Chapter 18
Viewers 6k

🧝Chapter 18



နောက်တစ်နေ့တွင် မြောင်ဟယ်အိပ်ရာထဲတွင်သာ လဲမနေနိုင်ခဲ့ဘဲ ဘေးအခန်းရှိရန်သာ့လန်ကို ပြုစုစောင့်ရှောက်ပေးရန်သွားနေမိသည်။ သို့သော်လည်း သူအခန်းတွင်းသို့ဝင်လိုက်သည်နှင့် ကျီကွမ်းနှင့်အတူ မြောင်ဟယ်မနာခံရခြင်း၏အဓိကလူကြီးမှ သူ့ကိုချက်ချင်းဆိုသလို မောင်းထုတ်လာသည်။ တစ်ရက်ကြာပြီးနောက် မြောင်ဟယ်၏ခေါင်းမှာ အမှန်တကယ်မမူးတော့သည့်အချိန်မှသာ ကျီကွမ်းမှလူနာပြုစုစောင့်ရှောက်ရေး၏တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်ခွင့်ပြုခဲ့သည်။ ယခင်အချိန်များတွင် အပြင်သို့ရောက်နေသောသမားတော်အိုကြီးမှာလည်း ပြန်ရောက်လာပြီး သူ၏ဒဏ်ရာများကိုစစ်ဆေးပေးခဲ့လေသည်။ ထိုသမားတော်ကြီး၏မိသားစုအမည်မှာ ကျီမင်းဝမ်ဖြစ်ပြီး ကျီကွမ်း၏ဦးလေးတော်စပ်သည်။ ကျီမင်းဝမ်မှ ထိုမတော်တဆမှုအကြောင်း သံသဝင်နေခဲ့သော်လည်း ကံကောင်းစွာဖြင့် ၎င်းတို့မှာပိုမိုဆိုးရွားလာခြင်းမရှိခဲ့ပေ။ ဤသို့ဖြင့် မြောင်ဟယ်နှင့်ရန်သ့ာလန်တို့သည်လည်း ဆေးခန်းတွင်သာအနားယူကြရန် စီစဉ်ပေးခြင်းခံလိုက်ကြရသည်။


ထိုအချိန်တွင် လှည်းနှင့်တိုက်မိမှုသတင်းမှာ ရွာသို့ရောက်ရှိသွားပြီဖြစ်သည်။ သည်ဘက်ခေတ်တွင် လူများနှင့်သူတို့၏ဆွေမျိုးတော်စပ်မှုများအပေါ် သက်သေပြနိုင်ရန် အိုင်ဒီကတ်မရှိခြင်းကြောင့် အကယ်၍ ရင်းနှီးသောလူများမှ လာရောက်ခြင်းမရှိခဲ့ပါက မြောင်ဟယ်နှင့်ရန်သာ့လန်တို့သတိပြန်ရလာပြီး သူတို့၏အကြောင်းကို အတည်ပြုရန်ကိုသာ ဆေးခန်းဘက်မှစောင့်ဆိုင်းရပေလိမ့်မည်။ သတင်းများကိုကြားလိုက်ရသည်နှင့် အဒေါ်ရန်၊ မြောင်ချမ်းနှင့်သူ၏မိခင်ဖြစ်သောအဒေါ်ချင်းတို့မှာ ဆေးခန်းသို့အပြေးအလွှားရောက်လာကြသည်။


ရောက်ရောက်လာခြင်းမှာပင် မြောင်ဟယ်မှဆေးတစ်ခွက်ယူလာပြီး ကုတင်ပေါ်တွင်ထိုင်နေသည့်ရန်သာ့လန်ကို ခွံ့ကျွေးနေသည့်မြင်ကွင်းကြောင့် ရှော့ရသွားကြရသည်။ ဒဏ်ရာရသည့်နေရာမှာ နံရိုးများသာဖြစ်သော်လည်း အတွင်းပိုင်းရှိအစိတ်အပိုင်းများကိုပါ သက်ရောက်သွားခြင်းကြောင့် ရန်သာ့လန်အတွက် လက်ကိုမြှောက်နိုင်ရန်ခက်ခဲနေရဆဲဖြစ်ကာ ၎င်းမှာအလွန်ပင်နာကျင်လှသည်။ မြောင်ဟယ် ထိုအကြောင်းကိုသိနေသည့်အတွက် သူခေါင်းမာမာနှင့်ပင် ရန်သာ့လန်ကိုကိုယ်တိုင်ခွံကျွေးရန် ဆန္ဒရှိခဲ့လေသည်။


ပူအိုက်သောရာသီဥတုနှင့်အတူ သူငယ်ချင်းအပေါ်စိတ်ပူနေမိခြင်းကြောင့် ချွေးများရွှဲနေခဲ့ရသည့် မြောင်ချမ်းမှာမူ အဆိုပါချစ်ကြည်နူးနေသောမြင်ကွင်းဖြင့် ကြိုဆိုခံလိုက်ရချိန်တွင် သူ၏မျက်နှာမှာစတင်ပျက်ယွင်းလာရသည်။ အရှေ့သို့အမြန်သွားကာ ရိုင်းပြစွာ မြောင်ဟယ်၏‌လက်ထဲမှဆေးပန်းကန်လုံးကို လုယူလိုက်ပြီး ဆေးများမှောက်သွားခြင်းရှိမရှိကိုပင် ဂရုမစိုက်တော့ဘဲ ‌ထအော်လိုက်သည် “ ဘာတွေများကောင်းပေးချင်ဟန်ဆောင်နေရတာလဲ… သာ့လန်ကမင်းကြောင့်ပဲ ထိခိုက်သွားရတာလေ… နောက်ကြရင် မင်းသူနဲ့ဝေးဝေးမှာနေသင့်တယ်…”


အနောက်မှလိုက်လာသည့် အဒေါ်ချင်းမှာမူ မြောင်ချမ်း၏စကားများကြောင့် လန့်သွားခဲ့ရပြီး တင်းမာစွာပြောလိုက်သည် “ ဘာမဟုတ်တာတွေပြောနေတာလဲ… ချမ်းဇီ အားနျန် သည်ကိုလူနာသတင်းလာမေးဖို့ မင်းကိုခေါ်ခဲ့တာနော် ပြသနာရှာဖို့မဟုတ်ဘူး… အမြန် ဟယ်ကောကိုတောင်းပန်လိုက်ချည်…”


သို့သော်လည်း မြောင်ချမ်းမှာ ခေါင်းမာမာနှင့် မိခင်ဖြစ်သူ၏စကားကိုမနာခံခဲ့ချေ “ အားနျန် ဟယ်ကောက အရင်ကဘာတွေလုပ်ခဲ့ပြီး အဲ့သည့်ကိစ္စကြောင့်ဘယ်လိုအထင်သေးခံရတယ်ဆိုတာ မကြုံခဲ့ရလို့လား…ဘာလို့များ အရင်တစ်ခေါက် သာ့လန်နဲ့စကားပြောပြီးတော့ ကျွန်တော့်စကားကို နား‌မထောင်ရတာလဲ…ကျွန်တော်ပြောမယ် သည်လူက စိတ်ပြောင်းသွားရုံလေးပဲရှိမှာ…”


သက်ကြီးပိုင်းများထဲတွင် အဒေါ်ချင်းနှင့်ရန်သာ့လန်၏လွန်လေပြီးသောမိခင်ဖြစ်သူတို့သာ သူ၏မကောင်းသောကံကြမ္မာအကြောင်းကို အတိအကျသိနေခဲ့ပြီး သူ၏ဆွေမျိုး ‌ဒုတိယ‌အဒေါ်ဖြစ်သူ အဒေါ်ယင်မှာမူ ရန်သာ့လန်၏ကံမကောင်းပုံကို ယောင်ဝါးဝါးမျှသာသိသည်။ ဤသို့ဖြင့် အဒေါ်ချင်းမှာ ထအော်ရုံသာတတ်နိုင်ခဲ့သည် “ ချမ်းဇီ တော်လိုက်တော့ မင်းနားမလည်နိုင်ဘူးဆိုရင်လည်း ပါးစပ်ကိုပိတ်ထားလိုက်…”


“ သဘောအတိုင်းပဲ…” မြောင်ချမ်း မိခင်ဖြစ်သူ၏သတိပေးချက်ကို အတည်မှတ်ယူခဲ့ခြင်းမရှိချေ “ မြောင်ဟယ် ငါမင်းကိုသတိပေးလိုက်မယ်… မင်းသာ လှည့်ကွက်တွေနဲ့ကစားချင်တယ်ဆိုရင် ကျန်တဲ့လူတွေကိုပဲရမယ် သေချာပေါက်ငါ့ကိုတော့မရဘူး…ငါမင်းရဲ့အကြံဆိုးတွေကိုဖမ်းပြမှာ… သာ့လန် မင်းလည်းသတိထားနေ သူ့လှည့်ကွက်တွေကြားမှာ မကျရှုံးသွားစေနဲ့… ငါမင်းကိုနောက်နေ့မှပဲလာတွေ့တော့မယ်… သည်အနှောင့်အယှက်ကောင်မရှိတဲ့အထိ စောင့်လိုက်ဦး…”


ထို့နောက် မြောင်ချမ်းအခန်းထဲမှ ဝုန်းဒိုင်းကြဲကာ ထွက်ခွာသွားလေသည်။ မြောင်ချမ်းနျန်၏မျက်နှာသည်လည်း များစွာကောင်းမွန်မနေချေ။ သူမ၏ဒေါသမှာမပြယ်သေးသောကြောင့် လေပူအနည်းငယ်မှုတ်ထုတ်ကာ ပြောလိုက်မိသည် “ သာ့လန် အဒေါ်တောင်းပန်ပါတယ်… အဒေါ် သူ့ကိုအရမ်းအလိုလိုက်ခဲ့မိတော့ ချမ်းဇီရဲ့ဒေါသက ပိုပိုပြီးကြီးလာပုံပဲ…အဒေါ် သူ့ကိုတဖြည်းဖြည်းချင်း နားချကြည့်လိုက်ပါ့မယ်ကွယ်…ဟယ်ကောလည်း သည်ကိစ္စနဲ့ပတ်သက်ပြီးစိတ်မခုနေပါနဲ့ နောက်ကြရင် သာ့လန်နဲ့ကောင်းကောင်းမွန်မွန်သာ နေသွားကြချည်…တကယ်လို့ အခက်အခဲတွေရှိမယ်ဆိုရင် သည်အတိုင်းမအောင့်ထားနဲ့ အဒေါ်ချင်းကိုသာလာပြောချည်…အဒေါ်ချင်းသေချာပေါက်မင်းကိုကူညီမှာပါ…”


ဒုတိယအဒေါ်ရန်သည်လည်း ခေါင်းညိတ်ကာပြောလာသည် “ အမှန်ပဲ ဟယ်ကော လူတိုင်းကတော့ သာ့လန်မင်းကြောင့်ထိခိုက်သွားတယ်လို့ တွေးနေကြတာ…တကယ်လို့သာ မင်းမှာမျက်လုံးတွေနှလုံးသားတွေမရှိသေးဘူးဆိုရင် ကောင်းကင်ဘုံကလည်း သည်အတိုင်းရပ်ကြည့်နေမှာမဟုတ်ဘူးနော်…သည်အဒေါ်အပြောဆိုးတယ်လို့တော့ မထင်လိုက်နဲ့…နောင်တစ်ချိန် သာ့လန်အပြည့်အဝပျောက်ကင်းသွားတဲ့နေ့ကြရင် သည်နေ့ရက်တွေကမင်းတို့အတွက် အမှတ်တရကောင်းတွေဖြစ်လာမှာပါ… အိုက်ယားး နောက်ကြရင် မင်းတို့ကောင်းကောင်းနေသွားကြရမယ်နော်… ဒါမှပဲ မင်းတို့အမေနဲ့ပြန်တွေ့တဲ့အခါကြ အဒေါ်လည်းစကားကောင်းပြောနိုင်မှာပေါ့…” နောက်‌ဆုံးစကားတစ်ခွန်းမှာ ရန်သာ့လန်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။


ဤသို့သောအခြေအနေတွင် မြောင်ဟယ် နာနာခံခံဖြင့် ခေါင်းညိတ်ရုံမျှသာတတ်နိုင်ခဲ့သည်။ ‌ရန်သာ့လန်သည်လည်း ဖြူလျော်နေသောမျက်နှာဖြင့်‌ ခေါင်းညိတ်ကာ “ ကျွန်တော်သိပါပြီ…” ဟုပြောလိုက်ရသည်။


ခဏအကြာတွင် အဒေါ်နှစ်ယောက်မှ ရန်သာ့လန်၏ဒဏ်ရာအကြောင်းနှင့် ဆေးကုသစရိတ်လောက်ငှခြင်းရှိမရှိကို မေးလာခဲ့ကြသည်။ ထို့နောက် အတော်အတန်လေးလံပုံရမည့် ဝါးခြင်းတောင်းတစ်ခုကို မြောင်ဟယ်၏လက်ထဲသို့ အတင်းထိုးပေးလိုက်ပြီး အဒေါ်ရန်မှပြောလာသည် “ ဒါကဥလေးနည်းနည်းပါ… ဆေးခန်းကတော့ မီးဖိုချောင်ခဏသုံးလို့ရနိုင်မှာပါလေ…ဝန်ထမ်းလေးတွေကို လိုတာမေးကြည့်ပေါ့…သာ့လန်အတွက် နေ့တိုင်းကြက်ဥစွပ်ပြုတ်လုပ်ပေးလိုက်နော် ဟုတ်ပြီလား…”


မြောင်ဟယ် သူမ၏တွေးပေးပုံအတွက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ရန်သာ့လန်မှာ မသက်မသာဖြစ်နေသေးသည်ကို မြင်နေရသောကြောင့် အဒေါ်ရန်နှင့်အဒေါ်ချင်းတို့လည်း အချိန်ကြာကြာမနေခဲ့ဘဲ မြောင်ဟယ်နှင့်နှုတ်‌ဆက်စကားအနည်းဆိုကာ ပြန်သွားလိုက်ကြသည်။


ဧည့်သည်များထွက်သွားသည်နှင့် မြောင်ဟယ် ဆေးပန်းကန်လုံးအပိုတစ်လုံးကို ထယူလိုက်ပြီးနောက် ပြန်လာကာ ရန်သာ့လန်ထံဆက်လက်ခွံ့ကျွေးလိုက်သည်။


ထိုင်ချလိုက်သည်နှင့် ရန်သာ့လန်၏နက်ရှိုင်းသောမျက်လုံးများမှာ မြောင်ဟယ်၏ရှုပ်ထွေးနေဟန်ရှိသော မျက်လုံးများထံစိုက်ကြည့်လာသည်။ သူ၏အနက်ရောင်မျက်လုံးများမှာ အပိုအလေးချိန်ကို သယ်ဆောင်ထားနေရသည့်ပုံပင်။


စက္ကန့်အနည်းငယ်ကျော်လွန်သွားပြီးနောက် မြောင်ဟယ်သက်သောင့်သက်သာမရှိသကဲ့သို့ ခံစားလိုက်ရသည် “ ဘာဖြစ်လို့လဲ ပူလို့လား…”


“ အခုချိန်ကစပြီး ကိုယ့်နောက်ကိုပဲ လိုက်လာခဲ့တော့…” ‌ရန်သာ့လန်မှ ရုတ်တရက်ထပြောလာသည်။


မြောင်ဟယ်ထိတ်လန့်သွားပြီး အချိန်အတော်ကြာသည်အထိ ငြိမ်သက်နေမိသည်။ ယခုလေးတင်ပြောသွားခဲ့သောစကားများကြေညက်သွားချိန်တွင် သူ၏‌ဖြူဖျော့နေသောမျက်နှာပေါ်တွင် အနီရောင်အချို့မှာ ချက်ချင်းဆိုသလို ပြန့်ကြဲသွားပြီး ရန်သာ့လန်ပြောလာသည်ကို သူနားလည်နေခဲ့သည်။


သူနဲ့အတူကောင်းကောင်းနေသွားကြရအောင်…အတိတ်အကြောင်းကို ထပ်မပြောနဲ့တော့…ပြီးတော့ ငါသည်ဟာကို ငြင်းနိုင်ပါ့မလား… ဒါမှမဟုတ် ငြင်းရောငြင်းချင်ရဲ့လား…


မြောင်ဟယ် မျက်လုံးများကို အောက်သို့သာငုံ့ကြည့်နေပြီး အချိန်အတော်ကြာမှသာ “ အမ်းး “ ဟုအသံပေးလိုက်မိသည်။


သူတို့ဆေးခန်းမှပြန်မလာခင် တစ်ရက်အလိုတွင် လျန်မိသားစုမှ လာတွေ့ခဲ့သည်။


လျန်မိသားစုမှာ ယခင်မင်းဆက်များအတွင်း ရေကြောင်းပို့ဆောင်ရေးအပေါ်အာရုံစိုက်ခဲ့ပြီး အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် သင်္ဘောလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မင်းဆက်အကူးအပြောင်းကာလများသည်ပင် သူတို့၏စီးပွားရေးလုပ်ငန်းအပေါ် သက်ရောက်ခြင်းမဖြစ်စေနိုင်ပေ။ ထိုအချိန်များအတွင်း တူးမြောင်းတည်ဆောက်မှုမှာ ပြီးလုပြီးခင်ဖြစ်လာသောကြောင့် လျန်မိသားစု၏စီးပွားရေးမှာ အချိန်နှင့်အမျှပိုမိုတိုးတက်လာရသည်။ သူတို့၏စီးပွားရေးလုပ်ငန်းများကို မြို့ငယ်လေးတစ်မြို့‌ဖြစ်သော ရေပတ်လည်ဝန်းရံနေလျက်ရှိသည့် မြောင်ရွှေမြို့တွင် အခြေချခဲ့သော်လည်း မြို့တော်မှလူများပင်သိနိုင်သည်အထိ လျန်မိသားစု၏လုပ်ငန်းများမှာ ကျော်ကြားမှုရှိလေသည်။


လျန်မိသားစုမှ ကံကြမ္မာကောင်းကိုစုဆောင်းနိုင်ခဲ့ပြီး စတင်ကြွယ်ဝချမ်းသာလာချိန်တွင် သူတို့မွေးရပ်မြေ၏တစ်စိတ်တစ်ပိုင်းကို အရူးအမူးဝယ်ယူခဲ့သည်။ ပထမဦးဆုံး ဘိုးဘေးဘီဘင်များမှ တွေးခဲ့ကြသည်မှာ မြေကိုဝယ်၍သိမ်းဆည်းထားရန်ဖြစ်သည်။ အများအပြားဝယ်ယူပြီးချိန်တွင် လျန်မိသားစုမှ ကိုယ်တိုင်စိုက်ပျိုးချင်သောလယ်သမားများထံ အငှားချ‌ထားပေးလိုက်သည်။ ၎င်းမှာ အရောင်းအဝယ်များအတွက် တစ်စွန်းတစ်စပေးရမည်ဟု မဆိုထားသော်လည်း မြေကွက်ငှားရမ်းခကိုမူ လျန်မိသားစုထံပေးဆောင်ရမည်ဖြစ်သည်။ သို့တိုင်အောင် လျန်မိသားစုမှာ အခြားသောမြေကွက်ငှားသူများကဲ့သို့ ကြမ်းတမ်းစွာငှားခလာတောင်းခြင်းမျိုးမရှိဘဲ သည်းခံကာ စိတ်ရှည်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ မြေပိုင်ရှင်ကြီး၏ဂုဏ်သတင်းမှာ အလှုအတန်းရက်ရောသူတစ်ယောက်အဖြစ် ပို၍ကျယ်ကျယ်ပြန့်ပြန့်သိလာကြလေသည်။


လက်ရှိမျိုးဆက်သို့ရောက်ချိန်တွင် လျန်ယွမ်ဝေမှာ သင်္ဘောများအတွက် ဝာာဝန်ယူထားသူတစ်ဦး၏သမီးဖြစ်သူလက်ထပ်ခဲ့ပြီး လျန်ဖူးရန်၏ဝမ်းဗိုက်မှာ ကြီးမားလာခြင်းမရှိသည့်တိုင် လျန်ယွမ်ဝေမှ ကိုယ်လုပ်တော် တော်ကောက်ခြင်းမရှိခဲ့ချေ။ ဤသို့စောင့်ဆိုင်းနေရသည့်ဆယ်နှစ်တာအတွင်း လျန်ဖူးရန်မှာ လိုအပ်သောသူများအတွက် အကူအညီများကိုပို၍ပေးလာကာ သူတို့၏ဆေးကုခန်းတွင် ဆန်ပြုတ်အလကားမဝေသည့်နေ့ဟူ၍မရှိခဲ့ပေ။ သူမ၏သတင်းကောင်းအား စောင့်မျှော်ရင်းဖြင့် အလှုအတန်းများကို ပိုမိုတိုးပွားလုပ်ဆောင်ခဲ့သည်။ အဆုံး၌ လွန်ခဲ့သောခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်တွင် လျန်ဖူးရန်မှ ရှောင်ကုန်းဇီတစ်ယောက်ကိုမွေးဖွားခဲ့ကာ သူတို့နှစ်ဦးမှာ လက်ရှိရန်သာ့လန်ကယ်တင်ပေးခဲ့သော လူနှစ်ယောက်ဖြစ်နေခဲ့သည်။


ထို့အတွက်ကြောင့် လျန်မိသားစု၏ပြုမူပုံမှာ စိတ်ရင်းမှန်ကန်ခဲ့သည်။ ရန်သာ့လန်အနေဖြင့် အနားယူရန်လိုအပ်သည့်အတွင် သူတို့လာခဲ့ပါက အဆင်‌မပြေနိုင်မည်စိုးသောကြောင့် ချက်ချင်းလာရောက်ခြင်းမရှိခဲ့ကြချေ။ ရန်သာ့လန် နောက်တစ်နေ့တွင် ဆေးခန်းမှထွက်ခွာနိုင်ပြီဆိုသည့်အချိန်မှသာ လျန်ယွမ်ဝေမှ ဇနီးနှင့်သားငယ်လေးကိုခေါ်ဆောင်ကာ ရန်သာ့လန်ထံ ကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်စကားပြောကြားခဲ့သည်။


“ သည်တစ်ကြိမ်မှာတော့ ရန်သာ့လန်ကိုတကယ်ပဲကျေးဇူးတင်ရမှာပဲ… မဟုတ်ရင်တော့ သည်လျန်ရဲ့ဖူးရန်နဲ့အာ့ဇီတို့က သည်ဘေးဆိုးကြီးကနေ လွတ်သွားနိုင်မှာမဟုတ်ဘူး… ရန်ရှောင်တိရဲ့ကျေးဇူးတွေက သည်လျန်အပေါ်မှာ ကြီးမားလွန်းတာမလို့ သည်လျန်က ကျေးဇူးဆပ်ဖို့ အားမနာတော့ဘူးနော်… ဒါကြောင့် အပြင်ဘက်မှာ မင်းတို့အတွက် လက်ဆောင်လေးပေါ့ပေါ့ပါးပါးပြင်ပေးလိုက်မိတာ… ငါ့ရဲ့နိမ့်ကျတဲ့လက်ဆောင်လေးကို မငြင်းလိုက်ဖို့တော့ တောင်းဆိုချင်ပါတယ်…ပြီးတော့ ရှောင်တိရဲ့ဒဏ်ရာအတွက်လည်း စိုးရိမ်နေစရာမလိုပါဘူး…လျန်မိသားစုက သည့်အတွက်သေချာပေါက်အဆုံးထိတာဝန်ယူပေးသွားမှာပါ…”


သူတို့၏ကောင်းမွန်သောပိုးသားဝတ်စုံများမှလွဲ၍ လျန်ယွမ်ဝေမှာ အလွန်ကြွယ်ဝသော မြေပိုင်ရှင်သူဌေးကြီးနှင့်မတူဘဲ သာမန်အသားမဲမဲနှင့်ပိန်ပါးသောသက်လတ်ပိုင်းလူတစ်ဦး၏ပုံသာရှိသည်။ လျန်ဖူးရန်သည်ပင် ပုံမှန်ချမ်းသာကြွယ်ဝသောမိသားစုများမှာလာသည့် မိန်းကလေးဆန်သောပုံစံမျိုးမရှိပေ။ သူမ၏အသားအရည်မှာ အနည်းငယ်ညိုပြီး တက်တက်ကြွကြွရှိသည်။ သူတို့သုံးယောက်တွင် ဖြူဝင်းသောအသားအရည်နှင့် ခပ်ပြည့်ပြည့်ပုံစံရှိသည့်တစ်ဦးတည်းသောသူမှာ လျန်ဖူးရန်၏လက်တွင်ချီလာခဲ့သော ရှောင်ကုန်းဇီလေးသာဖြစ်လေသည်။ ကလေးငယ်လေးမှာ သူ၏လက်ချောင်းကိုကိုက်လျက် လောကီရေးရာကိစ္စများအပေါ် မသိနေသကဲ့သို့ နာနာခံခံရှိသည်။


လျန်ဖူးရန်သည်လည်း သူမ၏ကျေးဇူးကို ပိုမိုတက်ကြွဟန်ဖြင့် ပြောလာသည် “ ဟုတ်ပါ့ အာ လှည်းထဲမှာ ကျွန်မနဲ့ဟူထိုတို့က ကြောက်လန့်ပြီး ဘာလုပ်မှန်းမသိဖြစ်နေကြတာလေ…ကံကောင်းလို့ ရန်ရှောင်တိက လှည်းကိုရပ်အောင်လုပ်နိုင်ခဲ့လို့ပေါ့…မဟုတ်ရင်တော့ ကျွန်မတို့အိမ်တွေနဲ့တိုက်မိပြီး လူတွေဘယ်လောက်တောင်ထိခိုက်သွားရမလဲဆိုတာ မသိတော့ဘူး…ရန်ရှောင်တိက တကယ်ကိုကွန်ဖူးတော်တာပဲ မင်းကကျွန်မရဲ့အဖေထက်တောင်မှ အားကြီးသေးတယ်… သည်အကြောင်းပြောပြတော့ အဖေဆိုအခုထိတောင်မယုံနိုင်ဖြစ်နေရတာ…”


“ လူကြီးမင်းတို့နှစ်ယောက်က အရမ်းယဉ်ကျေးနေလွန်းပါပြီ…ကျွန်တော်က သည်အတိုင်းပဲကူညီလိုက်တာပါ…” ရန်သာ့လန် ဒဏ်ရာရနေသောကြောင့် များစွာမလှုပ်ရှားနိုင်သဖြင့် အနည်းငယ်ခေါင်းကိုညိတ်လျက်ပြောလိုက်ရသည်။ မြောင်ဟယ်မှာမူ မနေနိုင်ဘဲ လက်တစ်ဖက်ဖြင့်ထိန်းကာ ကူညီပေးလိုက်မိသည်။


ဤသည်ကိုမြင်မှသာ လျန်ဖူးရန်လည်း အဆုံးတွင်တည်ငြိမ်သွားခဲ့သည် “ ရှောင်ကောလေးကို စိတ်ပူအောင်လုပ်မိသွားတာတော့မဟုတ်ပါဘူးနော်…အိမ်ကလောင်ရယ်လည်း အစောပိုင်းတုန်းက မင်းတို့ရဲအခြေအနေနဲ့ပတ်သက်ပြီး သမားတော်ကို မေးထားသေးတယ်…ဒါကြောင့် မနက်ဖြန်အိမ်ကိုပြန်ရောက်တာနဲ့ သမားတော်ကျီကနေ့စဉ်မှန်မှန်လာရောက်စစ်ဆေးပေးလိမ့်မယ်…ဆေးကုသမှုစရိတ်တွေနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့… ရန်ရှောင်တိ ဘာပြသနာမှမရှိဘဲကောင်းကောင်းနာလန်ထူလာဖို့ပဲလိုတာပါ…ဒါနဲ့ မင်းတို့မနက်ဖြန်ကြရင် အိမ်ကိုဘယ်လိုပြန်ကြမှာလဲဟင်… လောင်ရယ်ကလည်း ဘာလို့များလှည်းပြင်ပေးမထားရတာလဲ… အထဲမှာ အခုအခံလေးတွေနည်းနည်းထည့်ထားလိုက်တော့ သူတို့အိမ်ကိုသက်သက်သာသာမပြန်နိုင်ဘူးလား…”


“ ရှင်မ စိတ်ပူနေဖို့မလိုပါဘူး…သည်လူက ပြင်ဆင်ပြီးသွားပြီ…” လျန်ယွမ်ဝေမှ ရယ်လျက်ပြောလိုက်သည်။


နောက်ဆုံးသောစကားကြောင့် မြောင်ဟယ်၏ လျန်စုံတွဲအပေါ်အမြင်ကို ပို၍ကောင်းမွန်သွားစေခဲ့သည်။ လက်ဆောင်များပေးကာ ကျေးဇူးတင်ရုံမျှဖြင့် သူတို့ပါးစပ်မှထွက်လာသည့်စကားများ မည်မျှပင်လှပနေပါစေ ဤသည်မှာ မတော်တဆမှုအတွက် လူမှုရေးအရလုပ်ခြင်းဟုသာဆိုနိုင်သည်။ အမှန်တကယ် ရိုးရိုးသားသားကျေးဇူးတင်သူများသည်သာ ဤမျှအထိအသေးစိတ်ကျကျလိုက်တွေးပေးနိုင်မည်ပင်။


“ ဒါဆိုရင်လည်း နှစ်ယောက်စလုံးကိုကျေးဇူးတင်ပါတယ်နော်…” မြောင်ဟယ်မှ ပြောလိုက်သည်။


ပြီးနောက် လျန်ယွမ်ဝေနှင့်လျန်ဖူးရန်တို့မှ စကားအနည်းငယ်ပြောကာ ထွက်ခွာသွားခဲ့သည်။ နောက်တစ်နေ့မနက်တွင်မူ သူတို့အားအိမ်သို့ပြန်ပို့ပေးမည့် အတော်အတန်ဟိတ်ဟန်ရှိသော လှည်းယာဉ်တစ်စီးရောက်ရှိလာသည်။ သီးသန့်ပြုလုပ်ထားသော လှည်းအိမ်အတွဲကြီးအပြင် ၎င်း၏အောက်တွင် လက်ဆောင်များပါသည့်လှည်းနှစ်စီးလည်းရှိနေခဲ့ကာ ယမန်နေ့ လျန်မိသားစုအိမ်သို့ပြန်သွားစဉ်က မ

ည်သည့်အရာများ ထပ်ပေါင်း‌ထည့်ပေးခဲ့သည်ကို သူတို့သေသေချာချာမသိနေခဲ့ပေ။