🧝Chapter 24
နောက်တစ်နေ့တွင် မြောင်ဟယ် နေပွင့်သည်နှင့်အစောဆုံးထကာ ဟင်းသီးဟင်းရွက်များကို တက်တက်ကြွကြွသွားရောက် ခူးဆွတ်ခဲ့သည်။ လတ်လတ်ဆတ်ဆတ်ခူးလာသော ဟင်းသီးဟင်းရွက်များကို သတိတကြီးနှင့်ဆေးကြောပြီး မြက်ခြောက်ရိုးများဖြင့် ဂရုတစိုက်စည်းနှောင်လိုက်သည်။ ထို့နောက် လျန်မိသားစုမှ လက်ဆောင်ထည့်ပေးရာတွင်သုံးသည့် သေတ္တာများကိုရှာလိုက်ပြီး စည်းနှောင်ထားသောအသီးအနှံများကို အတွင်းတွင်ထည့်လိုက်သည်။ အဆုံး၌ အပြင်ဘက် ထုတ်ပိုးမှုအရည်အသွေးမှာ အထဲတွင်ရှိသောပစ္စည်းများနှင့်အတူ လိုက်ဖက်ညီရန်လိုအပ်သည်ပင်။
ပြီးစီးသွားချိန်၌ မြောင်ဟယ် ကျေနပ်အားရစွာ လက်ခုပ်တစ်ချက်တီးလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။ မြောင်ဟယ် အနောက်သို့လှည့်ကာ တစ်နေရာကိုကြည့်၍ ပြောလိုက်လေသည် “ ဒုတိယအဒေါ်လာတဲ့အချိန်ကြရင် ကျွန်တော်သူနဲ့အတူ စားစရာတွေသွားပို့လိုက်ဦးမယ်နော်… ခင်ဗျားက အိမ်မှာပဲနားနေခဲ့ချည် ဘာမှလည်းလျောက်လုပ်မနေနဲ့ဦးနော် ဟုတ်ပြီလား…”
နောက်ဆုံးတွင် သူတို့ သမားတော်ကျီနှင့်ဟင်းသီးဟင်းရွက်များကို ဆေးခန်းသို့ ယနေ့ပို့ပေးမည်ဟု သဘောတူချက်ယူနိုင်ခဲ့သည်ဖြစ်ရာ မြောင်ဟယ်တို့ရောက်သည်နှင့် သမားတော်ကျီမှ လျန်အိမ်တော်၏အိမ်တံခါးရှေ့တွင် သူတို့အတားအဆီးမခံရရေးအတွက် လိုက်ပို့ပေးမည်ဖြစ်သည်။
ရန်သာ့လန်မှာ ပြန်လည်သက်သာရန်အချိန်လိုအပ်ပြီး လျောက်သွားနေ၍မရသည့်အတွက်ကြောင့် အိမ်တွင်သာစောင့်ဆိုင်းနေရစ်ခဲ့ရလိမ့်မည်ပင်။ ထို့အတွက်ကြောင့် သူ၏မျက်ခုံးများမှာ စိတ်ရှုပ်ထွေးမှုများဖြင့် အတိုင်းအတာတစ်ခုအထိ တွန့်ချိုးနေခဲ့သည် “ ပို့ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့…”
“ ပို့ပြီးရင် ဝယ်စရာလေးတွေရှိသေးတယ်လေ… ပဲငံပြာရည်က မနေ့ညကသုံးလို့ကုန်သွားပြီဆိုတော့ သည်နေ့ထပ်ဝယ်ရဦးမှာ…သကြားနဲ့ရှာလကာရည်ကလည်း ကုန်ခါနီးနေပြီ… ပြီးတော့ နောက်ဖေးခြံထဲကကြက်တွေကိုလည်း သတ်လို့ကုန်ပြီဆိုတော့ ထပ်ဝယ်ရမဲ့ကျွန်တော့်စာရင်းထဲထည့်ထားရသေးတယ်… ဝက်ခြေထောက်လေးများရခဲ့ရင်တော့ ပိုကောင်းမှာရယ် အဲ့သည့်ဟာက ခင်ဗျားအတွက် မြန်မြန်သက်သာဖို့ အထောက်အပံ့ပေးနိုင်တယ်လေ…” မြောင်ဟယ် သူ၏လက်ချောင်းများကို တစ်ချောင်းချင်းရေတွက်ကာ ပြောလိုက်သည် “ ဒါနဲ့ နေ့လယ်စာအတွက် ကြက်ရိုးနဲ့အသီးအရွက်ဆန်ပြုတ်လုပ်ပေးခဲ့တယ်နော်… မီးဖိုပေါ်မှာပဲတင်ထားခဲ့တယ် စားဖို့သတိရဦး..”
ကောငယ်လေး၏ အနည်းငယ်စိတ်လှုပ်ရှားနေပုံကိုကြည့်ကာ ရန်သာ့လန် တိတ်ဆိတ်သွားရသည်။
၎င်းမှာ ကောငယ်လေး၏ပထမဆုံးနှင့် နောက်ဆုံးမြို့သို့သွားခဲ့ခြင်းအကြောင်းကို သူ့အားပြန်လည်သတိရသွားစေပြီး မြောင်ဟယ်၏အမူအယာမှာ အပြည့်အဝပျော်ရွှင်နေပုံရသည်။ ကောငယ်လေးမှာ သူနှင့်နေမည်သဘောတူခဲ့သည့်တိုင် ထွက်ပြေးနိုင်သည့်အခြားအချက်များအား အပြည့်အဝမလွှတ်ထားသေးကို ရန်သာ့လန်သိနေသေးသည်။ ထို့အတွက်ကြောင့် သူ၏ကြင်နာတတ်သောကောလေးကိုကြည့်ကာ အဆိုပါသေးငယ်သည့်ကွာဟမှုလေးအား အခွင့်ကောင်းယူခဲ့မိလေသည်။
မြောင်ဟယ်၏ အပြင်းအထန်နာမကျန်းမဖြစ်ခင်အခါက တုန့်ဆိုင်းနေဟန်များနှင့် နာမကျန်းဖြစ်ပြီးနောက် အမျိုးမျိုးအဖုံဖုံကွာခြားလာမှုများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယုံကြည်နိုင်သည့်အရိပ်အယောင်များအား မြင်တွေ့နေရပြီဖြစ်သော်လည်း သူ၏နှလုံးသားထဲတွင် မသေချာမှုများသည်လည်း ရှိနေသေးသည်။
သို့သော်လည်း အနှီသူမှာ သူ၏ကောငယ်လေးသာဖြစ်နေသေးကြောင်းကို ရန်သာ့လန်အချိန်အတော်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သည်။ မသေချာမှုများတည်ရှိသေးသည်ဆိုကတည်းက ၎င်းတို့ကိုငြိမ်းသတ်လိုက်သည်ကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပေမည်။
သူသည် မုဆိုးတစ်ဦးဖြစ်ရာ စိတ်ရှည်သည်းခံနိုင်ပြီး တစ်ဖက်လူကို တစ်ချက်တည်းဖြင့် အလဲထိုးနိုင်ခြင်းမှာ မရှိမဖြစ်အရာဖြစ်သည်။
ထို့နောက် ရန်သာ့လန် မြောင်ဟယ်အား လာရန်ခေါ်လိုက်သည်။
ခေါင်းထဲတွင် အသီးအရွက်များရောင်းမည့်အကြံများသာပြည့်နေသော တစ်ဖက်လူမှာမူ ပြုံးလျက် သတိမမူမိဘဲ အနားသို့တိုးကပ်လာခဲ့သည်။
ရန်သာ့လန်ငုံ့ကာ မရေရာမှုများ တဖြည်းဖြည်းပြည့်နှက်လာသည့် ကောငယ်လေး၏ ယောင်ဝါးဝါးမျက်လုံးများကို စိုက်ကြည့်နေမိသည်။
“ ဘာပြသနာရှိလို့လဲ…” မြောင်ဟယ်မှ မေးလာသည်။
အံ့ဩစရာကောင်းစွာပင် ရန်သာ့လန်၏လက်မှာ မြောင်ဟယ်၏မေးကိုကိုင်၍ ခေါင်းကိုငုံ့လိုက်သည်။ ငုံ့ကိုင်းလိုက်သည်နှင့် သူ၏ရင်ဘတ်ထဲတွင် နာကျင်မှုတစ်ခုဖြစ်ပေါ်လာသော်လည်း မည်သည့်အရာကမှ လက်ဖြင့်ထိကိုင်လိုက်သောကြောင့် ပွင့်ဟသွားသည့် နူးညံ့နွေးထွေးသော အောက်နှုတ်ခမ်းပါးလေးကို ကိုက်လိုက်ခြင်းအား အတိအကျမတားဆီးနိုင်ခဲ့ပေ။
“ ကိုယ် မင်းပြန်လာတာကိုစောင့်နေမယ်နော်…” ခဏကြာနမ်းရှိုက်လိုက်ပြီးသည့်နောက် ရန်သာ့လန် အဖြေပြန်ပေးလိုက်သည်။
မြောင်ဟယ်မှာမူ အသိကင်းမဲ့စွာ ကြောင်အနေရပြီး စက္ကန့်အနည်းငယ်အကြာတွင် သူ၏မျက်နှာတစ်ခုလုံး နီရဲလာရသည်။
“ ခင် ခင်ဗျား ရုတ် ရုတ်တရက်ကြီးသည်လိုလုပ်ရင်…” မြောင်ဟယ် ထိုစကားများပြောထွက်လာသည့် သူ့ကိုယ်သူကိုပင် နားမလည်နိုင်ခဲ့ချေ။
ဖြူဖွေးသောအသားအရည်နှင့်ယှဉ်ပါက နားရွက်များပန်းရောင်ဖျော့ဖျော့သန်းလာသည့် သူ၏ကောငယ်လေးကိုမြင်လိုက်ရချိန်တွင် ရန်သာ့လန်၏အတွေးများ ချက်ချင်းဆိုသလိုတည်ငြိမ်သွားရသည်။ ထို့နောက် သူအမှန်တကယ်ပင် ရင်ဘတ်ကိုဆုတ်ကိုင်ချင်စိတ်ရှိသေးပြီး “ နည်းနည်းနာတယ်…” ဟုပြောလိုက်လေသည်။
မြောင်ဟယ်၏မျက်လုံးမှာ ပြူးကျယ်သွားရကာ သူ၏မျက်နှာမှာ ပို၍ပင်ပူလောင်လာသည်။
သည်လူက သူ့ဒဏ်ရာကိုတောင် သူ့ဘာသာနာအောင်လုပ်နေမှာတော့ သူ့ကိုဘယ်သူကဘယ်လိုဂရုစိုက်ပေးရတော့မှာလဲ အားးး …
မြောင်ဟယ် ယခုလေးတွင်ပင် အနိုင်ကျင့်ခံလိုက်ရသည့် သူ၏နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ ရန်သာ့လန်၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်သောကြောင့် သူမည်သည့်အရာမျှ မခံစားလိုက်ရချေ… အာ သူသည်လိုတွေးလို့ တစ်ခုခုခံစားချင်နေတာ မဟုတ်ပါဘူးနော်… ဒါပေမယ့် သည်လိုကိစ္စမျိုးဆိုတာက ဒဏ်ရာမပျောက်ခင် လှုပ်လှုပ်ရှားရှားမလုပ်ဘဲ စောင့်သင့်တယ်လို့ပဲ သူတွေးမိတာပါ…
ဆက်လက်တိုးတက်လာဦးမည့်အခြေအနေများအကြောင်းကို တွေးလိုက်မိချိန်တွင် မြောင်ဟယ် ရှက်ရွံ့မှုများထဲတွင် နက်ရှိုင်းစွာနစ်မြုပ်သွားရသည်။ ထို့ကြောင့် သူ၏အရှေ့မှလူကို သတိမထားမိဘဲ တွန်းထုတ်ကာ အော်ပြောလိုက်မသိသည် “ နာတယ်ဆိုလည်း နားနေလေ…”
သူ၏လက်များ သာ့လန်၏ရင်ဘတ်ပေါ်သို့ကျရောက်သည်နှင့် မြောင်ဟယ် ထပ်မံ၍ဖမ်းဆုပ်ခံလိုက်ရပြန်သည်။ လက်များကိုရုတ်သိမ်းလိုက်ချင်မိသော်လည်း တစ်ဖက်လူ၏ဆုပ်ကိုင်ထားမှုမှာ အလွန်တင်းကြပ်နေသောကြောင့် မြောင်ဟယ် နေရာတွင်တောင့်ခဲနေရလေသည်။
ရွေးချယ်စရာမရှိတော့ဘဲ မြောင်ဟယ်လက်ခံလိုက်ရကာ မျက်လုံးကိုပင့်၍ သူ့ထံပြင်းပြင်းထန်ထန်စိုက်ကြည့်နေသော မျက်လုံးတစ်စုံစီသို့ ရင်ဆိုင်ကြည့်လိုက်သည်။
“ လမ်းမှာ ဂရုစိုက်သွားနော်…” သေးငယ်သောသူ၏ရုပ်ပုံ ရောင်ပြန်ဟပ်နေသော မျက်လုံးများဖြင့် ထိုသူမှပြောလာချိန်၌ မြောင်ဟယ်၏နှလုံးသားမှာ ဦးတည်ရာမရှိ လျင်လျင်မြန်မြန်ခုန်ပေါက်လာရသည်။
ထို့နောက်တွင် မြောင်ဟယ် ဒုတိယအဒေါ်ရန်မှ သူ့ကိုမည်ကဲ့သို့လာရှာပြီး သူတို့နှစ်ဦးမည်သည့်နည်းဖြင့် လမ်းပေါ်သို့ရောက်လာသည်ကိုပင် သတိမမူနိုင်ဖြစ်နေရသည်။ သူတို့နှစ်ဦးရွာအဝင်ဝတွင် စောင့်ဆိုင်းနေသောမြည်းလှည်းပေါ်သို့ရောက်လာသည့်အချိန်မှသာ မြောင်ဟယ်အတွေးလွန်နေရာမှ နိုးထလာသည်။ မြောင်ဟယ် ကူကယ်ရာမဲ့စွာဖြင့် အနှီမျက်နှာသေကြီးမှ မည်သို့များ ဤသို့ညှို့ယူနိုင်ရသည်နည်းဟူ၍ အတွေးလွန်လျက် အံကြိတ်လိုက်မိသည်။
ကံကောင်းစွာဖြင့် အဒေါ်ရန်မှာ မြောင်ဟယ်၏ထူးဆန်းနေသည့်အမူအယာကို သတိမမူမိသည့်ပုံပင်။ မြောင်ဟယ်မှ သူမ၏သားအား အလုပ်ကြီးနှစ်ခုရှာပေးခဲ့သည်ကို သာ့တုန်ထံမှကြားထားရသောကြောင့် အဒေါ်ရန်အနေဖြင့် သူမ၏နှလုံးသားထဲတွင် မြောင်ဟယ်ကို အနည်းငယ်ပို၍လက်ခံလာပြီဖြစ်ကာ ဤကောလေးမှာ သူမမျက်လုံးထဲတွင် ပို၍ပို၍ မျက်စိပသာဒဖြစ်လာရသည်။ ကောငယ်လေး၏သတိလွတ်နေပုံကိုမြင်လိုက်ရချိန်တွင် အဒေါ်ရန်မှာ သာ့လန်ကိုအိမ်တွင်ထားခဲ့ရသောကြောင့် မြောင်ဟယ်စိုးရိမ်နေသည်ဟူ၍ ထင်မိသွားပြီး သူတို့နှစ်ဦးလှည်းပေါ်သို့ရောက်သည်နှင့် ပြောလိုက်မိသည်။
“ အရမ်းလည်းစိတ်ပူမနေပါနဲ့အေ သာ့လန်ကကလေးမှမဟုတ်တာ…ဒါက သူဒဏ်ရာရာပြီး အိမ်ကိုပြန်လာတဲ့ပထမဆုံးအကြိမ်မဟုတ်ပါဘူး…သူ့ဒဏ်ရာရဲအတိမ်အနက်ကို သူ့ဘာသာကောင်းကောင်းသိပါတယ်…” အဒေါ်ရန်မှ မြောင်ဟယ်ပေါင်ပေါ်တွင်တင်ထားသည့်လက်များကို ပုတ်ကာပြောလိုက်သည်။
ထိုအချိန်တွင် မြောင်ဟယ်၏အသိစိတ်မှာ လုံးလုံးပြန်ရောက်လာပြီဖြစ်သည် “ ဒဏ်ရာရတာလား…”
“ တောင်ပေါ်တက်ပြီး အမဲလိုက်တဲ့အချိန်ကြရင် ခလုတ်ကန်သင်းတွေဆိုတာ ရှောင်လွှဲလို့မရတဲ့အရာတွေပဲလေ… သာ့လန် အမဲလိုက်ထွက်ချိန်တိုင်း ဒဏ်ရာကြီးကြီးမရတာကလွဲရင် ပြုတ်ကျတာတို့ အကိုက်ခံရတာတို့က အမြဲလိုဖြစ်လေ့ရှိတာပဲဟာ… သူ့မျက်နှာပေါ်ကအမာရွက်ကလွဲလို့ သည်တစ်ခေါက်ဒဏ်ရာက အရင်တုန်းကလောက် မပြင်းထန်ပါဘူးဟယ်…အာ ရန်မိသားစုရဲ့ကံမကောင်းအကြောင်းမလှတဲ့ကိစ္စကြောင့်သာမဟုတ်ရင် သာ့လန်အမေက သည်လောက်အန္တရာယ်များတဲ့ အသက်မွေးမှုမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး…”
ထိုကဲ့သို့စကားမျိုးကို ကြားလိုက်ရချိန်တွင် မြောင်ဟယ် ထိတ်လန့်လာရသည်။ သူ၏စိတ်ထဲတွင် ရန်သာ့လန်မှာ ဒဏ်ရာများရလာခြင်းအပေါ် မည်သို့အတွေးမျှမရှိခြင်းကိုသာ စဉ်းစားနေမိသည်။ မြောင်ဟယ် အဒေါ်ရန်ကိုမေးလိုက်မည်အပြုတွင် လှည်းထဲတွင်ရှိသည့် သူတို့၏စကားဝိုင်းကို တိတ်တဆိတ်နားထောင်နေသော အဒေါ်တစ်ယောက်မှ သူ၏အတွေးနှင့်ခံစားချက်အတိအကျကို သိနေပုံရသောကြောင့် ထပြောလာသည်။
“ အမဲလိုက်ထွက်တာက အန္တရာယ်များမှန်း နင်သိနေပြီပဲလေ… ခက်ခဲတယ်ဆိုပေမယ့် အခွင့်အရေးရတုန်း အလုပ်ပြောင်းရမှာပေါ့… ဟိုတလောလေးကမှ ကြီးမြတ်တဲ့လျန်မိသားစုကြီးက လျော်ကြေးအနေနဲ့ လက်ဆောင်တွေအများကြီးပေးထားတာမဟုတ်ဘူးလား…ဒါတွေနဲ့ဆိုရင် လုပ်ငန်းအသေးလေးလုပ်ဖို့ မလောက်ဘူးလားဟယ်…အဒေါ်ဆိုလိုချင်တာက အဲ့သည့်ဟာက ဘယ်လိုပစ္စည်းတွေလဲလို့.. ဟယ်ကော ငါ့ကိုအမြန်ပြောပြစမ်းပါဟယ် ဒါမှပဲလိုအပ်ရင် ကူညီလို့ရမှာပေါ့…”
လှည်းထဲမှအခြားအဒေါ်တစ်ယောက်သည်လည်း သူတို့၏စကားဝိုင်းထဲသို့ ခုန်ဝင်လာကာ စနောက်လိုက်သည် “ အဒေါ်မင် ရှင်အခုချိန်အဲ့သည့်အကြောင်းကို စဉ်းစားနေတုန်းပဲလား … အိုက်ယား အခုဆိုရင် ရက်နည်းနည်းတောင်ကြာနေပြီလေဟယ်…”
“ နင်ကဘာတွေစိတ်ပူနေတာလဲ… ငါသည်အတိုင်းစပ်စုလို့တောင်မရဘူးလားဟဲ့…”
“ လျန်မိသားစုရဲ့လက်ဆောင်တွေက မရှိမဖြစ်လိုတဲ့ လူသုံးကုန်တွေကြီးပါပဲ…ဆန်ရယ်ဆီရယ် ဂျုံဖြူရယ် နောက် သာ့လန်အတွက်နာလန်ပြန်ထူဖို့လိုတဲ့အရာတွေလောက်ပေါ့…” မြောင်ဟယ် သူ့ကိုယ်သူမေးခွန်းတစ်ခုယူကာ ပြန်ဖြေပေးလိုက်သည် “ အသားဝယ်ဖို့လည်း ငွေနည်းနည်းလောက်ကျန်သေးတော့ ကျွန်တော်မြို့ကိုသွားပြီး တချို့တလေဝယ်မလားလို့ရယ်…”
မြောင်ဟယ်၏ဘေးတွင်ထိုင်နေသော ကောတစ်ယောက်မှလည်း ခေါင်းညိတ်ကာဝင်ပြောလာသည် “ ကျွန်တော်ကြားတာတော့ လျန်မိသားစုကရိုးသားတဲ့လူတွေတဲ့…သေချာပေါက် ပစ္စည်းကောင်းတွေပဲဖြစ်မှာပါ…တကယ်လို့သာ လူတစ်ယောက်က တခြားတစ်ယောက်ကို မတော်တဆတိုက်မိသွားတဲ့အခါကြရင် လမ်းမှာထိခိုက်မဲ့သူတွေကို ကူညီပြီးလျော်ကြေးပေးရတာက သဘာဝပဲဟာ…”
သေချာပေါက်ပင် ယင်ရှိလျှင် လိုက်ဖက်ညီရန်အတွက် ယန်လည်းရှိရမည်ဖြစ်သောကြောင့် အသားမည်းမည်းနှင့်ပိန်ပါးသောအဒေါ်တစ်ယောက်မှ ပြောလာသည် “ ငါမြင်တာတော့ ဟယ်ကောလေးက သည်လောက်နူးညံ့ချောမွေ့နေတာ ပစ္စည်းကောင်းတွေ အများကြီးသုံးခဲ့ရတယ်ဖြစ်မယ်…ပြီးတော့ သည်နေ့ဆို သူကသပ်သပ်ရပ်ရပ်နဲ့ လှလှလေးဝတ်လာတာဆိုတော့ ဘယ်ကိုများထပ်သွားချင်လို့လဲနော်…”
ဤရက်များအတွင်း မြောင်ဟယ်မှာ သာ့လန်ပြန်သက်သာလာရေးအတွက် အဖော်ပြုကာ ဖြည့်စွက်စာများစွာစားခဲ့ရသည်။ ထို့အတွက်ကြောင့် လူနာပြုစုနေရသည့်တိုင် ကောင်းမွန်စွာ အနားယူစားသောက်ခဲ့ရသည်ဖြစ်ရာ ခန္ဓာကိုယ်ပုံစံ ပိုမိုတိုးတက်လာသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သူ့အား ပိုမိုတောက်ပြောင်လာသည်ဟု ပြောနိုင်ပေမည်။ အထူးသဖြင့် သူတို့၏ဟင်းလျာများကို သက်ရှိမြေကြီးမှ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များဖြင့်သာ ချက်ပြုတ်ခဲ့သည်။ အံဩစရာကောင်းသည်မှာ ဤအချက်ကြောင့် မြောင်ဟယ်၏မူလကိုယ်တွင် အမြစ်တွယ်နေသောဝေဒနာများမှာ တခဏအတွင်းမှာပင် သက်သာပျောက်ကင်းသွားရသည်။ ကျန်းမာရေးအတွက် အကျိုးရလဒ်ကောင်းများသာမက သူ၏ပုံစံမှာလည်း ပိုမိုတိုးတက်လာသည်။ မြောင်ဟယ်၏အသားအရေမှာ နှင်းဆီရောင်သန်းသော ပန်းရောင်ဖျဖျနှင့်အတူ ကျန်းမာရေးကောင်းစွာဖြင် ငွေနှင်းဖြူကဲ့သို့ ဖြူဝင်းလာသည်။ ယနေ့တွင် လျန်မိသားစု၏စံအိမ်တော်စီသို့ သွားရန်စီစဉ်ထားသောကြောင့် သူတမင်တကာပင် အဝတ်အစားများကို သပ်ရပ်သန့်ရှင်းစွာ ဝတ်ဆင်လာခဲ့သည်။ အကယ်၍သာ သူ၏နက်ပြာရောင်အင်္ကျီနှင့်ဘောင်းဘီများ၏ ကြမ်းတမ်းသောချည်စကြောင့်သာမဟုတ်ပါက မြောင်ဟယ်အား ချမ်းသာကြွယ်ဝသောမိသားစုတစ်ခုမှ ကောငယ်လေးမဟုတ်ပါဟုပြောလျှင် မည်သူမှယုံမည်မဟုတ်ပေ။
မြောင်ဟယ် ထိုအဒေါ်ကိုစိုက်ကြည့်ကာ နှုတ်ခမ်းဆူလျက်ပြောလိုက်သည် “ သည်နေ့ ကျွန်တော်က လျန်မိသားစုစီသို့ ဟင်းသီးဟင်းရွက်အချို့သွားပို့မလို့လေ…သည်ဟာက ကျေးဇူးတင်တဲ့လက်ဆောင်လေးပဲဆိုပေမယ့်.. အာ… နောင်ရေးကိုကြည့်ပြီး ဂရုတစိုက်နေဖို့လိုသေးတာပေါ့..”
“ ဟမ့် လျန်မိသားစုလို အိမ်တော်ကြီးက စားစရာပြတ်လပ်နေလို့ နင့်ဆီကလိုမှာတဲ့လား…ငါပြောမယ် ဟယ်ကော နင် မျက်လုံးကိုဖွင့်ပြီး ဦးနှောက်နဲ့တွေးစမ်းပါ…တကယ်လို့သာ ပိုပြီးမျက်နှာသာပေးတာလိုချင်တယ်ဆိုရင် နင့်ကိုယ်နင်သာကောင်းကောင်းဆင်ခြင်သုံးသပ်နေချည်…မဟုတ်ရင်တော့ လူတိုင်းက နင်ထပ်ပြီး မျက်နှာပြောင်တိုက်နေတယ်လို့ပြောကြမှာပဲ…”
ဒုတိယအဒေါ်ရန်မှာ သူမကြားခဲ့ရသည်ကိုပင် မယုံနိုင်ဖြစ်ပြီး ဝင်ပြောလိုက်မိသည်။ လက်နှစ်ဖက်စလုံးဖြင့် ခါးထောက်ကာ မေးကိုပင့်လျက် ဆဲဆိုလိုက်လေသည်
“ အဒေါ်ကွမ်း စကားပြောရင် သတိထားစမ်းပါ…နင်ပြောသလိုသာ ပြောကြေးဆိုရင် ဟယ်ကောကသည်အဒေါ်နဲ့အတူသွားမှာကို ဘယ်လိုလုပ်ပြီး မျက်နှာပြောင်ပြောင်နဲ့သတိမမူဘဲနေရမှာလဲ…နင်ကန်းနေလို့လား…နင်ကြည့်နေတဲ့လူကိုမမြင်နိုင်ဘူးလား…လျောက်ပါးစပ်သရမ်းမနေနဲ့… ကန်းနေတယ်ဆိုရင်လည်း သည်အမျိုးသမီးက နင့်ကိုနိုးထလာမဲ့ လက်ဆောင်တစ်ခုပေးလိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူးနော်…”
တကယ်တမ်းတော့ အဒေါ်ကွမ်းမှာ မြောင်အာ့၏ဇနီးဖြစ်ပြီး မိသားစုထဲရှိလူတိုင်းမှာ ပါးစပ်ဖွာသူများဖြစ်သောကြောင့် ပြောင်မြောင်သောတွဲဖက်မှုတစ်ခုဖြစ်နေခဲ့သည်။ အစောပိုင်းတွင် သူမ မြောင်အာ့ထံမှ မြောင်ဟယ်ပိုမိုကောင်းမွန်လာခြင်းအကြောင်းကို ကြားခဲ့ရကာ ထိုကိစ္စအပေါ် သူမမယုံကြည်နိုင်ဖြစ်ခဲ့ရသည်။ အဆိုပါလက်ထပ်ပြီးသောစုံတွဲမှာ သူများနောက်ကွယ်တွင် အတင်းအဖျင်းပြောရခြင်းကို ခုံမင်ပြီး လောင်းကြေးအသေးအမွှားလေးများပင် ရံဖန်ရံခါလုပ်လေ့ရှိသည်။ ယခုအချိန်တွင် မြောင်ဟယ်မှာ မြို့သို့သွားရောက်လည်ပတ်မည်ဖြစ်ရာ သဘာဝကျစွာပင် အနှီစုံတွဲမှစကားအနည်းငယ်ပြောခဲ့ကြပေလိမ့်မည်။
သို့သော်လည်း ဒုတိယအဒေါ်ရန်မှာ ကြမ်းတမ်းသောအမျိုးသမီးတစ်ဦးဖြစ်သောကြောင့် သူမဘက်မှဤကဲ့သို့ ပြောင်ပြောင်တင်းတင်းထုတ်ပြောလာချိန်၌ အဒေါ်ကွမ်းမနေနိုင်ဘဲ အနည်းငယ်တုန်ယင်လာရသည်
“ ငါ ငါကသက်သေမရှိဘဲ ပြော ပြောတာမှမဟုတ်တာ….လူတိုင်းလည်း သိ သိနေကြတာပဲလေ… သည်လိုပဲ ပြောနေကြတာ…ပြောလို့မ မရဘူးလား…”