🧝Chapter 16
၎င်းမှာ အမှန်စင်စစ်ပင် အချိန်၊နေရာနှင့်လူတို့၏ပြီးပြည့်စုံသောတွေ့ဆုံမှုပင်ဖြစ်လေသည်။
ထို့ထက်ပို၍ အံ့ဩစရာကောင်းသည်မှာ မြောင်ဟယ်သွားခဲ့ရသောဆေးဆိုင်မှာ အဝတ်ဆိုင်နှင့်ဆီဆိုင်တို့အကြားတွင်ရှ်ိနေခြင်းပင်။ ထပ်ပေါင်းရမည်ဆိုပါက သူ ယနေ့အောင်မြင်မှုထဲတွင် မြောင်မင်း၏ကျေးဇူးလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေခဲ့သည်။
“ အစ်ကိုဟယ် မင်းတကယ်ပဲအရင်ရောက်နှင့်နေတာပဲ… အဲ ရန်သာ့လန်ကော မင်းနဲ့အတူလိုက်မလာဘူးလား…”
မြောင်ဟယ်၏ ကောင်းကင်ဘုံထက်သို့ ပျံဝဲနေသောအသိစိတ် ခန္ဓာကိုယ်ထဲသို့ပြန်လည်ရောက်ရှိသွားချိန်၌ ယခုလေးတင်မှဝင်လာသည့်မြောင်မင်းရှိနေသော အဝတ်ဆိုင်အဝင်ပေါက်သို့ရောက်ရှိနေသည်ကို သိလိုက်ရသည်။ မြောင်ဟယ် မျက်တောင်တစ်ချက်ခတ်ကာ ပြောလိုက်သည်
“ သာ့လန်ကဆီဆိုင်မှာဆီစောင့်နေတာလေ… နောက်ကြမှလိုက်လာလိမ့်မယ်…”
မြောင်မင်း ချက်ချင်းဆိုသလို မြောင်ဟယ်အနီးသို့ကပ်ကာ တိုးတိုးပြောလိုက်သည် “ အိုက်ယားး ကျွန်တော်အခုပဲ သာ့ဟယ်စားသောက်ဆိုင်က ပြန်လာတာ ယွမ်ကောကိုတွေ့ခဲ့တယ်… သူ့အနားမှာ လူတွေမှဝိုင်းလို့… ကောင်းကောင်းမွန်မွန်ဝတ်စားထားတဲ့ကုန်းဇီအချို့တောင်ပါသေးတာ… မင်းယွမ်ကောကိုတွေ့ခဲ့ပြီးပြီလား…”
“ ဟင့်အင်း ငါသည်မှာပဲမင်းကိုတစ်ချိန်လုံးရပ်စောင့်နေတာလေ ..” မြောင်ဟယ် ရှင်းရှင်းလင်းလင်းပြောလိုက်မိသည်။
မြောင်မင်း၏မျက်လုံးမှာ အနည်းငယ်မှိန်ဖျော့သွားပြီး ပြောလာခဲ့သည် “ သည်လိုဆိုရင် ရန်သာ့လန်လည်း ရှိတာမဟုတ်ဘူး… ကျွန်တော့်အမေကလည်း ဘေးဆိုင်မှာအလုပ်တွေရှုပ်နေတာဆိုတော့ မင်းကိုခေါ်ပြီး တချက်သွားကြည့်ရရင်ကော ဘယ်လိုလဲ…တစ်ခုခုမေ့ကျန်ခဲ့တာရှိလို့ သွားရှာတယ်လို့ပြောလိုက်လို့ရတာပဲဟာ…”
မြောင်ဟယ် ချက်ချင်းဆိုသလို မြောင်မင်း၏စကားကိုဖြတ်ပြောလိုက်သည် “ ဆီကိုထိနိုင်သွားမှတော့ မဖြုန်းတီးပစ်နဲ့တော့… သည်နေ့က မင်းရဲ့အလုပ်အတွက်လာခဲ့တာပဲလေ…အရင်ကစီစဉ်ထားတဲ့အတိုင်း အဝတ်စတွေမရွေးဖြစ်တော့ဘူးဆိုရင် ငါနဲ့သာ့လန်ပဲ ပြန်နှင့်လိုက်တော့မယ်…”
“ ဒါပေမယ့် အစ်ကိုဟယ် မင်းတကယ်ကြီး…”
မြောင်မင်း၏စိုးရိမ်နေသံကိုကြားလိုက်ရချိန်၌ မြောင်ဟယ် အကြောင်းရင်းကိုမသိသော်လည်း သနားနေပုံရသည့် အရိပ်အမြွတ်ကို ခံစားမိလိုက်သည်။
မြောင်ဟယ် လေးနက်စွာပြောလိုက်မိသည် “ တကယ်ပဲ မလိုတာပါ…”
မထင်မှတ်ထားသောငြင်းပယ်ခံရမှုနှင့်အတူ မြောင်မင်း ရိုးသားစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ပါလက်ပါပြောလိုက်သည်
“ သည်လိုဆိုရင်လည်း အဆင်ပြေပါတယ်လေ…အမေကလည်းပြောတယ် လက်ထပ်ပြီးသွားရင် အရာရာတိုင်းက ကွဲပြားသွားမှာဖြစ်လို့ ကိုယ်နဲ့တစ်ဖက်လူတို့အတွက် လိုက်လျောညီထွေဖြစ်ဖို့လိုတယ်တဲ့… မင်းတကယ်ပဲအတိတ်ကို အတိတ်မှာချန်ထားခဲ့ဖို့လုပ်ထားပြီဆိုတော့လည်း ကျွန်တော်သေချာပေါက်မင်းရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပေးသွားမှာပါ…”
ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှမပေးနိုင်သည့်အတွက် မြောင်ဟယ် ကမန်းတန်းစကားလမ်းကြောင်းပြောင်းလိုက်ရသည် “ မြန်မြန်အဝတ်စတွေပဲရွေးစမ်းပါ… ငါသည်မှာအများကြီးမြင်ထားပြီးပြီ… ရွေးဖို့သေချာပေါက်အချိန်အတော်ကုန်လိမ့်မယ်…”
“ အင်းး လျန်ကောကလည်း ကျွန်တော်သဘောကျတာ ရွေးလို့ရတယ်လို့ပြောထားပြီးသားပဲဆိုတော့ ဈေးအတွက်အရမ်းစိတ်ပူနေဖို့မလိုဘူး…”
ဤနေရာ၏ဓလေ့ထုံးတမ်းမှာ ယောင်္ကျားလေးဘက်မှ ရှီဖုအထည်များပင်ဖြစ်နေပါစေ သတို့သမီး၏မိသားစု သဘောကျနှစ်ခြိုက်သော အဝတ်စများအတွက်ပေးရလေ့ရှိပြီး ထိုအမျိုးသမီး သို့မဟုတ် ကောတို့ဘက်မှမိသားစုက အချုပ်အလုပ်အပေါ်တာဝန်ယူရမည်ဖြစ်သောကြောင့် သဘာဝကျစွာပင် မြောင်မင်းထိုသို့ပြောခြင်းဖြစ်သည်။ မြောင်မင်းမှဆက်ပြောလာသည်
“ အမေကတော့ ကျွန်တော့်ကိုဈေးမကြီးတဲ့အစရွေးဖို့မှာလိုက်တာပဲ…ယောင်္ကျားလေးဘက်ကို လက်ထပ်ဝင်ရမဲ့ကောအသစ်လေးဆိုတာက ပိုပြီးဆွဲဆောင်မှုရှိရှိနဲ့ သဘောကျစရာကောင်းဖို့အတွက် ဖြောင့်မတ်နာခံတတ်တဲ့ပုံရိပ်ကို တည်ဆောက်ထားတာ ပိုကောင်းမယ်တဲ့…”
ထိုစကားလုံးများထက်ပို၍ လေးနက်နိုင်မည့်အရာမရှိဟု တွေးလိုက်မိသောကြောင့် မြောင်ဟယ် သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် “ မင်းအမေပြောတာမှန်တယ်… သည်အတိုင်းပဲရွေးလိုက်ပါ…”
သို့သော်လည်း မြောင်မင်းဘက်မှ တုန့်ဆုတ်နေဟန် ပြလာခဲ့သည် “ အစ်ကိုဟယ် မင်းလက်ထပ်တုန်းက ဘယ်အစရွေးခဲ့တာလဲ…”
မြောင်ဟယ် ၎င်းနှင့်ပတ်သက်၍ သူ၏မှတ်ဉာဏ်များထဲတွင် ရှိမနေခဲ့ချေ။ မူလကိုယ်မှာ ရန်သာ့လန်အပေါ် နက်ရှိုင်းသောအတွေးအမြင်မရှိနေခြင်းကြောင့် အရောင်နှင့်အဝတ်စအသားမျိုးကို အရေးတယူမှတ်ထားခြင်းမရှိပေ။ သို့သော်လည်း မြောင်ဟယ် ဤအကြောင်းမဖော်ပြချင်သည့်အတွက် မျက်လုံးထဲတွင်ပေါ်လာသည့် အနီရောင်အဝတ်စတစ်ခုကို ကြုံသလိုညွှန်ပြလိုက်မိသည် “ သည်လိုဟာမျိုးပဲ…”
မြောင်ဟယ် ဆိုင်တွင်းသို့ဝင်လာချိန်မှစ၍ တိတ်တခိုးစောင့်ကြည့်နေမိသော အရောင်းဝန်ထမ်းမှာ ချက်ချင်းဆိုသလို သူတို့အနားသို့ရောက်လာခဲ့သည်။
“ အိုက်ယားး သည်မောင်ငယ်လေးက တကယ့်ကိုမျက်လုံးကောင်းကောင်းရှိတာပဲ…သည်အစက မင်းရဲ့အသားအရောင်နဲ့တကယ့်ကိုလိုက်ဖက်မှုရှိတယ်နော်… ဝတ်လိုက်ရင်တော့ လုံးဝကို လှလှပပလေး ထင်းထွက်နေတော့မှာ…ဘယ်လိုပြစ်ချက်မျိုးမှရှာတွေ့နိုင်မှာမဟုတ်ဘူး… ဒါပေမယ့် ရှီဖုအသားကိုရွေးမယ်ဆိုရင်
ဗီဒိုထဲမှာသည်ထက်ကောင်းတာလေးရှိသေးတယ်…အနီရောင်အစရဲ့အောက်ခြေမှာ ရွှေရောင်ချည်မျှင်တွေထိုးထားတာဆိုတော့ ပိုပြီးထင်ထင်ပေါ်ပေါ်နဲ့တန်ဖိုးမြင့်သလိုထင်ရမှာပေါ့…သည်လိုအထူးလုပ်ထားတဲ့အထည်ဆိုတာ မောင်ငယ်လေးရဲ့အသားနဲ့ဆို လုံးဝကိုဟပ်နေမှာပဲ… မင်းစမ်းဝတ်ကြည့်ဦးမလား… သည်မှာအသင့်လုပ်ပြီးသား အထည်တွေလည်းရှိတယ်ဆိုတော့ စမ်းဝတ်ကြည့်လို့ရပါတယ်…”
အဝတ်အထည်ဆိုင်တိုင်းတွင် မည်သို့သောလူမျိုးများမှာ ဝန်ထမ်းများထံမှအကောင်းဆုံးချီးကျူးမှုကို ရရှိနိုင်မည်နည်း… ပထမအဆင့် ငွေကြေးချမ်းသာကြွယ်ဝသူများပြီးလျှင် ဒုတိယလိုက်နေသည်မှာ ရုပ်ရည်ချောမောလှပသူများသာဖြစ်သည်။ သင်ဟာ ကြည့်ကောင်းသောရုပ်ရည်ရှိပြီး အထည်အချို့ကို အကြိမ်ရေအနည်းငယ်မျှစမ်းဝတ်ကြည့်ချင်စိတ်ရှိနေသရွေ့ မူလတွင် သာမန်နှင့်အလယ်အလတ်ဆင့်မျှသာရှိသောအင်္ကျီသည်ပင် တစ်ခါနှစ်ခါမျှဝတ်ကြည့်ပြီးချိန်၌ ပို၍ကြည့်ကောင်းလာပေလိမ့်မည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ဆိုင်များတွင် လာဝယ်ကြသည့်ဖောက်သည်များမှာ အဆိုပါလက်တွေ့ကျသည့် အရောင်းနည်းစနစ်အတွင်း ကျဆင်းသွားပြီး အများအပြားဝယ်ယူသွားမိကြခြင်းဖြစ်သည်။
မြောင်ဟယ်ကဲ့သို့ ကြည့်ကောင်းသောရုပ်ရည်၊ ဖြူဝင်းသောအသားနှင့် မျက်လုံးဝိုင်းကြီးများရှိသူမျိုးမှာ ချက်ချင်းဆိုသလို ဈေးဆိုင်ဝန်ထမ်း၏အာရုံစိုက်မှုကို ရရှိနိုင်သည်။
မြောင်ဟယ် ခေါင်းကိုသာအမြန်ယမ်းလိုက်ရသည် “ ကျွန်တော်ဝယ်ဖို့လာတာမဟုတ်ပါဘူး…သည်ညီအစ်ကိုကသာ ရွေးချင်တာပါ…”
မှားယွင်းသတ်မှတ်ခံလိုက်ရသည့်မြောင်မင်းမှာ အနည်းငယ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ ယခုလေးတင်ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းမှာ ယခင်အချိန်များလိုပင်။ လူတိုင်း၏အကြည့်များမှာ မြောင်ဟယ်ထံတွင်သာရှိကြပြီး သူ့အပေါ်လျစ်လျူရှု အရေးမစိုက်ခဲ့ကြချေ။ ထိုမမျှတသောဆက်ဆံမှုအတွက် မြောင်မင်းကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲတွင်မကျေမနပ်ပြောလိုက်မိသည်။ မြောင်ဟယ်က မင်္ဂလာဆောင်ပြီးတဲ့သူတွေဝတ်တဲ့ ပျော်ရွှင်မှုသင်္ကေတအဝတ်မျိုး ဝတ်ထားတာတောင်မှ ဘာလို့အရောင်းဝန်ထမ်းက မမှတ်မိနိုင်ရတာလဲ….
အရောင်းဝန်ထမ်းသည်လည်း အလျင်အမြန်တုံ့ပြန်နိုင်ခဲ့သည်။ သူ၏မျက်လုံးများမှာ မြောင်မင်းထံသို့ အကြည့်ရွေ့သွားပြီး ပြုံးကာပြောလိုက်သည်
“ အာ အစတုန်းက သည်မောင်ငယ်လေးက အရမ်းငယ်ပုံရတော့ အသက်မပြည့်သေးဘူးထင်လိုက်မိတာ…အမြင်မှားသွားမယ်လို့ မထင်ထားခဲ့ဘူး… ဟဲဟဲ သည်ကမောင်ငယ်လေးနဲ့ဆိုရင်လည်း သေချာပေါက် လိုက်ဖက်နေမှာပါနော်… လုံးဝကို ငယ်ရွယ်နုပျိုပြီး ထင်ပေါ်သွားမှာပေါ့…”
ထိုစကားကိုကြားလိုက်ရချိန်မှသာ မြောင်မင်း၏စိတ်ထဲမှ တိမ်စိုင်များလွင့်ပြယ်သွားကာ ရွှင်ပြလာခဲ့သည် “ အမ်းးး သည်တစ်ထည်က ရွှေချည်ထိုးနဲ့ဆိုတော့ ဈေးကဘယ်လောက်တဲ့လဲ…”
အရောင်းဝန်ထမ်းမှ တံတွေးများလွင့်စင်လာလုမတတ်ပင် ကမန်းကတန်းပြန်ဖြေလာသည် “ သည်လိုရွှေချည်ထိုးထားတဲ့ လက်ရာပြောင်မြောက်မှုရယ် အဝတ်စရဲ့အရည်အသွေးရယ်နဲ့ဆိုရင် သေချာပေါက်ဈေးမများပါဘူးနော်…တစ်ပေကိုမှ ငွေတေး တစ်ဆယ့်ငါးဆင့်ပဲကျပါတယ်…သည့်ထက်ပိုပြီးဝယ်ချင်တယ်ဆိုရင်တော့ ကျွန်တော်ဆိုင်ရှင်စီသွားပြီးမေးပေးလို့ရပါတယ်… ဈေးညှိလို့ရသွားတာပေါ့…”
ကောများ၏ကိုယ်လုံးကိုယ်ပေါက်မှာ အမျိုးသမီးများနှင့်ဆင်တူသောကြောင့် ခြောက်ပေစာဆိုလျှင် အဝတ်တစ်စုံအတွက်လုံလောက်ပြီဖြစ်သည်။ သို့သော်လည်း မင်္ဂလာဝတ်စုံအတွက်မှာမူ မတူညီပေ။ ၎င်းတွင် ထပ်ခါထပ်ခါခေါက်ရသောအလွှာများပါဝင်သည့်အတွက် အဆုံးတွင် အဝတ်စမှာ ရှစ်ပေအထိကုန်ကျမည်ဖြစ်သည်။ အကယ်၍သာ တစ်ပေအတွက် ငွေတေးတစ်ဆယ့်ငါးဆင့်ကျသင့်မည်ဆိုလျှင် ရှစ်ပေဆိုပါက ငွေတစ်တေးနှင့်ပြားနှစ်ဆယ်ကျသင့်မည်ဖြစ်ရာ အတော်အတန်ဈေးများသင့်ဟုဆိုနိုင်သည်။
ထိုအချိန်တွင် မြောင်မင်းနျန်သည်လည်း သူမ၏သမီးကိုခေါ်ကာဆိုင်တွင်းသို့ဝင်လာခဲ့သည်။
သယ်ဆောင်လာသောအထုပ်ကြီးကြီးငယ်ငယ်များနှင့် သူတို့၏မျက်နှာပေါ်မှ ပျော်ရွှင်နေသောအမူအယာများကို ကြည့်ခြင်းအားဖြင့် ယခုလေးတင်မှ ပစ္စည်းအမြောက်အမြားဝယ်ယူခဲ့ကြကြောင်းကို ပြောနိုင်လေသည်။ ၎င်းမှာ မြောင်ဟယ့်မှတ်ဉာဏ်အတွင်းမှ မြောင်မင်းတို့မိသားစု၏ချို့တဲ့ပုံနှင့်ဆိုလျှင် အတော်လေးကွဲပြားနေသောမြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။ သို့သော်လည်း အကြီးဆုံးအစ်ကိုမှာ မင်္ဂလာဆောင်တော့မည်ဖြစ်ခြင်းကြောင့် သူတို့ဤမျှအထိသုံးစွဲခဲ့ကြခြင်း ဖြစ်နိုင်ပေမည်။
မြောင်ဟယ်၏အတွေးရေယာဉ်အဆုံးသတ်ခါနီးအချိန်တွင် မြောင်မင်းမှာ မိခင်ဖြစ်သူနှင့်ဆွေးနွေးရင်းဖြင့် အနည်းငယ်ကတောက်တဆဖြစ်နေလေသည် “ ကျွန် ကျွန်တော်ကတော့ အစကကောင်းတယ်လို့ထင်တယ်… တခြားဘယ်ဟာကမှ သည်ဟာလောက် မတောက်ပြောင်ဘူးလေ…ဘာလို့ထပ်ပြီးစဉ်းစားစေချင်ရတာလဲ…”
“ မရဘူး… တစ်တေးနဲ့ပြားနှစ်ဆယ်ဆိုတာက များလွန်းအားကြီးတယ်… သည်ဟာကိုဝယ်ပြီးတော့ မြောင်လျန်နဲ့လက်ထပ်တဲ့ပထမဆုံးနှစ်မှာ မင်းတို့အနောက်ဘက်လေကိုစားပြီးရှင်သန်ကြမလို့လား…မင်းကအသက်ကြီးနေပြီနော် အိမ်တစ်အိမ်ကို ကိုယ့်ဘာသာကိုယ် သေချာစီမံခန့်ခွဲရတော့မှာ…ငါအခုပြောခဲ့သလိုပဲ လက်ထပ်ပြီးတာနဲ့ မင်းကိစ္စတွေကို ဘယ်သူကမှ အရေးမစိုက်တော့ဘူးလို့ ထင်နေတာလား…”
“ ဒါပေမယ့် လျန်ကောက ကျွန်တော်ကြိုက်တာဘာဖြစ်ဖြစ်ရွေးလို့ရတယ်လို့ ပြောထားတယ်လေ… ဟုတ်ပြီ အမေပြောတာလည်း မှန်တယ်ဆိုပေမယ့် သည်ရွေးချယ်မှုက ကျွန်တော့်ခင်ပွန်းရဲ့မိသားစုအပေါ်လည်း သက်ရောက်နေတာပဲလေ… ကျွန်တော်သာအရမ်းဈေးနည်းတာကိုရွေးလိုက်ရင် လျန်ကောသေချာပေါက်စိတ်ဆိုးလိမ့်မယ်…တချို့သူတွေအတွက် မင်္ဂလာဝတ်စုံလိုမျိုးအရာတွေက လူတစ်ယောက်ရဲ့ငွေရေးကြေးရေးနဲ့ဆက်စပ်တယ်ဆိုပြီး အစွဲကြီးကြတယ်…တကယ်လို့ ကျွန်တော်သာ သည်တစ်ခုကိုရွေးလိုက်ရင် လူတွေက လျန်ကောကို ငွေတစ်တေးတောင်မတတ်နိုင်ဘူးဆိုပြီး ထင်ကုန်ကြမှာ…”
“ ဘယ်လိုပဲဖြစ်ဖြစ် ငွေတစ်တေးနဲ့ပြားနှစ်ဆယ်ကတော့ အရမ်းဈေးကြီးလွန်းတယ်…ဒါမှမဟုတ် အလယ်အလတ်တန်းစားကိုရွေးရင်ကော…သည်အနီရောင်ကြိုးလေးတွေပါတာမျိုးလိုပေါ့… သည်ဟာကကော မလှဘူးလား…”
“ ကျွန်တော်ကတော့ ရွှေချည်ထိုးထားတဲ့ သည်တစ်ထည်ကိုပဲ သဘောကျတာ…” မြောင်မင်းမှာ အဝတ်စကို ဆက်၍ထိကြည့်နေခဲ့သည်။ ကြည့်ရင်းဖြင့် အစအပေါ်ပို၍သဘောကျလာကာ လက်မလွှတ်နိုင်ဖြစ်လာရသည်။
အရောင်းဝန်ထမ်းသည်လည်း သားအမိနှစ်ယောက်အကြားရှိ တောက်လောင်နေသောစကားဝိုင်းအတွင်း ခုန်ဝင်လာကာ မြောင်မင်းဘက်မှလိုက်၍ပြောဆိုလိုက်သည် “ သည်ကအဒေါ်ရေ မင်္ဂလာဝတ်စုံဆိုတာ တစ်သက်မှတစ်ခါပဲဝယ်ရတာလေ…ပြီးတော့ သည်ဆိုင်အပြင် ရွာထဲကတခြားဆိုင်တွေမှာ ရှာလို့မရနိုင်တော့ဘူး….နောက်ကြမှ နောင်တရနေရင် တစ်သက်လုံးနောင်တရသွားမှာနော်… သည်ကကောငယ်လေးကလည်း အရမ်းသဘောကျနေတာဆိုတော့ အသင့်လုပ်ထားတဲ့ဝတ်စုံရှည်တွေကို စမ်းဝတ်ကြည့်မယ်ဆိုရင်ကော ဘယ်လိုလဲ…”
“ အားနျန် ကျေးဇူးပြုပြီး… တကယ်လို့သာ ခုနစ်ပေအတိဖြတ်နိုင်ရင် ကျွန်တော်တို့မိသားစုဘက်က တိတ်တဆိတ်ပိုက်ဆံနည်းနည်းစိုက်လိုက်လို့ရတယ်လေ… သည်လိုသာဆိုရင် အတူတူပဲမဟုတ်လား…” မြောင်မင်းမှာ အသနားခံလိုက်သည် “ အခုလေးတင်ပဲ အစ်ကိုဟယ်ကလည်း သည်ဟာကိုလှတယ်ဆိုပြီးပြောထားတာ… သူ့ရဲ့အမြင်ကို အားနျန်မယုံဘူးလားဟင်…”
ထိုစကားများ သူမ၏နားထဲသို့ ဝင်လာချိန်တွင် မြောင်မင်းနျန်၏မျက်နှာမှာ ပို၍ပင်ဆိုးရွားလာကာ ခေါင်းကိုဆတ်ခနဲလှည့်၍ မြောင်ဟယ်ထံသို့ပြေးသွားလိုက်သည်။
“ တကယ်ပဲနင့်ကိုး…နင့်စကားတွေကြောင့် သည်လိုဖြစ်နေရလားဆိုတာ သိချင်သား…မဟုတ်ရင် မင်းကောအာလို ကောင်းမွန်တဲ့ကောတစ်ယောက်က သည်လိုဈေးကြီးတဲ့အစကို ရွေးရဲတဲ့သတ္တိရှိမှာလဲ…အရမ်းလောဘကြီးတာပဲ…ဘယ်လိုလုပ်ပြီး သည်လောက်ပုပ်သိုးနေတဲ့နှလုံးသားရှိရတာလဲနော်…လက်ထပ်ပြီးပြီးချင်းပဲ ဓလေ့ထုံးတမ်းတွေကို ဖီဆန်ပြီး ကိုယ့်ကိုကိုယ်အရှက်ခွဲခဲ့တာ… အခုကြတော့လည်း နင်နဲ့အတူအဖော်လုပ်ပေးဖို့ မြှောက်ပေးနေပြန်ပြီလား…”
တစ်ကြိမ်ထပ်မံ၍ ကြိမ်းမောင်းခံလိုက်ရသော မြောင်ဟယ်မှာ မတရားခံစားလိုက်ရသည်။ ထို့အတူ မြောင်မင်းသည်လည်း ဒေါသထွက်လာပြီး မသိစိတ်မှအရှေ့သို့ထွက်ကာပြောလိုက်မိသည် “ အားနျန် ဘာတွေပြောနေတာလဲ… အစ်ကိုဟယ်က သည်လိုမျိုးဆိုလိုခဲ့တာမဟုတ်ဘူးလေ…”
ကံစေရာအတိုင်းပင် ထိုအချိန်၌ ရန်သာ့လန်မှာ အိတ်ကြီးအိတ်ငယ်များကိုသယ်ဆောင်လျက် ဆိုင်ထဲသို့ဝင်လာခဲ့သည်။
အခုလေးတင် အော်ပြောလိုက်တဲ့အသံကို တစ်ဆိုင်လုံးရှင်းရှင်းလင်းလင်းကြားသွားရမှာကိုတော့ စိုးရိမ်မိသား… မြောင်ဟယ်တွေးလိုက်မိသည်။
မြောင်ဟယ် မျက်လုံးကိုအပေါ်သို့မော့ကြည့်လိုက်သည်နှင့် ရန်သာ့လန်၏မျက်လုံးများနှင့်ဆုံလိုက်ရသောကြောင့် သူ့ကိုအနည်းငယ်ရှက်သွားစေသည်။
သူ့ကိုယ်သူအတွက်သာမက ရန်သာ့လန်၏အကျိုးအတွက်ပါ တစ်ခုခုပြောသင့်သည်ဟု တွေးမိသည့်အတွက် မြောင်ဟယ်ထပြောလိုက်သည် “ အဒေါ်ယွင် နားလည်မှုလွဲနေပါပြီ… ကျွန်တော်သည်နေရာကိုရောက်နေပြီး ရွေးချယ်မှုတွေလုပ်မိမှာစိုးလို့ သည်ဟာကိုမရွေးခဲ့ဘူးနော်…ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အမှားတွေအများကြီးလုပ်မိခဲ့တယ်ဆိုပေမယ့် သည်လိုမျိုးတော့ မျက်နှာလွှဲခဲပစ်မလုပ်ပါဘူး…”
ထိုသို့ပြောလိုက်ချိန်တွင် မြောင်မင်းတို့၏ကတောက်ကဆကြောင့် ဆိုင်အတွင်းလှည့်လည်ကြည့်ခြင်းကို ရွှေ့ဆိုင်းခံလိုက်ရသည့် အနည်းငယ်ဝဖိုင့်ဖိုင့်နှင့်အိမ်ထောင်ရှင်အမျိုးသမီးကြီးတစ်ဦးမှ မနေနိုင်ဘဲ ဝင်ပြောလာသည် “ ဟုတ်ပါ့… သည်ကအဒေါ်ရေ သည်ကောငယ်လေးက အဝတ်စနဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့တာကို ကျွန်မအခုလေးတင်မြင်ခဲ့တာပါနော်…”
မြို့ထဲတွင်နေထိုင်ကြသူများမှာ သဘာဝကျစွာပင် ကျေးလက်တောရွာရှိလူများထက် စကားအနည်းငယ်ပိုပြောတတ်ကြပြီး သူတို့၏စာပေနှင့်အနုပညာကို အလေးထားမှုကြောင့်သာ အလွန်အကျွံတည့်တိုးမပြောကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အဆိုပါကြိမ်းမောင်းမှုမှာ ဆိုင်ထဲတွင်ပြန့်နှံ့သွားသည့်အတွက် ထိုအတိုင်းရပ်ကြည့်နေနိုင်သည့် နှလုံးသားမရှိသော အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးမှာ ဝင်ရောက်စွက်ဖက်ကာ ပြောလာရခြင်းဖြစ်လေသည်။
ဤကဲ့သို့သောအခြေအနေမှာ မြောင်မင်းမိခင်၏မျက်နှာကို ရှက်ရွံ့မှုကြောင့် နီမြန်းသွားစေသည်။ အကယ်၍သာ မြောင်ဟယ်၏စကားတန်ဆာဆင်ထားမှုကြောင့်သာ မဟုတ်ခဲ့ပါက သူတို့မိသားစု၏ကောလေးမှာ သူမ၏စကားအတိုင်းသာနာခံလိမ့်မည်ပင်။
မည်သို့ပင်ဆိုစေကာမူ မြောင်ဟယ်မှာ ထိုနေရာတွင်ဆက်နေပြီး လူတိုင်း၏မျက်နှာနီနီများကို ကြည့်ရှုရန် စိတ်မဝင်စားနေပေ။ အဝတ်ဆိုင်မှ အရောင်းဝန်ထမ်းသည်ပင် ထိုကတောက်ကဆကြောင့် ရှက်ရွံ့နေရသည်။ သူ့ဘက်မှဝင်ပြောပေးသည့် ကြင်နာသောအမျိုးသမီးကို တစ်ချက်ပြုံးပြလိုက်ပြီးနောက် မြောင်ဟယ် တံခါးဝတွင်ရပ်နေသောရန်သာ့လန်ထံသို့ အမြန်လျှောက်သွားလိုက်သည် “ အဆင်ပြေပါတယ်…. သွားရအောင်လေ…”
မြောင်မင်းမှာ အဆုံး၌ သူတစ်စုံတစ်ရာကို ရှုပ်ထွေးစေမိသည်အား သဘောပေါက်သွားခဲ့ပြီး ကမန်းကတန်းလှမ်းပြောလိုက်မိသည်
“ အစ်ကိုဟယ် စောင့်ပါဦး… သည်လိုမဟုတ်.. ကျွန်တော်က…”
သို့သော်လည်း မြောင်ဟယ်မှ ပြတ်သားစွာပင် တစ်ချက်ပြန်လှည့်ကြည့်ကာ လက်ယမ်းပြလိုက်သည်
” ကောင်းကောင်းရွေးနော်…”
မြောင်ဟယ်တံခါးစီသို့ရောက်သွားချိန်တွင် ရန်သ့ာလန်မှာ အထုပ်များကို ဘယ်လက်တွင်ရော ညာလက်တွင်ပါ သယ်ဆောင်ထားပြီး ၎င်းတို့၏အလေးချိန်မှာ မပေါ့ပါးချေ။ ရန်သာ့လန် မြောင်ဟယ် သူ့အနီးသို့ရောက်လာသည်နှင့် မြောင်ဟယ်၏လက်ကို ကိုင်ထားရန်အလို့ငှာ ဘက်ဘယ်လက်မှ သယ်ဆောင်ထားသည့်အထုပ်များကို ညာဘက်သို့ပြောင်းကိုင်လိုက်သည်။
ဖြစ်နိုင်သည်မှာ ဤကဲ့သို့လှုပ်ရှားမှုလေးဖြင့် လူတိုင်းအား သူ၏ကောငယ်လေးအပေါ် ချစ်မြတ်နိုးမှုနှင့် မည်သည့်အခြေအနေတွင်မဆို ကာကွယ်သွားမည်ဖြစ်ကြောင်းကို ပြသနေပုံပင်။
အခြားသူများမည်မျှပင်ပြောနေကြပါစေ သူဂရုမစိုက်ပါ…