Chapter 140
Viewers 8k

🦊Arc 9 - ကျင့်ကြံရေးဇာတ်လမ်း၏ အဖြည့်ခံ

Chapter 140


9.16 မျိုးနွယ်စုများသည် အလွန်ကျယ်ပြန့်သော ခံယူချက်သဘောထားရှိသည်။


ရှန့်တု၏ချီမျိုးနွယ်စုသည် မှော်ပညာများ အထူးသဖြင့် မီးမှော်ပညာတွင် အလွန်ကောင်းမွန်သည်။ ချီမျိုးနွယ်စုရှိ အကြီးအကဲများနှင့် စွမ်းအားရှင်အများစုသည် မီးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော်လည်း အခြားနယ်ပယ်များတွင်လည်း အရည်အချင်းရှိသော မမျှော်လင့်ထားသည့် ပါရမီရှင်အချို့လည်း ရှိသေးသည်။


ဥပမာအနေဖြင့် ချီလန်သည် မိုးကြိုးနှင့်မီးလမ်းစဥ်ကို ကျင့်ကြံခဲ့သည်။ သူ၏တိုက်ခိုက်စွမ်းအားသည် ပေါက်ကွဲမှုဖြစ်ပြီး သူ့လက်ထဲရှိ မည်သည့်အရာမဆို သူ့လက်နက် ဖြစ်လာနိုင်သည်။ ဓား သို့မဟုတ် အခြားအတတ်ပညာများကို ရည်ရွယ်ချက်ရှိရှိ ကျင့်ကြံခြင်းမပြုဘဲ ပညာရပ်အားလုံးကို ဖြတ်ကျော်ရန် စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ လူတစ်ယောက် ချီလန်ရှေ့၌ ရပ်လိုက်သည့်အချိန်တွင် ထိုပစ္စည်းများသည် ပြင်ပအထောက်အကူပစ္စည်းများသာဖြစ်ပြီး ဘာမှမဟုတ်ကြောင်း သူတို့နားလည်သွားလိမ့်မည်။ အကြွင်းမဲ့စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အလွန်အားနည်းသွားရုံသာဖြစ်၏။


ဤကဲ့သို့နောက်ထပ် ဥပမာတစ်ခုသည် ချီကျန့်ပင်ဖြစ်သည်။


ချီကျန့်သည် မျိုးနွယ်စုအတွင်းရှိ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသော်လည်း ယခင်မျိုးဆက်သည် အလွန်ထက်မြက်သောကြောင့် သူ၏လက်ရှိအသက်အရွယ်တွင် ထိုကဲ့သို့သောကျင့်ကြံမှုအဆင့်၌ ရှိခြင်းသည် အလွန်သာမန်ဖြစ်ပုံရသည်။ မှန်ပေ၏။ သူ၏နှိမ့်ချတတ်သော အကျင့်စရိုက်သည်လည်း ထိုအချက်များထဲမှ တစ်ချက်ဖြစ်သည် - သူသည် ကျင့်ကြံမှုမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်သော လူစားမျိုးဖြစ်သည်။ သူ့ဓားအတွက်သာ ကြည့်ပြီး ကျန်အရာအားလုံးသည် သူ့အတွက် သစ်သားတုံးမျှသာဖြစ်ပြီး အရေးမပါပေ။


ပြိုင်ဘက်တစ်ယောက်ကို မြင်မှသာလျှင် သူ့မျက်လုံးများသည် လင်းလက်တောက်ပလာပြီး သူ၏တိုက်ခိုက်ရန် ရည်ရွယ်ချက်များလည်း မြင့်တက်လာမည်ဖြစ်သည်။


ဓားသိုင်းကျင့်ကြံသူနှစ်ယောက် ဆုံသည့်အချိန်၌ သူတို့လုပ်နိုင်သည့်အရာသည် အနည်းငယ်မျှသာရှိသည်။ ယွီရှောက်ဖုန်နှင့် ချီကျန့်တို့ တစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်ပြီးနောက် ဝမ်မျိုးနွယ်စုတည်ထောင်ထားသည့် လေ့ကျင့်ရေးကွင်းဆီသို့ လှည့်ကြည့်လိုက်သည်။ ဂိုဏ်းအချင်းချင်း ယှဥ်ပြိုင်ဆိုင်ပွဲအတွင်း ပွဲကျင်းပမည့် တိုက်ခိုက်ရေးကွင်းများမှလွဲ၍ လေ့ကျင့်ရေးကွင်းသည် ကျင့်ကြံသူများအား သူတို့စိတ်ကြိုက် တိုက်ခိုက်ရန် ခွင့်ပြုထားသည့် တစ်ခုတည်းသောနေရာဖြစ်သည်။


သူတို့နှစ်ဦးစလုံးသည် မျိုးဆက်သစ်လူငယ်များဖြစ်ပြီး သူတို့၏ကျင့်ကြံမှုအဆင့်သည် အဆင့်တစ်ဆင့် ကွာခြားသောကြောင့် တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ကြပေ။ ဓား၏အဓိပ္ပါယ်အပေါ် သူတို့၏နားလည်မှုကို နှိုင်းယှဉ်၍ ဓား၏ရည်ရွယ်ချက်ဖြင့်သာ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ယှဥ်ပြိုင်ခဲ့ကြ၏။


ဓားသိုင်းကျင့်ကြံသူများအတွက် ပထမအကြိမ်တွေ့ဆုံမှုတွင် သူငယ်ချင်းဟောင်းများကဲ့သို့ ခံစားမိသည့်သူအား တွေ့ဆုံနိုင်ဖို့နေနေသာသာ ဓားသွား၏ရည်ရွယ်ချက်ကို နားလည်သော အခြားသူတစ်ဦးနှင့် တွေ့ဆုံနိုင်ခြင်းသည် အလွန်ရှားပါးသောအရာပင်ဖြစ်၏။ ကောင်းကင်ဓားဂိုဏ်းတွင် ဓားသိုင်းကျင့်ကြံသူ အများအပြားရှိလျှင်တောင် သူတို့ဓား၏ရည်ရွယ်ချက်ကို နားလည်သူ အနည်းငယ်သာ ရှိကြပြီး အများစုမှာ သူတို့၏အုပ်စုခေါင်းဆောင်များသာ ဖြစ်ကြသည်။ ယွီရှောက်ဖုန်ကဲ့သို့ ငယ်ရွယ်သူများသည် ပိုလို့ပင်နည်းပါးပေသည်။


သူသည် အသက်ငယ်သေးသည့် လူငယ်လေးတစ်ယောက်သာဖြစ်၏။ သူ၏သေးငယ်သော ပေါက်စီပုံစံမျက်နှာလေးသည် အရွယ်ရောက်မလာသေးဘဲ နူးညံ့ပျော့ပျောင်းသည့် အရိပ်အယောင်များရှိနေဆဲပင်။ သို့သော် လွန်ခဲ့သည့်နှစ်လအတွင်း သူသည် များစွာအရပ်ရှည်လာပြီး သူ၏အသွင်အပြင်သည် အတော်လေး အရပ်ရှည်ပြီး ဖြောင့်မတ်နေပေသည်။ ကောင်းကင်ဓားဂိုဏ်း၏ အဖြူအပြာ ဂိုဏ်းဝတ်စုံနှင့်အတူ သူသည် အလွန်နှစ်သက်ဖွယ်ကောင်းပြီး ကြည့်ကောင်းနေပေသည်။ သူပြုံးလိုက်သောအခါ သူ့ပါးစပ်ထောင့်တွင် ပါးချိုင့်လေးများ ပေါက်ထွက်ကာ သေးငယ်သောနေလုံးလေးကဲ့သို့ တောက်ပလာစေသည်။


သူ့နာမည်ကဲ့သို့ပင် ချီကျန့်တွင်လည်း မီးဝိညာဉ် အရင်းအမြစ်ရှိသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူတီထွင်ခဲ့သော ဓား၏ရည်ရွယ်ချက်သည် ရေခဲသလင်းကျောက်ကဲ့သို့ဖြစ်နေပြီး သူ၏ဝိညာဉ်အရင်းအမြစ်နှင့် ဓား၏ရည်ရွယ်ချက်သည် အစွန်းနှစ်ဖက်ကဲ့သို့ပင်ဖြစ်နေသည်။


သူ၏အသွင်အပြင်နှင့်မတူဘဲ ယွီရှောက်ဖုန်ရဲ့ ဓား၏ရည်ရွယ်ချက်သည် ပြင်းထန်ပြီး ကြမ်းတမ်းကာ မခံမရပ်နိုင်အောင် နှိုးဆွပေးသည့်အရှိန်အဟုန်ကို သယ်ဆောင်ထားသည်။ မိုးကြိုးနှင့် လျှပ်စီးကြောင်းများ အဆက်မပြတ် ကျဆင်းလာသကဲ့သို့ ရန်လိုနေပြီး သူတို့၏ပြိုင်ဘက် လဲကျသွားသည်အထိ ရပ်တန့်ရန် ငြင်းဆန်နေသည်။


သူတို့နှစ်ဦးသည် အလွန်ကွဲပြားသော ဓားသမားအမျိုးအစား နှစ်မျိုးဖြစ်သော်လည်း သူတို့၏ လေ့ကျင့်ယှဥ်ပြိုင်မှု နောက်ပိုင်းအဆင့်တွင် ထူးဆန်းစွာ အတူတကွ တစ်သားတည်းဖြစ်သွားပုံရသည်။ တစ်ယောက်နှင့်တစ်ယောက် သဘောထားချင်း မတိုက်ဆိုင်သည့် ခံစားချက်များ သိသိသာသာ လျော့နည်းလာသည်။ သူတို့ နောက်တစ်ကြိမ် အကြည့်ချင်းဆုံမိချိန်၌ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးများထဲတွင် အံ့အားသင့်မှုကို မြင်လိုက်ရသည်။


ဓား၏ရည်ရွယ်ချက်ကဲ့သို့ အရာများသည် အလွန်ပင် မတိကျမရေရာပြီး ခန့်မှန်းရခက်သည်။ ယွီရှောက်ဖုန်တောင် သူ့ဓား၏အဓိပ္ပါယ်ကို မကြာသေးမီကမှ နားလည်ခဲ့သည်။ သူ့ဓားတွင်ပါရှိသော ပြင်းထန်သည့်မိုးကြိုးသည် ချီလန်၏စွမ်းအားနှင့် တူညီပေသည်။ ထို့ကြောင့် ချီလန်နှင့်တွေ့ခဲ့သည့် လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက သူ့ဓား၏ရည်ရွယ်ချက်အတွက် ညွှန်ကြားချက်အနည်းငယ်ကိုလည်း သူ့အား ပေးခဲ့သည်။ ချီလန်ထံမှ ထိုစာကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းတည်းဖြင့် ယွီရှောက်ဖုန်၏ ဓားရည်ရွယ်ချက်သည် သူ့ကိုယ်ပိုင်ဓားမဟုတ်သော်လည်း ချီကျန့်ထက် အနည်းငယ်မျှပင် အားနည်းမနေပေ။


ချီကျန့်၏ဓားရည်ရွယ်ချက်သည် သူ့ကိုယ်ပိုင် ဝိညာဥ်အရင်းအမြစ်များနှင့် မကိုက်ညီသော်လည်း ဓား၏ကိုယ်ပိုင်လမ်းကြောင်းအတိုင်းကျင့်ကြံခြင်းမှ သူ့အား မတားဆီးနိုင်ပေ။ သူသည် ပြီးခဲ့သည့်နှစ်များတစ်လျှောက် ရေခဲနှင့်မီး ဓားသိုင်းပညာများစွာကို သင်ယူခဲ့ပြီး သူ၏ဓားရည်ရွယ်ချက်သည် တိကျသော ဦးတည်ချက်တစ်ခုရှိနေပြီးဖြစ်သည်။ အကယ်၍ ကံမကောင်းသည့် မည့်သည့်အရာမျှ မဖြစ်ခဲ့လျှင် သူသည် အနာဂတ်တွင် ချီမိသားစုမှ အထူးချွန်ဆုံး ဓားသိုင်းကျင့်ကြံသူ သေချာပေါက် ဖြစ်လာပေလိမ့်မည်။


ဤအခြေအနေများအောက်တွင် သူတို့နှစ်ယောက် တွေ့ဆုံရခြင်းသည် ကံကောင်းသည်လား သို့မဟုတ် ကံဆိုးသည်လား ဆိုသည်ကို ပြောရန် ခက်ခဲလှသည်။ သူတို့ဓား၏ရည်ရွယ်ချက်များ လိုက်ဖက်ညီကြောင်းကိုတော့ ပြောနိုင်ပေသည်။ သူတို့ဓားနှစ်ချောင်း၏ အင်အားများကို ပေါင်းစပ်လိုက်မည်ဆိုလျှင် သူတို့၏တိုက်ခိုက်မှုစွမ်းအားသည် အလွန်ကြောက်စရာကောင်းသောအဆင့်အထိ မြင့်တက်သွားလိမ့်မည်...


မှန်ပေ၏။ သူတို့ လေ့ကျင့်ယှဥ်ပြိုင်မှု၏ နောက်ပိုင်းအချိန်များတွင် ပိုအားကောင်းလာခဲ့သည်။


လိုက်ဖက်ညီသည့် ဓားသိုင်းကျင့်ကြံသူတစ်ယောက်နှင့် တွေ့ဆုံရန် အလွန်ရှားပါးသောကြောင့် သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။


အကယ်၍ ရွှယ်လင်သာ ထိုနေရာ၌ရှိနေခဲ့လျှင် ယခု ဖြစ်ပျက်နေသည့် အရာကို သူ နားလည်ပေလိမ့်မည်။ ဤဝတ္ထု၏ နောက်ပိုင်းဇာတ်ကြောင်းများတွင် ချီကျန့်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ယွီရှောက်ဖုန် ချီလန်ကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ နှစ်ဆတိုးလာသည်မှာ သူ၏တည်ရှိမှုကြောင့်ပင်ဖြစ်သည်။

ချီကျန့်သည် ယွီရှောက်ဖုန်ထက်မလျော့သော သနားစရာကောင်းသည့် ဇာတ်ကောင်ဖြစ်သည်။ စာရေးဆရာပေးခဲ့သော ဇာတ်ကွက်ပုံစံအရ ချီလန် နတ်ဆိုးဖြစ်လာပြီးနောက် သူ၏မျိုးနွယ်စုသည် ဖျက်ဆီးခံရခဲ့သည်။ ချီကျန့်သည် ဤဘေးဒုက္ခဆိုးကြီးမှ လွတ်မြောက်ခဲ့သော်လည်း ချီလန်သည် သူ့နှလုံးသားထဲရှိ အဖုအထစ်ဖြစ်လာခဲ့သည်။ သူ စွမ်းအားအကြီးဆုံး မသေမျိုးတစ်ယောက်ဖြစ်ချင်လျှင် ချီလန်ကို အနိုင်ယူဖို့ လိုလိမ့်မည်။ ချီလန် နတ်ဆိုးလမ်းစဥ်ထဲသို့ ကျရောက်သွားပြီးနောက် ချီမျိုးနွယ်စုသည် ဖြောင့်မတ်ခြင်းလမ်းစဥ်ပေါ်တွင် ဆက်ရှိနေလျှင် အလွန်ထူးဆန်းပေလိမ့်မည်။ နောက်ပိုင်းတွင် သူတို့သည် ကြီးစွာသောဒုက္ခဆင်းရဲကို ခံစားခဲ့ရသည်။ ချီကျန့်သည် အပြင်သို့ထွက်ကာ ကျင့်ကြံနေသောကြောင့် ထိုဘေးဒုက္ခဆိုးကြီးမှ လွတ်မြောက်ခဲ့သည်။ သို့သော်လည်း သူပြန်လာသောအခါ အိမ်ဟုခေါ်နိုင်သောအရာဟူ၍ မရှိတော့ပြီ။


ချီမျိုးနွယ်စုသည် နတ်ဆိုးလမ်းစဥ်ပေါ်ရှိ ကျင့်ကြံသူများနှင့် ပူးပေါင်းကာ ဖြောင့်မတ်ခြင်းလမ်းစဥ်အား သစ္စာဖောက်သူများအဖြစ် တံဆိပ်ကပ်ခံခဲ့ရသည်။ ချီမျိုးနွယ်စုဝင်များသည် သူတို့၏မျိုးရိုးအမည်များကို စွန့်ပယ်ရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက အခြားဂိုဏ်းများနှင့် မျိုးနွယ်စုများ၏ ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းခြင်းကို ခံရမည်ဖြစ်သည်။ အသတ်ခံရန် သို့မဟုတ် အခြားဂိုဏ်းများသို့ဝင်ရောက်ရန် ရွေးချယ်ခွင့်ရှိပြီး အချိန်တိုအတွင်း မျိုးနွယ်စုတစ်ခုလုံးသည် လုံးဝပျောက်ကွယ်သွားခဲ့သည်။ ဤကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် ချီကျန့်သည် ကျင့်ကြံမှုပျောက်ဆုံးသွားပြီး ဂိုဏ်းမှနှင်ထုတ်ခြင်းခံရသော ယွီရှောက်ဖုန်နှင့်ပူးပေါင်းခဲ့သည်။ သူတို့နှစ်ယောက်စလုံးသည် သူတို့၏ပေါင်းစပ်ထားသောဓားများဖြင့် အတားအဆီးများစွာကို ဖြတ်ကျော်ကာ အန္တရာယ်များစွာမှ လွတ်မြောက်လာခဲ့သည်။


အကယ်၍ ချီလန်သည် နတ်ဆိုးလောကသို့ မထင်မှတ်ဘဲ ပျံသန်းဝင်ရောက် မသွားခဲ့ပါက သူတို့နှစ်ဦးသည် ဒဏ္ဍာရီလာနတ်ဆိုးကို စိန်ခေါ်ရန် လက်တွဲသွားပေလိမ့်မည်။


တစ်နည်းအားဖြင့် ချီကျန့်သည် ဝတ္ထု၏ ဒုတိယအဓိကဇာတ်ကောင်ဖြစ်ခဲ့သော်လည်း သူ ထွက်ပေါ်မလာခင်အချိန်၌ စာရေးသူသည် ဇာတ်လမ်းကို ဆက်မရေးတော့ပေ။

မမျှော်လင့်ထားစွာပင် ရွှယ်လင်၏လှုပ်ရှားမှုများသည် အစပိုင်းတွင် သေးငယ်သောပြောင်းလဲမှုဖြင့် စတင်လိုက်ပြီး ထိုအပြောင်းအလဲသည် သူတို့နှစ်ဦးအား စောစီးစွာတွေ့ဆုံသွားစေသည်။


စာရေးဆရာသာ သူတို့၏တွေ့ဆုံမှုအကြောင်း အမှန်တကယ် ရေးဖြစ်ခဲ့မည်ဆိုလျှင် သူတို့ရှေ့၌ ဖြစ်ပျက်ခဲ့သောမြင်ကွင်းနှင့် တော်တော်လေးကို အတိအကျတူညီနိုင်ပေလိမ့်မည်။


ပို၍ပင်တူပေလိမ့်မည်...


ချီကျန့်သည် ယွီရှောက်ဖုန်၏ ပထမဆုံးသူငယ်ချင်းဖြစ်ပြီး ချီမျိုးနွယ်စုမှသူလည်းဖြစ်သည်။ သူ့ဆရာသည် သူ့ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သော်လည်း အနည်းဆုံးတော့ သူတို့နှစ်ယောက်ကြားတွင် ပတ်သက်ဆက်နွယ်မှုအချို့တော့ ရှိနေဆဲပင်။ နှစ်ယောက်သား ယှဥ်ပြိုင်တိုက်ခိုက်နေမှုကို ရပ်လိုက်ပြီး ယွီရှောက်ဖုန်သည် ချီကျန့်ကို လေ့ကျင့်ရေးကွင်းမှ ဆွဲခေါ်ကာ ညစာစားရန် သူ့အား ဖိတ်ကြားချင်ကြောင်း ပြောလိုက်သည်။


သူ၏ကျင့်ကြံမှုသည် မမြင့်မားသော်လည်း မစားမသောက်ဘဲ အသက်ရှင်သန်နိုင်သည်။ သို့သော် သူ၏ဆရာတူအစ်ကိုနောက်သို့ အချိန်အတော်ကြာ လိုက်ပြီးနောက် အခြားဘာမှလုပ်စရာမရှိသည့်အခါ၌ တစ်ခုခုကို အမြဲစားချင်လာခဲ့သည်။ အခု သူ့ဆရာတူအစ်ကိုသည် သူတို့အခန်းထဲတွင် ကျင့်ကြံနေသောကြောင့် အပြင်ထွက်ရန် သူ့သူငယ်ချင်းအသစ်အား ဆွဲခေါ်သွားခဲ့သည်။


ချီကျန့်သည် ငယ်စဉ်ကတည်းက ကျင့်ကြံခဲ့ပြီး ၎င်းသည် သူ၏ပထမဆုံးအကြိမ် ဂိုဏ်းအချင်းချင်း ယှဥ်ပြိုင်မှုမဟုတ်ပေ။ ယွီရှောက်ဖုန်သည် စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေသောကြောင့် သူလည်း စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံး၌ သူတို့နှစ်ဦးသည် လူငယ်များသာဖြစ်ကြသောကြောင့် ဝမ်မျိုးနွယ်စု၏နယ်နိမိတ်အတွင်း လှည့်လည်သွားလာခဲ့ကြသည်။


ထိုအချိန်အတွင်း ယွီရှောက်ဖုန်သည်လည်း တစ်ဖက်လူနှင့် အပြန်အလှန်ပြောဆိုဆက်ဆံခဲ့ပြီး အများအားဖြင့် တစ်ယောက်တည်းသာ ပြောနေခြင်းဖြစ်သော်လည်း သူတို့နှစ်ဦးကြားရှိပတ်သက်မှုကို အဆင်ပြေစွာနားလည်ဆဲဖြစ်သည်။


သူတို့ တွက်ချက်ကြည့်လျှင် သူတို့ နှစ်ယောက်သည် အမှန်တကယ် ပတ်သက်ဆက်နွယ်မှုရှိပေသည်။ စီနီယာအရ ယွီရှောက်ဖုန်သည် ချီကျန့်ထက် တစ်ဆင့်နိမ့်သော်လည်း သူတို့နှစ်ဦးကို ရွယ်တူများအဖြစ် သတ်မှတ်လို့ရဆဲပင်။


အဘယ်ကြောင့်ဆိုသော် ချီကျန့်သည် ချီလန်ကို 'ဦးလေး' ဟုခေါ်ရန် လိုအပ်ပြီး ယွီရှောက်ဖုန်သည် သူ့ကို 'ဆရာ' ဟုခေါ်ရသောကြောင့်ပင်။


အိုး... ထိုကဲ့သို့ခေါ်ရန် ချီလန် သူ့ကို အခုလောလောဆယ် ခွင့်မပြုသေးသော်လည်း မည်သူက ဂရုစိုက်မည်နည်း။ သူ အပြင်မှာ ခေါ်လျှင် သူကြားနိုင်မည်မဟုတ်ပေ။


ချီလန် တပည့်တစ်ဦးကို လက်ခံခဲ့ကြောင်းကို အရင်ကတည်းက ချီကျန့် သိပြီးသော်လည်း ထိုသူနှင့်တွေ့လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားပေ။ နောက်ပိုင်း ယွီရှောက်ဖုန် ရှင်းပြသည့်အခါမှသာ ယွီရှောက်ဖုန်သည် ထိုတပည့် ခေါ်ဆောင်လာခဲ့သည့် တပည့်ငယ်လေးတစ်ဦးမျှသာဖြစ်ပြီး ချီလန်သည် သူ့အား လုံးဝတန်ဖိုးမထားကြောင်း နားလည်သွားခဲ့သည်။


သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိသော်လည်း သူ့ကိုယ်သူ စိတ်သက်သာမှုရအောင် ကြိုးစားနေဆဲပင်။ သူ ယွီရှောက်ဖုန်အား "ဦးလေးက လူတွေအပေါ် အမြဲတမ်း အေးတိအေးစက် ဆက်ဆံတယ်။ မင်းနဲ့ စကားပြောချင်စိတ်ရှိတာကပဲ အရမ်းကောင်းတဲ့အရာဖြစ်နေပြီ"


ယွီရှောက်ဖုန် ပြုံးပြကာ လုံးဝစိတ်အနှောင့်အယှက်မဖြစ်ကြောင်း ဖော်ပြလိုက်သည်။


သူ သဘောကျသည့်သူသည် သူ့ဆရာတူအစ်ကိုဖြစ်ပြီး သူ့ဆရာ မဟုတ်ပေ။


အဲဒီဆရာ အခြားသူတွေအပေါ် ဘယ်လိုဆက်ဆံလဲဆိုတာ ဘယ်သူက ဂရုစိုက်လို့လဲ...


သူတို့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောဆိုခဲ့ကြပြီး နောက်တစ်ကြိမ် အတူတူ စကားစမြည်ပြောရန် သို့မဟုတ် စူးစမ်းလေ့လာရန် ရက်ပေါင်းများစွာ ဆက်တိုက် တွေ့ဆုံရန် ချိန်းဆိုခဲ့ကြသည်။ ရွှယ်လင် ယွီရှောက်ဖုန်၏ ပြောင်းလဲမှုကို သတိပြုမိသော်လည်း ယွီရှောက်ဖုန်အား သူငယ်ချင်း ပေါင်းသင်းခွင့်ပေးမည်ဟု အစောပိုင်းတွင် သူကိုယ်တိုင် ပြောခဲ့ပေသည်။ ယွီရှောင်ဖုန်အား ခေါ်ထုတ်လာသည့် သူ၏မူလရည်ရွယ်ချက်သည် ဇာတ်ကွက်ထဲတွင် အနည်းငယ်ပါဝင်နိုင်စေရန်ဖြစ်သည်။


ထိုလူသည် သူ့အား အကြိမ်အနည်းငယ် လှည့်စားခဲ့သည်ဟု ထင်ရသော်လည်း ရွှယ်လင် သူ့စကားကို ယုံကြည်နေဆဲပင်။ သူ ဇာတ်လိုက်ကို အပြင်ထွက်ခွင့်ပြုပြီး ပတ်၀န်းကျင်ကို စူးစမ်းခိုင်းနေသရွေ့ ဇာတ်ကြောင်းသည် သူ့ခေါင်းပေါ်သို့ တိုက်ရိုက် အတင်းရောက်ရှိသွားလိမ့်မည်။ အခုလောလောဆယ် သူ လုပ်ဖို့လိုသည့်အရာအားလုံးသည် စောင့်ဆိုင်းရန်ပင်ဖြစ်သည်။


အမှန်တကယ် သေချာ၏။ ငါးရက်ဆက်တိုက် အပြင်ထွက်ပြီးနောက် ယွီရှောက်ဖုန်သည် သူ့အပေါင်းအဖော်အသစ်လေးအား ဆွဲခေါ်ကာ ရွှယ်လင်ကိုရှာရန် စိတ်လှုပ်ရှားစွာ အမြန်ပြန်လာခဲ့သည်။


"ဆရာတူအစ်ကို! ဆရာတူအစ်ကို!" သူ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေပြီး မြန်မြန်ပြေးနေလဲဆိုလျှင် သူ့မျက်နှာသည် ပုံမှန်မဟုတ်ဘဲ အနည်းငယ်နီနေပြီး သူ့မျက်လုံးများသည် တလက်လက်တောက်ပနေသည်။ ဤကာလအတွင်း အသားနည်းနည်း ဖွံ့ဖြိုးလာခြင်းကြောင့် ချစ်ဖို့ကောင်းသည့် လူငယ်လေးတစ်ယောက်နှင့် ပိုလို့တောင်တူလာသည်ဟု ထင်ရစေသည်။ "ကျွန်တော်တို့ ဘာတွေဝယ်လာလဲဆိုတာကို မြန်မြန်ကြည့်လိုက်!"


သူ့လက်ထဲတွင် ကျောက်တုံးလေးတစ်တုံးကို ကိုင်ထားသည်။ ၎င်းသည် နက်မှောင်ကာ လုံးဝန်းနေသောအရာဖြစ်ပြီး လုံးဝကို ဆွဲဆောင်မှုမရှိပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် လျစ်လျူရှုခံထားရမည့် အမျိုးအစားပင်။

ရွှယ်လင်၏စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွားသော်လည်း "စနေပြီ၊ စနေပြီ၊ အပေါက်တွေကိုဖြည့်ဖို့ ဇာတ်ဆောင်ရဲ့သီးသန့်စွမ်းရည်ပဲ"


သူ လက်လှမ်းကာ တံခါးကိုပိတ်လိုက်ပြီး အစီအရင်တစ်ခုကိုချကာ ယွီရှောက်ဖုန်နှင့် အတူဝင်လာသည့် တည်ငြိမ်အေးဆေးသော ဆယ်ကျော်သက်လေးကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူသည် ချီမျိုးနွယ်စုမှအဝတ်အစားများအား ဝတ်ဆင်ထားသည်ကို သူ သတိပြုမိပြီး မကြာသေးမီက သူ့ဆရာတူညီလေးဖြစ်သူနှင့် အပြင်ထွက်နေသူသည် အနှီကောင်လေး ဖြစ်နိုင်သည်ဟု မှန်းဆမိသည်။ "မင်း ဘာပဲဝယ်ဝယ် တည်တည်ငြိမ်ငြိမ်နေဖို့ လိုသေးတယ်။ ဒီရူးကြောင်ကြောင်မျက်နှာထားနဲ့ လမ်းတစ်လျှောက်လုံး လျှောက်ပြေးနေတာလား။ မင်း ကောင်းတဲ့အရာတစ်ခုခုကို ဝယ်ခဲ့တဲ့ကြောင်း လူတိုင်းကို သိစေချင်နေတာလား"


"မဟုတ်ပါဘူး" ယွီရှောက်ဖုန် သူ့လက်ထဲတွင်ရှိသော ကျောက်တုံးကိုချလိုက်ပြီး သူ့နောက်၌ရပ်နေသော ချီကျန့်ကို မိတ်ဆက်ပေးလိုက်သည်။ "ချီကျန့်နဲ့ ကျွန်တော်က အရူးတွေ မဟုတ်ဘူး။ အပြန်လမ်းမှာ မယုံနိုင်လောက်အောင် ကျွန်တော် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လာခဲ့တာ~ ဆရာတူအစ်ကို၊ ဒါက ချီကျန့် သူက ဆရာနဲ့ပတ်သက်နေပုံပဲ။ နောက်ပြီး သူက ဆရာ့ကို 'ဦးလေး' လို့လည်း ခေါ်တယ်"


သူ့နာမည်ကို ကြားလိုက်သည်နှင့် ဘယ်သူလဲဆိုတာကို ရွှယ်လင် သိလိုက်သည်။ သူ နည်းနည်းစောပြီး ပေါ်လာသည်ကို အံ့သြမိသော်လည်း လူကောင်းတစ်ယောက်ဖြစ်သောကြောင့် စိတ်ချနိုင်သည်။


သူသည်လည်း နောက်ထပ် ကံမကောင်းသည့် ကလေးတစ်ယောက်ပင်။


သူတို့နှစ်ယောက် အတူတူ ပေါင်းစည်းမိသွားသည့်အချိန်တုန်းက သူတို့သည် သာမန် ကံမကောင်းသည့် ပစ္စည်းတစ်စုံမျှသာဖြစ်သည်။


"ဆရာရဲ့တူလေးလား" ရွှယ်လင်၏ နှုတ်ခမ်းများသည် ကွေးညွတ်နေပြီး သူ့အမူအရာသည် နူးညံ့ပျော့ပျောင်းနေပုံပေါ်သည်။ "အစ်ကိုက ရှောက်ဖုန်ရဲ့ ဆရာတူအစ်ကို၊ နောက်ပြီး မင်းဦးလေးရဲ့ တပည့်အကြီး။ မင်းစိတ်အနှောင့်အယှက် မဖြစ်ဘူးဆိုရင် ရှောက်ဖုန် ခေါ်တဲ့အတိုင်း အစ်ကို့ကို ဆရာတူအစ်ကိုလို့ ခေါ်လို့ရတယ်"

ချီကျန့်သည် အလွန်တိကျစွာဖြင့် ခေါင်းနှင့်ကိုယ်ကို ကွေးညွှတ်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ "ဆရာတူအစ်ကိုရွှယ်"


"ငါ့ကို ဒီလိုခေါ်တာလည်း အဆင်ပြေပါတယ်" ရွှယ်လင် ရှောက်ဖုန်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး "ဒီကလေး ရှောက်ဖုန်က နည်းနည်းမဆင်မခြင် လုပ်တတ်တယ်။ ဒီရက်ပိုင်း သူ့ကို အပြင်ထွက်ဖို့ ခေါ်သွားရလို့ မင်းလည်း အခက်အခဲဖြစ်ခဲ့မှာပဲ"


"မဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ ရှောက်ဖုန်နဲ့ ကျွန်တော်က အတော်လေး လိုက်ဖက်ညီတယ်"


"မင်းတို့ ဆက်ဆံရေးကောင်းတာ အရမ်းကောင်းတယ်" ယဉ်ကျေးပျူငှာသော နှုတ်ဆက်စကားများကို ဖလှယ်ပြောဆိုပြီးနောက် နောက်ဆုံးတွင် ရွှယ်လင်၏မျက်လုံးများသည် အနက်ရောင်ကျောက်တုံးဆီသို့ ရောက်သွားခဲ့သည်။ "ကောင်းပြီ။ မင်း အခု ပြောလို့ရပြီ။ ဒီကျောက်တုံးက ဘာထူးခြားလို့လဲ"


ယွီရှောက်ဖုန် တိတ်တိတ်လေး ရယ်လိုက်ပြီး "ဒီနေ့ ကျွန်တော်တို့ ကျောက်တုံး လောင်းကစားရုံတစ်ရုံကို သွားကြည့်ခဲ့တယ်။ ဒါက ကျွန်တော်တို့ ရွေးချယ်ပြီး ဝယ်ခဲ့တဲ့အရာပဲ"


ဝမ်မျိုးနွယ်စုတွင် ကျောက်စိမ်းတွင်းများစွာရှိပြီး ကျောက်တုံးလောင်းကစားသည် ဤနေရာတွင် နေထိုင်သူများအတွက် ရေပန်းစားသော ဂိမ်းတစ်ခုဖြစ်သည်။ အချို့လူများသည် ကောင်းမွန်သော ကျောက်စိမ်းအချို့ကို ရွေးချယ်မိသောကြောင့် တစ်ညတည်းနှင့် ချမ်းသာနိုင်သော်လည်း အချို့မှာ ထိုကျောက်တုံးများကြောင့် သူတို့၏ ဥစ္စာပစ္စည်းဆုံးရှုံးပြီး ဒေဝါလီခံသွားကြရသည်။


"ဘာလဲ... ဒါက လောင်းကစားရုံကနေ ယူလာတဲ့ ကျောက်တုံးလား။ အထဲမှာ ကျောက်စိမ်းရှိနေတာကြောင့် အရမ်းစိတ်လှုပ်ရှားနေတာလား"


"ဘယ်ကျောက်စိမ်းမှ မရှိဘူး။ ဒါပေမယ့် ဒီကျောက်တုံးက တကယ့်ကို လျှို့ဝှက်ဆန်းကြယ်တယ်" ယွီရှောက်ဖုန် ကျောက်တုံးကို ကောက်ကိုင်လိုက်ပြီး ချီကျန့်အား လှမ်းခေါ်လိုက်သည်။ "ဆရာတူအစ်ကို ကြည့်လိုက်။ ချီကျန့်နဲ့ကျွန်တော်ရဲ့ ဓားရည်ရွယ်ချက်ကို အထဲမှာထည့်ထားသရွေ့..." သူ ပြောပြီးသည်နှင့် ကျောက်တုံးသည် အလင်းရောင်ဖျော့ဖျော့လေး လင်းလက်လာသည်။


နက်မှောင်သော ကျောက်တုံးထဲမှ လူနှစ်ယောက် ကျောက်တုံးကို ကိုင်ဆောင်ထားသည့် နေရာတစ်လျှောက် အလင်းတန်းတစ်ခု ပေါ်လာသည်။ ဖြည်းညှင်းစွာဖြင့် ကျောက်တုံး၏မျက်နှာပြင်ပေါ်တွင် သေးငယ်ပြီး မပြည့်စုံသောမြေပုံတစ်ခု ပေါ်ထွက်လာသည်။ "ဆရာတူအစ်ကို ကြည့်လိုက်။ ဒါက လျှို့ဝှက်နယ်မြေအတွက် လျှို့ဝှက်မြေပုံတစ်မျိုး မဟုတ်ဘူးလား!"


ရွှယ်လင် အကူစနစ်ပေးထားသည့် လျှို့ဝှက်အကျဉ်းချုပ်ကို စိတ်ထဲ၌ လှန်ကြည့်လိုက်သည်။ ဤကျောက်တုံးသည် ဇာတ်ကွက်ထဲတွင် ရေးထားသည့် အလွန်ကြီးမားသော လျှို့ဝှက်နယ်မြေတစ်ခုနှင့် ဆက်စပ်နေသည်။ သို့သော် ထိုနယ်မြေသည် ဇာတ်ကွက်ထဲတွင် အတော်လေး နောက်ကျသည့်အချိန်မှသာ ပွင့်လာမည်ဖြစ်ပြီး ထိုအချိန်တွင် ယွီရှောက်ဖုန်နှင့် ချီကျန့်တို့၏အင်အားသည် လူအများစု၏ နောက်ကလိုက်ဖမ်းခြင်းမှ ထွက်ပြေးလွတ်မြောက်နိုင်သည်အထိ အလုံအလောက် သန်မာနေပေပြီ။ ထိုအချိန်မှသာ သူတို့သည် ထွက်ခွာကာ နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြသည်။


ထို့အပြင် အနက်ရောက်ကျောက်တုံး စုစုပေါင်းငါးလုံး ရှိပေသည်။ သူတို့ မြေပုံတစ်ခုလုံးကို ကြည့်ရန်အတွက် သူတို့၏ဓားရည်ရွယ်ချက်ကို ကျောက်တုံးငါးခုစလုံးသို့ ဖြည့်သွင်းရန်လိုအပ်ပြီး ထိုကျောက်တုံးအားလုံးကို ရှာဖွေရန် အချိန်ယူရမည်ဖြစ်သည်။


အရည်အချင်းပြည့်မီသော ဆရာတူအစ်ကိုတစ်ဦးအနေဖြင့် သူ၏ဆရာတူညီလေးကို အလုပ်လုပ်ခိုင်းရန် ရွှယ်လင် လုံး၀ တွန့်ဆုတ်မနေပေ။ "ဟုတ်တယ်။ အဲဒါဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းမှာ တစ်ပိုင်းပဲရှိရင်တော့ ဒါက သိပ်ပြီး အသုံးမဝင်ဘူး။ မင်း ကျောက်တွေအားလုံးကို ရှာနိုင်ရင် အဲဒီကို သွားကြည့်ဖို့ မင်းနဲ့ချီကျန့်ကို ငါ ခေါ်သွားပေးလို့ရတယ်"


"ကောင်းပြီ! ဒါဆို အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ" ယွီရှောက်ဖုန် ချီကျန့်၏ထင်မြင်ချက်ကို လုံးဝမမေးဘဲ ချက်ချင်း သဘောတူလိုက်သည်။ သူ့တွင် လျှို့ဝှက်နယ်မြေများကဲ့သို့ ထူးခြားဆန်းကြယ်သော ဆွဲဆောင်မှုတစ်ခု ရှိနေပုံရသည်။


သူ့အား မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ဖြစ်စေသည့် သူ၏စွဲလမ်းမှု ဇွဲလုံ့လသည် ချီကျန့်ကိုလည်း ကူးစက်သွားခြင်းဖြစ်နိုင်သည်။ ချီကျန့်သည်လည်း သူနှင့်အတူ ဘဝတစ်လျှောက်လုံး ဖြတ်သန်းကာ သေဆုံးချင်စိတ်ဖြစ်လာသည်။ သူတို့နှစ်ယောက်လုံးသည် အရူးများသာဖြစ်၏...


အနည်းဆုံး ရွှယ်လင် ထိုကဲ့သို့ ခံစားရသည်။


သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ယွီရှောက်ဖုန် ချီကျန့်ကို တိတ်တိတ်လေး ဆွဲခေါ်သွားပြီး မေးလိုက်သည်ကိုတော့ ရွှယ်လင် မသိလိုက်ပေ။ "ငါ ပြောတာ မှန်တယ်မဟုတ်လား... ငါ့ဆရာတူအစ်ကိုက ကမ္ဘာပေါ်မှာ အလှဆုံးပဲ။ ဆရာတောင် အဲလိုမျိုးကြည့်မကောင်းဘူး။ မင်းရှုံးသွားပြီ။ ငါတို့နောက်တစ်ခါ ယှဥ်တိုက်တဲ့အချိန်ကျရင် ငါ့ကို သုံးကြိမ် အကြောပေးရမယ်"


ချီကျန့်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူ့အသံသည် အတော်လေးကို နူးညံ့ပျော့ပျောင်းသွားပြီး ကူကယ်ရာမဲ့စွာဖြင့် "ကောင်းပြီ"