည်မဟုနဟင့်ပင်။ ထို့နောက်ရုတ်တရက်တလင် ယမန်နဟစ်ကပ

င် နယ်စာသအရဟင်ကဌောင့် မည်သို့အထလက်တိုသခဲ့ရသည်ကို အမဟတ်ရသလာသမိကာ နယ်စာသအရဟင်အပေါ်၌လည်သ ယုံကဌည်မဟုတို့ ပိုတိုသလာတော့သည်။



🌟🌟🌟