Chapter 20
Viewers 6k

🧝Chapter 20



နောက်တစ်နေ့မနက်စောစောတွင် မြောင်ဟယ် ရန်သာ့လန်ထက်စောစီးစွာနိုးလာခဲ့ပြီး ကြက်သွန်မိတ်စိမ်းများပါသောကြက်ဥဆန်ပြုတ်နှင့် ဝက်နံရိုးအရိုးပိုင်းများကို သူတို့နှစ်ဦးအတွက် ဟင်းအဖြစ်ချက်လိုက်သည်။ ကြက်သွန်မိတ်စိမ်းမှာ ခန္ဓာကိုယ်အတွက် ချွေးများများထွက်စေရန် လှုံ့ဆော်ပေးနိုင်ခြင်း၊ ချွဲသလိပ်များကိုဖယ်ရှာပေးခြင်း၊ အဖျားကျစေခြင်းနှင့် ပိုးသတ်ဆေးအဖြစ်သုံးနိုင်ခြင်းတို့ကြောင့် နာမကျန်းဖြစ်နေသူအတွက် များစွာအထောက်အပံ့ပေးနိုင်သည်။ ထိုမျှသာမက ကြက်သွန်မိတ်များမှာ အစာကျေလွယ်သည်ဟုလည်း ပြောလေ့ရှိကြသည်။ မီးဖို‌ချောင်ထဲတွင် ဒုတိယအဒေါ်ရန် နောက်ဖက်ခြံဝန်းမှကောက်ပေးထားသည့် လတ်ဆတ်သောကြက်ဥများကို ခြင်းတောင်းတစ်ခုထဲတွင် သပ်ရပ်စွာစီထည့်ထားသည်။ ဆန်ပြုတ်တွင်ပါဝင်သောပစ္စည်းများမှာ ရှုပ်ထွေးပွေလီနေခြင်းမရှိချေ။


မြောင်ဟယ် အဒေါ်ရန် ယမန်နေ့မှပေးထားသောနံရိုးများကို ဦးဆုံးတည်ထားလိုက်သည်။ ထိုအချိန်အတွင်း အသက်ဝင်နေသောမြေကြီးစီသို့ ကြက်သွန်မိတ်သွားစိုက်ထားလိုက်ပြီး အိမ်ရှိလက်ကျန်ဆန်ကိုဆေးကာ ပြုတ်ရည်ထဲသို့တိုက်ရိုက်ထည့်လိုက်သည်။ ၎င်းတို့ပြီးသွားချိန်တွင် ကြက်သွန်မိတ်များကိုသွားနှုတ်ပြီး အဝိုင်းကွင်းလေးများအဖြစ်လှီးဖြတ်လိုက်သည်။ စဉ့်နှီတုံးပေါ်မှဓားဖြတ်သွားသည်နှင့် လှီးထားသောကြက်သွန်နီမိတ်အကွင်းလေးများမှာ ဆန်ပြုတ်အိုးထဲသို့ ကျဆင်းသွားပြီး ၎င်း၏နောက်မှကြက်ဥလေးလုံးကိုထည့်ကာ ဆူသည်အထိတည်ထားလိုက်သည်။ ခဏအကြာတွင် ကြက်သွန်မိတ်၊နံရိုးအပိုင်းများနှင့်ကြက်ဥဆန်ပြုတ်ကို ရရှိသွားပြီဖြစ်သည်။


ရန်သာ့လန် အခက်အခဲမရှိစားနိုင်ရန်အတွက် မြောင်ဟယ်ကြက်သွန်မိတ်များကို အထူးတလည်သေးငယ်စွာလှီးဖြတ်ပေးထားခဲ့သည်။ အသက်ရှိသောမြေပေါ်တွင်စိုက်ပျိူးထားသည့်အစာအစာများမှာ ရန်သာ့လန်အတွက် ဒဏ်ရာများကို ပို၍မြန်မြန်သက်သာစေနိုင်ပြီး မြောင်ဟယ် အစီအစဉ်မရှိဘဲ ဆန်ပြုတ်ထချက်လိုက်မိသည့်တိုင် ၎င်းမှာရနံ့မွှေးပျံ့နေသေးသည်။ သူ ရန်သာ့လန်၏စားနေပုံကို ကြည်နူးစွာကြည့်နေမိပြီး မသိလိုက်မသိဘာသာဖြင့် အတုခိုးကာလိုက်လုပ်မိလေသည်။ စေတနာအပြည့်နှင့်ဆန်ပြုတ်တစ်ခွက်မှာ ယမန်နေ့မှ ပင်ပန်းနွမ်းနယ်နေသည့် စိတ်ဝိညာဉ်များကို နွေးထွေးသွားစေခဲ့သည်။


စားပြီးချိန်တွင် သူ လျန်မိသားစုမှပေးလာသည့်လက်ဆောင်ပစ္စည်းများကို ခွဲထုတ်လိုက်သည်။


လျန်မိသားစု၏ရထားတွဲများမှာ မြို့မှလာရောက်ခဲ့ပြီး များစွာသောလူများ အထူးသဖြင့်ရွာသားများမှာ ၎င်းတို့၏ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ခဲ့ကြရသည်။ အကယ်၍သာ ထိုပစ္စည်းများမှာ ရန်သာ့လန်၏ပြင်းထန်သောဒဏ်ရာအတွက် လျော်ကြေးအဖြစ်ရထားခြင်းဖြစ်ကြောင်း လူတိုင်းသိနေပါလျှင် ရွာ၏ဓလေ့ထုံးစံအရ သူတို့မှ ပစ္စည်းတချို့တလေကို ကုသိုလ်ကောင်းမှုလုပ်ခြင်းအဖြစ် ဆွေမျိုးများနှင့်အသိအကျွမ်းများကို ခွဲဝေပေးရမည်ဖြစ်သည်။ ဒုတိယအဒေါ်ရန်နှင့် ရှီရူချင်းတို့မှာ မြို့ထိတိုင်အလည်လာပြီး သူတို့ကိုလူနာသတင်းလာမေးခဲ့သည်ဖြစ်လေရာ သာ့လန်နှင့်ရင်းနှီးကျွမ်းဝင်မှုကြောင့် သဘောတရားအရ သူတို့မှလက်ဆောင်နှစ်ခုသုံးခုပေးရမည်ဖြစ်သည်။


ရန်သာ့လန်ကို အိပ်ခန်းထဲတွင် အနားယူရန်ထားပေးခဲ့ပြီး မြောင်ဟယ် လက်ဆောင်သေတ္တာများကို တစ်ခုခြင်းစီဖွင့်လိုက်သည်။


မြောင်ဟယ် အရာအားလုံးကို စစ်‌ဆေးကြည့်လိုက်ချိန်တွင် အကယ်၍သာ လမ်းခရီးတွင်ကောင်းမွန်စွာထုပ်ပိုးထားခြင်းမရှိခဲ့ပါက ပျက်စီးသွားနိုင်သော လတ်လတ်ဆတ်ဆတ်သစ်သီးအချို့ကိုတွေ့လိုက်ရသည်။ ၎င်းတို့ထဲမှ ခြင်းတစ်ခုထဲတွင်မူ ပုံမှန်တွေ့ရလေ့မရှိသောအသီးများဖြစ်သည့် လိုက်ချီးသီး၊ မင်းဂွတ်သီးနှင့် တောင်ပိုင်းမှလာသော ပင်မှည့်သီးတို့ပါဝင်နေသည်။ သူမြင်တွေ့ခဲ့‌ရသောရတနာပစ္စည်းအနည်းငယ်မှလွဲ၍ မြောင်ဟယ်အား စိတ်အလှုပ်ရှားစေနိုင်သည့်အရာမှာ ပြန်လည်စိုက်ပျိုးနိုင်သောအစေ့များရှိသည့် သစ်သီးများပင်ဖြစ်သည်။ ၎င်းတို့အား သူတို့အနာဂတ်တွင် ကြိုက်သလောက် ထပ်မံစိုက်ပျိုးစားသောက်နိုင်လိမ့်မည်ပင်။


အခြောက်အခြမ်းများအနေဖြင့် ဆေးဖက်ဝင်ဖြည့်စွက်စာများဖြစ်သော နာနတ်ပွင့်တစ်ဘူး၊ ငါးခြောက်တစ်ဘူး၊ ရေညှိ၊ပုစွန်ခြောက်နှင့်အခြားရှားပါးပင်လယ်စာခြောက်များပါဝင်သည်။ သစ်သီးခြောက်ကိတ်မုန့်များ၊ သစ်ကြားသီးကိတ်နှင့် ဆီးသီးခြောက်ကိတ်များကိုလည်း ရက်ရက်ရောရောပေးခဲ့ပြီး လက်ရှိခေတ်တွင် ကုန်ပစ္စည်းထုပ်လုပ်မှုလောကမှာ မြေစမ်းခရမ်းပျိုးရုံမျှရှိသေးသောကြောင့် ထိုပစ္စည်းများကို အဆင့်မြင့်စားသောက်ကုန်များဟုမှတ်ယူနိုင်သည်။


မြောင်ဟယ်၏နှလုံးသားကို အထိမိသွားစေဆုံးသောအရာများမှာမူ ဆန်တစ်အိတ်၊ ဂျုံဖြူတစ်ထုပ်နှင့် နှမ်းကြတ်ဆီတစ်ပုံးတို့ဖြစ်ကြသည်။ သူတို့ထိုနေ့တွင်မြို့သို့သွားစဉ်အခါက ၎င်းတို့ကိုဝယ်ယူခဲ့သော်လည်း ဖိတ်ကျသွားခြင်းနှင့်သာ အဆုံးသတ်ခဲ့ရသည်။ သာမန်လူများအနေဖြင့် ဤအပိုင်းမှာ လက်တွေ့အကျဆုံးနှင့်တွေးခေါ်မှုအရှိဆုံး လက်ဆောင်ရရှိခြင်းဖြစ်သည်။ အထည်အချို့ကိုမူ နူးညံ့သောစောင်တစ်ထည်နှင့်ထုပ်ပိုးထားပြီး ၎င်းတို့မှာတန်ဖိုးကြီးပစ္စည်းများမဟုတ်ကြသည့်တိုင် အသစ်များဖြစ်သောကြောင့် ကောင်းမွန်နေဆဲပင်ဖြစ်သည်။


မြောင်ဟယ် ပထမဆုံးမြင်လိုက်ရချိန်တွင် သူ၏ထုထည်ကြီးမားသောပုံစံကြောင့် ထူးဆန်းပုံရသည့်ပစ္စည်းတစ်ခုလည်းရှိနေသေးသည်။ အတွင်းရှိ သစ်သားသေတ္တာလေးကိုယူကာ လက်ထဲတွင်ချိန်ဆကြည့်လိုက်သည်နှင့် သူ၏နှလုံးသားထဲမှသံသယများမှာ တဟုန်ထိုးမြင့်တက်လာခြင်းနှင့်အတူ သစ်သားသေတ္တာမှာလည်း လိုက်ပါလေးလံလာသည်။ မြောင်ဟယ်၏မျက်နှာမှာ အေးစက်တောင့်တင်းသွားပြီး ထရပ်ကာ အိပ်ခန်းအတွင်းရှိနေသောရန်သာ့လန်ကိုပြရန် ယူသွားလိုက်သည်။


“ သည်ဟာကိုကြည့်ပါဦး…” မြောင်ဟယ် သံသယဖြစ်ဖွယ်‌သေတ္တာကို ရန်သာ့လန်ထံပေးလိုက်သည် “ လျန်မိသားစုကပို့လာတာ…”


နာကျင်နေရသော်လည်း ရန်သာ့လန်၏မျက်နှာပေါ်တွင် နာကျင်မှုကိုမပေါ်စေဘဲ သေတ္တာကိုယူကာ သူ၏ပေါင်ပေါ်တင်လိုက်သည်။ သစ်သားသေတ္တာလေးထဲတွင်မူ မမျှော်လင့်သောအချိန်တွင် အတွင်းမှပစ္စည်းများထွက်ကျလာခြင်းကို ကာကွယ်ရန်အတွက် သော့တံငယ်လေးရှိနေခဲ့သည်။ သူ ပတ္တာကိုဖွင့်လိုက်ချိန်၌ မရှင်းမလင်းဖြစ်နေရသောပစ္စည်းများမှာ သူတို့၏ရှေ့တွင်ထွက်ပေါ်လာပြီး သေတ္တာအထဲတွင် နူးညံ့ပြီးကတ္တီပါသားဖြင့် ထွင်းထုထားကာ အလင်းမှိန်မှိန်အောက်တွင် ငွေတေးနှစ်ဆယ်ခန့်ရှိမည့်အပိုင်းအစများကို သပ်ရပ်စွာစီရီထားသည်။ လျန်မိသားစု၏ဖူးရန်နှင့်ကုန်းဇီတို့၏အသက်ကိုကယ်တင်ပေးသော အဖိုးအခအနေဖြင့် ၎င်းတို့မှာအနည်းငယ်နည်းပါးသည်ဟုဆိုနိုင်သော်လည်း ‌ငွေပြားများ၏အောက်တွင် မြေပိုင်ဆိုင်မှုစာရွက်သုံးရွက်ရှိနေခဲ့သေးသည်။


စာရွက်ပေါ်ရှိအရာများကိုမြင်လိုက်ရချိန်၌ ရန်သာ့လန်၏မျက်လုံးများမှာ ရှော့ရသွားခဲ့သည်။ သူမည်ကဲ့သို့စာရေးရမည်ကို မသိနေသော်လည်း မကြာခဏသုံးလေ့ရှိသောစာလုံးများကိုမူ သိနေဆဲပင်။


“ မြေကဘယ်နားမှာတဲ့လဲ… အရမ်းတန်ဖိုးကြီးနေတာမျိုးလား…” မြောက်ဟယ် ဤလောကသို့ရောက်သည်မှာ အချိန်တစ်ခုရှိနေသည့်တိုင် အချို့သောမြေအဆင့်အတန်းများကိုမူ မသိနေသေးပေ။


“ တစ်ခုက ရွာအနောက်တောင်ဘက်က တောင်ထွတ်တစ်ခုပဲ… ကျန်တဲ့နှစ်ခုကတော့ မြို့အပြင်ဘက်က လယ်ကွင်းတွေ…”


“ တောင်ထွတ်…ခင်ဗျားပြောတာက တောင်‌တစ်တောင်လုံးလား…” မြောင်ဟယ် စာရွက်များကို မျက်တောင်မခတ်တမ်းကြည့်နေရင်းဖြင့် မျက်လုံးများပြူးကျယ်လာရကာ ထို့နောက် ရန်သာ့လန်၏တည်ငြိမ်နေသောမျက်လုံးများစီသို့ နှေးကွေးစွာရွေ့သွားမိသည်။


“ အသေးလေးတစ်ခုပါပဲလေ…” ရန်သာ့လန် သူ၏နှစ်လိုဖွယ်ကောင်းသောကောငယ်လေးကိုကြည့်ကာ မျက်လုံးထဲတွင် အနည်းငယ်မျှပြုံးသွားရသည်။


မြောင်ဟယ် ရန်သာ့လန်ကိုကြည့်လိုက်မိသည်။ ထိုစကားလုံးများကြောင့် စက္ကန့်အနည်းငယ်ကြာ တုန်လှုပ်နေရပြီးမှသာ သူပြောနိုင်ခဲ့သည် “ လယ်တွေကတော့ ထားပါတော့…အလွယ်တကူနားလည်လို့ရတယ်… ဒါပေမယ့် တောင်တစ်တောင်ကိုလက်ဆောင်ပေးတယ်ဆိုတာက…အမဲလိုက်ဖို့အတွက်များလား…”


ရန်သာ့လန် တိတ်ဆိတ်သွားရသည်။ ထိုအရေးနှင့်ပတ်သတ်၍စဉ်းစားနေချိန်အတွင်း သူ၏ခေါင်းပေါ်တွင် တဝီဝီမြည်လာရကာ သူ၏မျက်လုံးများမှာ ယခုအချိန်၌တည်ငြိမ်သွားပြီဖြစ်သောမြောင်ဟယ်၏မျက်လုံးများနှင့်ဆုံတွေ့သွားပြီး သူ၏ထင်ကြေးများကိုမျှဝေလိုက်သည်။


မြောင်ကျားရွာထဲတွင် မြေကွက်ရောင်းသူအနည်းအကျဉ်းရှိသော်လည်း ထိုမြေကွက်များမှာ သူတို့၏လက်ထဲတွင်ရှိနေပြီးဖြစ်သည်။ လျန်မိသားစုမှ သူတို့ထံလယ်မြေများပေးချင်သော်လည်း လျန်မိသားစု၏ပိုင်ဆိုင်မှုဖြစ်သော မြို့ပြင်တွင်ရှိသည့်မြေများကိုသာ ပေးလိုက်နိုင်သည်။ အဆုံး၌ သူတို့အနေဖြင့် ထိုမြေကွက်များကို ကိုယ်တိုင်ကိုယ်ကျသွားရောက်မစိုက်ပျိုးနိုင်ရုံသာမက အငှားချထားပါလျှင်လည်း မြေကွက်ငှားခသွားယူရမည့်ခရီးမှာ နာရီပေါင်းများစွာကြာမြင့်မည်ဖြစ်သောကြောင့် တစ်နှစ်ကြာပြီးနောက် အခွန်အခများကိုနုတ်ယူပြီးချိန်တွင် ငွေတေးအချို့သာကျန်ခဲ့မည်ဖြစ်သည်။


ဖြစ်နိုင်‌သည်မှာ ဤသို့သောအချက်ကြောင့် ဖာထေးမိစေရန် မြောင်ကျားရွာအနီးရှိတောင်တစ်တောင်ကိုပါ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ တောင်တန်းနှင့်မြေကွက်များမှာ ကွာပြားခြားနားပြီး ပုံမှန်အားဖြင့် ၎င်းတို့၏အခွန်အခများမှာ အလွန်နည်းပါးသည့်တိုင် တောင်များကိုဝယ်ယူရန် မည်သူကမှစိတ်ကူးမရှိကြချေ။ သို့သော်လည်း ငွေပေးလာသူရှိနေသရွေ့တော့ ရောင်းချလိမ့်မည်ပင်။ ထို့အ‌တွက်ကြောင့်ပင် လျန်မိသားစုမှာ ရန်သာ့လန်၏အိမ်နှင့်အနီးဆုံးတောင်တစ်တောင်ကိုဝယ်ယူကာ လက်ဆောင်အဖြစ်ပေးခြင်းဖြစ်ရပေမည်။


“ လူချမ်းသာတွေက နားလည်နိုင်ဖို့အရမ်းခက်တာပဲ..” မြောင်ဟယ် သက်ပြင်းချလိုက်မိသည် “ ကျွန်တော်တို့လက်ခံကြမှာလား… သည်လောက်နေရာတွေအများကြီးကိုလေ…”


“ လက်ခံလိုက်ပါ… လူတွေကမင်းလက်မခံရင် စိတ်ချမ်းသာမှာမဟုတ်ဘူး…”


မြောင်ဟယ် ထိုစကားများကိုကြားလိုက်ရချိန်၌ လက်ခံလိုက်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်သည်ကို သူသဘောတူလိုက်မိသည်။ အကယ်၍သာ ပြန်ပေးလိုက်မိပါက သူတို့အနေဖြင့် လျန်မိသားစုမှ ကျေးဇူးတင်စွာဖြင့်ပေးလာသောလက်ဆောင်များကို အထင်‌မြင်သေးသည့်ဟန် ဖြစ်သွားပေလိမ့်မည်။ သူသည်သာမက သာလန့်ပါ ရွာသားများ၏လှောင်ပြောင်စရာဖြစ်သွားမည်ကို မြောင်ဟယ်စိုးရိမ်နေမိသည်။ မြေရှင်ကြီးများနှင့်နှိုင်းယှဉ်မည်ဆိုလျှင် သူတို့၏အသက်များမှာ အနည်းငယ်မျှသာထိုက်တန်နေခဲ့သည်။ သို့သော်လည်း ဤမျှရက်ရောသောလက်ဆောင်ပစ္စည်းများနှင့်ဆိုပါက လျန်မိသားစုမှ မြောင်ဟယ်တို့အပေါ် ကျောခိုင်းမထားခဲ့ပါဟူသော


သက်သေကိုကိုင်ဆောင်ထားနိုင်မည်ဖြစ်သည်။


“ ဒါဆိုရင်လည်း ခင်ဗျားရဲ့ဒဏ်ရာတွေကိုပဲ အရင်ကုပါဦး… ကျွန်တော်လည်း မြို့ထဲကိုသွားပြီး ပိုင်ရှင်နာမည်သွားပြောင်းရဦးမယ်…” မြောင်ဟယ် သစ်သားသေတ္တာကို သေသေချာချာဘေးသို့ပို့ကာ ပြောလိုက်သည်။


ထိုအချိန်တွင် ရန်သာ့တုန်၏အသံမှာ အိမ်တံခါးဝစီမှ ထွက်ပေါ်လာခဲ့သည်။ ရန်သာ့တုန်မှာ သူ၏ကတိကိုအမှန်တကယ်ပင် စောင့်ထိန်းကာ အတွေးရှိရှိဖြင့် ကုလားထိုင်ကိုအိမ်သို့ယူလာပေးခဲ့သည်။


လေးလံသောထိုင်ခုံဘောင်မှာ မူလအစတွင် ထွင်းရန်၊ထုရန်၊ အချောသပ်ပေးရန်နှင့် အရောင်တင်ရန်လိုအပ်သော ထူထဲသောသစ်သားတုံးကြီးဖြစ်သော်လည်း ရန်သာ့တုန်၏ကျွမ်းကျင်သောလက်များအောက်တွင် ၎င်းလုပ်ငန်းစဉ်များမှာ တစ်ရက်ပင်မကြာလိုက်ချေ။ ထိုသူ၏မျက်လုံးအောက်မှ အမဲကွင်းများကြောင့် သာ့လန်၏ညီငယ်မှာ ယမန်နေ့ညတွင် အလုပ်ကြိုးစားပေးခဲ့ခြင်းဖြစ်နိုင်ပေမည်။ သို့တိုင်အောင် ဝမ်းကွဲဖြစ်သူ၏အိမ်သို့ သစ်သားထိုင်ခုံကြီး ကိုယ်တိုင်ကိုယ်ကျလာပို့ပေးသည်ကို ကြည့်ခြင်းအားဖြင့် သူ၏စိတ်အားထက်သန်မှုမှာ လျော့ကျမသွားခဲ့ပုံရသည်။


ချွေးများဖြင့်ရွှဲနစ်နေသောရန်သာ့တုန်မှ ကုလားထိုင်ကိုမည်သည့်နေရာတွင်ထားရမည်နည်းဟုမေးလာသောကြောင့် အခန်းထဲတွင် ခုံအတွက် နေရာအနည်းငယ်ကျန်သေးသည်ဟု မြောင်ဟယ်တွေးလိုက်မိသည်။ ရန်သာ့လန်မှာမူ သူ့ကောနှင့်ဝမ်းကွဲတို့ကိုကြည့်ကာ အိမ်နောက်ဖေးရှိ မီးဖိုချောင်နေရာတွင်ထားချင်ကြောင်း သူ၏ထင်မြင်ချက်ကို ဖော်ပြလိုက်သည်။


ထိုနေရာတွင်ထားမည်ဆိုပါက မနက်ခင်းတွင်နေရောင်ရမည်ဖြစ်ပြီး နေ့လည်ခင်းတွင်အရိပ်ကျမည်ဖြစ်ကာ နောက်ဖေးခြံဝန်းနှင့် မီးဖိုနှစ်နေရာစလုံးကိုပါ မြင်နိုင်မည်ဖြစ်သည်။ ထိုနေရာများမှာ မြောင်ဟယ် လှုပ်ရှားမှုအများဆုံးနေရာများဖြစ်လေရာ သာ့လန် ၎င်းတို့အားလုံးကိုမြင်နိုင်မည်ဖြစ်သည်။ ခဏအကြာမျှတုန့်ဆိုင်းနေပြီးနောက် မြောင်ဟယ်လည်း ခေါင်းညိတ်ကာသဘောတူလိုက်ရသည်။


ရန်သာ့တုန် ခုံကိုသံရိုက်ပြီးချိန်တွင် ၎င်းမှာ မြောင်ဟယ်တို့ကမ္ဘာမှကျောမှီဆိုဖာခုံနှင့်တူသွားခဲ့ပြီး ထိုင်ခုံ၏နောက်မှီမှာ ရန်သာ့လန် ထိုင်နေနိုင်ရန်အတွက် လုံလောက်အောင်စောင်းနေခဲ့သည်။ သာ့လန်မှာ ထိပ်ပိုင်းတွင် ငြိမ်သက်စွာအနားယူနိုင်မည်ဖြစ်ပြီး ယမန်နေ့ညမှ ကုတင်ပေါ်တွင်မှီနေရသည်ထက် ပိုသက်သောင့်သက်သာရှိနိုင်လိမ့်မည်ပင်။


ဒုတိယအဒေါ်ရန်သည်လည်း ဝါဂွမ်းအနွေးထည်အဟောင်းကို တမင်ဖျက်ကာ ရန်သာ့လန်လှဲနေစဉ် နွေးနွေးထွေးထွေးရှိစေရန်အတွက် ထိုင်ခုံကူရှင်များကို ယမန်နေ့ညတွင် လက်ဖြင့်ချုပ်ပေးထားသည်ဖြစ်လေရာ ဤကဲ့သို့သောဂရုစိုက်ပုံမျိူးဖြင့် ရန်သာ့လန် ထိုအ‌ဒေါ်ကို အလွန်ရိုသေလေးစားခြင်းမှာ အံ့ဩစရာမကောင်းပေ။


အရာအားလုံးအခြေကျသွားသည့်နှင့် ရန်သာ့လန် ဆိုဖာကုလားထိုင်ပေါ်သို့ ထိုင်လိုက်ချိန်တွင် သူ၏မျက်ခုံးနှစ်ခုကြားရှိ တွန့်ချိုးနေမှုမှာ ချက်ချင်းဆိုသလို ပြေလျော့သွားခဲ့သည်။ ၎င်းကိုမြင်လိုက်ရချိန်၌ မြောင်ဟယ် ကြည်နူးသွားရပြီး ရန်သာ့လန်ကိုစလိုက်မိလေသည် “ အခုချိန်ကစပြီး ခင်ဗျားကလောင်ရယ်အဖြစ် ရာထူးတိုးသွားပါပြီနော်…”


သူ၏လက်များဖြင့် ထိုင်ခုံလက်ကိုင်ကိုပွတ်သပ်လိုက်ပြီး ရန်သာ့လန် စိတ်အားထက်သန်စွာပြောလိုက်မိသည် “ အရမ်းသက်သောင့်သက်သာရှိတယ်…”


ရန်သာ့တုန် ခေါင်းကုတ်လိုက်မိပြီး သူ၏လည်ပင်းနောက်တွင် အနီရောင်အစင်းကြောင်းကြီးပေါ်လာကာ တွ့န့်ဆုတ်နေဟန်ဖြင့် ပြုံးလျက်ပြောလိုက်သည် “ ကျွန်တော််‌မနေ့ညကစမ်းထိုင်ကြည့်တာအရမ်းကောင်းတာပဲ…နောက်ကြရင် အိမ်မှာလည်းတစ်လုံးလောက်လုပ်ပြီး သစ်ပင်အောက်မှာထားဦးမှ… သာ့ကောလိုပဲ အေးအေးလူလူထိုင်လို့ရတာပေါ့…”


မြောင်ဟယ် အကြံရသွားကာ ပြောလိုက်မိသည် “ ကုလားထိုင်တွေအတွက် ပုံစံတွေအများကြီးရှိသေးတယ်…သာ့လန်က အခုထိခိုက်မိထားတော့ ထိုင်ဖို့အများကြီးအဆင်မပြေသေးလို့သာ… မင်းထိုင်ခုံရဲ့ခြေထောက်တွေကို သည်လိုပုံစံမျိုးပြောင်းကြည့်လိုက်လို့ရတယ်… အခုံးကို နောက်ကျောဘက်နဲ့သည်လိုဆက်ကြည့်လိုက်ချည်…အဲ့သည့်ပုံအတိုင်းဆိုရင် ကုလားထိုင်က မင်းထိုင်တာနဲ့ပုခက်လိုလွှဲပေးနေလိမ့်မယ်…” မြောင်ဟယ် မြေကြီးပေါ်တွင် လမ်းညွှန်အဖြစ်ပုံဆွဲပြလိုက်သည်။


ရန်သာ့တုန်တွင်လည်း ပရိဘောဂများပြုလုပ်ရာတွင် အမြင်ကောင်းများရှိသောကြောင့် တစ်ချက်တည်းနှင့်ပင် နားလည်သွားခဲ့သည် “ အာ သည်လိုမျိုးလုပ်ရတာလား… သည်လိုထိုင်ခုံမျိုးတော့ မမြင်ဖူးသေးဘူး…ဒါပေမယ့် သူကနောက်ကိုမလန်သွားနိုင်ဘူးလား…”


“ ဒါကတော့ လက်သမားစွမ်းရည်အပေါ်ပဲမူတည်မယ်ထင်တယ်…” မြောင်ဟယ် ‌ရှုပ်ထွေးနေဟန်ဆောင်လိုက်သည် “ ကျွန်တော် တစ်ခါမှတော့မမြင်ဖူးသေးဘူး… ဒါပေမယ့် မင်းဆောက်နိုင်သွားရင်တော့ သည်ဟာက စီးပွားရေးလုပ်ငန်းအသစ်ဖြစ်သွားမှာပဲ…”


မြောင်ဟယ်ထံမှအကြံသစ်အပေါ် စမ်းကြည့်ချင်နေသည့် စိတ်မရှည်မှုများ ရန်သာ့တုန်၏မျက်လုံးထဲတွင် တောက်ပလာသည် “ ဟုတ်တယ်… ကျွန်တော့်ဆရာလည်း သူကျွန်တော့်ကိုသင်ပေးထားပုံအရဆိုရင် သည်လိုကုလားထိုင်မျိုးရှိတာကို သူမသိသေးဘူး…ပြန်ရောက်ရင် စမ်းကြည့်လိုက်ဦးမယ်… ရလဒ်ကောင်းခဲ့ရင်တော့ မရီးဆီလည်းသေချာပေါက်ခုံတစ်လုံးပို့ပေးလိုက်မယ်နော်…”