🧝Chapter 19
ကြီးကျယ်ခမ်းနားသောလှည်းယာဉ်တန်းပြီး ရွာတွင်းသို့ဝင်လာသည်နှင့်တပြိုင်နက် လူတိုင်းမှာလုပ်လက်စများကိုချကာ အံ့အားသင့်နေသောမျက်လုံးများဖြင့် လှည်း၏အနောက်မှလိုက်ပါလာခဲ့ကြသည်။ ခဏအကြာတွင်မူ အထူးလှည်းများပါဝင်သည့်သတင်းမှာ တစ်ရွာလုံးတွင် ပြန်နှံ့သွားခဲ့လေသည်။
“ ဟေးး သူတို့ကဘယ်သူတွေလဲ…သည်လိုအနုစိတ်ထွင်းထုထားတဲ့လှည်းအိမ်တွေနဲ့မြင်းတွေကိုကြည့်ပါဦး…အရမ်းအံ့ဩဖို့ကောင်းတာပဲ… နေပါဦး အနောက်ကလက်ဆောင်တွေထည့်ထားတဲ့လှည်းမဟုတ်လား…ဘယ်အိမ်ကသမီးများကများ ကံကောင်းသွားတာလဲနော် ငါတော့မကြားမိပါလား…”
“ နင်မသိသေးဘူးလား… ရန်မိသားစုရဲ့သာ့လန်က လှည်းတိုက်ခံရတယ်လို့ နင်ပဲပြောတာလေ… သေချာပေါက် အဲ့သည့်ဟာပဲပေါ့…ကြည့်ရတာ သူကယ်မိတဲ့သူတွေက မြို့ထဲကမြေပိုင်ရှင်ကြီးဖြစ်တဲ့ လျန်မိသားစုကလူတွေဖြစ်မယ်…ရန်သာ့လန်က လူတွေကိုကယ်တင်ပြီးတော့ ဒဏ်ရာရခဲ့တာလေ…ဒါကြောင့် ကြီးမြတ်တဲ့လျန်မိသားစုကြီးက သည်ကိုလှည်းတွေနဲ့လိုက်ပို့တာပေါ့…ပြီးတော့ လက်ဆောင်တွေလည်းအများကြီးပါမှာပဲ… ကျစ် ကျစ် ရန်မိသားစုအိုကြီးကတော့ ကံကောင်းတာပဲဟေ့…”
“ ဟုတ်သား သူတို့ကဘယ်လိုလုပ်ပြီး သည်လောက်ကံကောင်းရတာလဲ… လှည်းနဲ့တိုက်ခံရရုံလေးနဲ့ သည်လောက်ပစ္စည်းကောင်းတွေရလိုက်တယ်ပေါ့… ဘာတွေလည်းဆိုတာငါမသိပေမယ့် ကြည့်ရုံနဲ့တင်သေချာပေါက်တန်ဖိုးကြီးပစ္စည်းတွေဖြစ်မှာ…ငါတို့သူတို့ကိုစောင့်ပြီးမေးရင်ကော ဘယ်လိုလဲ… ပစ္စည်းတချို့လဲလို့ရတာပေါ့…အထက်တန်းစားမိသားစုကြီးတွေစီက ပစ္စည်းအချို့က ငွေရှိရင်တောင်ဝယ်လို့မရတဲ့ဟာတွေလေ…”
“ ကျွတ် ကျွတ် မင်းလုပ်ရဲလား… ရန်သာ့လန်ရဲ့မျက်နှာသေကြီးကြောင့် ဘယ်သူမှတော့မလုပ်ရဲသေးဘူးနော်…သွားရဲရင်တော့သွားပေါ့… ငါကတော့သူ့ရဲ့အစွန်အဖျားကိုတောင် မထိချင်ပါဘူး…”
“ ကျစ် သူ့မှာအိမ်ထောင်ဖက်ရှိတယ်မဟုတ်လား… ဟယ်ကောကတော့ တကယ်ကံကောင်းတာပဲ… ယူတာမှမကြာသေးဘူး သည်လောက်ကံကောင်းမှုကြီးနဲ့ကြုံရတာ…မြောင်ယွမ်ကတော့ ဘယ်လိုတွေးမလဲမသိနော်…ကျောင်းတော်ကိုဝင်ခွင့်ရသွားပြီးတော့ဘာများဆက်ဖြစ်သွားပါလိမ့်…ဟေးးး ဒါက မြေပိုင်ရှင်မိသားစုကြီးထက်သာတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်…”
မြောင်ယွမ်ကျောင်းတော်သို့ဝင်ခွင့်ရသွားပြီးနောက် သူ၏မိသားစုမှာ ရွာထဲတွင်သူတို့ကိုယ်သူတို့ အဆင့်အတန်းမြင့်မားသွားပြီဟု ခံစားလိုက်ကြရသည်။ သူတို့၏နှာခေါင်းကိုမြင်နိုင်သည်အထိပင် ခေါင်းကိုမြင့်မြင့်မော့ထားကြကာ တန်ဖိုးမြင့်တက်သွားကြသည်။ သူတို့၏ ယခင်က ချီးမြောက်ခံရသည့် ကျောင်းတော်သား၏ ဂုဏ်သတင်းမှာမူ တဖြည်းဖြည်းနက်မှောင်လာရသည်။ ထို့ကြောင့်ပင် သူတို့မိသား၏အမည်သည် အတင်းအဖျင်းများကြားတွင် ပါဝင်လာရခြင်းမှာ မထူးဆန်းလှပေ။
“ အမှန်ပဲ… ဒါပေမယ့် ဟယ်ကောက ခင်ပွန်းနဲ့အတူသာယာတဲ့နေ့ရက်တွေမရှိနေဘူးလို့ပြောနေတာတော့မဟုတ်ဘူးလေ…မင်းလည်းမြင်တဲ့အတိုင်းပဲ သူနဲ့မြောင်ယွမ်တို့က မြောင်ယွမ်စာမေးပွဲအောင်ပြီး တုန့်ရှန်းတစ်ယောက်မဖြစ်လာခင်အထိ ရင်းနှီးခဲ့ကြတာလေ…သိပ်မကြာလိုက်ဘူး သူကရန်သာ့လန်နဲ့လက်ထပ်လိုက်ပြီး သည်လက်ဆောင်တွေကိုရလာတာလေ…ဟယ်ကောက အရင်ကမလိမ္မာခဲ့ဘူးဆိုရင်ကော အခုလိုရန်သာ့လန်နံဘေးမှာ နာနာခံခံလျှောက်ပါလာတာကိုကြည့်ရရင် သူနောက်ပိုင်းကြ ပျော်ရွှင်စရာနေ့ရက်တွေကိုပိုင်ဆိုင်ရမယ်ဆိုတာ သံသယဝင်စရာတောင်မလိုဘူး…အိုက်ယားး ဒါကကောင်းချီးပေးခံရတဲ့ဘဝတစ်ခုပဲလေ…”
သူတို့၏ဘေးတွင်ရပ်နေသော အဒေါ်ယင်မှာမူ ထိုစကားဝိုင်းကို မကျေမနပ်ဖြင့်နားထောင်ကာ ကြမ်းတမ်းစွာပြောလိုက်သည်
“ ဘာတွေမနာလိုဖြစ်နေတာလဲ… ဒါကလူကယ်မိလို့ဆုပြန်ရတာပဲမဟုတ်ဘူးလား…လက်ဆောင်ဆိုတာသုံးပြီးတာနဲ့ ကုန်သွားမှာပဲလေ…ဂုဏ်သတင်းကျော်ကြားမှုကသာ အကြီးဆုံးဆိုတာကို နင်တို့ကြိုမြင်ရမှာ…နင်တို့ရဲ့မျက်လုံးတွေက လက်ဆောင်ပစ္စည်းကိုသာ မြင်နေရကြသေးရင်တော့ အမြင်ကျဉ်းတယ်လို့ပြောရမှာပဲ… အိုကွယ် ညည်းတို့နောက်ကြရင် သိလာကြလိမ့်မယ်…”
အဆိုပါ နှုတ်သီးကောင်းလျှာပါးသူအဒေါ်ယင်မှာ မြောင်ယွမ့်ဦးလေး၏ဇနီးဖြစ်သည်။ သူတို့မိသားစုအိမ်တွင် ပထမနှင့်ဒုတိယသားတို့ဖြစ်သော သာ့ဖန်နှင့်အာ့ဖန်တို့အကြားရှိဆက်ဆံရေးသည် အလွန်ကောင်းမွန်လှပြီး အဒေါ်ယင်မှာ အမြဲလိုပင်မြောင်ယွမ်၏ဘက်မှလိုက်ပြောပေးတတ်သည်။
“ အမှန်ပဲ ငါတို့ကစာအုပ်တွေမဖတ်ခဲ့ရတော့ အမြင်ကျဉ်းနေတာလေ…အခုတွေးကြည့်လိုက်မှပဲ ဂုဏ်သတင်းကျော်ကြားမှုက အရေးကြီးဆုံးဖြစ်နေတာ… ပြီးတော့ သင်္ချာတွက်တဲ့သူကလည်း ကိုယ့်ရဲ့ကိုယ်ပိုင်သားဖြစ်နေဖို့လိုတာပေါ့…တခြားသူတွေကိုမှီခိုနေရတယ်ဆိုတာက မျက်နှာသာပေးတာကုန်သွားတာနဲ့ ဘာမှကျန်တော့မှာမဟုတ်တော့ဘူးနော်…တကယ်လို့သာ နင်ကဖောက်ပြန်တတ်တဲ့ချစ်သူဟောင်းစီကိုပြန်သွားတတ်တယ်ဆိုရင်တော့ အိုက်ယိုးးး ဒါကပိုတောင်အန္တရာယ်များသေးတယ်…”
မမျှော်လင့်စွာဖြင့် အဒေါ်ယင်၏ပြိုင်ဘက်မှာလည်း ပြောရဲဆိုရဲရှိလှသောကြောင့် သူမကိုချက်ချင်းဆိုသလို ဒေါသထွက်သွားစေခဲ့သည် “ ဘာမဟုတ်တာတွေပြောနေတာလဲ…ငါတို့ရဲ့ယွမ်ဇီက အကျင့်သီလကိုစောင့်ထိန်းတဲ့ ကျောင်းတော်သားကောင်းတစ်ယောက်ပါနော်… နင့်ရဲ့ညစ်ပတ်တဲ့ပါးစပ်ကနေ ပေါက်ကရတွေပြောပြီး တခြားသူကိုနာမည်မဖျက်စမ်းပါနဲ့…”
“ ဒါဆိုရင်လည်း နင့်ကိုဝတ်ကြီးဝတ်ငယ်လာပြုစုတာကိုပဲ စောင့်နေပြီး ထောက်ပံ့ပေးနေတဲ့အိုးကိုကြ ပစ်ချထားလိုက်တာပိုကောင်းမှာပေါ့နော်…ကဲ သွားကြစို့…”
စိတ်လှုပ်ရှားစဖွယ်အရာကို ဘေးမှဝိုင်းကြည့်နေကြသည့် အဒေါ်ကြီးတစ်စုမှာ မပျော်မရွှင်ဖြင့် လူစုခွဲလိုက်ကြရသည်။ အဒေါ်ယင်မှာမူ ထွက်သွားသည်နှင့် အိမ်သို့ဒေါသတကြီးပြန်လာခဲ့သည်။ ခြံဝန်းထဲတွင် အေးအေးသက်သာအချိန်ဖြုန်းနေသော သူမ၏သားအကြီးဖြစ်သူ မြောင်ကွမ်းကိုမြင်လိုက်ရချိန်တွင် အဒေါ်ယင်ချက်ချင်းဆိုသလို လှမ်းပြောလိုက်မိသည် “ နင်ကဘာလို့သည်မှာရှိနေတာလဲ…အလုပ်ရုံမှာ အလုပ်သွားလုပ်မယ်လို့ပြောခဲ့တာမဟုတ်ဘူးလား…”
သူ၏ပျက်ယွင်းသွားရသောငြိမ်းချမ်းမှုနှင့်အတူ မြောင်ကွမ်း ကပျာကယာလက်ယမ်းကာပြောလိုက်ရသည်
“ အားနျန်ရေ ကျွန်တော့်ကိုခဏပေးနားပြီး ရေအေးလေးသောက်ခွင့်ပေးပါဦး…အားနျန်သာ နေ့တိုင်းပဲတွေထိုင်ကြိတ်နေရရင် တို့ဖူးဖြစ်လာဖို့ဘယ်လောက်ပင်ပန်းလဲဆိုတာ သိမှာပဲ ဟုတ်ပြီလား..”
“ နင့်မှာအနည်းဆုံးတော့အလုပ်ရှိနေသေးတယ်လေ… တို့ဖူးလုပ်တယ်ဆိုတာ ပိုက်ဆံများများရတဲ့အလုပ်တစ်ခုပဲ…နင်သေချာလေ့လာထားရမယ်…ဒါမှနောက်ကြရင် ဘယ်လိုလုပ်ရမယ်ဆိုတာသိပြီး သေချာပေါက် အလုပ်ရုံမှာလူကြီးဖြစ်လာမှာ…အဲ့ကြမှ နင့်ရဲ့သည်အမေကလည်း လယ်ထဲဆင်းဖို့ထပ်မပြောတော့မှာပေါ့…”
“ အိုး တကယ်လား…”
“ နင်သာနောက်ကြငွေရှိလာရင် လယ်စိုက်ဖို့လူတွေခေါ်ထားနိုင်ပြီမလား…ဒါကလူချမ်းသာတွေလုပ်ကြတာပဲလေ… ပြီးတော့ ယွမ်ဇီနဲ့လည်းဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ထားချည်…သည်တို့ဖူးကယွမ်ဇီဖတ်ခဲ့ဖူးတဲ့ ရှေးစာအုပ်တွေထဲကရတာလို့ ပြောခဲ့တယ်မဟုတ်ဘူးလား…အဲ့သည့်လူက အနာဂတ်မှာအရာရှိတစ်ယောက်ဖြစ်လာဖို့ ပြင်ဆင်နေတာလေ…နင့်ရဲ့ဝမ်းကွဲနဲ့ဆက်ဆံရေးကောင်းအောင်နေ ဒါပေမယ့် သူ့အောင်မြင်မှုအနောက်ကိုပဲတော့ မလိုက်နဲ့ပေါ့…ငါမြင်ရသလောက် မြောင်လျန်ကလည်း သည်လိုမျိုးအကြံနဲ့လုပ်နေတာပဲ… ဒါကြောင့်ပြောတာ အပြင်လူတွေကိုမရှုံးစေနဲ့လို့…” အစောပိုင်းမှစကားကို ပြန်လည်အမှတ်ရသွားသည့်အတွက် အဒေါ်ယင်နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ ကျစ် မြောင်လျန်အဲ့သည့်ကလေးက ဦးလေးနဲ့အဖိုးဘက်ကလူတစ်ယောက်ပဲလေ…ကျွန်တော့်ထက်ရင်းနှီးတာကို…ယွမ်ဇီကအလုပ်ရုံမှာလူအင်အားလိုတော့ သူ့ကိုခေါ်ထားတာပေါ့…ချွင်းကောနဲ့အတူတူပဲပေါ့… သောက်ကျိုးနည်း သူ့ကိုဘာလို့အလုပ်ရုံကိုကိုင်တွယ်ခိုင်းတယ်ဆိုတာ အားနျန်သိလား….”
“ ဒါက နင့်တတိယအဘိုးရဲ့ဦးလေးအိမ်က ဆွေမျိုးတစ်ယောက်ပဲလေ…အရင်တုန်းက ယွမ်ကျားရွာမှာ နှင်းမုန်တိုင်းအကြီးအကျယ်တိုက်တော့ သူကရှင်ကျန်ခဲ့တာ…နင့်ရဲ့အဘိုးကလည်း သူ့ကိုအရင်တုန်းစောင့်ရှောက်ပေးခဲ့ဖူးတယ်… သူ့ကိုကူညီပြီး စောင့်ကြည့်ပေးခဲ့တာ…”
“ ဒါပေမယ့် အားနျန် တစ်ခုခုတော့လွဲနေပြီ…ယွမ်ဇီက ချွင်းကောနဲ့အရမ်းရင်းနှီးသလိုပဲနော်… ကျွန်တော်အလုပ်ရုံထဲမှာ မြင်ခဲ့ဖူး….”
“ ပေါက်ကရတွေ… ယွမ်ဇီကဘယ်လိုလုပ်ပြီး သည်လိုစည်းကမ်းမလိုက်နာတာမျိုးဖြစ်မှာလဲ…နင့်ရဲ့ပါးစပ်ဖွာတာကို သတိထားစမ်း… ပြီးတော့ တို့ဖူးလုပ်တဲ့နေရာမှာ နောက်ကျကျန်နေတယ်လို့တော့ အားနျန်ကိုမပြောနဲ့နော်… မဟုတ်လို့ကတော့ နင့်အစား နင့်ညီလေးကို အစားဝင်ခိုင်းပြီး နင့်ကိုလယ်ထဲပြန်ဆင်းခိုင်းလိုက်မှာ… “
“ အားနျန်ရယ် အားတိကကျွန်တော့်လောက်ပါးနပ်ပါ့မလားလို့… အိုးး ဘုရားရေ ကျွန်တော်အလုပ်ရုံကိုပြန်သွားရဦးမှာပဲ…”
အဒေါ်ယင်နှင့်မြောင်ကွမ်းတို့အကြားရှိ စကားဝိုင်းအပြီးတွင် မြောင်ဟယ်နှင့်ရန်သာ့လန်တို့သည်လည်း ရက်အတော်ကြာပြီးနောက် အိမ်သို့ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူတို့ခြံဝန်းထဲသို့ဝင်လာပြီး ပစ္စည်းများမချခင် ရန်သာ့လန်နေနိုင်သည့်တစ်ခုတည်းသောနေရာမှာ အိပ်ခန်းတွင်းမှ သစ်သားကုတင်သာရှိသည်ကို မြောက်ဟယ်သိလိုက်ရသည်။
ရန်သာ့လန်၏ဒဏ်ရာရနေသောနံရိုးများမှာ မကြာမဏလှုပ်ရှားရန်မဖြစ်နိုင်သည့်တိုင် အချိန်တိုင်းလဲနေ၍လည်းမရချေ။ အမြဲလိုလဲနေပါက သလိပ်ထွက်နိုင်ခြေပို၍မြင့်မားပြီး သလိပ်ကြောင့်ယောင်ယမ်းမှုကိုဖြစ်ပေါ်စေနိုင်ကာ ချောင်းဆိုးရာမှ တုန်ခါမှုသည်လည်း ဒဏ်ရာအတွက်မကောင်းပေ။ အကောင်းဆုံးနေထိုင်ပုံမှာ အနောက်သို့မီကာ တစ်ဝက်လဲပြီး တစ်ဝက်ထိုင်နေခြင်းဖြစ်သည်။ နောင်လာမည့်နေ့ရက်များတွင်မူ သူ့အနေဖြင့် လဲနေရန်မလိုတော့ဘဲ ထမင်းစားရန်ထထိုင်နိုင်မည်ဖြစ်သည်။
မြောင်ဟယ် ထိုအကြောင်းကို ကြိုတင်မတွေးထားမိခဲ့သည့်အတွက် နောင်တရသွားရသည်။ အဆုံးတွင် ရန်သာ့လန်ကို ကုတင်ပေါ်သို့နေရာချထားပြီးလိုက်ပြီး ကုန်စည်အားလုံးကိုချပြီးသည်နှင့် မြောင်ဟယ် ငွေအမြန်ယူကာ ဒုတိယအဒေါ်ရန်၏အိမ်သို့သွားလိုက်သည်။ ရောက်သည်နှင့် လက်သမားတစ်ဦးဖြစ်သော ရန်သာ့လန်၏ဝမ်းကွဲရန်သ့ာတုန်ထံမှ နောက်မှီပါသည့်ထိုင်ခုံတစ်လုံးကိုမှာယူလိုက်သည်။ ရန်သာ့တုန်သည်လည်း ၎င်းမှာရန်သာ့လန်၏ဒဏ်ရာများကို ပြန်လည်ကုစားရန်အတွက်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားပြီး ညတွင်းချင်းလုပ်ပေးမည်ဟု ရင်ဘတ်ကိုပြတ်သားစွာပုတ်လျက် ကတိပေးလိုက်ကာ ထိုင်ခုံမှာမနက်ဖြန်မနက်တွင် ရရှိလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သူအနေဖြင့် သာ့လန်၏ကောထံမှပိုက်ဆံမယူချင်ခဲ့ပေ။
မြောင်ဟယ်မှာမူ ထိုအကြောင်းနှင့်ပက်သက်၍စကားပြောဆိုရန် အချိန်မရှိနေသောကြောင့် အဒေါ်ရန်သူ့ထံအတင်းထည့်ပေးလာသည့် နံရိုးအပိုင်းများကိုကောက်ကာ အိမ်သို့အမြန်ပြန်လာမိလိုက်သည်။ ထိုအချိန်တွင် လှည်းယာဉ်တန်းမှလူများမှာ စောစီးစွာပြန်သွားကြပြီဖြစ်သည်။ လူစိမ်းများဝင်ထွက်ခြင်းမရှိတော့ချိန်တွင် အိမ်၏အနောက်ဘက်မှ အမွှေးပွပွနှင့်ခေါင်းလေးတစ်လုံးပြူထွက်လာသည်ကို မြောင်ဟယ်မြင်လိုက်ရသည်။ ၎င်းမှာ သူ့ကိုလျင်မြန်စွာသတိပြုမိသွားပြီး မြောင်ဟယ်ထံသို့ အသံကျယ်ကျယ်ဖြင့် တညောင်ညောင်မြည်လျက် ပြေးလာခဲ့သည်။ ကြောင်ကလေးမှာ လာသည့်လမ်းတစ်လျောက်တွင် သူ၏ချစ်ခင်ရသောဟူးမန်းများမှ ပစ်သွားကြပြီဟုပင် တွေးကာငိုမိသွားသေးသည်။
မြောင်ဟယ်သည်လည်း စိတ်မကောင်းဖြစ်သွားရသည်။ ရန်သာ့လန် ဆေးခန်းတွင်ကုသနေစဉ်အခါက ဒုတိယအဒေါ်ထံ ခြံဝန်းထဲတွင်ရေနှင့်အစာများထားပေးရန်နှင့် သီးပင်စားပင်များကို ရေလောင်းပေးရန်အကူအညီတောင်းခံခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ အနှီသနားစဖွယ်သတ္တဝါလေးကို သူတို့တစ်ကောင်တည်းမထားခဲ့သင့်ပေ။ မြောင်ဟယ်ကြောင်လေးကို အမြန်ကောက်ချီကာ သူလေး၏အမွှေးပွလေးများကို ပွတ်သပ်ပေးလိုက်မိသည် “ တောင်းပန်ပါတယ်နော်…ငါမင်းကိုရက်နည်းနည်းလောက်အငတ်ထားမိသွားတယ်…အလေးချိန်ကောကျသွားပြီလားဟင်… စိတ်မပူပါနဲ့ သည်နေ့ညမင်းကိုကောင်းကောင်းချက်ကျွေးပါ့မယ်…”
အနက်ရောင်သားမွှေးလုံးလေးမှာ သဘောတူနေသည့်အတိုင်း မြောင်ဟယ်၏လက်ဖဝါးကို ခေါင်းဖြင့်တိုက်နေခဲ့သည်။ မြောင်ဟယ် ထိုသားမွှေးလုံးလေးကို မြေကြီးပေါ်သို့ပြန်ချလိုက်ချိန်တွင် သူကလေးမှာထွက်မသွားချင်ခဲ့ချေ။ ဤသို့ဖြင့် မြောင်ဟယ် ကြောင်ပေါက်လေးကို အင်္ကျီကြားထဲသို့ထည့်ပေးလိုက်ရသည်။ ကြောင်ပေါက်လေးမှာမူ အင်္ကျီအတွင်းမှခေါင်းပြူထွက်ကာ နေရာအနှံ့လိုက်လံအနံ့ခံနေပြီး နာခံစွာနေနေခဲ့သည်။
၎င်းမှာ မြောင်ဟယ်အခန်းတွင်းသို့ ဝင်မလာအထိပင်…
“ ခင်ဗျားဘာလုပ်နေတာလဲ…”
ရန်သာ့လန်မှာ ကုတင်စွန်းတွင်ထိုင်လျက် အလွန်နှေးကွေးသောအရှိန်ဖြင့် အဝတ်များကိုချွတ်နေခဲ့သည်။ သူ၏အမူအယာမှာ လွန်စွာနာကျင်နေရပုံရကာ ပုတီးစေ့ခန့်ချွေးစက်များသည်ပင် မေးဖျားမှရင်ဘတ်အထိကျဆင်းနေပြီး ရန်သာ့လန် မြောင်ဟယ်ထံသို့ကြည့်ကာ အသက်ရှုပြတ်တိပြတ်တောင်းဖြင့် ပြောလာသည် “ ငါ.. ရေချိုးမလို့.. ညစ်ပတ်နေတယ်…”
သူတို့ဆေးခန်းတွင်ရှိစဉ်အခါက ရန်သာ့လန်မှာ ဆေးရုံကုတင်ပေါ်တွင်လဲနေရပြီး ဝန်ထမ်းထံမှ များစွာမလှုပ်ရှားရန် မှာကြားခံထားရသောကြောင့် ရေချိုးခြင်းအစား အဝတ်စိုဖြင့်သာ သုတ်ခဲ့ရသည်။ ဆေးခန်းတွင် ရက်ပေါင်းများစွာ သက်သောင့်သက်သာ မရှိစွာနေခဲ့ရရုံသာမက အကယ်၍သာ ရာသီဥတုမှာအလွန်ပူပြင်းလာမည်ဆိုပါက ခန္ဓာကိုယ်အနံ့မှာအနည်းငယ်ပြင်းထန်လာမည်စိုးသောကြောင့် ဤကဲ့သို့လွန်စွာနာကျင်နေသော်လည်း အင်္ကျီများကိုလဲလှယ်နေမိခြင်းဖြစ်သည်။
မြောင်ဟယ် အမြန်လျှောက်လာလိုက်ရသည် “ ကျွန်တော်ကူညီပေးမယ်…ရေတည်ဖို့ခဏလေးတော့စောင့်ဦး…”
ပြောပြီးသည်နှင့် သာ့ပိုင်ကိုရန်သာ့လန်၏လက်ထဲသို့ဂရုတစိုက်ထည့်ပေးလိုက်ပြီး အနောက်ဖက်အခန်းစီသို့ပြန်သွားကာ မီးမွှေး၍ရေစတည်လိုက်သည်။
ကန်ထဲမှရေကိုခပ်လိုက်ချိန်၌ ရေကန်ထဲတွင် ရေများစွာမကျန်တော့သည်ကို မြောင်ဟယ်သတိပြုမိသွားပြီး ၎င်းမှာ အများဆုံးအနေဖြင့် နှစ်ရက် သုံးရက်ခန့်သာ အသုံးခံနိုင်တော့မည်။ ဆိုလိုသည်မှာ မနက်ဖြန်မနက်တွင် မြောင်ဟယ် အနီးနားရှိစမ်းချောင်း သို့မဟုတ် ရွာထဲတွင်ရှိသောအများသုံးရေတွင်းမှ ရေသွားခပ်ရပေမည်။ ၎င်းအလုပ်များမှာ ပုံမှန်အားဖြင့် ရန်သာ့လန်သာလုပ်ကိုင်လေ့ရှိသောကြောင့် သူယခုထိသတိမပြုမိရခြင်းပင်ဖြစ်သည်။
မီးဖိုရှေ့တွင် အတွေးများဖြင့် ထိုင်နေမိပြီး မြောင်ဟယ် သူ၏နဖူးမှကျဆင်းလာသောချွေးများကို သုတ်ပစ်လိုက်သည်။ ခဏအကြာတွင်မူ ရေပူတစ်အိုးရရှိသွားပြီဖြစ်ကာ ပဝါတစ်ထည်ကိုပါ သွားယူလိုက်သည်။ အိပ်ခန်းတွင်းသို့ဝင်လာချိန်၌ သူ့အားပထမဦးဆုံးကြိုဆိုနေသည့်အရာမှာ ရန်သာ့လန်၏အဝတ်မပါသောအပေါ်ပိုင်းခန္ဓာကိုယ်ပင်ဖြစ်လေသည်။ ရန်သာ့လန်၏အပေါ်ပိုင်းမှာ အဝတ်များကိုချွတ်ထားပြီးဖြစ်သော်လည်း လုံးလုံးလျားလျားဗလာကျင်းနေခြင်းမျိုးမဟုတ်ပေ။ ဒဏ်ရာကိုမရွေ့စေရန်အတွက် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အထူးသဖြင့်နံရိုးများကို ပတ်တီးများဖြင့် တင်းကြပ်စွာစည်းနှောင်ထားခဲ့ရသည်။
မြောင်ဟယ် ပဝါမှရေများကိုအမြန်ညှစ်ထုတ်လိုက်ပြီး ရန်သာ့လန်၏မျက်နှာနှင့်လည်ပင်းပေါ်သို့ အထူးသတိထားကာ သုတ်ပေးလိုက်သည်။ ဆေးခန်းတွင်ရှိစဉ်ကလည်း ဤသို့အများဆုံးလုပ်ပေးသူမှာ သူဖြစ်နေသောကြောင့် မြောင်ဟယ်ကျွမ်းကျင်လာခဲ့သည်။ ခေါင်းပိုင်းအပြီးတွင် ပခုံးနှင့်လက်မောင်းများကိုလည်း သုတ်ပေးလိုက်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးအား ရေကြက်သီးနွေးဖြင့်ဆွတ်ထားသောပဝါနှင့် သုတ်ပေးလိုက်ပြီးနောက် မြောင်ဟယ် ခဏရပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်မိသည် “ ထရပ်လိုက်ပါ…”
နှလုံးတစ်ချက်ခုန်သွားပြီး ရန်သာ့လန်၏အသံမှာထွက်ပေါ်လာသည် “ မလိုပါဘူး…”
မြောင်ဟယ်၏မျက်နှာမှာမူ အနည်းငယ်ပူလောင်နေကာ ပန်းရောင်အရိပ်များဖြာနေရသည် “ ကျွန်တော်လုပ်နိုင်ပါတယ်…သည်လိုကြီးပဲ အမြဲတမ်းဖြစ်နေလို့မရဘူးလေ… နောက်ကြရင်လည်းလုပ်ရမှာပဲကို…”
ရန်သာ့လန် အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားစွာ တွေးတောနေမိသည်။ အဆုံးမှသာ သူမြောင်ဟယ်ကို ထရပ်ရန်ကူညီခွင့်ပေးလိုက်သည်။ မြောင်ဟယ်မှာမူ ရန်သာ့လန်၏ဘောင်းဘီခါးပတ်ကိုချွတ်ဖို့ရာ လက်ကိုဆန့်ရန်အတွက် သတ္တိများကိုစုစည်းနေရပြီး သူတို့နှစ်ဦးစလုံးမှာ အမျိုးသားများသာဖြစ်ကြောင်း တတွတ်တွတ်ရေရွတ်ရင်းဖြင့် နှလုံးသွင်းနေရသည်။ ယခုအချိန်တွင် ပြုစုစောင့်ရှောက်ပေးရန်လိုအပ်သူမှာ ရန်သာ့လန်ဖြစ်ပြီး သူသည်သာ့လန်၏လူနာစောင့်ဖြစ်နေခဲ့လေပြီ။ သို့သော်လည်း လက်တွေ့မှာစတင်လာသည်နှင့် နဖူးပြင်မှပုတီးစေ့ခန့်ချွေးစက်များနှင့်အတူ မြောင်ဟယ် ခါးပတ်ကိုကိုင်ကာ ရန်သာ့လန်၏ဘောင်းဘီကိုချွတ်ပေးလိုက်ရသည်။
သာ့လန်မှာ အောက်သို့မငုံ့နိုင်သည့်အတွက် မြောင်ဟယ်အနေဖြင့် ထိုင်ချကာသူ၏တာဝန်ကိုလုပ်ဆောင်လိုက်ရသည်။ ထိုအခိုက်အတန့်တွင် အချိန်မှာ မည်သည့်အခါကမှ ဤမျှအထိနှေးကွေးနေခြင်းမျိုးမရှိခဲ့ဖူးချေ။ မြောင်ဟယ် သူ၏မျက်လုံးများကို မည်သည့်နေရာသို့တိတိကျကျထားထားရမည်အား မသိနေခဲ့ဘဲ သူ၏လက်မှကိုင်ထားသော ပဝါအောက်မှ နေလောင်ထားသည့်အသားအရည်သည်လည်း ပူနွေးလာသည့်ပုံပင်။ သူ၏လက်များကို အောက်သို့ဆင်းလာလေလေ ၎င်းတို့မှာ သူ၏မျက်လုံးနည်းတူပင် ခဲဆွဲထားသကဲ့သို့ လေးလံနေသည်ဟု ခံစားလိုက်ရသည်။
အဆုံး၌ သူ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကို ညှင်းပန်းခံနေရမှုများအဆုံးသတ်သွားချိန်တွင် မြောင်ဟယ် ရန်သာ့လန်အား သန့်ရှင်းပြီးပွလျသောအဝတ်များကို လဲလှယ်ပေးလိုက်ပြီး ကုတင်အစွန်းနားသို့တင်ပေးလိုက်သည်။ ရန်သာ့လန်မှာမူ လန်းဆန်းသွားပြီဖြစ်သောကြောင့် ပို၍သက်သောင့်သက်သာရှိလာသည့်ပုံပင်။ မြောင်ဟယ် သက်ပြင်းတစ်ချက်ချလိုက်မိသွားသည်။ ဘေးဘက်သို့လှည့်ကာ ထိုသူကိုဆေးကျိုရန်အတွက် သွားမည့်အချိန်တွင် သူ၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ခံလိုက်ရပြီး ရပ်တန့်သွားရသည်။
စက္ကန့်အနည်းငယ်ကြာ တောင့်ခဲနေရသော မြောင်ဟယ် ခေါင်းကိုပြန်လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် လွန်ခဲ့သောအချိန်က ရှိခဲ့သည့်ပူနွေးမှုမှာ ကျန်ရှိနေဆဲပင် “ ဘာလိုလို့လဲ…”
“ အလုပ်ကြိုးစားပေးခဲ့တာအတွက် ကျေးဇူးပါနော်…”
မည်သို့မှန်းမသိ သူ၏မျက်နှာမှာ ပူ၍ပင်ပူနွေးလာရကာ “ မဟုတ်တာ…” ဟူသောစကားတစ်ခွန်းပြော၍ အမြန်ထွက်ပြေးလိုက်မိသည်။
မြောင်ဟယ် အနောက်ဖက်အခန်းထဲရှိ မီးဖိုစီသို့ကပျာကသီသွားနေချိန်တွင် ရန်သာ့လန်၏မျှော်မှန်းမထားသောအပြုအမူမှာ သူ၏စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ သို့သော်လည်း ၎င်းကိုစဉ်းစားနေရန်အတွက် သူ့တွင်အချိန်မရှိနေပေ။ မြောင်ဟယ် ဆေးကျိုခြင်း၊ ညစာချက်ခြင်း၊ သာ့လန်စားရန်ခွံ့ကျွေးခြင်း၊ ဆေးသောက်ခြင်းနှင့် သူ့အားဆေးကြောခြင်းတို့ကို လုပ်ဆောင်လိုက်ရသည်။ တစ်ညလုံးရှိတာဝန်များပြီးဆုံးသွားချိန်၌ မသိစိတ်မှမျက်လုံးများမဖွင့်လာနိုင်တော့သည်အထိ မြောင်ဟယ်မောဟိုက်သွားခဲ့သည်။အခန်းတွင်းသို့ပြန်လာချိန်၌ ရန်သ့ာလန်အိပ်မောကျနေသည်ကို မြင်လိုက်ရသောကြောင့် သာ့လန်လဲနေသည့်ကုတင်ရှိရာသို့ တိတ်တဆိတ်လျှောက်လာလိုက်ရကာ အတွင်းဘက်ရှိနေရာလွတ်ပေါ်သို့ ဝင်အိပ်လိုက်သည်။ ကံကောင်းစွာဖြင့် သစ်သားကုတင်မှာ သူတို့နှစ်ဦးစလုံးအိပ်နိုင်သည်အထိ ကျယ်ဝန်းသောကြောင့် မြောင်ဟယ် ရန်သာ့လန်၏ဒဏ်ရာကို မတော်တဆထိမိရန် စိုးရိမ်နေစရာမလိုပေ။
ခေါင်းအုံးပေါ်သို့ခေါင်းချလိုက်သည်နှင့် ခဏအကြာတွင် အခန်း၏မှောင်ဖျဖျအလင်းရောင်အောက်တွင် သူ၏လက်ကို ကြီးမားသောလက်ညိုညိုကြီးတစ်ဖက်မှ နူးညံ့စွာဆုပ်ကိုင်လာသည်။
ထိုအချိန်၌ မြောင်ဟယ်မှာ အသံတိုးတိုးဖြင့် ဟောက်နေခဲ့လေပြီ။