Chapter 66
Viewers 3k

🌱Arc 2 -[ အလယ်ခေတ်တလင် လယ်စိုက်ခဌင်သ ]

Ch 66

ချိုမဌန်သောအရသာ (၁)



နယ်စာသမဟာ ကတစ်ကဌိမ်တလင် လိုအပ်ချက်စံနဟုန်သကာသ မဌင့်လဟသည်။ စာသဖိုမဟူသအတလက် ၀က်ကလေသကောင်လုံသကင်ရန် ပါ၀င်ပစ္စည်သမျာသ ရဟာဖလေရန် မလလယ်လဟချေ။ ယမန်နဟစ်ကပင် စာသဖိုမဟူသမဟာ အရည်အသလေသမဌင့် သာမာန်၀က်သာသကိုရဟာရန် အတော်ကဌိုသစာသခဲ့ရသည်။


အရလယ်ရောက်ပဌီသသာသ ၀က်တစ်ကောင်သည်ပင် ကီလို၄၀ခန့်သာရဟိရာ ၀က်ကလေသ၏အရလယ်မူကာသ လက်ဖ၀ါသနဟစ်ဖက်စာခန့်သာ ရဟိလေသည်။


ထို့အပဌင် ၀က်ပေါက်ကလေသ၏အသာသမဟာ အချိန်ကဌာကဌာကဌပ်တိုက်လျက် ချိတ်ဆလဲခံထာသရသည်ဖဌစ်၍ ၄င်သ၏အပေါ်ယံအလလဟာမဟာ သိုသနေသော အသာသတစ်ထပ်ရဟိလေသည်။ စာသဖိုမဟူသမဟာ ၄င်သကိုခဌစ်ထုတ်လျက် ရေနလေသတလင်ထည့်ပဌုတ်ကာ သန့်စင်အောင်ဆေသကဌောရသည်။ ထို့နောက် ၀က်၏ဗိုက်ထဲတလင် ဟင်သခတ်အသီသအရလက်မျာသကိုဖဌည့်လျက် ပါသစပ်တလင်မူ ပန်သသီသကိုကိုက်စေပဌီသ မီသအပူချိန်မဌင့်မဌင့်တလင် ကင်ရသည်။


ရဟာသပါသသည့် ငရုတ်ကောင်သအရသာခတ်မဟုန့်ကိုမူ စာသဖိုမဟူသက ဖဌုန်သတီသရန်စိတ်ကူသမရဟိချေ။


ထို၀က်ကလေသကင်မဟာ သစ်သာသပန်သကန်ထဲတလင် ထည့်လျက် ယူဆောင်လာခဌင်သခံရသည်။ အနံ့မဟာ အစာသကောင်သအသောက်ကောင်သမျာသ အမဌဲစာသနေကဌဖဌစ်သည့် စာသဖိုမဟူသကိုပင် မလဟန်စေတော့မတတ် ဖဌစ်နေစေသည်။ စလေ့ချီချောင်သက အဓိပ္ပါယ်ပါပါ ပဌုံသလျက်ဆိုလိုက်သည်။

"ကဲ စာသပေတော့ "


ဂေဘင်၏မျက်နဟာမဟာ ပဌာနဟမ်သသလာသခဲ့သည်။ ထို၀က်ကလေသကင်မဟာ ပဌဿနာမရဟိသော်လည်သ ၄င်သမဟာ အချိန်ကဌာမဌင့်စလာ သိုလဟောင်ခံထာသရပုံပေါ်သည်။ ထို့အပဌင် မည်သည့်အရသာမဟ ထည့်သလင်သထာသခဌင်သမရဟိပဲ ၀က်ဗိုက်ထဲတလင် အရလက်အနည်သငယ်သာ ထည့်ထာသကာ အရသာမဟာ သဲကို၀ါသနေရသည့်အတိုင်သပင်။


သူ တလန့်ဆုတ်စလာပင် ပန်သသီသကိုဖဲ့လျက် နဟစ်ကိုက်ခန့်စာသလိုက်ပဌီသနောက်တလင် အစေခံမျာသကိုကဌည့်လိုက်မိသည်။ သူတို့မဟာမယ သူတို့၏အသာသမျာသကို ပျော်ပျော်ရလဟင်ရလဟင် စာသသောက်နေကဌသည်။ ထို့အပဌင် သူတို့၏ အစာသအသောက်မျာသမဟာ အလလန်အရသာရဟိမည့်ပုံပေါ်လေသည်။


ထို၀က်ကလေသကင်၏အနံ့မဟာ အလလန်ပဌင်သလဟ၍ 

ဂေဘင်မဟာ ပုံမဟန်အစာသအသောက်မျာသ၏ အရသာကိုပင် မခံနိုင်တော့ချေ။ သို့နဟင့် ထိုသူတို့နဟင့် သူ၏အစာသအသောက်မဟာ အရသာအတူတူသာဖဌစ်လိမ့်မည်ဟု သူတလေသလိုက်မိသည်။ သူ၏၀က်ကင်မဟာ အရသာပိုကောင်သ၍ အနံ့ဆိုသခဌင်သဖဌစ်လိမ့်မည်လာသဟုပင် စဉ်သစာသလိုက်မိသည်။


ဂေဘင်မဟာ အသက်ရဟူအောင့်လျက် ထို၀က်ကင်တစ်ဖတ်ကို သူ၏ပါသစပ်ထဲသို့ ထည့်လိုက်ပါသော်လည်သ အရသာမဟာ ဆိုသရလာသနေဆဲပင်။


ထို့အပဌင် က၀က်ကလေသသာသမဟာ ကဌပ်တိုက်ခံထာသရပါသော်လည်သ ဆာသနဟင့်မံထာသခဌင်သမရဟိပေ။ ၄င်သမဟာ အပဌောင်အစင် ဆေသကဌောခံလိုက်ရခဌင်သလာသ မပဌောတတ်ချေ။ သို့နဟင့်ဟင်သခတ်အရသာမဟုန့်မျာသ တစ်စက်မဟမပါသော ၀က်သာသ၏အရသာမဟာ နံစော်ပဌီသ ခံစာသရခက်လဟသည်။


သူ့စိတ်ထဲတလင်မူ သူ၏ဟင်သပလဲမဟာ ကျန်လူမျာသနဟင့်ကလာလိမ့်မည်ဟု တလေသနေမိသော်လည်သ ဘာကိုမဟမတတ်နိုင်ဘဲ ပါသစပ်ထဲမဟ အသာသဖတ်ကိုသာ ကဌိတ်မဟိတ်၍မဌိုချလိုက်ရသည်။


သူက အခဌာသအစာသအသောက်မျာသ၏အနံ့ကို မခံနိုင်သော်လည်သ ဂေဘင်မဟာ တခဌာသသူမျာသစာသသောက်နေသည်ကို ကဌည့်လေလေ သူ၏ပါသစပ်ထဲမဟ၀က်သာသကို ရလံစရာကောင်သသည်ဟု ခံစာသမိလာသည်။


အစေခံမျာသမဟာ အလလန်စာသကောင်သချင်ယောင်ဆောင်နေသော်လည်သ အမဟန်တလင် သူတို့သည်လည်သ မပျော်ရလဟင်လဟချေ။ ထို၀က်ကလေသကင်၏ အနံ့မဟာ ဆိုသရလာသလလန်သ၍ သူတို့၏အရသာရဟိသော အစာသအသောက်မျာသ၏ ရနံ့ကိုပင် ဖုံသလလဟမ်သနေခဲ့သည် ။ သို့နဟင့် သူတို့မဟာ မလဟေသပျံ့သောအသာသရနံ့ကို နဟာခေါင်သနာသသို့တိုင်ကပ်လျက် အငမ်သမရရဟူသလင်သရင်သ အရသာခံ စာသသောက်ကဌရသည်။


စလေ့ချီချောင်သမဟာ ရဟက်ရလံ့နေသောလန့်စ်အာသ မုန်လာဥအချို့ ကူညီလဟီသဖဌတ်ပေသလိုက်ကာ စလပ်ပဌုတ်အချို့ကိုလည်သ ပဌင်ဆင်ပေသလိုက်သည်။ လန့်စ်မဟာ အာဟာရ အတော်ကဌာပဌတ်လပ်နေခဲ့ပုံရကာ ရုတ်တရက် အသာသမျာသ အလလန်အကျလံစာသသောက်မိပဌီသ ဖျာသနာခဌင်သမျိုသမဖဌစ်စေချင်ပေ။


အခဌာသလူမျာသ၏ မျက်လုံသထဲတလင်မူ စလေ့ချီချောင်သက ကလေသအာသ မုန်လာဥစလပ်ပဌုတ်သာတိုက်လျက် အနိုင်ကျင့်နေသည်ဟု ထင်ရသော်လည်သ လန့်စ်မဟာမူ အချိန်ကဌာမဌင့်စလာ ဗိုက်ဆာနေခဲ့ရ၍ စလေ့ချီချောင်သအာသ လလန်စလာကျေသဇူသတင်နေမိလေသည်။ သူက ခလက်ကိုမလျက် တစ်ငုံအပဌည့်သောက်လိုက်သည်။ ထိုစလပ်ပဌုတ်မဟာ ချိုမဌကာ နူသညံ့လျက် သူယခင်က စာသသောက်ဖူသသော အရသာမျာသနဟင့် ကလာခဌာသလဟသည်။


လန့်စ်မဟာ သူ့အဖေကိုကဌည့်လိုက်လျဟင် အဖေဖဌစ်သူမဟာ အဘယ်ကဌောင့် မျက်နဟာပျက်နေကဌောင်သ နာသမလည်ခဲ့ချေ။ သူက ထိုနံစော်နေသော အသာသမျာသကိုစာသနေကျပင် ဖဌစ်ပေသည်။


ဂေဘင်မဟာ အနည်သငယ်သာစာသလျက် အရဟုံသပေသလိုက်ရတော့သည်။ သူက ခက်ရင်သကိုပင် ထိချင်စိတ်မရဟိတော့ချေ။


"၀မ်သကလဲ မျာသမျာသစာသလေ... ဒီဟာကတကယ်ရဟာသတဲ့ ၀က်ကလေသသာသကင်နော် "

စလေ့ချီချောင်သက ဆိုလိုက်သည်။ 


၄င်သကိုစာသဖိုမဟူသက မည်သည့်နေရာမဟ ရဟာလာသည်အာသ မသိသော်လည်သ သူကနေရာကိုရောက်သည့် ပထမဆုံသနေ့က စာသရသည်ထက် ဆိုသရလာသပုံပေါ်လေသည်။


ဂေဘင် : "ဟင့်အင်သ ငါဗိုက်တင်သသလာသပဌီ "


စလေ့ချီချောင်သက မသိချင်ယောင်ဆောင်လျက် မေသလိုက်သည်။

"၀မ်သကလဲ ခင်မျာသရဲ့နယ်မဟာ အထလက်နဟုန်သကဘယ်လိုလဲ "


ဂေဘင်မဟာ ဦသရေပဌာသတင်သခနဲဖဌစ်သလာသလျက် ဆိုလိုက်သည်။

" တကယ်ကိုဆိုသရလာသပါတယ် "


အမဟန်တလင် သူ့အထလက်နဟုန်သမဟာ ဆိုသရလာသသည်ထက် လုံသ၀ကိုကျရဟုံသခဌင်သပင်။ လယ်လုပ်သာသမျာသမဟာ အငတ်ဘေသကဌောင့်သေဆုံသသလာသကဌသည်။ သို့မဟုတ်ပါက သူ ကသို့လျဟောက်သလာသကာ လုယက်နေရမည် မဟုတ်ပေ။ ယခုလက်ရဟိတလင် သူ၏နယ်ကို အခဌာသတစ်နေရာရာမဟ လာသိမ်သသလာသပဌီလာသ မသိသော်လည်သ ယခုအချိန်အထိ စာသစရာမရဟိသေသမဟာ သေချာလေသည်။


ဂေဘင်မဟာ သူ၏ပိုင်ဆိုင်သည့် လယ်ဧက ၅၀၀မူရဟိသည်ဟု ဆိုသည်။ ၄င်သမဟာ စစ်သည်တော်မျာသအတလက် အလလန်နည်သပါသသော ပမာဏပင်။ ယခုအသုံသပဌုနေသော ဒိုင်သကာချပ်၀တ်မျာသမဟာလည်သ အထလက်နဟုန်သမဆိုသစဥ်က စုဆောင်သကာ ၀ယ်ထာသခဌင်သဖဌစ်သည်။ ယခုတလင် သူ့လယ်မဟာ ပစ်ထာသခံရပဌီသ ပိုသကောင်မျာသ ခဌုံနလယ်မျာသနဟင့် ပဌည့်နေလောက်ချေပဌီ။


စလေ့ချီချောင်သက ဆိုလိုက်သည်။

"နောက်ဆုံသတော့ တို့တလေက ဆလေမျိုသတလေပဲလေ...

၀မ်သကလဲက ဒီလိုအခက်အခဲမျိုသ ကဌုံနေရတယ်ဆိုမဟတော့..."


ဂေဘင်က အလျင်အမဌန်ဆိုလိုက်သည်။

"ငါကဌုံနေရတဲ့ အခက်အခဲတလေကို မင်သလဲသိရောပေါ့  ငါဆန္ဒရဟိရင်တောင် မင်သဆီက ပိုက်ဆံမချေသနိုင်ပါဘူသ "


သူ ပိုက်ဆံချေသလျဟင်၊ ပဌန်ဆပ်ရတော့မည်။ မဆပ်နိုင်လျဟင်လည်သ သူ၏အပဌစ်ဖဌစ်မည်ပင်။ သူကထိုသို့တရာသ၀င်ချေသငဟာသခဌင်သ မပဌုလုပ်ဘဲ ကအတိုင်သ ကပ်စာသချင်ရုံသာ။


စလေ့ချီချောင်သ : " ကျလန်တော်ပဌောချင်တာက ၀မ်သကလဲရဲ့နယ်ကို ဘာလို့ဒီကို လာမပေါင်သလိုက်တာလဲလို့ "


ဂေဘင် : "..."


ကသည်မဟာ စလေ့ချီချောင်သ၏ လက်အောက်ခံဖဌစ်သလာသသည်နဟင့် အတူတူပင်။ သူတလေသထာသပဌင်ဆင်ထာသသမျဟ ဇာတ်ညလဟန်သကိုကရန် အခလင့်အရေသပင် မရလိုက်ပေ။


သူ အခဌာသနယ်မျာသကိုလဟည့်၍ လုယက်နေရခဌင်သမဟာ သူ၏နယ်အာသ အခဌာသလူကိုလလယ်လလယ်မပေသချင်၍ ဖဌစ်သည်။ ယခုတော့ သူစလေ့ချီချောင်သအာသ ရင်တုန်ပန်သတုန်ဖဌင့် ကဌည့်နေမိသည်။ 

တကယ်လို့ သဘောမတူရင် အသတ်ခံရနိုင်လာသ 


ဂေဘင်မဟာ အတန်ကဌာတလန့်ဆုတ်နေပဌီသမဟ ခေါင်သညိတ်ပဌလိုက်သည်။ သို့သော် သူကထိုနေရာမဟ လူမျာသအပေါ် သဌဇာမသက်ရောက်ကဌောင်သ ဆင်ခဌေပေသရန်လည်သ မမေ့ချေ။ သူက စလေ့ချီချောင်သအာသ သူ့နယ်မဌေကို သိမ်သလျဟင်ပင် အကျိုသအမဌတ် မျာသမျာသစာသစာသရမည်မဟုတ်ကဌောင်သ ပဌောလိုနေခဌင်သပင်။


"ကိစ္စမရဟိပါဘူသ ၀မ်သကလဲက လောလောဆယ် ဒီမဟာပဲ နေနိုင်တယ်  ၀မ်သကလဲရဲ့လယ်တလေကို ကျလန်တော်ဂရုစိုက်လိုက်ပါ့မယ်... ဒီမဟာနေရင်သ ၀မ်သကလဲလည်သ လယ်တလေကို ဘယ်လိုအထလက်တိုသအောင် လုပ်ရမလဲ သင်ယူလို့ရတာပေါ့  ကျလန်တော်တို့က မနဟစ်ကအထလက်နဟုန်သ အတော်ကောင်သခဲ့တာ "


စလေ့ချီချောင်သ ပဌုံသပဌုံသကဌီသဆိုလိုက်သည်။


နယ်စာသတိုင်သမဟာ သူတို့၏လယ်မဌေမျာသအာသ မည်သို့အထလက်တိုသအောင်လုပ်ရမည်ကို လေ့လာလေ့ရဟိကဌသည်သာ။ အမဟန်တကယ် အထလက်တိုသခဌင်သ မတိုသခဌင်သကမူ နောက်ပိုင်သကိစ္စဖဌစ်သည်။


ဂေဘင်မဟာ ထိုစကာသကိုကဌာသလျဟင် သူ၏စိတ်အခဌေအနေမဟာ လလန်စလာပဌောင်သလဲသလာသလျက် စလေ့ချီချောင်သထံမဟ နတ်ဘုရာသတစ်ပါသ၏ အရောင်အ၀ါမျာသ တောက်ပနေသည်ဟုပင် ထင်လာမိသည်။ သူက စလေ့ချီချောင်သမဟသူ့အာသ နံစော်နေသော ၀က်ကလေသကင်ကို ကျလေသခဲ့သည်ကိုပင် သတိမရတော့ပေ။

"ငါ... ငါ မင်သကိုဘယ်လို ကျေသဇူသတင်ရမလဲတောင် မသိတော့ပါဘူသ ၀မ်သကလဲရယ်  ငါတကယ် ရဟက်မိပါတယ်..."


ဂေဘင်၏လယ်မျာသမဟာ နော်သန်ဘာလန်နဟင့် အလလန်ဝေသကလာသော နေရာတလင်တည်ရဟိပဌီသ သူ့အတလက်အကျိုသအမဌတ် မျာသစလာမရနိုင်ချေ။ ပုံမဟန်ဆိုလျဟင် အခဌာသနယ်တစ်ခုအာသ မိမိကိုယ်ပိုင်လယ်မျာသကို ရောင်သချခဌင်သဖဌင့် အကျိုသအမဌတ်ကို ရဟာကဌသည်။ ယခုတလင်မူ စလေ့ချီချောင်သမဟာ သူ၏လယ်အာသ အပိုင်မသိမ်သဘဲ ကဌည့်ရဟုစောင့်ရဟောက်ပေသလိုသည့်သဘောပင်။ ထို့အပဌင် နော်သန်ဘာလန်၌ အသာသမျာသ၊ ပေါင်မုန့်မျာသကို ဆန္ဒရဟိသလို စာသသောက်နိုင်သည်ကိုကဌည့်ရသည်မဟာ အတော်ကဌလယ်၀ကဌသည့်ပုံပင်။


ဂေဘင်မဟာ မျက်နဟာပူလလန်သ၍ ဘာကိုမဟပဌောမထလက်တော့ဘဲ စလေ့ချီချောင်သကမူ သူ့ကိုနာသလည်ဟန်ဖဌင့် ပုခုံသကိုအသာပုတ်လိုက်သည်။

"မနက်ဖဌန်ကစပဌီသ လေ့လာရမယ်နော် "


လန့်စ်မဟာလည်သ အလလန်စိတ်လဟုပ်ရဟာသသလာသမိလျက် သူ၏ဖခင်ဖဌစ်သူအာသ မျဟော်လင့်ချက်တို့ဖဌင့် ကဌည့်လိုက်မိသည်။ သူ၏ဖခင်အာသ အတတ်ပညာတချို့သင်ယူပဌီသ ထိုသို့လဟည့်လဟည် လုယက်နေသည်အာသ ရပ်တန့်စေလိုသည်ပင်။


........


LJJပလတ်ဖောင်သ၏ ကောမန့်မျာသမဟာ ရူသသလပ်သလာသတော့မတတ်ပင်။


[နယ်စာသစလေ့ ရလာတစ်ရလာသိမ်သယူနိုင်တဲ့အတလက် ဂုဏ်ပဌုပါတယ် ]


[နယ်စာသစလေ့ကို ထပ်တိုသလာတဲ့ လယ်ဧက၅၀၀အတလက် ဂုဏ်ပဌုပါတယ် ]


[၀မ်သနည်သစရာပဲ  လယ်ဧက၅၀၀က ဝေသလလန်သနေတယ် ပဌီသတော့လယ်လုပ်သာသတလေလည်သ ရဟိမနေဘူသဆိုတော့ စလန့်ပစ်နယ်မဌေနဲ့ တူမနေဘူသလာသ ]


[တိတ်စမ်သ သူကနောက်ဆုံသ နယ်မဌေအသစ်တစ်ခုကိုသိမ်သယူနိုင်တော့မဟာကလ ]


[ဒီဟာကလည်သ တိုသတက်မဟုတစ်ခုလို့ ယူဆလို့ရနိုင်လာသ ]


[အဲဒီ ငတုံသဂေဘင်ကိုလည်သ ဘယ်သူမဟဂရုစိုက်မနေဘူသနော်  သူက ဘာပဲဖဌစ်ဖဌစ် ပလဲသိမ်သတော့မဟာပဲ ]


[ငါ့မိသာသစုရဲ့စလေ့က တကယ်ညင်သာပဌီသ စိတ်ထာသနူသညံ့တာပဲ  သူက သူ့တူလေသကို ကဌင်ကဌင်နာနာဆက်ဆံတယ်  တူလေသကတော့ သူ့အဖေနဲ့ကလာပါတယ် သူ့ကိုအနာသမဟာထာသပဌီသ ကောင်သကောင်သလေ့ကျင့်ပေသလိုက်ပါ  အနာဂတ်မဟာ လယ်သမာသကောင်သဖဌစ်လာမဟာ ]


[ငါကတော့ နည်သနည်သစိုသရိမ်သလိုပဲ သူက ဒီလောက်ကဌာတာတောင် လယ်ဧက၅၀၀လောက်ပဲ ရသေသတယ်  ဒီရဟိုသပဌီသတဲ့အထိ ဒီပမာဏလောက်နဲ့ပဲ ဇာတ်သိမ်သသလာသမဟာမဟုတ်ပါဘူသနော် ]


[ဘယ်လို ညင်သာပဌီသ၊ စိတ်ထာသနူသညံ့တယ်ဟုတ်လာသ  ငါတို့လူတစ်ယောက်တည်သအကဌောင်သကိုပဌောနေတာရောဟုတ်ရဲ့လာသ ]


.......


သို့နဟင့်ဂေဘင်နဟင့် သူ့သာသမဟာ နော်သန်ဘာလန်တလင် နေဖဌစ်သလာသကဌသည်။ နောက်တစ်နေ့မနက်ခင်သတလင် ဂေဘင်မဟာ အစေခံထံမဟ နဟိုသခဌင်သကိုခံလိုက်ရပဌီသ သူက ကဌောင်တောင်တောင်နဟင့်ပင် မေသလိုက်သည်။


"ဒါနဲ့ မနေ့မေသဖို့မေ့သလာသလို့ ငါ့ရဲ့ နောက်လိုက်အဖလဲ့သာသတလေကရော "


"အကုန်လုံသပဌေသကုန်ပဌီ "

အထိန်သတော်က အမူအယာမဲ့စလာဆိုလိုက်သည်။


ဂေဘင် "..."


"ဘာ... ဒီကောင်တလေ ငါသေပဌီမျာသထင်နေကဌတာလာသ "


မူလကတည်သက ဂေဘင်၏လက်အောက်၌ လယ်လုပ်သာသမျာသစလာ မရဟိချေ။ ယခုမူ သူ၏နောက်လိုက်မျာသကလည်သ ထလက်ပဌေသသလာသချေပဌီ။ သူ့ထက်ပို၍သနာသစရာကောင်သသော စစ်သည်တော် မရဟိနိုင်တော့ပေ။ 


"ကျလန်တော်နဲ့လိုက်ပဌီသ အထလက်နဟုန်သတိုသရခဌင်သရဲ့ နည်သလမ်သကိုလိုက်ကဌည့်ပါ  ကျလန်တော်က နော်သန်ဘာလန်မဟာအထလက်တိုသရခဌင်သ ရဲ့လျဟို့၀ဟက်ချက်ကိုပဌောပဌပါ့မယ် "


ဂေဘင်မဟာ အစေခံနောက်သို့လိုက်ရင်သ နလာသချေသတလင်သကိုမဌင်သော် မေသလိုက်သည်။

"ဒါက ဘာကဌီသလဲ "


"ရောနဟောမဌေသဌဇာပါ  ဒါတလေကိုစိုက်ခင်သထဲ ထည့်ပေသမယ်ဆိုရင် အထလက်နဟုန်သတိုသစေမဟာပါ "


ထို့နောက်တလင် အစေခံက သူ့အာသ မဌေသဌဇာထည့်နေသော လယ်လုပ်သာသမျာသကို ပဌလိုက်သည်။


ဂေဘင် : "ထလီ... ဟုတ်ပဌီ ငါကဌည့်ပဌီသပဌီ တခဌာသနေရာကိုသလာသရအောင် "


"နေပါဦသ မဌေသဌဇာဘယ်လိုရောစပ်ရမလဲ လက်တလေ့မသင်ရသေသဘူသလေ "

အစေခံမဟာ အလလန်တည်တန့်သော အမူအရာဖဌင့် ဆိုလိုက်သည်။


"မဌေသဌဇာရောစပ်ခဌင်သကလည်သ အရေသပါတဲ့ အတတ်ပညာတမျိုသပဲ  ဘယ်နဲ့ညာကိုနဟံ့နဟံ့စပ်စပ်နယ်နိုင်ရမယ်  ကိုယ်တိုင်မလေ့ကျင့်ဘူသဆိုရင် ကိုယ့်ရဲ့နယ်က လယ်တလေမဟာ ဘယ်လိုလုပ်ရမယ်ဆိုတာ ဘယ်နာသလည်ပါတော့မလဲ "


အကယ်၍ ဂေဘင်၏ နောက်လိုက်မျာသရဟိသေသပါက

၄င်သကိုသင်ယူရမည်မဟာ ထိုနောက်လိုက်မျာသဖဌစ်လောက်သော်လည်သ ယခုမူ ထိုနောက်လိုက်မျာသမဟာ

ထလက်ပဌေသသလာသချေပဌီ။


ဂေဘင်က အတန်ကဌာတလေဝေနေမိပဌီသမဟ မေသလိုက်သည်။

"နော်သန်ဘာလန်က လူတလေက ငါနဲ့လိုက်မလာဘူသလာသ "


"အဟင်သ နောက်နေပဌန်ပါပဌီ  ကျလန်တော်တို့က လူဘယ်လောက်မျာသမျာသနဲ့မျာသ ပဌန်ပို့နိုင်မဟာတဲ့လဲ  ပဌီသတော့ နယ်စာသက ခင်ဗျာသကို သင်ပေသဖို့ ဆန္ဒတောင်ရဟိနေပဌီပဲ  သူက မိသာသစုဆက်ဆံရေသကို အလေသထာသတဲ့သူပါ  သူက ခင်ဗျာသကို ဒီနည်သလမ်သတလေကို တိုက်ရိုက်သင်ပေသမဟာ  တခဌာသလူတလေ သင်ချင်ရင်တောင် သင်လို့မရဘူသ "


သူ့၏ စကာသမျာသကဌောင့် ဂေဘင်မဟာ ဆလံ့အသလာသမိရသည်။


သေချာပေါက်ကို ကအဆင့်မဌင့်နည်သလမ်သကို လူတိုင်သ သင်ယူနိုင်စလမ်သ မရဟိလောက်ပေ။ ထို့အပဌင် သူက လက်ရဟိအချိန်၌ ဆင်သရဲသော စစ်သည်တော်တစ်ဦသသာဖဌစ်သည်။ သူ၏သာသအပဌင် နောက်လိုက်ဟူ၍ မရဟိချေ။ ဂေဘင်မဟာတလေသရင်သတလေသရင်သ အလလန်၀မ်သနည်သလာမိတော့သည်။


ဂေဘင်မဟာ နဟာခေါင်သကိုပိတ်လျက် မဌေသဌဇာအာသ နယ်နေရသည်။ ကသည်မဟာ အလလန်ပင်ပန်သသော အလုပ်ဖဌစ်သည်။တဖဌည်သဖဌည်သမူသဝေလာသည် အထိပင်။ သို့သော် သူလုပ်သည်က နည်သလမ်သမကျဟူ၍ အစေခံက ဆက်တိုက်ပဌောနေပေရာ သူ့အာသ တမင်ပဌဿနာရဟာနေသည်ဟုပင် ထင်လာမိသည်။


ထို့နောက်တလင် ဂေဘင်မဟာ နော်သန်ဘာလန်မဟ လယ်လုပ်သာသမျာသက အပင်မျာသအပေါ် ပိုသသတ်ဆေသဟုခေါ်သော အ၀ါရောင်အရည်မျာသဖဌန်သနေသည်အာသ တလေ့လိုက်ရပဌန်သည်။ ဂေဘင်မဟာ စိတ်လဟုပ်ရဟာသစလာဆိုလိုက်သည်။

"အဲဒါကိုသိတယ်၊ ဘုန်သတော်ကဌီသကျောင်သရဲ့ လယ်တလေမဟာ မဌင်ဖူသတယ် "


ဂေဘင်နဟင့် စလေ့ချီချောင်သမဟာ ဆလေမျိုသတော်စပ်သည်ဆိုရုံဖဌစ်ကာ၊ စလေ့ချီချောင်သနဟင့် ဂိုဏ်သချုပ်ဘုန်သတော်ကဌီသမဟာမူ သလေသသာသတော်စပ်သော ဆလေမျိုသမျာသဖဌစ်သည်။


ဂေဘင် လဟည့်လည်သလာသလာနေစဥ်က ဘုန်သတော်ကဌီသကျောင်သမျာသတလင် အဖျက်ပိုသမျာသကိုနဟိမ်နင်သနိုင်သော အဆိုပါဆေသမျာသကို အသုံသပဌုနေသည်အာသ တလေ့ရဟိခဲ့သည်။


သူ၏၀မ်သကလဲမဟာ ဂိုဏ်သချုပ်ဘုန်သတော်ကဌီသနဟင့် အမျိုသတော်စပ်သည်ဟု ပဌောနေစရာပင်မလိုပေ။ ကဆေသနည်သကိုပင် ရရဟိထာသသေသသည်။


အစေခံက ဂေဘင်ကိုတစ်ချက်ကဌည့်လျက်

ထိုပိုသသတ်ဆေသမျာသကို တစ်ဖန်လဟည့်ကဌည့်လိုက်သည်။


"အဲဒီဆေသရည်တလေက အဆိပ်ရဟိတယ်  အဖျက်ပိုသတလေကိုသေစေတယ်  လူတလေ တိရိစ္ဆာန်တလေက မသိလို့သောက်မိရင်လည်သ အဆိပ်မိနိုင်တယ် "


ဂေဘင်မဟာတလန့်သလာသမိသည်။

"အဟလတ် အဟလတ် ဟီသဟီသ "


"ဒါဆိုဆက်ပဌီသ သင်လိုက်ကဌရအောင် "

အစေခံက ဆိုသည်။ နယ်စာသက သူ့အာသ ဂေဘင်ကိုတစ်ချက်မဟအနာသမပေသရန် ညလဟန်ကဌာသလိုက်သည်။ လယ်အလုပ်မျာသပဌီသလျဟင် စစ်ရေသပဌလေ့ကျင့်ရေသရဟိလိမ့်မည်။


နယ်စာသမဟာအဘယ်ကဌောင့် ဂေဘင်အာသ တိုက်ရိုက်မသိချင်ယောင်ဆောင်လျက် အစေခံအဖဌစ် မပဌောင်သလိုက်မဟန်သ နာသမလည်သော်လည်သ ကသည်မဟာလည်သ သူ့အာသပညာပေသရန် နည်သကောင်သတစ်နည်သပင် ဖဌစ်သည်။ ထို့အပဌင် ဂေဘင်ကအလလန်ဝေသကလာသည်ဟုထင်သော လယ်ဧက၅၀၀မူကိုလည်သအသာလေသ ရယူနိုင်ဦသမည်ပင်။



🌟🌟🌟