🧝Chapter 15
အတွေးများထဲ နစ်မြုပ်နေလျက် မြောင်ဟယ် ရန်သာ့လန်၏နောက်သို့ ကြောင်အမ်းအမ်းဖြင့် လိုက်ကာ ဆေးဆိုင်စီသို့ သွားလိုက်ကြသည်။ ဆေးဆိုင်သို့ လပေါင်းများစွာ မကြာခဏလာခဲ့သူတစ်ဦးအနေဖြင့် ရန်သာ့လန်မှာ ရင်းနှီးနေသူတစ်ဦးဖြစ်လာခဲ့သည်။ သူဆိုင်တွင်းသို့ဝင်သွားလိုက်သည်နှင့် တစ်စုံတစ်ရာကို စီမံနေပုံရသောဝန်ထမ်းများမှာ ရန်သာ့လန်ကို သတိမပြုမိကြချေ။ ထိုအစား ကိုယ်ဟန်တောင့်တင်းပုံရသောဆိုင်ရှင်မှ သူတို့ကိုနှုတ်ဆက်လာသည်။
“ အိုက်ယားး သာ့လန်မဟုတ်လား… သည်နေ့ကော ဆိုင်ကိုဘာပစ္စည်းကောင်းတွေများ ယူလာပြန်တာလဲ…အိုးး ဟုတ်သား အရင်တစ်ခါ မင်းထားခဲ့တဲ့မြွေကို အပြည့်အဝငွေချေပြီးသွားပြီ…သမားတော်အိုကြီးတစ်ယောက်က ဆိုင်ထဲဝင်လာပြီး ဟိုဟိုဒီဒီပတ်ကြည့်ရင်းနဲ့ သူ့မျက်လုံးတွေက အဲ့သည့်စင်ပေါ်မှာရှိတဲ့မြွေစီရောက်သွားတယ်လေ… ဒါနဲ့ပဲ ချက်ချင်းကောက်ယူသွားတာ… သည်မှာပတ်ကြည့်နေတဲ့တလျောက်လုံးတောင် လက်မချခဲ့ဘူးလေ…ခဏနေကြရင် မင်းကိုငွေချေပေးလိုက်တော့မယ်နော်…တောင်းထဲမှာ ကောင်းတာလေးတွေပါရင်လည်း ငါတို့စီကိုအရင်ဝင်လှည့်ပါဦး ဟုတ်ပြီလား…”
“ ကောင်းပြီ…” ထိုစကားမှလွဲ၍ သာ့လန် မည်သည့်အရာကိုမှမပြောခဲ့ချေ။ ကျောပေါ်မှခြင်းတောင်းကို အမြန်ချကာ မြောင်ဟယ်ပြုလုပ်ထားသည့်တန့်ရှန်းအချပ်များကို ထုတ်ယူလိုက်ပြီး ဈေးဆိုင်ခုံပေါ်တွင် တိုက်ရိုက်တင်လိုက်သည်။
ပထမဆုံးအကြည့်တစ်ချက်မှာပင် ဆိုင်ရှင်မှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားရသည် “ အာ ဘာလို့အားလုံးကိုလှီးလိုက်တာလဲ…သည်ဆိုင်မှာက ကြိုတင်လှီးဖြတ်ထားတဲ့ပစ္စည်းတွေလက်မခံဘူးဆိုတာ မင်းလည်းသိသားပဲကို…အရင်ကလည်း မင်းငါတို့ကိုတစ်ပင်လုံးမပေးဖူးဘူးဆိုပေမယ့်ပေါ့.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သည်ဟာကို တားမြစ်ထားတုန်းပဲ…နောက်ဆုံးကြတော့ ဆေးပင်တွေကိုလှီးဖြတ်ထားတာနဲ့ပတ်သက်ပြီး အမှားအယွင်းရှိသွားရင် ဆေးရဲ့ဂုဏ်သတ္တိကိုလည်း အလွယ်တကူသက်ရောက်နိုင်တယ်လေ….” ဆိုင်ရှင်မှ စကားတပြောပြောဖြင့် တန့်ရှန်းအပိုင်းအစတစ်ခုကိုယူကာ စစ်ဆေး၍ အနံ့ခံကြည့်လိုက်ပြီး လျှာနှင့်ယက်ကြည့်လိုက်သည်။
ရန်သာ့လန်၏အနောက်တွင်ရပ်နေသော မြောင်ဟယ်မှာမူ ပြူးကျယ်နေသည့်မျက်လုံးများဖြင့် ထိုမြင်ကွင်းကိုကြည့်ကာ သူ၏မျက်တောင်များနောက်တွင် တုန်လှုပ်မှုမှာ ခုန်ပေါက်နေခဲ့သည်။
သူသည်လည်း ၎င်းတို့ကိုမလှီးပစ်ချင်ပေ။ သို့သော်လည်း ပုံမှန်မဟုတ်ဘဲ ကြီးထွားနေသည့်တန့်ရှန်းမြစ်များကြောင့် သူဤသို့သာမလှီးပစ်ပါက ထူးဆန်းမှုတစ်စုံတစ်ရာကို သတိပြုမိသွားကြမည်မဟုတ်ပါ၏လော…ထို့အတွက်ကြောင့်ပင် မြောင်ဟယ် အားလုံးကို ပြတ်ပြတ်သားသားလှီးဖြတ်၍ ရန်သာ့လန်၏ခြင်းတောင်းထဲသို့ ထည့်ခဲ့ရခြင်းဖြစ်သည်။ သူတို့မူလအစတွင် တောင်မှတူးယူခဲ့သောတန့်ရှန်းများအပြင် သူ၏အဆင့်မြှင့်တင်ထားသည့်တန့်ရှန်းများကိုပါ ရောထည့်ခဲ့ရသည်။
“ သည်ဟာက မင်းငါ့ကိုဘယ်လောက်ပေးပြီး ငါဘယ်လောက်ယူမယ်ဆိုတဲ့အပေါ်မူတည်တယ်… မဟုတ်ရင် အရည်အသွေးက… နေဦး သည်အရည်အသွေးက အတော်လေးကိုကောင်းနေပါ့လား.. တစ်ချက်ကြည့်ရအောင် … သည်ဟာရောပဲ.. အာ သည်တစ်ချပ်ကော.. ဟိုတစ်ချပ်ကော ပါပဲလား ..”
ဆိုင်ရှင်၏မျက်လုံးများမှာ အမှန်တကယ်ကိုပင် လျင်မြန်လှပြီး မြောင်ဟယ်ထံသို့ကျရောက်သွားသည်
“ သည်တန့်ရှန်းတွေရဲ့အရောင်က သူတို့ရဲ့နှစ်ကိုကိုယ်စားပြုပြီး အရသာကစစ်မှန်မှုကိုကိုယ်စားပြုတယ်…သည်အချပ်တွေက တကယ့်ကို ထိပ်တန်းအရည်အသွေးရှိနေတာ…မင်းတို့တကယ့်ကိုကံကောင်းလာကြပုံပဲ… ဘယ်လိုလုပ်ပြီး သည်လိုထိပ်တန်းအဆင့်ကျော်လွန်နေတဲ့တန့်ရှန်းတွေကို ရလာကြပါလိမ့်…”
စိတ်လှုပ်ရှားစွာ ပေါက်ကွဲပြီးနောက်တွင် ဆိုင်ရှင်မှ ရင်ဘတ်ကိုထုကာ ပြောလာခဲ့သည် “ ဒါကြောင့် မင်းတို့ သည်ဟာတွေကို မလှီးခဲ့သင့်တာပေါ့…မဟုတ်ရင် သည်ဖြတ်တောက်ထားတဲ့အရာတွေကို ဂျင်ဆင်းအဖြစ်ရောင်းဖို့က ခက်ခဲသွားမှာ…ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက်တန်ဖိုးတော့ရှိပါလိမ့်မယ်…”
ထိုစကားကိုကြားလိုက်ရချိန်တွင် ရန်သာ့လန်၏မျက်ခုံးမှာ ကျုံ့သွားခဲ့ရသည်။ သေသေချာချာစဉ်းစားကြည့်လေလေ သူဤကဲ့သို့ထူးခြားနေသောတန့်ရှန်းများတူးယူခဲ့သည့် မှတ်ဉာဏ်မျိုးမရှိဖူးသည်ကို မှတ်မိလေလေပင်ဖြစ်သည်။ ၎င်းကိုသတိပြုမိသွားသည့်အတွက် မြောင်ဟယ် မိမိကိုယ်ကိုအပြစ်တင်ဟန်ဖြင့် စကားဝိုင်းတွင်းသို့ ကမန်းကတန်းခုန်ချလိုက်ရသည် “ အာ ဒါတွေအားလုံးက ကျွန်တော့်အပြစ်တွေကြီးပါပဲ… သည်အတိုင်းရောင်းရင် ပိုရောင်းကောင်းမယ်လို့ထင်ပြီး အရှုပ်တွေလုပ်လိုက်မိတာ…အခုတော့ဘယ်လိုလုပ်ရပါ့မလဲနော်….”
အတိအကျပင် ရန်သာ့လန်၏အတွေးမှာ ကြားဖြတ်ခံလိုက်ရသည့်အတွက် သူ၏အာရုံစိုက်မှုမှာ ပြောင်းလဲသွားခဲ့သည်။ ရန်သာ့လန် အနောက်သို့လှည့်ကာ သူ၏ကောငယ်လေးကို နှစ်သိမ့်ပေးလိုက်သည် “ ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံနဲ့လဲလို့ရသေးတာပဲကွာ…”
“ ဟုတ်တယ် ဟုတ်တယ် ညီငယ်လေးရေ မင်းစိုးရိမ်နေဖို့မလိုပါဘူး…အတိုချုံးရမယ်ဆိုရင် နောက်တစ်ခါကြ သည်လိုအရည်အသွေးမျိုးနဲ့တန့်ရှန်းတွေရမယ်ဆိုရင် သည်ဆိုင်မှာလာရောင်းဖို့မမေ့နဲ့နော်… အော် ပြီးတော့ မဖြတ်ပစ်လိုက်ဖို့လဲ မှတ်ထားပါဦး ..”
အတိတ်တွင် မူလကိုယ်ထံတွင် မြို့သို့လာရောက်နိုင်မည့်အခွင့်အရေးအလွန်နည်းပါးခဲ့ပြီး ဆေးဆိုင်များဆိုလျှင် ပို၍ပင်နည်းပါးနေသေးရာ ဆေးဆိုင်ပိုင်ရှင်မှာ မူလကိုယ်မည်သူဖြစ်သည်ကို မသိနေသောကြောင့် မြောင်ဟယ်အပေါ်တွင် အခြားသူများကဲ့သို့ပင် တရင်းတနှီးဆက်ဆံပေးခဲ့သည်။
မြောင်ဟယ် သက်သာရာရစွာဖြင့် ပြုံးလိုက်မိသည် “ သည်လိုဆိုရင်လည်း ကျေးဇူးပါနော် ဆိုင်ရှင်ကြီးရေ…နောက်ကြရင် သာ့လန်နဲ့အတူ ပိုပြီးများများတူးနိုင်အောင် အလုပ်ကြိုးစားပါ့မယ်…”
ထို့နောက် အခြားသောဆေးဖက်ဝင်ပစ္စည်းများဖြစ်သည့် ရက်စ်ဘယ်ရီသီးများကဲ့သို့သောအရာများကို ရန်သာ့လန်ထုတ်ယူလိုက်ပြီး ယခင်မြွေရောင်းချရာမှရရှိသောငွေအပါအဝင် စုစုပေါင်းငွေကြေးတန်ဖိုးကို တွက်ချက်နေသည်အား စောင့်ဆိုင်းနေလိုက်သည်။ အဆုံး၌ လူတိုင်းအံ့ဩနေသည့်အတိုင်း ငွေတစ်တေးနှင့်ခုနစ်ပြားရရှိသွားကာ အမှန်တကယ်ကိုပင် သူတို့ဝင်ငွေ၏ နှစ်ဆရရှိသွားခဲ့သည်။
မြောင်ဟယ်၏မျက်လုံးများပြူးကျယ်သွားရကာ အသံကိုနှိမ့်၍မေးလိုက်မိသည် “ သည်ဆေးဖက်ဝင်ပစ္စည်းတွေကို ဘယ်လိုလောက်ပြီး သည်လောက်ဈေးမြင့်မြင့်နဲ့ရောင်းနိုင်ရတာလဲ…”
ဆိုင်ပိုင်ရှင်မှ မြောင်ဟယ်၏စကားသံတိုးတိုးကိုကြားလိုက်ရချိန်တွင် ပြုံးလျက်ပြန်ဖြေပေးလိုက်သည်
“ အများစုကတော့ မြွေရောင်းတာကနေရတာပါ… ဘယ်လိုပဲဖြစ်ဖြစ် တန့်ရှန်းတွေရဲ့အရည်အသွေးကလည်း ကောင်းမွန်နေတော့ ဈေးလည်းကောင်းသွားတာပေါ့…ငါပြောမယ် မင်းတို့တွေက တကယ်ကိုကံကောင်းသွားတာ.. ဒီဆိုင်ရှင်တော့မဟုတ်ဘူး…အိုးး ငါတော့မဟုတ်တာတွေပြောနေမိတာပဲ… မင်းရဲ့ကောငယ်ငယ်လေးပုံစံကိုကြည့်ရုံနဲ့တင် ဖြစ်နိုင်တာက မင်းကသာ့လန်လက်ထပ်ထားတဲ့တစ်ယောက်မဟုတ်ဘူးလား…”
သူ၏ဘေးနားမှလူကြီးနှင့် ဤကဲ့သို့စကားပြောနိုင်ရုံသာမက ထိုလူကြီး၏ခြင်းတောင်းထံမှပါ ထုတ်ယူနိုင်ပေရာ မေးနေရန်ပင်မလိုချေ။ ဤသည်မှာ သာ့လန်၏ကောငယ်လေးဖြစ်ရပေမည်။
သူပြောင်ပြောင်တင်းတင်းစနောက်ခံရသည်ကို သဘောပေါက်လာရန် အချိန်အတော်ကြာယူလိုက်ရပြီးနောက် မြောင်ဟယ် ခပ်ပေါ့ပေါ့သာရယ်လိုက်ရကာ ရန်သာ့လန်၏အနောက်တွင် သူ့ကိုယ်ကိုဆုတ်ဖြဲ၍ဝင်နေချင်သည့်အတိုင်း ပုန်းခိုလိုက်မိသည်။
ဤသို့ဖြင့် ဆေးဆိုင်မှ ထွက်လာချိန်မှသာ မြောင်ဟယ်၏ပခုံးများလျော့ကျသွားရပြီး ရန်သာ့လန်သည်လည်း ၎င်းတို့အားလုံး
ကိုမြင်တွေ့ခဲ့သည်။ ရန်သ့ာလန်၏မျက်နှာပေါ်တွင် အပြုံးမရှိနေသော်လည်း ရှားပါးလှစွာဖြင့် သူ၏ဘက်မှဦးစွာမြောင်ဟယ်၏လက်ကိုကိုင်ကာ ပြောလာသည် “ ဟင်းခတ်အမွှေးအကြိုင်ဆိုင်ကို သွားစို့…”
ငွေဖြင့်ဆိုလျှင် မည်သူမဆို ယုံကြည်မှုပိုရှိလာကြမည်ဖြစ်သည်။
သူတို့နှစ်ဦး ဟင်းခတ်အမွှေးအကြိုင်ဆိုင်သို့ရောက်ချိန်တွင် မြောင်ဟယ် တုန့်ဆိုင်းနေခြင်းမရှိဘဲ သကြား၊ ရှာလကာရည်၊ ပဲငံပြာရည်နှင့် ပျားရည်အနည်းငယ်ကိုပင် ဝယ်ယူလိုက်သည်။ ထို့နောက် အစေ့အဆံများရောင်းချသည့်ဆိုင်သို့သွားကာ ဂျုံဖြူတစ်အိတ်နှင့် အခွံမချွတ်ရသေးသောစပါးတစ်ထုပ်ကိုဝယ်ယူလိုက်ကာ သူအစပိုင်းတွင်ဆီဆိုင်၌ ဝယ်ယူရန်ကြံစည်ထားသည့် မုန်ညှင်းဆီအစား ဝက်ဆီပုလင်းအသေးလေးတစ်ပုလင်းကိုပင် ဝယ်ယူလိုက်သည်။
ဤသို့ဖြင့် ပစ္စည်းများဝယ်ယူနေစဉ်အတွင်း သူတို့၏ ငွေတစ်တေးနှင့်ခုနစ်ပြားမှာ ခြောက်ဆယ်ရာခိုင်နှုန်းမျှသာ ကျန်ရစ်ခဲ့လေသည်။ သူ၏ခြင်းထဲတွင် ငွေအဖြစ်ပြောင်းလဲနိုင်မည့် တန့်ရှန်းအချို့ရှိနေသေးသည့်တိုင် ယခုလေးတွင် ခုန်ပေါက်ပျံလွှားသွားသည့် ငွေအချို့ကိုကြည့်ကာ မြောင်ဟယ်၏နှလုံးသားလေးမှာ အနည်းငယ်နာကျင်သွားရသည်။
မည်သို့ပင်ဆိုစေကာမူ မိုးကောင်းကင်မှ သူ့ကိုကူညီပေးနေသည့်အတိုင်းပင်။ သူတို့နှစ်ဦးဆီဆိုင်သို့ရောက်သွားချိန်တွင် ဆိုင်၌မုန်ညှင်းစေ့ဆီ ကြိတ်ပြီးသားလက်ဝယ်ရှိမနေခဲ့ပေ။ ထို့ကြောင့် ဆီဆိုင်ဝန်ထမ်းမှ သိုလှောင်ရုံကိုသွားယူရမည်ဖြစ်ကာ ဆီရရှိရန် တစ်နာရီ၏လေးပုံတစ်ပုံမျှအချိန်ယူရမည်ဖြစ်သောကြောင့် ဆိုင်ဝန်ထမ်းပြန်မလာခင်အထိ မြောင်ဟယ်တို့ တစ်နာရီ၏လေးပုံတစ်ပုံ သို့မဟုတ် နှစ်ပုံခန့်မျှစောင့်ဆိုင်းနေရလိမ့်မည်ပင်။
၎င်းကိုမြင်လိုက်ချိန်တွင် မြောင်ဟယ် ချက်ချင်းဆိုသလို အခွင့်အရေးကိုအရယူကာ ပြောလိုက်လေသည်
“ အဝတ်ဆိုင်က သည်လမ်းထဲမှာပဲမလား… ကျွန်တော် ညီအစ်ကို မင်းကို အခုသွားရှာလိုက်မယ်လေ… ဆီဆိုင်ဝန်ထမ်းပြန်ရောက်တဲ့အချိန်ကြမှပဲ ပြန်လာလိုက်တာပေါ့… သည်လိုသာဆိုရင် ကျွန်တော်တို့အချိန်ကုန်သက်သာပြီး အိမ်ကိုစောစောပြန်လို့ရသွားမယ်…သည်နေ့က ဝယ်တာတွေများတော့ သေချာပေါက်အပြန်ကြ လှည်းစီးရမှာပဲလေ… စောစောသွားတော့ပိုမကောင်းဘူးလား…”
ဆိုင်များတည်ရှိပုံမှာ အမှန်တကယ်ကိုပင် ဤသို့အတိုင်းဖြစ်သည်။ အဝတ်ဆိုင်မှာ ဆီဆိုင်မှာ မြောက်ဘက်ဆိုင်ဒါဇင်ခန့်နေရာတွင်ရှိပြီး ဆေးဆိုင်မှာမူ ၎င်းတို့နှစ်ဆိုင်အကြားတွင်ဖြစ်သည်။ ထိုမျှသာမက ဆေးဆိုင်နှင့်ဆီဆိုင်ကြားတွင် နှစ်ထပ်လက်ဖက်ရည်ဆိုင်ကြီးတစ်ခုရှိကာ စားပွဲနှင့်ကုလားထိုင်များဖြင့် ရှုပ်နေရုံသာမက ဖောက်သည်များကိုဆွဲဆောင်နိုင်ရန်အတွက် အသုံးပြုထားသောအဝတ်စကြီးများမှာ မြင်ကွင်းကိုပြီးပြည့်စုံစွာ ကာကွယ်ပေးနိုင်သည်။
ဤသည်မှာ ရိုးရှင်းစွာပင် တန့်ရှန်းများထပ်မံရောင်းချနိုင်မည့် အကောင်းဆုံးအခွင့်အရေးတစ်ခုပင်ဖြစ်သည်။
ရန်သာ့လန် မြောင်ဟယ်၏မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသောမျက်လုံးများကို စိုက်ကြည့်နေမိသည်။ သူစက္ကန့်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် ခဏအကြာတွင် အသံနိမ့်နိမ့်ဖြင့် သဘောတူလိုက်လေသည်။
မူလပိုင်ရှင်မှ ဤမြို့ထဲတွင်လုပ်ခဲ့သည့်အရှူပ်အထွေးတစ်ခုဖြစ်သော လူတစ်ယောက်ကိုသွားတွေ့ရန်အတွက် သီးသန့်ကျောင်းတော်တစ်ခုအတွင်းသို့ခိုးဝင်ခဲ့သည့်ဖြစ်ရပ်ကိုမူ မြောင်ဟယ်မေ့လျော့သွားပြီဖြစ်သည်။ ရန်သာ့လန်မှ ခွင့်ပြုချက်ပေးလာသည်နှင့် မြောင်ဟယ်ပျော်ရွှင်မြူးတူးစွာ လှည့်ထွက်သွားခဲ့ပြီး ရလဒ်အနေဖြင့် ဆီဆိုင်တွင်
ရှုပ်ထွေးနေသောအမူအယာနှင့် သူ၏မျက်လုံးများထဲတွင် အမျိုးအမည်မပေါ်သောခံစားချက်များဖြစ်ပေါ်လာသည့် ရန်သာ့လန်ကို တစ်ကိုယ်တည်းချန်ထားမိသွားသည်။
သို့သော်လည်း ရွှင်မြူးနေသောမြောင်ဟယ်မှာ အစေ့အဆန်ဆိုင်ကိုကျော်သွားပြီးနောက်တွင် သူလမ်းလျှောက်နေစဉ်အတွင်း ရန်သာ့လန်၏အကြည့်များသူ့ထံတွင်ရှိနေမည်လား ဆိုသည်ကို သတိကြီးဖြင့် လှည့်ကြည့်လှည့်ကြည့်လုပ်နေမိသည်။ ထိုကဲ့သို့သောကိစ္စမျိုးမရှိကြောင်းသေချာသွားမှသာ မြောင်ဟယ် သူ၏တုန်လှုပ်နေမှုများကို မောင်းထုတ်ကာ အလုံးစုံလေးနက်နေဟန်ဖြင့် ဆေးဆိုင်တွင်းသို့ ဝင်သွားလိုက်သည်။
“ ဆိုင်ရှင်ကြီး… ရှုး တိုးတိုး ကျွန်တော် သည်ကိုတိတ်တိတ်ကလေးလာခဲ့တာ…ကျွန်တော့်မှာရောင်းဖို့ တုန့်ရှန်းအချပ်တွေကျန်သေးတယ်…ခင်ဗျားဘယ်လောက်နဲ့ဝယ်ချင်လဲ…”
မြောင်ဟယ် ဆိုင်ပိုင်ရှင်ကို မကြာသေးမီက သူနှင့်ရန်သာ့လန်သို့တောင်ပေါ်တက်ကာ တန့်ရှန်းတူးခဲ့ချိန်တွင် အမြဲလိုလို နောက်တောင်းတစ်ခုထဲ၌ အနည်းငယ်စီ ကြိုဖွက်ထားခဲ့သည်ဟုပြောလိုက်သည်။ အကြောင်းရင်းမှာ ရန်သာ့လန်အတွက် အနွေးဝတ်အင်္ကျီလုပ်ပေးနိုင်ရန် လုံလောက်သည်အထိ စုဆောင်းနေခြင်းပင်ဖြစ်သည်။ အပြည့်အဝစုမိသွားသည့်အခါမှ တစ်ကြိမ်တည်းအကုန်ပြန်ထုတ်လိုက်ပြီး ဤတစ်ခေါက်တွင်ရောင်းချရမည်ပင်။ ထို့ထက်ပိုသည်မှာ ထိုအကြောင်းအား ရန်သာ့လန်အပေါ်တွင် လျှို့ဝှက်ပေးထားရန်လည်း ဆိုင်ပိုင်ရှင်ကို တောင်းဆိုလိုက်သည်။
“ အိုက်ယားးး အခုလေးတင်တောင် မင်းအကြောင်းပြောပြီး ရယ်နေကြတာ …” ဆေးဆိုင်ပိုင်ရှင်မှ မြောင်ဟယ်ပြောပြသည်ကို နားထောင်ပြီးနောက်တွင် ရယ်လျက်ပြောလာသည် “ သည်ခင်ပွန်းငယ်လေးက သာ့လန်အပေါ် ဘယ်လိုတောင်ချိုမြိန်နေတာလဲနော်…”
မြောင်ဟယ် သူရှက်သွေးဖြာနေခြင်းမရှိကြောင်းကို ဖော်ပြချင်သောကြောင့် ဆိုင်ပိုင်ရှင်ထံ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်ရသည် “ ဆိုင်ရှင်ကြီး ကျွန်တော့်ကိုရယ်မနေနဲ့တော့…သည်မှာအလျင်လိုနေလို့ပါ…”
“ ကောင်းပြီ ကောင်းပြီ သည်ဆိုင်ရှင်ကြီးက အမြန်လေးလုပ်ပေးပါ့မယ်ကွာ…”
“ ပြီးတော့ သာ့လန်ကိုလည်း သွားမပြောရဘူးနော်… သူ့မွေးနေ့မတိုင်ခင်ထိတော့ မပြောပါနဲ့ဦး…”
“ အာ ဘာဖြစ်လို့လဲဟ… မင်းသာ သူ့ကိုသည်ဟာပေးဖို့လုပ်နေတယ်ဆိုရင် သူ့ဘက်ကသေချာပေါက်သိသွားမှာပဲကို…” ဆေးဆိုင်ပိုင်ရှင်မှာ ယခုထိစနောက်ချင်စိတ်ရှိနေသေးပုံပင်။
“ ကျွန်တော့်အချုပ်အလုပ်စွမ်းရည်က အတော်လေးဆိုးဝါးတယ်လေ… ဒါကြောင့် တခြားတစ်နေရာကနေ ဝယ်ပေးရမှာ… ဒါပေမယ့် သာ့လန်ကိုလည်း မသိစေချင်ဘူး…”
“ ဟားဟားဟားဟား လက်စသတ်တော့ သည်လိုဖြစ်နေတာကိုး… ကောင်းပါပြီလေ သည်ဆိုင်ရှင်က မင်းရဲ့လျှို့ဝှက်ချက်လေးကို သေချာပေါက်ထိန်းသိမ်းပေးထားပါ့မယ်…ဒါပေမယ့် မင်းအချုပ်အလုပ်ကိုတော့ လေ့ကျင့်ထားသင့်တယ်နော်… ဘယ်ယောင်္ကျားမဆို သူ့မိသားစုကချုပ်ပေးထားတဲ့အဝတ်အစားကိုဝတ်ပြီး ကြွားချင်ကြတာပဲလေ…ငါ့ယောက္ခမလိုပဲပေါ့.. သူရဲ့အပ်ချုပ်စွမ်းရည်က အတော်လေးဆိုးဝါးပြီး ရွဲ့စောင်းနေပေမယ့် ဘာဖြစ်တုန်း… သည်ဟာနဲ့ပတ်သက်ပြီး ငါကဘယ်လိုလုပ် မကျေမနပ်ဖြစ်ရမှာလဲ… သူ့ရဲ့စေတနာနဲ့ကြိုးစားပေးထားတာကိုတွေးပြီး သေချာပေါက်ဝတ်မိမှာပဲလေ…”
ဤကဲ့သို့တိုတောင်းသောအကြံဖြင့် မြောင်ဟယ် ဆေးဆိုင်ပိုင်ရှင်ဝတ်ထားသော သိုးမွှေးအင်္ကျီမှ မညီညာသည့်ချုပ်ရာများကို အားတင်းကာချီးကျူးပေးလိုက်ရသည်။ တန့်ရှန်းရောင်းချရမှာ ငွေပြန်လဲပြီးနောက်တွင် စုစုပေါင်းငွေတစ်တေးနှင့်ရှစ်ပြားကိုစုမိသွားပြီဖြစ်သည်။ ဆေးဆိုင်ပိုင်ရှင်မှလည်း သူ၏ကောင်းမွန်လှသောတန့်ရှန်းမြစ်များအပေါ် အလွန်ပင်ချီးမွန်းနေခဲ့လေသည်။ ဤသို့ဖြင့် အဆုံး၌ မြောင်ဟယ် ဆေးဆိုင်အပြင်သို့ ထွက်လာနိုင်ချိန်မှသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။
နောက်ဆုံးမှာတော့ သူ့အပေါ်စိတ်ဒုက္ခအပေးနိုင်ဆုံးနှင့် စိုးမိုးနိုင်ဆုံးအရာကြီးမှာ ပြီးဆုံးသွားလေပြီ….
မည်သို့ပင်ဆိုစေကာမူ တန့်ရှန်းလဲလှယ်ရသည့်ကိစ္စမှာ ပတ်ဝန်းကျင်အခြေအနေပေါ်တွင်မူတည်၍ အပြောင်းအလဲများ မပြတ်တမ်းရှိနေဆဲပင်ဖြစ်သည်။
အစပိုင်းတွင် မြောင်ဟယ် မြို့၏အခြေအနေကိုလေ့လာသုံးသပ်ပြီးနောက် နည်းလမ်းတစ်ခုထုတ်မည်ဟုသာ မှန်းဆထားခဲ့ပြီး တန့်ရှန်းများရောင်းရန်ရှိလာပါက ဆိုင်ပိုင်ရှင်နှင့်စကားပြောရန် ငွေပေး၍လူငှားမည်ဟု ကြံစည်ထားခဲ့သည်။ သူငှားရမ်းထားသည့်လူ တောင်ကြားသို့ရောက်လာသည်နှင့် မြောင်ဟယ်အရောင်းအဝယ်လုပ်ရန်အတွက် သူ့ကိုယ်သူရုပ်ဖျက်ရလိမ့်မည်ပင်။ အစပိုင်းတွင် ရုပ်ဖျက်ရန်အတွက် မြောင်ဟယ်ကြံစည်ထားသည်မှာ မျက်နှာပေါ်တွင် ရှင်းရှင်းလင်းလင်းမမြင်ရသော မွေးရာပါအမှတ်ကြီးတစ်ခုရှိပြီး လက်ထပ်ပြီးသောအမျိုးသမီးများ အပြင်သို့ထွက်ချိန်တွင် ဆောင်းသည့်ပဝါစကိုပတ်ကာ မိန်းမတစ်ယောက်အဖြစ် ရုပ်ဖျက်မည်ဟုကြံရွယ်ထားခဲ့သည်။ ထို့အပြင် မြောင်ဟယ် မြို့သို့ ပထမဆုံးသွားရန် မရည်ရွယ်ထားခဲ့ပေ။ အမျိုးသမီးအဝတ်အစားများအတွက်မှာမူ မြောင်ဟယ်နျန်၏အဝတ်ဟောင်းများကို သင့်လျော်သောအကြောင်းပြချက်တစ်ခုဖြင့် တောင်းယူနိုင်မည်ဖြစ်သောကြောင့် သူ့အတွက်မခက်ခဲလှပေ။ သူမသည်လည်း ကတိပေးထားပြီးဖြစ်သော တစ်လကိုတစ်ကြိမ်ပေးရမည့် ငွေတစ်တေးကို စောင့်ဆိုင်းနေဆဲပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဆေးဆိုင်ပိုင်ရှင်မှာ သူ့အတိတ်မှအကြောင်း သို့မဟုတ် သူမည်သူဖြစ်သည်ကို မကြားဖူးထားသည်ဖြစ်ရာ မြောင်ဟယ် ထိုကိစ္စအပေါ်စိတ်မရှိပါချေ။
ထို့ကြောင့် မြောင်ဟယ် အစမ်းသဘောဖြင့် ပြောကြည့်လိုက်သည် “ နောက်ကြရင် ရန်သာ့လန်နဲ့ ပိုပြီးတူးလာခဲ့ပါ့မယ်…” မမျှော်လင့်ပါဘဲ ဆေးဆိုင်ပိုင်ရှင်မှာ ထိုစကားကိုကြားလိုက်ရချိန်တွင် မျက်ခုံးတစ်ချက်တွန့်သွားခြင်းပင် မရှိချေ။ ဤသည်မှာ ရန်သာ့လန် ဆိုင်ရှင်ထံ သူ့တစ်ဦးတည်းတောင်ပေါ်သို့သွားသည် သို့မဟုတ် အဖော်ဖြင့်သွားသည်ကို မပြောထားခြင်းကြောင့် ဖြစ်နိုင်ပေသည်။ မဟုတ်ပါက ဆိုင်ပိုင်ရှင်မှာ အံ့ဩနေပေလိမ့်မည်။ ၎င်းကိုအတည်ပြုပြီးနောက် မြောင်ဟယ်၏ပုံပြင်မှာ အချိန်ကြာလာသည်နှင့်အမျှ ပို၍ချောမွေ့ကာ ယုံကြည်ချင်စဖွယ်ကောင်းလာခဲ့သည်။