Chapter 21
Viewers 6k

🧝Chapter 21




စကားအနည်းငယ်ချန်ရစ်ပြီးနောက် ရန်သာ့တုန် နှလုံးသားထဲတွင် ပျော်ရွှင်မှုအပြည့်နှင့် အိမ်ထဲမှထွက်ခွာသွားခဲ့သည်။ ဝမ်းကွဲဖြစ်သူထွက်သွားပြီးနောက် ထင်ထားသည့်အတိုင်းပင် ရန်သာ့လန်၏မျက်လုံးထဲတွင် စူးစမ်းချင်စိတ်များထွက်ပေါ်လာသည်။


မြောင်ဟယ် နှာခေါင်းကိုမသိစိတ်မှထိကာ ဦးစွာပြောလိုက်မိသည် “ သည်မှာပဲ ခင်ဗျားရဲ့ဒဏ်ရာတွေကိုကုနေရင်းနဲ့ အေးအေးသက်သာနေပါ… ပြသင့်တာတွေကို ကျွန်တော်တဖြည်းဖြည်းထုတ်ပြပါ့မယ်… ဟုတ်ပြီလား…”


ရန်သာ့လန်မှာမူ ထိုအတိုင်းသာ မျက်မှောင်ကြုတ်ထားဆဲပင် “ ဘာကိုလဲ…”


“ သည်အတိုင်းသာစောင့်ကြည့်နေပါ…”


သူ၏ရည်ရွယ်ချက်ကိုဦးစားပေးလာသည်ဟု မြောင်ဟယ်ခံစားမိလိုက်ပြီးနောက် မီးဖိုခန်းထဲသို့ဝင်ကာ အစေ့များပါသည့်အဝတ်အိတ်ထုပ်လေးတစ်ခုကို ယူလာခဲ့သည်။ မြေကြီးစီသို့ဦးတည်လာချိန်တွင် မြောင်ဟယ်၏နှလုံးသားထဲဝယ် မရေရာမှုများစွာ ထွက်ပေါ်နေမိသည်။ မြောင်ဟယ် တိတ်တဆိတ်သက်ပြင်းတစ်ချက်ခိုးချကာ အမြန်ဆုံးအပင်ပေါက်နိုင်သည့် ဂေါ်ဖီစေ့တစ်စေ့ကိုယူ၍ စိုက်ပျိုးလိုက်သည်။


ရန်သာ့လန်မှာမူ မြောင်ဟယ်၏သတိတကြီးနှင့်မျက်လုံးများနောက်သို့ လိုက်ပါသွားကာ ခဏအကြာတွင် ဂေါ်ဖီစေ့ကိုစိုက်ပြီးနောက် သူ၏မျက်လုံးများမှာ ခြေထောက်အနားမှ မြေကြီးပေါ်တွင်သာ မြဲမြံစွာရှိနေခဲ့သည်။ သူ၏အပြုအမူများမှာ ထူးဆန်းနေပြီး ယခင်ရှိနေသောသံသယများမှာ ပို၍ပြင်းထန်လာကာ မနေနိုင်ဘဲ မြောင်ဟယ်ကြည့်နေရာဘက်သို့ လိုက်ကြည့်မိသွားသည်။


လတ်လတ်ဆတ်ဆတ်စိုက်ပျိုးထားသော မြေကြီးပေါ်တွင် သစ်စေ့လေးမှအညှောင့်ထွက်လာပြီးနောက် ခဏအကြာတွင် မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသည်။


ထို့နောက် နူးညံ့သောအရွက်လေးများထွက်လာကာ အရွက်ငယ်လေးများမှာ မှော်အစွမ်းသုံးထားသကဲ့သို့ မျက်စိအောက်တွင် ကြီးထွားပြန့်ကြဲလာခဲ့သည်။


မျက်တောင်တစ်ခတ်အတွင်းမှာပင် တောက်ပြောင်ပြီး ကျန်းမာသန်စွမ်းသောဂေါ်ဖီတစ်ထုပ်မှာ မြေကြီးထဲမှထွက်ပေါ်လာခဲ့လေသည်။


ဤကဲ့သို့ဆန်းကြယ်လှသောကြီးထွားလာပုံကို မြင်လိုက်ရချိန်တွင် ရန်သာ့လန်မှာ အလွန်အံ့ဩသွားရကာ နာကျင်နေသည့်တိုင် ထထိုင်ရန်ကြိုးစားမိလိုက်သည်


 “ ဒါ ဒါက.. မင်း မင်း…”


‌ထိတ်လန့်တကြီးဖြင့် မြောင်ဟယ် ‌ဦးခေါင်းနှင့်လက်များကိုခါယမ်းကာ သူ့ကိုယ်သူအပြစ်မှလွတ်စေရန် ပြောလိုက်သည် “ ကျွန်တော်လုပ်တာမဟုတ်ဘူး…သည်မြေတစ်ပိုင်းကိုက မှော်ဆန်နေတာ…ဘာပဲစိုက်စိုက် အလင်းလိုအရှိန်နဲ့ကိုရင့်မှည့်လာလိမ့်မယ်…တခြားကျွန်တော်စိုက်တဲ့ဟင်းသီးဟင်းရွက်တွေကတော့ ပုံမှန်ပါပဲ…ခင်ဗျားကိုယ်တိုင်ကြည့်ကြည့်လို့ရပါတယ်…”


သူ၏ငြင်းဆိုမှုကိုအဆုံးသတ်လိုက်ပြီးနောက် စကားအဆုံးတွင် မြောင်ဟယ် စွမ်းအင်များလျော့ကျသွားသကဲ့သို့ခံစားလိုက်ရသည်။ အထူးသဖြင့် အမှန်တရားမှာ အမှတ်မထင်ပေါ်ထွက်လာချိန်၌ ရန်သာ့လန်၏ရှေ့တွင် လုပ်ကြံပြောဆိုရခြင်းကိုဖြစ်သည်။ သူ ဦးဆုံးအရွက်တစ်ရွက်ကို နှုတ်ယူပြလိုက်ချိန်တွင် နှုတ်ယူထားသည့်‌နေရာမှအရွက်မှာ ချက်ချင်းဆိုသလို ပြန်ထွက်လာပြီး မနှုတ်ယူမိခဲ့သည့်အတိုင်း ပြန်ဖြစ်သွားသည်။


မြောင်ဟယ် လယ်ကွင်းလေးထဲတွင် ခြေလှမ်းအနည်းငယ်မျှဆက်သွားလိုက်ပြီး သူ၏ပြစ်မှတ်ကိုရှာကာ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လိုက်သည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ထိုဂေါ်ဖီထုပ်မှာ ၎င်း၏အထွပ်အထိပ်ရင့်မှည့်ချိန်သို့ရောက်ရှိခဲ့ပြီး အခြားဂေါ်ဖီထုပ်များနှင့်အတူတူပင်ဖြစ်သည်။ မြောင်ဟယ်အရွက်တစ်ရွက်ကိုခူးယူကာ လက်တွင်ကိုင်ထားလိုက်ပြီး အပြင်ဘက်တွင် တည်ငြိမ်စွာရပ်နေခဲ့သော်လည်း စိတ်ထဲတွင်မူ အော်ဟစ်နေမိသည်။ မိနစ်အတော်ကြာစောင့်ဆိုင်းပြီးနောက် ဂေါ်ဖီပင်မှအရွက်မှာ ယခင်တစ်ခုကဲ့သို့ အသစ်ပြန်ထွက်ခြင်းမရှိခဲ့ချေ။


“ တွေ့လား.. ဒါကသည်အတိုင်းပါပဲ… ခင်ဗျားးး အာ အရမ်းကြီးစိတ်မလှုပ်ရှားသွားနဲ့လေ…အချိန်ယူပါဦး…” ရန်သာ့လန် ထလာရန်ကြိုးစားနေသည်ကိုမြင်လိုက်ရချိန်၌ မြောင်ဟယ်၏စကားမှာ လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားရပြီး အမြန်ပြေးလာ၍ ကူပေးလိုက်သည်။


နာကျင်မှုကြောင့် ဖြစ်နိုင်ပေမည် ရန်သာ့လန်၏အမူအယာမှာ နာကျင်စွာဖြင့် ဖျော့တော့နေပြီး ထိုအစား မခံနိုင်တော့ဘဲ မှီချလိုက်ရသည်။ သို့တိုင်အောင် သူ၏လက်များမှာ မြောင်ဟယ်ကိုမြဲမြံစွာကိုင်ကာ ပြောနေဆဲပင် “ တကယ်ကြီးလား…”


မြောင်ဟယ် မနေနိုင်ဘဲ အပြစ်ရှိသလိုခံစားလိုက်ရပြီး အကြည့်ကိုမြဲမြဲလွှဲလိုက်မိသည် “ သည်ဟာက အကုန်ပါပဲ…”


ဤသည်မှာမြောင်ဟယ်၏အကြံဖြစ်သည်။ သူဤအရေးနှင့်ပတ်သက်၍ ရန်သာ့လန်နှင့်မျှဝေချင်ခဲ့သည်။ မှော်အစွမ်းမှာ သူ့အပေါ်တွင်အလုပ်မဖြစ်လာသေးသရွေ့ မည်သူကမျှအနှီ အသက်ဝင်နေသောမြေမှာ သူနှင့်သက်ဆိုင်မည်ဟု ထင်မိကြမည်နည်း… ဤသည်မှာ အကောင်းမြင်တတ်သောမြောင်ဟယ်၏အတွေးပင်။


ဆန့်ကျင်ဘက်အားဖြင့် ရန်သာ့လန်မှာမူ သူ၏ရင်ဘတ်ထဲတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရကာ မေးလိုက်မိသည် “ ပွင့်ပွင့်လင်းလင်းပြောပါ… မင်းထွက်သွားတော့မှာလား… “


“ ထွက်သွားရမှာလား… ကျွန်တော်ကဘာဖြစ်လို့ထွက်သွားရမှာလဲ..” ဤသည်မှာ မြောင်ဟယ် မျှော်မှန်းထားမိသောအရာမဟုတ်နေပေ။


ရန်သာ့လန် လက်သီးတင်းတင်းဆုပ်ထားမိသောကြောင့် သူ၏လက်ဆစ်များမှာ ပို၍ဖြူလျော်လာရသည် “ ကိုယ်အဲ့သည့်ဘုရားသခင်ရဲ့ကိစ္စတွေကို စိတ်မဝင်စားနေဘူး…ကိုယ်မေးချင်တာ… မင်းထွက်သွားတော့မှာလားဆိုတာကိုပဲ…”


မြောင်ဟယ် အံ့ဩနေရသောကြောင့် ပါးစပ်ပင်ပွင့်ဟနေရသည်။


သူ့ရဲ့လျှို့ဝှက်ချက်ကိုဝောာင် ထုတ်ပြပြီးပြီလေ… အာ … ဘာလို့လဲ…


“ မြောင်ဟယ် မင်းသွားတော့မှာလားဟင်…” ရန်သာ့လန် သူ၏အမူအယာကင်းမဲ့နေသောကောကိုကြည့်ကာ စိုးရိမ်တကြီးဖြစ်လာသည်။


မြောင်ဟယ် မူးဝေနေခြင်းမှ ဖောက်ထွက်ကာ ပင်ကိုယ်သိစိတ်အရ ခေါင်းကိုယမ်း၍ ပြောလိုက်သည် “ မသွားပါဘူး…ကျွန်တော်က ဘယ်ကိုသွားရမှာလဲ…”


“ မသွားဘူးဆိုရင် မင်းနေပေးမှာလား …”


ရန်သာ့လန်၏မေးခွန်းကို ထပ်ကြားလိုက်ရချိန်မှသာ ဤသည်မှာအမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာဖြစ်သည်ကို မြောင်ဟယ် သဘောပေါက်သွားရသည်။


သူ အစဦးပိုင်းကထင်ထားသည်မှာ ရန်သာ့လန် သူ့ကိုဆန်းကြယ်နေသည်ဟု ထင်နေသောကြောင့် ထွက်သွားမည်လားဆိုသည်ကို မေးလာသည်ဟုပင်။ သို့သော်လည်း ရန်သာ့လန်မှာ သူ့ကိုဘုရားသခင်ဟု ထင်နေသည်ကိုမူ မည်သူကများသိနိုင်ပါမည်နည်း။ မြောင်ဟယ် ငိုရမည်လား ရယ်ရမည်လားကိုပင် မသိတော့ပါ။


သို့သော်လည်း တစ်ဖန်ထပ်မံစဉ်းစားလိုက်ချိန်တွင် သူရှေ့မှ စိတ်လှုပ်ရှားနေသူမှာ သူတစ်ဦးတည်းလျှောက်လှမ်း၍မရဟု တွေးနေခဲ့သည်။ မြေကြီး၏ကိစ္စမှာ သူထွက်ခွာသွားမည့်အချိန်၌ အနည်းငယ်မျှသာအရေးကြီးပုံရပြီး ရန်သာ့လန်၏ အဓိကအာရုံစိုက်မှုမှာ သူ့ကိုဘုရားသခင်ဖြစ်သည်ဟု တွေးထင်နေခြင်းပင်။ ထို့နောက် ရန်သာ့လန်၏ရှေးဆန်သောအတွေးအခေါ်များမှာ အနည်းငယ်ချစ်စရာကောင်းသည်ဟု မြောင်ဟယ် ခံစားလိုက်ရသည်။


နှလုံးသားထဲမှ ပူနွေးလာခြင်းနှင့်အတူ မြောင်ဟယ် မနေနိုင်ဘဲ ပြန်ဖြေလိုက်မိသည် “ ကျ ကျွန်တော်က ခင်ဗျားရဲ့ကောလေ…သေချာပေါက် ထွက်မသွားပါဘူး…”


ရန်သာ့လန်၏စူးစမ်းနေသောအကြည့်များမှာ မြောင်ဟယ်ထံတွင် မြဲမြံစွာရှိနေသည် “ ကောင်းတယ်.. မင်းကတိပေးပြီးပြီနော်…”


မြောင်ဟယ် ထပ်ခါတလဲလဲခေါင်းညိတ်လိုက်ပြီး သူ‌၏ရှေ့မှစိတ်ပူနေသောလူကို ကျေနပ်စေရန် လုပ်နေမိသေးသည်။


“ ဒါပေမယ့် ကျွန်တော်က တကယ်ကြီးဘုရားမဟုတ်ဘူးနော်… အဲ့သည့်အတွေးတွေကို လွှတ်ချလိုက်တော့…ဘုရားသာဆိုရင် ဘာလို့ခင်ဗျားရဲ့ဒဏ်ရာတွေကို မကုပေးဘဲနေမှာလဲ… ပြီးတော့ ကျွန်တော် ထိခိုက်မိသွားသေးတာ…ကျွန်တော့်မှာ အရေးအကြောင်းတွေပေါ်လာတဲ့အချိန်ကြရင် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ယောက်ဆိုတာကို ခင်ဗျားသိလာလိမ့်မယ်…သည်မြေတစ်ပိုင်းက ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဆိုတာကိုရောပေါ့…သည်အတိုင်း မတော်တဆရှာတွေ့ခဲ့တာပါ… ကြည့်လေ ကျွန်တော်လယ်ကွင်းနဲ့အဝေးကြီးမှာရပ်နေတာတောင် သူက..”


အလျင်စလိုပြောနေချိန်၌ အလင်းတစ်ချက်လက်သွားပြီး သူတို့ကိုရန်တန့်သွားစေကာ တစ်နေရာထဲသို့ စိုက်ကြည့်မိလိုက်ကြသည်။ မြောင်ဟယ်၏လက်ဖဝါးပေါ်တွင် မြေတစ်ဆုပ်မှာ ထွက်ပေါ်လာသည်။


ရန်သာ့လန် သူ၏လက်ကိုအနားသို့ဆွဲယူလိုက်ချိန်တွင် အပြစ်ကင်းသောမြေကြီးလုံးလေးမှာ သူ၏ထူထဲသောအောက်ခြေကိုမြင်နိုင်သည်အထိ ကြီးမားလာသည်။


မြောင်ဟယ် : “...”


ရန်သာ့လန် : “....”


ရန်သာ့လန်၏အမူအယာ ထပ်မံပြောင်းလဲသွားမည့်အချိန်တွင် မြောင်ဟယ် သူ၏ခေါင်းကိုအမြန်ဖက်ကာ ပြောလိုက်သည် “ ခင်ဗျားသာမောင်းမထုတ်ဘူးဆိုရင် ကျွန်တော်ထွက်မသွားပါဘူး…’’


အတွေးများရှုပ်ထွေးနေသည့်တိုင် ရန်သာ့လန် နာကျင်မှုကိုဘေးဖယ်၍ သူ၏ကောလေးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်လေသည်။


မူလကိုယ်၏အခြေအနေများနှင့် အဆက်အစပ်မိရန်အတွက် မြောင်ဟယ် အနည်းငယ်မျှအလိမ်အညာဖြင့်ဖုံးဖိလိုက်သည်။ သူလိမ်ခဲ့သည်မှာ ဤထူးခြားဆန်းကြယ်သောပိုင်ဆိုင်မှုသည် ယခင်ကမရှိခဲ့ဘဲ ပြင်းထန်သောဝေဒနာကိုခံစားရပြီးနောက်မှသာ ရလာသည်ဟုပင်။ ထိုအချိန်မှစ၍ သူ၏မြောင်ယွမ်အပေါ်အထင်ကြီးနေမှုများသည်လည်း အချိန်နှင့်အမျှ တဖြည်းဖြည်းလျော့ကျလာရပြီး ဘုရားသခင်မှ သူ့အားစောစီးစွာလက်မခံခဲ့ဘဲ ထိုမှော်အစွမ်းပေးကာ ဘဝကိုအခြားသောအမြင်တစ်ဖက်မှ နေထိုင်စေလိုက်သည်ဟု မြောင်ဟယ်ရှင်းပြလိုက်သည်။ ဤသည်မှာ ယခုအချိန်၌ ဘဝကိုကောင်းကောင်းနေတော့မည်ဟု ရန်သာ့လန်အား သူပြောနေခြင်းမဟုတ်ပါ၏လော…


အထစ်ထစ်အငေါ့ငေါ့ဖြင့် ဝန်ခံပြီးနောက် ရန်သာ့လန်ထံမှ ငြင်းဆိုမှုတစ်စုံတစ်ရာမရှိသည်ကို မြင်လိုက်ရမှသာ မြောင်ဟယ်သက်ပြင်းချနိုင်ခဲ့သည်။


“ ကိစ္စကတော့ ဒါပါပဲ…” မြောင်ဟယ် သူ၏ရှေ့မှလူ၏မျက်နှာကို အပြစ်ရှိနေပုံရသောမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။


ရန်သာ့လန်မှာမူ လက်နှစ်ဖက်နှင့် မြောင်ဟယ်၏ခါးကိုဖက်ကာ ငြိမ်သက်စွာရှိနေသေးပြီး တုံ့ပြန်သည့်အနေဖြင့် အသံတစ်ချက်ပြုလိုက်သည်။


သူ၏စိတ်များပြန်လည်တည်ငြိမ်သွားသည်နှင့် မြောင်ဟယ် အမှတ်ရသွားသည် “ နေပါဦး သည်လိုနေတော့ မနာနေဘူးလား… မြန်မြန် ကျွန်တော့်ကိုလွှတ်…”


ရန်သာ့လန်၏မျက်နှာမှာ ဖြူဖျော့နေသောကြောင့် မြောင်ဟယ် လန့်လာကာ စကားအနည်းငယ်မျှထပ်ပြောလိုက်မိသည်။


သို့သော်လည်း ရန်သာ့လန်၏စိတ်ထဲတွင် မည်သည့်အရာကိုပင် သယ်ဆောင်ထားပါစေ အသက်ရှိနေသောမြေကြီးမှာ တောက်ပသောလမ်းကို‌ဖြတ်ကျော်လာပြီဖြစ်သည်။


ထိုမျှသာမက မြေကြီးကို ပထမဆုံးအကြိမ်အဖြစ် စုဆောင်းပြီးနောက် ရွေ့လျားနေသောမြေကြီးမှာ မည်သည့်အရာဆိုသည်ကို မြောင်ဟယ်သိရှိသွားရသည်။ ၎င်းမှာ သည်အတိုင်းတူးရသည်မဟုတ်ဘဲ ခေါင်းကိုသုံးကာ စဉ်းစားရခြင်းပင်။ အသက်ရှိသောမြေဆီလွှာကို စံမြေကြီးပေါ်တွင် ပျော်ဝင်စေသည့် သူ၏အမြင်သည်  အလွန်နက်နဲလှသောကြောင့်  ဦးနှောက်မှာ လုံလောက်အောင်မကြီးနိုင်ခဲ့သည့်အတွက် မြောင်ဟယ် အားနာမိသွားသည်။ ယခင်ဘဝတွင်ရှိစဉ်အခါက သူ၎င်းကိုမစမ်းကြည့်ခဲ့မိပေ။ အကယ်၍စမ်းကြည့်မည်ဆိုလျှင်ပင် ရလဒ်မှာကျရှုံးခြင်းသာဖြစ်နေပေလိမ့်မည်။


စိတ်ထဲရှိခိုင်မာသောအတွေးများနှင့် မြောင်ဟယ် အသက်ရှိသောမြေကို မူလနေရာတွင်ပြန်ထားလိုက်သည်။ အဆုံး၌ အနာဂတ်တွင် သူနေရာရွေ့ချင်သည်ဆိုလျှင်ပင် မူလနေရာမှာ အကောင်းဆုံးအကာအကွယ်ဖြစ်သည်။ ထို့နောက် သူ ရန်သာ့လန်ကို မြေကြီးအသုံးပြုပုံနှင့်ပတ်သက်၍ စကားအနည်းငယ်မျှထပ်ပြောလိုက်ပြီး ဒုတိယမြောက်နမူနာအနေဖြင့် ဤတစ်ကြိမ်တွင် ခရမ်းချဉ်သီးများကိုအသုံးပြုလိုက်သည်။


ဗီတာမင်ရရှိမှု တိုးတက်လာရန်အတွက် သူအမြဲလို ရန်သာ့လန်အရည်ရွှမ်းသောအသီးအနှံများ စားသုံးခြင်းကို နှစ်သက်လာစေရန် မြောင်ဟယ်ဆန္ဒရှိခဲ့သည်။ ထို့အပြင် ခရမ်းချဉ်သီးကြက်ဥမွှေကြော်မှာလည်း ခရမ်းချဉ်သီးနှင့်ကြက်ဥခေါက်ဆွဲ၊ ခရမ်းချဉ်သီးနှင့်ခရမ်းသီးမီးဖုတ်၊ ခရမ်းချဉ်သီးအသားလုံးစတူးတို့ကဲ့သို့ အရသာရှိသောဟင်းတစ်ခွက်ဖြစ်သည်။ သူချက်နိုင်သည့်ဟင်းများအကြောင်းတွေးမိသွားရုံနှင့်ပင် မြောင်ဟယ်၏အစာအိမ်မှာ တဟုန်ထိုးတုန်ခါလာရသည်။


တစ်ရက်တည်းမှာပင် သက်ရှိမြေဆီလွှာ၏မှော်အစွမ်းကို ထပ်မံမြင်တွေ့ရခြင်းကြောင့် ရန်သာ့လန်၏မျက်နှာပေါ်တွင် အံ့ဩမှုများနှင့် မယုံကြည်နိုင်မှုများ ထိန်းမရနိုင်အောင် ပေါ်ထွက်နေသည်။


မြောင်ဟယ်မှ အပြုံးတစ်ပွင့်နှင့်အတူ ပေးလာသည့် အနီရောင်တောက်တောက်အသီးကို ရန်သာ့လန်လှမ်းယူလိုက်သည်။ ယခင်အချိန်များတွင် တစ်ခါမျှမကြုံဖူးသောအသီးနှင့် ဆုံလိုက်ရသည့်အတွက် သာ့လန် အကြည့်စူးစူးဖြင့် ခရမ်းချဉ်သီးကိုစိုက်ကြည့်နေမိသည်။ အသီး၏အရေခွံမှာ ပါးလွှာကာဆူဖြိုးပြီး တစ်ဖက်မှထိကြည့်လိုက်သည်နှင့် ၎င်း၏မူလပုံသဏ္ဍာန်သို့ ပြန်ပြောင်းသွားသည်။ တစ်ချက်မျှကိုက်လိုက်ရုံနှင့်ပင် ချဉ်ချဉ်ချိုချိုအရသာလှိုင်းလုံးကြီးမှာ သူ၏ပါးစပ်ထဲတွင်ပြည့်နှက်သွားကာ ရန်သာ့လန်အဖို့ ထိုမျှအရည်ရွှမ်းသောအသီးမျိုးကို ပထမဆုံးစားဖူးရခြင်းကြောင့် အထူးအဆန်းဖြစ်နေရသည်။ သူတွေးနိုင်သမျှအားလုံးမှာ ထိုအသီးသည် မည်မျှအရသာရှိလှသည်ဟုပင်။


ထိုအချိန်၌ သာ့ပိုင်သည်လည်း မည်သည့်နေရာမှထွက်လာသည်မှန်းမသိ ပေါ်ထွက်လာပြီး သူတို့နှစ်ဦးကိုကြည့်ကာ မြှောင်ဟုအော်လိုက်သည်။


မြေကြီးအတွင်းလှုပ်ရှားမှုရှိနေသရွေ့ ၎င်းမှာ အရွက်နုအချို့ကိုစားရန် အမြဲလိုထွက်လာမည်ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ခရမ်းချဉ်သီးပင်၏အရွက်များမှာ သွေးကြောများထဲတွင် အနည်းငယ်အဆိပ်ရှိသောကြောင့် ခရမ်းချဉ်သီးရွက်များကိုစားရန်အတွက် မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။ ကြောင်ပေါက်လေးထံမှ ဆက်တိုက်အော်မြည်ကာ အစာတောင်းနေသောကြောင့် မြောင်ဟယ် ခရမ်းချဉ်သီးတစ်လုံးကိုခူးကာ သာ့ပိုင်ထံပေးလိုက်ရသည်။ သူ၏ဘေးတွင်ထိုင်နေသူကဲ့သို့ပင် သာ့ပိုင်သည်လည်း အသီးကိုယက်ကြည့်လိုက်ချိန်၌ အမြီးမှာတစ်ချက်တည်းဖြောင့်တန်းသွားခဲ့ရသည်။


မြင်ကွင်းကိုကြည့်ကာ မြောင်ဟယ်၏မျက်လုံးများကော့တက်သွားရသည် “ အရသာရှိတယ်မလား ..”


“ အင်း…” ရန်သာ့လန် ခေါင်းညိတ်ပြလိုက်သည်။


“ အရသာရှိတယ်ဆိုတော့ နည်းနည်းထပ်စားဦးလေ… ဒါကခင်ဗျားရဲ့ကျန်းမာရေးအတွက်လည်းကောင်းတယ်…တကယ်လို့သာ မကြီးလာသေးတဲ့ဟင်းရွက်စိုက်ခင်းကြောင့်သာမဟုတ်ရင် ကျွန်တော်တော့ သက်ရှိမြေကြီးနဲ့တခြားမြေကြီးတို့ ဘာကွာလဲဆိုတာ ရှင်းပြ‌ဖို့လမ်းပျောက်နေတော့မှာပဲ… ကျွန်တော်တို့ ဒါတွေကို ဒုတိယအဒေါ်နဲ့ကျန်တဲ့သူတွေစီ နည်းနည်းလောက်ပို့ပေးလိုက်ရင်ကော ဘယ်လိုလဲ…သည်အတွက် ခင်ဗျားပြန်ယူလာတဲ့အစေ့တွေကိုစိုက်ကြတာပေါ့… အခုချိန်ကစပြီး ကျွန်တော်တို့မိသားစုစားဖို့အတွက်ဆိုရင် အထူးမြေကြီးစီမှာပဲစိုက်ကြမယ်…နောက်မှပဲ ပုံမှန်လယ်ထဲကဟင်းသီးဟင်းရွက်တွေနဲ့ အတူရောင်းချင်လည်းရောင်းမှပေါ့…”


ဖုံးကွယ်ထားရသော ဝန်ထုပ်ဝန်ပိုးမရှိတော့ခြင်းကြောင့် မြောင်ဟယ် သူ၏အစီအစဉ်ကို ဂုဏ်ယူစွာရှင်းပြလိုက်သည်။


“ ခင်ဗျားအရင်ကစားခဲ့တဲ့ဂေါ်ဖီနဲ့မုန်ညှင်းစေ့တွေက အရသာရှိနေကြတယ်ဆိုတာ သည်အထူးမြေပေါ်မှာစိုက်ထားလို့လေ….မှော်မြေကြီးက သီးနှံတွေကိုမြန်မြန်ရင့်မှည့်စေပြီး အရသာပိုကောင်းစေတယ်ဆိုပေမယ့် သည်ကရတဲ့ဟာတွေကို အများကြီးရောင်းလိုက်မိတဲ့အခါကြ တစ်ယောက်ယောက်က သတိပြုမိသွားရင် ကျွန်တော်တို့ရှင်းပြနိုင်ဖို့ခက်သွားလိမ့်မယ်…ဒါကြောင့် ဟင်းသီးဟင်းရွက်တွေရောင်းချင်ရင် ပုံမှန်လယ်ထဲကရတဲ့ဟာကိုပဲ ရောင်းရလိမ့်မယ်…”


“ ဒါပေမယ့် သာမန်လယ်ကွင်းထဲမှာစိုက်မဲ့အစေ့တွေကိုလည်း သည်အတိုင်းထင်သလိုလျောက်စိုက်မှာမဟုတ်ပါဘူး…မှော်မြေကြီးစီကရတဲ့အစေ့တွေကိုပဲ သာမန်လယ်မှာပြန်စိုက်မှာဆိုတော့ အရည်အသွေးက ပုံမှန်ပစ္စည်းတွေထက်တော့ သာမှာပဲလေ…အခုဆိုရင် လယ်ထဲမှာအစေ့အသစ်တွေကိုစိုက်ထားပြီးပြီ.. နောက် ကျ ကျွန်တော် မြေဩဇာအနေနဲ့လည်း မှော်မြေကြီးမှာစိုက်ထားတဲ့အပင်တွေရဲ့အရွက်ကို ကြဲချ‌ထားသေးတယ်…ရက်နည်းနည်းလောက်ကြာပြီးရင် သည်လယ်ကွင်းကရိတ်သိမ်းဖို့အသင့်ဖြစ်သွားလောက်ပြီ… အဲ့သည့်အချိန်ကြ ခင်ဗျားမြည်းစမ်းကြည့်လိုက်ရင် တခြားလယ်ကဟာတွေနဲ့ ကွဲနေတယ်ဆိုတာ သေချာပေါက်သိလာရလိမ့်မယ်…”


“ ပြီးတော့ ကျွန်တော်တို့ အခုလေးတင်ပဲ တောင်တစ်တောင်ကိုအပိုင်စားရလိုက်တယ်မဟုတ်လား…နောက်ကြရင် အဲ့သည့်အပေါ်မှာ သီးပင်စားပင်တွေစိုက်ရအောင်…အသီးတွေရိတ်သိမ်းတဲ့အချိန်ကြတော့ ဆော့စ်တို့ ဝိုင်တို့နဲ့ အသီးခြောက်တွေရမှာ‌ဆိုတော့ ကျွန်တော်တို့ဘဝတွေပိုပြီးကောင်းလာတော့မှာ…”


“ ပန်းပင်တွေလည်းစိုက်ဦးမှပဲ… မက်မွန်ပင်နဲ့ဇီးပင်တို့ဆို လေဒဏ်ကိုလည်းကြံကြံခံနိုင်တယ်လေ…တောင်တစ်ခုလုံး ပန်းပွင့်တွေနဲ့အပင်တွေပြည့်သွားတဲ့အခါကြ သေချာပေါက်အရမ်းကိုလှနေမှာပဲနော်…သည်လိုဆိုရင် ကျွန်တော်တို့တောင်ခြေမှာ အပြာရောင်အုတ်မိုးတွေနဲ့ အိမ်အကြီးကြီးဆောက်ကြရအောင်… အဲ့သည့်အခါကြ ဘယ်သူပြောနိုင်မှာလဲ မြို့တော်ကလူတွေက ကျွန်တော်တို့ထက်ပိုပြီးဇိမ်ကျကျနေနိုင်မယ်လို့…”


တောက်ပနေသောမျက်လုံးများဖြင့် အရည်ရွှမ်းသောအသီးများကိုကောက်ယူနေစဉ်အတွင်း တတွတ်တွတ်ပြောနေသည့် သူ၏ကောငယ်လေးကို ရန်သာ့လန်ကြည့်နေမိသည်။


အဒေါ်ချင်း၏ ဆန္ဒရှိစွာဟူသောစကားလုံးအပေါ် အနည်းငယ်မျှနားလည်လာမိခြင်းနှင့်အတူ ဤကဲ့သို့ကောင်းမွန်သောအချိန်မျိုးမှာ ကံကြမ္မာမှပြောထားသည့်အတိုင်း ကြာရှည်မခံနိုင်လောက်ပါဟုလည်း သူတွေးနေမိသည်။


“ လာပါ ထပ်စားပါဦး…” ကောငယ်လေးမှ အသီးများကို လှမ်းပေးလာသည် “ စားပြီးရင် ကျွန်တော်ဒါကိုတန့်ရှန်းနဲ့လဲတော့မှာ…သမားတော်ကို မေးခဲ့ပြီးပြီ… တန့်ရှန်းလက်ဖက်ရည်သောက်ပေးရင် ဒဏ်ရာသက်သာဖို့အတွက် အထောက်အကူပေးနိုင်တယ်တဲ့…”


ရန်သာ့လန် အနီရောင်ရှိပြီးရင့်မှည့်နေသောအသီးကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။


အတွင်းထဲက ချိုချိုချဉ်ချဉ်အရသာက ငါ့ရဲ့နှလုံးသားထဲကို စီးဆင်းသွားစေတာပဲ…


ခဏအကြာတွင် မြောင်ဟယ် လက်ဆောင်ပစ္စည်းအချို့ကိုရွေးထုတ်ကာ အဒေါ်ရန်နှင့်ရှီရူချင်းတို့၏အိမ်သို့ သွားပေးခဲ့သည်။ ဆန်နှင့်ဂျုံဖြူတို့မှာ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်ပြီး ရှားပါးကုန်အဖြစ်သတ်မှတ်ထားသောအရာများဖြစ်ကြသည်။ မြောင်ဟယ် ရှားပါးအသီးအနှံများဖြစ်သည့် လိုင်ချီးနှင့်မင်းဂွတ်သီးတို့ကိုလည်း လက်တစ်ဆုပ်ခန့်ထုတ်ယူခဲ့ကာ လက်ဆောင်ထုပ်ထဲတွင် ခရမ်းချဉ်သီးအနည်းငယ်ပါရောထည့်ပေးလိုက်မည်ဟု မြောင်ဟယ်အကြံပေါ်သွားခဲ့သည်။


မူလကိုယ်၏မိသားစုအတွက်မှာမူ မြောင်ဟယ် ပထမဆုံးဆင်တူနှစ်ထုပ်ပြင်လိုက်ပြီး တစ်ထုပ်မှာရွာလူကြီး၏အိမ်အတွက်ဖြစ်သည်။ နှစ်ခုစလုံးတွင် သစ်သီးခြောက်များကို ထည့်ထားပေးခဲ့ပြီး ကျန်ပစ္စည်းများမှာမူ နေ့စဉ်သုံးအရာဝတ္ထုများသာဖြစ်သည်။ ဦးဆုံးအနေဖြင့် တခြားသူများပါးစပ်ဆော့ခြင်းကို ကာကွယ်ရန်ဖြစ်ကာ နောက်တစ်ချက်မှာမူ သက်ကြီးရွယ်အိုများအား သိတတ်မှုပြသခြင်းဖြစ်သည်။


သာမန်အချိန်များတွင် ရန်သာ့လန်နှင့်ဆက်ဆံရေးကောင်းမွန်သူများမှာလည်း ယနေ့တွင် တစ်ဦးပြီးတစ်ဦးလာရောက်လည်ပတ်ခဲ့ကြသည်။ ရန်သာ့လန်နှင့်အတူ အမဲလိုက်ထွက်လေ့ရှိကြသော ဦးလေးလင်းနှင့်မြောင်ပင်း၊ သူ၏ညီငယ်မြောင်ကောင်းနှင့် ရန်သာ့တုန်ကို လက်သမား‌ပညာသင်ကြားပေးခဲ့သောဆရာလု၏မိသားစုတို့ လာရောက်ခဲ့ကြသည်။ ထို့အပြင် မြောင်ချမ်းနှင့်မကြာခဏအတူလိုက်လာလေ့ရှိသော မြောင့်သာ့ဟူလည်း ရန်သာ့လန်ထံသို့ လာရောက်လည်ပတ်ခဲ့သည်။ ဧည့်

သည်များလာရောက်ချိန်တွင် မြောင်ဟယ်မှ ဆက်ဆံရေးကောင်းကိုထိန်းသိမ်းထားနိုင်ရန်အတွက် အိမ်အပြန်တွင်ဇီးသီးခြောက်ကိတ်အချို့ကို ထည့်ပေးလိုက်သေးသည်။