Chapter 142
Viewers 8k

🦊Arc 9 - ကျင့်ကြံရေးဇာတ်လမ်း၏ အဖြည့်ခံ

Chapter 142


9.18


အရှင်ကြက်သွေးရောင်မီးလျှံ၏ လေ့ကျင့်သင်ကြားခြင်းကို ခံရသော ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုရန် အမှန်တကယ် ထိုက်တန်သည်ဟုသာ ချီးမွမ်းနိုင်ကြ၏။ သူ့စွမ်းအားနှင့်ပတ်သက်ပြီး မည်သူမျှ အပြစ်ရှာ၍မရပေ။

ရွှယ်လင်၏စွမ်းပကားသည် ချီလန် ပါဝင်ပတ်သက်ကြောင်း လူအများအပြား ဤသို့ပြောဖန် များလာပြီးနောက် ရွှယ်လင် ထိုစကားကိုကြားသောအခါ မကျေမနပ်ဖြစ်သွားသည်။


'အိမ်၌ ဘာမှမလုပ်ဘဲနေသော်လည်း အပြစ်တင်ခံနေရဆဲ' ဟူသော ကိစ္စတစ်ခုရှိနေသည်ကို အရှင်ကြက်သွေးရောင်မီးလျှံသည် လုံး၀ မသိပေ။ ထိုကိစ္စကို သူဘာမှ မသိသော်လည်း ထိုစက်ဆုပ်ဖွယ်ခေါင်းစည်းကြီးသည် သူ့ခေါင်းပေါ်သို့ ကျရောက်လာဆဲပင်။


ထိုလူကို 'ဆရာ' ဟုခေါ်ခြင်းသည် တစ်ဖက်လူအတွက် ကြီးမားသော အကျိုးအမြတ်တစ်ခုဖြစ်ကြောင်း ရွှယ်လင် ပိုပိုပြီး ခံစားလာရသည်။ ပြိုင်ပွဲတွင် အနိုင်ရခဲ့သူသည် သူသာဖြစ်၏။ ဘယ်လိုလုပ် အဲဒီလူယုတ်မာက နာမည်ကောင်းအားလုံးကို သိမ်းပိုက်ပြီး နာမည်ဂုဏ်သတင်း ကြီးလာရတာလဲ...

ရွှယ်လင် ဘာကြောင့် ထိုကဲ့သို့စိတ်အခြေအနေ မကောင်းရလဲဆိုသည်ကို ချီကျန့် အနည်းငယ် သိချင်မိသည်။ သူသည် စပ်စုခဲသောကြောင့် သူ၏လက်ကိုဆန့်ကာ ယွီရှောက်ဖုန်ကို လှမ်းတွန်းလိုက်သည်။


ယွီရှောက်ဖုန် သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက် သူ့လက်ချောင်းကို မြှောက်ပြီး သူ့နှုတ်ခမ်းပေါ် တင်လိုက်ကာ သူ ပြောစရာရှိလျှင်တောင် တိတ်တိတ်နေသင့်ကြောင်း ညွှန်ပြလာသည်။ သူ့ဆရာတူအစ်ကိုကြီး စိတ်ဆိုးနေသည့်အချိန်၌ သူ့ကို ဒေါသထွက်အောင်ပြုလုပ်ခြင်းသည် အကြံကောင်းတစ်ခု မဟုတ်ပေ - သူတို့ ကောင်းမွန်သောအဆုံးသတ်ကို ရောက်လိမ့်မည်မဟုတ်ပေ။ ယနေ့ ပြိုင်ပွဲစင်မြင့်မှ ဆင်းလာပြီးနောက် ရူးသွပ်သွားသော မြေကမ္ဘာတောင်ထွတ်မှ ထိုတပည့်အစ်ကိုကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်သည်။


သူ့ဆရာတူအစ်ကိုကြီးတွင် နည်းလမ်းများစွာရှိပေသည်။


"မင်းရဲ့ဆရာတူအစ်ကိုက သူအနိုင်ရပေမဲ့ ဘာကြောင့် မပျော်မရွှင်ဖြစ်နေရတာလဲ။ သူကြည့်ရတာ အရမ်းစိတ်ပျက်နေတဲ့ပုံပဲ" ချီကျန့် ရှုပ်ထွေးသွားသည်။ မည်သည့်မသေချာမှုမှမရှိဘဲ အနိုင်ရခဲ့ပြီး အောင်ပွဲခံရန် မထိုက်တန်သည့် နိုင်ပွဲတစ်ခုဖြစ်လျှင်တောင် ကမ္ဘာကြီးကို မှောင်မိုက်နေသော အမူအရာနှင့် ရင်ဆိုင်ရန် မလိုအပ်ပေ။ တစ်လောကလုံး သူ့ကို အနိုင်ကျင့်နေသကဲ့ပင်။


"ဖြစ်နိုင်တာကတော့..." တကယ်တမ်း ယွီရှောက်ဖုန်လည်း အနည်းငယ်သာ သိပေသည်။ သို့သော် ရွှယ်လင်၏လက်ရှိအသွင်အပြင်ကို ကြည့်ကာ စဉ်းစားလိုက်ပြီး "အနိုင်ရတဲ့သူက သူဖြစ်တာ သိသာပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် သင်ကြားပေးတဲ့ ဆရာ့ကိုပဲ လူတိုင်းက ချီးကျူးနေကြတာကြောင့် သူ မကျေမနပ်ဖြစ်နေတာ..."


"...ဆရာတူအစ်ကိုရွှယ်က ဦးလေးကို သဘောမကျဘူးလား"


ယွီရှောက်ဖုန် စဥ်းစားကာ ပြောလိုက်သည်။ "မသိဘူး... ငါ တိတ်ဆိတ်ခြင်းတောင်ထွတ်ကို ရောက်တာမကြာသေးတာကြောင့် သူတို့ကြားက အပြန်အလှန် ဆက်ဆံတာတွေကို မတွေ့ဖူးသေးဘူး။ ဒါပေမယ့် ဆရာက ဆရာတူအစ်ကိုကို အရမ်းသဘောကျတယ်ဆိုတဲ့ ကောလဟာလတွေတော့ ဂိုဏ်းထဲမှာရှိတယ်... ပြီးတော့ ငါ ဆရာနဲ့တွေ့ဖူးတယ်။ သူက ဆရာတူအစ်ကိုကို အရမ်းကိုသဘောကျတယ်။ ဒါပေမယ့် ဆရာ့အပေါ် ဆရာတူအစ်ကိုရဲ့ သဘောထားက..." သူ ခဏလောက် စဉ်းစားခဲ့သော်လည်း ဘယ်လိုပုံစံနှင့် ဖော်ပြရမလဲဆိုတာကို ရှင်းမပြနိုင်ဘဲ နောက်ဆုံးတွင် ယေဘူယျ ဖော်ပြချက်တစ်ခုသာ ပေးနိုင်သည်။ "...မကြာခဏဆိုသလို ဆရာတူအစ်ကို ပြောတဲ့အရာတွေနဲ့ လုပ်တဲ့အရာတွေက မတူကြဘူး... သူက ဆရာ့ကို သိပ်ဂရုမစိုက်သလို မကြာခဏ ဆက်ဆံတတ်ပေမယ့်... ဆရာ့ကို တကယ်သဘောကျတာလည်း ဖြစ်နိုင်တယ်"


ချီကျန့် အလေးအနက်တွေးကာ ခေါင်းညိတ်ပြလိုက်ပြီး သူ့ဦးလေးနှင့် သူ့တပည့်အကြီးကြား ဆက်ဆံရေးကို စူးစမ်းရှာဖွေမှုသည် ဤနေရာတွင် ပြီးဆုံးသွားခဲ့သည်။


တကယ်တမ်း သူ ၎င်းကို ဆက်လက်စူးစမ်းကြည့်လျှင် သူ့ကိုယ်သူ အချိန်အများစုကို ရှုပ်ထွေးခက်ခဲအောင် ဖြုန်းတီးခဲ့မိခြင်းမှ ကယ်တင်နိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူသည် သူ့ကိုယ်တိုင်နှင့် မသက်ဆိုင်သော အရာများကို အမြဲဂရုမစိုက်ခဲ့သည့်အပြင် ယခုအချိန်၌ ယွီရှောက်ဖုန်နှင့်။ပတ်သက်သည့် လူများနှင့် အရာများအကြောင်းကိုလည်း သူ သိပ်ဂရုမစိုက်မိခဲ့ပေ။


ထိုအရာများကြောင့် နောင်နှစ်ပေါင်းများစွာကြာသောအခါ ချီကျန့် နောင်တရလာပေလိမ့်မည်။ သို့သော် သူ၏ EQ နိမ့်ပါးမှုအတွက် မည်သူကို အပြစ်တင်နိုင်မည်နည်း။


ဂိုဏ်းအချင်းချင်း ယှဥ်ပြိုင်ပွဲပြီးဆုံးသည့် နောက်တစ်နေ့တွင် စစ်ရွှေလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သည်။ တက်ရောက်လာခဲ့သော တပည့်အများစုသည် ပြိုင်ပွဲတွင် အဆင့်ကောင်းကောင်းရရန် ရောက်လာခဲ့ခြင်းမဟုတ်ပေ - သူတို့၏ပန်းတိုင်သည် အတိအကျကို စစ်ရွှေလျှို့ဝှက်နယ်မြေပင်ဖြစ်၏။


စစ်ရွှေလျှို့ဝှက်နယ်မြေသည် အနှစ်တစ်ထောင်တိုင်း ဖွင့်လှစ်သော လျှို့ဝှက်နယ်မြေဖြစ်ပြီး ဂိုဏ်းအချင်းချင်း ယှဥ်ပြိုင်ပွဲတိုင်းသည် ဤနယ်မြေကို ဖွင့်လှစ်ခြင်းနှင့် အဆုံးသတ်သွားသည်မဟုတ်ပေ။ စစ်ရွှေလျှို့ဝှက်နယ်မြေသည် ရွှယ်လင်၏ မူလနန်ခိုင်လျှို့ဝှက်နယ်မြေထက် အဆပေါင်းများစွာ ကြီးမားကျယ်ဝန်းပြီး အမည်မသိရတနာများစွာနှင့် မစူးစမ်းမရှာဖွေရသေးသောနေရာများစွာရှိသည်။ လျှို့ဝှက်နယ်မြေဖွင့်သည့်အချိန်တိုင်း လူတော်တော်များများ ဝင်လာတတ်ကြသည်။ ထိုနယ်မြေ၏ယခင်စူးစမ်းလေ့လာသူ ရေးဆွဲခဲ့သောမြေပုံကို ရွှယ်လင် ယူဆောင်လာခဲ့သောကြောင့် လျှို့ဝှက်နယ်မြေအတွင်းရှိ နယ်မြေအများစုကို တွေ့မြင်နိုင်ခဲ့သည်။


စစ်ရွှေလျှို့ဝှက်နယ်မြေအတွက် ကျင့်ကြံရေး ကန့်သတ်ချက်တစ်ခုရှိပြီး ချူးချောင်းအဆင့်အောက်ရှိသူများသာ ဝင်ရောက်နိုင်သည်။ ရွှယ်လင်သည် ယွမ်ယင်းအဆင့်ရှိ အခြားကျင့်ကြံသူများကြားတွင် မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးမားသောကြောင့် သူ့လက်ထဲမှ မြေပုံအား လုယူခံရမည်ကို လုံးဝစိုးရိမ်နေစရာမလိုပေ။


ယွီရှောက်ဖုန်သည် သူ့သူငယ်ချင်းအသစ်ကို အထူးနှစ်သက်ကြောင်း ရွှယ်လင် သိသောကြောင့် ချီကျန့်အား သူတို့နှင့်အတူ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခိုင်းလိုက်သည်။ ချီကျန့် လိုလိုလားလားဖြင့် သဘောတူလိုက်ပြီး သူတို့သုံးယောက် အတူတူ ထွက်ခွာခဲ့ကြသည်။


အခြားသူများသည် ရွှယ်လင်နှင့်အတူ သွားလိုကြသော်လည်း သူတို့၏မျိုးဆက်အဆင့်အတန်းကို အခြေခံ၍ သူတို့ထဲမှအများစုသည် ရွှယ်လင်ကို 'ဆရာတူဦးလေး' ဟုခေါ်ရမည်ဖြစ်ပြီး သူ့အား အလွန်ရိုသေလေးစားသွားကြသည်။ သူတို့ စကားမပြောရဲသောကြောင့် ရွှယ်လင်လည်း သူတို့ကိုလှည့်ကြည့်ရန် စိတ်မ၀င်စားပေ။ အကြီးအကဲအချို့သည် ရွှယ်လင် ကောင်းကင်ဓားဂိုဏ်း၏လူအချို့ကို ခေါ်ဆောင်သွားလိမ့်မည်ဟူသော သူတို့မျှော်လင့်ချက်များကို လာရောက်ဖော်ပြသည့်တိုင် ရွှယ်လင်သည် သူ့စိတ်ထဲတွင် ပန်းတိုင်တစ်ခုရှိကြောင်းနှင့် ဆရာတူညီငယ်လေးနှင့် ချီကျန့်ကိုလည်း စောင့်ရှောက်ရန် လိုအပ်ကြောင်းစသည့် အကြောင်းပြချက်များကို အသုံးပြုကာ ကောင်းကောင်းမွန်မွန် ငြင်းဆိုလိုက်သည်။


သူ ရွှင်လန်းစွာ စကားပြောဆိုခဲ့ကာ လာရောက်တောင်းဆိုသည့် အကြီးအကဲများသည် ရောက်လာချိန်တွင် သူတို့မျက်နှာပေါ်၌ အပြုံးများရှိနေပြီး သူတို့ ထွက်သွားချိန်တွင်လည်း ပြုံးလျက် ရှိကြပေသည်။ အနည်းဆုံးတော့ အပေါ်ယံတွင် အပိုလူများခေါ်ဆောင်သွားရန် သူ့အား အတင်းအကျပ် ခိုင်းစေနိုင်သည့်သူ တစ်ယောက်မှ မရှိခဲ့ပေ။


သူသည် မည်သူ့တပည့်ဖြစ်သည်ကို သူတို့အားလုံး သိကြပေသည်။ သူ ပြုံးနေသော်လည်း သူ၏ဒေါသသည် တစ်နေ့တွင် ချီလန်ကဲ့သို့ ပြင်းထန်လာမည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။


သူတို့ မည်သူ့ကိုမဆို ရန်စနိုင်သော်လည်း ချီလန်ကို ရန်သွားမစနိုင်သည့်အချက်မှာ ဟိုးရှေးရှေးကတည်းကပင် သူတို့၏စိတ်ထဲတွင် ရေးထွင်းထားခဲ့သော အရာတစ်ခုဖြစ်သည်။ နောက်ဆုံး လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်သောအခါ ကံမကောင်းသော ကလေးနှစ်ဦးသာ ရွှယ်လင်၏ဘေးတွင် ကျန်နေခဲ့သည်။


ဤလူနှစ်ယောက်ကို လျှို့ဝှက်နယ်မြေထဲသို့ ခေါ်ဆောင်သွားခြင်း၏ အချို့သော အကျိုးဆက်များလည်းရှိပေသည်။ ပြောရမည်ဆိုလျှင် သူတို့သည် ဇာတ်လိုက်များဖြစ်ကြပြီး ထူးဆန်းသည့် မျှော်လင့်မထားသောတွေ့ဆုံမှုမျိုး ကြုံရမည်မှာ အသေအချာပင်။ အကယ်၍ ရွှယ်လင်သာ ကြားဝင်မရှုပ်လျှင် သူတို့သည် ကံဆိုးသည့်အရာများ သို့မဟုတ် ကံကောင်းသည့်အရာများနှင့် ပက်ပင်းတွေ့ဆုံရန် အလားအလာရှိပေလိမ့်မည်။ ဤအချိန်အတောအတွင်း ယွီရှောက်ဖုန်သည် အနည်းငယ်ထိန်းချုပ်မှုလွတ်သွားပေလိမ့်မည်။


ယွီရှောက်ဖုန်သည် မူလက ဆယ်ကျော်သက်တစ်ယောက်၏ စိတ်နေသဘောထားရှိခဲ့သော်လည်း ငယ်စဉ်ကပင် ပြင်းထန်စွာ ဖိနှိပ်ခံထားရသည်။ ယခုအခါ ရွှယ်လင်သည် သူ သဘောကျသလို လုပ်ခွင့်ပေးလိုက်သည်နှင့် သူ၏မကြာသေးမီက ပိုပြီးပျော်ရွှင်စရာကောင်းလာသောဘဝလေးသည် သူ၏မသိစိတ်အပေါ် သက်ရောက်မှုရှိလာခဲ့သည်။ မကြာခဏဆိုသလို သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို တွေ့ရတတ်ပြီး အရင်ကလို တင်းကျပ်သောအရာများ မရှိတော့ပေ။ ချီကျန့်ရှေ့တွင် မကြာခဏ နောက်ပြောင်ကာ လှည့်စားရသည်ကို နှစ်သက်ပြီး ဆယ်ကျော်သက်လေးတစ်ယောက်နှင့် လုံးဝတူလာပေသည်။


ယွီရှောက်ဖုန် အလွန်တောက်ပကာ ပျော်ရွှင်နေသဖြင့် ရွှယ်လင်လည်းပျော်ပေ၏။ သူ့မျက်လုံးများထဲတွင် ဤအရူးလေးသည် သူ့ဘဝတစ်ခုလုံး ချောမွေ့သည့်ဘဝကို ပိုင်ဆိုင်နိုင်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူ၏လက်ရှိ စိတ်နေစိတ်ထားသည် အလွန်ကြည်နူးဖွယ်ကောင်းနေပြီး ယွီရှောက်ဖုန် နှိပ်စက်ခံရကာ မှောင်မည်းနေသော လမ်းကြောင်းပေါ်သို့ အတင်းအကြပ်တွန်းပို့ခံရသည်ကို ရွှယ်လင် တွေ့ရရန် အကြောင်းမရှိပေ။ သူ၏ရယ်မောမှုသည် ရူးကြောင်ကြောင်နိုင်ပြီး ချစ်စရာကောင်းလွန်းသောကြောင့် ရွှယ်လင် ထိုအပြုံးကို မြင်လိုက်သည်နှင့် အမှန်တကယ်ကို ထူးခြားသည့်အောင်မြင်မှုတစ်ခုကဲ့သို့ ခံစားရစေသည်။


အကူစနစ်: "..." မှန်ပေ၏။ သူ၏ host ကိုလည်း အပြစ်တင်လို့မရပေ။ နောက်ဆုံး ကလေးများအား ပြုစုပျိုးထောင်ရသည်ကို သူ အရမ်းပျော်ရွှင်နေသည့်ပုံပင်... ထို့အပြင် မကောင်းသည့်အရာတစ်ခုမှ မလုပ်ဖူးခဲ့သကဲ့သို့ပင်... အနာဂတ်တွင် သူ ဆိုးဆိုးရွားရွား ပြောင်းလဲမသွားရန်ကိုပဲ မျှော်လင့်နိုင်ပေသည်...



သူတို့ စစ်ရွှေလျှို့ဝှက်နယ်မြေမှ အရည်အသွေးကောင်းမွန်သော ပစ္စည်းတစ်ခုကို ရရှိခဲ့သည်။ ရွှယ်လင် သူတို့နှစ်ဦးနောက်မှ လိုက်ရန်သာ တာဝန်ရှိပေသည်။ ရွှယ်လင် သူတို့နှစ်ယောက်၏တိုက်ပွဲများတွင် မပါဝင် မလှုပ်ရှားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်ချီကျန့်တို့အတွက် သူတို့ကိုယ်တိုင် တိုးတက်စေရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဟု ယွီရှောက်ဖုန် ယုံကြည်နေသောကြောင့်ဖြစ်ပြီး သူ့ဆရာတူအစ်ကိုကိုလည်း မလိုအပ်ဘဲ မလှုပ်ရှားရန် တောင်းဆိုခဲ့သည်။


သုံးယောက်စလုံးသည် မြေပုံပေါ်တွင် အမှတ်အသားပြုထားသော ဧရိယာအားလုံးကို ဖြတ်သန်းသွားခဲ့ကြသည်။ ရွှယ်လင် ယွီရှောက်ဖုန်၏စိတ်ဝိညာဉ် အရင်းအမြစ်များကိုပြောင်းလဲပေးနိုင်သည့် အရာကိုတွေ့ရှိခဲ့ပြီးနောက် ချီကျန့်နှင့်အတူ သောင့်ကာကွယ်သူအဖြစ်ပြုလုပ်ကာ ယွီရှောက်ဖုန်အား ထိုအရာကို ချက်ချင်း စုပ်ယူစေခဲ့သည်။ ယွီရှောက်ဖုန်သည် ချီကျန့်နှင့်အတူ အပြင်ထွက်လျှောက်သွားကာ ကိုယ့်ကိုယ်ကို တိုးတက်ရန် စီစဉ်ထားမည်ဆိုလျှင် သူ၏စွမ်းအားကို မြှင့်တင်ဖို့ လိုအပ်ပေသည်။


ယွီရှောက်ဖုန် ဤရတနာကို စုပ်ယူလိုက်သောကြောင့် သူ၏စိတ်ဝိညာဉ် အရင်းအမြစ်များသည် ပိုမိုပြောင်းလဲလာပြီး ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သည့် သူ၏စွမ်းအားသည် ပိုမိုအားကောင်းလာလိမ့်မည်။ ၎င်းသည် သူ၏စိတ်ဝိညာဉ် အရင်းအမြစ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန်အတွက်လည်း ကူညီပေးသည်။


သူဆရာတူအစ်ကို၏ အကူအညီကို ယွီရှောက်ဖုန် စိတ်ထဲတွင် အမြဲမှတ်သားထားခဲ့သည်။ သူ့ဆရာတူအစ်ကိုသည် အကျိုးကျေးဇူးအားလုံးကို သူ့အတွက် အမြဲပေးနေသလိုပင်။ သူ ရတနာကိုစုပ်ယူပြီးနောက် သူ့အတွက် ဓားပြုလုပ်ရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ပင် ဝင်ရောက်သွားခဲ့သည်။


"ငါ့ရဲ့ဆရာတူအစ်ကိုကြီးက ငါ့ကို ကလေးတစ်ယောက်လို ဆက်ဆံနေတယ်လို့ မင်းမထင်ဘူးလား" သူ့ခွန်အားများ တိုးလာခြင်းကြောင့် ယွီရှောက်ဖုန်သည် အရပ်ပိုရှည်လာပြန်သည်။ ရွှယ်လင် တံခါးပိတ် ကျင့်ကြံနေသည်ကို အခွင့်ကောင်းယူကာ ချီကျန့်ထံ မှီလိုက်ပြီး အလွန့်အလွန် တိုးလှသောအသံဖြင့် တီးတိုးပြောလိုက်သည်။ "ငါ့ကို သူ ပြုစုပျိုးထောင်ထားတဲ့ ကလေးတစ်ယောက်လိုမျိုး ဆက်ဆံနေတယ်လို့ ခံစားရတယ်"


ချီကျန့် သူ့လက်ကို ဆန့်ထုတ်ကာ သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး သူ၏လက်ရှိ ပင်ကိုယ်စရိုက်သည် ကလေးတစ်ယောက်နှင့် သိပ်မကွာခြားကြောင်း သတိပေးလိုစိတ်မရှိပေ။ အခြားသူများ သူတို့ကို ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်း ရှိ၊ မရှိကို ကလေးတစ်ယောက်သာ သူတို့ကိုယ်တိုင် စိတ်ပူနေပေလိမ့်မည်။ "သေချာစဉ်းစားကြည့်။ မင်းမှာ မင်းရဲ့ဆရာတူအစ်ကိုနဲ့ ဒီလောက်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ သေချာတာကတော့ မင်းကို မင်းရဲ့ဆရာ အသိအမှတ်ပြုတာကို ခံရစေချင်တယ်။ အဲ့ဒါကြောင့် မင်းကို ပိုသန်မာလာအောင် ကူညီပေးနေတာ မဟုတ်လား"


ဤနည်းဖြင့် ယွီရှောက်ဖုန်အား ရှင်းပြလိုက်သောအခါ အရာအားလုံးသည် သူ့အတွက် ရုတ်တရက် ရှင်းသွားပုံရသည်။ သူ့မျက်လုံးများသည် ကြယ်ပွင့်လေးများဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပနေသည်။ "မင်း ပြောတာမှန်တယ်။ ဆရာရဲ့ အသိအမှတ်ပြုမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးရဖို့အတွက် ငါ ဒီထက်ပိုပြီး ကြိုးစားသင့်တယ်"


ယွီရှောက်ဖုန် မကြာသေးမီက မြင့်တက်လာသော သူ၏ကျင့်ကြံရေးကို စတင်စုစည်းရန် ထိုင်လိုက်ချိန်တွင် ချီကျန့် စိတ်သက်သာရာရစွာ ကြည့်နေခဲ့သည်။ သူ့အား အလိုလိုက်ပေးရသည့် ခံစားချက်ကို သူ၏ဆရာတူအစ်ကို အရမ်းသဘောကျနေသည်မှာ အံ့သြစရာမရှိပေ။ ဤကလေး ပျော်ရွှင်နေချိန်တွင် သူ့နှလုံးသားသည်လည်း နွေးထွေးသွားသလို ခံစားလိုက်ရသည်...


၎င်းသည် ထူးဆန်းသည့် ခံစားမှုတစ်ခုဖြစ်သော်လည်း ၎င်းကို သူ နှစ်သက်ပေသည်။


လဝက်ခန့်ကြာပြီးနောက် ရွှယ်လင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီး ယွီရှောက်ဖုန်အား ဓားရှည်တစ်လက်ကို ကမ်းပေးလိုက်သည်။ ထိုဓားရှည်သည် အပေါ်ယံကြည့်လျှင် ရိုးရှင်းပုံပေါ်သော်လည်း ယွီရှောက်ဖုန်၏ ကြီးထွားလာသော မိုးကြိုးနှင့် လျှပ်စီးစွမ်းအားများကို ခံနိုင်ရည်ရှိပေသည်။ ၎င်းသည် ယွီရှောက်ဖုန်နှင့်အတူ တိုးတက်လာနိုင်စွမ်းရှိသည့် လက်နက်တစ်ခုပင်။ အချိန်အတော်ကြာအောင် ကျင့်ကြံကာဂရုစိုက်ခဲ့မည်ဆိုလျှင် နောင်တစ်ချိန်တွင် ဓားဝိဥာဉ်ပင် ဖွံ့ဖြိုးလာနိုင်သည်။


ယွီရှောက်ဖုန်သည် သူ၏ဓားအသစ်ကြောင့် အရူးအမူးပျော်ရွှင်နေခဲ့သည်။ သူ သူ၏ဓားအသစ်ကို အမည်ပေးကာ ချီကျန့်နှင့်အတူတွဲပြီး လျှို့ဝှက်နယ်မြေရှိ တောရိုင်းတိရိစ္ဆာန်များကို အသုံးပြုကာ သူတို့ဓားနှစ်ချောင်းကို ပေါင်းစပ်လေ့ကျင့်ခဲ့သည်။ သူ့မျက်လုံးများသည် နေ့တိုင်း သလင်းကျောက်များကဲ့သို့ တောက်ပနေပြီး အမြဲတမ်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။


သို့သော် လျှို့ဝှက်နယ်မြေမှ ထွက်လာသောအခါ စိတ်လှုပ်ရှားမှုများသည် ပျောက်ကွယ်သွားပြီဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ရွှယ်လင်နှင့် ခွဲခွာရတော့မည်ဖြစ်သောကြောင့်ပင်။