🧝Chapter 23
ဒေါသတကြီးပြောလာသံကြောင့် ရန်သာ့လန်၏ပေါင်ပေါ်တွင်လဲနေသော သားမွှေးလုံးလေးမှ ခေါင်းထောင်ကြည့်လာကာ ရှုပ်ထွေးနေပုံရပြီး ထိုဟူးမန်းနှင့်သူ့ကိုဂရုစိုက်ပေးနေသောဟူးမန်းတို့ကို လိုက်ကြည့်နေမိသည်။
အငြင်းပွားမှုကြားထဲတွင် တစ်စုံတစ်ယောက်မှာ သူတို့ကိုတံခါးရှေ့မှ အော်ခေါ်လာသည်။ ထိုသူမှာ မြို့မှ လူနာလာကြည့်သည့် သမားတော်ကျီဖြစ်ပြီး ဆေးခန်းတွင် သူတို့ကိုကြည့်ရှုစောင့်ရှောက်ပေးခဲ့သော ကျီကွမ်းသည်လည်း သမားတော်ကြီး၏အနောက်မှလိုက်ပါလာသည်။
မြောင်ဟယ် ဧည့်သည်များကို အနောက်ဖက်ခြံဝန်းထဲသို့ အလျင်အမြန်ဖိတ်ခေါ်လိုက်သည်။ ရန်သာ့လန်မှာမူ ကျောမှီကုလားထိုင်ကို ရရှိပြီးကတည်းက အိပ်ချိန်နှင့်မိုးရွာနေချိန်များလွဲ၍ နေ့စဉ်နှင့်အမျှ သူ၏နေ့ရက်များကို ထိုအပေါ်တွင်သာ ကုန်ဆုံးခဲ့သည်။ သာ့ပိုင်သည်လည်း သူ၏အကြိုက်ဆုံးတစ်ရေးအိပ်ရာနေရာဖြစ်သည့် ရန်သာ့လန်၏ပေါင်ပေါ်ကို ရှာတွေ့သွားခဲ့သည်။ သမားတော်ကျီ၏မျက်လုံးများ ကုလားထိုင်ပေါ်သို့ ကျရောက်သွားချိန်တွင် ၎င်းတို့မှာတောက်ပလာကာ အဆက်မပြတ်ချီးကျူးလာသည်။
“ တကယ်ကြီးကို ဘယ်သူကမှ သည်လိုထိုင်ခုံမျိုးလုပ်ဖို့စဉ်းစားမိမှာမဟုတ်ဘူး…ဒါကအတော်လေးကောင်းတာပဲ… သည်ခုံနဲ့ဆိုရင် ထမင်းစားတဲ့အခါတို့ ဆေးသောက်ရမဲ့အခါတို့ဆို ဟိုနေရာသည်နေရာသွားနေဖို့ မလိုတော့ဘူး… သည်အပေါ်မှာလည်း နားနေလို့ရသေးတယ်…သည်ခုံကိုဘယ်မှာမှာလို့ရမလဲဟေ… တကယ်လို့သာ ဆေးခန်းမှာ သည်ဟာမျိုးတစ်ခုံနှစ်ခုံလောက် ထားနိုင်မယ်ဆိုရင် လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ သေချာပေါက်အကူအညီဖြစ်မှာ…” သမားတော်ကျီမှ သူ၏ရှည်လျားသောမုတ်ဆိတ်ဖြူကြီးကို ထိလျက်သုံးသပ်လာသည်။
ကျီကွမ်းသည်လည်း သူ၏ဆရာကဲ့သို့ပင် ပို၍စိတ်အားထက်သန်စွာဖြင့် အံ့ဩတကြီးပြောလာသည် “ ဟုတ်တယ် ဆရာ… သည်ဟာနဲ့ဆို လူနာတွေကိုစောင့်ရှောက်ဖို့ ပိုပြီးလွယ်ကူသွားမှာ… အထူးသဖြင့် အမြဲတမ်းထချင်နေတဲ့ အမျိုးသမီးလူနာတွေပဲ… သည်လိုဆို သူတို့ရဲ့ဆွေမျိုးတွေအတွက်လည်း အရမ်းပင်ပန်းခက်ခဲရတယ်လေ…အဲ့သည့်အချိန်တွေဆိုရင် ကျွန်တော်က ဘာမှမလုပ်ပေးနိုင်တော့ သူတို့ရုန်းကန်နေတာကိုကြည့်နေရရုံနဲ့တင် လန့်နေတာ…”
“ ဒါက သာ့လန်ရဲ့ဒုတိယဝမ်းကွဲအငယ်က လုပ်ပေးထားတာပါ… သူ့ရဲ့လက်သမားအတတ်က အတော်လေးကောင်းပြီး ခိုင်ခံ့တယ်လေ…ဆေးခန်းမှာလည်း တစ်ခုတော့ရှိသင့်တာပေါ့ ဟုတ်တယ်မလား…ခဏနေကြရင် သူ့ရဲ့အလုပ်ရုံမှာလိုက်မေးပေးဖို့ စောင့်ပါဦးနော်…” မြောင်ဟယ် ရန်သာ့တုန်၏ဖန်တီးမှုအဖြစ် နာမည်တပ်လိုက်ကာ သူ၏ပထမဆုံးသောဝယ်သူကို ခဲတစ်လုံးဖြင့်ငှက်နှစ်ကောင်ပစ်သကဲ့သို့ ခေါ်ယူလိုက်သည်။
“ ဟဲဟဲ ကောင်းတယ် ကောင်းတယ်…”
ခဏမျှစကားစမြည်ပြောဆိုပြီးနောက် သမားတော်ကျီမှ ရန်သာ့လန်၏ဒဏ်ရာကိုစစ်ဆေးပေးခဲ့သည်။ မြောင်ဟယ်နှင့်ရန်သာ့လန်တို့ ရွာပြန်ရောက်သည်မှာ ခြောက်ရက် ခုနစ်ရက်မျှသာရှိနေသေးသောကြောင့် အချိန်ကာလမှာ အတော်အတန်တိုတောင်းသည်ဟု မှတ်ယူနိုင်သည်။ မြို့မှပြန်သည့်လမ်းတွင် ဒဏ်ရာအပေါ် သက်ရောက်မှုများရှိမည်ကို စိုးရိမ်မိသောကြောင့် သမားတော်ကျီမှ ဤတစ်ကြိမ်တွင် စောစီးစွာလာရောက်စစ်ဆေးပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ရန်သာ့လန်၏ဒဏ်ရာကို စစ်ကြည့်လိုက်သည်နှင့် သမားတော်ကျီ၏လှုပ်ရှားမှုများရပ်တန့်သွားကာ အံ့ဩမှုကြောင့် လျှာကိုက်မိမလိုပင် ဖြစ်သွားရသည်။
“ ဘယ်လိုလဲ နာနေသေးလား…” သမားတော်ကျီမှာ တစ်နေရာကိုဖိကာ မေးလိုက်သည်။
ရန်သာ့လန် ခဏကြာရပ်တန့်သွားပြီးနောက် ပြန်ဖြေလာသည် “ နည်းနည်းပါ…”
“ သည်မှာကော…”
“ အတူတူပါပဲ..”
“ လက်ကိုစမ်းမြှောက်ကြည့်ပေးပါ…”
ရန်သာ့လန် လိုက်လုပ်လိုက်သော်လည်း နာကျင်မှုတစ်စုံတစ်ရာ ခံစားရခြင်းမျိုးမရှိချေ။
သမားတော်ကျီမှမေးလာသည် “ နာလား..”
“ နည်းနည်းလေးပါပဲ…”
သမားတော်အိုကြီးကျီထံမှ သံသယဖြစ်ဖွယ် ညည်းသံတစ်ချက်ထွက်လာပြီး ရန်သာ့လန်အား အကြိမ်အနည်းငယ်မျှ ဟိုဟိုဒီဒီလိုက်လံထိကြည့်လိုက်ပြီးနောက် သာ့လန်၏ခန္ဓာကိုယ်ပေါ်သို့ လိုက်ခေါက်ကြည့်နေသည့် ထူးဆန်းသောသံချောင်းအချို့ကို ပြန်သိမ်းလိုက်သည်။ ထို့နောက် လွန်ခဲ့သောရက်အနည်းငယ်အတွင်းရှိ ရန်သာ့လန်၏ဆေးနှင့်အစာတို့အကြောင်းကို မေးလိုက်လေသည်။ မြောင်ဟယ်မှ ဦးစွာပင် ဒဏ်ရာရနေသောရန်သာ့လန်အား အမြန်သက်သာလာစေရန် တန့်ရှန်းလက်ဖက်ရည်နှင့် တန့်ရှန်းဖြင့်ပြုတ်ထားသော ကြက်ပေါင်းရည်ကို နေ့စဉ်နှင့်အမျှတိုက်ကျွေးသည်ဟု ဖြေပေးလိုက်သည်။ ကောငယ်လေး၏အဖြေကို နားထောင်ရင်းဖြင့် သမားတော်ကျီမသိစိတ်မှ ခေါင်းတဆတ်ဆတ်ညိတ်နေမိပြီး ၎င်းတို့မှာ အမှန်တကယ်ပင် အထောက်အကူရသည်မှန်သော်လည်း မနေနိုင်ဘဲ သူရှုပ်ထွေးနေရသည်။
သမားတော်ကြီးမှ ခေါင်းကိုထပ်မံယမ်းလိုက်ပြန်သည်။
အချိန်အတော်ကြာ တွေးတောပြီးနောက် သမားတော်ကျီမှ သက်ပြင်းတစ်ချက်ချကာ ပြောလာသည် “ သည်လူအိုကြီးအတွက် ဒါပထမဆုံးအနေနဲ့ သည်လောက်မြန်မြန်ပြန်ကောင်းလာတာကို မြင်ဖူးတာပဲ…ရန်ရှောင်တိက တကယ်ကိုကျန်းမာရေးကောင်းပုံရတယ်….”
ရန်သာ့လန် တုန့်ဆိုင်းသွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
“ သည်ကလူလည်း တစ်ခေါက်နှစ်ခေါက်တော့ ဖြစ်ဖူးမှာပဲနော်… ငါစိုးရိမ်တာတော့ ရန်ရှောင်တိလို သက်လုံမျိုးက တစ်သန်းမှာတစ်ယောက်ဖြစ်နေမှာကိုပါပဲလေ…”
ရန်သာ့လန် ထိုစကားကိုကြားလိုက်ရချိန်၌ အမူအယာကင်းမဲ့သွားရသည်။ အတိတ်တွင် ဤကဲ့သို့အရိုးကျိူးခြင်းမျိုး ဖြစ်ဖူးခြင်းရှိမရှိကို သူမသေချာသော်လည်း ဤကဲ့သို့ဒဏ်ရာမျိုးမှာ ပုံမှန်အားဖြင့် အမဲလိုက်ထွက်ချိန်မှသာ ဖြစ်လေ့ရှိပြီး သူဖြစ်ခဲ့ဖူးနိုင်သည်။ သို့သော်လည်း ထိုအချိန်တုန်းက သူ၏ပြန်သက်သာလာနိုင်စွမ်းမှာ နှေးကွေးခဲ့ပြီး သူ့အားပြုစုစောင့်ရှောက်ပေးခဲ့သော ဦးလေးလင်းထံမှလည်း ထိုအကြောင်းပြောပြခြင်းမျိုး မည်သည့်အခါကမှမရှိခဲ့ဖူးပေ။ သို့ဖြစ်ရာ မြောင်ဟယ်၏ မှော်မြေကြီးသည်သာ သူကွဲပြားခြားနားနေရသည့် တစ်ခုတည်းသောအကြောင်းအရင်းအဖြစ် အဆုံးသတ်သွားခဲ့သည်။
ရန်သာ့လန် သူ၏ကောလေးကိုကြည့်လိုက်ချိန်တွင် ကောငယ်လေးမှ မျက်နှာပေါ်တွင် သိသိသာသာရေးထိုးထားသော စိုးရိမ်ပူပန်နေမှုဖြင့် မေးလိုက်သည်ကို မြင်လိုက်ရသည် “ သည်လိုဆိုရင် သာ့လန်က ကောင်းကောင်းပြန်ကောင်းလာနေပြီပေါ့…ဘာမှကြီးလေးတဲ့ပြသနာတော့မရှိဘူးမလားဟင်…တကယ်လို့သာ ကောင်းကောင်းဂရုစိုက်မယ်ဆိုရင် ဒူလာလိုမျိုးနောက်ဆက်တွဲပြသနာတွေမရှိနိုင်ဘူးမလား…”
“ ဟားဟား တကယ်ကိုပဲ အပြည့်အဝပြန်သက်သာဖို့ သုံးလကိုမလိုတော့တာ… တစ်လနဲ့တင်ကို လုံလောက်နေပြီ… ဒါပေမယ့် ရှောင်ကောက ဘယ်လိုလုပ်ပြီး ဒူလာအကြောင်းကို သိနေရတာလဲ…”
“ လူကြီးတွေစီက ကြားခဲ့ဖူးတာပါ…အရိုးကျိုးတဲ့အခါကြရင် ဒူလာဖြစ်နိုင်တယ်လို့ ပြောလေ့ရှိကြတယ်မဟုတ်ဘူးလား…”
“ ဒါက လာမဲ့လအနည်းငယ်အတွင်း သူ့ဒဏ်ရာကိုကောင်းကောင်းပြုစုစောင့်ရှောက်ပေးပြီး အစားအသောက်ကိုဂရုစိုက်နိုင်ရင် မဖြစ်ပါဘူး…”
မြောင်ဟယ် ခေါင်းထပ်ညိတ်လိုက်ကာ “ ဟုတ်ကဲ့ ဟုတ်ကဲ့ “ ဟုရေရွတ်နေမိသည်။ ထို့နောက် သူ၏အာရုံမှာ ဘေးဘက်ရှိလူသို့ရောက်သွားကာ ပြောလိုက်သည် “ သမားတော်ကြီးပြောသွားတာ ကြားတယ်မလား…သူပြောတဲ့အတိုင်း နောက်ဆက်တွဲရောဂါမကျန်ချင်ရင် အစားအသောက်ကို မချွေတာရဘူးတဲ့…ဒါကြောင့် အိမ်မှာရှိတဲ့ကြက်တွေကိုသတ်လိုက်တော့မယ်… ပြီးတော့ မနက်ဖြန်ကျရင်လည်း မြို့တက်ပြီးထပ်ဝယ်ဦးမှာ…” သေချာပေါက်ပင် အနှီသံသယဖြစ်ဖွယ်မရှိသော ထုတ်ပြန်ချက်အောက်တွင် မြောင်ဟယ် ဟင်းဟီးဟင်းရွက်များကို ရောင်းချဦးမည်ဖြစ်သည်။
ရန်သာ့လန် ကောငယ်လေး၏ဖောက်ထွင်းမြင်နေရသော မျက်နှာလေးကိုကြည့်ကာ အတိတ်တွင် သူ့ထံမှရှီရန်(မှော်မြေကြီး)ကို မည်ကဲ့သို့များ ဖုံးကွယ်ခဲ့သည်နည်းဟု တွေးနေမိသည်။
အဆုံး၌ ဂရုစိုက်ရမည့်ပြသနာကြီးကြီးမားမား တစ်စုံတစ်ရာမရှိတော့သည့်အခါမှသာ မြောင်ဟယ် စိတ်သက်သာရာရသွားခဲ့ပြီး ၎င်းမှာသူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ပျံ့နှံ့သွားချိန်၌ အခွင့်အရေးကိုလက်လွတ်မခံဘဲ ဧည့်သည်များကို နေ့လယ်စာစားရန် စိတ်အားထက်သန်စွာဖိတ်ကြားလိုက်သည်။
အစောပိုင်းတွင် သမားတော်ကြီးလောင်ကျီမှာ ဆန္ဒမရှိခဲ့သောကြောင့် မြောင်ဟယ် အပြင်သို့တစ်စုံတစ်ရာအတွက်ထွက်သွားခဲ့ပြီး ပြန်ရောက်ရန်အချိန်အနည်းကြာဦးမည့် ရန်သာ့တုန်အကြောင်းကို သတိပေးလိုက်ရသည်။ ဤသို့ဖြင့် ဆေးခန်းတွင်သုံးမည့် ကျောမှီကုလားထိုင်များအတွက် သမားတော်ကြီးကျီမှ မြောင်ဟယ်၏အိမ်တွင်စောင့်ဆိုင်းရန်သဘောတူလိုက်ရသည်။
မြောင်ဟယ် အနောက်ဘက်ခြံဝန်းမှ ဂေါ်ဖီထုပ်များနှင့် မုန်ညှင်းစေ့များကို သွားခူးလိုက်ပြီး တလက်စတည်း ထမင်းအိုးကြီးတစ်အိုးပါတည်လိုက်သည်။
ယနေ့အတွက်နေ့လည်စာဖြစ်သည့် စားပွဲပေါ်ရှိဟင်းလျာများမှာ ဂေါ်ဖီနှင့်ကြက်သားမွှကြော်၊ ကြက်ဥဂေါ်ဖီကြော် ၊ မုန်ညှင်းစေ့ကြက်သွန်ဖြူကြော် ၊ မုန်ညှင်းစေ့လှော် နှင့် ကြက်သားပြုတ်ရည်တွင်ဂေါ်ဖီခတ်ထားသည့် စွပ်ပြုတ်တစ်အိုးတို့ဖြစ်ကြသည်။ သမားတော်ကျီနှင့်ကျီကွမ်းတို့မှာ ဟင်းပွဲများအပေါ် သဘောမကျကြသော်လည်း ဟယ်ကောမှာ အလွန်သဒ္ဒါတရားထက်သန်နေသောကြောင့် သူတို့သည်လည်း အရှက်မရှိကြောက်လန့်နေမှုများကို ဆက်မကိုင်ထားကြတေ့ာဘဲ ခူးထားပြီးသည့် ထမင်းပန်းကန်များပေါ်တွင် ထမင်းတစ်ဇွန်းထပ်ထည့်လိုက်ကြသည်။
တစ်စုံတစ်ယောက်မှ တစ်ကိုက်ကိုက်လိုက်ချိန်၌ ကျီကွမ်း၏မျက်လုံးများပြူးကျယ်သွားရကာ မနေနိုင်ဘဲ အရသာရှိလှသောအနံ့တစ်မျိုးမှာ သူ၏နှာခေါင်းနားသို့ ဝေ့ဝဲလာသည်။ ဤသို့ဖြင့် ဂေါ်ဖီကြော်တစ်ဖတ်ကိုယူကာ ထမင်းတစ်လုပ်ပါးစပ်ထဲထည့်လိုက်သည်။ သူ၏ပါးစပ်မှာ ထူးကဲသောကြွပ်ဆတ်ဆတ်ဂေါ်ဖီအရသာကို ခံစားလိုက်ရချိန်တွင် ကျီကွမ်း၏ဆာလောင်နေသော မျက်လုံးအစုံမှာ ချက်ချင်းဆိုသလို မှိတ်သွားခဲ့ရသည်။ ထိုမျှသာမက မြောင်ဟယ်မှ ဆီနှင့်ဆားတို့ကို ဖောဖောသီသီသုံးကာ ဂျင်းနှင့်ကြက်သွန်ဖြူတို့ကဲ့သို့ ဟင်းခတ်များကိုပင် ထပ်ပိုးထည့်ထားပေးခဲ့သောကြောင့် သူ၏ပါးစပ်ထဲတွင် မွှေးပျံ့သောရနံ့များမှာ ပေါက်ကွဲထွက်လာရသည်။ ဟင်းလျာများ၏အရောင်အဆင်းမှာရိုးရှင်းပြီး အများစုမှာ အသီးအရွက်များသာဖြစ်သောကြောင့် ရိုးရှင်းသောပုံပန်းသဏ္ဍာန်မှာ စိတ်ဝင်စားဖွယ်မရှိသော်လည်း ၎င်းတို့၏အရသာမှာမူ ပထမတန်းအဆင့်ဖြစ်နေခဲ့သည်။
ကောင်လေး၏ဘေးမှ မဝံ့မရဲစားနေသော သမားတော်အိုကြီးလောင်ကျီသည်ပင် ကြောင်အသွားရသည်။ ကျီဆေးခန်း၏ဂုဏ်သတင်းမှာ မြို့ထဲတွင် အလွန်ထင်ပေါ်ကျော်ကြားပြီး သူအနေဖြင့် နေရာပေါင်းစုံသို့သွားရောက်ဆေးကုသရကာ အစားအစာမျိုးစုံကို မြည်းစမ်းခဲ့ဖူးသည်။ ထို့ကြောင့် နေရာတိုင်းမှ အထူးဟင်းပွဲများမှာ သမားတော်ကျီအဖို့ အသစ်အဆန်းဖြစ်မနေခဲ့ပါချေ။
ပထမဦးအနေဖြင့်သမားတော်ကျီမှ ချောင်ထျန်းငရုတ်ကောင်းနှင့်အတူ ငရုတ်သီးဆီပူထိုးထားသော မုန်ညှင်းစေ့များကိုကောက်ယူလိုက်ပြီး ၎င်းတို့မှာ မယုံလောက်စရာကောင်းအောင် မွှေးကြိုင်နေခဲ့သည်။ လတ်ဆတ်ပြီး စပ်ရှသောအရသာနှင့်အတူ မုန်ညှင်းစေ့၏နူးညံ့ချိုမြိန်သောအရသာတို့ပေါင်းစပ်မှုမှာ ခြွင်းချက်ပင်မရှိသည်အထိ အရသာထူးကဲကောင်းမွန်နေသည်။
စားပွဲအောက်ခြေရှိ ဟင်းရွက်ပုံငယ်လေးနှင့် ကြုံတွေ့နေသောသာ့ပိုင်သည်ပင် အပေါ်သို့မော်မကြည့်ဘဲ တဂျွတ်ဂျွတ်ဝါးနေခြင်းထဲ၌ နစ်မြုပ်နေခြင်းမှာ သူ၏ပုံမှန်စူးရှရှစိတ်နေစိတ်ထားမျိုးနှင့် ကွဲပြားနေခဲ့သည်။
လူတိုင်း၏တူများ မရပ်မနားလှုပ်ရှားသွားသည်ကို မြင်ရချိန်၌ မြောင်ဟယ် ရန်သာ့လန်ထံပြုံးလျက်ကြည့်လိုက်ပြီး တစ်ဖက်လူ၏ပန်းကန်ထဲသို့ မစပ်သောဟင်းများကိုထည့်ပေးလိုက်သည် “ သည်ဟင်းတွေကအိမ်ချက်ဆိုတော့ နှစ်ယောက်လုံးကြိုက်သလောက်သာ အဝစားကြပါနော်…”
ကျီကွမ်းမှာ ဖောင်းနေသောပါးများနှင့်အတူ ခေါင်းညိတ်လာသည် “ အရမ်းအရသာရှိတာပဲ… ကြည့်ရတာ ဟယ်ကောရဲ့ဟင်းချက်လက်ရာက အရမ်းကောင်းတာဖြစ်ရမယ်…”
အရသာမြည်းစမ်းရာ၌ ပို၍ကျွမ်းကျင်သူ သမားတော်အိုကြီးကျီသည်ပင် ချီးမွန်းလာသည် “ ကျွမ်းကျင်မှုကလည်း တစ်စိတ်တစ်ပိုင်းပါတယ်ဆိုပေမယ့် သည်ဟင်းပွဲတွေက ကောင်းလွန်းလှတယ်…သည်မုန်ညှင်းစေ့တွေက နူးညံ့လတ်ဆတ်နေတာ သည်လိုအရည်အသွေးမျိုးဆိုရင် အပြင်မှာတွေ့ရခဲလှတယ်…”
မြောင်ဟယ်၏မျက်လုံးများထဲတွင် အလင်းဖျော့ဖျော့တစ်ချက်တောက်ပသွားပြီး ပြောလိုက်သည် “ ပြောမလို့ပဲ ကျွန်တော် သည်ဟင်းသီးဟင်းရွက်တွေကို မြို့မှာတက်ရောင်းဖို့ စီစဉ်နေတာ…သမားတော်ကြီးကော ဘယ်လိုထင်လဲမသိဘူး…သည်ဟာတွေကို ရောင်းလို့အဆင်ပြေပါ့မလား…”
သမားတော်အိုကြီးကျီမှ ခေါင်းညိတ်လျက် ခပ်ဖွဖွရယ်လိုက်သည် “ အားလုံးသာ သည်အရည်အသွေးအတိုင်းဆိုရင်တော့ ဟုတ်တာပေါ့…”
မြောင်ဟယ် ရှက်ရွံဟန်ဖြင့် ပြုံးကာပြောလိုက်သည် “ သမားတော်ကြီးတို့ နောက်ထပ် နည်းနည်းပါးပါး သဘောကျတာလေးတွေရှိမယ်ဆိုရင်… အာ ကျွန်တော် တစ်လှည်းစာလောက်ပို့ပေးလိုက်မယ်လေ …”
အကယ်၍သာ မြောင်ဟယ် သမားတော်ကျီတို့ထံ လှည်းကြီးတစ်စီးစာပို့ပေးလိုက်မည်ဆိုပါက သေချာပေါက် မပုပ်သွားခင် ဟင်းသီးဟင်းရွက်များကို အိမ်နီးချင်းအချို့နှင့် မျှဝေစားရပေလိမ့်မည်။ သူ သည်ဟာတွေကို ဝေမျှစားလိုက်တာနဲ့တင် ကြော်ငြာပြီးသားရသွားပြီမဟုတ်ဘူးလား… နောက်ဆုံးစာကြောင်းကိုပြောပြီးနောက် ဤအရာကိုတွေးမိသွားသဖြင့် မြောင်ဟယ်ဆက်ပြောရန် ရှက်ရွံ့နေမိသည်။
သမားတော်ကျီမှာမူ ခေါင်းကိုယမ်းကာ သူ၏ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့သည် “ မဟုတ်တာ မဟုတ်တာ… ဘယ်လိုလုပ်ပြီး ရှောင်ကောရဲ့ပစ္စည်းတွေကို သည်အတိုင်းယူလိုက်လို့ရမှာလဲ…ဒီနေ့ သည်သမားတော်အိုကြီးက သမားတော်တစ်ယောက်အနေနဲ့လာတာမလို့ ဆေးကုသခကလွဲရင် အခြားဘာကိုမှလက်မခံနိုင်ပါဘူးကွာ…”
သို့သော်လည်း မြောင်ဟယ်မှာ အလောတကြီးဖြစ်နေမိသည် “ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သည်အသီးအရွက်တွေကို ရောင်းချင်ပေမယ့် သာ့လန်ကလည်း အပြင်မသွားနိုင်ဘူးဖြစ်နေတာ…တကယ်လို့သာ မခူးလိုက်ဘူးဆိုရင် သည်အတိုင်းအခင်းထဲပုပ်သွားတာကိုထိုင်ကြည့်နေရတော့မှာပဲ…အမလေးး စိတ်ညစ်စရာကြီးရယ်…ရွာထဲကလူတွေကို ပေးပစ်ဖို့ကြတော့လည်း အားလုံးကသည်အပင်တွေပဲစိုက်ကြတာဆိုတော့လေ…သမားတော်ကြီးက သဘောကျတယ်ဆိုမှတော့ ဘာလို့များမပေးဘဲနေရမှာလဲ…”
ရန်သာ့လန် မြောင်ဟယ်၏အတွေးများကို တိတိပပမခန့်မှန်းနိုင်သော်လည်း စားပွဲအောက်ရှိ တစ်ဖက်လူ၏လက်ကိုဆုပ်ကိုင်ကာ တီးတိုးပြောလိုက်သည်
“ အလျင်မလိုပါနဲ့ကွာ…”
တစ်ဖက်လူမှ လက်ကိုကိုင်လာသည့်ခံစားမှုကြောင့် မြောင်ဟယ် တစ်ကြိမ်တည်းဖြင့် နိုးထလာသည်။ အမှန်တကယ်ပင် ဟင်းသီးဟင်းရွက်များကို ဤကဲ့သို့အလွန်အမင်းပေးပို့ချင်နေခြင်းမှာ လောကြီးလွန်းလှသည်။ သမားတော်ကျီနှင့် သူတို့၏ဆက်ဆံရေးမှ အောက်ခြေမှစတင်နေရုံသာ ရှိသေးသည့်အတွက် သမားတော်ကျီတို့ဘက်မှလည်း လက်ခံရန်ခက်ခဲနေပေလိမ့်မည်။ မြောင်ဟယ် ရှက်သွေးဖြာသွားပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်မိလေသည်
“ ကျွန်တော်တောင်းပန်ပါတယ်…”
သမားတော်အိုကြီးကျီမှ ၎င်းကိုမြင်လိုက်ရချိန်တွင် ခဏမျှစဉ်းစားပြီးနောက် ပြောလာသည်
“ သည်လူအိုကြီးက မယူနိုင်ဘူးဆိုပေမယ့် ကောငယ်လေးကို တခြားနည်းလမ်းတော့ပြပေးလို့ရပါတယ်…တကယ်တော့ မင်းတို့နှစ်ဖက်စလုံးကသိကျွမ်းပြီးနေပြီဆိုတော့ ပြောဖို့လိုမယ်တော့မထင်ပါဘူးလေ…အဲ့သည့်မိသားစုရဲ့ အငယ်ဆုံးသားထွေးက အရမ်းအစားရွေးတာလေ အထူးသဖြင့် ဟင်းသီးဟင်းရွက်တွေကိုပေါ့…လျန်ဖူးရန်လည်း သူ့သားအစားရွေးနေတာကို မြင်ရတိုင်းစိတ်ဆင်းရဲနေရလို့ ရှောင်ကုန်းဇီစားနိုင်လောက်မဲ့အရာတွေကို နေရာတိုင်းလိုက်ပတ်ရှာနေရတာ…သည်ကိစ္စက မြို့ထဲကလက်ဖက်ရည်ဆိုင်တိုင်းရဲ့ နားထဲကိုလည်းပျံ့နေပြီးသားပဲ အထူးအဆန်းမဟုတ်ပါဘူး…ကောငယ်လေးရဲ့ အစားအသောက်အရည်အသွေးက ကောင်းတယ်ဆိုတော့ လျန်မိသားစုစီကို လှည်းတစ်စီးပို့ပေးလိုက်တာက ပိုကောင်းလိမ့်မယ်ထင်တယ်… ဘယ်လိုပဲဖြစ်ဖြစ် စားသောက်တဲ့အလေ့အထဆိုတာက ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲဖြစ်ဖြစ် စိတ်နဲ့ပဲဆိုင်တာလေ…”
“ လျန်မိသားစုရဲ့သခင်ငယ်လေးလား…” မြောင်ဟယ် သူ၏မျက်နှာပေါ်ရှိ တုန့်ဆိုင်းမှုများနှင့်အတူ မေးလိုက်မိသည်။
အစပိုင်းတွင် သူ၏အစီအစဉ်၌ လျန်မိသားစုလည်းပါဝင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ လျန်မိသားစုမှ သူတို့ထံမြေကွက်သုံးကွက်ပေးခဲ့ပြီးပြီဖြစ်သောကြောင့် အကယ်၍သာ စံပြလယ်ကွင်းထဲရှိ ဟင်းသီးဟင်းရွက်များကို ပို့ပေးမိပါက သူတို့နားလည်မှုလွဲသွားလျှင် မည်သို့ဖြစ်မည်နည်း။ လျန်မိသားစုဘက်မှ သူ့အား ရောင့်ရဲမှုကိုမသိဘဲ ပို၍မြင့်မားသောအဆင့်သို့ လိုက်တက်ချင်နေသည်ဟု ထင်သွားလျှင်ကော မည်သို့ဖြစ်သွားနိုင်သည်နည်း။ ထို့အတွက်ကြောင့်ပင် မြောင်ဟယ် သူ၏အစီအစဉ်မှ လျန်မိသားစုကို ပြတ်ပြတ်သားသားပယ်ချခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် သခင်ငယ်လေး၏ကိစ္စကို အကြောင်းပြ၍ လှည်းတစ်ကြိမ်ခန့် ပို့ပေးရန်မှာ ဖြစ်နိုင်ပေမည်။ အကယ်၍သာ လျန်မိသားစုဘက်မှ တစ်စုံတစ်ရာ မတုံ့ပြန်လာပါက သူသည်လည်း ထပ်မံပို့တော့မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင် မြောင်ဟယ် ဘေးတွင်ထိုင်ကာ အခြေအနေကို အကဲခတ်နေသည့် ရန်သာ့လန်ထံ သဘောတူညီချက်တောင်းခံလိုက်သည်။ ထို့နောက်တွင်မှ ခေါင်းကိုလှည့်ကာ သမားတော်အိုကြီးကို ခေါင်းညိတ်ပြလိုက်သည် “ လမ်းညွှန်ပေးတာအတွက် ကျေးဇူးတင်ပါတယ်နော် သမားတော်ကြီး…”
မြောင်ဟယ်၏မျက်နှာပေါ်တွင် ပူပင်မှုအချို့ရှိနေသေးသည်ကို မြင်ရသောကြောင့် သမားတော်ကျီမှပြောလာသည် “ လျန်မိသားစုဘက်က အတွေးလွန်နေမှာကို ဟယ်ကောစိုးရိမ်နေဖို့မလိုပါဘူး…ပြန်ရောက်တဲ့အခါကြရင် သည်လူအိုကြီးကပဲ လျန်ဖူးရန်စီ မင်းတို့ဟင်းသီးဟင်းရွက်တွေပို့ပေးချင်တဲ့အကြောင်းပြောပေးပါ့မယ်…သည်ဟာက ငါ့အတွက်လည်းပထမဆုံးလုပ်ဖူးတာမှမဟုတ်တာပဲဟာ…. အဆင်ပြေပါတယ် ဟဲဟဲ…”
ထိုစကားမှာ အမှန်တကယ်ပင် ကောငယ်လေး၏ပူပန်မှုကို ပြေလျော့သွားစေသည်။ မြောင်ဟယ်၏မျက်လုံးများမှာ ပုံမှန်အချိန်များကဲ့သို့ ပြန်လည်တောက်လာပြီး နောက်အချိန်များတွင် သူတို့စိုက်ပျိုးသည့်ဟင်းသီးဟင်းရွက်တစ်စိတ်တစ်ပိုင်းကို သမားတော်ကြီးထံပို့ပေးမည်ဟု ဆုံးဖြတ်လိုက်မိသည် “ သမားတော်ကြီးကို တကယ်ပဲကျေးဇူးတင်ပါတယ်နော်…”
နေ့လယ်စာစားပြီးနောက် မြောင်ဟယ် သမားတော်ကျီနှင့် ကျေနပ်အားရနေသောကျီကွမ်းတို့ကိုခေါ်ကာ ရန်သာ့တုန်ထံသွားရှာခဲ့သည်။ သမားတော်အိုကြီးမှ အပြောင်းအလဲအနည်းငယ်ပြောကာ တစ်ကြိမ်ထဲဖြင့် ကျောမှီကုလားထိုင်နှစ်ခုမှာယူခဲ့ပြီး ထိုပြတ်သားမှုနှင့် မျှော်လင့်မထားသောအကျိုးအမြတ်တို့မှာ ရန်သာ့တုန်အား အပျော်လွန်သွားစေသည်။ မရီးဖြစ်သူကို ကူညီပြီး ဤကဲ့သို့ထူးဆန်းသောကုလားထိုင်ကိုလုပ်ပေးလိုက်ရုံဖြင့် အမှန်တကယ်ပင် အမှာစာများရှာလာပြီး သူ့အားငွေရပေါက်ရှာပေးလိမ့်မည်ဟု ရန်သာ့တုန် လုံးလုံးမထင်မှတ်ထားခဲ့ပေ။ ထို့အပြင် လက်ခမှာလည်း အလွန်ကောင်းမွန်လှပြီး နှစ်လတာအတွက် ပုံမှန်အသုံးစရိတ်ကိုပင် ကာမိနိုင်သည်။
သမားတော်ကျီနှင့်ကျီကွမ်းတို့ အိမ်ပြန်သွားချိန်၌ ခရမ်းချဉ်သီးအနည်းငယ်ကို ပြန်သယ်သွားခဲ့ကြသည်။
၎င်းတို့မှာ ချိုချိုချဉ်ချဉ်နှင့် အရသာရှိလှသောကြောင့် သူတို့သဘောကျကြလေသည်။