🧝Chapter 22
မြောင်ဟယ် လက်ဆောင်များကို အဒေါ်ရန်နှင့်ရွာလူကြီး၏အိမ်သို့ပို့ပြီးသည်နှင့် အိမ်သို့ပြန်ကာ သူပြင်ဆင်ထားပြီးသော နောက်ထပ်လက်ဆောင်ထုပ်ကို သွားယူခဲ့ရသည်။ လက်ဆောင်ပို့ပေးရမည့် နောက်နေရာတစ်ခုသို့ရောက်သွားချိန်တွင် ခုံတွင်ငြိမ်ငြိမ်ထိုင်မနေနိုင်သော တစ်စုံတစ်ယောက်မှာ ရှိနေခဲ့ပြီးဖြစ်သည်။
“ ဟယ်ကော ငါနင့်ကိုစောင့်နေတာ…”
အိမ်ရှေ့တွင် ထိုနေရာ၌ရပ်နေသည်မှာ မည်မျှကြာမြင့်နေပြီပင်မသိရသော မြောင်ဟယ်နျန်မှာ မြောင်ဟယ်ကိုမြင်လိုက်သည်နှင့် သူမမျက်နှာပေါ်တွင် ကြည်နူးရိပ်များပေါ်လာခဲ့သည်။
“ အားနျန် ဘာဖြစ်လို့လဲ… ကျွန်တော့်ကိုအိမ်ထဲအရင်ပေးဝင်ပါဦး…”
မြောင်ဟယ် မူလကိုယ်၏မိသားစုအတွက် ပြင်ဆင်လာသည့်လက်ဆောင်များကို ပေးရန်ပြင်လိုက်ချိန်တွင် မြောင်ဟယ်နျန်မှ သူ၏လက်ကောက်ဝတ်ကိုဆွဲကာ အိမ်တံခါး၏အဝေးသို့ခေါ်သွားခြင်းအား ခံလိုက်ရသည်။ သူမ၏ခေါင်းမှာမူ သွားနေစဉ်အတွင်း ဘယ်ညာယမ်းကာ မြင်တွေ့မည့်သူရှိမရှိကို စစ်ဆေးနေခဲ့သည်။
“ အဲ့သည့်ကိစ္စကိုခဏထားလိုက်ပါဦး… အားနျန်စကားနည်းနည်းလောက်အရင်ပြောပါရစေ…သာ့လန်ရဲ့ဒဏ်ရာကအဆင်ပြေရဲ့လား…အားနျန်ကြားတာတော့ သူ့အရိုးတွေကကျိုးသွားလို့ အတော်လေးပြင်းထန်တယ်ဆို…ငါသိတာတော့ သည်ဟာကနှစ်ဝက်လောက်ကုနေရမှာတဲ့…ဘုရားရေ ဒါကပိုက်ဆံပေးရမဲ့ကိစ္စမဟုတ်ဘူးလား…အားနျန် မင်းတို့မှာ ငွေကြေးခက်ခဲနေမဲ့အချိန်ကိုရောက်နေပြီဆိုတာ တွေးထားပြီးပြီ…”
“ အားနျန် ဘာကိုဆိုလိုတာလဲမသိဘူး..” မြောင်ဟယ် အစကတည်းက စကားများကို အသေအချာနားထောင်နေမိသည်။
မြောင်ဟယ်နျန် သူမ၏နှုတ်မှာ စိတ်ရင်းနှင့်ဆန္ဒရှိသကဲ့သို့ ပြောလာသည် “ ဟူးး ဒဏ်ရာကအတော်လေးပြင်းထန်တာပဲနော်…အားနျန်က သည်ကနေဟိုပြေးလိုက် သည်ပြေးလိုက်နဲ့ ပိုက်ဆံပေးနေရမှာစိုးရိမ်လို့လေ…ကြည့်ရတာမကြာသေးခင်ကမှ မင်းတို့နစ်နာကြေးရထားကြတယ်မလား…အခုကစပြီး အားနျန်ကို ငွေသိမ်းထားခိုင်းရင်ကော ဘယ်လိုလဲ… သည်လိုဆိုရင် ရန်သာ့လန် နောက်ကြလိုအပ်တာရှိရင် ငွေအတွက်ပူနေဖို့မလိုတော့ဘူးပေါ့ မဟုတ်ဘူးလား…”
မြောင်ဟယ်၏မျက်နှာမှာ ချက်ချင်းဆိုသလိုပျက်ယွင်းသွားရပြီး မူလကိုယ်ဆိုလျှင်လည်း ဤကဲ့သို့တုံ့ပြန်မိမည်ဟု တွေးလိုက်မိသည်။ ဤသည်မှာ ရေတွင်းထဲပြုတ်ကျနေသည့်သူကို ခဲဖြင့်ပေါက်နေခြင်းမဟုတ်ပါ၏လော.. အနာဂတ်တွင် ရန်သာ့လန်မှာ ငွေအတွက်သူမအပေါ်မှီခိုရမည့်ကိစ္စတစ်ခုခုရှိလာနိုင်ခြင်းကြောင့် သူနှင့်ရန်သာ့လန်တို့မှ ပြန်လည်ထူထောင်ရေးအတွက် သူမထံပိုက်ဆံဦးဆုံးပေးထားရမည်ဟုဆိုလိုနေခြင်းနေလား…
“ သာ့လန်ရဲ့ဒဏ်ရာကအသက်အန္တရာယ်မရှိပါဘူး… ပြန်ကောင်းလာမှာပါ… အားနျန် ဘာလို့များအလောကြီးနေတာပါလဲ…”
“ ဟဲ့ ဒါကအရိုးကျိုးသွားတာနော် အကောင်းအတိုင်းပြန်ဖြစ်လာမယ်လို့ ဘယ်သူပြောနိုင်မှာမလို့လဲ…ပြီးတော့ သာ့လန်က သည်လောက်ပိုက်ဆံအများကြီးကို တစ်ခါတည်းထုတ်လာနိုင်မှန်းမသိခဲ့လို့ အားနျန်ကအရစ်ကျပေးတာကို လက်ခံခဲ့တာလေ… တင်တောင်းပစ္စည်းတွေကိုပဲကြည့်ပါလား ဘယ်သူကများအရစ်ကျပေးရလို့လဲ…ဘယ်လိုပဲဖြစ်ဖြစ် နင်တို့အိမ်ထဲကိုလှည်းတွေအများကြီးဝင်သွားခဲ့တာပဲအေ သည်ဟာတွေအကုန်လုံးရန်သာ့လန်ဆေးကုဖို့လိုမယ်လို့တော့ အားနျန်မထင်ဘူးနော်…သူ့ဒဏ်ရာကိုကုဖို့ တစ်ခု နှစ်ခုလောက်ရောင်းလိုက်ရုံနဲ့တင်ရပါတယ်…ဒါကကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ကောင်းချီးတွေကို လူတိုင်းစီပေးပစ်လိုက်လို့တော့မရဘူးနော်…လောဘတက်နေတဲ့ဘယ်သူမဆို နင်တို့ကိုနားရွက်လာတံတွေးဆွတ်ကြမှာပဲ…” မြောင်ဟယ်နျန်မှ ရွံရှာနေဟန်ရသောမျက်နှာဖြင့် ပြောလာသည်။
မြောင်ဟယ် ဤလက်ထပ်ထားပြီးသောအမျိုးသမီးနှင့် ထပ်မံငြင်းခုန်လိုက်ချင်မိသည်။ သို့သော်လည်း ရန်သာ့လန်၏တောင်ပိုင်ဆိုင်မှုအား ဒဏ်ရာသက်သာလာသည့်အခါ စာရင်းသွင်းရမည့်အကြောင်းကို သူတွေးလိုက်သေးသည်။ သူတို့ ရွာလူကြီးထံ ထိုအကြောင်း သေချာပေါက်သတင်းပို့ရမည်ဖြစ်ရာ ဤကဲ့သို့သောအခြေအနေမျိုးတွင်ပင် ပြသနာများဖန်တီးနိုင်သော မူလကိုယ်၏မိခင်မှာ ထိုအချိန်တွင်လည်း စကားများရန်ဖြစ်စရာကိစ္စများ ဖြစ်ပေါ်လာခြေရှိသည်။ ထို့အတူ မြောင်ဟယ်နျန်မှ နည်းလမ်းရှာ၍ ပို၍တောင်းခံလာမည်ကိုလည်း မြောင်ဟယ် လန့်နေမိကာ သူမထံတစ်ခါတည်းနှင့်အကုန်ပေးလိုက်သည်မှာ ပို၍ကောင်းမည်လားဟုပင် တွေးလိုက်မိလေသည်။
ဒါပေမယ့် င့ါလက်ထဲမှာငွေသားရှိတယ်ဆိုတာတော့ သူ့ကိုပေးသိလို့မရဘူး…. မြောင်ဟယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ လက်ဆောင်အများစုက ပစ္စည်းတွေဆိုတော့ အားနျန် သည်ဟာတွေကို ပြန်သယ်သွားမှာလား…”
မြောင်ဟယ်နျန် စကားထဲတွင် လှည့်ကွက်ရှိနေသေးကြောင်း ကြားလိုက်ရချိန်၌ သူမ၏အပြုအမူမှာ ပြောင်းပြန်လန်သွားခဲ့သည် “ အားနျန် နောက်ကျမြို့တက်မှာပဲဟာ…အရင်ဆုံးတော့ ပစ္စည်းတွေကို မင်းစီထားထားလိုက်မယ်… နောက်ကျ မြို့ကိုသွားမယ်ဆိုရင် မင်းအိမ်ကိုပစ္စည်းအရင်လာယူပြီး ငွေတေးနဲ့လဲမှာပေါ့…ဒါပေမယ့် အရင်ဆုံးတော့ လျန်မိသားစုကဘာတွေပေးခဲ့လဲဆိုတာ ပြောပြချည်…ပစ္စည်းတွေက အဖိုးတန်တယ်ဆိုမှ အားနျန်က လုပ်လို့ကိုင်လို့ရမှာနော်…မဟုတ်ရင်တော့ နင်ငါ့ကိုလျော်ကြေးလုံလုံလောက်လောက်ပေးမှရမယ်…”
ထောက်ပံ့ကြေးအဖြစ် အလယ်အလတ်အားဖြင့် ငွေတန်ဖိုးမှာ ခြောက်တေးထက်မနည်းရှိမည်ဖြစ်ကာ ထိုအချိန်ရောက်လာချိန်တွင် သူမပစ္စည်းများကို ဈေးလျော့ယူခြင်းဖြင့် ပိုမိုရနိုင်သေးသည်။
ထိုစကားကိုကြားပြီးနောက် အခန်းတွင်းရှိပစ္စည်းများကို မြောင်ဟယ်နျန်၏လက်စာမမိစေရေးအတွက် စောင့်ကြပ်ပြီး သူမထံလူမသိသူမသိ မပေးမိစေရန် မြောင်ဟယ် ဆုံးဖြတ်ချက်ချလိုက်မိသည်။ မဟုတ်ပါက ၎င်းတို့မှာ သေချာပေါက်အစားခံရပေလိမ့်မည်။
နှလုံးသားထဲတွင်လည်း စိတ်ပိုင်းဖြတ်လိုက်ပြီး မြောင်ဟယ် ခေါင်းကိုယမ်းကာပြောလိုက်သည် “ ကိစ္စတွေကသာ့လန်နဲ့တိုင်ပင်ရမှာဆိုတော့ အားနျန်ရက်အနည်းငယ်တော့စောင့်ပါဦး…သည်ဟာက သူအရင်ကရေးထားတာနဲ့မတူဘူးဆိုတော့ သာ့လန်လည်း ရွာလူကြီးကိုစာချုပ်ရေးဖို့ပြောရဦးမယ်လေ…”
“ ဘာလိုများဒုက္ခရှာနေမှာလဲ…အားနျန်က သည်အတိုင်းငွေပြားတွေပဲယူချင်တာလေ ငါနင့်ကိုစောင့်ပေးရဦးမယ်လို့တော့ မပြောနဲ့နော်…”
မြောင်ဟယ် သူမကိုအေးစက်စွာကြည့်ကာ ငြင်းပယ်လိုက်သည် “ အားနျန် သည်တစ်ကြိမ်တော့ ကျွန်တော့်ညီလေးကြောင့် လက်ခံပေးလိုက်မယ်… နောက်ထပ်တော့ မရှိနိုင်တော့ဘူး…”
စကားပြောရသောကြောင့် ပင်ပန်းနေပုံဖြင့် အိမ်သို့ပြန်သွားသည့် မြောင်ဟယ်ကို နေရာတွင်ရပ်ကြည့်နေရင်းဖြင့် မြောင်ဟယ်နျန် ကြောင်အနေရသည်။ အတွေးများခေါင်းထဲသို့ရိုက်ခတ်လာချိန်၌ သူမ အခွင့်အရေးယူကာ မြောင်ဟယ်ကို အလွန်အမင်းလှည့်စားမိသွားကြောင်း ရုတ်တရက်သိလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ရန်သာ့လန်၏ဒဏ်ရာမှာ သူမအား သူ့အဖေ၏အဖြစ်ဆိုးအကြောင်းပို သတိပေးနေဆဲပင်။ ထို့ကြောင့် သူမ သူ့ကိုအနိုင်ကျင့်ခဲ့မည်ဆိုလျှင်ကော…အနည်းဆုံးအနေဖြင့် သူမလုပ်ချင်သည့်အရာကို ဟယ်ကောအားဒုက္ခမရောက်အောင် လုပ်ရမည်ပင်။ သို့သော်လည်း သူမ ယခုအချိန်တွင် တွန့်ဆုတ်နေမည်ဆိုပါက သူမ၏သနားစရာရှောင်းပေါင်လေးမှာ ထပ်မံခံစားနေရန်မလိုတော့ဘဲ လာမည့်ဆောင်းရာသီအတွင်း သေဆုံးသွားနိုင်ခြင်းမရှိနိုင်တော့ပါ… အာ… သူမလုပ်ရပ်တွေက သူမဆန္ဒနဲ့လည်း ဆန့်ကျင်နေပါတယ်နော်…
မြောင်ဟယ်နျန်အနေဖြင့် လက်ထဲတွင် ပျော်ရွှင်မှုတစ်စုံတစ်ရာမရှိဘဲ အိမ်ထဲတွင်ရက်အနည်းငယ်ကြာ ထိုင်စောင့်နေရသည်မှာ ဖြစ်ခဲလှသောအရာပင်ဖြစ်သည်။
ငါးရက်ကြာပြီးနောက် မြောင်ဟယ် မူလကိုယ်၏အိမ်သို့ဦးဆုံးသွားကာ ရွာလူကြီးအိမ်သို့ဆက်သွားလိုက်ပြီး နှစ်ဖက်စလုံးထံ ကိစ္စများဆောင်ရန်အတွက် သူ၏အိမ်တွင် ပြုလုပ်မည်ဟုပြောလိုက်သည်။ ငွေတေးများပြင်ထားပြီးဖြစ်သော်လည်း ရန်သာ့လန်မှာ ဒဏ်ရာရနေသောကြောင့် မလှုပ်ရှားနိုင်သည့်အတွက် ငွေပေးအပ်မည့်နေရာမှာ သူတို့နေရာတွင်ဖြစ်သွားရသည်ဟုပင် ပြောလိုက်သေးသည်။
မြောင်ဟယ်မှာ လုပ်ငန်းစဉ်တစ်ခုလုံးတွင် တိတ်ဆိတ်နေပြီး ရန်သာ့လန်၏ပုံမှန်တည်ငြိမ်သောအမူအယာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ရက်စက်စွာအရယူထားသော ငွေခြောက်တေးစလုံး သူမ၏ပိုင်ဆိုင်မှုဖြစ်လာချိန်၌ ထူးဆန်းစွာပင် မြောင်ဟယ်နျန် အပြစ်ရှိစိတ်နှင့်နောင်တကို ခံစားလိုက်ရသည်။
ရွာလူကြီးမှာမူ စာချုပ်စာတမ်းများရေးထိုးရင်းဖြင့် အလုပ်ရှုပ်နေခဲ့သည် “ စာချုပ်ကပြီးဆုံးသွားပြီဆိုတော့ အခုနှစ်ဖက်စလုံးမှာ အကြွေးမရှိတော့ပါဘူး…”
“ အဒေါ် နောင်ကျရင် လောင်ရန်ရဲ့မိသားစုကို ထပ်မနှောင့်ယှက်ပါနဲ့တော့… သည်လူတွေက ကြင်နာတတ်ပြီး စေတနာကောင်းလွန်းလှတယ်….တကယ်လို့သာ ဆူဆူညံညံထပ်လုပ်ချင်တယ်ဆိုရင် ရန်သာ့လန်လက်ထဲမှာကိုင်ထားတဲ့စာချုပ်နှစ်စောင်ကို အမှတ်ရလိုက်ပါ…သည်ဟာတွေကိုသာ ထုတ်ပြလိုက်ရင် ခင်ဗျား ရွာသားတွေရဲ့တံတွေးခွက်မှာ ဘယ်လိုပက်လက်မျောမလဲဆိုတာ ကြည့်နေလိုက်ချည်..”
မြောင်ဟယ်နျန် ငြင်းပယ်လိုသောကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည် “ ကျ ကျွန်မကလည်း အိမ် အိမ်မှာ ပြသနာလေးတွေရှိနေလို့ပါ… ဟယ်ကော အမေ သည်လို လုပ် လုပ်တာကလေ…”
မြောင်ဟယ် သူမ၏ငြင်းဆိုချက်ကို လျစ်လျူရှုလိုက်ပြီး ဧည့်သည်များကိုပြန်ပို့ရန် ထရပ်လိုက်သည် “ သာ့လန်ကဒဏ်ရာနဲ့ဆိုတော့ ပုံမှန်ထက်ပိုပြီးလဲနေဖို့လိုလို့ပါ… ရွာလူကြီးကိုပဲ သည်နေ့ဟိုလာသည်လာနဲ့ ဒုက္ခများစေရပြီ… သည်အသီးတစ်အိတ်က အိမ်ပြန်ရောက်ရင် ကလေးတွေနဲ့မျှစားဖို့ လက်ဆောင်ပေးလိုက်တာပါ…သည်ဟာကတော့ လျန်မိသားစုကပေးထားတဲ့မုန့်လေ… အရင်နေ့တုန်းက လောလောလောလောနဲ့ဆိုတော့ မပေးရသေးတာနဲ့ အခုမှပေးဖြစ်တော့တယ်… အပြန်ကျယူသွားပါနော်…”
မြောင်ဟယ်နျန်၏အမူအယာမှာ တင်းမာလာခဲ့သည်။ ရွာလူကြီး၏ရှေ့တွင် သူမသတိရှိရှိဖုံးကွယ်ထားနိုင်ရန်မှာ ခက်ခဲလှသော်လည်း သူမတွေးနေမိသေးသည်။ ဒါက လျန်မိသားစုကမုန့်ဆိုတော့ ဘယ်လောက်တောင်အရသာရှိမှာပါလိမ့်…ဘယ်လိုများ သူတို့ရှောင်းပေါင်ကိုမပေးဘဲ ဝှက်ထားရတာလဲ…ဟယ်ကောက မသိခဲ့ရင်တောင် ပေးချင်တယ်ဆိုရင် အခုပေးလိုက်လို့ရတာပဲဟာ…သူ့ရဲ့နှလုံးသားက တကယ့်ကိုအေးခဲသွားခဲ့ပြီလား…
မြောင်ဟယ်နျန် ထပြောလိုက်ချင်သော်လည်း လမ်းတစ်ဝက်တွင် သူမ မည်သည့်အရာများပြောနိုင်မည်လဲ ဆိုသည်ကို အမှတ်ရသွားသည်။
ရွာလူကြီးမှာ သူမ၏ဘေးတွင်ရှိနေသေးကာ သူမအလောတကြီးတောင်းယူထားသည့် ဤငွေခြောက်တေးမှာ သူမ၏ရွေးချယ်မှုပင်ဖြစ်သည်။
အိမ်ပြင်သို့ထွက်လာချိန် မြောင်ဟယ်နျန် အရှေ့တံခါးပိတ်နေသည့်မြောင်ဟယ်ကို တစ်ချက်လှည့်ကြည့်မိလိုက်ပြီး ထူးဆန်းနေသောခံစားချက်တစ်ခုမှာ သူမ၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။
လူများပြန်ပို့ပေးပြီးချိန်တွင် မြောင်ဟယ် တံခါးကိုမှီလျက် သက်ပြင်းရှည်တစ်ချက်ချမိလိုက်သည်။ ထို့နောက် အခန်းထဲသို့ပြန်ဝင်ကာ ရန်သာ့လန်ထံတောင်းပန်နေသောအကြည့်ဖြင့် ကြည့်မိခဲ့သည်။
လျော်ကြေးအဖြစ်ရထားသော ငွေတေးနှစ်ဆယ်တွင် ခြောက်တေးမှာ ရန်သာ့လန်ဒဏ်ရာပြန်မကောင်းသေးခင်မှာပင် သုံးလိုက်ရလေပြီ။
အစပိုင်းတွင် တုန့်ဆိုင်းနေခဲ့သော်လည်း ရန်သာ့လန် သူ့ကောငယ်လေး၏ခေါင်းကို ပွတ်ကာပြောလိုက်သည် “ ရပါတယ်ကွာ စိတ်လျော့ထားပါ …”
မြောင်ဟယ် လက်သီးတင်းတင်းဆုပ်ကာ ပြန်ပြောလိုက်သည် “ အင်းး မနက်ဖြန်မနက်ကြရင် ကျွန်တော်ဟင်းသီးဟင်းရွက်တွေ သွားရောင်းတော့မှာ…”
ထိုအချိန်၌ လယ်ကွင်းထဲတွင် စိတ်ကျေနပ်စရာကောင်းသော အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
ရန်သာ့လန်အပေါ် ဖုံးကွယ်ထားရန်မလိုတော့သည့်အတွက် ဟင်းသီးဟင်းရွက်များစိုက်ပျိုးရန် လများ သို့မဟုတ် နှစ်ချီသည်အထိ စောင့်ဆိုင်းနေရန်လည်း မလိုအပ်တော့ပါ။ အခါအားလျော်စွာ လူတို့စားသုံးလေ့ရှိကြသော ကြက်သွန်နီ၊ကြက်ဟင်းခါးသီး၊ ခရမ်းသီးနှင့် တရုတ်မုန်ညှင်းတို့ကိုစိုက်ပျိုးရင့်မှည့်စေရန်မှာ သူတို့အတွက် ဖြစ်နိုင်သေးသည်။ မည်သို့ပင်ဆိုစေကာမူ ရန်သာ့တုန်သည်လည်း ယခုအချိန်၌ ရက်အနည်းငယ်ကြာ အိမ်နောက်ဖေးခြံဝန်းထဲသို့ မကြာခဏလာရောက်လည်ပတ်လေ့ရှိပြီး ရန်သာ့လန်မှာ သူ၏ဝမ်းကွဲဖြစ်သူအား မြောင်ဟယ်ကိုကူ၍ ရေကူလောင်းခိုင်းထားသည့်အချက်ကိုမူ မြောင်ဟယ် သတိမထားမိခဲ့ပေ။ ထိုအငှားလက်ဖြင့်ကူညီခိုင်းခြင်းမှာ သူ၏အစီအစဉ်အတွက် အနည်းငယ်နှောင့်နှေးစေသော်လည်း နောက်ပိုင်းကြိုးစားအားထုတ်များကို များစွာအထောက်အကူဖြစ်စေသောကြောင့် ယခင်စိုက်ပျိုးထားသောဟင်းသီးဟင်းရွက်များ ရင့်မှည့်လာပြီဖြစ်ကာ ယခုချိန်၌ လယ်တစ်ခင်းလုံးတွင် အစိမ်းရောင်များဖြင့် ပြည့်နေပြီဖြစ်သည်။
ထို့အတူ အစောဦးပိုင်းကတည်းက ရောင်းချရန်ရည်ရွယ်ထားသော တရုတ်မုန်ညှင်းနှင့် မုန်ညှင်းစေ့တို့မှာ ရိတ်သိမ်းရန်အဆင်သင့်ဖြစ်နေလေပြီ။ ရန်သာ့လန် မြောင်ဟယ်၏အကောင်းမြင်တတ်မှုအပေါ် သဘောမပေါက်နိုင်ခဲ့ပေ။ ဖြူဖွေးနူးညံ့ပြီး သွယ်လျသော ကောငယ်လေးသည်သာ တစ်ဦးတည်းမြို့ကိုသွား၍ ဟင်းရွက်တက်ရောင်းခဲ့ပါက ဒေသခံလူဆိုးများမှ သူ့ကိုအနိုင်ကျင့်ခဲ့ပါလျှင် မြောင်ဟယ်မည်သို့တတ်နိုင်ပါမည်နည်း။ သဘာဝကျစွာပင် ရန်သာ့လန် ထိုအစီအစဉ်ကို ဆန့်ကျင်ခဲ့သည်။
“ ကိုယ်သက်သာလာတဲ့အထိစောင့်ဦး… ပြီးမှ ကိုယ်နဲ့အတူသွားပါ…”
“ လွန်ခဲ့တဲ့လတွေအတွင်း ကျွန်တော်တို့မှာ ဘာဝင်ငွေမှရှိတာမဟုတ်ဘူး…အခုလက်ထဲမှာ ငွေတေးအနည်းငယ်ရှိတယ်ဆိုပေမယ့် ခင်ဗျားလည်းအကြွေးတွေကို ဖြေရှင်းဖို့လိုသေးတယ်မဟုတ်လား….ကျွန်တော်တို့သာ ဟင်းရွက်တွေရောင်းနိုင်မယ်ဆိုရင် စိတ်မအေးဖြစ်နေဖို့ မလိုတော့ဘူးလေ…”
သူတို့၏သဘောတူညီချက်နှင့်မသက်ဆိုင်ဘဲ မြောင်ဟယ် ရန်သာ့လန်အား အကြွေးအားလုံးကို ဆပ်လိုက်ရန် လောဆော်ခဲ့သည်။ သေချာပေါက်ပင် ဤလောဆော်မှု၏အကြောင်းရင်းမှာ သူ၏ပိုက်ဆံချစ်စိတ်ကြောင့်မဟုတ်ဘဲ မူလကိုယ်၏မိခင်ဖြစ်သူထံမှ ရရှိခဲ့သောသင်ခန်းစာအချို့ကြောင့်ဖြစ်ပြီး ရွာသားများ၏ဒေါသတကြီး မနာလိုငြူစူစိတ်များဖြင့် တိုက်ခိုက်မခံရစေရန်အတွက်လည်း ဖြစ်သည်။ ဤသို့ဖြင့် အကြွေးဆပ်ပြီးချိန်၌ မူလရှိသောငွေတေးနှစ်ဆယ်မှာ ခြောက်တေး ခုနစ်တေးခန့်သာ ကျန်ရစ်ခဲ့လေသည်။
သို့တိုင်အောင် ရန်သာ့လန်မှာ ခေါင်းကိုယမ်းကာငြင်းပယ်နေဆဲပင် “ ငွေကအရေးကြီးတယ်ဆိုပေမယ့် လူကတော့မရှိမဖြစ်လိုတာလေ…”
ပွင့်ပွင့်လင်းလင်းဆိုရမည်ဆိုလျှင် လာမည့်သုံးလအတွင်း ငွေခြောက်တေး ခုနစ်တေးခန့်ကို အသုံးပြုခြင်းမှာ အလွန်ကောင်းသောအရာဖြစ်သည်။
သူတို့အိမ်၌ ဆန်နှင့်ဂျုံဖြူတစ်အိတ်ကြီးရှိနေသေးသည်ကိုမဆိုထားနှင့် အခြားမည်သည့်အပိုပစ္စည်းများကိုမှလည်း ဝယ်ရန်မလိုနေပေ။
သို့သော်လည်း မြောင်ဟယ်မှာ ဆန္ဒမရှိခဲ့ချေ။ အဆုံး၌ သူ၏ဟင်းသီးဟင်းရွက်များကို လျှို့ဝှက်နည်းလမ်းများဖြင့် အကောင်းဆုံးပြုစုပျိုးထောင်ပေးခဲ့သော်ကြောင့် အရည်အသွေးအပေါ်တွင် ယုံကြည်စိတ်ချထားသည်ဖြစ်ရာ သူတို့ပဲအကုန်စားလိုက်ခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။ အဓိကအချက်မှာမူ သူတို့အနေဖြင့် ပို၍ကောင်းသော သက်ရှိမြေကြီးမှစိုက်ထားသည့်အရာများကို စားသုံးမည်ဖြစ်သောကြောင့် သာမန်လယ်ထဲမှစိုက်သည့်ပစ္စည်းများကို စားရန်မြောင်ဟယ်ငြင်းပယ်နေခြင်းဖြစ်သည်။
ထိုမျှသာမက မြောင်ဟယ် သူ၏လမ်းကြောင်းကိုလည်း ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်သည်။ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို ရောင်းချတော့မည်ဆိုကတည်းက ဈေးကွက်ချဲ့ထွင်ခြင်းမှာလည်း ရှုပ်ထွေးလာမည်မှာ သဘာဝအတိုင်းသာဖြစ်သည်။ သို့တိုင်အောင် လူအများမှာ မြည်းစမ်းကြည့်ပြီးသည်နှင့် သစ္စာရှိဖောက်သည်များဖြစ်လာကြမည်ဟု မြောင်ဟယ်အကောင်းမြင်စိတ်ရှိနေသေးသည်။ သူသာ တည်တည်ငြိမ်ငြိမ်လည်ပတ်နေနိုင်သေးသရွေ့ အနှီလမ်းကြောင်းမှာ ရေရှည်အတွက်လုံလောက်နိုင်ပေမည်။ သို့ဖြစ်ရာ အစောပိုင်းမိတ်ဆက်ထားခြင်းမှာ ရှောင်လွှဲမရသောအရာဖြစ်သောကြောင့် အဘယ့်ကြောင့်များ သူ၏ဂုဏ်သတင်းကို စောစီးစွာသန့်ရှင်းထား၍ မရနိုင်ပါမည်နည်း…
“ ဒါဆိုလည်း ကျွန်တော် ဒုတိယအဒေါ်နဲ့သွားလိုက်မယ်…”
“ ဒုတိယအဒေါ်က အိမ်မှာကလေးထိန်းရဦးမှာ အချိန်မရှိဘူး…”
“ အဒေါ်ချင်းကော… သူကကျွန်တော့်ကိုအကူအညီလိုရင် လာရှာဖို့ပြောထားတာပဲလေ…” မြောင်ဟယ်မှာ လက်မလျော့ချင်သေးပေ။
“ အဒေါ်ချင်းသွားရင်လည်း ကောင်းကောင်းအလုပ်ဖြစ်မှာမဟုတ်ဘူး…” အမှန်တကယ်ပင် ရှီရူချင်းမှာ နူးညံ့သိမ်မွေ့သောအမူအယာရှိခြင်းကြောင့် အဒေါ်ရန်၏ကြင်နာပြီး အေးအေးလူလူရှိသောပုံစံနှင့်မတူနေချေ။
ဤသို့ဖြင့် မြောင်ဟယ် လှုပ်လှုပ်ရှားရှားဖြစ်လာရသည် “ ကျွန်တော့်ရဲ့ဟင်းရွက်တွေက ကောင်းတယ်ဆိုတာကို ခင်ဗျားမယုံနိုင်ဖြစ်နေတာပဲ… ကောင်းပြီလေ ခဏနေကြရင် အကုန်ကိုခူးပြမယ်… အဲ့သည့်အခါကြမှ ဒါတွေကိုမရောင်းရင် ဘယ်လောက်ဖြုန်းတီးရာကြလဲဆိုတာ သိလာမှာ…”