Chapter 61
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 61

အောင်မဌင်မဟုသို့ပထမဆုံသခဌေလဟမ်သ (၂)



တရုတ်ရိုသရာဓလေ့က စလေ့ချီချောင်သ၏ရင်ထဲတလင် ကဌီသစလာအမဌစ်တလယ်နေခဲ့လေသည်။ အခမ်သအနာသကဌီသမျာသတလင် လဟုပ်ရဟာသမဟုတစ်ခုစီတိုင်သက ပုံတူကူသယူ၍ ထုဆစ်ထာသသည့်နဟယ် သေသပ်လဟပနေရချေမည်။ မည်သည့်ရဟူထောင့်ကပင် ကဌည့်သည်ဖဌစ်စေ ထိုလူမျာသအာသလုံသမဟာ တစ်ဖဌောင့်တည်သ ဖဌစ်နေ မဟရသည်။ ထို့အပဌင် ရပ်နေရသည့် ပုံစံလည်သ သတ်မဟတ်ပဌီသသာသဖဌစ်၍ အရဟိန်အ၀ါလည်သ ကောင်သကောင်သထုတ်လလဟတ်နိုင်သည်ပင်။


လူတိုင်သက ရပ်ချင်သလိုရပ်၊ လုပ်ချင်သလိုလုပ်နေပါက အထင်ကဌီသလောက်ဖလယ် ရဟိမည်မဟုတ်ပေ။


စလေ့ချီချောင်သမဟာ တမင်ပင် ထိုစစ်သည်မျာသအာသ လယ်လုပ်သာသမျာသကို လေသမျာသ၊ မဌာသမျာသပစ်နည်သကို မသင်ခိုင်သသေသခဌင်သပင်။ ဦသစလာအနေနဟင့် အနေအထာသမဟန်မဟန်ရပ်နည်သကို သင်ရပေမည်။ သို့သော်ကဌည့်ရသည်မဟာ ရပ်နေသည့်အနေအထာသက အလလန်ထူသဆန်သကာ ကဌောင်တောင်တောင် နိုင်လဟသည်ပင်။


အစေခံမျာသကမူ ၄င်သကိုလိုအပ်သည်ဟု မထင်ကဌချေ။ သူတို့က ထိုလယ်လုပ်သာသမျာသမဟာ လေ့ကျင့်ပဌီသနောက် ပိုမိုသန်မာလာပဌီသ သံချပ်ကာမျာသ ၀တ်ပေသလိုက်ပါက စစ်သည်ကဌီသမျာသနဟယ် လူအမျာသကိုခဌောက်လဟန့်နိုင်မည်ဟုပင် ထင်နေကဌသည်။


သူတို့၏ရပ်သည့် အနေအထာသမဟာ အထက်တန်သကျောင်သသာသမျာသ လေ့ကျင့်ခန်သလုပ်သည့် အနေအထာသလောက် မဟန်ကန်လာသောအခါ စလေ့ချီချောင်သလည်သ အင်တင်တင်ပင် ကျေနပ်လိုက်ရသည်။ ထိုအခါမဟသာ ကလူမျာသမဟာ လေ့ကျင့်ရေသနောက်တစ်ဆင့်ကို တက်လဟမ်သနိုင်လေသည်။


စလေ့ချီချောင်သမဟာ စိတ်ပျက်လက်ပျက်ပင် တလေသလိုက်မိသည်။ 

အလယ်ခေတ်မဟာ ရာဇ၀င်တလင်လောက်တဲ့ စစ်သူကဌီသဆိုတာမျိုသရော မလေသထုတ်နိုင်ပါ့မလာသ 


ထိုသို့လေ့ကျင့်ပဌီသသည်နဟင့် ထိုလယ်လုပ်သာသမျာသမဟာပင် သူတို့ကိုယ်သူတို့ ခန့်ညာသလဟပဌီအထင်နဟင့် လလန်စလာဂုဏ်ယူနေကဌသည်။ အိမ်ပဌန်သည့်အခါတိုင်သ လူတိုင်သကိုလည်သ ဟန်ရေသပဌတတ်ကဌသေသသည်။


အခဌာသလူမျာသ၏ မျက်လုံသထဲတလင်တော့ ထိုအခဌေခံလဟုပ်ရဟာသမဟုမျာသမဟာ အရဟိန်အ၀ါမျာသထလက်ပေါ်နေသော 

သိုင်သကစာသကလက်တစ်ခုနဟယ်ဖဌစ်သည်။


"ဘုရာသရေ မင်သအဲဒါကိုဘယ်လိုလုပ်လိုက်တာလဲ "


"သူတို့ခါသက ဘယ်လိုဖဌောင့်တန်သနေတာလဲဆိုတာ မဌင်လာသ  ဘယ်လောက် ခန့်ညာသလိုက်သလဲ "


"သူတို့ချီတက်ပုံကအစ ညီညာပဌီသ ကဌည့်ကောင်သလိုက်တာ  လူတိုင်သခဌေလဟမ်သကို တစ်ထပ်တည်သလဟမ်သနေကဌတဲ့အတိုင်သပဲ အရပ်တောင်ပိုရဟည်သလာသသလိုပဲ "


သို့နဟင့်လေ့ကျင့်ခံရသော လယ်လုပ်သာသမျာသမဟာ သူတို့ကိုယ်သူတို့ လလန်စလာဂုဏ်ယူနေကဌတော့သည်။ နယ်စာသမဟ သူတို့လေ့ကျင့်ရေသအတလက် ပဲစေ့မျာသကျလေသမလေသခဲ့သည်ကိုပင် ထည့်ပဌောနေစရာမလိုချေ။ ကကဲ့သို့တစ်ညီတစ်ညာ လဟုပ်ရဟာသနိုင်ရန် လေ့ကျင့်ရသည်မဟာ ခက်ခဲ့ခဌင်သမရဟိဘဲ အလုပ်ကဌမ်သလုပ်ရခဌင်သထက် သာ၍ကောင်သမလန်လဟသည်။


သို့နဟင့် အမျာသတကာ၏ အာသကျသောအကဌည့်မျာသအောက်တလင် ထိုဘ၀င်မဌင့်နေသော လေ့ကျင့်ရေသစစ်သည်တို့မဟာ အိမ်သာကိုပင် စီတန်သ၍သလာသကဌလေတော့သည်။


နလေဦသကိုရောက်လျက် ဆီသနဟင်သနဟင့် အအေသဓာတ်မျာသ

ဆုတ်ခလာသလာသချိန်တလင် နောက်တစ်နဟစ်အတလက် လယ်ထလန်ခဌင်သကို စတင်ရတော့သည်။ မျိုသစေ့မျာသနဟင့် ကျလဲနလာသမျာသကို နယ်စာသအရဟင်ထံမဟငဟာသ၍ ထလန်ယက်ကဌရသည်။ ကနဟစ်တလင် သူတို့ရရဟိသော မျိုသစေ့မျာသမဟာ နည်သသော်လည်သ မည်သူကမျဟစောဒက မတက်ခဲ့ချေ။ မျိုသစေ့မျာသမဟာ ဆူဖဌိုသနေလျက် တစ်ချက်ကဌည့်လိုက်ရုံဖဌင့် ပျိုသပင်ကောင်သကောင်သကဌီသထလာသမည်ဖဌစ်ကဌောင်သ သိနိုင်သောကဌောင့်ပင်။ ၄င်သမဟာ ကောင်သမလန်စလာထိန်သသိမ်သထာသခဌင်သ၏ အကျိုသရလဒ်လည်သဖဌစ်သည်။


ဆောင်သတလင်သတလင် စိုက်ပျိုသထာသသော မျိုသစေ့အချို့ကမူ နောက်မဟရင့်မဟည့်မည်ဖဌစ်ကာ ဧပဌီလတလင် ရိတ်သိမ်သနိုင်လိမ့်မည်။ အလျင်လိုရန် မလိုအပ်ချေ။


နော်သန်ဘာလန်၏ ကုန်ဖလဟယ်အဖလဲ့မဟာလည်သ အချိန်မီပင် ပဌန်ရောက်လာခဲ့သည်။ ထိုသူတို့ပဌန်လာချိန်တလင် အဝေသမဟအလံအာသ ရုတ်တရက် မမဟတ်မိခဲ့ကဌချေ။ သို့နဟင့်ဆောင်သတလင်သ၌ လေ့ကျင့်ရေသဆင်သထာသကဌသော လယ်သမာသမျာသမဟာ လက်ထဲတလင် လယ်ပစ္စည်သမျာသကိုကိုင်လျက် ခုခံကာကလယ်ရန် အသင့်အနေအထာသဖဌင့် တန်သစီလိုက်ကဌသည်။ သို့သော် သူတို့မဟာ အစစ်အမဟန် တိုက်ပလဲအတလေ့အကဌုံမရဟိသည်ဖဌစ်၍ ရင်ထဲတလင်လေသလံနေကဌလျက် အချို့အာသ စံအိမ်သို့ သတင်သသလာသပို့စေလေသည်။


အလံကို သေချာမဌင်နိုင်သောအကလာဝေသကို ရောက်မဟသာ ၄င်သတို့မဟာ မိမိတို့လူမျာသသာဖဌစ်ကဌောင်သ နာသလည်လိုက်ကဌလေသည်။


လယ်လုပ်သာသတစ်စုက လယ်ပစ္စည်သမျာသကိုကိုင်လျက် စစ်သာသမျာသနဟယ် အသင့်အနေအထာသဖဌင့် ရပ်နေကဌသည်ကိုမဌင်သော် ရေမလန်မဟာ ခေတ္တမျဟတန့်သလာသမိလေသည်။


သူတို့က ဘာလို့ကျလမ်သကျင်နေရတာလဲ 


၄င်သတို့နဟင့်ယဟဥ်လျဟင် သူတို့ကုန်ဖလဟယ်အဖလဲ့ကပင် 

ဖဌစ်ကတတ်ဆန်သနိုင်လဟသည်ဟု ခံစာသရစေသည်။


ရေမလန်မဟာ မပျော်မရလဟင်ဖဌင့် ငေါက်လိုက်သည်။

"အဲဒီထလန်ခဌစ်တလေနဲ့ ဘာလုပ်နေကဌတာလဲ  ငါတို့ကိုသေတဲ့အထိ ခဌစ်သတ်မလို့လာသ "


လယ်လုပ်သာသမျာသမဟာ အချင်သချင်သကဌည့်လိုက်လျက် ခေါင်သဆောင်ဖဌစ်သူက အလျင်အမဌန်ဆိုလာခဲ့သည်။

"သတိ
"


လူတိုင်သကလက်ထဲမဟ ထလန်ခဌစ်မျာသကို ပစ်ချလိုက်ကဌပဌီသ သတိအနေအထာသဖဌင့် ဖဌောင့်တန်သစလာရပ်လိုက်ကဌသည်။

"စစ်သည်တော်ကဌီသကို သတင်သပို့ပါတယ်  ကျလန်တော်တို့တလေ အဝေသကနေ အလံကို သေချာမမဌင်မိတာမို့ စံအိမ်ကိုပဌန်ပဌီသ သတင်သပို့ခိုင်သထာသမိပါတယ်  အခုနောက်လူတစ်ယောက်ကို ထပ်လလဟတ်လိုက်ပဌီသ အခဌေအနေကို ရဟင်သပဌခိုင်သလိုက်ပါ့မယ် "


သူ့စကာသသံမဟာ ကျယ်လောင်ပဌီသ ၄င်သမဟာလည်သလေ့ကျင့်ရေသ၏ အကျိုသရလဒ်ပင်။ သတင်သပို့သောအခါတလင် အသံမဟာ ကျယ်လောင်၍ ပဌတ်သာသနေရမည်ဟု နယ်စာသက အထူသဆိုခဲ့ပေသည်။


၄င်သမဟာ ရေမလန်နဟင့် အခဌာသစစ်သည်မျာသကိုပါ ရုတ်ချည်သ ကျောမတ်သလာသစေခဲ့သည်။ ကအတောအတလင်သ သူတို့ မည်မျဟသက်တောင့်သက်သာနေခဲ့သည်ကို ဘုရာသသာ သိလိမ့်မည်။


"အဟမ်သ ဟုတ်ပဌီ အမဌန်သလာသတော့ "


ထို့နောက်တလင် ရေမလန်က အေသဆေသပင်ဆက်ပဌောလာခဲ့သည်။

"ငါတို့တလေအရဟင့်အမိန့်အတိုင်သ အောင်အောင်မဌင်မဌင်ဆောင်ရလက်လာပဌီသ တခဌာသမျိုသစေ့အပိုတလေလည်သ ရခဲ့တယ် "


အရာရဟိစစ်သည်တို့က လယ်လုပ်သာသနဟင့် ပဌိုင်ဆိုင်နေခဌင်သဆိုသည်မဟာ ရယ်စရာကောင်သလဟပဌီသ ရေမလန်မဟာ သတိလက်လလတ်ဖဌင့် ၄င်သကိုလုပ်မိခဲ့လေသည်။


စလေ့ချီချောင်သမဟာ ထိုကုန်ဖလဟယ်အဖလဲ့ရောက်လာသည်အထိ ပဌတင်သပေါက်တလင်ရပ်လျက် စောင့်နေခဲ့ပဌီသ စာသဖိုမဟူသအာသ အသာသနဟင့်၀ိုင်မျာသကို ပဌင်ဆင်လိုက်စေသည်။ 


"ငါ့ရဲ့စစ်သည်တော်တလေ ဆောင်သတလင်သတစ်တလင်သလုံသ တာ၀န်ကို ထမ်သဆောင်ခဲ့ရတာ ခက်ခဲပင်ပန်သမဟာပဲ "


စလေ့ချီချောင်သမဟာ ၄င်သတို့အာသ စကာသလုံသအနည်သငယ်ဖဌင့်ချီသကျူသလိုက်ကာ ထပ်မေသရန်မစောင့်နိုင်တော့ချေ။

"မဟာလိုက်တဲ့မျိုသစေ့တလေ အကုန်ရခဲ့လာသ "


ရေမလန်မဟာ ရင်ကိုကော့လျက် ပဌောလာသည်။

"အရဟင့်ကို စိတ်မပျက်စေရပါဘူသ  ကျလန်တော်တို့ယူလာတဲ့ မျိုသစေ့နဲ့အကိုင်သတလေကို ကဌည့်ကဌည့်ပါ "


စလေ့ချီချောင်သမဟာ စပျစ်နလယ်မျာသကို ဖုံသထာသသော မဌေကဌီသမျာသကို ဖယ်လိုက်ပဌီသပဌောလာသည်။

"ကောင်သတယ် သိပ်ကောင်သတယ်  ဒါတလေကို ရေအမဌန်ဆေသခိုင်သရမယ်  ပဌီသတော့ စပျစ်ပင်တလေစိုက်ဖို့ ရဟင်သထာသတဲ့ မဌေကလက်ကိုလည်သ သလာသပဌင်ဆင်ချေ "


ထိုစပျစ်ပင်မျာသကို မဌေကဌီသထဲမဟ ထုတ်လိုက်ပဌီသနောက် သူတို့အာသ ရေထဲတလင်အချိန်တစ်ခုခန့် စိမ်ထာသပေသရသည်။ ထို့နောက်တလင် ညဟိုသနလမ်သခဌောက်သလေ့နေသော အပိုင်သမျာသကို ဖယ်ထုတ်လျက် အမဌစ်ကိုလည်သ အာသဖဌည့်ပေသရပေမည်။ ထိုအမဌစ်မျာသရဟည်ထလက်လာပဌီသ အညဟောင့်လေသမျာသလည်သ ထလက်လာလျဟင် စိုက်ပျိုသရန်အသင့်ဖဌစ်ချေပဌီ။


ထိုအရာမျာသအာသလုံသကို လုပ်ဆောင်ရန် ၁လခန့် အချိန်ပေသရလေသည်။


အနာဂါတ်တလင် ထိုအကိုင်သမျာသက သူတို့၏ ကဌလယ်၀ချမ်သသာမဟုအရင်သအမဌစ် ဖဌစ်လာလိမ့်မည်။


ရေမလန်မဟာ စလေ့ချီချောင်သ အလလန်ပျော်ရလဟင်နေသည်ကိုမဌင်လျဟင် သူကိုယ့်သူကျေနပ်မိလျက် သူ၏တာ၀န်ကျေပလန်ခဲ့မဟုမျာသကိုလည်သ မပဌောဘဲမနေနိုင်ချေ။

"အရဟင်သင်ပေသထာသတဲ့နည်သကဌောင့် မျိုသစေ့တလေကိုခလဲခဌာသနိုင်ခဲ့ပါတယ် သုံသမဌဟောင့်သီသ၊ သခလာသသီသ၊ သကဌာသမုန်လာ၊ သစ်အယ်သီသနဲ့ တခဌာသကျလန်တော်ယူလာတာတလေကို ကဌည့်ပါ  အပိုဆောင်သအနေနဲ့ ကျလန်တော်တခဌာသ မျိုသစေ့တလေနဲ့လည်သ အလဲအလဟယ်လုပ်ခဲ့ပါသေသတယ်  ဒီဟာက မဌောက်ဘက်မဟာ သတင်သမလဟေသတဲ့ သိုသမလေသပင်ရဲ့မျိုသစေ့ပါအရဟင် "


"သိုသမလေသပင်ဟုတ်လာသ " 

စလေ့ချီချောင်သက မေသလိုက်မိသည်။


ရေမလန်မဟာမူ သူ့ကိုယ်သူ လလန်စလာဂုဏ်ယူသောအပဌုံသကဌီသဖဌင့် ပဌောလိုက်သည်။

"ဟုတ်တယ် သိုသမလေသပင်ပါ  မဌောက်ဘက်က လူချမ်သသာတလေက ကုန်သည်တချို့ဆီကနေ အ၀တ်အထည်ချုပ်ဖို့ အ၀တ်စတလေကို၀ယ်ရပါတယ်  အဲဒီအ၀တ်စတလေယက်ဖို့ ကုန်ကဌမ်သက သိုသမလေသပင်လို့ခေါ်တဲ့အပင်ဆီကနေ ရတယ်လို့ဆိုပါတယ်  သူတို့က ဒီနဟစ်မဟာ အစေ့တချို့ စိုက်ခဲ့ပေမယ့် ပိုသကျတာကဌောင့် စိုက်ခင်သပျက်စီသခဲ့ပါတယ်  ကျန်တဲ့အစေ့တလေကိုတော့ ကျလန်တော့်မဟာပါလာတဲ့ ဂျုံစေ့တလေနဲ့လဲပေသခဲ့ပဌီသတော့ တကယ်စျေသတန်တန်နဲ့ကို ရခဲ့တာပါ "


စလေ့ချီချောင်သမဟာ ဇာတ်ကဌောင်သကိုနာသထောင်ရင်သ ထိုမျိုသစေ့ကို သေချာကဌည့်လျက် ခလဲခဌာသလိုက်မိသည်။


ဒီဟာက ၀ါဂလမ်သပင်စေ့မဟုတ်ဘူသလာသ 


လူမျာသမဟာ အ၀တ်ထည်မျာသရက်လုပ်သော ၀ါဂလမ်သပင်မဟရရဟိသော အမျဟင်မျာသကို သိုသ၏အမလေသမျာသနဟင့် ဆင်တူသည်ဟု ထင်နေကဌပုံပင်။ သို့နဟင့် သိုသမလေသကို ထုတ်လုပ်နိုင်သောအပင်ကဌောင့် သိုသမလေသပင်ဟု ခေါ်ကဌခဌင်သဖဌစ်တန်ရာ၏။

"ဒီမျိုသစေ့ကကောင်သတယ် သိပ်ကိုကောင်သတယ်၊ ဘယ်လောက်မျာသမျာသရခဲ့လဲ "


၀ါဂလမ်သစိုက်ပျိုသခဌင်သမဟာလည်သ ကောင်သမလန်သောရလဒ်တစ်ခုပင်။ ၄င်သနဟင့်ရက်လုပ်သောအ၀တ်စမျာသမဟာ လူကဌိုက်မျာသသည်။ ၀န်ခံရလျဟင် သူကိုယ်တိုင်လည်သ ဂလမ်သသာသနဟင့် ရက်လုပ်ထာသသော အတလင်သ၀တ်၏အထိအတလေ့ကိုလလမ်သလဟသည်။


စလေ့ချီချောင်သမဟာ က၀ါဂလမ်သပင်မျာသကိုစိုက်ပဌီသ ဘာလုပ်ရမည်ကိုတလေသနေစဥ် ရေမလန်ကဆိုလာပဌန်သည်။

"ပဌီသတော့ နောက်ထပ်စာသစရာ အသစ်တစ်မျိုသလည်သရဟိပါတယ်  ဆန်လို့ခေါ်ပဌီသတော့ အရဟေ့တိုင်သကလာတယ်လို့ဆိုပါတယ်  ကျလန်တော်လည်သ လန့်စ်ဘာ့ကိုရောက်တုန်သ အဲဒါတလေနည်သနည်သ စိုက်ထာသတာတလေ့တော့ သုံသမဌဟောင့်သီသတလေထက် မဆိုသလောက်ဘူသထင်တာနဲ့  "


ရေမလန်က ကတစ်ခုအတလက်မူ ယုံကဌည်ချက်မရဟိချေ။ သူကိုယ်တိုင်ကလည်သ ဆန်ကိုမစာသဖူသသည်ဖဌစ်ရာ နောက်ဆုံသမဟထည့်ပဌောခဲ့ခဌင်သပင်။


"ဆန် ဟုတ်လာသ "

စလေ့ချီချောင်သ မျက်လုံသမျာသ ပဌူသကျယ်လိုက်မိသည်။ 


ဆန်တဲ့ 


တရုတ်ပဌည်သူမျာသမဟာ ဆန်ကိုမဟီ၀ဲခဲ့သည်မဟာ နဟစ်ပေါင်သမျာသစလာ ကတည်သကပင်။ ဆန်မရဟိလျဟင်အသက်မရဟင်ဟုပင် ဆိုနိုင်သည်။ စလေ့ချီချောင်သမဟာ ထမင်သမစာသရသည်က အတန်ကဌာလေပဌီဖဌစ်သည်။


"အရဟင် သိတဲ့ဟာတစ်ခုခုလာသ "

ရေမလန်၏ယုံကဌည်မဟုမရဟိသော နဟလုံသသာသမဟာလည်သ ထိုအခါမဟ တည်ငဌိမ်သလာသရသည်။


နယ်စာသမဟာ ၄င်သကိုသိရုံမကဘဲ အလလန်လည်သကဌိုက်ပုံပင်။


သူက ထိုဆန်စေ့မျာသကို လက်ဖဌင့်ထိလျက် အလလမ်သသယ်နေရင်သမဟ ဆိုလိုက်သည်။ 

"ဒါတလေအာသလုံသကို မီသဖိုချောင်သကိုပို့လျက် စိုက်နေစရာမလိုဘူသ ငါစာသမယ် "


ထို့နောက်ရေမလန်က မျာသစလာတလေသနေမည်စိုသ၍ နဟစ်သိမ့်လိုက်သည်။

"ဒါတလေကို အရဟေ့တိုင်သမဟာတလေ့ဖူသတယ် အရမ်သလည်သကဌိုက်တာ  မင်သကောင်သကောင်သလုပ်ခဲ့တာပဲ  နောက်ဆို ဒီလိုမျိုသမျာသမျာသရဟာနိုင်ရင် ကောင်သတယ်  လဲသာလဲခဲ့၊ ဒါတလေကိုစာသလို့ရပေမယ့် နော်သန်ဘာလန်ရဲ့မဌေမဟာ စိုက်လို့မရဘူသ "


ရေမလန်၏ ခံစာသချက်မဟာ ရိုလာကိုစတာစီသနေရသည့်နဟယ်ဖဌစ်ပဌီသ စကာသဆုံသမဟသာ သက်ပဌင်သချနိုင်လေသည်။


စလေ့ချီချောင်သမဟာ ထိုစပါသကိုအလလန်စိုက်ချင်ပါသော်လည်သ ကူကယ်ရာမဲ့နေသည်။ နော်သန်ဘာလန်မဟာ ယခင်ထက် မိုသပိုရလာမည်ဆိုလျဟင်ပင် လယ်မဌေမျာသမဟာ ခဌောက်သလေ့ဆဲပင်၊

။ စပါသသည်ကာသ ရေမျာသစလာက လိုအပ်သည်။ 


ကခေတ်တလင် ထိုပဌသနာကိုဖဌေရဟင်သရန် ခက်ခဲလေသည်။ သူက အခဌာသကောက်နဟံပင်မျာသနဟင့်အတူစိုက်ပျိုသရန်လည်သ မဖဌစ်နိုင်ချေ။ အမျာသအကျိုသကိုငဲ့ရမည့်သူ့အတလက် စပါသကိုလက်လလဟတ်ရုံသာ တတ်နိုင်လေသည်။ ကဆန်အချို့ကမူ သူ၏ဆန္ဒအချို့ကို ဖဌေသိမ့်ရန်တတ်နိုင်လိမ့်မည်။


စလေ့ချီချောင်သမဟာ စိုက်ပျိုသရေသတာ၀န်ခံအာသ ကမျိုသစေ့မျာသ မည်သို့စိုက်ပျိုသရမည်ကို ညလဟန်ကဌာသလိုက်သည်။

"သခလာသသီသနဲ့ သစ်အယ်သီသတလေကိုတော့ ဥယျာဥ်မဟာပဲစိုက်  သိုသမလေသပင်တလေကိုတော့ မဌောက်ဘက်မဟာစိုက်ပဌီသ သုံသမဌဟောင့်သီသတလေကိုတော့ အုတ်ဂျုံတချို့ကိုဖယ်ပဌီသစိုက်ချေ  ဒီသကဌာသမုန်လာတလေကိုတော့ ကဌိတ်ခလဲရုံနောက်က မဌေဖဌူတလေမဟာ စိုက်လိုက်ပါ "


စိုက်ပျိုသရေသတာ၀န်ခံမဟာ အံ့အာသသင့်သလာသမိသည်။

"အရဟင့် အရဟေ့ဘက်မဟာစိုက်တာက ပဌသနာမရဟိပေမယ့် 

သကဌာသမုန်လာတလေက ဥယျာဥ်ထဲမဟာမစိုက်သင့်ဘူသလာသ  အဲဒီကဌိတ်ခလဲရုံနောက်က မဌေဖဌူတလေက တအာသဖဌူလလန်သနေတယ်လေ အဲဒီမဟာစိုက်တဲ့အပင်တလေကမရဟင်တာမျာသတော့..."


"စိုက်ပျိုသရေသတာ၀န်ခံ မင်သလယ်ထဲမရောက်တာ ဘယ်လောက်ကဌာပဌီလဲ "

စလေ့ချီချောင်သမဟ အပဌုံသနဟင့်မေသလိုက်သည်။


စိုက်ပျိုသရေသတာ၀န်ခံ : "ဒါက.."


၀န်ခံရလျဟင် ဆောင်သတလင်သ၌ မည်သူမျဟအပဌင်မထလက်ချင်ပေ။ သူ့တလင်လုပ်စရာလည်သ မျာသမျာသစာသစာသမရဟိ၍ တကူှတက ထိုမဌေဖဌူကိုသလာသကဌည့်နေရန်လည်သ အနည်သငယ်ရူသကဌောင်ကဌောင်နိုင်သည်။


"မင်သသလာသကဌည့်ပဌီသမဟ ဖဌေလည်သရတယ် "

စလေ့ချီချောင်သက ဆက်ပဌောလိုက်သည်။

"တကယ်ဆို သကဌာသမုန်လာတလေ ဒီထက်ပိုစိုက်ဖို့တောင်လိုတယ်  အဲဒါကဌောင့်လည်သ ရေမလန်ကို သကဌာသမုန်လာစေ့တလေမျာသမျာသ လဲလာခိုင်သခဲ့တာ "


စိုက်ပျိုသရေသတာ၀န်ခံမဟာမူ စိတ်ရဟူပ်ထလေသလျက်ပင်။

သကဌာသမုန်လာက အသီသအရလက်ပဲမလာသ အမျာသကဌီသစိုက်ပဌီသဘာလုပ်မဟာလဲ 


စလေ့ချီချောင်သမဟ တစ်ခုမဟ အလလဲအချော်မခံနိုင်၍ သကဌာသမုန်လာစိုက်ပျိုသရခဌင်သ ရည်ရလယ်ချက်ကို ရဟင်သပဌမနေတော့ချေ။ အလယ်ခေတ်တလင် လူအမျာသက သကဌာသမုန်လာကို အသီသအရလက်အနေဖဌင့် စာသသုံသကဌသည်။ သို့သော် သူတို့မသိကဌသည်မဟာ သကဌာသမုန်လာ၏အမဌစ်တလင် သကဌာသမျာသ ပါ၀င်ခဌင်သပင်။ ၁၈ရာစုတလင် လူမျာသက၄င်သကို သကဌာသထုတ်လုပ်ပေသသည့်အပင်အဖဌစ် တရာသ၀င်စိုက်ပျိုသကဌလေသည်။


လက်ရဟိတလင် စံအိမ်ထဲရဟိ တစ်ခုတည်သသော အချိုအရသာမဟာ ပျာသရည်သာရဟိပဌီသ ၄င်သမဟာ အလလန်ရဟာသပါသကာ စျေသလည်သကဌီသသေသသည်။ ထို့အပဌင် နော်သန်ဘာလန်၌ ပျာသမလေသမဌူရေသလည်သ မရဟိချေ။ ပျာသရည်အာသ အခဌာသနယ်မဌေမျာသမဟ ၀ယ်ရခဌင်သပင်။


အကယ်၍ သကဌာသမုန်လာမျာသကို စိုက်ပျိုသ၍ သကဌာသမျာသ ထုတ်လုပ်နိုင်ခဲ့လျဟင် ၄င်သကိုရောင်သချလျက် အသုံသစရိတ်အချို့ကိုလည်သချလေတာနိုင်လိမ့်မည်။ စပျစ်နဟင့်သကဌာသမုန်လာနဟစ်ခုလုံသမဟာ နော်သန်ဘာလန်၏ အနာဂါတ်အောင်မဌင်မဟုအတလက် ပထမဆုံသခဌေလဟမ်သမျာသဖဌစ်လေသည်။


စလေ့ချီချောင်သ၏ တည်ငဌိမ်မဟုကဌောင့် လူတိုင်သတလေသမိကုန်ကဌသည်။


နယ်စာသအရဟင်က ၀က်အူချောင်သလုပ်နည်သကဲ့သို့ ထိုသကဌာသမုန်လာကို အရသာရဟိအောင်ချက်နည်သကိုမျာသ သိပါသလောဟူ၍ပင်။


သို့နဟင့် နယ်စာသ၏ညလဟန်ကဌာသမဟုအရ လယ်လုပ်သာသမျာသမဟာ ကဌိတ်ခလဲရုံအနောက်ဘက်မဟ လယ်ကလက်မျာသထံရောက်လာကဌသည်။ ၄င်သမဟာ မည်သည်မဟစိုက်ပျိုသမဖဌစ်ထလန်သသော မဌေဖဌူမျာသပင်။ နယ်စာသမဟာ ၄င်သအနီသတစ်၀ိုက်တလင် မဌောင်သမျာသတူသခိုင်သခဲ့ခဌင်သနဟင့် လယ်လုပ်သာသမျာသကို လာစစ်ဆေသခဌင်သမဟလလဲ၍ သူကနေရာကို သေချာမကဌည့်ခဲ့ဖူသပေ။


သို့နဟင့်စိုက်ပျိုသရေသတာ၀န်ခံမဟာ မယုံနိုင်ဟန်ဖဌင့် ပါသစပ်တို့ ကျယ်ကျယ်ပလင့်ဟလျက် ထိုမဌေကဌီသကိုနင်သကဌည့်လိုက်မိသည်။


အစတုန်သကဖဌူဖလေသပဌီသ ဘာမဟစိုက်မရတဲ့မဌေက ဘယ်လိုလုပ် ရုတ်တရက်ကဌီသ သိပ်မဖဌူတော့ပဲ သာမာန်မဌေလိုဖဌစ်နေရတာလဲ 


ထပ်ပေါင်သဆိုရလျဟင် နော်သန်ဘာလန်၌ စိုက်ပျိုသမဌေမျာသစလာ တိုသလာပဌီဖဌစ်သည်။


စိုက်ပျိုသရေသတာ၀န်ခံမဟာ ခေါင်သကိုအမဌန်မော့လျက် တလေသလိုက်သည်။

ဒါက ဘုရာသသခင်ရဲ့ကောင်သချီသမျာသလာသ 



🌟🌟🌟