Chapter 143
Viewers 8k

🦊Arc 9 - ကျင့်ကြံရေးဇာတ်လမ်း၏ အဖြည့်ခံChapter 143


9.19 – ထိုထင်ယောင်ထင်မှားများကြောင့် သူမည်မျှကြာအောင် စိတ်ရှုပ်ထွေးနေရအုံးမည်နည်း




သူ့မိဘများ မကြာခင် ထွက်သွားတော့မည်ကိုသိသော မူကြိုကျောင်းသို့ အပို့ခံရသည့် ကလေးတစ်ယောက်ကဲ့သို့ ယွီရှောက်ဖုန် ရွှယ်လင်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် စိုစွတ်နေပြီး သူ၏စောင့်ရှောက်သူကို မခွဲခွာချင်သော ဘာမှမသိနားမလည်သည့် သမင်လေးတစ်ကောင်နှင့် တူလှပေ၏...


အကူစနစ်သည် သူ၏မျက်နှာကို ကူကယ်ရာမဲ့ ဖုံးကွယ်ထားလိုက်သည်။ သူ အမှန်တကယ် အေးဆေးသက်သာသောဘဝကို နေထိုင်ခဲ့သည်မှာ ကြာပေပြီ။ အဓိကဇာတ်ဆောင်ကို မသိနားမလည်သော သမင်ကလေးတစ်ကောင်အဖြစ် သတ်မှတ်လိုက်ရင် ဆန့်ကျင်ကွဲလွဲတာမျိုး ရှိမနေဘူးလား...


နေပါအုံး... အဲဒါက ဘာမှအမှားအယွင်းမရှိသလိုပဲ... ထိုကလေးသည် ရွှယ်လင်၏အလွန်ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသော်လည်း သူ့ဆရာတူအစ်ကိုကို ထားခဲ့ရန် လိုအပ်ကြောင်း ရုတ်တရက် တောင်းဆိုခံလာရသည်။ သူ့တွင် တွန့်ဆုတ်မှုများ အပြည့်ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။ သူ့မျက်လုံးများထဲတွင် မကျေနပ်မှုများဖြင့် ယိုဖိတ် ကျဆင်းလာခါနီးသော်လည်း သူ ထွက်မသွားနိုင်သောကြောင့် မျက်ရည်ကျကာ ငိုမည့်အဆင့်အထိ မရောက်သေးပေ။


"လိမ္မာစမ်းပါ။ ဘဝမှာ ပထမဆုံး အကြိမ်တွေဆိုတာ အမြဲတမ်းရှိနေမှာပါ။ မင်းရဲ့ဆရာတူအစ်ကိုက မင်းရဲ့ကျန်တဲ့လမ်းတစ်လျှောက်မှာ မင်းကို မဖော်ပြုပေးနိုင်မှာ မဟုတ်ဘူး။ ငါ ကောင်းကင်ကို ပျံတက်သွားပြီး မသေမျိုးတစ်ယောက် ဖြစ်လာမှာမဟုတ်သလို မင်း ငါ့ကို ဘယ်တော့မှပြန်မတွေ့နိုင်မှာလည်း မဟုတ်ဘူး။ ငါက နံရံကို မျက်နှာချင်းဆိုင်ပြီး အပြစ်ဒဏ်ခံဖို့ ပြန်သွားရုံပဲ"


"ဆရာတူအစ်ကို အစ်ကို နံရံအပြစ်ဒဏ်ကို ခံယူဖို့ ပြန်သွားရုံပဲဆိုတာ သေချာလား။ ဆရာက အစ်ကို့ကို ဆိုးရွားတာတစ်ခုခု လုပ်မှာမဟုတ်ဘူး ဟုတ်တယ်မလား..."


အကူစနစ်: "အာ 'မကောင်းတာတစ်ခုခု' က မင်းကို မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးထဲမှာ ချုပ်ထားတာကို ဆိုလိုတာဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်"


ရွှယ်လင် သူ့စိတ်ထဲတွင် အကူစနစ်ကို အကြိမ်တစ်ထောင်လောက် ဓားနှင့်ထိုးပြီးပြီဖြစ်ပြီး ပြုံးကာ သူ့ဆရာတူညီငယ်လေးကို ပြောလိုက်သည်။ "မလုပ်ပါဘူး။ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မင်းနဲ့ယှဉ်ရင် ဆရာက ငါ့ကို နည်းနည်းလေး ပိုသဘောကျနေသေးတယ်လေ။ ဒါကြောင့် သူ့ရဲ့ဒီတစ်ဦးတည်းသော တပည့်လေးကို တစ်ခုခု လုပ်မှာမဟုတ်ဘူး"


"ဆရာတူအစ်ကို... အစ်ကို ကျွန်တော့်ကို လုံးဝ နှစ်သိမ့်ပေးမနေနဲ့"


"ကောင်းပြီ... မှန်တယ်။ မင်းက မင်းရဲ့ဆရာတူအစ်ကို နှစ်သိမ့်ပေးတာကို မလိုအပ်တော့တဲ့ အရွယ်ရောက်နေပြီလို့ ငါထင်တယ်"


ယွီရှောက်ဖုန်: "..."


"နှုတ်ဆက်ပါတယ် ဆရာတူအစ်ကို"


ရွှယ်လင် အကောင်ပေါက်လေး၏ ခေါင်းကို ကျေနပ်စွာ ပွတ်သပ်လိုက်ပြီး "ဒါကမှ ရင့်ကျက်တဲ့ပုံနဲ့ ပိုတူတယ်။ နောက်တစ်ကြိမ် ငါတို့ ပြန်တွေ့လို့ မင်း အရမ်းညံ့ဖျင်းနေသေးတယ်ဆိုရင် မင်းရဲ့ဆရာတူအစ်ကိုက ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ဆိုပြီး အပြစ်မတင်နဲ့"


ယွီရှောက်ဖုန်: "..." 'ဆရာတူအစ်ကိုက ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်နေဆဲ' ဟူသော စကားများကို သူ ပြန်မျိုချလိုက်ရသည်။ သူ၏ကမ္ဘာ့အမုန်းတီးဆုံး လူများစာရင်းထဲ၌ သူ့ဆရာနောက်တွင် သူ၏ဆရာတူအစ်ကိုကြီးကို သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။


ယွီရှောက်ဖုန်နှင့်ချီကျန့် ထွက်ခွာသွားပြီးနောက် နောက်ဆုံးတွင် ရွှယ်လင် အနားရသွားသလို ခံစားခဲ့ရသည်။ သူ့ကိုယ်သူ တောင်ထွတ်၌ ပိတ်လှောင်ထားဖို့ ပြန်မသွားမီ အရင်ဆုံးသေမျိုးကမ္ဘာတွင် လှည့်လည်သွားလာပြီး ပစ္စည်းတချို့ဝယ်ရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့် သူ့တပည့်ကို သုံးလကြာ မတွေ့ခဲ့ရသော ချီလန်သည် သူ့တပည့်ပြန်လာချိန်၌ တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်မနေကြောင်း သေချာစေရန် ပြန်လာမည့်နေ့ကို အတိအကျ တွက်ချက်ကာ ပြင်ဆင်ထားပြီးဖြစ်သည်။


ရွှယ်လင် တိတ်ဆိတ်ခြင်းတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် မည်းမှောင်သော မျက်နှာအမူအရာနှင့် ဒေါသထွက်နေသော ချီလန်အား တွေ့လိုက်ရသည်။


သူ စပ်စုစွာ မေးလိုက်သည်။ "ဆရာက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား"


ချီလန်၏အမူအရာသည် အေးစက်နေသည်။ "ငါက တံခါးပိတ်ကျင့်ကြံနေရင် မင်း ပြန်လာကြည့်ပြီး မင်းရဲ့ အပြစ်ဒဏ်ကနေ ရှောင်ရှားဖို့ နောက်ထပ် ပြန်ထွက်ပြေးသွားအုံးမှာမလား"


ရွှယ်လင် သူ့နှုတ်ခမ်းများကို စေ့ပိတ်ထားလိုက်သည်။ သူပြန်ရောက်,ရောက်ချင်း တံခါးပိတ်ကျင့်ကြံဖို့ အပို့ခံရသောကြောင့် မပျော်ရွှင်ပေ။ ထိုလူအတွက် ဝယ်လာသမျှ ပစ္စည်းများကို ထုတ်ပေးရန် စိတ်ကူးမရှိတော့ပေ။ သူ မျက်တောင်ခတ်ပြီး နှုတ်ခမ်းကို ကွေးကာ ပြုံးလိုက်သည်။ "မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုခု ဖြစ်နေခဲ့လို့ ကျွန်တော် ပြန်လာတဲ့လမ်းမှာ နှောင့်နှေးသွားတာ။ ဆရာ့ရဲ့တပည့်က အခုချက်ချင်း နံရံကို မျက်နှာမူဖို့ သွားလိုက်ပါ့မယ်"


သူ ပြုံးနေသော်လည်း သူ၏မကျေနပ်မှုများကို ချီလန် ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။ မျက်မှောင်ကြုတ်ကာ စကားစလုဆဲဆဲတွင် သူ့တပည့်ငယ်လေးသည် 'နှုတ်ဆက်ပါတယ်ဆရာ' ဟု စိတ်မပါစွာ ပြောဆိုပြီး တောင်ကြားထဲသို့ လှည့်ထွက်သွားသည်။


တိတ်ဆိတ်ခြင်းတောင်ထွတ်တွင် နံရံအပြစ်ဒဏ်အတွက် အလွန်သင့်လျော်သော တောင်ကြားတစ်ခုရှိပေသည်။ သို့သော်လည်း ထိုအချိန်တွင် ချီလန် သူ့ကို တားပြီး အဘယ်ကြောင့် ဤမျှမပျော်မရွှင် ပြုံးပြနေသနည်းဟု မေးလိုက်ချင်သည်...


အနည်းဆုံးတော့ အဲဒါက ဆရာတစ်ယောက်လုပ်သင့်တဲ့အရာ မဟုတ်လား... ရွှယ်လင်၏ခြေလမ်းများအတိုင်း မသိစိတ်မှ လိုက်လာပြီးနောက် ချီလန် သူ့ကိုယ်သူ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ထိုမေးခွန်းကို မေးလိုက်ပြီး နောက်ဆုံးတွင် အဖြေရသွားခဲ့၏။


ဘာလို့ မရ,ရမှာလဲ... ဆရာတစ်ယောက်အနေနဲ့ တပည့်ရဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို မစိုးရိမ်သင့်ဘူးလား... ဆရာတစ်ယောက်အနေနဲ့ သူ့တပည့်ကို စိတ်ပူနေမှာ ဖြစ်သလို သူ့ကို ပိုပြီးနားလည်လာချင်တာကလည်း ဘာတစ်ခုမှ မမှားဘူးလို့ မှတ်ယူလို့ရတယ်... ဒါက သူ လုံးဝဘောင်ကျော်သွားတာ မဟုတ်ဘူး။


ဤအကြောင်းကို မိမိကိုယ်မိမိ အကြိမ်ပေါင်းများစွာ အတင်းအကြပ် ယုံကြည်စေပြီးနောက် အပြစ်ပေးခံရမည့် တောင်ကြားဆီသို့ သွားနေသော ရွှယ်လင်၏အနောက်မှ ချီလန် လမ်းတစ်လျှောက်လုံး အမူအရာမဲ့စွာဖြင့် လိုက်သွားခဲ့သည်။


ရွှယ်လင် သူ့ကို လျစ်လျူရှုရန် ကြိုးစားခဲ့သော်လည်း သူ၏တည်ရှိမှု ခံစားချက်သည် အလွန်ပြင်းထန်သောကြောင့် ရွှယ်လင်သည် သူ့နောက်မှလိုက်လာသော သစ္စာရှိခွေးကြီးတစ်ကောင်အား မရှိသလို ဟန်ဆောင်ထားနိုင်စွမ်း မရှိတော့ပေ။ ရွှယ်လင် သူ့ကို လှည့်ကြည့်လိုက်သောအခါ ထိုလူသည် မတရားစွပ်စွဲခံရသည့်အကြည့်များနှင့် သူ့ကို ကြည့်နေပြီး သူ့ကို လျစ်လျူရှုထားခြင်းအတွက် သူ့အား အပြစ်တင်နေသကဲ့သို့ပင်။


ဤကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် သူ၏စိတ်သဘောထားကို ထိန်းထားရန် ရွှယ်လင်တွင် နည်းလမ်းမရှိပေ။ သူ့ခေါင်းထဲတွင် ပျော်ရွှင်စရာ အနာဂါတ်အစီအစဥ်များကို အမြဲစီစဉ်ထားသော်လည်း ရွှယ်လင် ထိုသူနှင့် ရင်ဆိုင်ရသည့်အချိန်တိုင်း သူ့စိတ်နှလုံးသားများ နူးညံ့ပျော့ပျောင်းသွားရ၏။ ထိုလူ၏ခေါင်းထဲတွင် မှားယွင်းသောအတွေးများ ရှိနေပြီး သူလုပ်နေသမျှအရာအားလုံးသည် သူ့အား ဒေါသထွက်စေရုံသာမက မပျော်မရွှင်ဖြစ်စေမှန်း သူသိပြီးသားဖြစ်သော်လည်း သူ့စိတ်သူ တင်းကာ ထိုလူအား ထိခိုက်နာကျင်အောင် လုပ်နိုင်စွမ်း မရှိသေးပေ။


"ဆရာ..." သူ ကူကယ်ရာမဲ့စွာ ပြန်ကြည့်လိုက်ပြီး "ကျွန်တော် ခိုးမထွက်ပါဘူး။ ဆရာ နောက်ကလိုက်လာပြီး ကျွန်တော့်ကို စောင့်ကြည့်နေဖို့မလိုဘူး..."


ချီလန် ချောင်းဟန့်ကာ ပြောလိုက်သည်။ "မင်းကို စောင့်ကြည့်ဖို့ ငါလိုက်လာခဲ့တာမဟုတ်ဘူး..."


"ဒါဆို ဆရာ နောက်တစ်ကြိမ် ချီဖောက်ပြန်ခါနီးတာကြောင့် ကျွန်တော့်အနားမှာ ရှိနေဖို့လိုအပ်လို့လား" ရွှယ်လင် ခေါင်းခါလိုက်ပြီး "တကယ်တော့ ဆရာက ကျွန်တော့်ရဲ့ မူလခန္ဓာကိုယ်နဲ့ အနီးကပ် ရှိနေဖို့ပဲလိုတာပါ။ ကျွန်တော့်နောက်ကို လိုက်နေရင် သိပ်ပြီးအကျိုးရှိမှာ မဟုတ်ဘူး"


ချီလန် မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင် "မင်း စိတ်ပျော်မနေဘူး..."


ရွှယ်လင် အံ့ဩသွားသည်။


"ခုနက ငါပြောလိုက်တဲ့အရာက မင်းကို စိတ်ဆိုးသွားစေတာလား"


ရွှယ်လင် သူ့မျက်ခုံးများကို ပင့်လိုက်သည်။ သူ့မျက်နှာသည် ပြုံးနေဆဲဖြစ်သော်လည်း ယခုအခါတွင် သူ့မျက်လုံးများသည် စစ်မှန်သော အပြုံးရိပ်များကို သယ်ဆောင်ထားပေ၏။ "ဆရာ အမြင်မှားတာနေမှာပါ။ ကျွန်တော် စိတ်မဆိုးပါဘူး"


ချီလန် ခဏလောက် စဉ်းစားလိုက်သည်။ သူ့လက်ကို ရွှယ်လင်၏ပခုံးပေါ်တင်လိုက်ပြီး မိန်းမငယ်လေးတစ်ဦးကဲ့သို့ လက်ကိုမြှောက်ကာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သူ့ပါးပြင်ပေါ်သို့ ပုတ်လိုက်လေသည်။ "မင်း လူအသွင်ပြောင်းပြီးကတည်းက ငါတို့ရဲ့ ဆက်ဆံရေးက တဖြေးဖြေးဝေးကွာသွားတယ်လို့ မင်းမထင်ဘူးလား"


ရွှယ်လင်၏မျက်နှာထားသည် တင်းမာသွားသည်။ ထိုဆိုးရွားလှသော ချီဖောက်ပြန်မှုမျိုး မဖြစ်ခဲ့လျှင် သူတို့ အမှန်တကယ်ကို ဝေးကွာသွားလိမ့်မည်ဟု သူ့စိတ်ထဲ၌ တွေးမိသည်။ နောက်ဆုံးတွင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းအပေါ်၌သာ သူ အာရုံစိုက်နေပေလိမ့်မည်။


"တကယ်တော့ မင်း ဒီလိုပုံစံမျိုးနဲ့ ငါ့ကို လုံးဝ ဖုံးကွယ်ထားဖို့ မလိုပါဘူး။ ငါက မင်းရဲ့ဆရာပဲ။ ဒါကြောင့် မင်းဆန္ဒရှိမယ်ဆိုရင် မင်းကြိုက်သလို ငါ့ကို ပြောလို့ရတယ်" သူ့ခံစားချက်များကို ထုတ်ဖော်ပြောဆိုရန် ချီလန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးဖြစ်၏။ အနည်းဆုံး လက်ခံနိုင်သောအတိုင်းအတာထက် တိုးထွက်ကျော်လွန်နေသည့် သူတို့နှစ်ယောက်၏ ဆရာတပည့်ဆက်ဆံရေးကို ဆက်လက်၍ အရမ်းသတိမထားမိအောင် လုပ်နိုင်ခဲ့သည်။


အမှန်အတိုင်းပြောရလျှင် သူ့တပည့် အချိန်အကြာကြီး ထွက်သွားမည်ကို သူ လုံးဝ မလိုချင်ပေ။ သူ သေးငယ်သော ပျိုးပင်ပေါက်လေးဖြစ်ခဲ့သည့်အချိန်မှ ယခု ကောင်းကင်ယံအား ဖုံးလွှမ်းနိုင်သောအပင်ကြီးတစ်ပင်ဖြစ်လာသည်အထိ အနှစ်သုံးရာကျော် အတူတကွ ရှိလာခဲ့ကြသည်။ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် အလွန်နီးစပ်နေပြီဟု သူထင်ခဲ့သည်။ အနည်းဆုံးတော့ သူ 'လူတစ်ယောက်' နဲ့ ဤမျှလောက်ရင်းနှီးခဲ့ခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်၏။ သူ့တပည့်နှင့် ဆက်ဆံရေးတွင် တားမြစ်ခံထားရသည့် ခံစားချက်များ ပေါ်ပေါက်လာသော်လည်း သူ၏ပျိုးပင်ပေါက်လေးသည် ပျော်ပျော်ရွှင်ရွှင် ရှင်သန်နိုင်လိမ့်မည်ဟု ချီလန် မျှော်လင့်မိသေးသည်။


ရွှယ်လင် ခဏလောက်စဉ်းစားပြီး သူ၏သိုလှောင်အိတ်ထဲမှ အိတ်အများအပြားကို ဆွဲထုတ်ကာ ချီလန်၏လက်ထဲသို့ ထိုးထည့်လိုက်သည်။


"ကျွန်တော် သေမျိုးကမ္ဘာမှာ အချိန်နည်းနည်းလောက် ပိုပြီးလျှောက်လည်ခဲ့တာ။ ဒီအရာတွေအားလုံးက စိတ်ဝိညာဉ် ချီစွမ်းအင်မပါပေမဲ့ အကုန်လုံး ကျွန်တော် စမ်းကြည့်ပြီးပြီ။ အရသာရှိတယ်။ ဒါကြောင့် ကျွန်တော် ဆရာ့အတွက် အချို့ကို ဝယ်လာခဲ့တယ်... ဆရာ့ကို အခုချက်ချင်း ပေးချင်ပေမယ့် ဆရာက ကျွန်တော့်ကို အပြစ်ဒဏ် စတင်သွားခံယူဖို့ပြောခဲ့တယ်..."


ချီလန် အဆိုပါပစ္စည်းထုပ်များကို လက်ခံရယူလိုက်သည်။ သိုလှောင်အိတ်အတွင်း အချိန်မစီးဆင်းသောကြောင့် အိတ်ထဲတွင်ထည့်ထားသမျှအရာအားလုံးသည် အထဲသို့ထည့်ထားလိုက်သည့်ပုံစံအတိုင်း အတိအကျထွက်လာသည်။ သူ့လက်ထဲရှိ ကိတ်မုန့်များနှင့် အစားအစာများမှာ ပူနေသေးသဖြင့် ဝယ်ယူပြီး သိုလှောင်အိတ်ထဲသို့ ချက်ချင်းထည့်လိုက်သည့်ပုံပေါ်သည်။ အများအပြားရှိနေသောကြောင့် ရွှယ်လင်သည် ဤအရာများကို သူနှင့်မျှဝေရန် စဉ်းစားကာ အရသာရှိသည့်တစ်စုံတစ်ခုကို တွေ့တိုင်း သူ့အတွက် တစ်စိတ်တစ်ပိုင်းကို ရည်ရွယ်ချက်ရှိရှိ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။


သူ့မျက်နှာပေါ်မှ အပြုံးကိုမြင်ပြီး ယွီရှောက်ဖုန်နှင့် ချီကျန့်အတွက် သူ ချန်ထားသော အပိုင်းနှစ်ပိုင်းကို ခိုးယူကာ ကိုယ့်ဘာသာကိုယ်စားရန် ဆုံးဖြတ်လိုက်သည်...


ဤအရာများအားလုံးသည် သူ့တစ်ယောက်တည်းအတွက်သာမဟုတ်ကြောင်း ချီလန် ဘယ်သောအခါမှ ရှာမတွေ့ခဲ့လျှင် ပိုကောင်းပေသည်...


ချီလန် သူ့ရှေ့ရှိလူကို ပွေ့ဖက်ချင်ပြီး နှုတ်ခမ်းများကို နမ်းကာ သူ့စိတ်ထဲတွင် ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်လှသည်။ သူ့ကို ပြန်မကြိုက်လျှင်တောင် အနည်းနဲ့အများတော့ အကြင်သူ၏နှလုံးသားထဲတွင် သူ ရှိနေဆဲပင်။ ထို့အပြင် သူသည် အကြီးမားဆုံးနေရာတစ်ခု ပိုင်ဆိုင်ထားကြောင်း ချီလန် ယုံကြည်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤကမ္ဘာတွင် ထိုပျိုးပင်ပေါက်ငယ်လေး တွေ့ဖူးသည့် ပထမဆုံးသူတစ်ယောက်ဖြစ်သောကြောင့်ပင်...


သူ ချီလန်၏အကြည့်အတွင်းရှိ စိတ်ဆန္ဒကို ဖတ်နိုင်သောကြောင့် ဖြစ်နိုင်သည်။ ရွှယ်လင် ယင်းအကြောင်းကို တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် ချီလန်ကို ပွေ့ဖက်ပေးရန် ရှေ့သို့ တိုးသွားခဲ့သည်။


"ကျွန်တော် ဆရာ့ဆီကနေ ပုန်းရှောင်ဖို့ မရည်ရွယ်ပါဘူး ဆရာ"


အကူစနစ်: "... အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် hostကို မသိချင်စေချင်တဲ့ အရာတွေရှိတယ်..."


ရွှယ်လင် သူ့စိတ်ထဲမှ အကူစနစ်ကို နောက်တစ်ကြိမ် ကျိန်ဆဲလိုက်ပြီး လှည့်ကာ ပြောလိုက်သည်။ "ဟုတ်ပါပြီ ဆရာ၊ ဒါဆို အခု ကျွန်တော် သီးသန့်ကျင့်ကြံခြင်းကို သွားကျင့်ကြံတော့မယ်။ ယွမ်ယင်းအဆင့်ကို ဖြတ်ကျော်ဖို့ ဒီအခွင့်အရေးကို အသုံးချဖို့ ကျွန်တော် စီစဉ်ထားတယ်။ ကျွန်တော် အမှန်တကယ် အောင်မြင်သွားရင် ကျွန်တော့်ရဲ့သောင့်ကာကွယ်သူဖြစ်ဖို့ ဆရာ့ရဲ့အကူအညီကို လိုလိမ့်မယ်"


ထိုပွေ့ဖက်မှုကနေ ချီလန် အသိဝင်မလာသေးပေ။ သူ ကြောင်တက်တက်နှင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်သီးများကို ဆုပ်လိုက်သည်။


ရွှယ်လင် သူ့အား ပွေ့ဖက်ရန် လာသောအချိန်ခဏလေးအတွင်း၌ မသိစိတ်ကနေ သူ့လက်မောင်းများဖြင့် အကြင်သူအား ရစ်ပတ်ထားမိသည်။ ထိုလက်သည် သူ့ခါးပေါ်သို့ပင် ရောက်နေပေပြီ...


သူ့ခါးသည် စိတ်ကူးယဉ်ခဲ့စဥ်က သူ့စိတ်ထဲတွင် ပေါ်လာသည့် ခါးကဲ့သို့ သေးသွယ်၏။ သူ့လက်များဖြင့် ထိတွေ့ကြည့်ပါက တကယ်ကို ခံစား၍ကောင်းလွန်းလှသည်...


သို့သော် အဝတ်အစားများကို ချွတ်ပစ်လိုက်လျှင် သူ့စိတ်ကူးထဲမှခါးကဲ့သို့ တူညီစွာခံစားရနိုင်မလားဆိုသည်ကို သူ မသိပေ...


ချီလန် ရုတ်တရက် သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ ရွှယ်လင်၏ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အခုတလော သူ၏စိတ်ကူးယဉ်မှုများသည် ပို၍ပို၍ လွန်ကဲလာသောကြောင့် သူ စိတ်ပျက်သွားရသည်။ တစ်ခါတစ်ရံ သူထိုင်လိုက်သည်နှင့် စိတ်ကူးယဉ်မှုထဲသို့ ရောက်သွားကာ ထိုစိတ်ကူးယဥ်မှုထဲ၌ ပါဝင်နေသော ပုံရိပ်များသည် မည်သည့်အခါမျှ အလင်းရောင်ကို မြင်နိုင်သည့် ပုံရိပ်များမဟုတ်ပေ...


သို့သော် အကြောင်းတစ်ခုခုကြောင့် သူသည် ထိုအရာများကို ပိုမိုမြင်တွေ့ရန် အမြဲပင် နားမလည်နိုင်စွာ မျှော်လင့်နေခဲ့သည်... မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် သူ့စိတ်ကူးယဉ်မှုများထဲတွင်သာ တည်ရှိနေနိုင်သည်...


အာ... ဒီနေ့ သူ့တပည့်ကို ပွေ့ဖက်နိုင်ခဲ့သော်လည်း သူ့ခံစားချက်များကို ရဲဝံ့စွာထုတ်မပြောနိုင်သေးပေ...


ထိုထင်ယောင်ထင်မှားများကြောင့် သူမည်မျှကြာအောင် စိတ်ရှုပ်ထွေးနေရအုံးမည်နည်း။

သူ မည်သည်ကို စိုးရိမ်နေသည့်အကြောင်း ရွှယ်လင် သိသွားလျှင် သူ့မျက်နှာကို သစ်ရွက်များနှင့်အုပ်ကာ သူ့ကို ဤကဲ့သို့ ပြောလာနိုင်ပေသည်။ အဲဒီအရာတွေက သောက်ကျိုးနည်းစိတ်ကူးယဉ်မှုတွေ မဟုတ်ဘူး... အဲဒါက သူတို့နောက်ဆုံးအကြိမ်တုန်းကလုပ်ခဲ့တဲ့ ပုံရိပ်တွေလေ... သူ ဘာတွေလုပ်နေတာလဲ... စိတ်ထဲမှာမှတ်ထားပြီး ထပ်ခါထပ်ခါ စိတ်ကူးယဥ်နေတာလား... ဒီယောက်ျားက တကယ်ကို ပိုပိုပြီးဆိုးလာတာပဲ...