🧝Chapter 17
အဝတ်ဆိုင်မှထွက်လာပြီးချိန်တွင် မြောင်ဟယ်နှင့်ရန်သာ့လန်တို့နှစ်ဦးစလုံးတိတ်ဆိတ်နေမိကြသည်။
မြောင်ဟယ်သည် သူ့ထံမှ အမှားကိုထောက်ပြပြီး အဆူသာခံချင်လိုက်မိသည်။ ရန်သာ့လန်မှာမူ သူ၏တင်းမာနေသောမျက်နှာကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ အကယ်၍သာ နောက်ပိုင်းတွင် ရန်သာ့လန်၏မျက်နှာမှာ အရှက်ရနေခြင်း သို့မဟုတ် ဒေါသနေထွက်နေသည့်ပုံစံသို့ ပြောင်းလဲသွားပါက မြောင်ဟယ် မူလကိုယ်၏ကိုယ်စား အကျိုးဆက်ကိုဆက်လက်ခံယူရန်သာ ရှိပေတော့မည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် မြောင်ဟယ်၏လက်မှာတင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းကိုခံနေရပြီး လက်လွှတ်ခွင့်မရခဲ့ချေ။ သူရရှိခဲ့သည့် ထိခိုက်မှုများနှင့်ပင် ရန်သာ့လန်မှာ သူနှင့်အတူ ဆက်လက်ရပ်တည်ကာ ကြံကြံခံနေပေးခဲ့သည်။
ဤကဲ့သို့ ပြောင်ပြောင်တင်းတင်းကာကွယ်မှုမျိုးနှင့် ချစ်မြတ်နိုးပုံမျိုးကို မြောင်ဟယ်၏နှလုံးသားထဲတွင် တစ်လုံးတစ်ပါဒမျှမခံစားသွားရဘူးဆိုပါက ၎င်းမှာသဘာဝကျစွာပင် မှားယွင်းနေပေလိမ့်မည်။ သူ့အား ဆက်လက်လှုပ်ရှားနေစေသည့် တစ်ခုတည်းသောအရာမှာ မူလကိုယ်၏ကိုယ်စား အနှီဘဝကိုဆက်လက်သယ်ဆောင်နေရခြင်းပင်။ အကယ်၍သာ အနာဂတ်တွင် သူ၏ကိုယ်ပိုင်ငြိမ်းချမ်းမှုရသွားပြီး ထွက်ခွာနိုင်ခဲ့ပါက…. အတိတ်တွင် ဖြစ်ပျက်ခဲ့ဖူးသောအရာများကြောင့် အပြစ်ရှိစိတ်မှာ သူ၏နှလုံးသားထဲတွင် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး မြောင်ဟယ်၏အသိစိတ်အားလုံးကို စားသုံးသွားကာ သူ့အားတိတ်ဆိတ်မှုထဲသို့ နစ်ဝင်သွားစေသည်။
ကမ္ဘာပေါ်တွင် အရာတိုင်းမှာ အချိန်နှင့်အမျှပြောင်းလဲနေပြီး တည်မြဲမှုမရှိချေ။ တစ်ခါတစ်ရံ၌ မွေးဖွားခြင်းနှင့်သေဆုံးခြင်းဆိုသည်မှာ စက္ကန့်တိုင်းလိုတွင် ဖြစ်ပျက်နေသည်။
မြောင်ဟယ် သူ၏စိတ်ကို အပြစ်ရှိမှုများနှင့် ရစ်ပတ်ထားမိပြီး သူ့ကိုယ်တိုင်မှလွဲ၍ ကျန်သောအရာများအပေါ် ဖုံးကွယ်ထားမိသည်ကိုသာ အမှတ်ရနေခဲ့သည်။ သူ၏ဘေးတွင် အတူရှိနေသူမှ လမ်းလျှောက်နေခြင်းကိုရပ်၍ နားထဲသို့အသံကျယ်တစ်ချက်ပေးလာမှသာ မြောင်ဟယ် သူ၏စိတ်ဓာတ်ကျနေသောအခြေအနေထဲက ရုန်းထွက်လာနိုင်ခဲ့သည်။ ထို့နောက် နောက်တစ်စက္ကန့်အကြာတွင် သူ၏ခန္ဓာကိုယ်မှဝိညာဉ်ကို အင်အားကြီးတစ်ခုဖြင့် ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြောင်ဟယ် ဘယ်ဘက်သို့ယိုင်ကျသွားကာ သူ၏မျက်နှာမှာ ဦးဆုံးအညစ်အကြေးများနှင့်ရိုက်မိသွားသည်။ ကမ္ဘာကြီးချာချာလည်နေခြင်းမှာ ရပ်တန့်သွားချိန်တွင် အရာအားလုံးမူလအခြေအနေသို့ပြန်ရောက်သွားခဲ့သည်။ မြောင်ဟယ် ယိုင်တိယိုင်တိုင်ဖြင့် ခေါင်းကိုမော့လိုက်ချိန်၌ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုများဖြင့် ထပ်မံရိုက်ခတ်ခံလိုက်ရပြီး ပြင်းထန်သောမူးဝေလာခြင်းနှင့်အတူ နားထဲတဝီဝီမြည်လာရသည်။
ထိုအချိန်၌ ဘေးပတ်ဝန်းကျင်မှ အကူအညီတောင်းသံများမှာ ပို၍ကျယ်လောင်လာကြသည်။
အရာအားလုံးမှားယွင်းနေသည်ဟု တွေးမိသွားပြီး မြောင်ဟယ် အားအင်ကင်းမဲ့စွာ နာကျင်မှုနှင့်တုန်လှုပ်ခြောက်ခြားမှုတို့ကိုသာခံစားလိုက်ရသည်။ မြေပြင်ပေါ်မှ ရုန်းကန်ကာ ထရန်ကြိုးစားခဲ့သော်လည်း နာကျင်မှုနှင့်မူးဝေခြင်းတို့မှ အားပြင်းပြင်းနှင့်ရိုက်ခတ်လာခဲ့သည်။ လမ်းတဝက်မှာပင် ကုန်းထနေသည့် မြောင်ဟယ်၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြန်လဲကျသွားပြီး သူ၏မျက်လုံးများမမှိတ်သွားခင် အရာတိုင်းမှာ မဲမှောင်လာကာ သတိလစ်သွားရလေသည်။
မြောင်ဟယ် သူ၏ဗလာကျင်းနေသောမျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် အချိန်မှာနှစ်ရက်ကုန်လွန်သွားပြီဖြစ်သည်။
သူ ဆေးရုံမှသစ်သားကုတင်ပေါ်တွင် နိုးလာရသည်။ မြောင်ဟယ် သူ့ကိုယ်သူလူနာကုတင်ပေါ်မှ မထလိုက်နိုင်ခင်မှာပင် ဘေးမှလူငယ်တစ်ဦးက သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအများအပြားရှိနေကြောင်းသတိပေးလာခဲ့သည်။ သို့သော်လည်း ဤသည်မှာအဆိုးရွားဆုံးအပိုင်းမဟုတ်သေးပေ။ သူ၏ဦးခေါင်းမှာ ပြင်းပြင်းထန်ထန်လှုပ်ယမ်းခံထားရသည့်အတွက် မြောင်ဟယ် သက်သာလာစေရန် ရက်အနည်းငယ်ကြာသည်အထိ စောင့်ဆိုင်းရဦးမည်ပင်။
မြောင်ဟယ် မျက်လုံးများကို စိတ်ပျက်လက်ပျက်ဖြင့် မှိတ်ထားမိကာ တတိယလိင်အမျိုးအစားတည်ရှိသော ကမ္ဘာတွင်သာရှိနေသေးသည့်အကြောင်းကို သိလာရန် အချိန်အနည်းငယ်မျှယူလိုက်ရသည်။ ကုတင်ပေါ်တွင် သက်သောင့်သက်သာမရှိစွာ လှဲနေရင်းမှ တစ်စက္ကန့်အကြာတွင် မျက်လုံးများပြူးကျယ်လာကာ ရုတ်တရက်ထခုန်မိလိုက်သည် “ ရန်သာ့လန် ဘယ်မှာလဲ… ကျွန်တော်နဲ့အတူရှိနေတဲ့အမျိုးသားကော…သူကအရပ်ရှည်ရှည် လူကောင်ကြီးကြီးနဲ့ မျက်နှာပေါ်မှာ သုံးခွပုံအမှတ်ရှိတယ်လေ…သူတစ်ခုခုများဖြစ်နေလို့လား…” ရုတ်တရက်လှုပ်ရှားလိုက်ခြင်းကြောင့် မြောင်ဟယ်၏မျက်လုံးများ ပြာဝေသွားရပြန်သည်။
ထို့နောက် ပြင်းထန်သောပျို့အန်ချင်စိတ်မှာ ထိုးတက်လာသဖြင့် မြောင်ဟယ် အတင်းအောက်သို့ငုံ့ကာ ထိုးအန်မိလိုက်သည်။ လူငယ်လေးမှ အမြန်ပြေးလာကာ သစ်သားအင်တုံတစ်ခုကိုယူ၍ ကျွမ်းကျွမ်းကျင်ကျင်အောက်မှခံပေးလာသည်။ အကြိမ်အနည်းငယ်မျှ အန်ထုတ်ပစ်လိုက်သော်လည်း မည်သည့်အရာမှထွက်မလာခဲ့ဘဲ မြောင်ဟယ်၏မျက်လုံးများတွင်သာ မျက်ရည်များရစ်ဝိုင်းနေရသည်။
“ အိုက်ယိုး အိုက်ယိုး အစ်ကိုရေ အရမ်းကြီးစိတ်မလှုပ်ရှားရဘူးလေ… ခင်ဗျားရဲ့အခြေအနေနဲ့ဆိုရင် သည်လိုဖြစ်တာက မကောင်းဘူးနော်…အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပါဦး ဟုတ်ပြီလား… ခင်ဗျားပြောတဲ့သူက ဘေးခန်းမှာရှိပါတယ်…သူကအခုလေးတင်ပဲ အိပ်ပျော်သွားတာ… သူ့မှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားတာဆိုလို့ နံရိုးသုံးချောင်းကျိုးရုံကလွဲပြီး ကျန်တာကတော့ ပွန်းရုံပဲ့ရုံလေးပါပဲ…အချိန်တိုအတွင်း ပြန်ကောင်းလာဖို့အတွက်က သိပ်ပြီးမခက်ပါဘူး…အဆိုးထဲကအကောင်းပေါ့လေ…”
မြောင်ငယ် ထိုလူငယ်ဖြစ်သူကို ကိုင်ကာမေးလိုက်မိသည် “ တကယ်လား သည်လောက်ပဲလား…”
“ သူတကယ့်ကိုအဆင်ပြေတာပါ…အရင်တုန်းက သူလည်း သမားတော်စကားကိုမနာခံဘဲ ခင်ဗျားလိုပဲ နိုးလာတာနဲ့ အတင်းလာတွေ့ဖို့လုပ်နေတာလေ…ဒါပေမယ့် သူ့နံရိုးတွေကကျိုးထားတာဆိုတော့ ချွေးမထွက် နာကျင်မှုမရှိဘဲ လမ်းမလျှောက်နိုင်ဘူးပေါ့…သည်လိုထလုပ်တာနဲ့ ကျွန်တော့်ဆရာလည်း သူ့အရိုးတွေကို အတင်းပြန်စစ်ကြည့်လိုက်ရကော… အဆုံးကြ နံရိုးတွေနည်းနည်းယိုင်သွားတာကိုသိလိုက်ရတယ်လေ…အိုက်ယားး ကျွန်တော်တော့သေတဲ့အထိအဆူခံရတော့မှာပဲ…အခု ခင်ဗျားလည်းနိုးလာပြီဆိုတော့ နောက်ကြရင် သူ့ကိုကူပြီးဖြောင်းဖြပေးပါဦး…” လူငယ်လေးမှ အသက်ရှုပင်ပြတ်တိပြတ်တောင်းဖြစ်သွားရသည်အထိ ခပ်သွက်သွက်ပြောလာခဲ့သော်လည်း သူ၏စကားများထဲတွင် အလွန်တရာစိတ်ရှည်သည်းခံမှုများ ပါဝင်နေခဲ့သည်။
“ ကျွန်တော်သူ့ကိုအခုသွားတွေ့လို့ရနိုင်မလား…” မြောင်ဟယ် သတိမလွတ်သွားခင်က ထိတ်လန့်တကြားလှုပ်ခဲ့မိခြင်းကြောင့် အပြစ်ရှိစိတ်ဝင်လာရကာ အနည်းငယ်မသက်မသာခံစားလိုက်ရသည် “ ကျ ကျွန်တော် ဖြည်းဖြည်းချင်းပဲလျှောက်မှာပါ… မလောပါဘူး…”
“ ခင်ဗျားတို့နှစ်ယောက်လုံးက ဘာလို့သည်အတိုင်းကြီးပဲ ဖြစ်နေကြတာလဲနော်… ဒါက ကျွန်တော့်ကိုငယ်တယ်ဆိုပြီး တိုက်ရိုက်အနိုင်ကျင့်နေကြတာပဲ… အိုက်ယိုးး ဆရာသာသည်မှာရှိမယ်ဆိုရင် အခုလိုထိန်းမနိုင်သိမ်းမရပြုမူရဲမလားဆိုတာ ကြည့်ချင်ပါသေးတယ်…”
တစ်ဖက်လူ၏အဓိပ္ပါယ်မရှိမှုနှင့် ကြုံနေရသောကြောင့် အသက်တစ်ဆယ့်တစ်နှစ် သို့မဟုတ် တစ်ဆယ့်နှစ်နှစ်ခန့်ရှိပုံရသည့် လူငယ်လေးမှာ ငါတော့လုံလောက်နေပါပြီဟူသည့် အမူအယာဖြင့် မျက်လုံးများကို ဖွင့်ထားခဲ့သည်။ သူ၏လက်များမှာမူ မြောင်ဟယ်၏ခါးပေါ်တွင် တင်ထားခဲ့ပြီး အနှီဒဏ်ရာရနေသူနှစ်ဦးမှာ အလွန်ပင်လက်လွတ်စပယ်ပြုမူတတ်ကြသည်ဟူ၍ တွေးနေမိသည်။ သို့သော်လည်း အဆုံးတွင် မြောင်ဟယ်ကို ခွင့်ပြုပေးလိုက်ပြီး လက်များကို တည်ငြိမ်စွာဆုပ်ကိုင်လျက် အဖော်ပြုရင်းဖြင့် ဘေးအခန်းသို့လိုက်လာပေးခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့် မျက်နှာပေါ်တွင် သွေးရောင်ကင်းမဲ့နေလျက် မျက်လုံးများမှိတ်ကာ အိပ်ရာပေါ်တွင်လှဲနေသော ဒဏ်ရာရနေသည့် ရန်သာ့လန်ကို မြင်တွေ့လိုက်ရသည်။ သူ၏ရင်ဘတ်တွင်မူ နံရိုးများကို တင်းကြပ်စွာထိန်းညှိပေးနိုင်ရန်အတွက် သစ်သားချောင်းအချို့နှင့်အဝတ်စများဖြင့် အထပ်ထပ်ပတ်ထားခဲ့သည်။ သာ့လန်၏မျက်ခုံးများမှာမူ အိပ်မက်ဆိုးမှ သူ့ကိုချောချောမွေ့မွေ့မအိပ်ပျော်စေဘဲ လိုက်လံနှောင့်ယှက်နေသကဲ့သို့ တွန့်ချိုးနေသည်။
မြောင်ဟယ် လေးလံနေသည့်စိတ်ဖြင့် အရှေ့သို့တိုးကာ ရန်သာ့လန်ကို အသာအယာထိလိုက်မိသည်။ ကံကောင်းစွာဖြင့် ဤသူမှာ နွေးထွေးကာ နူးညံ့နေသေးသည်။
သို့သော်လည်း သူ၏မျက်လုံးများမှာမူ ပူလောင်နေလေသည်။
ထိတ်လန့်တုန်လှုပ်နေပြီး ဂရုစိုက်မှုအပြည့်နှင့် တွန်းထုတ်လိုက်ခြင်းကို ပြန်လည်တွေးမိချိန်တွင် မြောင်ဟယ် ရန်သာ့လန်မှ သူ့အားအဘယ့်ကြောင့် အကျိုးမစွက်ဘဲ ထပ်မံကာကွယ်ပေးလိုက်ကြောင်းကို မခန့်မှန်းနိုင်ဖြစ်နေရသည်။
သည်အတိုင်းပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ လုပ်ပေးလာသည်….
ရန်သာ့လန် သူ၏နှလုံးသားထဲမှပင် ခံစားနေရသော အလွန်ကြီးမားသည့်နာကျင်မှုဖြင့် မျက်လုံးများဖွင့်လိုက်မိသည်။
မြောင်ဟယ် သူ၏ဘေးတွင်ရပ်နေသည်ကို မြင်လိုက်ရချိန်တွင် သူ၏အမူအယာမှာ ချက်ချင်းဆိုသလို အံ့ဩနေသည့်ပုံစံသို့ ပြောင်းလဲသွားရသည်။ ရန်သာ့လန် လှုပ်ရှားမည်ပြုလိုက်စဉ် ရုတ်တရက်ဆိုသလို သူ၏လက်ကိုကိုင်လျက် အားတစ်ခုမှ တားဆီးခြင်းကို ခံလိုက်ရသည်။
“ ရတယ် မလှုပ်လိုက်နဲ့… ကျွန်တော်က သည်အတိုင်းတစ်ချက်လောက်လာကြည့်တာရယ်…” မြောင်ဟယ် ကမန်းကတန်းပြောလိုက်မိသည်။
“ မငိုနဲ့..” ဟု မပြောလိုက်မိခင်မှာပင် သူ၏နာကျင်မှုဖြင့် အနက်ရောင်ပြောင်းနေသောဒဏ်ရာများမှာ အနည်းငယ်သက်သာသွားသည်ဟု ရန်သာ့လန်ခံစားလိုက်ရသည်။
နိုးလာသည်နှင့် ရန်သာ့လန် ပထမဆုံးပြောလိုက်သောစကားကို ကြားရချိန်တွင် မြောင်ဟယ်၏မျက်လုံးမှ မည်မျှပင်ထိန်းချုပ်နေပါစေ မျက်ရည်များလျှံကျလာခဲ့သည်။
ထိုမျက်ရည်စက်များမှာ များပြားကာ စုပုံလာပြီး စတင်လေးလာခဲ့ပုံပင်။
“ ခင်ဗျားကအရမ်းတုံးတာပဲ… ကျ ကျွန်တော်တို့ကမဟုတ်…”
ရန်သာ့လန် အပြန်အလှန်ဆုပ်ကိုင်ထားပြီး ကြားဖြတ်ပြောလိုက်သည် “ မင်းက…”
“ မင်းက ကိုယ့်ရဲ့ကောလေ…”
မင်းအဖေက မင်းရဲ့အမေကို မနာကျင်စေနဲ့…မင်းရဲ့ဇနီးကလည်း ဘယ်တော့မှကလေးရမှာမဟုတ်ဘူး…ဘဝဆုံးတဲ့အထိ မင်းက တစ်ယောက်တည်း အထီးကျန်သွားရမှာ…
တချို့သူတွေက စိတ်လိုလက်ရလျှောက်လမ်းကြပေမယ့် တချို့တွေကတော့ ညည်းတွားရင်းလျှောက်လမ်းကြတယ်…
ထိုအခိုက်အတန့်တွင် ရန်သာ့လန် အားလုံးကို ရှင်းရှင်းလင်းလင်း ပြန်မြင်ယောင်မိခဲ့သည်။
ရန်သာ့လန် ပြန်လည်အိပ်ပျော်သွားပြီးနောက် မြောင်ဟယ် ကိစ္စတစ်ခုလုံးကို ဆေးခန်းတွင်အလုပ်သင်အဖြစ်လုပ်ကိုင်နေသော ပါးစပ်ဖွာသောလူငယ်လေးကျီကွမ်းထံမှ အလုံးစုံကိုအသေးစိတ်သိရှိလိုက်ရသည်။
မြောင်ဟယ် သိလိုက်ရသည်မှာ ထိုနေ့ သူတို့မြို့ထဲရှိလမ်းများထဲမှ တစ်လမ်းတွင်လျှောက်နေစဉ်အခါက လှည်းတစ်စီးမှာ ထိန်းချုပ်မှုလွတ်ကင်းသွားပြီး သူတို့ရှိရာသို့ဦးတည်ဝင်လာခဲ့ခြင်းဖြစ်သည်။ အခြေအနေမှာ အရေးပေါ်ဖြစ်နေသောကြောင့် ရန်သာ့လန်မှ သူ့ကိုလမ်းပေါ်မှာ ရည်ရွယ်ချက်ရှိရှိတွန်းထုတ်ကာ စိတ်ရူးပေါက်နေသည့်မြင်းကိုတားဆီးရန်အတွက် ကုန်စည်အပြည့်နှင့်သစ်သားလှည်းကို အတင်းအကြပ်ဆွဲထားခဲ့သည်။
သို့သော်လည်း ကုန်ပစ္စည်းများပြန့်ကြဲသွားပြီး မြင်းကိုရပ်တန့်သွားစေသည့်တိုင် ထိုမြင်းမှာ သာ့လန်ရှိရာဘက်သို့ လမ်းလွဲသွားကာ တိုက်မိခဲ့ခြင်းကြောင့် နံရိုးသုံးချောင်းကျိူးခဲ့ရသည်။ ကံကောင်းစွာဖြင့် ရန်သာ့လန်မှာ အလျင်အမြန်တုံ့ပြန်လိုက်ပြီး အတိုက်မခံရခင် အရှေ့သို့တိုးလိုက်နိုင်ခဲ့သည်။ ထို့ကြောင့်သာ တိုက်မိခြင်းကြောင့် အရေးကြီးသောအတွင်းအင်္ဂါများကို မထိခိုက်သွားစေဘဲ ဤထက်ပိုသည်မှာ အရိုးကျိုးရာမှ အပိုင်းအစများကိုပင် အတွင်းအင်္ဂါများတွင် မစိုက်သွားနိုင်အောင်ရှောင်တိမ်းနိုင်ခဲ့သည်။ သို့တိုင်အောင် အရိုးကျိုးခြင်းအချို့ကို ခံစားလိုက်ရသေးသည်။ အကယ်၍သာ သာမန်လူတစ်ဦးမှာ ဤသို့သောအရေးပေါ်အခြေအနေမျိုးနှင့်ကြုံရပါက ထိုသူအနေဖြင့် သေသည်အထိမြင်းကန်ခံလိုက်ရနိုင်သည်။
“ အာ ဘာဖြစ်လို့လဲ… ဘာလို့ငိုနေရတာလဲ…” ကျီကွမ်းပြာယာခတ်သွားရသည်။ ကောငယ်လေး၏နီမြန်းလာသောမျက်လုံးများနှင့် ဆုံလိုက်ရချိန်တွင် သူမည်သို့လုပ်ရမှန်းမသိ မသက်မသာခံစားလိုက်ရသည်။
“ ကျွန်တော်မငိုပါဘူး…” မြောင်ဟယ် နှာတရှုံ့ရှုံ့ဖြင့် သူ့ကိုယ်သူ အတင်းအကြပ်အားတင်းလိုက်သည် “ ဒါဆိုရင် သည်ရက်တွေအတွင်း ကျွန်တော့်ရဲ့ပိုက်ဆံအိတ်ကဘယ်မှာလဲဟင်… ကျွန်တော့်ရဲ့ပိုက် ပိုက်ဆံအိတ်က…”
သူ၏ပိုင်ဆိုင်မှုအကြောင်းကို ပြန်တွေးမိသွားချိန်တွင် မြောင်ဟယ် အခန်းပတ်ပတ်လည်သို့ အလျင်စလို ခေါင်းလှည့်ကာ သူ၏ခက်ခက်ခဲခဲရှာဖွေထားရသော ငွေပြားများကိုရှာဖွေလိုက်မိပြီး ကုတင်တိုင်ထိပ်တွင် သူ့ငွေအိတ်ချိတ်ဆွဲထားသည်ကို မြင်လိုက်ရချိန်မှသာ စိတ်သက်သာရာရသွားခဲ့သည်။ ရှေးခေတ်မှလူများမှာ အမှန်တကယ်ပင် ရိုးဖြောင့်လှပြီး သူ၏ငွေကြေးများကို ခိုးယူမသွားခဲ့ကြချေ။
“ သည်ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားစိုးရိမ်နေဖို့မလိုပါဘူး… ခင်ဗျားခင်ပွန်းရဲ့ မြင်းနဲ့လှည်းကိုခွဲပစ်လိုက်နိုင်တဲ့ကောင်းမှုကြောင့် လှည်းမောင်းက နောက်ဆုံးကြတော့ ခုခံနိုင်သွားပြီး မြင်းကိုအရှိန်ပြင်းပြင်းနဲ့ထိန်းလိုက်နိုင်တာလေ…လှည်းပေါ်မှာက လျန်မိသားစုရဲ့ကျူးမူနဲ့ရှောင်ကုန်းဇီတို့ပါလာတာလေ…သူတို့တွေ မပြောပလောက်တဲ့ပွန်းရာပဲ့ရာလေးနည်းနည်းရခဲ့ကြတယ်ဆိုပေမယ့် ကပ်ဆိုးကြီးစီကတော့လွတ်မြောက်ခဲ့ရတာပဲကို… ဒါကြောင့်ပဲ လျန်မိသားစုကမင်းတို့ရဲ့ဆေးကုသစရိတ်တွေအတွက် အပြည့်အဝတာဝန်ယူပေးမယ်တဲ့…”
“ လျန်မိသားစုလား…” မြောင်ဟယ် မှတ်ဉာဏ်ထဲတွင် လိုက်လံရှာဖွေကြည့်သော်လည်း ထိုမိသားစုအကြောင်းနှင့်ပတ်သက်သည့်အရာကိုမူ မတွေ့ခဲ့ပေ။
“ လျန်မိသားစုက သည်မြို့ရဲ့အကောင်းဆုံးမြေပိုင်ရှင်ကြီးတွေထဲက တစ်ခုပဲ…ခင်ဗျားမကြားဖူးဘူးလား… သူတို့နှစ်တိုင်းဆေးခန်းတွေစီ ဆေးပင်တွေအမြဲလှုပြီး ဆန်ပြုတ်ဝေပေးနေကြလေ…သည်တစ်ကြိမ်မှာ ဘေးကပ်ဆိုးကနေ လုံခြုံအောင်လုပ်ပေးနိုင်ခဲ့တော့ ခင်ဗျားရဲ့ခင်ပွန်းက သည်အတိုင်းစေတနာနဲ့လုပ်ပေးခဲ့တယ်ဆိုရင်တောင် လျန်မိသားစုစီကနေ သေချာပေါက် ဆုချီးမြှင့်မှုတွေအများကြီးလက်ခံရလိမ့်မယ်…” အနှီတက်ကြွနေသောအမူအယာအပေါ် ကြည့်ခြင်းအားဖြင့် ကျီကွမ်းထံတွင် လျန်မိသားစုအပေါ် အမြင်ကောင်းရှိမည့်ပုံပင်။
ဤသည်ကိုကြားပြီးနောက် မြောင်ဟယ်တုံ့ပြန်လိုက်သော်လည်း ထိုမျိုးရိုးမြင့်မိသားစုနှင့်ပတ်သက်၍ ဆက်လက်တွေးတောနေခြင်းမရှိပေ။ လက်ရှိခေတ်ကာလတွင် မိသားစုအဆင့်အတန်းများမှာ မျက်မှောက်ခေတ်နှင့်မတူဘဲ ကွာခြားလှပေရာ လျန်မိသားစုအနေဖြင့် သူနဲ့ရန်သာ့လန်တို့၏ ဆေးကုသမှုစရိတ်များအတွက် ပေးချေပေးရမည်မှာ မရှောင်လွှဲနိုင်သောအရာဖြစ်သည်။ သို့တိုင်အောင် မြောင်ဟယ် သူတို့အတွက် အခြားသူမှပေးလာခြင်းမျိုးကို ရိုးစင်းစွာပင်မလိုချင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလုပ်ရပ်၏နောက်ကွယ်တွင် အခြားရည်ရွယ်ချက်များမရှိနေသရွေ့ ၎င်းမှာ ဝမ်းမြောက်စွာလက်ခံရမည့် ကောင်းချီးတစ်ခုသာဖြစ်နေပေလိမ့်မည်။
မိနစ်အနည်းငယ်အကြာတွင် သူ့ဘာသာရုန်းကန်လှုပ်ရှားပြီးသည့်နောက် မြောင်ဟယ် ရန်သာ့လန်၏ဒဏ်ရာများကို မည်ကဲ့သို့ဂရုစိုက်ပေးရမည်ဆိုသည်နှင့် မည်သို့လုပ်ပေးမှ မြန်မြန်သက်သာလာနိုင်မည်ဆိုသည်ကို ကျီကွမ်းထံမေးလိုက်မိသည်။
ကျီကွမ်းပြောပြချက်အရဆိုလျှင် သူ့ဆရာ၏ကုသမှုနှင့်ရောဂါရှာဖွေထားပုံအရ ရန်သာ့လန်မှာ ပထမဆုံးငါးရက်အတွင်း တတ်နိုင်သမျှလှုပ်ရှားခြင်းမပြုသင့်ချေ။ ထိုနေ့များတွင် လတ်လတ်ဆတ်ဆတ်ကျိုးထားသောဒဏ်ရာများနှင့် ပွန်းရာပဲ့ရာများမှာ အနာကျင်ဆုံးဖြစ်နေပေလိမ့်မည်။ ထို့ထက်ပိုသည်မှာ ဤရက်များအတွင်း သမားတော်ကြီးမှ ရန်သာ့လန်သွေးအန်လာခြင်းရှိမရှိနှင့် ရင်ဘတ်တင်းကြပ်မှုရှိမရှိကို ကျွမ်းကျင်စွာစစ်ဆေးပေးထားခဲ့သည်။ ဤမျှသာမက နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကြောင့်လည်း ရန်သာ့လန်အနေဖြင့် ဆေးခန်းတွင် ပို၍ကြာကြာနေသင့်သည်။ အဆိုပါငါးရက်အတွင်း မည်သည့်ဒဏ်ရာအသစ်များကို တွေ့ရှိခြင်းမရှိသည့်အခါမှသာ ရန်သာ့လန် အိမ်သို့ပြန်၍ ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရန်သာ့လန်၏ဒဏ်ရာများအရှင်းပျောက်ကင်းသွားရန်မှာ အနည်းဆုံးသုံးလခန့်ကြာမြင့်နိုင်မည် ထိုရက်တစ်ရာခန့်သောအချိန်အတွင်း နာကျင်မှုကြောင့်နိုးထလာရခြင်းနှင့် သက်သောင့်သက်သာမရှိနေခြင်းတို့ကိုမူ ကြိုတွေးထားသင့်သည်။
“ ခင်ဗျားအတွက်ကတော့ ခင်ဗျားလည်းလဲနေဖို့လိုတယ်လေ… သူ့ကိုသွားတွေ့ပြီးတာနဲ့ အနားယူပါ့မယ်လို့ အခုလေးတင်ပဲပြောထားတယ်မဟုတ်ဘူးလား…”
ကျီကွမ်း၏တဂျီဂျီတကျာကျာဆူပူမှုများဖြင့် မြောင်ဟယ် မည်သို့မှမတတ်နိုင်ဘဲ အိပ်ရာတွင်သာပြန်လဲနေလိုက်ရသည်။
သို့တိုင်အောင် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေဆဲပင်။ တစ်ဖက်ခန်းတွင်ရှိသောလူအကြောင်းကို ခဏမျှတွေးနေမိပြီး အသက်ရှိနေသောမြေဆီလွှာအကြောင်းကိုပါ တမ်းတနေမိသည်။ သာ့ပိုင်အပေါ်တွင်လည်း အလွန်ပင်စိတ်ပူနေမိခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့ယခင်တစ်ခေါက်မြို့သို့မတက်လာခင်က သာ့ပိုင်ကိုဝါးခြင်းတောင်းထဲမှလွှတ်ကာ နောက်ဖေးခြံဝန်းထဲတွင် ဆော့ကစားခွင့်ပေးခဲ့မိသည်။ သူ့အတွက်အထူးလုပ်ပေးသော ထူးခြားသည့်ပုံစံဖြင့်ဇလုံတွင်လည်း သောက်
ရန်ရေဖြည့်ပေးခဲ့ပြီး ဗိုက်ဆာလာပါက နောက်ဖေးခြံဝန်းထဲမှ အရွက်များကိုခူးစားနိုင်သောကြောင့် ပြသနာမရှိပေ။